မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်းများ ဖေဖေါ်ဝါရီလ ၃ ရက်၊ ၂၀၁၂
မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်းများ ဖေဖေါ်ဝါရီလ ၃ ရက်၊ ၂၀၁၂
အပြော မဟုတ်၊ အလုပ်သက်သေ ဖြစ်စေရမည်ဟု မစ္စတာ ကန်တားနား အား ပြောကြားလိုက်သော ပြည်သူ့ လွှတ်တော် ဥက္ကဌ
လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ
ဖြစ်ရမည်ဟု ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ယနေ့ နေ့ လည်၁ နာရီ ၅ မိနစ်တွင် မစ္စတာ ကန်တားနားနှင့် တွေ့ ဆုံစဉ် ပြောကြားခဲ့သည်။
" လာမည့် ကြားဖြတ်ရွေးကောက်ပွဲ မှာ လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲ
ဖြစ်မယ်ဆိုရင် မြန်မာနိုင်ငံအတွက် များစွာ အခွင့်အလမ်းကောင်းတွေ ရလာမယ်လို့ ပြောတယ်။ ကိုယ့်ဘက်ကလည်း ကတိပေးလိုက်တယ်။ တို့ ရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်။
စောင့်ကြည့်ပါ၊ အပြော မဟုတ်ဘူး၊ အလုပ်နဲ့ စောင့်ကြည့်ပါလို့ ပြောခဲ့တယ် " ဟု
သူရဦးရွှေမန်း က တွေ့ ဆုံပြီး ရလာဒ် အခြေအနေကို ပြောပြကြောင်း နှင့်
မြန်မာနိုင်ငံ၏ လူ့ အခွင့်အရေးနှင့် ပတ်သက်၍လည်း မစ္စတာ ကန်တားနားမှ UN ကို တင်မည်ဖြစ်သောကြောင့် မြန်မာနိုင်ငံမှ သတင်းအချက်အလက်များ လာရောက်စုစည်း
ရယူခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်သတင်းထောက်က ဖေဖေါ်ဝါရီ ၂ ရက်နေ့ 
နေ့ လည်ပိုင်းမှာ နေပြည်တော်မှ သတင်းပေးပို့ ပါသည်။
ပေါ်ပြူလာဂျာနယ်
ဥပဒေသစ် ပေါ်ပေါက်လာပြီးမှသာ ဖုန်းကို ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပေးမည်ဟုဆို
ထူးအောင် အတွဲ ၂၈ ၊ အမှတ် ၅၅၅ ( ၃ - ၉ ၊ ၂ ၊ ၂၀၁၂)တယ်လီဖုန်းဆက်သွယ်ရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ပြည်တွင်းပြည်ပမှ အဆိုပြုလွှာအများအပြားလက်ခံရရှိထားသော်လည်း တည်ဆဲ ဆက်သွယ်ရေး ဥပဒေအရခွင့်ပြုနိုင်ခြင်း မရှိသေးကြောင်းနှင့် အသစ်ရေးဆွဲနေသည့် ဆက်သွယ်ရေးဥပဒေ အတည်ပြု ပြီးချိန်တွင် ပုဂ္ဂလိက ကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပေးသွားရန်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဣဒ္ဓိလှက ပြောသည်။
ရေးဆွဲနေသည့် ဆက်သွယ်ရေးဥပဒေကို ရှေ့နေချုပ်ရုံးသို့ စိစစ်ရန်ပေးပို့သွားမည်ဖြစ်ပြီး ဆက်လက်၍ သက်ဆိုင်ရာ လွှတ်တော်များ တွင် တင်ပြ အတည်ပြုချက်ရယူပြဋ္ဌာန်းသွားမည်ဟု ၎င်းကပြောသည်။
"ဥပဒေပြီးသွားရင် အဆင်သင့်ဖြစ်သွားပါပြီ။ ကြိုက်တဲ့သူလာရောက်လုပ် လို့ရသွားပါပြီ။ လက်ရှိအခြေအနေအရတော့ ခွင့်ပြုပေး နိုင်ခြင်း မရှိသေးပါဘူး။ ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါဘူး" ဟု ဦးဣဒ္ဓိလှက ပြောသည်။
မိုဘိုင်းဖုန်း ဆင်းမ်ကတ်တစ်ခုလျှင် ကျပ် ၅,၀၀၀ ဖြင့် လပိုင်းအတွင်း ရောင်းချပေးနိုင်သည်ဆိုသည့် ရွှေပြည်တံခွန် ကုမ္ပဏီ၏ပြော ကြားချက်ကို ၎င်းကယခု ကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
ဥပဒေအတည်ပြုပြီးချိန်တွင် အဆိုပြု လွှာတင်ထားသည့် ပြည်တွင်းပြည်ပ ကုမ္ပဏီများထဲမှ စိစစ်ကာ မိုဘိုင်းဖုန်း အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်များကို ခွင့်ပြုပေးသွားမည်ဟု ဦးဣဒ္ဓိလှက ပြောကြားသည်။
လက်ရှိအချိန်တွင် လက်ရှိရရှိထားပြီးဖြစ်သည့် ပြည်တွင်းပြည်ပမှ အဆိုပြုလွှာများတွင် ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံလိုသူများ၊ ပူးပေါင်း လုပ်ကိုင်လိုသူများပါဝင်ပြီး ဆင်းမ်ကတ်များကိုလည်း အခမဲ့ပေးရန် ကမ်းလှမ်းထားသည့် ကုမ္ပဏီများပင် ပါဝင်သည်ဟု ဆိုသည်။
"မကြာမီကာလမှာ ဖြစ်လာနိုင်မှာပါ။ လက်ရှိအချိန်မှာ ဆက်သွယ်ရေးအနေနဲ့ ဥပဒေပေါ်ပေါက်လာချိန်မှာ အဆင်သင့် ဖြစ်အောင် အခြေခံအဆောက်အဦးတွေ တည်ဆောက်ပေးနေပါတယ်" ဟု ၎င်းကပြောသည်။
ဖုန်းလုပ်ငန်းမှာ အရှုံးမရှိသော လုပ်ငန်းဖြစ်သဖြင့် လူတိုင်းကလုပ်ကိုင်လိုကြပြီး ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်သည်ဟု ၎င်းက ပြောသည်။
ထို့ပြင် လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဖုန်းတိုးချဲ့ရေးစီမံချက်တွင် ပူးပေါင်းလုပ်ကိုင်နေသည့် ပုဂ္ဂလိက ကုမ္ပဏီ များကိုလည်း အော်ပရေတာ လုပ်ခွင့်ပေးထားခြင်းမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံခြင်း၊ ပစ္စည်းတပ်ဆင်ခြင်းနှင့် လုပ်ငန်းလည်ပတ်မှု အပိုင်း တွင်သာ လုပ်ကိုင်ခွင့်ပေးထားခြင်းဖြစ်သည်ဟု ဦးဣဒ္ဓိလှက ပြောသည်။
"သူတို့ကလည်း အော်ပရေတာလုပ်ခွင့်တောင်းတာပါ။ ဒါပေမယ့် မပေးပါဘူး။ ပုဂ္ဂလိကလုပ်ခွင့်ပေးရင်လဲ သူတို့ကို ဦးစားပေးစဉ်း စားမယ် ဆိုတာ မဟုတ်ပါဘူး"ဟု ၎င်းကပြောသည်။
မိုဘိုင်းဖုန်း တိုးချဲ့ရေးစီမံကိန်းကို ၂၀၁၁ ခုနှစ်၊ ဧပြီလတွင် စတင်ခဲ့ပြီး ပုဂ္ဂလိက ကုမ္ပဏီ ၂၃ ခုနှင့် ပူးပေါင်းလုပ် ဆောင်နေခြင်း ဖြစ်သည်။
အဆိုပါထဲမှ ၁၃ ခုမှာ ရင်းနှီးမြှုပ်နှံခြင်းနှင့် စက်ပစ္စည်း တပ်ဆင်ခြင်းကို လုပ်ကိုင်ပြီး ကျန် ၁၀ ခု မှာ စက်ပစ္စည်းတပ်ဆင်ပေးသည့် လုပ်ငန်းကို လုပ်ကိုင်ခွင့်ရထားသည်။
ကျပ် ၅,၀၀၀ ဖြင့် ဆင်းမ်ကတ်များ ရောင်းချပေးမည်ဆိုသည့် ရွှေပြည်တံခွန် ကုမ္ပဏီကလည်း မူလကတိပေးခဲ့သည့် အတိုင်း လူတစ်ဦး မှတ်ပုံတင်တစ်ခုလျှင် ဆင်းမ်ကတ်တစ်ခု ကျပ်ငါးထောင်နှုန်းဖြင့် များမကြာမီအချိန်ကာလအတွင်း ရောင်းချပေးနိုင်ရန် နိုင်ငံတော်၏ မူဝါဒနှင့်အညီ အောင်မြင်အောင် စီမံကြိုးပမ်းဆောင်ရွက်တော့မည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် ကျင်းပပြု လုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်ခဲ့သည်။
တည်ဆဲဥပဒေထဲမှ မည်သည့်ဥပဒေမဆို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သွေဖည်နေခြင်း၊ ဆန့်ကျင်နေခြင်း၊ ညီညွတ်မှုမရှိခြင်းရှိပါက ယင်းဥပဒေအားလုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်အသက်ဝင်သည့် ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ မှစတင်၍ အလိုအ လျောက် ပျက်ပြယ်သွားပြီဖြစ်ကြောင်း၊ မည်သည့်လူပုဂ္ဂိုလ်၊ ဌာနအဖွဲ့အစည်းမဆို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဆန့်ကျင်၍ လုပ်ကိုင် ဆောင်ရွက်ခွင့် မရှိသည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း ရွှေပြည်တံခွန်၏သတင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ကျွန်တော်များ ရွှေပြည်တံခွန်ကုမ္ပဏီသည် ပြည်သူလူထုအများ စရိတ်သက်သက်သာသာဖြင့် တယ်လီဖုန်းသုံးစွဲနိုင်ရေးကို ရည်ရွယ်၍ မြန်မာ့ဆက်သွယ်ရေးသို့ Second MNO (Mobile Network Operator) ဆောင်ရွက်ရန် တင်ပြခဲ့ပြီး ဖြစ်ကြောင်း၊ ယင်းသို့ တင်ပြ ရာတွင် နည်းပညာပိုင်းနှင့် စီးပွားရေးအခြေခံ Model ကိုသာ ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုအသိပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ ထားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အကောင်အထည်ဖော်နေသည့် မိုဘိုင်း ဖုန်းသန်း ၃၀ ငါးနှစ်စီမံကိန်း၏ ပထမ အဆင့်အနေဖြင့် မတ် လဆန်းတွင် ကျပ် သုံးသိန်းထက် မပိုသောဈေးဖြင့် ဖုန်းများ စတင်ချထားပေးသွားမည်ဟုသိရသည်။
"မိုဘိုင်းဖုန်းတိုးချဲ့ရေးစီမံကိန်းအရ မတ်လအတွင်းမှာပဲ ဖုန်းအလုံးရေ ၁ ဒသမ ၅ သန်းစတင်ချထားပေးသွားမှာပါ။ တစ်နှစ်အတွင်းမှာ ဖုန်းအလုံးရေကို နှစ်ဆဖြစ်အောင် လုပ်ယူရတာပါ" ဟု ဦးဣဒ္ဓိလှက ပြောသည်။
သစ်လုပ်ငန်းရှင်များက အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်ကို ၂၀၁၃ မတိုင်မီ အပြီးရေးဆွဲမည်
မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအနေဖြင့် သစ်လုပ်ငန်းနှင့်ပတ်သက်၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သီလ ကျင့်ဝတ် (Code of Conduct) ကို နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်မလာမီ အပြီးရေးဆွဲမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။“မလေးရှားနိုင်ငံက ကျွန်းသစ်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး Code of Conduct ကို ရေးဆွဲမယ်။ ခုချိန်မှာ ကိုယ့် လုပ်သား တွေနဲ့ လုပ်ငန်းရှင်တွေက မြန်မာတွေ ဖြစ်နေလို့၊ တစ်ချိန်မှာ လုပ်ငန်းရှင်တွေက မြန်မာတင်မကတော့ဘူး၊ နိုင်ငံခြားသားတွေဖြစ် လာတော့မယ်။ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ မထိခိုက်အောင် ကာကွယ်ရမယ့် Code of Conduct ဆိုတာရှိလာ ရတော့မယ်။ ၂၀၁၃ ခုနှစ်မတိုင်ခင်မှာ အပြီးဆွဲဖို့ ရည်မှန်းချက်ထားပါတယ်” ဟု အဆိုပါ အသင်းမှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးဘာဘာချိုက ပြောသည်။
ထိုကျင့်ဝတ်ကို နိုင်ငံတော်အနေဖြင့် ရေးဆွဲသည်မျိုးမဟုတ်ဘဲ သစ်လုပ်ငန်း ရှင်များအနေဖြင့် လိုက်နာရမည့်အချက်များကို အဖွဲ့ အစည်းတစ်ခုချင်း အနေဖြင့် ပြဋ္ဌာန်းသွားမည်ဖြစ်သည်ဟု ဆိုသည်။
သတင်းအပြည့်အစုံဖတ်လိုပါက
myanmar.mmtimes.com
ပုံရိပ်(burmesehearts.com)
မန္တလေးတိုင်း ဒေသကြီး တတိယပုံမှန် အစည်းအဝေးတွင် ဥပဒေပြုရေး ကိစ္စများ တင်ပြမည်
မန္တလေးတိုင်း ဒေသကြီး၏ ပထမအကြိမ် တတိယပုံမှန် အစည်းအဝေးတွင် ဒေသတွင်း ဥပဒေပြုရေး ကိစ္စရပ်များကို အဓိကထား ဆောင်ရွက် သွားမည်ဖြစ်ပြီး လွှတ်တော်တွင်း ပြုပြင်ရန် တင်သွင်းမည့်ဥပဒေ ကိုးခုဆယ်ခုခန့် တင်ပြလျာထား ပြီးဖြစ်ကြောင်း သိရသည်။”တင်မယ့် ဥပဒေတွေနဲ့ ပတ်သက်လို့က လွှတ်တော် ကိုယ်စားလှယ် တွေရယ်၊ အစိုးရ အဖွဲ့ရယ် ပူးပေါင်း ဆွေးနွေးပြီး အစိုးရအဖွဲ့ ဝန်ကြီးတွေ ကပဲ တင်သွင်း သွားမှာ ပါ၊ တချို့ လုပ်ငန်း အကန့်အသတ်လေးတွေ ရှိနေတဲ့ အတွက် လွှတ်တော်ကိုယ်စား လှယ်တွေက သီးသန့်ဥပဒေ တင်သွင်းတာမျိုး ဆောင်ရွက်ဖို့ မရှိပါဘူး။ အစိုးရ အဖွဲ့ ဝန်ကြီးတွေကပဲ တင်သွင်းပြီး ဆွေးနွေးသွားမှာပါ” ဟု ဦးဝင်းမောင်က ပြောသည်။
ဥပဒေ တင်သွင်းမည့် ကိစ္စနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ”လာမယ့် လွှတ်တော်မှာ ယာဉ်လိုင်း များ ကြီးကြပ်မှု ကော်မတီ (ယ-က-က) ဖွဲ့စည်းပုံနဲ့ လုပ်ငန်းဆောင်တာ ဥပဒေ နည်း ဥပဒေတွေ တင်ပြ အတည်ပြုသွားမှာပါ၊ ဥပဒေလည်း ရေးဆွဲထားပြီး ဖြစ်ပါတယ်” ဟု ယာဉ်လိုင်းများ ကြီးကြပ်မှု ကော်မတီ တရားဝင် ဖွဲ့စည်း ခြင်း အခမ်းအနားတွင် ထုတ်ဖော် ပြောကြားသည်။
ပထမ အကြိမ် မန္တလေးတိုင်း ဒေသကြီး တတိယ ပုံမှန်အစည်း အဝေးကို ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၁ဝ နာရီတွင် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး ခန်းမ၌ ပြန်လည် ကျင်းပမည် ဖြစ်ကြောင်း၊ ယင်းအတွက် အစည်းအဝေး တက်ရောက်ရန် လိုအပ်သည်များ ပြင်ဆင် နိုင်ရန် လွှတ်တော် ကိုယ်စားလှယ် များအား တိုင်းဒေသကြီး လွှတ်တော် ရုံးသို့ ဖေဖော်ဝါရီလ ၁၃ ရက်တွင် လာရောက် သတင်းပို့ရန်ညွှန်ကြား ထားကြောင်း သိရသည်။
မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ကို နိုဝင်ဘာလ ၂ ရက်မှ ၉ ရက် ထိ ရက်သတ္တ တစ်ပတ်ကြာ ကျင်းပ ခဲ့ပြီး ဒေသတွင်း သတင်းထောက် များ သတင်းတက်ရောက် ယူခွင့်ရ ခဲ့သလို ယခု ကျင်းပမည့် တတိယ ပုံမှန် အစည်းအဝေးတွင်လည်း သတင်းထောက်များ လွတ်လွတ်လပ် လပ် သတင်း တက်ရောက်ယူနိုင်ရန် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ပြောသည်။
”ဒုတိယ အကြိမ်တုန်းက ဘတ်ဂျက် ဆွေးနွေးတဲ့ အချိန်သတင်းထောက် တွေ သတင်းယူ ခွင့်မပြုခဲ့ဘူး ဆိုတာကတရားဝင် ဘတ်ဂျက်ကို အတည် မပြုရသေးတော့ အမှားအယွင်း ဖြစ်မှာစိုးလို့ပါ။ အခုကတော့ လွတ်လွတ်လပ်လပ် သတင်းယူလို့ ရအောင် စီစဉ် ပေးသွားမှာပါ” ဟု ၄င်းက ဆိုသည်။
ဥာဏ်လင်းအောင်
မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းကို ဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းမည်
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းကို ဦးစီးဌာနတစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ တောင်သူလယ်သမား ပညာပေးလုပ်ငန်းများ၊ သွင်းအားစုဖြည့်တင်းရေးလုပ်ငန်းများနှင့် အခြားဆက်စပ်လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာခဲ့သော အဆိုပါဌာနကို လက်ရှိကျင့်သုံးသော မူဝါဒသစ်များအရ ဦးစီးဌာနအဖြစ်သို့ ပြောင်းလဲဖွဲ့စည်းသွားရန်ရှိကြောင်း ဌာနအသစ်၏ ဖွဲ့စည်းပုံကိုမူ လောလောဆယ် ဆောင်ရွက်ဆဲဖြစ်ကြောင်းလည်း ၄င်းကဆက်လက် ပြောသည်။ “ဖွဲ့စည်းပုံပြောင်းမှာတော့ သေချာတယ်။ ကတ်ဘိနက်ကလည်းကျပြီ။ ဌာနရဲ့အမည်တွေ၊ ဖွဲ့စည်းပုံတွေလည်း မကြာခင်သိရမှာပါ” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။ အဆိုပါ ဝန်ကြီးဌာနအောက်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း အပါအဝင် စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မြေတိုင်းဦးစီးဌာန၊ မြန်မာ့စက်မှုသီးနှံ ဖွံ့ဖြိုးရေးလုပ်ငန်းအပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် စိုက်ပျိုးရေးတက္ကသိုလ်များလည်း ရှိကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။မြန်မာ ကျောင်းသားများ၏ အရည်အချင်း မြင့်မားကြောင်း သတ်မှတ်ခံရ
ဩစတြေးလျ၏ နိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ AusAID က ထောက်ပံ့ကူညီသော ပညာသင်ဆုအစီ အစဉ်တစ်ခုအရ ဩစတြေးလျတွင် ဘွဲ့လွန်သင်တန်းတက်ရောက်ရန် ရွေး ချယ်ခံရသည့် မြန်မာကျောင်းသားများ၏အရည်အသွေးမှာ အထင်ကြီး လေးစားစရာဖြစ်ကြောင်း ဩစတြေးလျ သံအမတ်မစ္စဘရွန်မိုးလ်စ်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြောကြားသည်။
ပညာသင်ဆုရရှိသူများ၏ အရည် အချင်းများကို သံရုံးမှ အကဲဖြတ်ရေးအဖွဲ့နှင့် ဩစတြေးလျတက္ကသိုလ်များမှ ပြန်ကြားချက်များက အဆင့်မြင့်မားစွာဖြင့် သတ်မှတ်ခဲ့ကြောင်း မစ္စမိုးလ်စ်က ဇန်န၀ါရီ ၁၈ ရက်နေ့က မြန်မာတိုင်း(မ်) ကို ပြောသည်။
“သူတို့ အရမ်းတော်ကြပါတယ်။ ပညာသင်ဆုနဲ့ တကယ်ထိုက်တန်ကြတယ်”ဟု ဩစတြေးလျတွင် သွားရောက်ပညာ သင်ကြားရန် ပြီးခဲ့သည့် နှစ်က ရွေးချယ်ခံ ထားရသည့် ကျောင်းသား ၁၀ ဦးအား ရည်ညွှန်း၍ မစ္စမိုးလ်စ်ကပြောကြား ခဲ့သည်။
နောက်ထပ် ကျောင်းသား ၂၁ ဦးမှာလည်း မကြာမီ ဩစတြေးလျသို့ သွားရောက်ရန် ရှိနေသည်။
“အရေအတွက်နည်းပေမယ့်လို့ သူတို့ရဲ့ အရည်အချင်းတွေကတော့ အရမ်းကို အားရစရာကောင်းတယ်”ဟု ၎င်းက ပြောသည်။
သတင်းအပြည့်အစုံဖတ်လိုပါက
myanmar.mmtimes.com
ပုံရိပ်(burmesehearts.com)
ကျပ်သန်းပေါင်းများစွာကုန်ပြီးအလုပ်မဖြစ်တဲ့ ဆည်မြောင်းစီမံကိန်းများရပ်ဆိုင်းထားမည်
