“ လိပ်ပြာတို့ ရဲ့ ခြေရာ “    by ကို မင်းကိုနိုင်

အသံလှိုင်းတစ်ခု ရိုင်းပြခြင်းအပေါ်
ပိတ်ထားတဲ့ သင့်ရဲ့နားတွေ
ပြန်စွင့်ပါအုံး
အို…ဂီတဆရာ။

မြင်ကွင်းတစ်ခု အကျည်းတန်ခြင်းအပေါ်
မှိတ်ထားတဲ့ သင့်မျက်လုံးတွေ
ပြန်ဖွင့်ပါအုံး
အိုဘယ့်.. ပန်းချီဆရာ။

ခြေလက်အင်္ဂါမစုံလို့
အားငယ်ရစတမ်းဆို..
ပိုးတုံးလုံးလေးတွေ
တသက်လုံး ခေါင်းမြီးခြုံနေရမှာပေါ့။

တစ်ကွက်မှားသော စည်းနဲ့ဝါးအပေါ်
ဆုပ်ထားသော သင့်လက်ချောင်းတွေ
ပြန်ဖြီလိုက်ပါအုံး
အို…ကချေသည်။

ဟော်..ဟို ပန်းခင်းထဲ  ၀ဲနေတဲ့
ရောင်စုံလိပ်ပြာလေးဟာ
မင်းဖြစ်နေမှာပေါ့။

မနေ့တုန်းကတော့
သစ်ကိုင်းဘေးမှာ ပုန်းလျှိုး ကွက်လျှိုး
အရုပ်ဆိုးခဲ့တဲ့ ပိုးတုံးလုံးကလေး
အခုတော့ဖြင့် ပန်းခင်းထဲ ဝေ့ကာဝဲ
ရောင်စုံလှတဲ့ လိပ်ပြာလေးပဲ။

(ဒီနေ့ ၂၃၊၃၊၂၀၁၂ - ရန်ကုန်မြို့ ယုဒဿန် ခန်းမ တွင်ကျင်းပသော မသန်စွမ်းသူများ အတွက် စာပေဟောပြောပွဲ တွင် ရွတ်ဆိုခဲ့သောကဗျာ)
 
Lwin Pwin
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment