နောက်ဆုံးရမြန်မာသတင်းများ မတ် ၂၉ ရက်၊ ၂၀၁၂
ပြည်ပနိုင်ငံများမှ မျိုးချစ်မြန်မာများ စုပေါင်းဖွဲ့စည်းထားပြီး သီရိလင်္ကာနိုင်ငံမှ Patriotic Award Committee အဖွဲ့မှ ချီးမြှင့်ပေးအပ်သည့် Patriotic Award (မျိုးချစ် ဂုဏ်ရည်) ဆုအား မြန်မာနိုင်ငံမှ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ)ဒေါ်ရွှေဇီးကွက်တို့ ရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို မတ်လ ၂၆ ရက်နေ့ က ဒဂုံမြို့သစ်မြောက်ပိုင်းရှိ နာရေး ကူညီမှုအသင်း (ရန်ကုန်)တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ယင်းဆုများကို Patriotic Award Committee အဖွဲ့ ကိုယ်စား ၈၈ ကျောင်းသားများအဖွဲ့ ကို နာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးကျော်သူက ပေးအပ်ချီးမြှင့်ခဲ့ကာ နာရေးကူညီမှုအသင်းမှ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ(ခ) ဒေါ်ရွှေဇီးကွက် ကိုမူ နာရေးကူညီမှုအသင်း၏ ရာသက်ပန်အသင်းသား အဆိုတော် ဆောင်းဦးလှိုင်က ပေးအပ်ခဲ့ကြောင်း သိရသည်။
“ဒီဆုဖြစ်ပေါ်လာပုံ အကြောင်းရင်းက ၈၈ ကျောင်းသားခေါင်း ဆောင်တွေ လွတ်မြောက်လာပြီး နောက် ဦးဇင်းရဲ့ဒကာ၊ ဒကာမအချို့ က သူတို့ကို ဘယ်လိုကူညီနိုင်ရင် ကောင်းမလဲဆိုတဲ့ စကားသံတွေက အစပြုခဲ့တာပါ။ ဒါကြောင့်ဒီဆုက တစ်နိုင်ငံလုံးနဲ့ဆိုင်ပါတယ်။ အသက်၊ သွေး၊ ချွေးတွေနဲ့ တိုင်းပြည်အတွက် စတေး ခဲ့ကြတဲ့သူတွေကို ဂုဏ်ပြုပေးအပ်တဲ့ဆုပါ။ ဘယ်လို အခက်အခဲတွေ ရှိစေကာမူ နောင်နှစ်တွေမှာ ဒါထက်ပိုပြီး လုပ်ဆောင်နိုင်အောင် ပြည်တွင်းက လူတွေရောပါ မေတ္တာရပ်ခံချင်ပါတယ်။ နှစ်စဉ် နှစ်တိုင်းမှာလည်း ကိုယ့်နိုင်ငံ အစိုးရဟာ နောက်ကြောင်းပြန် မလှည့်ဘူးဆိုရင် နိုင်ငံတကာက မျိုးချစ်သူရဲကောင်းတွေကိုပါ ပေးအပ်ဖို့ မျှော်လင့်မိပါတယ်”ဟု ပြည်ပမှ ဆရာတော် ဥူးမေတ္တာစာရ၏ နှုတ်ခွန်း ဆက်သ၀ဏ်လွှာအား ၎င်းကိုယ်စား နာရေးကူညီမှုအသင်း (ဥက္ကဋ္ဌ) ဦးကျော်သူက ဖတ်ကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် ၈၈ ကျောင်းသား ခေါင်းဆောင်များအတွက် ဂုဏ်ပြု အလှူငွေအဖြစ် ၃၈၈၂၅၀၀ ကျပ်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် အတွက် ဂုဏ်ပြု အလှူငွေ ၇၇၆၅၀၀ ကျပ်တို့ကို Patriotic Award Committee အဖွဲ့မှ ထပ်မံ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းလည်း သိရှိရသည်။
နာရေးကူညီမှု အသင်းမှ အတွင်း ရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ(ခ) ဒေါ်ရွှေဇီးကွက်သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်းကလည်း ဧမာနွေလ ဘုရားကျောင်းမှ ပေးအပ်သော လူသားချင်းဆိုင်ရာ မဟာဘွဲ့ (Master Of Humane Social Services) ချီးမြှင့်ခံခဲ့ရကြောင်း သိရှိရသည်။ Patriotic Award Committee ကို ယခု ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် နိုင်ငံတကာရောက် မြန်မာများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုချီးမြှင့်သည့် ဆုမှာယင်းအဖွဲ့မှ ပထမဦးဆုံးအကြိမ် ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
“စနစ်ဆိုးနဲ့ စစ်ချိုးခွာစို့” သင်္ကြန်သံချပ်ခွေ ထွက်ရှိ
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ “စနစ်ဆိုးနဲ့ စစ်ချိုးခွာစို့” အမည်ရ သင်္ကြန်သံချပ်ခွေ ယနေ့ ထွက်ပြီ ဖြစ်သည်။ ယင်းသံချပ်ခွေတွင် ဧပြီ ၁ ရက် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၊ သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်မှုကြောင့် ပြည်တော်ပြန်ကြသည့် ပြည်ပရောက် အတိုက်အခံများ၊ ပြည်တွင်းပြည်ပ မီဒီယာများ စသည်တို့ကို သရော်ထားသည်။ ထို့အတူ ပြည်သူလူထုကြုံတွေ့နေရသည့် ဆင်းရဲ ဒုက္ခများ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများနှင့် ပြည်သူတရပ်လုံး ညီညွတ်ကြရန်တို့ကို လည်း တိုက်တွန်း ပြောဆိုထားသည်။
တိုင်းရင်းသာရေးရာ ၀န်ကြီးများ အစိုးရ ၀န်ကြီးများနှင့် တန်းတူခံစားခွင့်ရ
တိုင်းရင်းသာရေးရာ ၀န်ကြီးများကို ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးများနည်းတူ လုပ်ပိုင်ခွင့်၊ အဆောင်အယောင်များ ရရှိပေးအပ်ရန် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးမှ ယမန်နေ့က ဆုံးဖြတ်ပေးခဲ့သည်။ ထိုဆုံးဖြတ်ချက်အရ ဒေသ အသီးသီးရှိ တိုင်းရင်းသားရေးဝန်ကြီးများသည် ပြည်နယ်၊ တိုင်း အစိုးရအဖွဲ့ ၀န်ကြီးများကဲ့သို့ အစိုးရအဖွဲ့ အစည်းအဝေးသို့ တက်ရောက်ခွင့်၊ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ၊ လုပ်ပိုင်ခွင့်များ ရရှိမည်ဖြစ်သည်။ တနိုင်ငံလုံး၌ တိုင်းရင်း သားရေးရာဝန်ကြီး၂၉ ဦးရှိပြီး ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ဗမာ၊ ရှမ်း စသည့်တိုင်းရင်းသား ၀န်ကြီးများ ရှိသည်။
မဲစာရင်းအမှား ၁၀၀၀ ခန့် သနပ်ပင် ကော်မရှင် ပြန်ပြင်ပေး
ပဲခူးတိုင်း သနပ်ပင်မြို့နယ်၏ မဲပေးနိုင်သူစာရင်းတွင် သေဆုံးပြီးသူများ ပါဝင်နေခြင်း၊ မဲပေးပိုင်ခွင့်ရှိသူတို့၏ အမည်အချို့ ကျန်ရစ်နေခြင်း စသည့် မဲစာရင်းအမှားများကို သနပ်ပင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တင်ပြခဲ့ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်က လူအရေအတွက် ၁၀၀၀ ခန့် ပြန်လည် ပြင်ဆင်ပေးခဲ့ကြောင်း ယင်းမြို့နယ်မှ ဝင်ပြိုင်မည့် NLD အမတ်လောင်း ဦးမြင့်ဦးက ပြောသည်။ သနပ်ပင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၆ ခုနှင့် ကျေးရွာအုပ်စုပေါင်း ၆၀ မှ မဲပေးနိုင်သူဦးရေ ၉၅,၀၀၀ ခန့် ရှိပြီး မဲရုံပေါင်း ၈၉ ရုံ ထားရှိသွားမည်ဟု သိရသည်။
ရွေးကောက်ပွဲ သတင်းများ ဂြိုဟ်တုမှတဆင့် သိရမည်
ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ သတင်းများကို ဂြိုဟ်တုမှတဆင့် ရယူခြင်း ၊ ပေးပို့ခြင်း ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ နေပြည်တော် ပြန်ကြားရေး ၀န်ကြီးရုံး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(တပ်ကုန်း)၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (ပြည်လမ်း) စသည့် နေရာများမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ညွှန်ကြားရေးမှူးချုပ် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားသို့ သတ်မှတ် အခကြေးငွေ ပေးပြီး ကြိုတင်လျှောက်ထား၍ ဆက်သွယ်ဆောင်ရွက်နိုင်သည်ဟု ယနေ့ထုတ် အစိုးရသတင်းစာ များ၌ ဖော်ပြထားသည်။
မြစ်ကြီး ၄ သွယ်၌ ဓာတ်သတ္တု ရှာဖွေစမ်းသပ်မှုများ တားမြစ်
ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း နှင့် စစ်တောင်းမြစ်များ၌ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေနိုင်သော ဓာတ်သတ္တု ရှာဖွေ စမ်း သပ် ထုတ်လုပ်မှုများကို သတ္တုတွင်း ၀န်ကြီးဌာနက တားမြစ်သည့် အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်သည်။ မြစ်ကြောင်း အတွင်း နှင့် မြစ်ကမ်းစပ်မှ ပေ ၃၀၀ အတွင်း လုပ်ကိုင်ဆောင်ရွက်ခြင်းများကို တားမြစ်ခြင်းဖြစ်ကြောင်း၊ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက သတ္တုတွင်း ဥပဒေ၊ သတ္တုတွင်း နည်းဥပဒေများနှင့် တည်ဆဲ ဥပဒေများအရ အရေးယူခံရမည် ဖြစ်ကြောင်း ယနေ့ထုတ် သတင်း စာများ၌ ဖော်ပြထားည်။
သြစတြေးလျ အမတ်၂ ဦး ရွေးကောက် ပွဲ စောင့်ကြည့်ခွင့်မရ
ကြားဖြတ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအတွက် လာရောက်မည့် သြစတြေးလျ နိုင်ငံမှ လွှတ်တော်အမတ် ၂ ဦးကို မြန်မာ အာဏပိုင်များက ငြင်းပယ်လိုက်သည်။ ၎င်းတို့၂ ဦးသည် ရွေးကောက်ပွဲလေ့လာရေးအတွက် လာရောက်မည့် ၅ ဦးထဲမှ ဖြစ်ကြောင်း ABC သတင်းဌာနက ရေးသားသည်။ ကနေဒါ နိုင်ငံကလည်း ရွေးကောက်ပွဲစောင့်ကြည့်ရေးအတွက် အမတ်၂ ဦး ပို့မည် ဖြစ် ကြောင်း သိရသည်။ မြန်မာအစိုးရက ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအတွက် ကုလသမဂ္ဂ၊ အမေရိကန်၊ ဂျပန် နှင့် အာဆီ ယံ အပါအ၀င် နိုင်ငံတကာသို့ ဖိတ်ခေါ်ထားသည်။
ကချင်ပြည်နယ် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး ကူညီမည်ဟု KIO ပြော
ကချင်ပြည်နယ်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး ကူညီဆောင်ရွက်သွားမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။ပည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လုံခြုံရေး အကြောင်းပြချက်ဖြင့် ကချင်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ရန် ရွှေ့ဆိုင်းခဲ့သည့် မဲဆန္ဒနယ် သုံးခုနှင့်ပတ်သက်၍ KIO နှင့် ဆွေးနွေးရန် ဆန္ဒရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယခုလ ၂၆ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည့်အပေါ် တုန့်ပြန် ပြောဆိုခြင်း ဖြစ်သည်။
KIO ဗဟိုကော်မတီက ထုတ်ပြန်သည့် ကြေညာချက်တွင် “KIO သည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကာလတွင်လည်း ရွေးကောက်ပွဲအတွက် အကူအညီများ ပေးခဲ့ကြောင်း၊ KIO နှင့် ညှိနှိုင်း ဆောင်ရွက်ခြင်းအားဖြင့် ကချင်ပြည်နယ်တွင် လွပ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်မည်ဆိုပါက ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ဖော်ပြထားသည်။
ရုပ်ရှင်အစည်းအရုံးကို ၁၂နှစ်ကျော်ကြာ ငှားရမ်းထားသည့် ၀ဇီရာရုပ်ရှင်ရုံ(၁)နှင့် (၂)အား မတ်လ ၃၁ ရက်နေ့တွင် ပြန်လည်အပ်နှံရန် ညွှန်ကြားချက်ကို မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ မတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ၁၂ နှစ်ကျော်ကြာ ငှားရမ်းထားသည့် ၀ဇီရာရုပ်ရှင်ရုံ(၁)နှင့် (၂)အား မတ်လ ၃၁ ရက်နေ့တွင် ပြန်လည်အပ်နှံ၍ ဧပြီလ ၁ ရက်နေ့တွင် ပိတ်သိမ်းသွားမည့် ညွှန်ကြားချက်ကို မြန်မာ့ရုပ်ရှင် လုပ်ငန်းမှ မတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်ဟု သတင်းရရှိသည်။ ယင်းသို့ ထုတ်ပြန်ချက်အရ လက်ရှိရုပ်ရှင် ပြသလည်ပတ်လျက်ရှိသည့် ၀ဇီရာရုပ်ရှင်ရုံ(၁) နှင့်(၂)တွင် ပြသရန် တန်းစီ ရက်ချိတ်ထားသည့် မြန်မာရုပ်ရှင်ဇာတ်ကားများအား ပြသခွင့် ရရှိတော့မည် မဟုတ်သည့်အပြင် ရုပ်ရှင်ရုံအပေါ်တွင် မှီခို လျက်ရှိသည့် ၀န်ထမ်းလေးဆယ်ကျော်မှာလည်း အလုပ်လက်မဲ့ပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်သောကြောင့် ပြန်လည်ညှိနှိုင်းဖြေရှင်းပေးပါရန် မြန်မာ့ရုပ်ရှင်လုပ်ငန်းသို့ တင်ပြသွားမည်ဟု ရုပ်ရှင်အစည်းအရုံး၏ လက်ရှိဥက္ကဋ္ဌ ဦးမြင့်သိန်းဖေက ရှင်းပြခဲ့သည်။ဧပြီလ ၁ ရက်နေ့တွင် ပိတ်သိမ်းမည်ဟု ကြေညာချက် ထွက်ပေါ်လာခြင်းကြောင့် ၀ဇီရာရုပ်ရှင်ရုံ (၁)နှင့်(၂)တို့တွင် မှီခိုအားထားနေရသည့် ၀န်ထမ်းများမှာ စိတ်ထိခိုက်မှုများစွာနှင့် ကြုံတွေ့လျက်ရှိသည်ဟုလည်း သိရှိရသည်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေဖြင့် ၁၉၉၉ ခုနှစ်မှ စတင်၍ အဆိုပါ ရုပ်ရှင်ရုံ နှစ်ရုံအား ငှားရမ်းထားခြင်းဖြစ်ပြီး ငါးနှစ်တစ်ကြိမ် သုံးနှစ်တစ်ကြိမ် စသည်ဖြင့် စည်းကမ်းချက်အတိုင်း ငှားရမ်းမှု သက်တမ်းကာလကို တိုးမြှင့်ခဲ့သည်ဟု သိရှိရသည်။ နောက်ဆုံး ငှားရမ်းမှုသက် တမ်းကာလပြည့်သည့် ၂၀၁၁ စက်တင်ဘာလတွင် ဆက်လက် ငှားရမ်းလုပ်ကိုင်လိုကြောင်း မြန်မာ့ရုပ်ရှင်လုပ်ငန်းသို့ လျှောက်ထားခဲ့သော်လည်း မည်သည့် အကြောင်းပြန်ကြားချက်မှ မပေးပို့ဘဲ ဆက်လက် လုပ်ကိုင်ခွင့် ပေးထားခဲ့ခြင်းဖြစ်သည်။ ရုပ်ရှင် လောကသားများ၏ သဘောဆန္ဒဖြင့်အညီ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အဖွဲ့သစ်ကို ပြန်လည်ဖွဲ့စည်းရန် မတ်လ ၂၃ ရက်နေ့တွင် မဲပေးရွေးချယ်ခဲ့ပြီး သုံးရက်အကြာ မတ်လ ၂၆ ရက်နေ့တွင် ယခုကဲ့သို့ ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ၀ဇီရာရုပ်ရှင်ရုံ(၁)သည် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်တွင် တည်ရှိပြီး ၀ဇီရာ ရုပ်ရှင်ရုံ(၂)သည် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် တည်ရှိသည်။
May Sweet – စင်ကာပူတွင်ဖျော်ဖြေသွားသောမေဆွိ
နာမည်ကျော် အဆိုတော် မေဆွိသည် ရွှေရတုမွေးနေ့အထိမ်းအမှတ်အဖြစ် အလှူဒါနများနှင့် ဂီတပဒေသာပွဲများကို ရန်ကုန်မြို့တွင်ကျင်းပခဲ့ပြီး သူမနေထိုင်ရာ အမေရိကန်ပြည်ထောင်စုသို့အပြန် စင်ကာပူနိုင်ငံသို့ လှည့်လည်ဝင်ရောက်စဉ် ၂၀၁၂ ခုနှစ်၊ မတ်လ ၂၄ နှင့် ၂၅ ရက် ညများက စင်ကာပူရှိ သူမ၏ တေးချစ်သူ ပရိတ်သတ်များအား ရင်းနှီးစွာ တွေ့ဆုံ၍ သီဆိုဖျော်ဖြေသွားပါသည်။
ချယ်ရီမေ ကာရာအိုကေမြူးဇစ်ဘားတွင်ပြုလုပ်သော ဂီတညချမ်းတွင် မေဆွိက နှင်းဆီနက်တီးဝိုင်းနှင့်အတူ သူမ၏ခေတ်အဆက်ဆက်က ထင်ပေါ်ကျော်ကြားခဲ့သည့် တေးသီးချင်းဟောင်းများနှင့်အတူ စင်ကာပူတွင်နေထိုင်သည့် တေးသံရှင် မင်းအောင်ခိုင်၊ ပန်ကို၊ ထင်ကြီးတို့နှင့်အတူ စုံတွဲတေးများကိုလည်း သီဆိုဖျော်ဖြေသွားခဲ့ကြောင်း သိရှိရပါသည်။တံတားဦးမြို့နယ်တွင် NLD ပါတီဝင်များမှ ပြည်ခိုင်ဖြိုးပါတီဝင်များအား အမှုဖွင့်
တံတားဦးမြို့နယ်၊ ဇီးပင်ကွေ့ကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီဝင်များမှ NLD ပါတီဝင်များကို ဆဲဆိုကြိမ်းမောင်းသည့်အမှုမှာ ယနေ့တွင် ပိုမိုပြင်းထန်လာပါသည်။ ယနေ့တွင် ဇီးပင်ကွေ့ကျေးရွာရှိ ပြည်ခိုင်ဖြိုးရုံးဖွင့်ထားရာအိမ်တစ်အိမ်တွင် လော်စပီကာများတပ်ဆင်၍ NLD ပါတီဝင်များကို မိုက်ခရိုးဖုန်းများဖြင့် ဆဲဆိုကြိမ်းမောင်းနေသည်ဟု သိရှိရပါသည်။ ယမန်နေ့ကအတိုင်း"ကော်မရှင်ဥက္ကကြီးဦးတင်အေးခင်းပေးထားတဲ့လမ်းကို လျှောက်ပြီး စည်းရုံးဆင်းရဲသေးတယ်"ဆိုပြီး တစ်နေ့လုံးဆဲဆိုကြိမ်းမောင်းနေပါသည်။
ည(၁၀)နာရီကျော်သည့်အခါတွင် ရွာသားများက သည်းမခံနိုင်လောက်အောင် မခံမရပ်နိုင် ဖြစ်လာကြသောကြောင့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ရွာသားများ ပဋိပက္ခဖြစ်ပေါ်လာမည် စိုးရိမ်သောကြောင့် ရွာသားများ၏တိုက်တွန်းချက်အရ NLD ပါတီဝင်ဒေါက်တာအောင်စိုးမြင့်မှ တာဝန်ခံ၍ တံတားဦးမြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားပေးခဲ့ပါသည်။ သို့သော် ရဲစခန်းမှ ဤကဲ့သို့အမှုမျိုးမကိုင်တွယ်ဖူး၍ လက်မခံရဲပဲ ကော်မရှင်နှင့်သာ ညှိုနှိုင်းဆောင်ရွက်ရန် ပြောဆို၍ အမှုကို လက်ခံခဲ့ခြင်းမရှိပေ။ ရွေးကောက်ပွဲကော်မရှင်ထံ ချက်ချင်းဖုန်းဆက်သည့်အခါတွင် မနက်ကျမှ လက်ခံတွေ့ဆုံမည်ဟုပြောဆိုခဲ့သည်။ ထပ်မံပြီး တံတားဦးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်မှ ၎င်းတို့လည်း မည်သို့ကိုင်တွယ်ဆောင်ရွက်ရမည်မသိကြောင်းလည်း ပြန်လည်ဖြေကြား ခဲ့ပါသည်။ တံတားဦးမြို့နယ်ပါတီဝင်များမှ ရွေးကောက်ပွဲ နီးကပ်လာပြီဖြစ်သောကြောင့် ရွာသားများနှင့် ပြည်ခိုင်ဖြိုးပါတီဝင်များကြား ပြင်းထန်သည့်ပြသနာများ ပေါ်ပေါက်လာမည်ကိုစိုးရိမ်၍ မနက်ဖြန်တွင် ကော်မရှင်ရုံးအဆင့်ဆင့်သို့ တိုင်ကြား၍ တိုင်စာများပေးပို့မည်ဖြစ်ကြောင်း သိရှိရပါသည်။
ပြည်ခိုင်ဖြိုးပါတီဝင်များမှ ပခုက္ကူမြို့နယ်ရွေးကောက်ပွဲကော်မရှင်များအား လက်သီးဖြင့် ၀င်ရောက်ထိုးနှက်
ပခုက္ကူမြို့နယ်၊ မြင်းဝင်းကျေးရွာတွင် ပခုက္ကူမြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ မဲရုံတွင် မဲပေးခြင်းသရုပ်ပြ သွားရောက်လုပ်ကိုင်နေစဉ် အရက်များမူးနေသော ကိုလွင်၊ ကိုဦး၊ ကိုဟန်သိမ်းမြင့်(၃)ဦးတို့ သရုပ်ပြရာနေရာသို့ ၀င်ရောက်လာခဲ့သည်။ ပခုက္ကူမြို့နယ်ရွေးကောက်ပွဲကော်မရှင်လူကြီးမင်းများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်များဟု ထင်မှတ်ကြပြီး NLD မှ စည်းရုံးရေးဆင်းနေသည်ဟု ယူဆကာ ၎င်းတို့ထဲမှ တစ်ဦးက "မင်းတို့ခွပ်ဒေါင်းထဲ မဲထည့်ရင် ထည့်တဲ့သူကို ဒူးတွေ၊ ခြေထောက်တွေချိုးပစ်မယ်"လို့ ခြိမ်းခြောက်ပြီး ကျေးရွာရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးမြင့်အေးနှင့် အတွင်းရေးမှူးဦးအောင်ဌေးဝင်း တို့ကို ၎င်းတို့ထဲမှ နှစ်ဦးက လက်သီးဖြင့်ဝင်ရောက်ထိုးနှက်ခဲ့ပါသည်။ ပခုက္ကူမြို့နယ်ရွေးကောက်ပွဲကော်မရှင်ရှေ့မှောက်တွင် ဖြစ်ပွားသော မှုခင်းဖြစ်သောကြောင့် မြစ်ခြေရဲစခန်းတွင် အမှုကို တိုင်ကြားခဲ့ပါသည်။ ရဲများရောက်လာပြီး ၎င်းတို့(၃)ဦးအား ဖမ်းဆီးမည်ပြုသောအခါတွင် ကိုဟန်သိမ်းမြင့်နှင့် ပြည်ခိုင်ဖြိုးကျေးရွာစည်းရုံးရေးမှူးဦးသိန်းဇော်လှိုင်းတို့မှ မြို့နယ်ပြည်ခိုင်ဖြိုးရုံးမှ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းဦးကျော်တင့်နှင့် ပြောဆိုပြီးဖြစ်ကြောင်း၊ ၎င်းမှ ရှင်းလင်းပေးမည်ဟု ပြောဆိုပြီးဖြစ်ကြောင်း ပြောဆိုကြ၍ မြစ်ခြေရဲစခန်းမှ ရဲများမှ ဖမ်းဆီးခြင်းမရှိဘဲ ပြန်သွားခဲ့ကြပါသည်။ ထိုအဖြစ်အပျက်ကို ကျေးရွာလူထုမှ မကျေမနပ်ဖြစ်နေကြ၍ ရွာသူရွာသားအချို့မှ စိုးရိမ်လျှက်ရှိနေကြပါသည်။ ရွေးကောက်ပွဲနီးလာလျှင် ပြည်ခိုင်ဖြိုးပါတီဝင်များ၏လုပ်ရပ်သည် ပိုမိုဆိုးရွားလာမည်ဟု သုံးသပ်နေကြပြီး အိမ်ထဲကနေ အိမ်အပြင်မထွက်ရဲအောင်ဖြစ်နေကြပါသည်။ ရွာသားများမှ ပခုက္ကူမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်မှ ဒီအမှုအားတရားစွဲဆိုခြင်းမရှိပါက ပြည်ခိုင်ဖြိုးပါတီဝင်များက ပိုမိုအတင့်ရဲလာကြပြီး ဥပဒေချိုးဖောက်မှုများ ပိုမိုပြုလုပ်လာကြမည်ဖြစ်သည့်အပြင် ရွေးကောက်ပွဲသည်လည်း မည်သို့မှ တရားမျှတမှုရှိနိုင်မည်မဟုတ်ကြောင်း သုံးသပ်ဝေဖန်ပြောဆိုနေကြသည်ဟု နယ်မြေခံများမှ သတင်းပေးပို့ ခဲ့ပါသည်။
ပခုက္ကူမြို့နယ်၊ မြစ်ကျေးရွာတွင် အုပ်ချုပ်ရေးမှူး၏ လုပ်ရပ်များ
ပခုက္ကူမြို့နယ်၊ မြစ်ကျေးရွာတွင် ကိုကျော်လွင်သည် တိုင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူး အဖြစ်ခန့်ထားခြင်းခံခဲ့ရသည်။ ၎င်းသည် ပြည်ခိုင်ဖြိုးမြို့နယ်ကိုယ်စားလှယ်လောင်းဦးကျော်တင့်၏ ဆန်ပွဲရုံမှ ဆန်များကို ၀ယ်ယူရောင်းချခြင်းလုပ်ငန်းကိုလည်း လုပ်ကိုင်နေသူဖြစ်သည်။ (၂၄.၃.၁၂)နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်ကိုကျော်လွင်သည် ကျေးရွာတွင်းတွင် ရွာလူထုအစည်းအဝေးခေါ်ယူပြီး ပြီးခဲ့သည့်ပခုက္ကူရေဘေးကယ်ဆယ်ရေးတွင် ဝေငှခဲ့သည့်ဆန်များမှာ ပြည်ခိုင်ဖြိုးမှ ဝေခြမ်းထားသောဆန်များဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ခိုင်ဖြိုးကိုသာ မဲပေးကြရန် ပြောကြားခဲ့သည်။ အကယ်၍ ပြည်ခိုင်ဖြိုးကို မဲမပေးပါက ရွေးကောက်ပွဲနေ့ရောက်လျှင် ကျေးရွာတွင် အဓိကရုဏ်းများဖြစ်ပေါ်လာနိုင်ကြောင်း၊ ကျေးရွာသားများ ထမင်းငတ်၍ ဒုက္ခရောက်သွားနိုင်ကြောင်း ခြိမ်းခြောက်ပြောဆို၍ မာန်မဲခဲ့ပါသည်။
ကိုကျော်လွင်သည် ၂၅.၃.၂၀၁၂နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်အား အသရေပျက်စေသော ညစ်ညမ်းစာများကို ရွာထဲမှအိမ်များကို ကိုယ်တိုင်ကိုယ်ကျ အိမ်တိုင်ရာရောက် လက်လံဝေငှခဲ့ပါသည်။ (ထိုစာတွင် အချက်အလက်ပေါင်း (၂၁)ချက်ပါဝင်ပြီး လျှောက်လွှာစာရွက်ကျောကပ်(၂)မျက်နှာပါဝင်ကြောင်း သိရှိရပါသည်။)
၂၆.၃.၂၀၁၂ နေ့တွင်လည်း ကိုကျော်လွင်သည် ၎င်းအိမ်တွင် ဘောလုံးပွဲပြသမည်ဟု ကျေးရွာလူထုကို စည်းရုံးခေါ်ဆောင်ပြီး အမှန်တကယ်ဘောလုံးပွဲပြသခြင်းမရှိဘဲ ဒေါ်အောင်ဆနးစုကြည်အား ပုံမှားရိုက်ထားသည့်၊ ကွန်ပျူတာနည်းပညာဖြင့် ပြုပြင်ထားသည့် ဆင်ဆာမဲ့ညစ်ညမ်းဗွီဒီယိုအခွေကို ရွာသားများအားပြသခဲ့သည့်အတွက် ရွာလူထုမှ မကျေမနပ်ဖြစ်ခဲ့ကြရပါသည်။
၂၈.၃.၂၀၁၂ရက်နေ့၊ ည(၉)နာရီအချိန်တွင် ကိုကျော်လွင်မှ ဦးဆောင်၍ ကျေးရွာကော်မရှင်ဝင်များကို ခေါ်ယူ၍ လျှို့ဝှက်အစည်းအဝေးတစ်ခု လုပ်ခဲ့ပါသည်။ ထိုအစည်းအဝေဒတွင် ရွာတွင် မဲပေးနိုင်သူ ၉၅၈ဦးရှိပြီး ခရီးလွန်နေသူ ၄၄ဦးခန့်ရှိရာ ထို၄၄ဦး၏ မဲစာရွက်များကိုယူ၍ ပြည်ခိုင်ဖြိုးပါတီသို့ပေးမည့်ကိစ္စကို ဆွေးနွေးခဲ့ကြပါသည်ဟု အစည်းအဝေးတွင်ပါဝင်သူများထံမှ သိရှိနေကြရပါသည်။ ကိုကျော်လွင်၏ လုပ်ရပ်များကို ကျေးရွာလူထုမှ နေ့စဉ်ရက်ဆက် မကျေမနပ်ဖြစ်နေကြသည်ဟု သတင်းပေးပို့လာပါသည်။
မင်းကင်းမြို့ နယ် အတွင်း ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလ အတွင်း သတင်းယူရာ၌ ချိန်းချောက်နှောင့်ယှက်မှု များ ရှိနေသည်ဟု သိရှိရ
မင်းကင်းမြို့နယ် အတွင်း ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလ အတွင်းသတင်းယူရာ၌ ချိန်းချောက်နှောင့်ယှက် မှုများ ရှိနေသည်ဟု ဒေသခံသတင်းထောက်များ၏ ပြောပြ ချက်အရ သိရှိရပါသည်။ ``ကျွန်တော်တို့က ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလ အတွင်းမှာ သတင်းယူဖို့ မင်းကင်းမြို့ကိုသွားခဲ့တယ်။ ရွေးကောက်ပွဲ ၀င်မယ့် ပါတီတွေက လွှတ်တော်ကိုယ်စားလှယ်လောင်း တွေနဲ့ တွေ့ ဖို့ ကြိုးစားခဲ့ပါတယ်။မင်းကင်းမြို့မှာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မြင့် ဦးဆောင်ပြီးပြုလုပ်တဲ့ မျက်စိဝေဒနာရှင် များအတွက် အခမဲ့ မျက်စိစမ်းသပ်ခြင်းနှင့်မျက်မှန်လှူဒါန်းခြင်း ပွဲကို သွားပြီး သတင်းယူတယ်။ အဲဒီမှာပြည်ခိုင်ဖြိုး ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဆန်းဝင်း ကလည်းတက်သဗျ။ သူ့ကို ဘဗျူးဖို့သွားတော့ သူက အဲဒီပွဲ တက်ဖို့ သွားတော့လိုက်ခဲ့တယ်။ သူ့ ကိုပြောတယ်။ ကျွန်တော် မှတ်တမ်းယူမယ်ဆိုတော့ ယူပါတဲ့ ။ဒါနဲ့ ဓါတ်ပုံ ရိုက်တယ်။ အသံတွေ ယူတယ်။ ဒါကို ရဲ ကလာပြီး မေးတယ်။ ဘယ်ကလဲ တဲ့ ။ ဒါနဲ့ ပြန်ဖြေတယ်။------မီဒီယာ ကသတင်းထောက်ပါ လို့ ပြောလိုက်တယ်။ ဒါကို အသက်၊ မှတ်ပုံတင် ၊နေရပ်လိပ်စာ အတိ အကျ ။အဲလို တွေ လျှောက်မေးနေတယ်ဗျာ။ ဒါနဲ့ ပြန်တော့ပြောလိုက်တယ်။ ခများတို့ မေးပုံကထူးဆန်းတယ်လို့ ၊ ဧည့်စာရင်းစစ်သလိုပဲ လို့ ။ အဲလိုဆိုတော့ လူကြီးမေးရင် ပြန်ဖြေ ရအောင်လို့ ပါတဲ့ ဗျာ။ခက်ဘူးလား ။နောက် ကျွန်တော် တို့က ခများတို့ သတင်းယူတာကို မတားဆီးပါဘူး ၊ မနှောင့်ယှက်ပါဘူး တဲ့ဗျ.။ ဒါပေမယ့်ဗျာ သူလာမေးတဲ့ အချိန်ကကျွန်တော်က ဒုဝန်ကြီး ပြောတဲ့စကားတွေကိုလိုက်မှတ် နေတဲ့ အချိန် ၊ ကျွန်တော် အလုပ်လုပ်နေတာ။အနှောင့် အယှက်ဖြစ်တာပေါ့ဗျာ။ ပွဲပြီးမှ မေးပေါ့ဗျာ။ရတာပဲ ။ ကျွန်တော် က တစ်ယောက်ထဲ သွားတာမဟုတ်ဘူးဗျ။ အဖေါ် တစ်ယောက် ပါ သွားသေးတယ်။ အဲဒီကောင်လေးကိုလည်း သတင်းလိုက်မှတ်နေတာကို သူကဘာလဲ ညာလဲ ဆိုတောပြောတယ်။ နောက် အရပ်ဝတ်နဲ့ ကောင်တစ်ယောက်က ဧည့်စာ ရင်း မတိုင်ဘူး ဘာညာ ဆိုပြီးလာလုပ်တယ်။ နောက် ရဲတစ်ယောက်က လာပြီး ဧည့်စာရင်းတော့ တိုင်ပါတယ်ဆိုပြီး လာပြောတယ် ။ ကောင်လေးက လည်းကျွန်တော်နဲ့ လိုက်ခဲ့တာလို့ပြောလိုက်တယ်။ ကျွန်တော် သတင်းယူရာမှာအကူလုပ်ဖို့ ခေါ်ခဲ့တဲ့ကောင်လေးပါ ။ တခြား ဂျာနယ်တွေမှာလည်း စာတွေ ရေးနေတဲ့အလွတ်သတင်းထောက်လေးပါ။ သူလည်းတော်တော် ညစ်သွားတယ်။ ပြည်ခိုင်ဖြိုး ပါတီက အမျိုးသာလွှတ်တော် အမတ်ကသတင်းလေးတော့ ယူပေးပါလို့ မနက်က ပြောတယ်။သွားတော့လည်း စစ်လားဆေးလားနဲ့ဗျာ။ ကျွန်တော်တို့ က မဟုတ်တာလုပ်တာ မဟုတ်ဘူးလေ ။
တရားဝင်သတင်းယူနေတာ။ ဥပဒေနဲ့ မလွတ် ကင်းတာလုပ်နေတာမှ မဟုတ်တာ။ ဒါကသူတို့ပြောသလို တာဝန်အရ ဆိုပြီး သူတို့လုပ်ချင်ရာကိုလုပ်နေမှာလား ။ ဘယ်ဂျာနယ်က သတင်းထောက်လို့ ပြောလိုက်ရင်၊ သတင်းထောက်ဆိုသူ ပြောတာဟုတ်မဟုတ်သိချင်ရင် တိုက်ကို ဖုန်ဆက်အတည်ပြုခိုင်းပေါ့။ နောက်ပြီးတွေ့ကရာနေ ရာမှာ တာဝန် အရဆိုပြီး တရားခံ စစ်စစ်နေတာတွေ က ဒီမိုကရေစီနည်း လမ်းကျမကျ ဆိုတာလူတိုင်းသိပါတယ်။ ဒီလို နယ်ဖက်မှာ ရှိတယ် ခရိုင်အဆင့် ၊မြို့နယ် အဆင့် ဌာနဆိုင်ရာ အရာရှိဆိုတဲ့သူတွေက အရင် စစ်အစိုးရ ရဲ့ ပုံစံ တွေမပျောက်သေးတော့ ကျွန်တော်တို့ တိုင်းပြည် အတွက် ရင်လေးစရာပါ။ ပြည်သူတွေ ရဲ့ ၀န်ထမ်းတွေက ပြည်သူတွေအပေါ်ကနေ မိုးပြီး အာဏာပြနေကြတော့ ခက်နေတော့တာပေါ့။ ဒီမိုကရေစီ ဆိုတဲ့ ပြည့်သူ့အာဏာကို သမတ ကြီး ပဲ သိပြီး သူ့ရဲ့ အစိုးရ အဖွဲ့အစည်းလက်အောက်က၀န်ထမ်းတွေ မသိသေးတာ ၊မကျင့်သုံးကြသေးတာ။ တော်တော် လေး ရုပ်ဆိုးလွန်းပါတယ်။မကြာမီလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီလို တာဝန်အရပါဆိုပြီ လွတ်လပ်စွာ သတင်းယူ ခွင့်ကို လာရောက် ထိပါးနေရင် တရားမျှတတဲ့ ရွေးကောက်ပွဲ ဆိုတာ ဖြစ်လာနိုင်ပါ့ မလား ဆိုတာ သံသယ ရှိစရာပါ။ ``ဟု နယ်သတင်းထောက် အောင်သူထွန်း(ကလေးမြို့) ပြောကြားခဲ့ပါသည်။
``ဒီလို အဖြစ်မျိုး တွေက နယ်တွေမှာ ခဏခဏဖြစ်လေ့ ရှိပါတယ်။ ဒီလို တာဝန်အရ ဆိုတာ ကြီး နဲ့ကိုင်ပေါက်ပြီး သူတို့လုပ်ချင်ရာ လုပ်နေတာတွေ အများ ကြီး ရှိတယ်။ စကားနဲရန်စဲ ဆိုပြီး သူတို့ ကိုဘာမှ ပြန်မပြောဘူးဆိုရင် လုပ်ကောင်းတယ် ၊လုပ်လို့ ရတယ်။ သူတို့ ဒီလိုရှောက်လုပ်နေတာ ဥပဒေ နဲ့ ညီတယ်လို့ အယူအကောက်တွေ ရှိ သွားရင်ကျွန်တော်တို့ သတင်းသမား အဖွဲ့အစည်း အတွက် မကောင်းဘူး ။ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို အစိုးရ ၊ ပါတီနဲ့ တစ်နိုင်ငံလုံး သုံးစွဲ နေချိန်မှာအကျင့်ပျက် ၀န်ထမ်းတွေ ၊ ဥပဒေကို တလွဲသုံးနေတဲ့ ၀န်ထမ်းတွေ ရဲ့ တာဝန်အရ ဆိုတာ မျိုး မဖြစ်သင့်တော့ပါဘူး ။ ဒီလို အဖြစ်မျိုးတွေကိုလည်းအသာနေပါကွာ ပြီးသွားမှာပါ ဆိုပြီး ခဏခဏ အသာနေခဲ့ ရင် ကျုပ်တို့လို နယ်သတင်းထောက်တွေ အသေနာ ကုန်မှာ မြင်ယောင်ပါသေးတယ်။ ဒီလိုဆိုရင်နယ်သတင်းထောက် လုပ်ချင်တဲ့သူ ရှားပါး ကုန်လာပါလိမ့်မယ်။ ဒီလို ရင်မဆိုင်ချင်ကြလို့ သတင်းထောက်ရယ်လို့ မလုပ်ချင်ကြတာ များပါတယ်။နယ်သတင်းထောက်တွေ အတွက်တင်မက ပဲ သတင်းထောက်အားလုံး အတွက် အကာအကွယ် ပေးနိုင်တဲ့ အဖွဲ့ အစည်းတွေသမဂ တွေ ပေါ် ပေါက်သင့်နေပါပြီ ။ ``ဟု နယ်သတင်းထောက် တစ်ဦးမှပြောကြားခဲ့ပါသည်။
ချင်းတွင်းကိုကို။။။။။ချင်းတွင်းကိုကို။။။။။ချင်းတွင်းကိုကို။။။။။။
ရွေးကောက်ပွဲနီးချိန် ထုံးစံအတိုင်း အင်တာနက် ၊ လျှပ်စစ်မီး ၊ တယ်လီဖုန်း လိုင်းများ ဖြတ်တောက်လျှော့ချထားပြီ
မြန်မာပြည်တွင် ရွေးကောက်ပွဲနီးကပ်ချိန်တိုင်း ထူးဆန်းစွာဖြစ်လေ့ရှိသည့် အင်တာနက်လိုင်းများကျခြင်း ၊ လျှပ်စစ်မီးများမမှန်တော့ခြင်း ၊ ဖုန်းလိုင်းများတွင် လူကြီးမင်းနှင့်သာ အကြိမ်ကြိမ်တွေ့ဆုံနေရခြင်းတို့  ယခုရက်ပိုင်းအတွင်း စတင်ဖြစ်ပေါ်နေရာမှ တဖြည်းဖြည်းပိုမိုဆိုးရွားလာနေပါသည်။ ရန်ကုန်မြို့ တွင်လည်း အင်တာနက်ကွန်နရှင်များ မှာ လိုင်းပေါင်းစုံ ကျဆင်းနေပါပြီ။ ထို့  အပြင် လျှပ်စစ်မီးများမှာ လည်း မကြာခဏ ပျက်လျှက်ရှိနေသည်။ နယ်မြို့ များမှ ဆက်သွယ်ပေးပို့  လာသော သတင်းများအရ လျှပ်စစ်မီးအားတနေကုန်နီးပါဖြတ်တောက်ထားသည့် မြို့ များ ရှိနေသည်ဟုသိရပါသည်။အထူးသဖြင့် NLD ပါတီဝင်များမှ အောင်နိုင်ရေးစည်းရုံးချိန်များ ၊ ကြိုဆိုထောက်ခံပွဲများပြုလုပ်ချိန်တွင် ပိုမိုဖြစ်ပေါ်လျှက်ရှိနေသည်ဟုသိရပါသည်။Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment