မလေးရှားအစိုးရသည် ယခုလက်ရှိစီစဉ်ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံနှင့် အကျဉ်းသားလဲလှယ်ရေးကို ဖျက်သိမ်းရန်နှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေကိုလေးစားလိုက်နာ ဆောင်ရွက်ရန်လိုပါသည်။ အကျဉ်းထောင်များတွင် မြန်မာအကျဉ်းသားများ များပြားနေသည်ဟူသော အကြောင်းပြချက်တစ်ခုတည်းဖြင့် ယင်းတို့ကို အတင်းအဓမ္မ ပြန်ပို့ခြင်းသည် ပြဿနာကိုပြေလည်နိုင်မည် မဟုတ်သည်ကို မလေးရှားအစိုးရအနေဖြင့်သိရှိသင့်ပါသည်။ အကျဉ်းသားများထဲတွင် နိုင်ငံရေးကြောင့်ထွက်ပြေးခိုလှုံလာသူများ၊ အခြားအကြောင်းကြောင်းကြောင့်ခိုလှုံလာသူများ အတွက်မူ နေရပ်သို့အတင်းအကျပ်ပြန်လည်ပို့မည် ဆိုလျှင်စိုးရိမ်ရကြောင်း သိရှိသင့်သည်။
တိုင်းရင်းသားများ နှင့် ဘာသာခြားများ၊ နိုင်ငံရေးအတွက်ဆောင်ရွက်နေကြသူများသည် စစ်အာဏာရှင်တဖြစ်လဲ အရပ်သားအစိုးရ၏ ဖိနှိပ်မှုများကိုခါးသီးစွာ ခံကြရသဖြင့် နီးစပ်ရာနိုင်ငံများသို့ခိုလှုံ့ဝင်ရောက်ကြပါသည်။ ပေါ်တာဆွဲခြင်း၊ အိမ်ခြံမြေများသိမ်းယူခြင်း၊ မုဒိန်းမှုများကျူးလွန်ခြင်း၊ ဘာသာရေးနှိပ်ကွပ်မှု၊ တိုင်းရင်းသားတို့ကိုဖိနှိပ်မှု၊ မြန်မာနှင့်အခြားတိုင်းရင်းသားများကိုသွေးခွဲမှု၊ တိုင်းရင်းသားများအကြားသွေးခွဲမှု စသည့်တို့ကို လုပ်ဆောင်လျက် ရှိနေပါသည်။ မလေးရှားရောက်ရှိလာကြသော မြန်မာနိုင်ငံသားအများစုမှာ ထိုသို့သော ဖိနှိပ်မှုများမှ ထွက်ပြေးလာကြ ခြင်းဖြစ်ပါသည်။
မလေးရှားနိုင်ငံ၏ လ၀ကအက်ဥပဒေ ၁၉၅၉/၁၉၆၃ အရ ဒုက္ခသည် နှင့် ခိုလှုံသူများသည် လ၀ကဥပဒေအရ တရားမ၀င် နိုင်ငံအတွင်းခိုးဝင်သူများဟု သတ်မှတ်ပြီး ထောင်သွင်းအကျဉ်းချ ပြစ်ဒဏ်ပေး နယ်နှင်နိုင်သည်။ ရွှေ့ပြောင်းအလုပ်သမားများနှင့် မတူသော ဒုက္ခသည်များမှာ ယင်းတို့၏အသက်အန္တရာယ်နှင့် လုံခြုံရေး ကို စိုးရိမ်စရာ အကြောင်းအရင်းခိုင်လုံသော ကြောင့် ထွက်ပြေးဝင်ရောက် ခိုလှုံ့လာကြခြင်းဖြစ်ပါသည်။ သို့အတွက်ကြောင့် နေရပ်သို့ အတင်းအဓမ္မ ပြန်ပို့ရေးမှာ မဖြစ်နိုင်ပါ။
၁၉၅၁ ဒုက္ခသည်များဆိုင်ရာ ညီလာခံက ချမှတ်ထားသော ဥပဒေပုဒ်မ ၃၃(၁) အရ “မည်သို့သောနိုင်ငံမဆို မိမိနိုင်ငံ အတွင်းသို့ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံသားဖြစ်မှု၊ အဖွဲ့စည်းတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်သောကြောင့်၊ နိုင်ငံရေး အယူဝါဒ တို့ကြောင့် မိမိနေရပ်နိုင်ငံတွင် ဖိနှိပ်မှု၊ ထောင်သွင်းအကျဉ်းချခံရမှု နှင့် အသက်အန္တရာယ်တို့မှ လွတ်မြောက်ရန် ၀င်ရောက် ခိုလှုံ့လာသောသူများကို ခိုလှုံ့ခွင့်ပေးရန် နှင့် ထိုသူတို့ကိုနေရပ်သို့ အတင်းအဓမ္မပြန်ပို့ခြင်း၊ နယ်နှင်ဒဏ်ပေးခြင်းတို့ကို မဆောင်ရွက်ရ၊ မလုပ်ဆောင်ရ။” ဟုပါရှိပါသည်။ ယခုမလေးရှား နှင့်မြန်မာ တို့အကျဉ်းသားလဲလှယ်မည် ဆိုသော လုပ်ဆောင်နေမှုသည် ထိုအပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက် ပါသည်။ အဘယ်ကြောင့်ဆိုသော် ထောင်ထဲ၊ Camp ကမ့်ထဲတွင် ဒုက္ခသည်အဖြစ်အသိအမှတ်ပြု မခံရသေးသော၊ UNHCR ၏ ကာကွယ်မှု မရရှိသေးသော ဒုက္ခသည်များစွာရှိနေသောကြောင့် ဖြစ်ပါသည်။
မလေးရှားနိုင်ငံ၏ လွန်ခဲ့သောလက တရားမ၀င်နိုင်ငံခြားသားများကို မှတ်ပုံတင်ခြင်း အစီအစဉ် ဖြစ်သော ၆P အစီအစဉ်တွင် UNHCR မှဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရသူများ ကိုလည်း လက်ဗွေနှိပ် မှတ်ပုံတင်စေခဲ့သည်။ သို့ရာတွင် ဒုက္ခသည်များကို ပေးသောမှတ်ပုံတင် လ၀ကစာရွက်ပေါ်တွင် “Tujuan: Pulang Ke Negara Asal” (သတိ။ ။ မိမိနိုင်ငံသို့ပြန်ရန်။) ဟုသတ်မှတ်ပေးခဲ့သည်။ သို့အတွက်ကြောင့် ဒုက္ခသည်များ ဆက်လက်၍ မှတ်ပုံတင်ခြင်းကို UNHCR နှင့် NGOs များမှ ဆွေးနွေးပြီး ရပ်ဆိုင်းခဲ့သည်။
ထို့ကြောင့်ယခုကာလတွင် လူအခွင့်အရေးစောင့်ရှောက်သည့် NGOs များမှ မလေးရှားအစိုးရကိုတောင်းဆို သည်မှာ အကျဉ်းသားလဲလှယ်ရေး စီစဉ်ဆောင်ရွက်နေမှုကို ဖျက်သိမ်းရန်၊ ထောင် ကမ့်များသို့ UNHCR ဒုက္ခသည် စောင့်ရှောက်ရေး အဖွဲ့ကိုဝင်ရောက်ခွင့်ပြု၍ စီစဉ်ဆောင်ရွက် ကူညီကာကွယ်ခွင့် ပေးရန် တို့ဖြစ်သည်။
မလေးရှားအစိုးရ သို့
၁။ မလေးရှားအစိုးရအနေနှင့် UNHCR နှင့် ပူးပေါင်းဆောင်ရွက်၍ UNHCR မှ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခံရသူများ ကို အမြန်ဆုံးပြန်လွှတ်ပေးရန်။
၂။ လူ့အခွင့်အရေးရှေ့နေများ နှင့် NGO များကို ထောင်များ၊ ကမ့်များသို့ ၀င်ရောက်ခွင့်ပြုရန် နှင့် အကျဉ်းသားများ အတွက်ကူညီဆောင်ရွက်ခွင့် ပြုရန်။
၃။ မကြာသေးမီက ဒုက္ခအချို့ရရှိခဲ့သော နိုင်ငံပြန်ရန်ဟူသော မှတ်ချက်အပေါ်အမြန်ဆုံးဖြေရှင်းပေးရန် နှင့် ဒုက္ခသည် အခွင့်အရေးကို လေးစားလိုက်နာရန်။
အထက်ပါ တောင်းဆိုပန်ကြားလွှာသည် Health Equity Initaitive (HEI), Lawyers for Liberty (LFL), Women’s Aid Organization (WAO), Tenaganita, Suaram, Malaysia Social Research Institute (MSRI) တို့မှ တညီတညွတ်တည်း အသိအမှတ်ပြု၍ ဒုက္ခသည် နှင့် အကျဉ်းသားကာကွယ်ရေးအတွက် မလေးရှားအစိုးရကို ပန်ကြားခြင်း ဖြစ်ပါသည်။
Lwin Pwin
0 comments:
Post a Comment