၂၀၁၂ မဟာသင်္ကြန် သတင်းနှင့် မြင်ကွင်းများ

၂၀၁၂ ခုနှစ်၊ မဟာသင်္ကြန် ဒုတိယအကြတ်နေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်း၊ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ မြို့တွင်းရပ်ကွက်များနှင့် ရန်ကုန်မြို့ပြင် ဆင်ခြေဖုံးရပ်ကွက်များတွင်ပါ ယမန်နေ့များထက် ရေပက်ခံသူများ၊ ရေကစားကြသူများနှင့် ဈေးသည်များ ပိုမိုများပြားခဲ့သည်။
ထို့အပြင် ကျွန်ုပ်တို့သည် စွယ်စုံအင်အားစု သံချပ်အဖွဲ့မှ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ရုံးရှေ့တွင် သင်္ကြန်သံချပ်များဖြင့် ဖျော်ဖြေခဲ့ကြပြီး ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း ကျွန်ုပ်တို့သည် စွယ်စုံအင်အားစု သံချပ်အဖွဲ့အား ကျေးဇူးတင်စကား ပြန်လည်ပြော ကြားခဲ့သည်။

ထို့နောက် ၈၈မျိုးဆက် ကျောင်းသားများ သံချပ်အဖွဲ့နှင့် မောင်မောင်ဆိုလေထီးရိုးရှည် သံချပ်အဖွဲ့တို့ ပူးပေါင်း၍ နံနက်ပိုင်းတွင် ရန်ကင်းစင်တာရှေ့မဏ္ဍပ်နှင့် ဖဆပလရပ်ကွက်တို့တွင် ဖျော်ဖြေခဲ့ကြပြီး အားပေးသူပရိသတ်များ စည်ကားခဲ့သည်။


အဆိုပါ သံချပ်များ သီဆိုဖော်ဖြေရခြင်းနှင့် ပတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက “သံချပ်မပါရင်သင်္ကြန် မဖြစ်ဘူးလို့ အားလုံးက ဒီလိုပဲနားလည်ထားတယ်။ သံချပ်တွေကို အသက်သွင်းတယ်ဆိုတာက ပြည်သူတွေ ရှင်သန်နိုးကြားလာအောင်လို့ပါ။ တစ်နှစ် တစ်ခါတိုင်းပြည်မှာ အမြီးအမောက် မတည့်တာတွေကို ထောက်ပြတာတွေ၊ တစ်နှစ်တာအတွင်းရဲ့ အဖြစ်အပျက် တွေကို ပြန်သုံးသပ်၊ ဝေဖန်ထောက် ပြတာတွေဟာ အင်မတန်လှတဲ့ အစဉ်အလာပါ။ သင်္ကြန်ဆိုတာ မြန်မာလူမျိုးတွေရဲ့ ကိုယ်ပိုင် ဒီမိုကရေစီ အစဉ်အလာလို့ တောင်ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ တစ်ပါတီအာဏာရှင်စနစ်မှာတောင် တစ်နှစ်တစ်ခါ လွပ်လွပ်လပ်လပ် ကိုယ့်ဆန္ဒကို ထုတ်ဖော်ခွင့်ရခဲ့တယ်။ မြန်မာလူမျိုးတွေရဲ့ ကိုယ်ပိုင်လွတ်လပ်စွာ ပြောဆိုခွင့်ကို တစ်နှစ်တစ်ခါ ကျင့်သုံးတဲ့ ဒီမိုကရေစီ အစဉ်အလာပါ။ ၈၈ အာဏာသိမ်းပြီးကတည်းက လူထုရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို သံချပ်တွေနဲ့ ထုတ်ဖော်ခွင့်မရတော့ဘဲ အခု ၂၀၁၂သင်္ကြန်ကျမှ ပြန်လည်ထုတ်ဖော်ခွင့် ရလိုက်တာဟာ ပြည်သူတွေရဲ့ တပ်လှန့်သံပါပဲ။ နောင်နှစ်တွေမှာလည်း ကျွန်တော်တို့ကိုယ်တိုင် မလုပ်ဖြစ်တော့ရင်တောင်မှ ဒီအစဉ်အလာကို ဆက်လက် ထိန်းသိမ်းသွားပါမယ်” ဟု ပြောပါသည်။


မောင်မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုဒီဥက္ကာကလည်း “မောင်မောင်ဆိုလေ ထီးရိုးရှည်” အဖွဲ့က ၁၉၆၈ ခုနှစ် ကတည်းကစခဲ့တဲ့ သံချပ်အဖွဲ့ပါ။ ၁၉၇၈ ခုနှစ်ကျတော့ အဖွဲ့ခေါင်းဆောင် မောင်မောင်နေ၀င်း (ခ) ဂန္တ၀င်မောင်ဝင်း အဖမ်းခံရလို့ ရပ်သွားတယ်။ ၁၉၈၂ ကနေ ၁၉၈၈ အထိ “မောင်မောင်ဆိုလေ” နာမည်နဲ့ မလုပ်ဖြစ်ဘဲ မဟာရန်ကုန် ၃၆၅၊ မဟာရန်ကုန် ၃၆၆ ၊ စပ်မိစပ်ရာ၊ မျက်စိကြီးနားကြီး၊ သင်္ကြန်မြင်ကွင်းကျယ် စတဲ့ နာမည်တွေနဲ့ လုပ်ဖြစ်တယ်။ ၁၉၈၈ မှာ သင်္ကြန်သံချပ်တွေကို ပိတ်ပင်ခဲ့ပေမယ့် ကျွန်တော်တို့ ၁၉၉၀မှာ ခွင့်ပြုချက်မရဘဲ ထွက်ခဲ့တယ်။ အဲ့ဒီတုန်းက ကျွန်တော်တို့ တစ်ဖွဲ့ပဲရှိတယ်။ “ မြေရိုင်းလို့ပန်းရိုင်းတယ် ” ဆိုတဲ့နာမည်နဲ့ ထွက်ခဲ့တာ။ အဲ့ဒီနောက်ပိုင်းတော့ အခုမှပြန်ထွက်ဖြစ်တော့တာ။ သံချပ်တွေပျောက်နေတော့ စိတ်မချမ်းသာဘူး။ ဖြစ်စေချင်တာကတော့ကြာပြီ ကျွန်တော်တို့ သင်္ကြန်မှာသံချပ်ထွက်တယ် ဆိုတာက ပြည်သူလူထုရဲ့ ရင်ခုန်သံအစစ် အမှန်ကိုပြန်လည် ဖောက်ခွဲခွင့် ရချင်လို့ပါ။ နောင်နှစ်တွေမှာလည်း ဆက်လုပ်သွားမှာပါ” ဟု ပြောပါသည်။ သင်္ကြန်အကြတ် ဒုတိယနေ့ နေ့လည်ပိုင်းအချိန်များတွင် ရေပက်ခံကားများမှာ ကန်တော်ကြီး၊ အင်းလျားကန်ဘောင်နှင့် အရိပ်ရနေရာများ၊ ပန်းဥယျာဉ်များတွင်အနားယူနေကြပြီး ဦးထောင်ပိုအ၀ိုင်းတွင် ကန်တော်ကြီး ပတ်လမ်းရှိ မဏ္ဍပ်များသို့ ရေပက်ခံရန် တန်းစီစောင့်ဆိုင်းသော ကားများ အလွန်များပြားသဖြင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။


ညနေပိုင်း အချိန်များတွင် ပြည်လမ်းရှိ Alpine မဏ္ဍပ်တွင် စိုင်းစိုင်းခမ်းလှိုင်နှင့်ဘန်နီဖြိုးတို့မှဖျော်ဖြေခဲ့ပြီး Air Bagan မဏ္ဍပ်တွင် အဲလက်စ်၊ ဇော်ဝင်းထွဋ်တို့မှ Emperor Music Band နှင့်အတူ သီဆိုဖျော်ဖြေခဲ့ရာ ရေပက်ခံကားများနှင့် လာရောက်ကြည့်ရှုသူ ပရိသတ်များ အထူးများပြားခဲ့သည်ကို တွေ့ရသည်။ ထို့အပြင် ပြည်လမ်းမဏ္ဍပ်များအနီးရှိ ဈေးသည်များမှာ ယခုနှစ်သင်္ကြန်တွင် ဈေးရောင်းချရမှု နည်းပါးခဲ့သော်လည်း မြို့တော်ခန်းမ ရှေ့ရှိ ဈေးသည်များမှာမူ ယခုနှစ်သင်္ကြန်တွင် ပုံမှန်ဈေးနှုန်းများဖြင့်သာ ရောင်းချခဲ့သောကြောင့် ဈေးရောင်းချမှု ပိုမိုခဲ့ကြောင်းသိရသည်။

LWIN PWIN

NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/

0 comments:

Post a Comment