မြစ်ရေတင်စီမံကိန်းများ၊ ရေလှောင်တမံ၊ ရေလွှဲဆည်စီမံကိန်းများကို ကျပ်သန်းပေါင်းများစွာ အကုန်အကျခံ ဆောက်လုပ်ထားသော်လည်း လျာထားချက်အတိုင်း အမှန်တကယ် ရေပေးဝေနိုင်မှု မရှိခြင်းကြောင့် စီမံကိန်းအသစ်များ ထပ်မံတည်ဆောက်ခြင်းကို ရပ်တန့်ထားရန် ပြည်သူ့လွှတ်တော်မှ သဘာတူကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ အစီအစဉ်တွင် ပြောကြားခဲ့သည်။ အဆိုပါသဘောတူညီချက်ကို ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံစာအပေါ် မူတည်ကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောတူညီချက်ကို ရယူကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်က ''ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက တင်ပြလာတဲ့ အချက်တွေအရ မြစ်ရေတင်စီမံကိန်း ၆၇ ခုရဲ့ မူလလျာထား အကျိုးပြုဧကမှာ ၂၉၉၈၉၅ ဧက ဖြစ်ပြီး အမှန်ရေပေးဝေနိုင်တဲ့ ဧကမှာ ၄၈၈၃၃ ဧကဖြစ်တဲ့အတွက် စီမံကိန်းလျာထားချက်အပေါ် ၁၆.၃၀ ရာခိုင်နှုန်း အကောင်အထည် ဖော်နိုင်ပါတယ်။ ဒီစီမံကိန်း ၆၇ ခုရဲ့ စုစုပေါင်းကုန်ကျငွေမှာ မြန်မာကျပ်ငွေ ၃၇၅၉၃.၃၁၅ သန်း၊ အမေရိကန်ဒေါ်လာ ၂၀.၆၄ သန်း၊ ယူရို ၂.၅၃ သန်းနဲ့ အာအမ်ဘီ ၅.၅၅ သန်း ကုန်ကျခဲ့ပါတယ်။ လုံးဝ ရေမပေးနိုင်သော မြစ်ရေတင်လုပ်ငန်း ၅ ခု ရှိပါတယ်။ နိုင်ငံတကာ ဆည်မြောင်းစီမံကိန်းများ ရေးဆွဲရာတွင် စီးပွားရေးတွက်ခြေကိုက်မှု ရှိ မရှိကို သုံးသပ်စိစစ် တွက်ချက်ခြင်း၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုအရ တွက်ခြေကိုက်မှုရှိ၊ မရှိ စိစစ်ခြင်း စသည်တို့ကို လုပ်ဆောင်လေ့ ရှိသော်လည်း ယခုမြစ်ရေတင်စီမံကိန်များတွင် ထိုကဲ့သို့ တွက်ချက်ထားမှုများ မရှိကြောင်း တွေ့ရှိရပါတယ်။ မြစ်ရေတင် စီမံကိန်းများကို ငွေကြေးအမြောက်အမြား အကုန်အကျခံ တည်ဆောက်ခဲ့သော်လည်း လျှပ်စစ်မီး အပြည့်အ၀မရှိခြင်း၊ မြောင်းများ ပြုပြင်ဖောက်လုပ်ရန် လိုအပ်ခြင်း၊ ရေတင်ပန့်များ တပ်ဆင်ရန်လိုအပ်ခြင်း၊ ဒီဇယ်ဆီသုံး လျှပ်စစ်မြစ်ရေတင် စနစ်များ ဖြစ်၍ ကုန်ကျစရိတ်များခြင်းတို့ကြောင့် စနစ်တကျ ရေပေးဝေနိုင်မှု မရှိခဲ့ပါ။ ထို့ကြောင့် မြစ်ရေတင်စီမံကိန်းများကို ထပ်မံ ဆောင်ရွက်ခြင်းမပြုဘဲ ဆောင်ရွက်ဆဲလုပ်ငန်းများကို စနစ်တကျ ဖြစ်စေရေးအတွက် အချိန်ယူ ဆောင်ရွက်သင့်ပါတယ်။ ဆောင်ရွက်ပြီး လုပ်ငန်းများကိုလည်း စွမ်းရည်တိုးမြှင့်စေရေးအတွက် ဆောင်ရွက်သင့်ပါကြောင်း တင်ပြအပ်ပါတယ်'' ဟု အစီအရင်ခံစာ တင်သွင်းခဲ့သည်။ ဆက်လက်၍ ၎င်းက '' . . . ရေလှောင်တမံရေလွှဲဆည် ၆၄ ခုသည် စိုက်ပျိုးရေ လုံးဝမပေးနိုင်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ တွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။ ရေလှောင်တမံ ရေလွှဲဆည်များကို ဖွင့်ပွဲအခမ်းအနားများ ကျင်းပပြီးသော်လည်း ဆည်ရေသောက်စနစ်များ မပြီးသေးသဖြင့် လေးနှစ်မှ ၁၀ နှစ်အထိကြာသည့်တိုင် ရေပေးဝေနိုင်ခြင်း မရှိသေးသည်မှာ မဖြစ်သင့်ကြောင်း သုံးသပ်ရပါတယ်။ ထို့ကြောင့် ရေလှောင်တမံ၊ ရေလွှဲဆည်များ အသစ်တည်ဆောက်ခြင်းကို ရပ်တန့်ထားသင့်ပါတယ်'' ဟု တင်ပြခဲ့သည်။ အဆိုပါ ငွေစာရင်းကော်မတီ၏ အစီရင်ခံစာကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ငါးဦးမှ ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်၏ သဘောတူညီချက် ရယူခဲ့သည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲဝင်းက ''ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီရဲ့ သုံးသပ်ချက်များဟာ အသေးစိတ်ကျပြီး စေ့စပ်သေချာစွာ လေ့လာထားတာဖြစ်တဲ့အပြင် ကျွန်တော်တို့နိုင်ငံရဲ့ မအောင်မြင်တဲ့ လုပ်ငန်းတစ်ခုအပေါ်မှာ ပွင့်ပွင့်လင်းလင်း ဝေဖန်သုံးသပ် တင်ပြထားတာတွေ့ရလို့ ကျွန်တော်တို့နိုင်ငံမှာ ကျင့်သုံးနေတဲ့ ပေါ်လစီအမှားတချို့ကို ပြုပြင်နိုင်ဖို့အတွက် လမ်းစပွင့်ပြီလို့ ယူဆပါတယ်'' ဟု ထောက်ခံပြောကြားခဲ့သည်။ ထိုအခါ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက အဆိုပါအစီရင်ခံစာနှင့် ပတ်သက်၍ သ၀ဏ်လွှာ မူကြမ်းရေးကာ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။By: သစ်ထူးလွင်
ဦးခင်ရွှေ၏ စက်မှုဇုန် အကောင်အထည်ဖော်မှု ရပ်ဆိုင်းရန် ညွှန်ကြား
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာ ကျေးရွာအုပ်စုမှာ အကောင်အထည်ဖော်နေတဲ့ ဇေကမ္ဘာစက်မှုဇုန် အပိုင်း ၄ ကို ရပ်ဆိုင်းထားဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ညွှန်ကြားလိုက်ပါတယ်။ဦးခင် ရွှေ
ဦးခင် ရွှေပိုင် ဇေကမ္ဘာကုမ္ပဏီက မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စုမှာ လွန်ခဲ့တဲ့ ၂၀၁၀ ဧပြီလက လယ်သမားတွေလုပ်နေတဲ့ လယ်မြေ ၈၁၅ ဧကကို တဧက ကျပ် ၃ သိန်းနှုန်းနဲ့ ကရုဏာကြေးအဖြစ် ပေးပြီး စက်မှုဇုန် အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။
ဒီစက်မှုဇုန် စီမံကိန်းနဲ့ ပတ်သက်လို့ လယ်သိမ်းခံရတဲ့ လယ်သမားတွေက တိုင်ကြားခဲ့ပြီးတဲ့နောက် အဲဒီစီမံကိန်းကို ရပ်နားထားဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်ကို ဇေကမ္ဘာ ကုမ္ပဏီမန်နေဂျာ ဦးမြင့်ဇော်ကိုဆင့်ခေါ်ပြီး မနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ဖတ်ပြပါတယ်။
ရန်ကုန်တိုင်း ဒေသကြီးအစိုးရရဲ့ ညွှန်ကြားချက်မှာ စက်မှုဇုန်ဖော်ဆောင်ခွင့် ပြသဖို့ လယ်မြေပေါ်မှာ စက်မှုဇုန် လုပ်ခွင့် မရှိတာကြောင့် သီးစားချထားပေးတာကို ပြန်လည်ရုပ်သိမ်းမှာ ဖြစ်တဲ့အကြောင်း ပါရှိပါတယ်။
တကယ်လို့ မလိုက်နာရင် အရေးယူခံရမယ် ဆိုတဲ့စာသားကို စာလက်ဝယ်ရထားသူ လယ်သိမ်းခံရတဲ့ ဆရာမ ဒေါ်အုန်းမြင့်က ခုလို ဖတ်ပြပါတယ်။
“ခွင့် ပြုချက် တစုံတရာ မရှိဘဲ စက်မှုဇုန်အဖြစ် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေပါက လယ်မြေကို ဖျက်ဆီးခြင်းဟု သတ်မှတ်၍ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်တဲ့။”
ရန်ကုန်တိုင်း ဒေသကြီးအစိုးရက ဇေကမ္ဘာကုမ္ပဏီ မန်နေဂျာကို မခေါ်ခင်မှာ ဇေကမ္ဘာဥက္ကဋ္ဌ ဦးခင်ရွှေနဲ့ ဒုတိယဥက္ကဋ္ဌ ဦးရွှေသီဟတို့ကို ဆင့်ခေါ်ပေမယ့် မွန်ပြည်နယ် ဘီးလင်းမြို့ ကျိုက်ထီးဆောင်းစေတီမှာ မနှစ် ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၇ အထိ ပဉ္စင်းဝတ်နေတာကြောင့် မလာရောက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ ဇေကမ္ဘာကုမ္ပဏီ တာဝန်ရှိသူတွေကို ဆက်သွယ်လို့ မရသေးပါဘူး။ လွန်ခဲ့တဲ့ရက်ပိုင်းအထိ လယ်သမားတွေရဲ့ လယ်ကန်သင်းတွေကို ဘူဒိုဇာနဲ့ ထိုးဖျက်နေရာကနေ အခုရက်ပိုင်းမှာတော့ ရပ်နားထားတယ်လို့ လယ်ဧက ၅၀ ပါသွားတဲ့ ဦးကျော်စိန်က ပြောပါတယ်၊။
“သူတို့ နှစ်တိုင်း တာဝန်ကျေစပါးတွေ၊ ကျနော်တို့ သီးထပ်တင်တဲ့အချိန် သီးထပ်တင်တယ်။ စိုက်ဘဏ်တို့ ရိတ်ဘဏ်တို့ အကုန်လုံးထုတ်နေကြ။ နှစ်တိုင်းထုတ်နေကြ။ အခု သူဝင်လာနှောင့်ယှက်မှ ဦးတို့ လယ်သမားတွေ ဘာမှ မဖြစ်တော့ဘူး။ တကယ့်လယ်သမားအစစ်ဆိုတာ ဦးတို့ လယ်သမားပါ။”
အဲဒီအချိန်က စစ်ကောင်စီခေတ်ဖြစ်ပြီး လယ်မြေတွေကို နိုင်ငံတော်ပိုင်မြေအဖြစ် သိမ်းမယ်လို့ သတင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်တာကြောင့် လယ်သမားတွေက ဆုံးမယ့်အတူတူ ကျပ် ငွေ ၃ သိန်း ရတာကိုပဲ ကျေးဇူးတင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဦးခင်ရွှေကိုယ်တိုင် စင်ပေါ်တက်ပြီး ဒီမြေတွေမှာ ဆက်လက်လုပ်ကိုင်ခွင့် ရှိတယ်လို့ လယ်သမားတွေကို ကတိပြုပြီး မကြာခင်မှာ လုပ်ခွင့်မပေးတော့ဘူးလို့ ၁၄ ဧက ဆုံးရှုံးခဲ့တဲ့ ဆရာမ ဒေါ်အုန်းမြင့်က ပြောပါတယ်။
“ပိုက်ဆံပေး တာက ကရုဏာကြေးပေးတာတဲ့၊ လယ်ဝယ်တာမဟုတ်ဘူးတဲ့။ ဦးခင်ရွှေကိုယ်တိုင် ပြောသွားတာပဲ။ လယ်သမားတွေ ဘာမှ စိတ်မပျက်နဲ့ ဒီတိုင်းပဲလုပ်စားတဲ့။ ကျမတို့လည်း ဝမ်းသာအားရပေါ့။ ယူပြီး တနှစ်တောင် မရှိသေးခင် တခါတည်း တံစဉ်းတွေ အကုန်ဖျက်ပြီး လယ်မလုပ်ခိုင်းဘူးလေ။”
သူတို့လယ် မြေတွေဟာ တဧကကို ကျပ်ငွေ သိန်း ၃၀ ကနေ သိန်း ၅၀ အထိ ပေါက်နေတာကြောင့် အစိုးရသစ်လက်ထက်မှာ သူတို့လယ်တွေမှာ ပြန်လုပ်ခွင့်ပေးဖို့ အကြိမ်ကြိမ်တိုင်တန်းခဲ့တယ်လို့ ဦးကျော်စိန်က ပြောပါတယ်။
တား မြစ်ခံရတဲ့ ဇေကမ္ဘာဦးခင်ရွှေရဲ့ စက်မှုဇုန်ဟာ ဒေသခံလယ်သမားတွေ နှစ် ၂၀ ခန့် လုပ်ကိုင်စားသောက်တဲ့ မြေဖြစ်တယ်လို့ လယ်ဆုံးရှုံးခံရတဲ့ လယ်သမားတွေက ပြောပါတယ်။
ဒီဗွီဘီ
ရန်ကုန်တွင် ရှမ်းပြည်နယ်နေ့အဖြစ် ပထမဆုံးကျင်းပခွင့်ရ
ရှမ်းပြည်နယ်နေ့အဖြစ် ပထမဆုံးအမည်တပ်ကျင်းပခွင့်ရသော ပွဲတော်ကို ယခုလ ၇ ရက်တွင် ရန်ကုန် ၌ကျင်းပပြုလုပ်သွားမည်ဟုယင်းပွဲကို ဦးဆောင်ကျင်းပသူ တောင်သူကြီးမြို့နယ်အသင်း ဒုတိယ ဥက္ကဋ္ဌ ဒေါ်စောသီတာထွေးက ပြောသည်။“အရင်နှစ်တွေက ရှမ်းတိုင်းရင်းသာရိုးရာပဒေသာကပွဲအမည်နဲ့ပဲကျင်းပခဲ့ရတာ။ ရှမ်းပြည်နယ်နေ့ အဖြစ်အမည်တပ်ကျင်းပခွင့်ပြုတာ ဒါပထမဆုံးပဲ”ဟု ၎င်းက ဆိုသည်။
အဆိုပါပွဲတော်ကို ရန်ကုန်မြို့ကိုးမိုင်ရှိ ရှမ်းဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်မည်ဖြစ်သည်။
ယခုအကြိမ်သည် ရှမ်းပြည်နယ်အဖြစ် သတ်မှတ်ခံရသော (၆၅) နှစ်မြောက်နေ့ဖြစ်သည်။
ယခင်နှစ်များနှင့် မတူသောအချက်မှာ နံနက် ၁၀ နာရီခန့်မှစ၍ ကိုးမိုင်း(ရှမ်းကျောင်း)၊ နှီးဘုရား ကျောင်းအောက်ထပ်တွင်ရှမ်းတိုင်းရင်းသားများနှင့် ပတ်သက်သောပြခန်းတစ်ခုဖွင့်လှစ်ထားမည်ဖြစ်ပြီး အစား အသောက်များ၊ ရိုးရာဝတ်စုံများကိုလည်း ခင်းကျင်းရောင်းချပေးသွားမည်ဖြစ်သည်။
ရှမ်းပြည်နယ်နေ့ကို ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသားအားလုံး၏ ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သော်လည်း အချို့တိုင်းရင်းသားဝတ်စုံများမှာ စုဆောင်းရန် အခက်အခဲရှိနေ သည်ဟုဒေါ်စောသီတာထွေးက ဆိုသည်။
“ပအို့၊ ပလောင်၊ တအောင်း၊ ဓနုတိုင်းရင်းသားတွေတော့ အကပါမယ်။ တချို့တိုင်းရင်းသားတွေကျ တော့ ၀တ်စုံတွေမရနိုင်ဘူးဖြစ်နေတယ်။ ၀တ်စုံတွေပေးလာရင်တော့ ထည့်သွင်းဖျော်ဖြေဖို့ အစီအစဉ်ရှိပါတယ်” ဟုဒေါ်စောသီတာထွေးက ပြောသည်။
အဆိုပါရှမ်းပြည်နယ်နေ့တွင် ရှမ်းပြည်နယ်အတွင်းရှိ နာမည်ကြီးတိုင်းရင်းသားအနုပညာရှင်များအားလုံး နီးပါးဖိတ်ကြားထားသော်လည်း နေပြည်တော်တွင် ကျင်းပမည့်အကယ်ဒမီဆုပေးပွဲနှင့် တိုက်ဆိုင်နေသော ကြောင့် တက်ရောက်ရန် သေချာမှုမရှိဟုဆိုသည်။
“အရင်ကလည်း စိုင်းထီးဆိုင်(မကွယ်လွန်မီက)တို့၊ ဘိုဖြူတို့လာတက်တယ်လေ။ အခုက အကယ်ဒမီ ပွဲနဲ့တိုက်နေတော့ တချို့လာတက်ဖို့ မသေချာဘူး”ဟု ၎င်းကဆိုသည်။
ယခုကဲ့သို့ ရှမ်းပြည်နယ်နေ့အဖြစ် ကျင်းပခွင့်ရသည့်အတွက် အလွန်ဝမ်းသာကြောင်းနှင့် ထိုသို့ပြောင်း လဲခြင်းမှာ နိုင်ငံရေးအခင်းအကျင်းပြောင်းလဲလာခြင်းကြောင့် ဖြစ်နိုင်ကြောင့် ၎င်းကသုံးသပ်ပြောကြားသည်။
ရှမ်းပြည်နယ်နေ့ပွဲတော်အား ရန်ကုန်ရောက် ရှမ်းပြည်နယ်သူပြည်နယ်သားများက တက်ရောက်ရန် စိတ်အားထက်သန်နေကြသည်။
“သွားရမှာပေါ့ဗျာ။ မသွားလို့ဘယ်ဖြစ်မလဲ။ ပျော်စရာကောင်းတယ်လေ”ဟု ရန်ကုန်တွင် သင်တန်း တက်ရန် ရောက်ရှိနေသော ရှမ်းလူငယ်တစ်ဦးဖြစ်သူ စိုင်းကျော်ဇင်ယုက ဆိုသည်။
သြစတြေးလျတွင်ရောက်ရှိနေသော ရှမ်းတိုင်းရင်းသူတစ်ဦးကလည်း “လာချင်လိုက်တာ။ ခရီးစဉ် အခက်အခဲရှိနေတော့ လာဖို့မလွယ်ဘူး”ဟု ဖေ့ဘွတ်ခ်မှတစ်ဆင့်ပြောကြားသည်။
ရှမ်းပြည်နယ်နေ့သည် ရှမ်းတောင်တန်းဒေသတွင် ၁၉၄၇ ခု ဖေဖော်ဝါရီလ တွင်ကျင်းပသော ပင်လုံ ညီလာခံတွင် ရှမ်းပြည်နယ်အဖြစ် သတ်မှတ်ခဲ့ရာမှတစ်ဆင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
အကျင့်ပျက် ခြစား လာဘ်ပေးလာဘ်ယူ ကျန်းမာရေး ဝန်ထမ်း နှစ်ဦးအား အရေးယူအပြစ်ပေး နိုင်ပါရန် တင်ပြခြင်း
နေ့စွဲ – ၁ ၊၂ ၊၂၀၁၂သို့
ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီး (မုံရွာမြို့) ၊ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး၊တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့။
အကြောင်းအရာ။ ။ အကျင့်ပျက် ခြစား လာဘ်ပေးလာဘ်ယူ ကျန်းမာရေး ဝန်ထမ်း နှစ်ဦးအား အရေးယူအပြစ်ပေးနိုင်ပါရန် တင်ပြခြင်း
အထက်ပါ အကြောင်းအရာ ကိစ္စနှင့် ပတ်သက်၍ ကသာခရိုင် ပြည်သူ့ဆေးရုံ၊ ခရိုင်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်
ကျန်းမာရေး ဌာနတွင် ကျန်းမာရေးကြီးကြပ်(၁) ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသော ဦးဇော်နိုင် နှင့် ဓါတ်ခွဲ ကျွမ်းကျင်ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသော ဦးစိုးဝင်းသိန်းတို့ နှစ်ဦးသည် ၄င်းတို့အား ယုံကြည်စွာပေးအပ်ထားသော တာဝန်ဝတ္တရားများဖြင့် အများပြည်သူတို့အပေါ်တွင် တရားလက်လွတ် အကျင့်ပျက် ခြစား လာဘ်ပေး လာဘ်ယူ မှုများကို နေ့စဉ် ပုံမှန်ဝတ္တရားများကဲ့သို့ စနစ်တကျ ကျူးလွန် ဆောင်ရွက်နေပါသည်။
အထက်ဖော်ပြပါ ကျန်းမာရေး ကြီးကြပ်(၁) ဦးဇော်နိုင် ၏ နေ့စဉ် အကျင့်ပျက် ခြစား ကျူးလွန်ဆောင်ရွက်နေသော ကိစ္စရပ်များမှာ နိုင်ငံတော်အစိုးရမှ အများပြည်သူ များအတွက် မွေးဖွားမှု မှတ်ပုံတင်နိုင်ရန် မွေးစာရင်း လက်မှတ်များကို အခမဲ့ထုတ်ပေးထားပါသည်။ ဦးဇော်နိုင်သည် ပုံမှန်မွေးစာရင်း လက်မှတ် ခြောက်လ အရွယ် ကလေးများ အတွက်မှတ်ပုံတင်ပါကတစ်စောင်လျှင် မြန်မာကျပ်ငွေ နှစ်ထောင်ကျပ်မှ နှစ်ထောင့်ငါးရာကျပ်အထိ တောင်းယူအလွဲသုံးစား ပြုလုပ်လျက်ရှိပြီး ကျောင်းနေအရွယ်ကလေးများ
ကျောင်းအပ်ရန် မွေးစာရင်း လက်မှတ်လာရောက် တောင်းယူပါက ၄င်း၏ကိုယ်ပိုင် တံဆိပ်တုံး ရိုက်နှိပ်ကာ တစ်ဦးလျှင် မြန်မာကျပ်ငွေ တစ်သောင်းမှ တစ်သောင်းငါးထောင်ကျပ်အထိ တောင်းယူကာ အလွဲသုံးစား ပြုလုပ်နေပါသည်။ ဦးဇော်နိုင်သည် သေဆုံးသွားသော ပင်စင်စားဝန်ထမ်းများအတွက် ကျန်ရစ်သူမိသားစုဝင်များက ပင်စင်လစာ ဆက်လက်ရရှိဖို့ သေစာရင်း ထောက်ခံစာများ လာယူလျှင် မောက်မောက်မာမာ အော်ဟစ်ကြိမ်းမောင်း ဆက်ဆံခဲ့ပါသည်။ ပင်စင်စားများ အပေါ်တွင်လည်း အကြောင်းမရှိ အကြောင်းရှာကာ အမျိုးမျိုး လှည့်ပတ်ပြီး ခက်ထန်စွာပြောဆို ဆက်ဆံပါသည်။
ကျန်းမာရေး ဦးစီးဌာန သည် တစ်နှစ်အောက် ကလေးငယ်များ အား ကူးစက်တတ်သော ရောဂါ ၇ မျိုးမှ ကာကွယ်နိုင်ရန်အတွက် ပုံမှန် ကာကွယ်ဆေးကျွေးရေး စီမံကိန်း လုပ်ငန်းကို နိုင်ငံတော်၏ အထောက်အပံ့ဖြင့် လစဉ် အခမဲ့ ဆောင်ရွက်ပေးနေပါသည်။ မြို့နယ်အတွက် လိုအပ်သော ကာကွယ်ဆေးများကို နယ်ကျန်းမာရေး ဌာနများမှ အလှည့်ကျ မှာယူလျှင် ဦးဇော်နိုင် က မြန်မာကျပ်ငွေ နှစ်သောင်း ရှစ်ထောင် ကောက်ခံယူပါသည်။ သို့သော် ကာကွယ်ဆေးများ သွားရောက် ထုတ်ယူသော တာဝန်ကျ ဝန်ထမ်းအား ကျပ်ငွေ နှစ်သောင်းငါးထောင် သာလျှင် ထုတ်ပေးပြီး ကျန်သောကျပ်ငွေ သုံးထောင်ကို သူ၏ ကိုယ်ကျိုးအတွက် လစဉ် အလွဲသုံးစားပြုလုပ်နေပါသည်။ ထို့အပြင် အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးများကိုလည်း စာရင်းအတိုင်း ထုတ်မပေးပဲ ဦးဇော်နိုင်သည် ၄င်း၏ ကိုယ်ကျိုးအတွက် ဖြတ်ယူသုံးစွဲကာ ပြင်ပသို့ ကျပ်ငွေ နှစ်သောင်း ဖြင့် ကာကွယ်ဆေးထိုးပေးခြင်းများ ပြုလုပ်နေပါသည်။
