လိုင်ဇာဒေသတွင် တွေ့ရသော ကချင် စစ်ပြေး ဒုက္ခသည် ကလေးတဦး (ဓာတ်ပုံ - ဧရာဝတီ)
ဇွန်လမှစတင်ပြီး ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်နေသည့် အစိုးရစစ်တပ်က ဒေသခံအရပ်သားများကို အကြီးအကျယ် အနိုင်ကျင့်နှိပ်စက်နေသည်ဟုHuman Rights Watch (HRW) လူ့အခွင့်အရေးအဖွဲ့ကြီးက အင်္ဂါနေ့တွင် ပြောလိုက်သည်။ တိုက်ပွဲများကြောင့် ထွက်ပြေးရသည့် အရပ်သားပေါင်း သုံးသောင်းဝန်းကျင်ရှိမည်ဟု နယူးယောက်အခြေစိုက် HRW အဖွဲ့က ခန့်မှန်းထားသည်။ အရပ်သားများကို သတ်ဖြတ်မှု၊ တိုက်ခိုက်မှု၊ လုပ်အားပေးခိုင်းစေမှု၊ ကျေးရွာများကို ဖျက်ဆီးမှုတို့အတွက် အစိုးရတပ်များတွင် တာဝန်ရှိသည်ဟု HRW က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း The New York Times သတင်းစာသို့ ပေးပို့သည့် ကရင်တိုင်းရင်းသူ မိုင်းရာဒါးဂေဖော၏ ပေးစာတွင်
“မြန်မာ့တပ်မတော်သားတွေက ကျမ မိဘတွေကို သတ်လိုက်တယ်။ ကျမရဲ့ မောင်နှမတွေကို သတ်တယ်။ ကျမဦးလေးကို သတ်တယ်၊ မသတ်ခင် သူ့ မိန်းမကို မတရားဝိုင်းကျင့်ကြတာကို ကြည့်ခိုင်းလိုက်သေးတယ်။ စစ်သားတွေက ဒီလို လုပ်အားပေးခိုင်းတာ၊ မုဒိမ်းကျင့် အကြမ်းဖက်တာ၊ ရွာပြောင်းခိုင်းတာ ပြီးတော့ တခြားနည်းတွေနဲ့ အနိုင်ကျင့်တာမျိုး ဗိုလ်ကျစိုးမိုးတဲ့နည်းလမ်းပေါင်းစုံ သုံးနေကြတာကို ဘာကြောင့် အမေရိကန်သမ္မတ အိုဘားမားက ဦးသိန်းစိန်ကို ချီးကျူးနေရတာလဲ” ဟု ရေးသား ဖော်ပြထားသည်။ သူ၏ ပေးစာမှာ ဦးသန့်မြင့်ဦး ရေးသားသည့် The New York Times သတင်းစာပါ အတွေးအမြင်ဆောင်းပါးနှင့် ပတ်သက်ပြီး တုံ့ပြန်ထားခြင်း ဖြစ်သည်။ ဆောင်းပါးတွင် ဦးသန့်မြင့်ဦးက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော “ပြုပြင်ပြောင်းလဲရေးများ”အား လူသိရှင်ကြား ထောက်ခံအားပေးရန် အမေရိကန်သမ္မတကို တိုက်တွန်းရေးသားထားသည်။ ဦးသိန်းစိန်အစိုးရက ဆင်းရဲမှုတိုက်ဖျက်ရေး၊ လာဘ်စားမှု တိုက်ဖျက်ရေး၊ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးများ လုပ်ဆောင်နေပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်ဆောင်နေသည်ဟုလည်း သူက ဆောင်းပါးတွင် ရေးထားသည်။
Lwin Pwin

0 comments:
Post a Comment