တရုတ်ပြည်မှ သူငယ်တန်း တက္ကသိုလ် 
 
တရုတ်ပြည် ချုံကျင်းမြို့က Sichuan International Studies တက္ကသိုလ်မှာ နိုင်ငံခြားသား ဆရာတစ်ယောက်အဖြစ် ၀င်သင်ရင်၊ အနောက်နဲ့ မတူတဲ့အတွက် တရုတ်ကျောင်းသားတွေနဲ့ ဆရာတွေကြားမှာ ယဉ်ကျေးမှုရှော့ အချို့နဲ့ နားလည်မှုလွဲချော်မှု အနည်းငယ် ကြုံရမယ်လို့ ကျနော် မျှော်လင့်ထားခဲ့ပါတယ်။
ဒါပေမဲ့ ကြုံရတဲ့ရှော့က တကယ့်ဧရာမ ရှော့အကြီးစားပါ။ နားလည်မှုလွဲချော်မှုတွေကလည်း များလိုက်တာမှ တကယ့်ကို သူငယ်တန်း တက္ကသိုလ် (kindergarten university) ပုံစံလိုကို မြင်မိတော့တာပါပဲ။
စီချွမ် နိုင်ငံတကာ တက္ကသိုလ်မှာ အသက် ၁၈ နှစ်နဲ့ ၂၂ နှစ်ကြား ကျောင်းသားတွေဟာ ကလေးတွေလို ပြုမူနေကြတယ်။ ဘာကိုမှ တာဝန်ယူလိုစိတ် မရှိဘူး။ စာသင်ခန်းထဲမှာ သင်ယူလိုစိတ်လည်း မရှိဘူး။ သူတို့ကို ဆရာက ဖျော်ဖြေပေးဖို့သာ လိုချင်တယ်။ အနောက်တိုင်းယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ရယ်ရွှင်ဖွယ် ဇာတ်လမ်းတွေပဲ ကြားချင်နေတာပဲ။ အွန်လိုင်းပေါ်က ကွန်ပျူတာဂိမ်း ဆော့လိုက်၊ အင်တာနက်က ရုပ်ရုင်တွေကြည့်လိုက်နဲ့သာ သူတို့ရဲ့ အချိန်အများစုကို ဖြုန်းနေကြတယ်။
နောက် သူတို့ဟာ ကလေးတွေလိုပဲ အရာရာကို ငြီးငွေ့လွယ်ပြီး၊ ဘာကိုမှ အသေချာ အာရုံမစိုက်နိုင်ကြဘူး။ ဒါကြောင့်လည်း စာသင်ခန်းထဲမှာ မိုဘိုင်းလ်ဖုန်းတွေကို တကိုင်ကိုင်လုပ်ပြီး ကမြင်းနေကြတယ်။ အာရုံက ဖုန်းပေါ်မှာပဲ အမြဲရောက်နေတယ်။ သူငယ်တန်းက ဆိုးပေလေးတွေလိုပဲ၊ သူတို့လိုချင်တာမရရင် ဆင်ခြေက မျိုးစုံပေးတယ်။
ကျနော်သင်တဲ့ကျောင်းက ပုဂ္ဂလိက တက္ကသိုလ်ပါ။ တက္ကသိုလ် ပိုင်ရှင်တွေရဲ့ အဓိက ရည်ရွယ်ချက်က ကျောင်းထောင်ပြီး ပိုက်ဆံရှာဖို့ပါ။ တစ်နှစ်တစ်နှစ် ကျောင်းသား အရေအတွက်က လျော့သွားတာမရှိလို့ အမြတ်ငွေကလည်း မချိမဆန့်ပါပဲ။  
ကျောင်းသားရဲ့ အရည်အချင်းက ပြဿနာမဟုတ်ပါဘူး။ ဆရာတွေရဲ့ အရည်အချင်းကတော့ ကိစ္စမရှိပါဘူး။ ပညာရေး အရည်အသွေးကိုလည်း စကားထဲ ထည့်ပြောစရာ မလိုဘူး။ တရုတ်ပြည်အနာဂတ် အကျိုးသက်ရောက်မှုအတွက်လည်း အရေးလုပ်မနေပါနဲ့။ အရေးကြီးတာက ကလေးတွေ ကျောင်းမှာ ပျော်နေပါစေ။ အတန်းထဲမှာ ပျော်ပြီးရင် ပျော်ရွှင်နေပါစေ။ ပျော်အောင်ထား လွယ်အောင်လေ့လာပြီး အချိန်တန် အောင်စေပါပဲ။