ကသာမြို့ပေါ်နှင့် ကျေးရွာ များရှိ လက်လီလက်ကား ရောင်းချနေသော ဆေးဆိုင် ၄ဝ ကျော် မှတ်ပုံတင်ရာတွင်လည်း တာဝန်ခံမှာ ဦးဇော်နိုင်ပင်ဖြစ်ပြီး ထိုသို့ မှတ်ပုံတင်ခြင်း အတွက် လိုင်စင်ကြေးဟု ပြောကာ ဆေးဆိုင် တစ်ဆိုင်လျှင် ကျပ်ငွေ နှစ်သောင်း ငါးထောင် တိတိ ကောက်ခံယူကာ ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ် သုံးစွဲနေပါသည်။ ကသာမြို့အတွင်း ပွဲတော်များ ပြုလုပ်လေ့ရှိရာ ထိုပွဲတော်များ ကျင်းပချိန်တွင် ဈေးဆိုင်များမှကျန်းမာရေးထောက်ခံစာကို ဦးဇော်နိုင်ထံတွင် ယူရပါသည်။ ထိုသို့ ကျန်းမာရေးထောက်ခံချက်များ ယူရာတွင် ပွဲတော်ကျင်းပသည့် ရက်အတိုင်းအတာအပေါ်ကို လိုက်၍ သုံးရက်ကျင်းပမည်ဆိုလျှင် ကျပ်ငွေ တစ်သောင်း ငါးထောင် မှ နှစ်သောင်းအထိ၊ ပွဲတော် ငါးရက် ကျင်းပ မည်ဆိုလျှင် ကျပ်ငွေ နှစ်သောင်းမှ သုံးသောင်းအထိ ကို ၄င်း၏ သဘောဆန္ဒနှင့် ကောက်ယူပြီးကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်နေပါသည်။
ထို့နောက် ဓါတ်ခွဲ ကျွမ်းကျင်ဝန်ထမ်း တစ်ဦးဖြစ်သူ ဦးစိုးဝင်းသိန်း ၏ နေ့စဉ် အကျင့်ပျက် ချစား လာဘ်ပေးလာဘ်ယူ မှုများ ကိုလည်း တင်ပြပါသည်။ ဦးစိုးဝင်းသိန်းသည် နိုင်ငံတော် အစိုးရမှ ပြည်သူများအတွက် ကျန်းမာရေးအခမဲ့ စစ်ဆေးနိုင်ရန် ဓါတ်ခွဲခန်း သုံးပစ္စည်းများ ကို ထုတ်ဝေပေးနေပါသည်။ ထိုသို့အခမဲ့ ထုတ်ဝေပေးနေသော ဓါတ်ခွဲခန်းသုံး ပစ္စည်းများကို ဦးစိုးဝင်းသိန်းသည် မိမိ၏ ကိုယ်ပိုင် ပစ္စည်းများကဲ့သို့ သုံးစွဲကာ လာရောက် ၍ ကျန်းမာရေး စစ်ဆေးချက်များ ပြုလုပ်သောလူနာရှင်များ အပေါ်တွင် မတန်တဆ အခကြေးငွေ တောင်းယူ၍ မိမိ၏ ကိုယ်ကျိုးအတွက် သုံးစွဲနေပါသဖြင့် ထိုသို့ တာဝန်ကို အလွဲသုံးစားလုပ်၍ အကျင့်ပျက် ချစား လာဘ်ပေးလာဘ်ယူ ပြုလုပ်နေသော ကသာခရိုင် ပြည်သူ့ဆေးရုံ မှ ကျန်းမာရေး ဝန်ထမ်း နှစ်ဦးကို ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးပါရန် လေးစားစွာ တိုင်ကြားအပ်ပါသည်။
ဘားမားဗီဂျေ
မြန်မာနိုင်ငံ ပြည်သူပိုင်ကဏ္ဍနှင့် ပုဂ္ဂလိကပိုင်ကဏ္ဍ ပူးပေါင်းလက်တွဲမည့်အခြေအနေ ခင်မောင်ညို(ဘောဂဗေဒ)
ပြည်သူပိုင်ကဏ္ဍနဲ့ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းလက်တွဲပြီး၊ လုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့ကိစ္စ (Public Private Partnership – PPP) ကို ဆွေးနွေးကြရင်းနဲ့ PPP ကန PPC (Public Private coordination) ခေါ်တဲ့၊ ညှိနှိုင်းဆွေးနွေးမှု၊ PPD (Public Private Dialogue) တွေအထိ ရောက်သွားကြပါတယ်။ တကယ်တော့ နှစ်ဦးနှစ်ဖက် အကျေအလည်အပြန်အလှန် ညှနှိုင်းဆွေးနွေးမှုဆိုတာ၊ နိုင်ငံရေးနယ်ပယ်မှာသာ အရေးကြီးတာမဟုတ်၊ စီးပွားရေးနယ်ပယ်မှာလဲ အလွန်တရာ အရေးကြီးလှပါတယ်။အခုအချိန်မှာ၊ အစိုးရနဲ့ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်နေကြတဲ့၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုထားပြီး တည်ဆောက်လည်ပတ်လွှဲပြောင်း (Build Operate Transfer) စနစ်နဲ့ လုပ်နေတဲ့ လုပ်ငန်းတွေရှိပါတယ်။လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးမှာ၊ နိုင်ငံခြားလုပ်ငန်းတွေနဲ့ (၃)ခု၊ မြန်မာကုမ္ပဏီတွေနဲ့ (၄)ခု၊ ဆိပ်ကမ်းတည်ဆောက်ရေးမှာ နိုင်ငံခြားပိုင်လုပ်ငန်း(၃)ခု၊ မြန်မာကုမ္ပဏီ(၉)ခု၊ လမ်းပန်းဖောက်လုပ်ရေးမှာ၊ နိုင်ငံရေးကုမ္ပဏီ(၂)ခု၊ မြန်မာကုမ္ပဏီ (၄၂)ခု၊ နေပြည်တော်လေဆိပ်တည်ဆောက်ရေးမှာ၊ မြန်မာကုမ္ပဏီ(၁)ခုတို့နဲ့ လုပ်နေတာကို တွေ့ရပါတယ်။
ဒီလုပ်ငန်းတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေလဲ ရှိနေပါတယ်။ အဲဒါတွေကတော့၊ လုပ်သာကိုင်သာရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်မရှိသေးတာ၊ ထင်သာမြင်သာမရှိသေးတာ၊ ထိရောက်တဲ့ စောင့်ကြည့်ကွပ်ကဲတဲ့စနစ် မရှိသေးတာ၊ စီမံခန့်ခွဲမှု စွမ်းရည်အားနည်းသလို၊ လေ့ကျင့်ပျိုးထောင်ထားတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ လုံလုံလောက်လောက် မရှိတာတွေ ဖြစ်ပါတယ်။ အရေးအကြီးဆုံးအချက်တစ်ချက်ဖြစ်တဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကပဲ အလေးပေးဆာင်ရွက်ဖို့ လိုအပ်နေပါတယ်။
အထူးသဖြင့် ပြောစရာရှိနေတာတစ်ခုက၊ ပြည်သူပိုင်ကဏ္ဍနဲ့ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဖို့ဘယ်လောက်အဆင်သင့်ဖြစ်သလဲဆိုတာကို သုံးသပ်ကြရာမှာ၊ ပြည်သူပိုင်ကဏ္ဍ အကောင်းဘက်ကို ပိုမြင်ပြီး၊ ပုဂ္ဂလိက ကဏ္ဍကတော့ သိပ်ပြီး အကောင်းမြင်တဲ့အခြေအနေမျိုးမရှိသေးပဲ၊ အမြင်တွေကွာဟနေတာ တွေ့ရပါတယ်။ ဥပမာ- စီးပွားရေး တိုးတက်မှုနဲ့ပတ်သက်ရင်၊ ပုဂ္ဂလိကကဏ္ဍက သိပ်ပြီး အားရကျေနပ်မှုမရှိလှတာ တွေ့ရပါတယ်။ ဒါကလဲ၊ လောလောဆယ် ရောက်နေတဲ့ နိုင်ငံရဲ့ ဖွံ့ဖြိုးမှုအဆင့်မှာ၊ ဒီလိုပဲ ဖြစ်တတ်ပါတယ်။
လက်ရှိ နိုင်ငံအဆင့် စီးပွားရေးပတ်ဝန်းကျင်၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရတဲ့ ပတ်ဝန်းကျင်၊ ငွေရေးကြေးရေး ဘဏ္ဍာရေးပတ်ဝန်းကျင်၊ တရားဥပဒေ၊ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်း၊ အစိုးရပုဂ္ဂလိက လက်တွဲနိုင်မယ့် မူဝါဒ၊ စွမ်းရည်၊ လုပ်ငန်းစဉ်တွေနဲ့၊ လုပ်ငန်းစီမံကိန်းရွေးချယ်မှု၊ လူမှုရေးဆိုတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့၊ ပြည်သူပိုင်ကဏ္ဍက (၄၆%) လို့ အမှတ်ပေးပေမယ့်၊ ပုဂ္ဂလိကကဏ္ဍက (၃၂%)ပဲ အမှတ်ပေးပါတယ်။ အခုလို အမြင်ကွာခြားနေတဲ့အတွက်လည်း၊ စောစောကပြောခဲ့သလို၊ ဆွေးနွေးညှိနှိုင်းမှု (PPC , PPD) တွေပိုပြီး လိုအပ်တယ်လို့ ပြောရတာပါ။ အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းတွေမှာ၊ ပုဂ္ဂလိကကဏ္ဍက ပိုပြီး တက်တက်ကြွကြွပါဝင်ဖို့၊ လုပ်ဆောင်စရာတွေ အများကြီးရှိနေသေးတာကို၊ ညွှန်ပြနေပါတယ်။ ပုဂ္ဂလိကကဏ္ဍဘက်ကလဲ၊ ပိုပြီး လေ့လာစရာ၊ နားထောင်စရာ၊ ပြောစရာတွေ ရှိနေပါသေးတယ်။
အထူးသဖြင့်၊ ပြည်သူပိုင်ကဏ္ဍနဲ့ ပုဂ္ဂလိကကဏ္ဍ လက်တွဲဖို့အတွက် မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ ချဖို့လိုနေပါသေးတယ်။ တဖက်မှာတော့၊ အခုလဲလက်တွေ့လုပ်ေ်ဆာင်နေတာတွေရှိနေတဲ့အတွက်၊ လက်ရှိအကောင်အထည်ဖော်နေတဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်ပြီး၊ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ဖော်ထုတ်သင့်တယ်လို့ ESCAP က သုံးသပ်ပြကြပါတယ်။ အဲဒီလိုပုံစံမှာ၊ အဓိပ္ပာယ်သတ်မှတ်ချက်၊ မူဝါဒ (လုပ်ငန်းစီမံကိန်းဖေါ်ထုတ်ရေး၊ ရေးဆွဲရေး၊ ၀ယ်ယူရေး၊ သဘောတူစာချုပ် ချုပ်ဆိုရေးနဲ့ စောင့်ကြည့်ရေးအဆင့်တွေပါဝင်တဲ့) လုပ်ငန်းစဉ်၊ လုပ်သာကိုင်သာတဲ့ ပတ်ဝန်းကျင်ဆောင်ရွက်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးယန္တယား၊ စီမံခန့်ခွဲရေးယန္တယားဆိုပြီး အဆင့်-၆ ဆင့် ခွဲထားပါတယ်။
~ အဆုံးအဖြတ် ပေးတတ်တဲ့လူ ~
သူ့အသံ လူတွေမကြိုက်သဖြင့် သည်ရွာက ပြောင်းမည်ဟု ထွက်လာသောဇီးကွက်အား ငုံးငှက်က အကြံပေးသည်။ “နေဦးလေဗျာ စဉ်းစားစမ်းပါဦး၊ ဒီအသံ လူမကြိုက်ဘူးဆိုလို့ ပြောင်းပြီတ့၊ဲ
နောက်တစ်ရွာ ရောက်တော့ကော လူတွေကကြိုက်ကြမှာလား၊ သူ့တို့ မကြိုက်ဘူးဆိုတိုင်း ပြောင်း
နေရင် ခင်ဗျားပြောင်းလို့ ဆုံးမှာလား။ အဲဒီတော့ ရွာပြောင်းမယ့်အစား ခင်ဗျားအသံကို လူအများ
နားခံ သာအောင် ပြုပြင်ပြောင်းလဲဖို့ ကြိုးစားကြည့်ရင် ပိုမကောင်းဘူးလား” ဟူ၍။
တရုတ်ပုံပြင်ဆရာ လူရှန် (Liu Hsiang ) ၏ ဇီးကွက်နှင့် ငုံးငှက်ပုံပြင်တိုကလေးကို ဖတ်ပြီး
ကျွန်တော်တို့ သဘောကျ ကြသည်။ မှန်သည်။ ကိစ္စတော်တော်များများမှာ ဖြေရှင်းရန် နည်းလမ်း
တစ် မျိုးထက်မက ရှိသည်ပဲ။ အဲသည် နည်းလမ်းတွေထဲက အကောင်းဆုံး အဆင်ပြေဆုံး နည်း
လမ်းကို ရွေးချယ် လိုက်ရုံပဲပေါ့။ ကျွန်တော်တို့ အဲသလို သဘောပေါက်လိုက်ကြသည်။ သို့သော်
လောကမှာ ကြုံရသည့် ကိစ္စတွေက အဲသည်ပုံပြင်ထဲကလောက် မလွယ်ကူ။ မရိုးစင်း။ ဥ
ပမာ အီစွပ်ပုံပြင်ထဲက မြည်းတစ်ကောင်နှင့် သားအဖနှစ်ယောက် ကိစ္စဆိုလျှင် အတော်ခွကျလာ
ပြီ။ အများ သိပြီးသား ပုံပြင်ကို နည်းနည်းပြန်နွေးရသော် တစ်ခါတုန်းက သားအဖနှစ်ယောက်
မြည်းတစ်ကောင် ရောင်းရန် ဈေးပွဲသို့ မောင်းသွားကြသည်။ နှစ်ဦးလုံး မြည်းနှင့်အတူတကွ လမ်း
လျှောက်လျက်။ လမ်း မှာ မိန်းကလေးတစ်သိုက် ရယ်ရယ်မောမော စကားတွေပြောပြီး လာကြရာ
က မြည်းနှင့် သားအဖကို တေ့သွ ည့်အခါ “ဟယ်၊ အရူးတွေတော့်။ မြည်းကြီး တစ်ကောင်လုံး ပါလာ
တာကို မစီးဘူး။ ခြေညောင်း ခံပြီး လမ်းလျှောက်လာကြတယ်” ဟုမကြားတကြား အားမနာပါးမနာ
ပြောကြသည်။ ဒါနှင့် ဖအေလုပ် သူက သားလေးကို မြည်းပေါ်တက်ခိုင်ပြီး သူကနံဘေးမှပင်
လျှောက်လိုက်သည်။ တစ်နေရာတွင် လူကြီးတစ်သိုက်နှင့် တွေ့သည်။ သည်တွင် အတော်လူတွင်
ကျယ် လုပ်တတ်သူ တစ်ယောက်က အခြောက်တိုက် ဝင်ပြောသည်။ “ ကြည့်စမ်း၊ ကာလသား
သမီးများ လူကြီးမိဘကို အရိုသေ ပေးရကောင်း မှန်းမသိဘူး၊ ကိုယ်က လူငယ်ပဲ၊ ပေါ့ပေါ့ပါးပါး
လျှောက်သွားပါလား။ ဆင်းပေးလိုက်။ အဖေကြီး ညောင်းလှရော့မယ်” ဟူ၍။ သို့နှင့် အဖေလုပ်သူ
က သားကိုဆင်းခိုင်းပြီး သူတစ်လှည့် စီးပြန်သည်။ သို့သော် သိပ်များများ မသွားရ။ မိန်းမလေးငါး
ယောက် ကလေးတစ်စုနှင့်အတူ လာနေတာ ဆုံရပြန်သည်။ အဲသည်မှာ မိန်းမတွေက “ကြည့်စမ်း၊
တစ်ကိုယ်ကောင်းဆန်လိုက်တဲ့ လူကြီး၊ ကိုယ်ကတော့ မြည်း ပေါ်မှာ အခန့်သားထိုင်လို့၊ ကလေး
ခမျာ နောက်က အမောတကော လိုက်နေရရှာတယ်” ဆိုကြပြန်တော့ သူတို့ကျေနပ်အောင် မြည်း
ပေါ်မှာ ဖအေက ရှေးနည်းနည်း တိုးပေးပြီး သားလေးကို နောက်နားက ကပ်ထိုင်ခိုင်းသည်။ သား
အဖနှစ်ယောက်လုံး မြည်းကျောကုန်းပေါ် တက်စီးလာကြ၍ ဈေးနှင့် သိပ်မဝေးသည့် တစ်နေရာ
ရောက်တော့ လူတစ်ယောက်နှင့် တွေ့သည်။ “ဒါ ခင်ဗျား မြည်းလားဗျ” တ့။ဲ အဲသည်လူက မေး
သည်။ “ဟုတ်ပါတယ်” ဆိုတော့ ၊ စီးလာပုံ ကြည့်ရတာ ကိုယ့်မြည်း မဟုတ်သလို ဘဲဗျာ” တ့။ဲ
သည်လူက ဆိုသည်။ ဒါနှင့်တင် မနေသေး၊ သူက“ မြည်းကလေးခမျာ သနားစရာဗျာ။ တကယ်ဆို
ခင်ဗျားတို့ သားအဖက သန်သန်မာမာကြီးပဲ၊ သူ့ကိုတောင် တစ်လှည့်တစ်ပြန် ထမ်းပိုးသွားဖို့
ကောင်းတယ်” တဲ့။ အတည်ပေါက် အကြံပေးသည်။ ဒါနှင့် လူတကာ့စကား နားထောင်ပြီး အူချာ
ချာ ဖြစ်လာသည့် အဖေလုပ်သူက “ဟုတ်ပါပြီဗျာ၊ ခင်ဗျား သဘောအတိုင်း ဖြစ်ရပါစေ့မယ်” ဆိုပြီး
သားအဖနှစ်ယောက် မြည်းခြေထောက်တွေစုပြီး ကြိုးနှင့်ချည်၊ တုတ်ကြီးကြီး တစ်ချောင်းနှင့် လျှိုပြီး
မြည်းကို ထမ်းကြသည်။ ဈေးအဝင်နားက ချောင်းကူးတံတားလေး ရောက်တော့ သားအဖ နှစ်
ယောက် ကိုးရိုး ကားယား မနိုင်မနင်း ဖြတ်လာသည့် အချိန် ဘေးကမြင်ရသူတွေ လက်ညှိုးထိုးပြီး
လှောင်ကြ ပြောင်ကြ၊ တဟားဟား ရယ်မောကြတော့ စောစောကတည်းက အနေရအထိုင်ရ ခက်
နေသော မြည်းက အလန့်တကြား ရုန်းရင်းဆန်ခတ်လုပ်ရာ ကြိုးတွေပြေပြီး အောက်ဘက်ရေထဲ
ဝုန်းခနဲ ထိုးကျသွားလေ သတည်း ဟူ၍ ဖြစ်သည်။
ဇီးကွက်အတွက် ငုံးငှက်၏ အကြံပေးချက်သည် တန်ဖိုးရှိ၏။ မြည်းသားအဖ အတွက်မူ
လမ်းကြုံ လူတို့၏ အကြံပေးချက်၊ ဝေဖန်ချက်၊ တိုက်တွန်း ပြောဆိုချက်တွေသည် သူတို့အား ဝိုင်း
၍ ချောက် တွန်းကြသလို ဖြစ်နေသည်။ ဘေးပရိတ်သတ်၏ လှောင်ပြောင်ရယ်မောသံ၊ ဝေဖန်သံ၊
ပြစ်တင်သံ၊ ဟစ်အော်သံများကြားတွင် ထိုသားအဖသည် ဇောချွေးပြန်မည်။ မျက်နှာမထားတတ်
ဖြစ်မည်။ ဘေးဘီ မကြည့်ရဲ ဖြစ်မည်။ ခြေမကိုင်မိ၊ လက်မကိုင်မိ၊ ယောင်တိယောင်နဖြစ်ကာ ဆင်း
လိုက် တက်လိုက် ဆွဲလိုက် တွန်းလိုက်တွေ လျှောက်လုပ်နေမိနိုင်သည်။
“ဟေ့ ကိုယ့်စိတ်က သင့်တော်တယ်ထင်တာ ကိုယ်လုပ်ကွာ။ လူတကာ ပြောစကားတွေ ဂရုစိုက်
မနေန့”ဲ ဟူ၍ တချို့က ဆိုနိုင်ကြပါသည်။ သို့သော် စဉ်းစားကြည့်ပါ။ သည်သားအဖကိစ္စမှာ ဘယ်
ဟာသည် သင့်တော်သည်ဟု သင်ဆိုပါမည်နည်း။ ဘေးလူတို့၏ ပြောစကားကိုရော အခါခပ်သိမ်း
သင် ဂရုမစိုက်ဘဲ နေနိုင်ပါမည်လား။ သည်သားအဖအတွက် ခရီးလမ်းတွင် အဆင်ပြေအောင်
ဆောင်ရွက်ရန် နည်း လမ်းတစ်ရပ် ချမှတ်ပေးပါဟု ဆိုလျှင် အတော် စဉ်းစားရ ခက်လိမ့်မည် ထင်
သည်။
မခက်ဘူးဗျာ။ အသင့်အတင့် ကြည့်လုပ်ပေါ့။ တရားသေ မထားန့၊ဲ သူများပြောတိုင်း ချည်း
လည်း လိုက်မလုပ်န့။ဲ ဘယ်သူဘာပြောပြောဆိုတဲ့ သဘောမျိုးလည်း မထားန့၊ဲ တစ်ခါတလေ သူ
တို့သဘောန့လဲုပ်၊ တစ်ခါတလေ ကိုယ့်သဘောနဲ့ ကိုယ်လုပ်။ မြွေမသေတုတ်မကျိုး မယုတ်မလွန်
ပေါ့ဗျာဟု ဆိုတဲ့ သူက ဆိုပါမည်။
ဒါလည်း ဟုတ်သလောက် ဟုတ်ပါသည်။ သို့သော် မယုတ်မလွန်ဆိုသည်မှာ အတော် မ
တိကျ သော ကိစ္စဖြစ်သည်။ ပြောသူအတွက် လွယ်သလောက် တကယ်လုပ်ရမည့် သူအတွက်
ခက်သည်။ လက်တေ့၌ွ လူတွေသည် ငါဘာလုပ်ရမလဲ တိတိကျကျ သိချင်တတ်သော သဘော
ရှိသည်။ ဒီလို လား၊ ဟိုလိုလား၊ နှစ်ခုမှာ တစ်ခုပဲပြောပါ၊ ဆိုသောသူတွေ များသည်။ တစ်နည်း
နည်း ပြတ်ချင်ကြသည်။ “မြွေမသေတုတ်မကျိုး” ဆိုသည်မှာ အတော်ပညာသားပါသော အလုပ်
ဖြစ်သည်။ ပြဿနာကို တန်းလန်းထားသော သဘောဖြစ်သည်။ တကယ် “ကျွမ်း” သောသူ၊ အ
ဆင့်မြင့်သော သူတွေသာ ဒါမျိုးကို လုပ်နိုင်ကြသည်။ လုပ်တတ်သော အလေ့အထလည်း ရှိကြ
သည်။
သို့သော်...............သိပ်အဆင့်မြင့်ပါသည်ဆိုသော သူများပင် မတင်မကျ မပြတ်မသား
အနေ အထားမျိုးမှာ ကြာရှည်နေရလျှင် ဦးနှောက်က မခံနိုင် ဖြစ်လာ တတ်သည်။
ဥပမာ- ရှင်ဘုရင်၊ သမ္မတ စသည့် အကြီးအချုပ် ပုဂ္ဂိုလ်များ ဆိုပါတော့။ သူတို့မှာ အကြီး
လေးဆုံး တာဝန်က “ဆုံးဖြတ်ချက် ချပေးရခြင်းဖြစ်သည်”။ မိမိသည် တိုင်းပြည်၏ အာဏာပိုင်။
ကိစ္စအများ အပြားသည် မိမိသဘောအတိုင်း ဖြစ်ရသည်။ သို့သော် မည်သည့်ကိစ္စ၌ မိမိသဘော
သည် မည်သို့ ဖြစ်သည် ဟူ၍ ဖော်ပြရန်ကား သူ၌ တာဝန်ရှိသည်။
ကိစ္စတော်တော်များများမှာ လွယ်ကူပါသည်။ ကိုယ့်သဘောကို အလွယ်တကူ ပြောချလိုက်
ရုံသာ ဖြစ်သည်။ တစ်ခါတစ်ရံမူ မပြောဘဲပင် အောက်လူတို့က မိမိသဘောကိုသိကာ ၄င်းအတိုင်း
လုပ်ပြီး ဖြစ်နေနိုင်သည်။
သို့သော် မကြာခဏ ဆိုသလို ခက်ခဲသော ပြဿနာများလည်း ရင်ဆိုင်ရတတ်ပါသည်။
ကိုယ်မ ကျွမ်းကျင်သောကိစ္စ၊ နားလည်ရခက်သောကိစ္စ၊ သောင်မတင် ရေမကျ ကိစ္စ၊ မထွေး
နိုင်မမျိုနိုင် ကိစ္စ၊ ရှေ့တိုး ထမ်းပိုး၊ နောက်ဆုတ် လှည်းတုတ်ကိစ္စ၊ အဆီတဝင်းဝင်း သဲတရှပ်ရှပ်
ကိစ္စ၊ အပ်န့ထွဲင်မလား ပုဆိန်နဲ့ပေါက်ရမလား မကွဲပြားသည့်ကိစ္စ...............
ဒါပေသည့် ဘာပူစရာလိုသလဲ၊ သည်ပုဂ္ဂိုလ်တွေမှာ ဘယ်ကိစ္စအတွက်မဆို တိုင်ပင်စရာ
အကြံပေး ပုဂ္ဂိုလ်တွေ ရှိတာပဲဥစ္စာ။ ကြံကိုအရင်းက စ စားမလား၊ အဖျားက စ စားမလား မပိုင်းခြား
တတ်လျှင် ကြံပါရဂူကိုမေး။ ကြက်ဥကို အကြီးဖက်က ဖောက်သောက်ရမလား၊ အသေးဖက်က
ဖောက်တာ ပိုအဆင်ပြေမလား စဉ်းစားမရလျှင် ကြက်ဥပါရဂူနှင့် ဆွေးနွေး။ အလွယ်လေးပဲဟု
တွေးစရာရှိသည်။
သို့သော် ဒါက ပါရဂူတွေ အကြောင်း မသိ၍ ပြောခြင်းဖြစ်သည်။ ရှင်ဘုရင် စသည့် ပုဂ္ဂိုလ်
များမှာ ပါရဂူတွေ ဘယ်လောက်ဘယ်ရွေ့ ရှိမှန်းမသိ၍ ပြောခြင်းဖြစ်သည်။ ရှင်ဘုရင်တို့ ထုံးစံက
ပါရဂူ(ဝါ) မင်းတိုင်ပင်အမတ် ပညာရှိကို တစ်ယောက်တည်းမထား၊ နှစ်ယောက်ထားသည်။ သုံး
လေးငါးယောက်၊ သုံးလေးငါးဆယ် ထားသည်။ တစ်ယောက်တည်းဆိုလျှင် အစစအရာရာ သူ့
ချည်းမေးကာ သူပြောတိုင်းချည်း လိုက်လုပ်နေရသည့် သူ့တပည့် ဖြစ်သွားမည်ပေါ့။ သို့သော် အ
နည်းဆုံး နှစ်ယောက်ထားပြန် သည့်အခါ နှစ်ယောက်က နှစ်မျိုးပြောသည်။ တစ်မျိုးတည်းချည်း
ပြောနေလျှင်လည်း တစ်ယောက်သည် ကျန်တစ်ယောက်၏ နောက်လိုက် ဖြစ်သွားမည်ပေါ့။ ထို့
ကြောင့် သူလည်းပညာရှိ၊ ကိုယ်လည်း ပညာရှိဟူ၍ ဖြစ်အောင်တစ်ယောက်တစ်မျိုး ပြောရသည်။
အဲသည်အခါ ရှင်ဘုရင်မှာ ပြဿနာ တက်တော့သည်။
ကိုယ်မဆုံးဖြတ်နိုင်၍ သူတို့ကို မေးသည်။ အခုတော့ သူတို့လုပ်ပုံက ခင်ဗျားဘာသာ ခင်
ဗျား ဆုံးဖြတ်ဟု ပြန်ပြောတာနှင့် တူနေသည်။ နှစ်ယောက်မဲချင်း ညီနေသဖြင့် တဖက်ဖက်က ပြတ်
ပြတ်သားသား အားများသွားအောင် နောက်တစ်ယောက် ထပ်မေးပြန်လျှင်လည်း အဲသည်လူက
ပထမနှစ်ယောက်ထဲမှ တစ်ယောက်ယောက်ကို ထောက်ခံလျှင် အကောင်းသား၊ သူက သူ့သဘော
နှင့်သူ နောက်တစ်မျိုး ပြောလာလျှင် သုံးယောက်သုံးမျိုး ပိုဆိုးသွားနိုင်သည်။ ဆိုပါတော့၊ ကြံကိုအ
ရင်းကလည်း မစားန့၊ဲ အဖျားကလည်း မစားန့၊ဲ အလယ်ပိုင်းက စပြီးစားဟု အကြံပေးမည့် ပုဂ္ဂိုလ်
မျိုး။ ခက်သည်က ပါရဂူတွေကိုချည်း အပြစ်တင်၍လည်းမဖြစ်။ ကိစ္စတွေ ပြဿနာတွေဆိုတာက
သည်ဘက်က ဟိုဘက်က၊ အောက်နားက၊ အထက်နားက၊ အလယ်အလတ်က၊ စသဖြင့် ရှု
ထောင့် အမျိုးမျိုးက ကြည့်လို့ရသည်။ ကြည့်သည်ရှုထောင့်ကို လိုက်ကာ ပုံစံအမျိုးမျိုး မြင်ရသည်။
တစ်ခါ၊ သည်ဟာနှင့် နှိုင်းယှဉ်လျှင် ကြီးနေပြီး ဟိုဟာနှင့် နှိုင်းယှဉ်တော့ သေးသွားသည်။ မြင်ခါ
စမှာ ဖြူသလိုလို တော် ကြာတော့ မည်းသွားသလိုလို။ ထို့ကြောင့် ကိစ္စတိုင်းမှာ အနည်းဆုံး-----
အထက်ကကြည့်သူ၊ အောက်ကကြည့်သူ
အကြီးဘက်က၊ အသေးဘက်က
အရင်းပိုင်း ပါရဂူ၊ အဖျားပိုင်း ပါရဂူ
အဖြူဘက်ကရပ်သူ၊ အမည်းဘက်ကရပ်သူ
သစ်တောတစ်တောလုံးကို ကြည့်သူ၊ သစ်ပင်တစ်ပင်ချင်းကို မြင်သူ။
အစဉ်အလာကို ထိန်းသိမ်းသူ၊ အသစ်တီထွင်မှုကို စိတ်ဝင်စားသူ
စာအုပ်ကြီးသမား၊ လက်တွေ့သမား
ကွန်ဆာဗေးတစ်၊ လစ်ဘရယ်
အမာလိုင်း၊ အပျော့လိုင်း
အပြုတ်တိုက်မည့သ်ူ၊ စေ့စပ်ဆွေးနွေးမည့်သူ
ထောက်ခံသူ၊ ကန့်ကွက်သူ
စသဖြင့် အနည်းဆုံးနှစ်မျိုးတော့ရှိနေပြီး ရှင်ဘုရင်ကလည်း အဲသည်နှစ်မျိုးလုံးဘက်က ပါရဂူတွေ
ငှားထားပြီးသား ဖြစ်နေသည်။
ပြီး ပါရဂူအတော်များများကလည်း မိမိကို တစ်ယူသန်သမား၊ တစ်ဖက်စောင်းနင်းသမားဟု
အထင် ရောက်မှာ အလွန်ကြောက်သည်။ နက်နက်ရှိုင်းရှိုင်း နှိုင်းနှိုင်းချိန်ချိန်သမား၊ အကောင်းနှင့်
အဆိုး၊ အ ကျိုးနှင့် အပြစ်၊ pros and cons ကို မျှမျှတတ စဉ်းစားချိန်ဆ ပြတတ်သူဟုသာ မြင်စေ
ချင်သည်။ ထို့ကြောင့် ကိစ္စတစ်ခုနှင့် စပ်လျဉ်း၍ လိုလားထောက်ခံသူ pro သမားကလည်း ပြတ်
ပြတ်သားသား pro ဟုမဆို၊ pros ရော cons ရော အရင်ပြောမည်။ ပြီးတော့မှ Pro ဘက်ကို သာ
သာထိုးထိုး။ ဆန့်ကျင် ကန့်ကွက်လိုသည့် con သမားကလည်း ထိုနည်းလည်းကောင်း။
သည်လိုတင်ပြရာမှာ သူတို့အဓိက သုံးလေ့ရှိသည်က တစ်ဖက်က ကြည့်ရင်... နောက်တစ်
ဖက်က ကြည့်ပြန်ရင် ဟူသောစကား။ ဒါကို အင်္ဂလိပ်လိုပြောတော့ on the one hand နှင့် on the
other hand........
ဘာဆုံးဖြတ်ရမှန်း မသိ၍ အကြံတောင်းရာတွင် အကြံပေးသူက တစ်ခုတည်း တိတိကျကျ
မပြော။ နှစ်ခုရှိတယ်၊ တစ်ခုကဒီလို၊ တစ်ခုကဟိုလိုဟူ၍ လုပ်နေသည့် အခါ ဆုံးဖြတ်ရမည့် သူက
စိတ်မရှည်ချင်။ ဒေါသကြီးသည့် တချို့ရှင်ဘုရင်ဆိုလျှင် ဘယ်လိုအမိန့်တော်မြတ် ချမှတ်ပစ်မည်
မသိ။ အမေရိကန် သမ္မတတစ်ဦးဖြစ်သူ ဟယ်ရီထရူးမင်း ကတော့ “on the one hand တွေ on
the other hand တွေ ငါမကြားချင်တော့ဘူးဟေ့။ ငါ့ကို လက်တစ်ဖက်တည်းရှိတဲ့ ပါရဂူသာ ရှာ
ပေးကြတော့” ဟူ၍ စိတ်ပျက်လက်ပျက် ပြောဖူးသည်။
ထရူးမင်းက ဒဏ်မခံနိုင်သည့် အချိန်မှာ အဲသလို ပြောလိုက်တာဖြစ်သည်။ စင်စစ် သူတို့
နေရာ မျိုးက ပုဂ္ဂိုလ်တွေမှာ အဓိက လိုအပ်သည်က အဲသည်ဒဏ် ခံနိုင်ဖို့ပဲ ဖြစ်သည်။ ကိစ္စတစ်
ခုနှင့် စပ်လျဉ်း၍ ဘက်စုံထောင့်စုံမှ ရှုမြင်သုံးသပ်ချက်တွေ သဘောထား အမြင်တွေ သိရကြားရ
ပြီးသည့်နောက်မှာ ကိုယ်က တစ်ခုခုကိုတော့ ရွေးချယ်နိုင်ဖို့၊ ကိုယ့်သဘောထား အမြင်အဖြစ် ဆုံး
ဖြတ် ကြေညာနိုင်ဖို့ လိုသည်ပေါ့။
အဲသည်တာဝန်ကို ပီပီသသ ရာဇဣနြေ္ဒ ပြည့်ဝစွာဖြင့် ထမ်းဆောင်နိုင်ပြီဆိုလျှင် တိုင်းရေး
ပြည်ရာ အဖြာဖြာကို တိကျပြတ်သားစွာ ဆုံးဖြတ် ဆောင်ရွက်တတ်သော ပညာရှိမင်းအဖြစ် လေး
စား ယုံကြည်ခြင်း ကြောက်ရွံ့ခန့်ညားခြင်း ခံရပေမည်။ တစ်ချို့ မင်းဧကရာဇ်များကတော့ အဲသည့်
ဘက်တွင် ထူးချွန်သည်။ နမူနာ တစ်ယောက်ပြရလျှင် ပြင်သစ် ဘုရင် လူဝီ ၁၄။
လူဝီ ၁၄ က လျှို့ဝှက်သည်။ သိုသိပ်သည်။ စကားများများမပြော၊ သူ့အသွင်အပြင်ကလည်း အကဲ
ခတ်ရ ခက်သည်။ ပြီးတိုင်းပြည်အရေးကိစ္စများကို ဝန်ကြီး မှူးကြီးများနှင့် တိတ်တိတ်ကျိတ် တိုင်ပင်လေ့မရှိ။
တိုင်းပြည်အတွက် အလေးအနက် စဉ်းစားဆုံးဖြတ်ရမည့် ကိစ္စကြီးများ ပေါ်ပေါက်လာလျှင် နန်းတော်ရှိ ဝန်
ကြီး၊ မှူးကြီး၊ မြို့စား ရွာစားကြီးတွေ နေ့ရောညပါ တိုင်ပင်ကြ ဆွေးနွေးကြ ငြင်းခုံကြသည်။ သည်လူ့ အယူ
အဆ၊ ဟိုလူ့ အယူအဆ၊ သည်လူစု၏ သဘောထား၊ ဟိုလူစု၏ သဘောထား စသည်ဖြင့် အစုစု အဖွဲ့ဖွဲ့၏
အမြင်အမျိုးမျိုးတွေ အကြိမ်ကြိမ် အဖန်ဖန် ပေါင်းစပ်ကြ၊ ချေဖျက်ကြ၊ ညှိယူကြပြီးသော် နောက်ဆုံး၌ မတူ
သော အယူအဆ ကိုယ်စီနှင့် အုပ်စုနှစ်စုသာ ကျန်ရစ်လေ့ရှိသည်။
အဲသည်အခါ အုပ်စုတစ်စုစီက မိမိတို့အစု၏ အမြင်ကို ရှင်ဘုရင်ထံ တင်ပြမည့် ကိုယ်စားလှယ် တစ်
ဦး (ဝါ) ခေါင်းဆောင်တစ်ဦးစီ ရွေးကြသည်။ ပြီးလျှင် မိမိတို့အမြင်ကို ရှင်ဘုရင် သဘောပေါက် လက်ခံလာ
အောင် မည့်သည့်အချိန် မည့်သည့်နေရာမျိုးတွင် မည့်သို့သော စကားအသုံးအနှုန်းမျိုး၊ မည်သို့သော လေ
သံဟန်ပန်မျိုး ဖြင့် ပြောဆိုတင်ပြမည် စသည်များကို အသေးစိတ် ညှိနှိုင်းတိုင်ပင်ကြ အတည်ပြုကြသည်။
သူတို့ဘာသာ မည်မျှကြံစည်ကြသော်လည်း နောက်ဆုံး၌ စကားပြောမည့်နေရာကို ရွေးချယ်သူမှာ
ရှင်ဘုရင်သာဖြစ်သည်။ ရှင်ဘုရင်က အစုနှစ်စုမှ ကိုယ်စားလှယ် နှစ်ယောက်ကို တပြိုင်တည်းတွေ့ဆုံသည်။
တစ်ဦးစီ၏ တင်ပြချက်များကို ဘယ်လိုမှ မှန်းဆ၍ မရနိုင်သည့် မျက်နှာပေးဖြင့် နားထောင်သည်။ နှစ်ဖက်
တင်ပြပြီးသည့်နောက် အရှင်မင်းမြတ်၏ သဘောထားအမြင်ကို သိလိုပါသည်ဟု မေးမြန်းကြလျှင် ရှင်ဘုရင်
က “ငါ ကြည့်ဦးမယ်” (ငါစဉ်းစားဦးမယ်) ဟူ၍ တစ်ခွန်းတည်း ပြောလေ့ရှိသည်။
အဲသည်နောက်တွင် သည်လူတွေကို ထပ်၍လည်း မတိုင်ပင်။ ငါဘယ်လို စဉ်းစား ဆုံးဖြတ်ထား
တယ်ဟူ၍ ဖွင့်ဟပြောဆိုခြင်း တီးခေါက်ဆွေးနွေးခြင်လည်း မပြုတော့။ သူလုပ်မည့် အစီအစဉ် တစ်ရပ်လုံး
ကို အစည်းဝေးတွင် ကြေညာကာ တာဝန်ခွဲဝေ ခိုင်းစေခြင်း ပြုချင်ပြုမည်။ သို့မဟုတ် အစီအစဉ် အပြည့်အစုံ
ကို မိမိခေါင်းထဲ သိမ်းဆည်းထားကာ ဆိုင်ရာလူ အသီးသီးအား တစ်စိတ်ချင်း တစ်ပိုင်းချင်းစီသာ ခွဲဝေ အ
သိပေး စေခိုင်းမည်ဖြစ်သည်။
အတိုင်ပင်ခံ ပုဂ္ဂိုလ်ကြီးများမှာ နောက်ပိုင်းဆက်လုပ်ကြရမည့် အရာများ၊ ရှင်ဘုရင့် အမိန့် ညွှန်ကြား
ချက်များကို ကြည့်ကာသာ သည်ကိစ္စမှာ ရှင်ဘုရင့်သဘောထားက ဘယ်လိုရှိတာပဲ၊ ဘာကိုအလေးပေးပြီး
ဘယ်လို ဆုံးဖြတ်လုကိတာပဲ စသည်ဖြင့် ဝေဖန်သုံသပ်ကြ ချင့်ချိန်တွက်ဆကြရပေသည်။
လူဝီ ၁၄ (၁၆၃၈- ၁၇၁၅) သည် ပြင်သစ်ထီးနန်းကို အသက် ၅ နှစ်အရွယ် ကလေးဘဝမှသည်
ကွယ်လွန်ချိန်အထိ ၇၂ နှစ်တိုင်တိုင် စိုးစံသွားခဲ့သည်။ အစပထမတွင် ရင်ခွင်ပိုက် မင်းသား၊ ထို့နောက် အာ
ဏာကို မိမိလက်ဝယ်သို့ တဖြည်းဖြည်းစုစည်းကာ သက်ဦးဆံပိုင် ဘုရင်စစ်စစ် ဖြစ်လာခဲ့သည်။
လူဝီ ၁၄ ပြောခဲ့သည့် ထင်ရှားသော စကားနှစ်ခွန်း ကျန်ရစ်သည်။ တစ်ခုက “ ငါသည်ပင် နိုင်ငံတော်
ဖြစ်သည်” ( I am the state. ) ဖြစ်၍ နောက်တစ်ခုက မင်းတိုင်ပင်အမတ်ပညာရှိများ အလွန် စိတ်ညစ် ကြ
သည့် “ ငါကြည့်ဦးမယ် ” ( I shall see ) ဟူသော စကားဖြစ်ချေသည်။
ဆရာဖေမြင့်
ပြည်ခိုင်းဖြိုးပါတီ ကိုယ်စားလှယ်လောင်း ၄၈ဦးစာရင်း ထုတ်ပြန်lဒေါ်အောင်ဆန်းစုကြည်နှင့်ယှဉ်ပြိုင်သူ ဒေါက်တာစိုးမင်း ရွေးချယ်
ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်းဖြိုးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၄၈ဦးစာရင်း ထုတ်ပြန်ဒေါ်အောင်ဆန်းစုကြည်နှင့်အပြိုင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၀င်ရောက်ရွေးချယ်ခံမည့်သူမှာ ဒေါက်တာစိုးမင်းဖြစ်သည်။
ပျောက်ဆုံးသွားသော ရပ်မိရပ်ဖ (Statesman)
မြန်မာ့ဓလေ့မှာ ရပ်မိရပ်ဖ ဆိုတာ အင်မတန်မှ သြဇာအရှိန်အ၀ါကြီးတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။ ရပ်မိရပ်ဖ- မြို့မိမြို့ဖ ဆိုတာ အုပ်ချုပ်ရေးအာဏာ ပိုင်တွေ ကိုင်တွယ်ဖြေရှင်းလို့ မရနိုင်တဲ့ ကိစ္စရပ်တွေကို ရပ်မိ-ရပ်ဖ ၊ မြို့မိမြို့ဖ တွေက ဖြေရှင်းပေး တတ်ကြပါတယ်။ မြန်မာ့ ဓလေ့တွေထဲမှာ လေးစာဖွယ်ရာ ကောင်းတဲ့၊ နှစ်လိုဖွယ်ရော ကောင်းတဲ့ ရပ်မိရပ်ဖ ဓလေ့ဟာ ပျောက်ကွယ်လုနီးပါးရောက် သွားပါပြီ ။ ဒါပေမယ့် အခုအချိန်ထိ အဲဒီစကားက ကျန်နေဆဲ ဖြစ်ပါတယ်။ ကျေးလက် တောရွာတွေမှာရော မြို့ပြတွေမှာပါ ရပ်မိရပ်ဖ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်နိုင်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းပါတယ်။ အာဏာရှိတိုင်း၊ ငွေကြေး ကြွယ်ဝတိုင်း ဒီဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခွင့် မရနိုင်ပါဘူး။တလောက ပညာတတ် သူငယ်ချင်းတယောက်နဲ့တွေ့တော့ “ ကျုပ်တို့ ရွာမှာ ရပ်မိရပ်ဖ ဆိုတာမရှိ တော့ဘူး” လို့ပြောလိုက်တာ ကြားဖူးပါတယ်။ “ မဆလ ခေတ်တုန်းက ရပ်မိရပ်ဖ ဆိုတာ အင်မတန်မှ သြဇာရှိတာ၊ ၈၈ နောက်ပိုင်းမှာ ရပ်မိရပ်ဖ ပျောက်သွားတယ်” လို့ပြောဆိုခဲ့ပါတယ်။ ရပ်မိရပ်ဖ ဆိုတာ အုပ်ချုပ်ရေး ဆိုင်ရာရော၊ လူမှုရေး ဆိုင်ရာတွေကိုပါ အကြံပေးတဲ့ ပညာဂုဏ်၊ ရိုးသားမှုဂုဏ်တွေကို ပိုင်ဆိုင်တဲ့ လူကြီး လူကောင်းတွေ ဖြစ်ကြပါတယ်။
၁၉၈၈ ခုနှစ် စစ်တပ်အုပ်ချုပ်ရေး စတင်ကတည်းက စစ်ထောက်လှမ်းရေးတွေ ကြီးစိုးတဲ့ ခေတ်ဖြစ်ခဲ့ပါတယ်။ စစ်ထောက်လှမ်းရေး ဆိုရင် အသေကြောက်ရတဲ့ ဘ၀ကို ပြည်သူတွေ ကျရောက်ခဲ့ပါတယ်။ မြို့ပြပွဲလမ်းသဘင်တို့၊ ကျေးလက် ပွဲလမ်းသဘင်တို့ မှာ ရပ်မိရပ်ဖတွေ ထိုင်ရမယ့် နေရာတွေမှာ အသက်ငယ်ငယ် စစ်ဘက်နဲ့ ရဲဘက်က ၀င်ထိုင်လာပါတယ်။ တခါတုန်းကဆို သူငယ်ချင်း တယောက် မချိတင်ကဲ ပြောဆိုတဲ့ စကားကို ကြားခဲ့ပါတယ်။ “ ကျနော်တို့ မြို့က ရပ်မိရပ်ဖ ထိုင်မယ့် ကုလားထိုင်ပေါ်မှာ အသက် နှစ်ဆယ်ကျော် ထောက်လှမ်းရေး တယောက် ၀င်ထိုင်နေတယ်” လို့ပြောတာကို ကြားဖူးပါတယ်။
စစ်အုပ်ချုပ်ရေး ယန္တးရားက လူငယ်တွေရဲ့အသက်၊ ပြည်သူတွေရဲ့ ပညာရေး၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို သာဖျက်ဆီးခဲ့တာ မဟုတ်ဘဲ မြတ်နိုးဖွယ်ရာ မြန်မာ့ ဓလေ့တွေကိုပါ ဖျက်ဆီး ပစ်ခဲ့ပါတယ်။ ရပ်ရွာ၊ တိုက်နယ်၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ နိုင်ငံတွေ အလိုက် ရပ်မိရပ်ဖ (သို့) တိုင်းပြည်ရဲ့ သဘာရင့် ခေါင်းဆောင်တွေ ရှိတတ်ကြပါတယ်။ အဲဒီခေါင်းဆောင်တွေရဲ့ ရိုးသားဖြူစင်မှု၊ ပညာဂုဏ်တွေ ဆိုတာ တိုင်းပြည်ရဲ့ ကျက်သရေကို ဆောင်ပါတယ်။
ရောမ အင်ပါယာ ခေတ်မှာတောင် ဘုရင်က တိုင်းပြည်ကို အုပ်ချုပ်မှု မပေးနိုင်တော့ဘူး ဆိုရင် သဘာရင့် မျိုးချစ်နိုင်ငံ့ ခေါင်းဆောင်တွေက တိုင်းပြည်ကို တည့်မတ် ပေးတတ်ကြပါတယ်။
မြန်မာ့နိုင်ငံရေး သမိုင်းမှာ သဘာရင့်နိုင်ငံ့ခေါင်းဆောင်ဆိုတာမျိုး ရှိခဲ့သလားဆိုတာ လေ့လာရသင့်ပါတယ်။ လွတ်လပ်ရေး ရပြီး ဆယ်စုနှစ်တွေမှာ တိုင်းရင်းသားနှင့် ဗမာလူမျိုးတွေ ထဲမှာ မျိုးချစ် သဘာရင့် နိုင်ငံ့ခေါင်းဆောင်တွေ ရှိသင့်သလောက် ရှိခဲ့ပါတယ်။ ၁၉၆၂ နောက်ပိုင်းမှာ ရပ်မိရပ်ဖ၊ သဘာရင့် နိုင်ငံ့ခေါင်းဆောင်တွေ ပျောက်ကွယ် သွားပါတော့တယ်။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတခုဖြစ်တဲ့ ထိုင်းနိုင်ငံကို ကြည့်လိုက်ပါ။ တိုင်းပြည်ကို တည့်မတ်ပေးနေတဲ့ နိုင်ငံ့ဆိုင်ရာ အဖွဲ့အစည်းတွေက အများအပြားတွေ့ရပါတယ်။ Institutionsတွေအပြင် နိုင်ငံနဲ့ လူထုအပေါ် သြဇာညောင်းတဲ့ လူပုဂ္ဂိုလ်တွေလဲ ရှိပါတယ်။ အထူးသဖြင့် ဘုရင့်အတိုင်ပင်ခံ ကောင်စီရဲ့ ဥက္ကဌ ပရမ်တင်ဆူလာနွန်ဒါ နဲ့ အာနာန် ပရာချွန်တို့ဘဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ စစ်တပ်က အာဏာသိမ်းတာ နှစ်ခါဘဲရှိခဲ့ဖူးတဲ့ နိုင်ငံပါ။ ဒါပေမယ့် နှစ်ကြိမ်သိမ်းလိုက်တာ စစ်အုပ်ချုပ်ရေးက ရာစုနှစ်ဝက် ကျော်သွားပါပြီ။ ထိုင်းနိုင်ငံဟာ ၁၉၃၂ ကတည်းက စဉ်းမျဉ်းခံ ဘုရင်စနစ် ဖြစ်လာပေမယ့် အရပ်ဘက် အစိုးရကို အာဏာ သိမ်းတာ မကြာခဏလို့ တောင်ပြောလို့ရတဲ့ နိုင်ငံဖြစ်ပါတယ်။ ဘယ်လောက်ဘဲ စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းပစေ သူ့တို့ တိုင်းပြည်ရဲ့ ပင်မအသက် သွေးကြောဖြစ်တဲ့ ဘုရင်စနစ်နဲ့ အင်စတီကျူရှင်း၊ သဘာရင့် နိုင်ငံ့ခေါင်း ဆောင်တွေကို မျိုးဖြုတ်လေ့ မရှိတဲ့ နိုင်ငံဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ သဘာရင့် နိုင်ငံပြုသုခမီ လို့ပြောနိုင်သူက ပရမ်တင်ဆူလာနွန်ဒါ (Prem Tinsulananda) ဘဲဖြစ်ပါတယ်။ ယခုအခါမှာ ဘုရင့်အတိုင်ပင်ခံကောင်စီရဲ့ ဥက္ကဌ နေရာကို ရယူထားသူလည်း ဖြစ်ပါတယ်။ အိမ်ထောင်မရှိ လူပျိုကြီး၊ စစ်ဗိုလ်ချုပ်ကြီး ဟောင်းတဦး ဖြစ်ပါတယ်။
သူရဲ့ ကိုယ်ရေး ရာဇ၀င်မှာ “ အမှန်တရားကို ယုံကြည်သူ၊ လောဘမ ရှိသူ၊ ရာထူးဌာနန္ဒရ ကိုမမက်သောသူ၊ ရာထူးဌာနန္ဒရကို ပုဂ္ဂိုလ်ရေး အကျိုးအမြတ်အတွက် အသုံးမပြုခြင်း၊ စစ်စည်းကမ်း အတိုင်းနေထိုင်ခြင်း၊ ဘယ်သောအခါမှ ဘုရင်နှင့် နိုင်ငံအပေါ် သစ္စာ မဖေါက်ခြင်း၊ ထိုင်းပြည်သူများ အပေါ် မိမိ ဆွေမျိုးရင်း ရှာကဲ့သို့ ချစ်ခင်ကြောင်း တင်ပြထားပါတယ်။ တရားမျှတမှုက ထိုင်းပြည်သူတွေ အားလုံးအတွက် ဖြစ်တယ်။ ထိုင်းဘုရင့် နိုင်ငံတော် ပျက်စီးစေမယ့် မိသားစု အကျိုးစီးပွားဘက်လိုက်မှုမှ လွတ်ကင်းကြောင်း တင်ပြထားပါတယ်။
၁၉၈၁ ခုနှစ်က စစ်တပ်က အာဏသိမ်းတော့ ထိုင်းဘုရင်နှင့် မိသားစုကို ရဟတ်ယဉ်နဲ့ တင်ဆောင်ပြီး နခေါင်ရက်ချမား ဒေသကို ခေါ်ဆောင်သွားခဲ့ပြီး စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ပါတယ်။ အဲဒီဒေသကနေ ထိုင်းဘုရင်နဲ့ တော်ဝင်မိသားစုဟာ ကျန်းမာစွာဖြင့် သူနဲ့ အတူ နေထိုင်နေကြောင်း ရေဒီယိုကနေ ထုတ်လွှင့်ခဲ့ပါတယ်။ နောက်ဆုံး စစ်တပ်က အာဏာသိမ်းခေါင်းဆောင်တွေကို ဘုရင့်ဆီ အရောက်ခေါ် ပြီးလက်နက်ချခိုင်းတဲ့အထိ တန်ပြန်ထိုးစစ် ဆင်နိုင်ခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်မျိုး ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းမှု ပြီးသွားတဲ့ အချိန် ဘန်ကောက်နန်းတော် ပြန်ရောက်တော့ ဘုရင်ကြီးရဲ့ ပရမ်တင်ဆူလာနန်ဒါအ ပေါ်ယုံကြည်ကိုးစားမှုကို ရုပ်သံကနေ ထုတ်လွင့်တဲ့ပြ ကွက်တခု ရှိခဲ့ပါတယ်။
ဘုရင်ကြီးဟာ ရေကန်ဘေးမှာ လမ်းလျှောက်နေတုန်း ပရမ်တင်ဆူလာနန်ဒါလည်း နောက်ကနေ လိုက်ပါလာပါတယ်။ ပရမ်တင်ဆူလာနန်ဒါဟာ ရေကန်ထဲ ပေါက်နေတဲ့ ကြာပန်းကို ဆွတ်ခူးပြီး ဘုရင်ကြီးဆီကို ဆက်သပါတယ်။ ဘုရင်ကြီးက တချက်နမ်းကြည့်ပြီး ပရမ် ဆီကို ပြန်ပေးပါတယ်။ ဘုရင်ကြီးရဲ့ သဘောက တိုင်းပြည်ကို ဗိုလ်ချုပ်ကြီး ပရမ်ကို ပြန်အပ်တဲ့ သဘောဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ထိုင်းစစ်တပ်က အာဏာသိမ်းတော့ ဒီပြကွက်ကို ထုတ်လွှင့်ပြသသွားပါသေးတယ်။
ထိုင်းဘုရင်ကြီးနဲ့ တော်ဝင်မိသားစုကသာ ဗိုလ်ချုပ်ကြီးရဲ့ ရိုးသားဖြူစင်မှု၊ အာဂတိကင်းမှု၊ တိုင်းပြည်အပေါ် ချစ်မြတ်နိုးမှုကို လေးစားတာမဟုတ်ဘဲ စစ်တပ်နဲ့ ဒီမိုကရေစီ ဘက်တော်သားသာမက ပြည်သူလူထုကလည်း ကြိုက်နှက်သက်တဲ့ သဘာရင့် မျိုးချစ်ခေါင်းဆောင် ဖြစ်ပါတယ်။ ဒီလိုခေါင်းဆောင်မျိုး ( Statesman) မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရကတည်းကနေ မရှိခဲ့ဘူးလို့ ပြောလို့ရနိုင်မယ် ထင်တယ်။ တိုင်းရင်းသားတွေနဲ့ ဗမာလူထုတွေ ကြားမှာ ယုံကြည်မှု အပြည့်အ၀ရှိတဲ့ ခေါင်းဆောင်မျိုး မရှိခြင်းဟာ စစ်တပ်အုပ်ချုပ်ရေးကို မရပ်တန့်နိုင်ခြင်း၏ အချက်တချက် ဖြစ်မယ်ထင်ပါတယ်။
ဒီလိုသဘာရင့် နိုင်ငံ့ခေါင်းဆောင်တွေဟာ နိုင်ငံအခက်အခဲ ရင်ဆိုင်လာရပြီဆိုရင် ကြားဝင် ဖြန်ဖြေပေးလေ့ ရှိတတ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ သဘာရင့် မျိုးချစ်နိုင်ငံ့ခေါင်းဆောင် တဦးကတော့ အာနန်ပရာချွန် ဘဲဖြစ်ပါတယ်။ လူထုရော စစ်တပ်ကပါ ရိုသေလေးစားတဲ့ အရပ်ဘက်က နိုင်ငံ့ခေါင်းဆောင် တဦးဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းတော့ စစ်တပ်ခေါင်းဆောင်တွေဟာ ဘုရင်နဲ့ပြည်သူ၊ နိုင်ငံတကာက ထောက်ခံမှုရဖို့အတွက် အာနန်ပရာချွန် ကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ကိန်းဘရစ် တက္ကသိုလ်ထွက် အာနန်ပရာချွန်ဟာ ထိုင်းနိုင်ငံရေး မတည်မငြိမ် ဖြစ်လာတိုင်း ၀န်ကြီးချုပ် အဖြစ် နှစ်ကြိမ် ခန့်အပ်ခြင်း ခံခဲ့ရတဲ့ အရပ်ဘက်လာတဲ့ နိုင်ငံချစ် သဘာရင့် နိုင်ငံ့ခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။ အခုလည်း ထိုင်းတောင်ပိုင်း မငြိမ်မသက်မှု၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေမှာ ဂိုဏ်းဂဏ ပါတီစွဲမရှိဘဲ ပါဝင်နေဆဲ ဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေးကြောင့် အမျိုးသားစည်းလုံးမှု ပျက်ပြားခြင်း၊ ပညာရေးပျက်စီးခြင်း၊ လူမှုရေးပဋိဥည် တွေပျက်စီးခြင်း၊ စီးပွားရေးပျက်သုန်းခြင်း၊ ပြည်သူတွေရဲ့ အခြေခံ ကိုယ်ကျင့်တရား ပျက်ပြားခြင်း စတဲ့ ပျက်စီးခြင်းတွေ အပြင် နိုင်ငံကို တည်မတ်ပေးနိုင်တဲ့ ရပ်မိရပ်ဖ (သို့) သဘာရင့် နိုင်ငံခေါင်းဆောင် (Statesman) တွေကိုပါလက်လွတ် ဆုံးရှုံးလိုက်ရကြတယ် လို့ခံစားမိပါတယ်။
ဖထီး (ကျောင်းဆရာ- ကော်သူလေး)
လက်ဆင့်မကမ်းသင့်သောအရာများ
မျိုးဆက်သစ်တွေအတွက် မမှန်တာတွေနဲ့ အမှားတွေ မလုပ်ကောင်းတာတွေကို ပြောလိုတာပါ။
အကြင်အရပ်သည်သာယာ၏။ ဘာသာတရားထွန်းကား၏။ မေတ္တာတရားပွားများရာအရပ်ဖြစ် သည်။ပညာရှိသူတော်ကောင်းများ ပျော်မွေ့ရာအရပ်ဖြစ်သည်။ထိုအရပ် သို့ရောက်လျှင် ကောင်းလေစွ။ ရွာဦးဆရာတော် ပျံတော်မူသွားသောကြောင့် သူ၏စာတိုက်(စာအုပ်သေတ္တာ)ကို ကျွန်တော်တို့ရှင်းရင်း ဆရာတော်ရေးထားသောစာများကို သူငယ်ချင်းဝင်းမောင်က ဖတ်ပြနေသည်။
''ဒါက ဆရာတော်ငယ်စဉ်က နိဗ္ဗန်ကိုနားလည်အောင်ရေးထားတဲ့ စာလို့ပြောတယ်'' ၀င်းမောင်က ကျွန်တော့်ကို ရှင်းပြသည်။ ဆက်လက်ပြီး သူက''အမှားအမှန်ခွဲခြားတတ်ရင် ပညာရှိပဲ'' တဲ့။''လွယ်လှချည်လား'' ''အေးကွ ပညာရှိတွေအတွက် အမှားအမှန် ခွဲခြားတတ်ဖို့ဆိုတာ လွယ်တယ်။ ခင်ဗျားကော အမှားအမှန်ခွဲ လို့တတ်ပြီလား''
''အင်း ကျွန်တော်ကတော့ အမှားအများစုကို သိနေတာပဲ။ ဒါပေမဲ့ အမှန်ကိုလုပ်ဖို့တော့ ခက်တာပါပဲ။ ဒီအတိုင်း သိရုံသိဖို့တော့ မခက်ဘူးလို့ ထင်တယ်''
''ဒါပေမဲ့ လူမှုရေးတွေမှာ အမှားအမှန်ဆိုတာ ဝေဖန်ပိုင်းခြားရတာ အရမ်းခက်တယ်။ နောက်ပြီး မမှန်တာတွေကို ပြဿနာပြေလည်သွားအောင်ဆိုပြီး လုပ်တတ်တာတွေလည်း ရှိပါသေးတယ်''
''ကျွန်တာ့်ကို ဥပမာလေးတစ်ခု နှစ်ခုလောက်ပေးပါလားဗျာ''
''ရပါတယ်။ ဥပမာတွေ အများကြီးရှိတယ်။ ဥပမာ စက်မှုဇုန်ထုတ် ကားတွေကိစ္စပါ။ ဒီလိုကားတွေထုတ်တာ မှန်လား၊ မှားလား''
''စက်မှုဇုန်ကားဆိုတာ ကားတွေရှားနေတဲ့ကာလက ခွင့်ပြုလိုက်တာလေ။ သူ့ခေတ်နဲ့သူ မှန်တာပဲပေါ့''''ဘယ်လိုလုပ်မှန်မလဲ။ ကိုယ်တိုင်ဘာကိုမှ လုပ်မတတ်တာပဲ။ သူများတွေဆီက ပစ္စည်းတွေနဲ့ စုပေါင်းစပ်ပေါင်းလုပ်တယ်။ R&D ဆိုတာလည်းမရှိဘူး''
''ဘာလဲ R&D ဆိုတာ Research and Development လား''
''ဟုတ်ပါတယ်။ သုတေသနလုပ်ပြီး ဖွံ့ဖြိုးအောင်ဆောင်ရွက်ရတာကို ပြောတာ။'' ''ခင်ဗျားလည်း ၀ယ်သေးတယ်မဟုတ်လား'' ''၀ယ်တာပေါ့ဗျာ။ တစ်ခုတော့ ရှိတယ်။ ဒီလိုကားတွေစီးတဲ့အခါ မိတ်ဆွေပေါတယ်''
''ဘယ်လို''
''ခဏ ခဏပျက်တယ်။ လမ်းတကာက ၀ပ်ရှော့တွေနဲ့ မိတ်ဆွေတွေဖြစ်လာတယ်။ ဟား ဟား''သူနောက်ကာ ရယ်နေပါသည်။ သူ ဆက်ပြောသည်။
''ဒါပေမဲ့ နောက်ပိုင်းမှာ စက်မှုဇုန်ကကားတွေဟာ မပျက်တော့ဘူး''
''အတွေ့အကြုံများလာပြီး သူတို့တော်လာ တတ်လာတယ်ဆိုပါတော့ ရည်ရွယ်ချက်အောင်မြင်တာပဲ'' ''ထွတ် ဘယ်ကလာဟုတ်ရမှာလဲ။ ဒါဟာ ဥုံဖွလုပ်လို့ရတာတွေ မဟုတ်ဘူး''''ခင်ဗျားပဲ ကားတွေမပျက်တော့ဘူး ကောင်းလာတယ်ဆို''
''သူတို့က ကားအစီးလိုက်ကို စက်မှုဇုန်ကလုပ်တယ်ဆိုပြီး နိုင်ငံခြားကနေ တိုက်ရိုက် တင်သွင်းလာတာကိုပြောတာ''
''ဟုတ်တယ်လေ ကျွန်တော်တို့ အသိုင်းအ၀ိုင်းက လူတွေအားလုံးဟာ ဒါကိုမသိတဲ့သူမရှိပါဘူး'' ''အားလုံးသိနေတဲ့ကိစ္စပါပဲ။ ကားတွေကို ယိုးဒယားကကုန်းလမ်းနဲ့ သွင်းတယ်။ ကွန်တိန်နာတွေနဲ့လည်း ရေလမ်းကနေ သွင်းတယ်'' ''ဒါက စက်မှုဇုန်က အမည်ခံတာပေါ့ ဟုတ်လား'' ''ဟုတ်တယ်လေ။ ဒါပေမဲ့ နောက်တစ်နှစ်မှာ ဒုက္ခရောက်တော့တာပဲ''
'ဘာကြောင့်''
''ပထမနှစ်က ဌာနဆိုင်ရာနဲ့ ဇုန်ကလူတွေ ရိုက်တယ်''
''ဒါပဲဖြစ်မှာပေါ့။ ဒါပေမဲ့လက် ဆုပ်လက်ကိုင်ပြဖို့တော့ခက်တယ်။ ဒါဟာ လူသိရှင်ကြားတွေမှ မဟုတ်တာပဲ။ ဒီလိုဖြစ်တယ်လို့ပြောရင်တောင် ခင်ဗျားတရားစွဲခံရနိုင်တယ်။ ဒီတော့ ဖြစ်နိုင်ခြေရှိတယ်ကို ပြောတာပါဗျာ။ ဒီနေရာကိုရောက်၏။ ထို့ကြောင့် ထိုသို့ဖြစ်၏လို့တော့ ပြောနိုင်တာပဲလေ။ တကယ်တမ်း စဉ်းစားကြည့် ဒီ Super Customs တို့ Alphad တို့ဆိုတာ စက်မှုဇုန် ထုတ်မဟုတ်တာပဲ။ ကြည့်တာနဲ့သိတယ်။ အဝေးပြေး (Express) ကားတွေတောင်ပါသေးတယ်။ ဒါ တွေကို စက်ရုံကြီးကသာ ထုတ်နိုင်တာပေါ့။ ပုစဉ်းခေါင်းလို့ခေါ်ကြတဲ့ တိုယိုတာပစ်ကပ်ကားတွေလည်း ဒီအတိုင်းပါပဲ။ သူတို့ကုန်းလမ်းမှာ လိုင်စင်ဝင်တယ်။ နံပါတ်ရတယ်''
'မကြာသေးမီက ဖြစ်တဲ့ကိစ္စပါ။ မြန်မာနိုင်ငံမှာ ကားဟောင်းရှိသူက ကားအသစ်လိုချင်ရင် ကားဟောင်းကိုအပ်လိုက်တဲ့အခါ ပါမစ်ရတယ်' ' ဟုတ်ပါတယ်။ ဒီလုပ်ရပ်ဟာ မမှန်ကန်ဘူးလား' ' ဟင့်အင်း တကယ်တော့ ဒီလုပ်ရပ်ဟာ မမှန်ကန်ပေမယ့် ကားတွေအဆမတန်ဈေးတွေကြီးနေတဲ့ မြန်မာနိုင်ငံမှာ . . .
''နောက်နှစ်မှာ ပြဿနာတက်တာပေါ့ ဟုတ်လား'' ''အစစ်ပေါ့။ အမိုးဖောက်ခိုင်း တယ်။ ဖရိန်တွေကို ၀ဲလ်ဒင်ရာတွေ ပြခိုင်းတယ်။ သုံး၊ လေးခါသွားပြီးမှ လိုင်စင်ရတယ်။ RTA ထုပေးလိုက်ရင်တော့ အဆင်ပြေသွားပြီ''
''ဘာလဲ RTA ဆိုတာ''
''ကျွန်တော်လည်း မသိဘူး။ Road Transport Acknowledgement ဆိုတာမျိုးလားပဲ။ အသိ အမှတ်ပြုယာဉ်ပေါ့''
''ကားတိုင်း ဒီလိုပဲလား'' ''မဟုတ်သေးဘူး။ ဆူပါကပ် စတန်လိုကားတွေကတော့ ခုထိ ပြဿနာတွေတက်နေဆဲပဲ''ကျွန်တော့်ကို ရှင်းပြနေသည်။ တကယ်တော့ ဒီကိစ္စတွေအားလုံးသည် မမှန်ဟူသောဥပမာကို ပြောလို၍ ရှင်းပြခြင်းဖြစ်သည်ဟု သူကဆို ပါသည်။ အမှားတွေကို ကျွန်တော်စဉ်းစားနေသည်။ ဒါတွေ မမှန်ပါ။
''ဒါတွေကို ခင်ဗျားဘယ်လို ထင်လဲ''
''မလုပ်ကောင်းတာတွေလို့ မြင်ပါတယ်''
''ဘယ်လိုမျိုးလဲ''
''ဥပဒေတွေမှာ ပျော့ကွက်တွေရှိတယ်။ အဲဒီပျော့ကွက်ကိုနှိုက်ပြီး ကိုယ်ကျိုးစီးပွားရှာတာဟာ အင်မတန်ဆိုးတာပေါ့။ မလုပ်ကောင်းဘူးလို့မြင်တယ်''
''ဒီကားတွေရှိလာလို့ သယ်ယူပို့ဆောင်ရေးတွေ အဆင်ပြေလာတယ်မဟုတ်လား''
''မမှန်တဲ့နည်းတွေနဲ့ အဆင်ပြေတယ်ဆိုပြီး လုပ်လို့မရဘူး။ နောက်ပိုင်းကားဟောင်းအပ်ပြီး ကားသစ်အတွက် ပါမစ်တွေထုတ်ပေးတာနဲ့ပတ်သက်ပြီးတော့လည်း မှားတာတွေ အများကြီးရှိတယ်''
''စိတ်ဝင်စားစရာပါပဲရှင်းပါဦး''သူက စိတ်ရှည်လက်ရှည်ပြောပြသည်။
''မကြာသေးမီကဖြစ်တဲ့ကိစ္စပါ။ မြန်မာနိုင်ငံမှာကားဟောင်းရှိသူက ကားအသစ်လိုချင်ရင် ကားဟောင်း ကိုအပ်လိုက်တဲ့အခါ ပါမစ်ရတယ်''
''ဟုတ်ပါတယ်။ ဒီလုပ်ရပ်ဟာ မမှန်ကန်ဘူးလား''
''ဟင့်အင်း တကယ်တော့ ဒီလုပ်ရပ်ဟာ မမှန်ကန်ပေမယ့် ကားတွေ အဆမတန်ဈေးတွေကြီးနေတဲ့ မြန်မာနိုင်ငံမှာ အဆင်ပြေသလို ဖြစ်သွားတယ်။ ဒါပေမဲ့ မမှန်ကန်တဲ့ နည်းနဲ့ဖြေရှင်းတာပဲ''
''မမှန်ဘူး ဟုတ်လား''
''ဟုတ်တယ်။ မမှန်ကန်တဲ့လုပ်ရပ်ဟာ တစ်ချိန်မှာဒုက္ခရောက်တတ်တယ်။ ပြဿနာတွေ တက်တတ်ပါတယ်။ ဘာကြောင့် မမှန်ကန်ဘူးလို့ ပြောရလဲဆိုတာကို အစကနေရှင်းရမယ်။ ၂၀၁၀ ပြည့်နှစ်မှာ စက်သုံးဆီတွေကို ပုဂ္ဂလိကရောင်းချ ခွင့်ပေးလိုက်ပေမယ့် ဓာတ်ဆီတွေကို အကန့်အသတ်နဲ့ပေးတယ်။ ဒီဓာတ်ဆီကို ပေါက်ဈေးထက်နည်းပြီး ဈေးနှုန်းသက်သာစွာနဲ့ ရနိုင်ဖို့ ဆီစာအုပ် လိုတယ်။ ကားတစ်စီးမှာ ဆီစာအုပ်တစ်အုပ်ဆိုရင် အလုပ်လုပ်တဲ့လူတစ်ယောက်လောက် ၀င်ငွေရှိတယ်''
''အလုပ်မလုပ်ဘဲ ဆီထုတ်စားတဲ့လူတွေရှိတာပဲ''
''ဟုတ်တယ် ဒီတော့ လုပ်ငန်းရှင်အညံ့စားတွေဟာ ကားစုတ်ကား ဟောင်းတွေကို ဈေးပေါပေါနဲ့ဝယ်ပြီး ဓာတ်ဆီတွေကို ထုတ်ရောင်းတယ်''
''ဟုတ်ကဲ့''
''ဒါနဲ့ ခြောက်လ၊တစ်နှစ်လည်းကြာရော ကားဟောင်းရှိတဲ့သူတွေ ကားအပ်ရင် ကားဝယ်ခွင့် ပါမစ်ထုတ်ပေးမယ်လို့ အစိုးရကကြေညာတယ်။ ဒီတော့ ဓာတ်ဆီမှောင်ခိုထုတ်ရောင်းတဲ့သူတွေ ပွသွားတာပေါ့။ သူတို့ ငါးသိန်း၊ ၁၀ သိန်းနဲ့ ၀ယ်တဲ့ကားတွေ ဟာ သိန်းတစ်ရာလောက် ရသွားတော့တယ်''
''ခင်ဗျားဆိုလိုတာကမဟုတ်တာ လုပ်စားတဲ့သူတွေ အဆင်ပြေသွား တာပေါ့''
''ဒါပေါ့ တကယ်တမ်း ကြိုးစားပမ်စားနဲ့ နိုင်ငံတာဝန်ကို သစ္စာရှိရှိနဲ့ ထမ်းတဲ့ဝန်ထမ်းတစ်ဦးဟာ ဒီလောက်ငွေကို အိပ်မက်တောင် မက်လို့မရဘူး''
''အင်း ခင်ဗျားပြောတာ မှန်ပါတယ်။ မဟုတ်တာတွေကိုလုပ်ပြီး ဟုတ်သယောင်ယောင်ဖြစ်သွားတာ လူ့ဘောင်မှာ ခွင့်မပြုသင့်ဘူးလို့ ထင်တာပဲ''
''ကျွန်တော် ပုံပြင်လေးတစ်ပုံ ပြောပြမယ်''
သူ ကျွန်တော့်ကို အောက်ပါ ပုံပြင်လေးကိုပြောပြသည်။
''တစ်ခါက လူတစ်ယောက်မှာ အင်မတန်ကောင်းတဲ့မြင်းတစ်ယောက် ရှိသတဲ့။ သူ့ရဲ့မြင်းကို သူဌေးတွေက ကြိုက်ဈေးပေးပြီး ၀ယ်ကြတယ်။ ဒါပေမဲ့ ဒီမြင်းကို ဘယ်သူ့ကိုမှ မရောင်းနိုင်ဘူး။ သူဌေးတွေက အကြိမ်ကြိမ် ကြိုးစားကာလိုက်ဝယ်တယ်။ မရတဲ့နောက်ဆုံး သူဌေးတစ်ယောက်က အကြံအစည်တစ်ခု လုပ်တယ်။ သူသွားတဲ့လမ်းမှာ အစာရေစာငတ်ပြတ်နေလို့ လဲကျနေတဲ့ အဖိုးအိုလို ဟန်ဆောင်တယ်။ မြင်းပိုင်ရှင်က သူဌေးကို သူတောင်းစားအားပြတ်လို့ လဲနေတာထင်ပြီး သူ့မှာပါလာတဲ့ ရေဘူးလေးကိုကိုင်ပြီး သူဌေးကိုပွေ့ချီကာ ရေသွားတိုက်တယ်။ ဒီအခါမှာပဲ အယောင်ဆောင်နေတဲ့ သူဌေးဟာ အဲဒီလူရဲ့မြင်းပေါ်တက်စီးကာ အဝေးကိုနှင် သွားတယ်။ ဒီလူကလိုက်ပြီးပြောတယ်။
''ဟေ့လူ ခဏနေဦး ခဏနေဦး'' တဲ့။ မြင်းပေါ်ရောက်နေတဲ့ သူဌေးက ကျီစယ်လိုတာကြောင့် ခေတ္တစောင့်ပြီး ''မင်းမြင်းကိုမင်းလိုက်မမီပါဘူး။ သွားတော့မယ်'' လို့ လှမ်းအော်ပြောတယ်။
ဒီအခါမြင်းပိုင်ရှင်က''ဟေ့လူ ခင်ဗျား ဒီမြင်းကို ကျုပ်လိုက်မမီတာ သေချာပါတယ်။ ဒါပေမဲ့တစ်ခုတော့ မှာချင်ပါတယ်''၊ ''ဘာမှာမှာလဲ။''
''ခင်ဗျားမြင်းကို ဒီလိုနည်းနဲ့ရတာ အခြားလူတွေကိုမပြောပြပါနဲ့ဗျာ။ တကယ်လို့ ဆင်းရဲသားတွေဟာ ဒီလိုပဲ အစာရေစာပြတ်ပြီး လမ်းပေါ်မှာလဲနေရင် ဘယ်သူမှ မကယ်ရဲမှာစိုးလို့ပါ။ ကဲသွားပေတော့'' တဲ့။သူပြောပြသည့်ပုံပြင်ကို ကျွန် တော်သဘောကျပါသည်။ ဗြဟ္မစိုရ်တရားသည် လောကမှာ အရေးကြီးပါသည်။ ဒီအတိုင်းပါပဲ။ အမှန်တရားဟာ အရေးကြီးပါသည်။
နောက်တစ်ခေတ်တွင် သားသမီး မြေးမြစ်တွေကို ''အဖေတို့ခေတ်က လေးဘီးကားဝယ် ဆီထုတ်စားလိုက်တာ ချမ်းသာသွားပါလေရော'' ဆိုတာမျိုးကိုတော့ နောက်မျိုးဆက်ကို မပြောကြပါနဲ့လို့ တောင်းပန်ရပါသည်။
Written by ဒေါက်တာခင်မောင်ညို
EMG
ဒီနေ့ အီဂျစ်မှာ ဖြစ်တဲ့ ဘောလုံးပွဲ လူသတ်ကွင်းက အရုပ်ဆိုးလှတတယ်
ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အသင်း နှစ်သင်း ကစားတဲ့ ပွဲအပြီး ပရိသတ်တွေ ကွင်းထဲဝင်လာပြီး ကစားသမားတွေကို ရန်ပြု၊ ပရိသတ်အချင်းအချင်းလဲ ဓားတွေနဲ့ထိုးလို့ လူတွေ သေလိုက်တာ သောက်သောက်လဲပဲ..။
ရဲတွေကလဲ လတ်တလောဖြစ်ပျက် ခဲ့တဲ့ (နေတဲ့) အခြေအနေတွေကြောင့် low profile နဲ့ နေ နေရတဲ့ ကာလဆိုတော့ လုံခြုံရေးကို မတင်းကျပ်ခဲ့ဘူး..။
အာဏာရှင်နိုင်ငံတွေ၊ အာဏာရှင်တပိုင်း နိုင်ငံတွေမှာ ခက်တာက လူထုကို တလွဲဆံပင်ကောင်းပြီး မလုပ်အပ်တဲ့၊ မပေးသင့်တဲ့ အခွင့်အရေးပေးတာပဲ..။ (ဗမာပြည်မှာဆိုရင် ကျောင်းသားတွေ နိုင်ငံရေးလုပ်မှာ ကြောက်တော့ မဆူမပူနဲ့ (နိုင်ငံရေး မလုပ်နဲ့) စာမေးပွဲတော့ မကျစေရဘူး ဆိုတဲ့ ဟာမျိုးပေါ့..) ဘယ်လိုပဲ လူထုနဲ့ ပြသနာ မတက်ချင်ဘူးဆိုစေ ကွင်းထဲကို ဓားမယူနိုင်အောင်တော့ ကြပ်မတ်စီစစ် ရမှာပေါ့..။
အပေါ်ရံ အမြင်နဲ့ ကြည့်ပြီး ဒီမိုကရေစီကို အပြစ်တင်ချင်သူတွေအတွက်တော့ အကွက်ပေါ့..။ ဒါပေမဲ့ နောက်ကွယ်မှာ အသင်းနှစ်သင်း အားပေးသူတွေရဲ့ နှစ်ရှည်လများ ရှိခဲ့တဲ့ အမုန်းအပြင် လက်ရှိ စစ်ကောင်စီအပေါ် လူထုမကျေနပ်မှု၊ တိုင်းပြည်ရဲ့ အခြေအနေအပေါ် အထွေအထွေ မကျေနပ်မှု၊ (တချို့ အဖွဲ့အစည်းတွေ စွပ်စွဲသလို) မူဘာရတ် ထောက်ခံသူတွေရဲ့ သွေးထိုးမှု စတာတွေက အနည်းနဲ့ အများ ဒီဘောလုံးကွင်းထဲက သားသတ်ပွဲကို ထိရောက်စေတယ်..။
အဓိက ဖြစ်ရတာတော့ ရာစုနှစ်တွေနဲ့ချီပြီး ပိတ်ဆို့ဖိနှိပ်ခံထားရတဲ့ အာဏာရှင်နိုင်ငံတွေမှာ တွေ့ရလေ့ရှိတဲ့.. "လူထုရဲ့ ကိုယ်ရဲ့ ရပိုင်ခွင့် နဲ့ ကိုယ်စောင့်ထိန်းရမဲ့ တာဝန်ကို ခွဲခြားမသိတာ၊ ကိုယ်ရဲ့ မွေးရာပါ အခွင့်အရေးကို လွတ်လပ်စွာ အသုံချတဲ့နေရာမှာ သူတပါးကို မထိခိုက်အောင် ဘယ်လို ကျင့်သုံရမဲ့ ဆိုတဲ့ အကျင့်၊ တနည်းအားဖြင့် အသိ မရှိတာ" ဖြစ်တယ်..။
တရားဥပဒေ ပြင်ပ လုပ်ရပ်တွေကို နှစ်ရှည်လများ အစိုးရကိုယ်တိုင်က လုပ်ကိုင်လာတာကို ဘဝတွေနဲ့ရင်းပြီး မျက်မြင်သက်သေအဖြစ် ခံစား၊ကြုံတွေ့၊ဖြတ်သန်း ခဲ့ရတဲ့ လူထုတွေ ဆိုတော့ တရားဥပဒေဆိုတာ (အသေးအဖွဲက အစ) နိုင်ငံသားတိုင်း ဆူကြုံနိမ့်မြင့် လူတန်းစားမရွေး လိုက်နာရမယ်ဆိုတဲ့ အသိနဲ့ အလေ့အကျင့် မရှိတာကလဲ တစ်ကြောင်းဖြစ်တယ်..။
ဒါတောင် အီဂျစ်က ဗမာပြည်ထက်စာရင် အများကြီး လူထုအခြေပြု အဖွဲ့အစည်းတွေ ရှိတယ်၊ လူမှုကွန်ရက်စနစ်တွေ ပိုကောင်းပြီး ကမ္ဘာနဲ့ ပိုပြီး ထိတွေ့ခွင်ရခဲ့တယ်၊
ဗမာပြည်သူတွေလဲ ဒီမိုကရေစီပြည့်ဝတဲ့ တိုင်းပြည် တည်ထောင်ချင်ရင် ဒီမိုကရေစီစနစ်မှာ မရှိမဖြစ်လိုအပ်တဲ့ နိုင်ငံသားကောင်းတွေဖြစ်အောင် တစ်ဦးချင်းတစ်ယောက်ချင်း နဲ့ ကျင့်ကြံအားထုတ်ရမယ်..။ (နအဖ လေသံဆန်နေမလား မသိ..။) ဒီမိုကရေစီစံနှုန်းတွေနဲက ပြည့်ဝတဲ့ အတွေးအခေါ်တွေကို ဆည်းပူးလေ့လာရမယ်..။ ဒီမိုကရေစီ စံနှုန်းနဲ့ မညီတဲ့ ကိုယ့်မှာ အရိုးစွဲနေတဲ့ ခံယူချက်တွေ၊ သဘောထားတွေ၊ သောက်ကျင့်တွေ ကို ပျောက်အောင်လုပ်ရမယ်..။
လစ်ရင် မီးနီဖြစ်မောင်းတာ၊ လူကူး မျဉ်းကျားက မကူးတာက အစ လူမျိုး၊ဘာသာ စွဲပြင်းထန်၊ ခွဲခြားတဲ့ အမြင် အဆုံး သေးသေးကြီးကြီး မကောင်းတဲ့ အကျင့်တွေ၊ အတွေးအခေါ်တွေကို ဖျောက်ပြီး ကိုယ်နေတဲ့ လူမှုပတ်ဝန်းကျင်မှာ တာဝန်ယူတတ်တဲ့၊ တာဝန်ကျေတဲ့ ပြည်သူကောင်းတစ်ယောက်ဖြစ်အောင် လေ့ကျင့်ရမယ်၊ လွတ်လပ်တဲ့ မျှတတဲ့ အတွေးခေါ်တွေ မွေးရမယ်..။
ကိုယ်ရဲ့ မွေးရပါ အခွင့်အရေးကို သေခြာနားလည်သိမြင်ပြီး တောင်းဆိုတတ်ရမယ်..။ တပြိုင်တည်းမှာပဲ အခွင့်အရေးနဲ့ အတူတွဲပါလာတဲ့ တာဝန်ကို ယူနိုင်တဲ့ စွမ်းရည်၊ သိတ္တိနဲ့ ပြည့်စုံအောင် မိမိကိုယ်ကို ပြုစုပျိုးထောင်းရမယ်..။
ဒါမှ တိုင်းပြည်မှာဒီမိုကရေစီ အဆောက်အအုံ ခိုင်မာတည်တံ့မယ်၊ လူမှုအဆောက်အအုံ ခိုင်မာမယ်၊ ရေရှည်တိုးတက်ဖွံ့ဖြိုးတဲ့ စီးပွားရေး စနစ်ကို တည်ထောင်နိုင်မယ်..။ တိုင်းပြည်လဲ အဖက်ဖက်က အောက်တန်းကျနေတဲ့ ဘဝက တဖြည်းဖြည်းနဲ့ လွတ်မြောက်မယ်..။
အခွင့်အရေး နဲ့ တာဝန်၊ ဝတ္တရားကို သိမြင် နိုင်ပါစေ..။
ဲငြိမ်းချမ်းအေး
02-02-12
ကျောင်းသားတွဲ ( သံဒုတ် )
ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသားဘ၀က ရန်ကုန်ကိုလာရင်း မီးရထားကိုသာ အားထား အသုံးပြုကြတာ များတယ်။ ဒီနေ့ခတ်နဲ့မတူဘူး။ မီးရထားလက်မှတ် ၀ယ်ရတယ်ဆိုတာ အလွန်မတန်မှ ခက်ခဲတဲ့ အလုပ်ပါ။ မနက်အစောကြီးကို တန်းစီရင်စီ။ မှောင်ခိုလက်မှတ် ၀ယ်ရင်ဝယ်။ မနက်အစောကြီးဆိုတာ ၅နာရီ ၆နာရီလောက်ကို ဘူတာကြီးသွား တန်းစီရတာကို ပြောတာမဟုတ်ဘူး။ ညလုံးပေါင်း တန်းစီရတာတွေရှိတယ်။ မနက် ၃နာ ရီလောက် အစောကြီး ထတန်းစီရတာပါ။ မှောင်ခိုလက်မှတ်ဆိုတာက အလွန်မတန် မှ ဈေးကြီးပြီး အနည်းဆုံး နှစ်ဆ နည်းပါးလောက်ရှိတယ်။ စီးပွါးရေး သမားတွေကသာ ၀ယ်စီး တာများပါတယ်။ သာမန် ကျောင်းသား၊ အရပ်သား၊ ၀န်ထမ်းတွေ ကတော့ မှောင်ခိုက မ၀ယ်နိုင်တော့ အပင်ပန်း အဆင်းရဲခံ တန်းစီပြီး မီးရထားစီးကြပါတယ်။တက္ကသိုလ်ကျောင်းတွေဖွင့်ရင်ပိတ်ရင်တော့ ကျောင်းသားတွဲဆိုပြီး ကျောင်းသားတွေအတွက် သီးသန့် မီးရထားတွဲ ရှိပါတယ်။ ကျောင်းသား လက်မှတ်ပြ ကိုယ်တိုင်ဝယ်ရပါတယ်။ လက်မှတ်ကုန် ထိုင်ခုံ မရဘူးဆိုတာမရှိပါဘူး။ တန်းစီသော ကျောင်းသားတိုင်း လက်မှတ်ရ၊ ထိုင်ခုံရပါတယ်။ တရက်လောက်တော့ အနည်းဆုံးကြိုဝယ်ရတယ် ထင်တယ်။ အဲဒီတုန်းက မီးရထားဋ္ဌာနက ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီးလက်အောက်လို့ ထင်ပါတယ်။ ယခုကတော့ မီးရထားကိစ္စများကို မီးရထားဝန်ကြီး ဦးအောင်မင်းကလုပ်ကိုင်နေပုံရပါတယ်။ မီးရထားလက်မှတ်များကိုလည်း သူကတိုက်ရိုက် စီစဉ်မှာပေါ့။
ကျောင်းသားများအတွက် ကျွန်တော်တို့ ခေတ်တုန်းကလို သီးသန့် ကျောင်းသားတွဲ ရှိတယ် လို့မသိရတော့ပါဘူး။တမတ်သားအစိုးရ ရထားဝန်ကြီးလည်း နယ်စပ်တကျော စေ့စပ်ရေး ကိစ္စများဖြင့် အလုပ်များရင်း မီးရထားလက်မှတ် မှောင်ခိုများများ ရောင်းလို့ရအောင် လုပ်နေတဲ့ပုံပါပဲ။
ရထားဝန်ကြီးဘေးနားက ကပ်ပြီးလက်မှတ်မှောင်ခိုရောင်းပေးနေ တဲ့သူတွေရှိ သလို မှောင်ရိပ် ခိုပြီး မှောင်ခိုလက်မှတ်ဝယ်တဲ့သူတွေလဲရှိနေပါတယ်။ ရထားလက်မှတ်များ တန်းစီဝယ်သူ ၊ မှောင်ခိုဝယ်သူ၊ ၀န်ကြီးနဲ့သိလို့ VIP သဘော အလွယ်တကူလက်မှတ်ရသူ အစုံအလင်ပါပဲ။ ကြိုက်တဲ့ပုံစံဖြင့် ရထားလက်မှတ်များကို ရောင်းပေးနေတာတွေ့ရပါတယ်။
ကျောင်းသားများအတွက် သီးသန့်ထားရှိသော ကျောင်းသားတွဲကိုတော့ မတွေ့ရသေးပဲ အများနည်းတူ ရထားလက်မှတ်ဝယ်စီးရမဲ့ သဘောရှိပါတယ်။ကျွန်တော်ကတော့ လူသိရှင်ကြား တမတ်သားအစိုးရ၏ ရထားဝန်ကြီးကို မေးချင်တာ ကတော့ ကျောင်းသားတွဲများ ကျွန်တော်တို့ခေတ်ကလို သီးသန့်ထားအုံမလားဆိုတာပါ။
ကျောင်းသားတွေကရော အများနည်းတူပဲလား။ ကျောင်းသားတွဲထားဖို့ တောင်းဆိုအုံးမလား။ ရထားဝန်ကြီး ကတော့ ကျောင်းသား တွဲ သီးသန့်ထားပေးရန် မမြင် ရေးချ မမြင်ပါဘူး။
ကျွန်တော်ပြောသော ကျောင်းသားတွဲဆိုတာ စုံဆန်ပြေးသော အမြန်ရထားက ကျောင်းသား ရထားတွဲပါ။
ယခု ရထားဝန်ကြီးစီစဉ်နေသော လော်ကယ် ရထားများသည် ရောက်လေရာရပ် တွေ့တဲ့လူတင် ဘူတာမရှိ လိုရာကိုရော ရောက်နိုင်မလား ဆိုတာပါပဲ။
(သံဒုတ်)
မှတ်ချက် ။ ။ ဒါလေးကို အထူးဖတ်ကြည့်ပါ။ တချိန်က ကျောင်းသားတွဲ။
အရမ်းပျော်စရာကောင်းသော ကျောင်းသားတွဲကြီးပေါ့။ ဂီတာတီး သီချင်ဆိုတဲ့သူကိုဆို၊ သောက်တတ်စားတတ် ၀ါသနာပါတဲ့ သူက သောက် စားပေါ့။ တချို့ကတော့ ကိုယ်အတွဲနဲ့ကိုယ်ပေါ့။ သူငယ်ချင်း မိန်းကလေးများရဲ့ အထုတ်များကို စေတနာပါပါ သယ်ပိုးကြရတဲ့ သူများလည်းရှိ တယ်ပေါ့ဗျာ။ ထိုင်ခုန်မရလည်း ကိစ္စမရှိ သူငယ်ချင်းခုံအောက် ပုဆိုးခင်းအိပ်တဲ့ကောင်အိပ်ပေါ့။ အားလုံးက ညီအကို မောင်နှမတွေလို ပျော်စရာ ကြီး။ တွေ့တဲ့ ဘူတာဆင်း ၀ယ်စားကြ။ သူဝယ်လိုက် ကိုယ်ဝယ်လိုက်။ သူကျွေး ကိုယ်ကျွေး။ တချို့သူငယ်ချင်း မိန်းကလေးများဟာ စားစရာအစုံ လုပ်လာကြတယ်။ တချို့ ယောက်ကျားလေးများ ကတော့ လက်မှတ်ဖိုးတောင် ၀ယ်စရာ မရှိလို့ ချီးပြန်ကြပေါ့။ ကားငှားရ အထုတ်အပိုးများ စာအုပ်များ သယ်ပိုးချရတာကလဲ မလွယ်ဘူး၊ သူငယ်ချင်းထက် ပိုခင်ကြသူများကတော့ လိုက်ပို့ရင်း သံဇကာကိုင် မျက်ရည် ကျသူတွေ လဲ တွေ့ရတယ်။ လူစုံ တက္ကသိုလ်အစုံ ဆူညံနေတာပေါ့။ ကျောင့်ဖွင့်လို့ သွားလဲပျော်။ နွေ ကျောင်းပိတ်လို့ဖြစ်ဖြစ်၊ စာမေးပွဲပြီးလို့ပဲဖြစ်ဖြစ် ပြန်လဲ ပျော်ပျော်။
သြော် တချိန်က ............... ပျော်စရာတွေပေါ့။
မြောင်းမြက သူငယ်ချင်းတယောက်က လိုက်ပို့ရင်း ပြောတယ်။ မင်း - ရထားကမွန်းသလိုပဲကွာတဲ့။ ပုသိမ်ကသူငယ်ချင်းကို အခန်းအပ်သွားတာ မီးချောင်းတွေရောင်းပြီး အရက်သောက်ပစ်လိုက်တယ်။
ကိုမင်းကိုနိုင် မျိုးဆက်သစ်တို့အတွက် လက်ဆင့်ကမ်းစကားပြောကြားမည်
´မျိုးဆက်သစ်ကျောင်းသားလူငယ်များ အကြောက်တရားကင်းဝေးရေး´ ခေါင်းစဉ်ဖြင့်
စာတမ်းဖတ်ပွဲနှင့် နှီးနှောဖလှယ်ပွဲတစ်ခုကို မြန်မာနိုင်ငံလူငယ်များအစည်းအရုံးတွင် ယခုလ ၅ ရက်
နေ့လည် ၁း၀၀ မှ ၄း၀၀အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ရာ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တက်ရောက်၍ လက်ဆင့်ကမ်းစကားပြောကြားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာတမ်းဖတ်ပွဲတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊
မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့နှင့်မြန်မာနိုင်ငံလူငယ်များအစည်းအရုံးတို့ တက်ရောက်၍ စာတမ်းဖတ်ကြားကြမည် ဖြစ်ကြောင်း သိရသည်။
မျိုးဆက်သစ်ကျောင်းသားလူငယ်များအနာဂတ်နိုင်ငံတည်ဆောက်ရေးနှင့် နိုင်ငံရေးဖြစ်စဉ်များတွင်
နိုင်ငံရေးအကြောက်တရားကင်းဝေး
စေပြီး မိမိတို့ယုံကြည်ရာကို ပြောဆိုဝံ့ လုပ်ကိုင်ဝံ့ရှိလာရန်နှင့်
ဒီမိုကရေစီတည်ဆောက်ရေးတွင် တက်ကြွစွာပါဝင်လိုသည့် လူငယ်လူရွယ်များ
ဖြစ်လာစေရန် ရည်ရွယ်၍ ယခုစာတမ်းဖတ်ပွဲကို ကျင်းပရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးက သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံ လူငယ်များအစည်းအရုံး၏ တည်နေရာမှာ အမှတ် ၁၅၁ ၊ ၆ လွှာ(ညာ)၊ အထက်ပုဇွန်တောင်လမ်း၊ ရန်ကုန်မြို့တွင် တည်ရှိသည်။
မြန်မာ့ဆက်သွယ်ရေး ဘာလဲ ဘယ်လဲ
(ဆသရ)ရေ လုပ်နိုင်တယ်ဆိုတဲ့သူကတော့ပေါ်လာပြီ။သင်ရောဘာလုပ်နိုင်ခဲ့ပြီလဲ။
ဟယ်လို......... ကြားရလား ဆိုပြီးဝရံတာပြေးထွက်ရတဲ့ဖုန်းနဲ့ လိပ်ကအဖေခေါ်ရမယ့် Internet connection ရယ်တော့ရှိပါတယ်။ အာဏာရှင်လူတစ်စုကောင်းစားရေးအတွက် ၁၅သိန်းဖုန်းကို ပြည်သူတွေဆီ သိန်း၃၀-၄၀ နဲ့ ရောင်းစားပြီး ခေါင်းဆောင်ကြီးပိုင်းနဲ့လူတစ်စု ကောင်းစားခဲ့ကြပြီးပြီ။ အခုလည်း ၅သိန်းဖုန်းကို ဦးတေဇရဲ့ Elite company နဲ့ အပေါင်းပါများ လုပ်စားပြီး အခြေအနေ မဟန်လို့ 250000 နဲ့ 300000 ဖုန်း ၀ိုင်းလုပ်စားမလို့ကြံတုန်း အမှန်တွေကိုဖွင့်ချပြတော့ မဖြစ်နိုင်ပါဘူးလို့ ဖင်ပိတ်ငြင်းမနေကြပါနဲ့တော့။
နည်းပညာဆိုတာ ဒီတစ်မျိုးတည်းရှိတာမဟုတ်ပါဘူး။ အချိန်နဲ့အမျှပြောင်းလဲတိုးတက်နေတာပါ။ သူ့ထက်သူကောင်းပြီး အကုန်အကျသက်သာတဲ့ နည်းပညာတွေ နေ့တိုင်းပေါ်ထွက်နေတာပါ။
သူတို့မှာ တကယ်နည်းပညာမရှိပဲနဲ့တော့ ဘယ်သူမှ ဟော်တယ်ကြီးမှာ အစိုးရနဲ့ဖက်ပြိုင်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ရဲမှာမဟုတ်ပါဘူး။ ဥပဒေအရလည်း မဖြစ်နိုင်ဘူးလို့မပြောပါနဲ့။ ဥပဒေဆိုတာဒီလူတွေကပဲ ရေးဆွဲထားတာပါ။ စာရေးဆရာ ဦးအောင်သင်း ပြောသလိုပါပဲ စာအုပ်ထဲမှာရေးထားတဲ့ဥပဒေဆိုတာ ဒီဥပဒေကို ယနေ့အမိန့်အမှတ် ဘယ်လောက်ဖြင့် ဖျက်သိမ်းလိုက်ပါသည် ဆိုသွားရောပါ။ ယနေ့ ဆက်သွယ်ရေး ဥပဒေဆိုတာကလည်း နအဖ စစ်အစိုးရက သူတို့ထိုင်ခုံပြုတ်မှာစိုးလို့ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ညွှန်ကြားချက်တွေများနေပါတယ်။
``MPT က ပြည်သူတွေကို ငါးထောင်နဲ့ ဖုန်းကိုင်စေချင်တဲ့စေတနာ အပေါ်မူတည်ပါတယ်”ဆိုတဲ့ ရွှေပြည်တံခွန် ကုမ္ဂဏီက ဦးရဲထွဋ်ဝင်းရဲ့ စကားဟာ အရမ်းကို သင့်မြတ်လှပါတယ်။
ပြည်သူတွေ အကျိုးကို တကယ်လိုလားရင် ခေတ်မမီတော့တဲ့ဆက်သွယ်ရေး ဥပဒေတွေကို ကိုင်စွဲပြီး လူတစ်စုကောင်းစားရေးကို ဦးတည်တဲ့ အာဏာရှင်စနစ်ရဲ့လောင်းရိပ်အောက်က ခွဲထွက်လိုက်ပါ MPT ရယ်။
ဒို့သမ္မတကြီးကလည်း ပြည်သူတွေအကျိုးအတွက် ကိုယ့်အိတ်ထဲက တစ်ပြားတစ်ချပ်မှမကုန်တဲ့ ဆက်သွယ်ရေးလုပ်ပိုင်ခွင့်ကို ပေးပေးပါလို့ အများရဲ့ကိုယ်စားပြောလိုပါတယ်။
MPT နဲ့ လူကြီးပိုင်းတစ်စုရဲ့ အခြားလူအမည်ခံ company များလက်ဝါးကြီးအုပ်ထားတဲ့ ဆက်သွယ်ရေးစနစ်ဆိုးအောက်မှလွတ်မြောက်ရန် ဒို့ပြည်သူများ မြစ်ဆုံထုံး နှလုံးမူပြီး ၀ိုင်းဝန်းတောင်းဆိုကြပါစို့။ သတင်းနဲ့ မီဒီယာများကလည်း ပြည်သူ့အကျိုးရှေးရှုပြီး ၀ိုင်းဝန်းကြမယ်ဆိုရင် ဒို့နိုင်ငံရဲ့ ဆက်သွယ်ရေးစနစ်ဟာ နိုင်ငံတကာနဲ့ မကြာမီမှာ ရင်ဘောင်တန်းနိုင်မှာပါ ။ ကိုယ့်အိမ်နီးချင်းနိုင်ငံတွေမှာတောင် ဖုန်းဆိုတာ သရေစာစားလို့ကုန်တဲ့ပမာဏနဲ့ ကိုင်နိုင်တဲ့အချိန်မှာ ကိုယ့်နိုင်ငံမှာ ရွှေတစ်ကျပ်သားဝန်းကျင်လောက်တန်ဖိုးနဲ့ဝယ်ကိုင်နေရတယ်ဆိုတာ စဉ်းစားကြည့်ရင် အဖြေသိပါတယ်။
ဒါအခုအချိန်ကိုပဲပြောတာနော်။ အရင် 2003-2005 ၀န်းကျင်ကဆိုစဉ်းသာကြည့် သိန်း 30-40 ။ ကဲ (ဆသရ)ရေ ဒီလောက်ဒုက္ခခံခဲ့ရတဲ့ ပြည်သူဘက်ကြည့်မလား ကိုယ့်ထမင်းထုပ် မပျောက်အောင်နဲ့ လူတစ်စုအကျိုးစီးပွားအတွက် ဟောင်းနွမ်းဆွေးမြည့်နေတဲ့ ဥပဒေတွေကို ကိုင်ဆွဲပြီး ဖင်ပိတ်ငြင်းနေမလား။ စဉ်းစားကြပါအုန်းလို့ပဲပြောချင်ပါတယ်။
ပြည်သူပြည်သားများ၏ ဦးတည်ချက် (၃)ရပ်
၁။ အင်တာနက်ကွန်နက်ရှင်များအမြန်ကောင်းပြီး အရေးကြီးနေ့ရက်များတွင် လိုင်းကျသလိုလို ဟိုဟာဖြစ်သလိုလိုနဲ့ band ထားခြင်းမှ ကင်းဝေးရေး ....................................... ဒို့အရေး
၂။ ပြည်သူပြည်သားတိုင်း သရေစာမုန့်ဖိုးလောက်နဲ့ hand Phone ကိုင်နိုင်ရေး ........ ဒို့အရေး
၃။ ဆသရနှင့် ဦးတေဇတို့၏လက်ဝါးကြီးအုပ်မှုအောက်မှ မြန်မာပြည်သူများ အမြန်လွတ်မြောက်ရေး............................................................................ ဒို့အရေး
အရေးကြီးလျှင်သွေးစည်းရပေမည်။
ကျွန်တော်တို့လုပ်နိုင်ပါသည်ဟု ပြောလာသူများကို လုပ်ခွင့်ပေးလိုက်ပါ။
ဆက်သွယ်ရေးကွန်ယက်ကိုချုပ်ကိုင်ပြီး ပြည်သူတွေကို သတင်းအမှောင်ချရန် မကြိုးစားပါနှင့်။
ရှေ့ကဦးသန်းရွှေနှင့် အပေါင်းအပါများ လုပ်စားသွားသဖြင့် မြန်မာနိုင်ငံကြီး ဒေါ်လာသန်းပေါင်း 11000 ကျော်အကြွေးတင်နေပေပြီ။ ``ဇန်န၀ါရီလ ၃၁ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ အစီအစဉ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားခဲ့သည်။´´ ယခုသတင်းအရပြောခြင်းဖြစ်သည်။ တစ်ဆွေဝရေးလုပ်သွားသဖြင့် ပြည်သူများနစ်နာရပါသည်။ ယခုလည်း တစ်ဆွေဝရေးကိုမကြည့်ပဲ ပြည်သူအများအရေးကို ကြည့်ပါလို့ ပြောချင်ပါသည်။ မြစ်ဆုံအရေးကိစ္စတုန်းက ရှေ့ကအစိုးရလုပ်သွား၍ ဒို့နဲ့မဆိုင်၍ သမ္မတကြီးလိုက်လျောခဲ့သော်လည်း ယခု 5000 တန်ဖုန်းကိစ္စတွင် ကိုယ့်ဆရာသမား၏ လူ ဦးတေဇနှင့် သူ၏ company ဖြစ်နေ၍ သမ္မတကြီးနှာစေးများတာလားလို့ပြော ချင်ပါသည်။ ဒို့သမ္မတကြီးလက်ထက်တွင် ပြောင်းလဲရေးများများစွာပေါ်ခဲ့သဖြင့် ယခုဖုန်းကိစ္စတွင်လည်း အများပြည်သူ၏ဆန္ဒကို လိုက်လျောကာ ခေတ်မမီတော့သောဆက်သွယ်ရေးဥပဒေနှင့် ထိုင်ခုံမြဲရေး အမိန့်နှင့်ညွှန်ကြားချက်များကို အမြန်ဆုံးဖယ်ရှားပစ်လိမ့်မည်ဟု ယုံကြည်ပါသည်။
ဆင်ဆာထိသွားသော ကျမဆောင်းပါး( ရွှေစင်ဦး)
- facebook စာမျက်နှာတွင် မြောက်ပိုင်းဒေသမှအရိုးတွန်သံဆောင်းပါးကို ဖတ်ရပြီးနောက် လွန်ခဲ့သောအနှစ်နှစ်ဆယ်က ကိုယ်တိုင်သိရှိခံစားခဲ့ရသည့် အဖြစ်အပျက်တို့ကို အမှန်အတိုင်း ဖြစ်စဉ်အတိုင်း (မည်သူတစ်ဦးတစ်ယောက်၊ မည်သည့်အဖွဲ့အစည်းတစ်ခုက်ုမျှ ထိခိုက်ခြင်းမရှိပါပဲ)၊ ရေးသားလိုက်ပါသည်။ ဆောင်းပါးကိုဖတ်စဉ် စိတ်ထဲခံစားရသည့်အတိုင်း ဖြစ်စဉ်များကို သတိရမိသည့်အတိုင်း ရေးလိုက်ပါသည်။ ကျောင်းသားတစ်ယောက် နိုင်ငံအတွက် လိုအပ်သည့်အချိန်တွင် နိုင်ငံရေးဆောင်ရွက်ချက်များလုပ်ကိုင်ရာမှ မိခင်တစ်ယောက်၏ မိဘမေတ္တာဖြင့် တားဆီးပိတ်ပင်ခြင်းမရှိပါပဲ ဖြစ်လာသမျှ ကြုံလာသမျှ ခံစားရပုံကို တင်ပြပါသည်။
- ဆောင်းပါးရေးပြီးနောက် မဂ္ဂဇင်းတစ်ခု၊ ဘလော့တစ်ခုသို့ ပို့ရန်စိတ်ကူးမိပါသည်။ ကျမ facebook စာမျက်နှာတွင် သူငယ်ချင်းနည်းပါးသည့်အတွက်လည်း ထိုသို့စိတ်ကူးမိခြင်းဖြစ်ပါသည်။ ထိုအခါ ကျမနှစ်သက်သည့် မောက္ခမဂ္ဂဇင်းကို ပို့မည်ဟု ဆုံးဖြတ်လိုက်ပါသည်။ ထိုမဂ္ဂဇင်းက လောလောဆယ်ဖြစ်ပျက်နေသည့် အခြေအနေအရ အသုံးမပြုလို၍ ငြင်းပယ်ပါမှ မိမိ facebook တွင် တင်မည်ဟု ဆုံးဖြတ်လိုက်ပါသည်။
- ဇန်နဝါရီ ၂၅ရက်နေ့တွင် မြောက်ပိုင်းဒေသမှအရိုးတွန်သံဆောင်းပါးကြောင့် နိုးထလာသောနှလုံးသားပုံရိပ်တစ်ခု ဟူသော ကျမဆောင်းပါး မောက္ခမဂ္ဂဇင်းတွင်ပါလာပါသည်။ ကျမရင်ထဲအမှန်တရားတစ်ခုကို ပြောပြလိုက်ရသဖြင့် ရင်ထဲပေါ့ပါးသွားပါတော့သည်။ မောက္ခအယ်ဒီတာအား ကျေးဇူးတင်မိပါတော့သည်။ သို့သော် ကြာကြာမတင်လိုက်ရပါ။ ကျမဆောင်းပါးသည် တဖက်အသင်း၏ တိုက်စစ်မှုးကန်သွင်း၍ ဂိုးဝင်သွားဖြင်းမဟုတ်ဘဲ နောက်တန်းလူနှစ်ယောက် ယောင်တောင်တောင် လုပ်ရာမှ သူ့အလိုလို နောက်ခံလူနှင့်ထိပြီး ဂိုးဝင်သွားသည့် အဖြစ်လိုပင်။ ကျမ မေးလ်ထဲသို့ မောက္ခအယ်ဒီတာတစ်ဦးက ခုလိုစာပြန်ထားပါသည်။
စာမူပို့ပေးလာတဲ့အတွက် ကျေးဇူးပါ။
ကျနော်တို့ ဖတ်ရှုသုံးသပ်ပြီး အကြောင်းပြန်ပါမယ်။ အတော်ရှုပ်ထွေးတဲ့ ဖြစ်ရပ်မှန် ဆိုတော့ကာ ကျနော်တို့ ဆင်ခြင်ရမယ့်အပိုင်းကလည်း ရှိပြန်တယ်။
ဒါပေမယ့် မိသားစုဘ၀တွေအပေါ်မှာ စာနာနားလည်စိတ်နဲ့ ခံစားဖြစ်ပါတယ်။
လေးစားလျက်
သိန်းနိုင်
မောက္ခပညာရေးမဂ္ဂဇင်း
စာမူက မောက္ခမဂ္ဂဇင်းမှာပါလာနေပါရက်နဲ့ ဒီစာရတော့ ကျမ အံ့အားသင့်မိပါတယ်။ နောက်မှ ကျမသိနေတဲ့ နောက်အယ်ဒီတာတစ်ယောက်ကို မေးကြည့်တော့မှ သူကဒီစာပြန်ထားတာမသိပဲ ဒီဆောင်းပါးလေးကောင်းသားပဲ၊ ခုတလောဒီအကြောင်းတွေ ရေးနေတာတွေ့နေ ဖတ်နေရတယ် ဆိုကာ သုံးလိုက်မိပါတယ်လို့ ပြောပြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျမစာမူကတော့ အဲဒီအချိန်မှာ ပါလာခဲ့ပြီး တော်တော်များများလည်း ဖတ်နေကြပါပြီ။ နောက်တစ်ရက်အကြာမှာတော့ ကျမစာမူဟာ ခေါင်းစဉ်ပြောင်းသွားပါတော့တယ်။ ဘာ့ကြောင့်လည်းသိလိုတဲ့အတွက် မေးလိုက်တဲ့အခါ " အရိုးတွန်သံဟူသော အသုံးကို မကြိုက်ပါ" လို့ ပြောလာလို့ပါတဲ့။ ဘယ်သူကမကြိုက်တာလဲ ကျမ မမေးတော့ပါ။ တခုခုစွက်ဖက်မှုရှိတယ်ဆိုတာ ရိပ်မိပေမယ့် မသိယောင်ဆောင်နေလိုက်ပါတယ်။ ကိစ္စမရှိပါလို့ အယ်ဒီတာကို ရယ်ရယ်မောမောပဲပြောလိုက်ပါတယ်။
သူတို့ပြင်လိုက်တဲ့ခေါင်းစဉ်က " မအေးခဲသွားနိုင်တဲ့ မြောက်ပိုင်းရဲ့ နောက်ဆက်တွဲ ဝေဒနာ" ပါ။ ဒီအထိလောက်နဲ့တော့ အခုလို ရှည်ရှည်ဝေးဝေး ပြောပြစရာမရှိပါ။
ခေါင်းစဉ်ပြောင်းတာ အယ်ဒီတာက စာရေးသူကို အကြောင်းမကြားခဲ့ပေမယ့် ကျမ ဘာမှမပြောတော့ပါ။ အဲဒီနောက်မှာ စာမူကိုပြန်ဖတ်ကြည့်တော့ စာသားတစ်ချို့ကို ပြင်ထားတာတွေ့ရပါတယ်။ ဒါလည်း " အော်... ငါ ရေးထားတာ လိုနေလို့ နေမှာလေလို့ တွေးပါသေးတယ်" ' ဆိုးလှတာက နောက်ဆုံးပိုဒ်က ကျမရေးထားတာကို ဖြုတ်-ထုတ်လိုက်တာပါပဲ။ အဲဒီထက်ဆိုးတာက ထိုအယ်ဒီတာဟာ သူ့ရေးချင်တာကို သူ့ဘာသာထဲ့ရေးလိုက်တာပါ။ အဆိုးဆုံးနဲ့ သည်းမခံနိုင်ဖြစ်ရတာက ကျမကို လုံးဝ အသိပေး ခြင်းမရှိတာပါပဲ။ အဲဒီလိုပြင်ပီး ဖြုတ်-ထုတ် ပီးကာမှ ကျမကို အောက်ပါအတိုင်း အကြောင်းကြားထားပါတယ်။
ဟဲလို
ကျနော်တို့ နည်းနည်းပါးပါး တည်းဖြတ်၊ ဖွဲ့နွဲ့ပြီး စာမူကို တင်လိုက်ပါတယ်။
ကျနော်ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ကျောင်းသားတော်လှန်ရေးသမိုင်း အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်
အဖြစ်မှန်ကို လက်ခံဖော်ထုတ်ရမယ့် တာဝန်တွေရှိနေသလို သမိုင်းတစ်စုံလုံးကိုလည်း အညစ်အထေး မဖြစ်စေချင်ပါ။
အဲဒီအတွက် အဆင်ပြေမယ်ထင်ပါတယ်။ဆက်ရေးပါဦး။
လေးစားလျက်.
သိန်းနိုင်ကျမစာမူဟာ မောက္ခအွန်လိုင်းမဂ္ဂဇင်းမှာတက်လာပြီးကာမှ ခုလိုဖြစ်လာတာပါ။ အဖြစ်အပျက်တွေ မှန်တယ်မမှန်ဘူးဆိုတာ အများက ဆုံးဖြတ်ရမယ့် ကိစ္စပါ။
ဆရာရှင့်
ခေါင်းစဉ်ပြောင်းတာ၊ အကြောင်းအရာပြောင်းတာ ကျမကိုအကြောင်းကြားသင့်တယ်လို့ ထင်ပါတယ်။ ကျမကို အကြောင်းကြားပီး ကျမဆန္ဒကို မေးပီးမှ လုပ်သင့်တယ်လို့ ကျမယူဆပါတယ်။ နိဂုံးပိုင်းကို ပြင်လိုက်တာ ကျမသဘောမကျပါ။
အရိုးတွန်သံဆောင်းပါးကြောင့် ဒီစာမူ ရေးဖြစ်တာပါ။ ဒါ့ကြောင့် ဒီခေါင်းစဉ်ပေးလိုက်တာပါ။ ဒီခေါင်းစဉ်ဟာ ဒီစာမူရဲ့အသက်ပါ။ ပြင်ချင်ရင် စာရေးသူကို
လေးစားတဲ့ အနေနဲ့ ပြောသင့်ပါတယ်။ ကျမတို့ ဒီမိုကရေစီလမးကြောင်းပေါ်ရောက်ေ
အာင် နှစ်ပေါင်းများစွာ ဒုက္ခသုက္ခ အသက်သွေးတွေနဲ့ရင်းပီးစောင့်ခဲ့
ရတာပါ။ ဒီလမ်းပေါ်ကို ဒီမိုကရေစီကျကျ လျှေက်ကြမှဖြစ်မှာပါ။
ကိုယ့်ကိုယ်ကိုတန်ဖိုးထားလေးစားသလို သူတပါးကိုလည်းတန်ဘိုးထားလေးစားတယ်ဆိုတာ ဒီမိုကရေစီရဲ့ အသက်ဝိညဉ်ပါ။
ကျမဟာ မဂ္ဂဇင်းမှာတင်ထားတဲ့ ၊ ခေါင်းဖြတ် အမြီးဖြတ်ထားတဲ့ ကျမစာမူကို ကျမကိုယ်တိုင် မမြင်လိုတော့ပါဘူး။ဒါ့ကြောင့် ဆက်လက်မတင်လိုတော့တဲ့ အကြောင်း စာပို့လိုက်ပါတယ်။
မောက္ခအယ်ဒီတာရှင့်
ကျမစာမူကို ကျမအား အသိပေးတိုင်ပင်ခြင်းမရှိပါပဲ ပြင်ဆင်ဖြည့်စွက်ရာမှာ ကျမသဘောမတူသည့် အချက်ပါဝင်သည့်အပြင် စာမူခေါင်းစဉ်ကိုပါ လုံးဝပြောင်းလိုက်သည့်အတွက် ကျမစာမူကို
မောက္ခပညာရေးဘလော့တွင် အသုံးပြုခြင်းမှ ရပ်ပေးပါရန်အကြောင်းကြားပါသည်။ (ကျမကို ပြောင်းလဲ ဖြည့်စွက်ပီးမှ အကြောင်းကြားခဲ့ခြင်းဖြစ်သည်)။
လေးစားစွာရွှေစင်ဦး
စာရေးဆရာ သတင်းစာဆရာကြီးတစ်ဦးဖြစ်တဲ့ လူထုစိန်ဝင်းက ဆောင်းပါးတစ်ပုဒ်မှာ စာနယ်ဇင်းကျင့်ဝတ်နဲ့ ပတ်သက်ပြီး ခုလိုရေးတာဖတ်ဘူးပါတယ်။
စာနယ်ဇင်းသမားတစ်ယောက်ဟာ စာဖတ်သူ ပြည်သူလူထုရဲ့အကျိုးကိုသာ ကြည့်ပြီးရေးရမှာပါ၊ လုပ်ဆောင်ရမှာသာဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခု၊ ပုဂ္ဂိုလ်တစ်ယောက်ယောက် အတွက် လုပ်ရင်တော့ စာနယ်ဇင်းအာပတ်သင့်ပါတယ်တဲ့။
ကျမရေးထားတဲ့ ဆောင်းပါးကို facebook စာမျက်နှာမှာဖတ်နိုင်ရန် တင်ပေးလိုက်ပါတယ်။
အရှိန်ပြင်းပြိုင်ကား သုံးဆင့်ဝင်တိုက် ယဉ်မောင်းဒဏ်ရာရ၊ အဖော်ဖြစ်သူသေဆုံး
ဖြစ်ပွားရာနေရာမှာ ကမ္ဘာအေးဘုရားရှေ့ မျက်နှာချင်းဆိုင်ရှိ အမှတ် ၅၆၉ တွင် ဖွင့်လှစ်ရန် ပြင်ဆင်ထားသည့် ၂၄ နာရီ မီနီမတ် ရှေ့တွင် ရပ်နားထားသည့် ၈ စ- ၂၈၈၈ ပါဂျဲရိုးကားအား အရင်ဦးဆုံး ဝင်တိုက်မိကာ၊ ထိုမှတဆင့် ပလက်ဖောင်းပေါ်တွင် အလှစိုက်ထားသည့် ရေတမာပင်များကို ဆက်လက်တိုက်မိပြီး၊ လဝန်းသစ် ဆောက်လုပ်ရေးပစ္စည်းဆိုင် မျက်နှာစာအား ထပ်ဆင့်ကာ တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။ ယင်း၂၄နာရီ မီနီမတ်နှင့် လဝန်းသစ် ဆောက်လုပ်ရေးပစ္စည်းဆိုင်တို့မှာ ဇန်နဝါရီ ၃၁ ရက်တွင် ဖွင့်လှစ်ရန် ပြင်ဆင်ထားသည့် ဆိုင်ခန်းသစ်များ ဖြစ်ကြောင်းကို လဝန်းသစ် ဆောက်လုပ်ရေး ပစ္စည်းဆိုင်ပိုင်ရှင် မတင်ဇာလှိုင်က ပြောပြသည်။
“တကယ်က ၂၈ ရက်မှာ ဖွင့်ဖို့ လုပ်ထားပြီးမှ အဲဒီရက်က ၁၀ ဂဏန်း (ဘူ) ဖြစ်နေလို့ ၃၁ ရက်ကို ရွှေ့ထားတာ။ ဒီနေ့သာ ဖွင့်ဖြစ်လို့ ဖိတ်စာတွေ ဝေထားပြီးရင် သွားပြီ။ အခု ဆိုင်ရှေ့က မျက်နှာစာ ပျက်စီးသွားတာရယ်၊ နံရံပြိုသွားတာရယ်၊ အထဲက ဘိုထိုင်အိမ်သာ ကမုတ် နှစ်လုံး ကွဲသွားတယ်။ အဲဒီဟာနဲ့တင် သိန်း ၅ဝ ဖိုးလောက် ရှိနေပါပြီ။ အထဲက ပစ္စည်းတွေ ဘယ်လောက် ပျက်စီးသွား တယ်ဆိုတာကိုတော့ ဝင်မကြည့်ရသေးလို့ မသိရသေးပါဘူး” ဟု ယင်းက ဆိုသည်။
ပျက်စီးသွားသည့် ၂၄နာရီ မီနီမတ်မှ ပါဂျဲရိုးကားနှင့် ပတ်သက်၍ ပြောပြရာတွင် “သူတို့ဆိုင်ကလည်း ကျွန်မတို့နဲ့ အတူတူ ၃၁ ရက်မှာ ဆိုင်ဖွင့်ပွဲ လုပ်မှာ။ အဲဒါကြောင့် မနေ့ညက သူတို့လင်မယားနှစ်ယောက် ဆိုင်ကိုလာပြီး ပြင်ဆင်နေကြတာ။ သူတို့ ဆိုင်ထဲကို ပြန်ဝင်ကာစပဲ ရှိသေးတာ ဝုန်းဆိုတဲ့ အသံကြားလိုက်ရလို့ ပြန်ထွက်ကြည့်တော့ သူတို့ ပါဂျဲရိုးကားက မရှိတော့ဘူး။ ဆိုင်ရှေ့ ရပ်ထားတဲ့နေရာကနေ လမ်းပေါ် ပေ ၃ဝ လောက် လွင့်ထွက်သွားတယ်။ သူတို့လည်း သီသီလေး လွတ်သွားတယ်” ဟု မတင်ဇာလှိုင်က ဆက်လက်ပြောပြသည်။
အခင်းဖြစ်ပွားပုံနှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်မှ ရာအိမ်မှူး ဦးကြည်မြင့်က-
“ကျွန်တော့်နောက်မှာ ဖြစ်တာဗျ။ ကျွန်တော်က ကမ္ဘာအေးဘုရားလမ်းအတိုင်း လမ်းလျှောက်ပြန်လာတာ။ တိုယိုတာ တာဘိုအနက် ပြိုင်ကားက အရှိန်ပြင်းပြင်းနဲ့ မောင်းလာပြီး၊ ဝင်း ကားပစ္စည်းဆိုင်ကနေ လည်ထွက်လာပြီး၊ ရပ်ထားတဲ့ ပါဂျဲရိုးကို တိုက်တာ၊ ကျွန်တော့်တောင် ရှပ်ထိပြီး လဲသွားတာ ဒူးခေါင်း ကွဲသွားတယ်။ အရှိန်ဘယ်လောက် ပြင်းသလဲဆိုတော့ ရေတမာပင် တစ်ပင် အမြစ်ကနေ ကျွတ်ထွက် သွားတယ်။ ပျက်စီးသွားတဲ့ ကားကို သွားကြည့်တော့ ကားတစ်စီးလုံး မှန် မရှိတော့ဘူး။ ဘော်ဒီ သံပြားတွေကလည်း ပြတ်တဲ့နေရာက ပြတ်၊ ကွဲတဲ့နေရာက ကွဲနဲ့ တစ်စီးလုံး ကြေမွနေပြီ။ ပြိုင်ကားနံပါတ်က ၇(ဂ)/ ၂၅၁၉ ယာဉ်မောင်း ဘေးက တစ်ယောက်က ပွဲချင်းပြီး ဆုံးနေတာ တွေ့ရတယ်။
ယာဉ်မောင်းကောင်လေးကတော့ ဂျိုစာင်း (ညာ) ကွဲသွားပြီး ၁၆ ချက် ချုပ်လိုက်ရတယ်။ သေတဲ့ကောင်လေးကတော့ ရင်ဘတ်ကြေသွားပြီး၊ နားနှစ်ဖက်က သွေးထွက်နေတာ တွေ့ရတယ်။ ဆေးရုံရောက်တော့ ဦးနှောက်ထွက်တယ်၊ ဘယ်ပေါင် ကျိုးသွားတယ်လို့ ဆရာဝန်က ပြောတယ်။ ဖြုဖြူ အဖတ်တွေလည်း ကျွန်တော်တွေ့လိုက်ရတယ်” ဟု ယင်းညက ကင်းလှည့်နေစဉ် ကြုံတွေ့ရသည့် အဖြစ်အပျက်ကို ပြန်လည်ပြောပြသည်။
အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ပြိုင်ကားပေါ်တွင် လိုက်ပါလာသူများမှာ ယာဉ်မောင်း ကိုပြည်ဖြိုးအောင် (၂ဝ)နှစ် နှင့် ကိုရန်ပိုင်းစိုး (၁၉)နှစ်တို့ဖြစ်ပြီး၊ သေဆုံးသူမှာ ကိုရန်ပိုင်စိုး ဖြစ်ကာ၊ ယင်းတို့သည် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဖူဆန်တရုတ်ဘုရားကျောင်းတွင် ကျင်းပသည့် နောက်ဆုံးရက် တရုတ်နှစ်သစ်ကူးပွဲတော်မှ ပြန်လာသူများ ဖြစ်ကြောင်း သိရသည်။
“ပျက်စီးသွားတဲ့ ကားထဲက လူတွေကို ဆွဲထုတ်တဲ့ အချိန်မှာ အရက်နံ့တွေ ရတယ်။ အနားမှာ ရှိတဲ့သူတွေက ပြောတာကတော့ သူတို့တွေက ဖူဆန် ဘုရားကျောင်းက ထွက်ကတည်းက လမ်းမှာတွေ့တဲ့ ကားတွေကို ပြိုင်မောင်း ကျော်တက်ပြီး မောင်းလာခဲ့ကြတာ” ဟု ယင်းတို့ကို ဆေးရုံသို့ လိုက်ပါပို့ဆောင်ခဲ့သူ တာဝန်သိ ပြည်သူတစ်ဦးဖြစ်သော ဦးမောင်နီက ပြောပြသည်။
ယင်းသို့ အခင်းဖြစ်ပွားမှုကို မရမ်းကုန်းမြို့နယ် ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၀၄) က ၂၇၉/ ၃၃၈ အရ အရေးယူထားပြီး၊ (ပ) အမှတ်မှာ ၆၇/၂၀၁၂ ဖြစ်သည်။
မိုးသူအောင် (ရန်ကုန်တိုင်းမ်)
မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် သမဂ္ဂအဆောက်အဦ ပြန်ဆောက်ပေးဖို့ တောင်းဆို
ဗိုလ်ချုပ်နေ၀င်းဦးဆောင်သည့် တော်လှန်ရေးအစိုးရ လက်ထက်တွင် ဗုံးခွဲဖျက်ဆီးခဲ့ သည့် ကျောင်းသားသမဂ္ဂ အဆောက်အဦ ပြန်လည်တည်ဆောက်ပေးရန် လက်ရှိအစိုးရအား မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်က ယနေ့ တောင်းဆိုလိုက်သည်။နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ကာလအတွင်း ပထမဆုံးပြုလုပ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (အထက်ဗမာပြည်) တရားဝင် ဖြစ်ထွန်းပေါ်ပေါက်ရေး ကော်မတီမှ သဘောထား ထုတ်ပြန်ရာတွင် ယင်းကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားသမဂ္ဂများ အဖွဲ့ချုပ်(အထက်မြန်မာပြည် ) တရားဝင်ဖြစ်ထွန်း ပေါ်ပေါက်လာရေးကော်မတီ နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၏ ဗဟိုစည်းရုံးရေး ကော်မတီတို့ ပူးတွဲ ထုတ်ပြန်ခဲ့သည့် ကြေငြာချက်၌ အထက်ပါ တောင်းဆိုချက်အပြင် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များတွင် သင်တန်းများ ပြန်ဖွင့်ခွင့်ပေးရန်နှင့် သမဂ္ဂ၏ ရှေ့လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်တို့ကိုပါ တောင်းဆိုခဲ့သည်။
ထို့ပြင် ဗကသ အဖွဲ့အနေဖြင့် အထက်မြန်မာပြည် အောက်မြန်မာပြည် ကွဲပြားနေမည်မဟုတ်ဘဲ ခေါင်းစဉ်တစ်ခုတည်းအောက်မှာသာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။
“မြန်မာပြည် အရပ်ရပ်က အခြေခံကျောင်းတွေမှာလည်း သမဂ္ဂတွေ ပေါ်ထွက်လာဖို့ ဆက်လက် လှုပ်ရှားသွားမယ်”ဟု မြန်မာနိုင်ငံလုံးဆိုင် ရာကျောင်းသားများ သမဂ္ဂ၏ ဗဟိုစည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကိုကို ကပြောသည်။
ထို့အပြင် ၄င်းတို့အနေဖြင့် အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ ဒီမိုကရေစီပညာရေး၊ ငြိမ်းချမ်းရေးနှင့် ကျောင်းသားလူ့အခွင့်အရေး စသည့်မူ၅ချက်ကို ဆုပ်ကိုင်ကာ ဆောင်ရွက်သွားမည်ဟု ဘဏ္ဍာရေးမှူး ဒေါ်ဟန်နီဦးက ပြောသည်။
မန္တလေးမြို့ ဓမ္မသဟာယကျောင်းတိုက်ဝင်းအတွင်း ပြုလုပ်ခဲ့သော အဆိုပါတွေ့ဆုံပွဲသို့ တက္က
သိုလ်အသီးသီးမှ ကျောင်းသားကျောင်းသူသစ် ၂၀၀ နီးပါးအပါအ၀င် ယခင်ဗကသတွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသော ကျောင်းသားဟောင်းများ ၊ ဗဟိုစည်းရုံးရေးကော်မတီဝင်များနှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမ္မဂများ အဖွဲ့ချုပ်(အထက်မြန်မာပြည် ) တရားဝင် ဖြစ်ထွန်း ပေါ်ပေါက်လာရေးကော်မတီတို့မှ ကျောင်းသားကျောင်းသူ တစ်ထောင်နီးပါး တက်ရောက်ခဲ့သည်။
ဗိုလ်ချုပ်နေ၀င်းလက်ထက် ၁၉၆၂ ဇူလိုင်လ ၇ ရက်နေ့တွင် တက္ကသိုလ်များအား စည်းကမ်းအသစ် များ ပြဌာန်းလိုက်ရာမှ ကျောင်းသားများ မကျေနပ် သဖြင့်ဆန္ဒပြခဲ့သည်။ထို့နောက် ယင်းနေ့ ညနေပိုင်းတွင် စစ်တပ်မှ ပစ်ခတ်နှိမ်နှင်းမှုများပြုလုပ်ခဲ့ပြီး နောက်တစ်နေ့ နံနက်တွင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဆောက်အအုံကို မိုင်းခွဲဖျက်ဆီးခဲ့ ခြင်းဖြစ်သည်။ ။
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment