နောက်ဆုံးရမြန်မာသတင်းများ ဧပြီလ ၉ ရက် ၂၀၁၂ ခုနှစ်

ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၂၃ လွှတ်တော်တက်မည်

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့ စတင် တက်ရောက်ရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

လက်ရှိရပ်နားထားပြီး ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် တတိယအကြိမ်မြောက် လွှတ်တော်အစည်းအဝေး များသို့ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် NLD ကိုယ်စားလှယ်များ တက်ရောက်ရန် တနင်္လာနေ့ နံနက်ပိုင်းက နေပြည်တော်မှ တရားဝင် အကြောင်းကြားခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြည်တွင်း၊ ပြည်ပ မီဒီယာများသို့ ပြောသည်။

“ဒီနေ့ပဲ နေပြည်တော်က အကြောင်းကြားတယ်။ ၂၃ ရက်နေ့ တက်ဖို့။ အချိန် အရမ်းကပ်သွားတော့ ကျနော်တို့လည်း အရမ်းအလုပ်များနေကြပါတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး မပြီးပြတ်သေးသည့် ကာလဖြစ်၍ ကြားဖြတ်ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် ကိုယ်စားလှယ်များအနေဖြင့် စတုတ္ထအကြိမ် လွှတ်တော် အစည်းအဝေးမှသာ လွှတ်တော်တွင်း ပါဝင်ခွင့်ရမည်ဟု အများက ယူဆထားကြပြီး အနိုင်ရ NLD ကိုယ်စားလှယ်များ ကိုယ်တိုင်ပင် ယခုကဲ့သို့ စောစီးစွာ လွှတ်တော်တွင်း ဝင်ခွင့်ရမည်ဟု ယူဆမထားခဲ့ပေ။

“ဒီလွှတ်တော်ခေါ်ထားတာ သိပ်မကြာသေးတော့ ပုံမှန်အတိုင်းဆိုရင် မေလလောက်မှလို့ ထင်ထားတာ။ ဒါပေမယ့် ဟိုနေ့က သတင်းစာထဲမှာ ၂၃ ရက်နေ့ဆိုတော့ ထင်တော့ ထင်လိုက်တယ်။ ချက်ချင်းကြီး စီစဉ်လိုက်တယ် ဆိုတာတော့ အကြောင်းတခုခု ရှိလို့နေမှာပေါ့” ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းက ပြောသည်။

လွှတ်တော်အတွက် ပြင်ဆင်ချိန် ၁၄ ရက်သာ ရသော်လည်း လွှတ်တော်နိုင်ငံရေး စတင်လုပ်စ ဖြစ်၍ အခက်အခဲများ ကြုံရမည်ဟု မျှော်မှန်းထားပြီးဖြစ်ကြောင်း သို့သော် မိမိကိုယ်စားပြုသည့် မင်္ဂလာတောင်ညွှန့်မြို့နယ်အတွက် လိုအပ်ချက် အများစုကို သိထားပြီး ဖြစ်ကြောင်း
“အခုဆိုရင် မြို့နယ်ထဲက အခက်အခဲတွေ၊ အကျပ်အတည်းတွေ ခြုံငုံပြီး သိသင့်သလောက် သိနေပြီ။ ပြည်သူတွေ ကလည်း ပြောရဲဆိုရဲ ရှိလာတော့ ကျမမြို့နယ်အတွက် လိုအပ်ချက်တွေကတော့ သိနေပြီပဲ ပြောရမှာပါ။ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ဘာတို့ကတော့ ပါတီအနေနဲ့ ညှိနှိုင်းပြီး လုပ်ရမှာပေါ့” ဟု ဒေါ်ဖြူဖြူသင်း က ပြောသည်။

လွှတ်တော်တွင်းသို့ ရောက်ရောက်ချင်း ပါတီအနေဖြင့် မည်သည့် အရေးကိစ္စများ ကိုင်တွယ်မည် ဆိုသည့်ကိစ္စနှင့် ပတ်သတ်၍ ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်များ အစည်းအဝေးကို ဧပြီ ၁၉၊ ၂၀ တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၈ ရက်နေ့က ပြောဆိုခဲ့ပြီး အများဆန္ဒဖြင့် တိုင်ပင် ဆုံးဖြတ်သွားမည်ဟု သူမက ဆိုသည်။ လက်ရှိကျင်းပနေဆဲ တတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် ဥပဒေမူကြမ်း တင်သွင်းခြင်း ကဲ့သို့သော လုပ်ငန်းများ အများစု ပြီးစီးနေပြီဖြစ်၍ NLD အနေဖြင့် ဥပဒေကြမ်း တင်သွင်းခြင်းမျိုးကို စတုတ္ထအကြိမ်မြောက် လွှတ်တော် အစည်းအဝေးများတွင်သာ ပြုလုပ်နိုင်မည်ဟု ပြည်တွင်း သတင်းဂျာနယ် အယ်ဒီတာချုပ်တဦးက သုံးသပ်သည်။

“ဥပဒေတင်တာမျိုးတော့ ဒီဆက်ရှင်မှာ သိပ်လုပ်ခွင့် ရတော့မယ် မထင်ဘူး။ တော်တော်များများက ဥပဒေကြမ်း
ကော်မတီတို့ ဘာတို့ကို တင်ပြီးသားတွေ များတယ်။ ဥပမာ မြေယာပိုင်ဆိုင်ခွင့် ဥပဒေဆို တင်ပြီးပြီ။ ဒါပေမယ့် မဲခွဲတဲ့အခါတွေဘာတွေမှာ မဲပေးတာမျိုး၊ ဝင်ဆွေးနွေးတာမျိုးတော့ လုပ်ခွင့်ရလိမ့်မယ်ထင်တယ်” ဟု မြန်မာ့ဓန မဂ္ဂဇင်းနှင့် အိုးပင်းနယူးစ်ဂျာနယ် အယ်ဒီတာချုပ် ဦးသီဟစော က ခန့်မှန်းသည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ပြည်သူ့လွှတ်တော် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာ နှင့် NDF မှ ကူးပြောင်းလာခဲ့သည့် အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးနှင့် ပေါင်းပါက NLD သည် လွှတ်တော်နှစ်ရပ်ပေါင်း ကိုယ်စားလှယ် ၄၂ ယောက်ရှိပြီး ပြည်ထောင်စုလွှတ်တော်၏ ၆.၄ ရာခိုင်နှုန်း ရရှိထားသည်။ ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်အချို့လည်း ၎င်းတို့ပါတီများမှ နုတ်ထွက်ကာ NLD သို့ ၀င်ခွင့်ရရန် လျှောက်ထားမှုများ ရှိနေသည်။

အမေရိကန် သံအမတ်ကြီး ပြန်ခန့်မည်

၁၉၉၀ ပြည့်နှစ်မှစ၍ ရုပ်သိမ်းထားခဲ့သော မြန်မာပြည်ဆိုင်ရာ အမေရိကန် သံအမတ်ကြီးကို သမ္မတ အိုဘားမား အစိုးရက မကြာမီ ပြန်လည် ခန့်ထားရန်ရှိသည်။ ယင်းတာဝန်ကို မြန်မာပြည်ဆိုင်ရာ အမေရိကန်အစိုးရ အထူးကိုယ်စားလှယ် ဒဲရစ် မစ်ချယ်အား ပေး အပ်မည်ဟု သိရှိရသည်။ သတင်းများအဆိုအရ ပြန်လည်တိုးတက်လာသော နှစ်နိုင်ငံဆက်ဆံရေးနှင့်အတူ အမေရိကန်၏ နိုင်ငံ ရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ထောက်ပံ့ကူညီမှုများကို ပြန်လည်ခန့်ထားမည့် သံအမတ်ကြီးက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မတရားအသင်း သတ်မှတ်ထားခြင်း ပယ်ဖျက်ရန် KNU တောင်းဆို

ကရင်အမျိုးသား အစည်းအရုံး (KNU)ကို မတရားအသင်းအဖြစ် သတ်မှတ်ထားခြင်းအား ပယ်ဖျက်ပေးရန် သမ္မတ ဦးသိန်းစိန်ကို KNU တောင်းဆိုလိုက်သည်။ နော်စီဖိုးရာစိန် ပါဝင်သည့် KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့သည် ရန်ကုန်မြို့ ဆီဒိုးနား ဟို တယ်၌ ဧပြီ ၆ ရက်က ငြိမ်းချမ်းရေး အတွက် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ဆွေးနွေးပြီးနောက် ဧပြီ ၇ ရက်တွင် သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်၌ တွေ့ဆုံရာတွင် ထိုသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု KNU အထွေထွေ အတွင်းရေးမှူး နော်စီ ဖိုးရာစိန်က ပြောသည်။

မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံကြီးများတွင် လက်ထောက်ဆရာဝန်ဦးရေ ၁၈၀၀ကျော် လစ်လပ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင် ပြောကြား

မြန်မာတစ်နိုင်ငံလုံးရှိ ခုတင် ၂၀၀ နှင့်အထက် ပြည်သူ့ဆေးရုံ ကြီးများတွင် လက်ထောက်ဆရာဝန် ဦးရေ ၁၈၀၀ ကျော် လစ်လပ်လျက် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်၏ ပြောကြားချက်များ အရ သိရသည်။
လက်ရှိ လုပ်ငန်းခွင်သို့ မကြာမီ ၀င်ရောက်ရမည့်သစ်လွင်လက်ထောက် ဆရာဝန်ဦးရေ ၄၈၇ ဦးခန့်ရှိပြီး ဆရာဝန်များသည် ပြည်ထောင်စုရာထူး ၀န်အဖွဲ့မှ ရွေးချယ်ပြီး ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး) တွင်ဖွင့်လှစ် ခဲ့သည့် အရာထမ်းလောင်း အခြေခံ သင်တန်းအမှတ်စဉ် (၃၅)သို့ တက်ရောက် အောင်မြင်ပြီးသူများဖြစ် ကြောင်း သိရသည်။
အဆိုပါသစ်လွင်လက်ထောက် ဆရာဝန်များသည် မြန်မာနိုင်ငံအနှံ့ အပြားတွင် လစ်လပ်နေသည့် လက် ထောက်ဆရာဝန်ရာထူးနေရာများ တွင် တာဝန်ထမ်းဆောင်ရမည်ဖြစ် ကြောင်းသိရသည်။
“ အခု အလုပ်ဝင်ရမယ့် ဆရာ ၀န်တွေက ၂၀၀၉ ခုနှစ် နေပြည်တော် မှာ လူတွေ့ရော ရေးဖြေစာမေးပွဲပါ အောင်ပြီးအရာထမ်းလောင်းအခြေခံ သင်တန်းသုံးလ တက်ရောက်ပြီးသူ တွေဖြစ်ပါတယ်။ ဒီလူတွေက တစ် နိုင်ငံလုံးမှာရှိနေတဲ့ လက်ထောက် ဆရာဝန်လစ်လပ်နေရာတွေမှာတာ ၀န်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။၂၀၀၉ ခုနှစ် မတိုင်ခင်တုန်းကတော့ ဆေးတက္ကသိုလ်အားလုံးက ဆင်းတဲ့ ဆရာဝန်တွေကို အစိုးရ၀န်ထမ်း အဖြစ် တာဝန်ထမ်းဆောင်နိုင်အောင် အားလုံးကိုခန့်တယ်။ နောက် ၂၀၀၉ ခုနှစ်ကစပြီး အစိုးရ၀န်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ချင်တဲ့သူတွေက ဖောင်တွေတင်ရပြီး နေပြည်တော်မှာ လူတွေ့နဲ့ရေးဖြေစစ်ဆေးမှုခံရတယ်။ စစ်ဆေးမှုတွေအောင်တဲ့သူမှသင်တန်း တွေတက်ပြီး အစိုးရ၀န်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရတာပါ” ဟု ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူ တစ်ဦးက ဆိုပါသည်။
“ကျွန်တော်တို့က ၂၀၀၇ ခုနှစ်မှာ ဆေးကျောင်းပြီးပြီး ၂၀၀၈ ခုနှစ်မှာ့ သကျန ဆင်းရတယ်၊၊ ၂၀၀၉ ခုနှစ် မှာ ဘွဲ့ရတယ်။ ၂၀၀၉ ခုနှစ်က ဘွဲ့ရထားတဲ့သူတွေကို အစိုးရအလုပ်လုပ် ဖို့အလုပ်မခေါ်ဘဲနဲ့ ၂၀၁၁ ခုနှစ် လောက်ကျမှခေါ်တယ်။ ကျွန်တော်တို့နှစ်မှာ အလုပ်မခေါ်တဲ့အတွက် ကျွန်တော်တို့ နှစ်နှစ်လောက် စောင့် လိုက်ရတယ်။ ၀င်ဖြေတော့လည်း လူ ၄၀၀ ကျော်ပဲ ပါတယ်။ အခု အလုပ်ဝင်မယ့် လက်ထောက်ဆရာဝန် အများစုက ၂၀၀၉ ခုနှစ်အောင်ထားတဲ့ သူတွေများတယ်” ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ လူငယ်ဆရာဝန် တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
လက်ရှိ ကျန်းမာရေးဝန်ကြီး ဌာန ကျန်းမာရေး ဦးစီးဌာနအောက်ရှိ ဆေးရုံပေါင်း ၉၁၅ ရုံတွင် အထူးကု ဆရာဝန်ဦးရေ ၁၈၅၃ ဦး၊ လက်ထောက်ဆရာဝန် ဦးရေ ၂၈၉၆ ဦး နှင့် အုပ်ချုပ်ရေး၊ ပြည်သူ့ကျန်းမာရေး၊ ရောဂါနှိမ်နှင်းရေး ဌာနများတွင် ၆၃၃ ဦး စုစုပေါင်း ၅၃၈၀ ဦး တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

LWIN PWIN

NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/

0 comments:

Post a Comment