တရုတ်အစိုးရကတော့ လက်ရှိ စီးပွားရေးတိုးတက်မှုနှုန်းကို ပုံမှန် ဆက်ထိန်းထားချင်တယ်။ တရုတ် အရှေ့ဘက် ကမ်းရိုးတန်းမြို့တွေမှာ အသိပညာက အားကောင်းတယ်။ အဲဒီအရှေ့ကမ်းရိုးတန်းက အသိဥာဏ်တွေအပေါ်ပဲ မှီတည်နေရရင် ရေရှည် စီးပွားရေးတိုးတက်မှုကို ဆက်ထိန်းနိုင်ဖို့ ခက်နေတယ်။  
တရုတ်ပြည် အနောက်ဘက်နဲ့ အတွင်းပိုင်းမှာ နောက်ပိုင်း ထူထောင်ထားတဲ့ စီးပွားရေး လုပ်ငန်းတွေမှာက ခုနက ဆိုးပေလေးတွေလို လူတွေနဲ့ချည်း ကြုံနေရတယ်လို့ ငြီးတွားလာကြတယ်။ အလုပ်ကြိုးစားမှု မရှိ၊ အရည်အချင်းကလည်း နတ္ထိ၊ ဆင်ခြေကများ၊ အလုပ်ထဲ ဂိုဏ်းဖွဲ့ ဝေလေလေလုပ်ပြီး၊ လစာကောင်းကောင်းက လိုချင်သေး။
အဲဒီပညာရေးစနစ်က မွေးထုတ်တဲ့သူတွေဟာ တရုတ်ကို ဒုက္ခပေးနေပါတယ်။ အခွင့်အလမ်းတွေကို အထက်အောက်ပုံစံနဲ့ ဗဟိုက ချုပ်ကိုင်ထားတာကြောင့် သန်းပေါင်းများစွာသော ဆန်းသစ်တီထွင်မှုတွေနဲ့ မဟာအိုင်ဒီယာသစ်တွေကို မဖန်တီးနိုင်၊ ဖွံ့ဖြိုးအောင် မလုပ်နိုင်၊ မရောင်းချနိုင် ဖြစ်နေပါတယ်။ တရုတ်ဟာ ကိုယ့်လက်ကိုယ် နောက်ပြန် ကြိုးတုတ်ထားရမှာတော့ ကမ္ဘာ့ချန်ပီယံအဆင့် ရှိနေပါသေးတယ်။
တရုတ်ပညာရေးစနစ်က ဥရောပ၊ အမေရိကတို့နဲ့ ဆန့်ကျင်ဘက်ပါ။ အဲဒီလိုပြောလို့ အနောက် ပညာရေးစနစ် ကောင်းလှချည်လို့ ဆိုတာ မဟုတ်ဘူး။ ဥရောပစနစ်မှာ အကောင်းဆုံးကျောင်းတွေနဲ့ တက္ကသိုလ်တွေကို ပုဂ္ဂလိကတစ်ဦးချင်းနဲ့ အင်စတီကျူးရှင်းတွေက ငွေကြေးထည့်ဝင်ပေးတယ်။ အစိုးရကျောင်းတွေကို စီမံခန့်ခွဲတဲ့ နိုင်ငံရေးသမားတွေက သူတို့ကလေးတွေကို ပုဂ္ဂလိကကျောင်းတွေပဲ အမြဲပို့တတ်ကြတယ်။ အစိုးရကျောင်းတွေက ပုဂ္ဂလိကကျောင်းတွေနဲ့ အစဉ်အဆက် ဘယ်တော့မှ မပြိုင်ဆိုင်နိုင်ဘူး။  
ဥရောပတက္ကသိုလ်တစ်ခုဟာ အကောင်းဆုံးဖြစ်ဖို့ထက် အကောင်းဆုံး နာမည်တံဆိပ်နဲ့ ကျော်ကြားဖို့သာ (the best brand reputation) ပိုအရေးကြီးတယ်။ အဲဒီလို ထိပ်ဆုံးစာရင်း ပေါက်ဖို့လည်း တက္ကသိုလ် အဆင့်သတ်မှတ်မှု ကြော်ငြာတဲ့ အေဂျင်စီတွေကို လာဘ်ထိုးကြတယ်။ အဲဒီနာမည်ကြီးတက္ကသိုလ်တွေက ဆင်းလာတဲ့ ကျောင်းသားတွေကလည်း သူတို့ လိုချင်တဲ့အလုပ် ရွေးချယ်ယူနိုင်တယ်။ တက္ကသိုလ်အာဏာပိုင်တွေက သူတို့ လူ့အဖွဲ့အစည်းမှာ အထက်အောက်ပုံစံနဲ့ ဆုံးဖြတ်ပေးနေသူတွေ ဖြစ်တယ်။
တရုတ်အဖို့ ဥရောပ ပညာရေးစနစ်ရဲ့ အားနည်းချက် အားသာချက် များစွာကနေ သင်ခန်းစာယူနိုင်တာတွေ ရှိပါတယ်။
တစ်နိုင်ငံလုံးစစ် စာမေးပွဲစနစ်လုပ်ထားတဲ့ တရုတ် အထက်တန်းကျောင်းတွေမှာ အဂတိလိုက်စားမှုတွေ၊ ခိုးချနေတာတွေကို နည်းစနစ်သစ်တွေနဲ့ ဖြေရှင်းဖို့ လိုပါတယ်။ မေးခွန်းမပေါက်ကြားအောင် အင်တာနက်စနစ်တွေ သုံးမယ်၊ စာမေးပွဲခန်းတွေကို အများပြည်သူ စောင့်ကြည့်နိုင်တဲ့ ကင်မရာတွေ တပ်ထားမယ်၊ စာမေးပွဲအဖြေလွှာ စစ်ဆေးသူတွေကို သီးသန့်တာဝန်မပေးဘဲ မဲစနစ်နဲ့ ရွေးချယ်ရမယ်။ အဲဒိလိုနည်းတွေနဲ့ အထက်တန်းကျောင်းတွေရဲ့ ပညာရေးစနစ်ကို အများပြည်သူ ယုံကြည် လေးစားလာအောင် အမြန်ဆုံး ပြုပြင်ဖို့ လိုပါတယ်။
တက္ကသိုလ်တွေမှာ ခြစားနေတာကိုလည်း ရှင်းပစ်ရပါမယ်။  တက္ကသိုလ်ကျောင်းသားအားလုံးရဲ့ နောက်ဆုံးစစ် စာမေးပွဲကို မာစတာတန်းဝင်ခွင့် စာမမေးပွဲအဖြစ် ပြောင်းပစ်ရမယ်။ အတန်းတက် (attendance) အမှတ်နဲ့ ညာနေတာတွေကို ရှင်းပြီး၊ စာမေးပွဲအမှတ် သင်ခန်းစာလုပ်တဲ့ အမှတ်တွေနဲ့သာ ကျောင်းသားတွေကို ဆုံးဖြတ်ပေးရမယ်။ အရည်ချင်းမှန် စစ်ဆေးတဲ့ စနစ်မျိုးကိုပဲ လုပ်ငန်းရှင်တွေက အများကြီး ယုံကြည်အားထားပြီး၊ လုပ်သားကောင်းတွေကို ရှာဖွေနိုင်မှာ ဖြစ်တယ်။
အဲဒီလို စနစ်မျိုးကသာ ကျောင်းသားရဲ့ စာမေးပွဲ စွမ်းဆောင်ရည်နဲ့ လုပ်ငန်းခွင် စွမ်းဆောင်မှုကို ဆက်စပ် အကဲဖြတ် ကြည့်နိုင်မှာ ဖြစ်တယ်။ တက္ကသိုလ်ကျောင်းသား အားလုံးဟာ  အလုပ်ရှင်တစ်ဦးစီမှာ လုပ်ငန်းအတွေ့အကြုံ ၆ လ ယူရလိမ့်မယ်။ ကျောင်းသားရဲ့ နောက်ဆုံး အမှတ် ၃၀ ရာခိုင်နှုန်းက သူ့ရဲ့ လုပ်ငန်းခွင် ဆောင်ရွက်ခဲ့မှုအပေါ်မှာ အခြေပြု ထားရမယ်။
နောက်ဆုံး အားလုံးသော တက္ကသိုလ်တွေနဲ့ ကောလိပ်တွေအတွက် အနိမ့်ဆုံး အမျိုးသားအရည်အသွေးအဆင့်တစ်ခုကို အသေချာ သတ်မှတ်ဖို့ လိုပါမယ်။ တက္ကသိုလ်နဲ့ ကောလိပ်တွေကို အချိန်မရွေး ၀င်စစ်ဆေးမှုတွေ ရှိရပါမယ်။ အစားအသောက်၊ စာသင်ခန်း၊ စာကြည့်တိုက်၊ အဆောင်၊ သန့်ရှင်းစိမ်းလန်းတဲ့ ပတ်ဝန်းကျင်၊ စာမေးပွဲလုပ်ငန်း စတာတွေ တစ်ခုချင်းစီအတွက် အဆင့်အတန်းရှိလာအောင် ဆောင်ရွက်ဖို့ လိုပါတယ်။
တရုတ်အနေနဲ့ အဲဒီသူငယ်တန်း တက္ကသိုလ်တွေကို ကမ္ဘာ့အဆင့်တန်းမှီ တက္ကသိုလ်တွေ ဖြစ်လာအောင် အောက်ခြေကနေ တစ်စုံလုံး ပြောင်းပစ်ဖို့ လိုအပ်နေပါတယ်။ အဲဒီလို အရည်အသွေးမှီတက္ကသိုလ်တွေ ဖြစ်လာအောင် ဖိအားပေးမှ brand name ကြီးတဲ့ နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ယှဉ်ပြိုင်နိုင်ပါလိမ့်မယ်။
Source: Beijing Review: Kindergarten University By Faron Kwami
ဝင့်ထန်း

LWIN PWIN

NLABR

Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/

0 comments:

Post a Comment