မြန်မာသတင်းများ ဧပြီလ ၁၈ ရက် ၂၀၁၂ ခုနှစ်

 
မြန်မာအပေါ် အမေရိကန် အရေးယူမှု လျှော့ပေါ့ရေး စတင်


မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် အထောက် အကူ ဖြစ်စေမယ့် ငွေကြေးလွှဲပြောင်းမှုတွေကို ခွင့်ပြုတာလို အရေးယူဒဏ်ခတ်မှု တချို့ကို အမေရိကန်ပြည်ထောင်စုက လျှော့ပေါ့ပေးသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာ လိုက်ပါတယ်။
မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ ပိတ်ဆို့ ဒဏ်ခတ် မှုတွေ လျှော့ပေါ့ ပေးသွားမယ့် အစီအစဉ် တစိတ်တပိုင်းအဖြစ် အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက အင်္ဂါနေ့မှာ ကြေညာလိုက်တာပါ။
ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ အားကစားတို့လို ကဏ္ဍတွေမှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ စီမံကိန်းတွေအတွက် ငွေကြေး လွှဲပြောင်းမှုတွေကို အမေရိကန် ဘဏ္ဍာရေး ၀န်ကြီး ဌာနရဲ့ ပြည်ပပိုင်ဆိုင်မှု ကြီးကြပ်ရေးဌာနက ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်လို့  အမေရိကန်နိုင်ငံခြားရေး ဌာနပြောခွင့်ရ Mark Toner က အင်္ဂါနေ့ကပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မြန်မာနဲ့ အမေရိကန် လူထုကြား ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာစေဖို့ ရည်ရွယ်ပြီး အမေရိကန် ပုဂ္ဂလိကအဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကို ပရဟိတ လုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်လာအောင် အားပေးလိုတာကြောင့် အခုလို ဆောင်ရွက်ရတာ ဖြစ်တယ်လို့လည်း  ဆိုပါတယ်။ ဧပြီလတစ်ရက်နေ့ မှာ မြန်မာအစိုးရက လွှတ်တော်ကြားဖြတ် ရွေးကောက်ပွဲတွေ ကျင်းပခဲ့တဲ့နောက် အမေရိကန်အပါအ၀င် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ နိုင်ငံတွေက ပိတ်ဆို့ထားတာတွေကို လျှော့ပေါ့လာခဲ့ကြတာ ဖြစ်ပါ တယ်။
ဥရောပသမဂ္ဂ (EU) ကလည်း မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုတွေကို ဒီသီတင်းပတ်ကုန် ပြန်ပြောင်း သုံးသပ်ဖို့ ရှိနေရာမှာ လျှော့ပေါ့ပေးမယ့် အရိပ်အယောင်တွေ ပြသနေပါတယ်။ အစိုးရအရာရှိတွေ အပေါ် ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားတာတွေ ဇန်န၀ါရီလမှာ ဖယ်ရှား ပေးလိုက်ပြီးတဲ့နောက် ဒီလကုန်ပိုင်းမှာ နောက်ထပ် ထပ်မံလျှော့ပေါ့ပေးဦးမှာ ဖြစ်တယ်လို့လည်း EU နိုင်ငံခြားရေးရာ အကြီးအကဲ Catherine Ashton က အင်္ဂါနေ့မှာ ပြောလိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ လှူဒါန်း


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နှစ်သစ်ကူး အခမ်းအနားကို ဒီကနေ့ တက်ရောက်ပြီး သက်ကြီးရွယ်အိုတွေကို ဂါရ၀ပြုခဲ့သလို ဒေသဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေတွေ ပေးအပ် လှူဒါန်းခဲ့ပါတယ်။ဒေသဖွံ့ဖြိုးရေးအတွက် လှူဒါန်းတဲ့ငွေတွေကို ကွယ်လွန်သူ မိခင်ကြီး သီရိသုဓမ္မ ဒေါ်ခင်ကြည်အတွက် ရည်စူးပြီး ထူထောင်ထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အနေနဲ့ ပေးအပ်လှူဒါန်းတာ ဖြစ်ပါတယ်။
ကော့မှူးမြို့နယ်အတွင်း ကျေးရွာအုပ်စု ၆၂ စုထဲက ရွာသုံးရွာကို မဲနှိုက်ရွေးချယ်ပြီး ဒေါ်အောင်ဆန်းစုကြည်က အလှူငွေ ပေးအပ်ခဲ့ကြောင်း NLD ဗဟိုဦးစီးအဖွဲ့ဝင် ဦးသိန်းဦးက ပြောပါတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေပေးအပ်ဖို့ ကျေးရွာ ၃ ရွာကို မဲနှိုက်ရွေးချယ်ရာမှာ ဝါးဘလောက်သောက် ကျေးရွာအုပ်စု ကမာပတ်ကျေးရွာက ပထမဆု၊ ဆားတိုင်မွတ်ကျေးရွာက ဒုတိယနဲ့ ပုပ္ပါးကျေးရွာက တတိယ ရွေးချယ်ခံရပါတယ်။
လှူဒါန်းငွေ စုစုပေါင်း ကျပ်သိန်း ၃၀၀ ထဲက ပထမဆု ၁၇၅ သိန်း၊ ဒုတိယဆု ၇၅ သိန်းနဲ့ တတိယဆု ကျပ် သိန်း ၅၀ ကို ဆုရတဲ့ကျေးရွာတွေရဲ့ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုဖို့ လှူဒါန်းတာ ဖြစ်ပါတယ်။ကော့မှူးမြို့နယ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်မြေ ဖြစ်ပါတယ်။

NLD နှစ်သစ်ကူးပွဲတော် ကော့မှူးတွင် ကျင်းပ


NLD က ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်မြေ ဖြစ်သော ရန်ကုန်တိုင်း ကော့မှူးမြို့နယ် တွင် နှစ်သစ်ကူးပွဲတော် ကျင်းပခဲ့သည်။


ဒေါ်စု မိခင်ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အလှူ ကော့မှူးမှာ မဲဖောက်


ဧပြီလ ၁၆ ရက်နေ့ကမှ ထူထောင်လိုက်တဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဒီကနေ့မှာတော့ ကော့မှူး မြို့နယ် မှာ ဒေသဖွံ့ဖြိုးရေး အတွက် ရန်ပုံငွေကို မဲဖောက် လှူဒါန်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်ပြီးတော့ မြန်မာ့ ရိုးရာနှစ်သစ်ကူး အခမ်းအနားတခုနဲ့အတူ ရန်ပုံငွေတွေ မဲဖောက်ပေး ခဲ့တာပါ။ ရန်ပုံငွေ မဲပေါက်တဲ့ ကျေးရွာတွေအနေနဲ့ သူတို့ရွာရဲ့ လိုအပ်ချက်ကို ကိုယ့်ဘာသာ စုစည်းတိုင်ပင်ပြီး ဘာလုပ်မယ်ဆိုတာကို ဆုံးဖြတ်ကြရမှာဖြစ်တယ်လို့ ခရီးစဉ်မှာ ပါဝင်သွားတဲ့ NLD တာဝန်ရှိသူ တဦးက ဗွီအိုအေကိုပြောပါတယ်။ ကွယ်လွန်သူ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ရဲ့ အသက် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကမကထ ပြုပြီးတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ထူထောင်ခဲ့တာဖြစ်ပြီး ဖောင်ဒေးရှင်းရဲ့ ပထမဆုံး အလှူဒါနကို မြန်မာနှစ်ဆန်း တရက်နေ့ ကော့မှူးမြို့နယ် မှာ သွားလုပ်ခဲ့တာပါ။ ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အတူ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေလည်း  လိုက်ပါသွားခဲ့ပြီး လူထုကို ဖျော်ဖြေခဲ့ကြပါတယ်။
အခမ်းအနားအဖွင့်မှာ ဒေါ်အောင်ဆန်းစုကြည်က အနုပညာရှင်တွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး အခုလို ပြောခဲ့ပါတယ်။
-      အနုပညာရှင်များ ကျမတို့ရဲ့ လုပ်ငန်းမှာ ပါဝင်လာတာဟာ ကျမတို့နိုင်ငံအတွက် အင်မတန်ကောင်း တဲ့ လက္ခဏာ ဖြစ်ပါတယ်။ အနုပညာရှင်ဆိုတာဟာ ရိုးရိုးစကားနဲ့ အဓိပ္ပါယ်ဖော်ရမယ်ဆိုရင် အနုအယဉ် အလှကို ဖော်ဆောင်ပေးတဲ့ သူတွေ ဖြစ်ပါတယ်။
ဒီကနေ့လုပ်ခဲ့တဲ့အစီအစဉ်အသေးစိတ်၊ နှစ်သစ်ကူးအခမ်းအနား နဲ့ ရန်ပုံငွေ မဲဖောက်ပေးခဲ့တဲ့ အကြောင်းတွေ ကို ဒေါ်အောင်ဆန်း စုကြည် ရဲ့ လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့်က ဗွီအိုအေကို ရှင်းပြ ပါတယ်။
-      ကော့မှူးကို မနက်က ရောက်ရောက်ချင်းမှာတော့ ဘုန်းကြီးကျောင်း သွားတယ်၊ ဘုန်းကြီးကို သက်န်းကပ်ပါတယ်၊ ငါးပါးသီလ ခံပါတယ်။ နောက် ဘုန်းကြီးကျောင်းနဲ့ ကပ်လျက် လယ်ကွင်းထဲမှာ ထိုးထားတဲ့ စင်၊ အရင် မဲဆွယ်စည်းရုံးစဉ်ကာလတုန်းက ထိုးထားတဲ့ ကွင်းပါပဲ၊ နေရာတော့ မတူ ဘူးပေါ့။ ပြီးတော့ အခမ်းအနားဖွင့်ပြီး ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောပါတယ်။ သွားတဲ့ ရည်ရွယ်ချက်လေး ပြောပြတယ်။ အဆိုတော်တွေ ရုပ်ရှင်မင်းသား မင်းသမီးတွေ ပါပါတယ်။ သူတို့က သီချင်းဆိုပြီးတော့ နှစ်သစ်ကို ကြိုတယ်ပေါ့ဗျာ။ အဲဒါပြီးတော့ မဲနှိုက်တဲ့ အစီစဉ်ပေါ့။ မဲနှိုက်နေတုန်းမှာ အဆိုတော်တွေက ဖျော်ဖြေတယ်။ ပြီးတော့ ကြေညာတယ်။ အဆိုတော်တွေက ဆက်ဖျော်ဖြေ တယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ပါ စင်ပေါ်တက် နှုတ်ဆက်ပြီးတော့ အခမ်းအနား ပိတ်လိုက်ပါ တယ်။
ပထမဆုက ကျပ် ၁၇၅ သိန်း၊ ဒုတိယဆုက ကျပ် ၇၅ သိန်းနဲ့ တတိယဆုက ကျပ်သိန်း ၅၀ အသီးသီး သတ်မှတ်ထားတဲ့ ရန်ပုံငွေ အလှူ မဲဖောက်ရာမှာတော့ ကော့မှူးမြိ့နယ်၊ ၀ါးဘလောက်သောက်ကျေးရွာ အုပ်စုထဲက သမာမတ်ကျေးရွာက ပထမဆုမဲကို ပေါက်သွားတဲ့အကြောင်း ဦးခွန်သာမြင့်က ဆက်ပြော ပါတယ်။
-      ပထမဆုံးဖောက်တဲ့ တတိယဆုက ပုပ္ပါးကျေးရွာအုပ်စု၊ အဲဒီကျေးရွာအုပ်စုမှာလည်း ပုပ္ပါးက တရွာ တည်း ရှိပါတယ်။ ပုပ္ပါးရွာ ရတယ်။ ဒုတိယကတော့ စရိုင်မွတ်၊ စရိုင်မွတ်ကလည်း တရွာတည်းရှိတယ်။ ဒုတိယဆုရတယ်။ နောက်ဆုံး ပထမဆုကိုတော့ ၀ါးဘလောက်သောက်ကျေးရွာအုပ်စုပေါက်ပါတယ်။ အဲဒီထဲကမှ သမာမတ်ဆိုတဲ့ ရွာ။ အဲဒီရွာက ပထမဆု ရသွားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁ ရက်နေ့က ကျင်းပ ခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲ မှာ ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေ ၀င်ရောက် ယှဉ်ပြိုင်ပြီး ရွေးကောက် တင်မြှောက် ခံခဲ့ရတာ ဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ ကော့မှူးမြို့နယ်က မဲဆန္ဒရှင်တချို့နဲ့ ဗွီအိုအေက တွေ့ဆုံမေးမြန်း ခဲ့တာမှာ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ပေးနိုင်မယ် လို့ မျှော်လင့် ထားတဲ့ မဲဆန္ဒရှင်မျိုးကိုလည်း တွေ့ခဲ့ရဖူးပါ တယ်။ အခုလို ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအလှူ မဲဖောက်ပေးပြီးတော့ ဆုမဲပေါက်တဲ့ ရွာတွေက ရွာသားတွေကိုယ်တိုင် ဘာလုပ်မယ် ဆိုတာကို ရွေးချယ် ဆုံးဖြတ်ကြရမှာပါလို့ ဦးခွန်သာမြင့်က ပြောပါတယ်။
-      ခုဟာက ရွာသားတွေကို သူတို့ကိုယ်ပိုင် သူတို့ ဆုံးဖြတ်ချက် ပြဋ္ဌာန်းချက်အတိုင်း လုပ်ဖို့ လေ့ကျင့်ပေးတဲ့ သဘော၊ ကျနော်တို့က မြင်ချင်တာပေမဲ့ သူတို့လိုတာ ဖြစ်ချင်မှ ဖြစ်နေမှာပေါ့၊ အဲတော့ သူတို့ ဆုံးဖြတ်ပါလိမ့်မယ်။ ဒေသခံ NLD က ကိုယ်စားလှယ်တယောက်တော့ ပါမှာပေါ့။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့်ပါ။
ဖောင်ဒေးရှင်းတခုကို နာမည်နဲ့တကွ ထူထောင်ပြီး ဂုဏ်ပြုခံရတဲ့ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ဟာ မြန်မာ့ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးဖြစ်သလို ပထမဆုံး အမျိုးသမီးသံအမတ်ကြီး လည်း ဖြစ်ခဲ့သူပါ။ အသက် ၇၇ နှစ်အရွယ်၊ ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ လေဖြတ်တဲ့ဝေဒနာ ကို ဒုတိယအကြိမ် ခံစားရပြီး ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က ဗြိတိန်နိုင်ငံမှာ မိသားစုနဲ့ အတူ နေထိုင်နေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နာမကျန်းဖြစ်နေတဲ့ မိခင်ကြီးကို ပြုစုဖို့ မြန်မာနိုင်ငံ ဆီ ပြန်လာပြီးတဲ့နောက် ၈ လေးလုံး လူထုလှုပ်ရှားမှုကြီးနဲ့ ကြုံတွေ့ရပြီး မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု ရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့တာပါ။


သြစတြေးလျ၊ နော်ဝေ၊ အမေရိကန် ပိတ်ဆို့မှုများ လျှော့ချလာ


မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများအား လျှော့ချတော့ မည် ဖြစ်ကြောင်း သြစတြေးလျနှင့် နော်ဝေနိုင်ငံ အစိုးရများက ပြောကြားလိုက်ကြသည်။ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကမရွန်း မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ပိတ်ဆို့မှုများအား ဆိုင်းငံ့ထားသင့်ကြောင်း
သောကြာနေ့က ပြောဆိုလိုက်ပြီးနောက် ယခုကဲ့သို့ ဆက်တိုက် ပြောကြားလာကြခြင်း ဖြစ်သည်။

“ကျနော်တို့ ဒီပိတ်ဆို့မှုတွေ လျှော့ချတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားအတိုက်အခံတွေနဲ့ရော၊ အစိုးရနဲ့ရော၊ တခြားနိုင်ငံတွေနဲ့ပါ ပြောဆိုဆွေးနွေးပြီးမှ လုပ်တာပါ” ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr က ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေစဉ် တနင်္လာနေ့က ပြောကြားလိုက်သည်။

ထိုသို့လျှော့ချလိုက်ခြင်းအားဖြင့် မြန်မာအစိုးရပိုင်းမှ သြစတြေးလျနိုင်ငံနှင့် ငွေကြေးဆက်သွယ်မှုအရ လည်းကောင်း၊ပြည်ဝင်ခွင့် ဗီဇာအရလည်းကောင်း ပိတ်ပင်တားမြစ်ထားသည့် ၃၉၂ ဦးအနက် ၁၃၀ ခန့်သာ ဆက်လက် ကန့်သတ် ထားမည် ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်အပါအဝင် အစိုးရဝန်ကြီးများအပေါ် တားမြစ်ချက်များ ရုတ်သိမ်းလိုက်သော်လည်း စစ်ဘက် ထိပ်သိန်းခေါင်းဆောင်အချို့နှင့် လူ့အခွင့်အရေး ချိုးဖောက်သူဟု သံသယထားရှိသူတချို့အား ဆက်လက် ပိတ်ဆို့ထားမည် ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသည့် အရှေ့အာရှနှင့် ပစိဖိတ်ဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ကလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးအား အမေရိကန်သို့ ဖိတ်ကြားထားကြောင်း အင်္ဂါနေ့က သတင်းထောက်များအား ပြောကြားလိုက်သည်။

“ကျနော်တို့လည်း ခရီးသွားလာခွင့် ပိတ်ပင်ထားမှုတွေ ရုတ်သိမ်းတော့မှာပါ။ နိုင်ငံခြားရေးဝန်ကြီးကိုတောင် အမေရိကန် ပြည်ထောင်စုကို လာလည်ဖို့ ဖိတ်မန္တက ပြုထားပါပြီ” ဟု ပြောဆိုလိုက်သည်။

မြန်မာအစိုးရ၏ ရဲရင့်ပြီး မလုပ်မဖြစ်ခြေလှမ်းများအား လှမ်းခဲ့ပြီးကြောင်း ယုံကြည်ပြီး ဆက်လက် လုပ်ဆောင်သွားဖို့ လည်း အားပေးသွားမည်ဟု မစ္စတာကမ်းဘဲလ် က ဆိုသည်။ ထို့ပြင် အမေရိကန်၏ USAID အကူအညီများလည်းစေလွှတ်သွားမည် ဖြစ်သည်ဟုဆိုသည်။

အာရှပစိတ်ဖိတ် ဒေသဆိုင်ရာ ငါးကြိမ်မြောက် အိန္ဒိယ-အမေရိကန်ဆွေးနွေးပွဲ တက်ရောက်နေသော မစ္စတာ ကမ်းဘဲလ်က “လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ အိန္ဒိယဆီကနေ အလွန်ကောင်းတဲ့ အကြံဉာဏ်တွေ၊ ဆွေးနွေးချက်တွေ ရရှိခဲ့ပါတယ်။ ဒီအကြံဉာဏ်တွေဟာ ဒီကနေ့ ကျနော်တို့တွေ့နေရတဲ့ အခွင့်အရေးတွေကို ဘယ်လို ချဉ်းကပ်သင့်သလဲ ဆိုတာအတွက် အလွန်ကောင်းတဲ့ အကြံတွေပါပဲ” ဟု အိန္ဒိယအစိုးရပိုင်းအား ချီးကျူးပြောဆိုသွားခဲ့သေးသည်။

နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Jonas Gahr Stoere ကလည်း မြန်မာအစိုးရမှာ ပြုပြင်ပြောင်းလဲရေးအပေါ် လေးနက်မှု ရှိသည်ကို တွေ့ရပြီး ကြိုဆိုရမည်ဖြစ်ကြောင်း တနင်္ဂနွေနေ့က ပြောကြားလိုက်သည်။

“အခု မြန်မာနိုင်ငံ လိုအပ်နေတာက ကမ္ဘာကြီးနဲ့ ဆက်သွယ်ဖို့၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ နိုင်ငံတကာ အကူအညီတွေ ပဲ ဖြစ်ပါတယ်” ဟုပြောပြီး စီးပွားရေး ပိတ်ဆို့ အရေးယူထားမှုများ ရပ်ဆိုင်းထားမည်ဖြစ်ပြီး စစ်လက်နက် ရောင်းဝယ်မှုနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်ခြင်းများကိုမူ ဆက်လက်ပိတ်ပင်ထားမည်ဟု ဆိုသည်။ထိုသို့ နော်ဝေးနိုင်ငံ၏ ဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်ထံ တယ်လီဖုန်းဖြင့် ဆက်သွယ် အကြောင်းပြီး ဖြစ်သည်ဟု ဆိုသည်။

“တချိန်တည်းမှာပဲ ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်သူတွေကို ပြောလိုတာက အရေးယူ ပိတ်ဆို့မှုတွေဟာ ပြန်လည် အသက်ဝင်လာနိုင်တယ်၊ တကယ်တမ်းက ကျနော်တို့ဟာ ဒီအရေးယူပိတ်ဆို့မှုတွေကို ဆိုင်းငံ့ထားတာသာ ဖြစ်တယ်” ဟု နော်ဝေ နိုင်ငံခြားရေးဝန်ကြီးက သတိပေးပြောဆိုလိုက်သည်။

ထို့ပြင် သြစတြေးလျ အနေနှင့်လည်း ပိတ်ဆို့မှုများ လျှော့ချပေးလိုက်သော်လည်း အချိန်မရွေး ပြန်လည်ပိတ်ဆို့နိုင်ကြောင်း “သမ္မတကြီးဟာ ရိုးသားမှန်ကန်ပါတယ်။ သူဟာ ဒီဆုလာဘ်နဲ့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ဒီပိတ်ဆို့မှုတွေ ဟာ အချိန်မရွေး ပြန်ဖြစ်လာနိုင်ပါသေးတယ်” ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr က ပြောဆိုလိုက် သည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့်လည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများ ဆိုင်းငံ့ထားမည်ဆိုသည့်အပေါ် သဘောတူကြောင်း ပြောဆိုလိုက်ပြီး ပြုပြင်ပြောင်းလဲရေးသမားများ၏ လက်တံအား ပိုမိုဆန့်ထုတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သောကြာနေ့က ပြောဆိုလိုက်သည်။

“ပြုပြင်ပြောင်းလဲရေးတွေ ချောချောမွေ့မွေ့ ဆောင်ရွက်ခွင့် မရဘူးဆိုရင်တော့ အေရးယူပိတ်ဆို့မှုတွေဟာ ပြန်လာဖို့ အမြဲတမ်းပဲ ဖြစ်နိုင်ခြေ ရှိနေပါတယ်” ဟုလည်း သတိပေး ပြောဆိုထားသည်။

အရှေ့အာရှဒေသ လုံခြုံရေးရာဆိုင်ရာ ဆွေးနွေးပွဲ မြန်မာ့နိုင်ငံရေး ကိစ္စဆွေးနွေးမည်


မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲကိစ္စကို အရှေ့အာရှဒေသ လုံခြုံရေးရာဆိုင်ရာ အမေရိကန်နဲ့ အိန္ဒိယအစိုးရတို့ ဆွေးနွေးပွဲမှာ အဓိက အကြောင်းအရာတစ်ခုအဖြစ် ထည့်သွင်း ဆွေးနွေးကြမယ်လို့ သိရပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနဲ့ ပစ္စဖိတ်ဒေသဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နဲ့ အိန္ဒိယအစိုးရ အရှေ့အာရှဒေသဆိုင်ရာ အကြီးအကဲ Gautam Bambawale တို့ဟာ ဒီကနေ့ နယူးဒေလီမြို့မှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရပြီး လွှတ်တော်ထဲ ၀င်ရောက်တော့မယ့် နိုင်ငံရေး အခြေအနေနဲ့ အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်မူဝါဒ ဆက်စပ်မှု၊ သက်ရောက်မှုနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ဒေသတွင်း နိုင်ငံရေး အခြေအနေကိုလည်း ထည့်သွင်းဆွေးနွေးမယ်လို့ ဆိုပါတယ်။
အရှေ့အာရှနဲ့ အရှေ့တောင်အာရှဒေသဟာ အမေရိကန်နဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးရဲ့ နိုင်ငံခြားရေးမူဝါဒမှာ ထိပ်တန်းက ပါဝင်လာမှာ ဖြစ်တဲ့အတွက် အိန္ဒိယနဲ့ အမေရိကန် နှစ်နိုင်ငံစလုံးဟာ ဒေသတွင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ညှိနှိုင်း ဆွေးနွေးကြမှာလို့ ဆိုပါတယ်။


မြန်မာ့အရေး အိန္ဒိယ-အမေရိကန် ဆွေးနွေးနေ


အိန္ဒိယနှင့် အမေရိကန်တို့၏ အရှေ့အာရှဆိုင်ရာ ဆွေးနွေးပွဲများတွင်မြန်မာပြည်အရေးလည်း ထည့်သွင်းဆွေးနွေးနေသည်။

အင်္ဂါနေ့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အရှေ့အာရှဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နှင့် အရှေ့အာရှဆိုင်ရာ အိန္ဒိယ နိုင်ငံခြားရေး လက်ထောက်အတွင်းဝန် Gautam Bambawale တို့ ဦးဆောင်သည့် ဆွေးနွေးပွဲတွင် မြန်မာပြည်အရေး ထည့်သွင်းဆွေးနွေးမည်ဟု The New Indian Express သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံမှာ အမေရိကန်နှင့်တရုတ်တို့ အားပြိုင်ရာ ‘တိုက်ပွဲစစ်တုရင်ခုံတခု’အဖြစ် သတ်မှတ် သဘောထားကြောင်းလည်း ရေးသားဖော်ပြထားသည်။တနင်္လာနေ့မှ စတင်ခဲ့သော နှစ်နိုင်ငံဆွေးနွေးပွဲများတွင် တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားမှုများ၊မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုနှင့် မြန်မာအပါအ၀င် အရှေ့အာရှဆိုင်ရာ နိုင်ငံရေး၊ စစ်ရေးကိစ္စများကိုဆွေးနွေးကြမည်ဖြစ်သည်။

အင်္ဂါနေ့ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Derek Mitchell လည်း ပါဝင်မည်ဖြစ်ပြီး မြန်မာပြည် ဒီမိုကရေစီအရေး ရှေးရှုသည့် ခြေလှမ်းများအား အားပေးရန်နှင့်
ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရခြင်းတို့ကိုလည်း ထည့်သွင်းဆွေးနွေးမည်ဟု ဆိုသည်။ မစ္စတာမစ်ချဲလ်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် မကြာမီ တရားဝင် ခန့်အပ်ခံရဖွယ်ရှိသည်။

အိန္ဒိယ ၀န်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း သည်လည်း မေလထဲတွင် မြန်မာနိုင်ငံသို့ သွားရောက်ရန် ရှိနေသည်။ 


မြန်မာ့အရေး အိန္ဒိယအကြံပေးချက် အမေရိကန် ချီးကျူး


မြန်မာအစိုးရအနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ရဲရဲတင်းတင်း ဆောင်ရွက်လာတာကြောင့်၊ အမေရိကန် ပြည်ထောင်စု အနေနဲ့လည်း မြန်မာအပေါ် အရေးယူဒဏ်ခတ်မှုအချို့ ရုပ်သိမ်းတာ အပါအ၀င် အပြုသဘော တုံ့ပြန်ချက်တွေကို ဆောင်ရွက်ဖို့ စီစဉ်နေပြီလို့ အမေရိကန်ပြည်ထောင်စုရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က ပြောဆို လိုက်ပါ တယ်။ ၅ကြိမ်မြောက် India US Dialogue ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ Mr.Campbell က သတင်းထောက်တွေကို ပြောသွားတာပါ။
မြန်မာနိုင်ငံခြားရေးဝန်ကြီး အမေရိကန်ပြည်ထောင်စုကို အလည်အပတ် လာရောက်ဖို့လည်း ဖိတ်ခေါ် ထားတဲ့ အပြင်၊ မြန်မာခေါင်းဆောင်တွေကို အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်ထားတာကိုလည်း ပြန်လည် ရုပ်သိမ်းဖို့ရှိတယ်လို့ Mr.Campbell က ပြောပါတယ်။ မြန်မာအစိုးရရဲ့ သတ္တိရှိရှိ ရဲရဲ တင်းတင်း ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အခုလို ဆက်ဆံရေး ထူထောင် လာတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာ့အရေးကို ဘယ်လို ကိုင်တွယ်ဆောင်ရွက်မလဲလို့ သုံးသပ်တဲ့အခါမှာ၊ အိန္ဒိယနိုင်ငံနဲ့ တိုင်ပင် ဆွေးနွေးနိုင်တဲ့အတွက် လည်း အိန္ဒိယနိုင်ငံကို ချီးကျူးသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့တုန်းက မြန်မာ ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နေရာအားလုံးနီးပါး အနိုင်ရခဲ့တဲ့နောက်၊ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်ကိုယ်တိုင် ကြေညာချက်ထုတ်ပြန်ပြီး မြန်မာအပေါ် ဒဏ်ခတ်မှုအချို့ကို ပြန်လည် ရုပ်သိမ်း ပေးမယ့် အကြောင်း ပြောခဲ့တာပါ။ ဒါပေမယ့်လည်း ဒီလိုပြောင်းလဲမှုတွေ နောက်ကြောင်း ပြန်လှည့် မသွားဖို့နဲ့၊ ပြောင်းလဲမှုအတွက် အဟန့်အတားဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကိုတော့ အရေးယူမှု တွေ ဆက်လုပ်သွားမယ်ဆိုတဲ့အကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။


လူတန်းစားပေါင်းစုံ ပျော်မြူးနိုင်တဲ့ ရန်ကုန် ကန်တော်ကြီး သင်္ကြန်


စီးပွားရေး မြို့တော် ဖြစ်တဲ့ ရန်ကုန်မြို့တော်ရဲ့ ၂၀၁၂ မြန်မာ့ ရိုးရာ နှစ်သစ်ကူး သင်္ကြန်မှာ လူတန်းစား မရွေး စိတ်အေးချမ်းသာ ပျော်မြူးနိုင်တဲ့ နေရာတခုကို ပြပါဆိုရင် ရန်ကုန်မြို့လယ်ခေါင်နားမှာ ရှိတဲ့ ကန်တော်ကြီး ဥယျာဉ်ကိုပဲ လက်ညှိုး ထိုးပြရမှာ ဖြစ်ပါတယ်။
၂၀၁၂ သင်္ကြန်မှာ ရေကစားမဏ္ဍပ်ကြီးတွေကို နယ်မြေ အကန့်အသတ်နဲ့သာ ဆောက်လုပ်ခွင့်
ပြုထားတဲ့အတွက် သင်္ကြန်မဏ္ဍပ်ကြီးတွေ ရှိတဲ့ ကန်တော်ကြီး၊ ပြည်လမ်း အင်းယားကန်ရှေ့၊ ကမ္ဘာအေး ဘုရားလမ်းတလျှောက်နဲ့ လသာမြို့နယ် အနော်ရထာ လမ်းမပေါ်တွေမှာတော့ ဖျော်ဖြေရေး မဏ္ဍပ်တွေ၊
ရေပက်ခံကားတွေ ပွဲကြည့် ပရိသတ်တွေနဲ့ စည်စည်ကားကားရှိပေမယ့် တခြား ရန်ကုန်မြို့လမ်းမကြီး
တွေပေါ်မှာ စည်ကားမှု သိပ်မရှိပါဘူး။

လွန်ခဲ့တဲ့နှစ် စက်တင်္ဘာလက စတင်ခဲ့တဲ့ ကားဟောင်း အပ်နှံမှု အစီအစဉ်အရ ပစ်ကပ်ကား အရေအတွက် လျော့နည်းသွားတာကြောင့် ဒီနှစ်ရန်ကုန်မြို့တော်မှာ ရေပက်ခံကားတွေဟာ မနှစ်ကထက်စာရင် တ၀က်နီးပါးလောက် လျော့နည်းသွားတာကို တွေ့ရပေမယ့် ဖျော်ဖြေရေးမဏ္ဍပ်တွေ ရှိတဲ့ နေရာတွေမှာ ကားတွေ လူတွေ စုပြုံ တိုးကြိတ်နေကြပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတာကို
တွေ့ရပါတယ်။

ကန်တော်ကြီး ဥယျာဉ်ထဲမှာတော့ သင်္ကြန်ပွဲတော်အတွင်းမှာ ကန်တော်ကြီး ဥယျာဉ်ဝင်ကြေး တဦးကို ကျပ် ၅၀၀ ကောက်ခံပေမယ့်လည်း Grand Royal က စပွန်ဆာပေးထားတဲ့ Iron Cross အဖွဲ့သားတွေရဲ့
ဖျော်ဖြေရေးမဏ္ဍပ်ကို ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ၀င်ကြေးမယူ အခမဲ့ ဖျော်ဖြေနေတာကို တွေ့ရပါတယ်။ IC အဖွဲ့သားတွေရဲ့ ဖျော်ဖြေရေး မဏ္ဍပ်အပြင် ကန်တော်ကြီးဥယျာဉ်ဝင်းအတွင်းမှာ Grand Royal ကပဲ စပွန်ဆာပေးထားတဲ့ DJ အကအဖွဲ့ ဖျော်ဖြေရေး စင်မြင့်နဲ့ ကန်တော်ကြီးအတွင်း အပန်းဖြေ လမ်းလျှောက်သူတွေကို ရေပက်ဖြန်းပေးနေတဲ့ ရေပက် မဏ္ဍပ် တခုလည်း ရှိပါတယ်။ ကိုယ်တိုင် ၀င်ရောက် ကချင်သူတွေအတွက် ရေပန်းတွေ တပ်ဆင်ထားတဲ့ Dancing Floor တခုကိုလည်း ဖန်တီးပေးထားပါတယ်။

ရန်ကုန်မြို့ တခြားနေရာ မဏ္ဍပ်တွေမှာ ပိတ်ဆို့နေလို့ ကန်တော်ကြီးဥယျာဉ်အတွင်း လာရောက် အပန်းဖြေတဲ့ ကလေးငယ်တွေနဲ့ မိသားစုတွေ၊ စုံတွဲတွေ၊ သူငယ်ချင်း အုပ်စုတွေအတွက် ကျားမ အသက်အရွယ်မရွေး
ပျော်ရွှင်စရာ နေရာတခုအနေနဲ့ တွေ့ရပါတယ်။

ပတ်ဝန်းကျင်ကို ထိခိုက်တဲ့ အထိ အပျော်လွန် သောင်းကျန်းသူ တချို့ရှိပေမယ့် ကန်တော်ကြီးဝင်းအတွင်း လုံခြုံရေး တာဝန်ယူထားတဲ့ ပုဂ္ဂလိက လုံခြုံရေး ၀န်ထမ်းတွေရဲ့ ထိန်းသိမ်းပေးမှုကြောင့် အနှောက်အယှက်
ဖြစ်လောက်တဲ့ ပြဿနာ မဖြစ်ပါဘူး။ရေပက်ခံ ကားတွေလည်း ပတ်လမ်းအတွင်း ၀င်ဖို့ နာရီနဲ့ချီ စောင့်နေရပြီး၊ မဏ္ဍပ်ရှေ့ ရောက်နေတဲ့ ကားတွေက မဏ္ဍပ်တွေ ရှေ့က ပြန်မထွက်ဘဲ ပေရပ်နေကြတာပါ။ ကန်တော်ကြီး ပတ်လမ်းတလျှောက် လမ်းလျှောက် ရေပက်ခံ ထွက်လာတဲ့ လူအုပ်ကြီးကလည်း အလွန်အမင်း များပြားနေပြီး၊ ရေပက်ခံ ကားလမ်းကြောတွေအထိ လမ်းလျှောက်တဲ့သူတွေ ရှိနေပါတယ်။ ဒီလောက်များပြားတဲ့ လူအုပ်ကြားမှာပြဿနာ တစုံတရာ ဖြစ်လာမယ် ဆိုရင်တော့ ပြေးလွှားရင်း ထိခိုက်ဒဏ်ရာရမယ့်သူ အတော်များမှာပါ။ ကန်တော်ကြီး ပတ်လမ်းတလျှောက်က မဏ္ဍပ်တွေမှာ လုံခြုံရေး ကင်မရာတွေ တပ်ဆင်ထားတယ် ဆိုပေမယ့်လည်း ပြဿနာ တစုံတရာ ဖြစ်ပွားလာခဲ့ရင် ဖြေရှင်းပေးမယ့် လုံခြုံရေးတာဝန်ကျ ၀န်ထမ်း အလုံအလောက် ထားရှိတာကိုတော့ မတွေ့ရပါဘူး။

ရန်ကုန်မြို့ လသာမြို့နယ် အနော်ရထားလမ်းမပေါ်က Sky Net နဲ့ စီတီး FM တို့ရဲ့ ရေပက်မဏ္ဍပ်နဲ့
ဖျော်ဖြေရေး မဏ္ဍပ်မှာ လူအတော်လေး စည်ကားပေမယ့် ရေပက်မဏ္ဍပ်နဲ့ ဖျော်ဖြေရေးမဏ္ဍပ် တွဲထားတာ
ဖြစ်တဲ့အတွက် လမ်းပိတ်ဆို့မှုတွေ ဖြစ်နေပြီး ပရိသတ်တွေက ကားတွေကို ရှောင်ရ၊ ကားတွေကလည်း တိုးမပေါက်ဖြစ်ပြီး ပိတ်ဆို့မှုတွေ ဖြစ်နေခဲ့ပါတယ်။

ရန်ကုန်မြို့တော်ခန်းမ ရှေ့မှာ ရှိတဲ့ မြို့တော်ဝန် မဏ္ဍပ်ကလည်း အရင်နှစ်တွေ အတိုင်းပဲ လူတန်းစားတခု
အတွက် ဖျော်ဖြေရေး လုပ်နေသလိုဖြစ်နေပြီး အများပြည်သူ ပွဲကြည့် ပရိသတ်အတွက်ကတော့ သံဆူးကြိုးတွေ ကာရံထားတဲ့နောက် ခပ်လှမ်းလှမ်းကပဲ ငေးကြည့်လို့ရလို့ စည်စည်ကားကား သိပ်မရှိခဲ့ပါဘူး။

ဖျော်ဖြေရေးအတွက်ရော ရေပက်မဏ္ဍပ်အတွက်ရော ရေပက်ခံကားတွေအတွက်ရော ပွဲကြည့်ပရိသတ်တွေ အတွက်ရော အဆင်ပြေတဲ့ ဗိုလ်ချုပ်ဈေး ရှေ့မှာတော့ ဒီနှစ် ဘာမဏ္ဍပ်မှ မရှိဘဲ ခြောက်ခြောက်သွေ့သွေ့ သင်္ကြန် ဖြစ်နေပါတယ်။

ဖျော်ဖြေရေးမဏ္ဍပ်တွေအတွက် ကန်တော်ကြီး ပန်းခြံလိုပဲ အကွက်အကွင်းကောင်းတဲ့ ပြည်သူ့ဥယျာဉ်ဝင်း
အတွင်းမှာ ရေပက်ခံထွက်လာရင်း ၀င်နားတဲ့ ရေပက်ခံ ကားတွေ ရှိပေမယ့် ခြောက်ခြောက်သွေ့သွေ့နဲ့ တိတ်ဆိတ် ငြိမ်သက်နေပါတယ်။ ၀င်ကြေးကတော့ တဦးကို ကျပ် ၃၀၀ လို့ ဆိုပါတယ်။ရန်ကုန်မြို့တွင်းမှာ အခြေခံလူတန်းစားတွေအတွက် ဒီနှစ် အခက်ခဲဆုံးက သွားလာရေး ပြဿနာပါ။ ကားခတွေက နှစ်ဆကနေ သုံးဆလောက် တက်နေပါတယ်။ အနီးအနားဆို ၂၀၀ ကျပ်ဆိုပေမယ့် တချို့ဆို ၃၀၀ ကနေ ၅၀၀၊ ၇၀၀ အထိ တောင်းတဲ့ ယာဉ်တွေလည်း ရှိပါတယ်။ ဒီနှစ် သင်္ကြန်မှာ မထသ ယာဉ်လိုင်းနဲ့
ရွှေအင်းဝ ယာဉ်လိုင်းတွေက ပြေးဆွဲပေးနေတာ တွေ့ပေမယ့် ပါရမီ နဲ့ အဓိပတိ ယာဉ်လိုင်းတွေက ယာဉ်တွေ
ပြေးဆွဲတာ မတွေ့ရပါဘူး။ ယာဉ်လိုင်းတွေ စုံအောင် မထွက်လို့ ကိုယ်လိုရာကို ရောက်ဖို့အတွက်
နှစ်ဆင့်သုံးဆင့်လောက် စီးရတဲ့ ခရီးသည်တွေ များပါတယ်။ ရန်ကုန်မြို့မှာ ခရီးသွားပြည်သူတွေ အချိန်မရွေး အားထားလို့ရတဲ့ ဘတ်စ်ကားယာဉ်လိုင်း စံနစ် မရှိသေးတာကို တွေ့ရပါတယ်။ ညအချိန်တွေမှာဆို ကားတွေ အလွန်နည်းပါးပြီး ယာဉ်စီးခတွေလည်း ပိုများပါတယ်။ ခရီးသည်တွေကလည်း ကားသမားတွေ
တောင်းသလောက် ပေးနေရပါတယ်။ ပြေးဆွဲပေးနေတဲ့ကားတွေ ရှိနေတာကိုပဲ ကျေးဇူးတင်ရ
မလိုတောင် ဖြစ်နေတာပါ။

မြစ်ကြီးနားမြို့က လွှတ်တော်ကိုယ်စားလှယ် တဦး ဦးစီးတဲ့ မနောမြေ မဏ္ဍပ်မှာ ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့မှာ ဗုံးပေါက်ကွဲတဲ့ သတင်းတွေ အင်တာနက်တွေပေါ် ရောက်လာပေမယ့် ရန်ကုန်မြို့မှာတော့ ဧပြီလ ၁၅ ရက်နေ့ ညနေပိုင်းအထိ ထူးထူးခြားခြား သတင်းတွေ ထွက်မလာသေးပါဘူး။ ဒါပေမယ့် ဧပြီလ ၁၅ ရက်နေ့ ညနေ ၆ နာရီ ငါးမိနစ်မှာ ကို မင်းကိုနိုင်တို့ သံချပ်ဖျော်ဖြေရေးအဖွဲ့ သံလျင်က မဏ္ဍပ် တခုကို အရောက်မှာ ဘတ်စ်ကားပေါ်ကနေပြီး လူ ၁၅ ယောက်ခန့်က ကိုမင်းကိုနိုင်တို့ ကားကို တိုက်ခိုက်ခဲ့လို့ ၀င်ရောက်ကာကွယ်ပေးတဲ့ လူတချို့ ဒဏ်ရာ အပြင်းအထန် ရသွားသွားတယ်လို့ အင်တာနက် စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။ အဲဒီဖြစ်ရပ်ကို ရဲစခန်းကို သွားရောက်အကြားစဉ်မှာပဲ အခြား သာမန် အရပ်သားကားတစီးကို ထိုအဖွဲ့မှပင် အုတ်ခဲများဖြင့် တိုက်ခိုက်ခဲ့ပြန်ပါတယ်။

မြန်မာနိုင်ငံ အနှံ့မှာ နှစ်သစ်ကူး အတာသင်္ကြန် ရေသေနတ်တွေနဲ့ ကလေးတွေ ပျော်ပျော်ရွှင်ရွှင် ရေကစားနေ
ကြပေမယ့် ကချင်ပြည်နယ် ဖက်မှာတော့ တကယ့် သေနတ်တွေနဲ့ အစိုးရတပ်နဲ့ ကချင် လက်နက်ကိုင် တပ်ဖွဲ့တွေအကြား ပစ်ခတ်မှု တိုက်ပွဲသတင်းတွေနဲ့ စခန်းသိမ်း တိုက်ပွဲသတင်းတွေ ပေါ်ထွက်နေပါတယ်။

မကွေးတိုင်း ကံမ မြို့နယ်မှာလည်း အစုလိုက် အပြုံလိုက် ညအချိန်တွေမှာ လုယက် တိုက်ခိုက်မှုတွေ ဧပြီလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့တွေမှာ ဖြစ်ပွားတယ်လို သတင်းတွေ ပေါ်ထွက်နေပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက ကချင်ပြည်နယ် ဖားကန်မြို့နယ်နဲ့ မကွေးတိုင်း ကံမမြို့နယ်တို့မှာ ဖြစ်ပွားခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့
ဗုဒ္ဓဘာသာဝင်တွေအကြား ခိုက်ရန်ဖြစ်တွေ ဖြစ်ပွားအပြီးမှာ ဘာသာရေး အငြင်းပွားမှုတွေ ရှောင်ရှားကြဖို့
ပြည်သူလူထုကို တိုက်တွန်း ပြောကြားထားပါတယ်။   ။

ဇာဂနာနဲ့အဖွဲ့ စင်္ကာပူမှာ အငြိမ့်ကမည်

 

ဟာသသရုပ်ဆောင် ကိုဇာဂနာ ဦးစီးတဲ့ မြပုဏ္ဏမာအငြိမ့်က အခုလာမယ့် ဧပြီ ၂၉ ရက် တနင်္ဂနွေနေ့ စင်္ကာပူနိုင်ငံမှာ ကျင်းပမယ့် မြန်မာ့သင်္ကြန် အငြိမ့်ပွဲတော်အတွက် သွားရောက်ဖျော်ဖြေမယ်လို့ သတင်းရရှိပါတယ်။
မြပုဏ္ဏမာအငြိမ့်မှာ ပင်တိုင်ပါဝင်ကြတဲ့ လူရွှင်တော်တွေနဲ့အတူ တခြားဝါရင့် လူရွှင်တော်တွေလည်း ပါဝင်ကပြကြမယ်လို့ ကိုဇာဂနာက ပြောပါတယ်။
ကိုဇာဂနာတို့ရဲ့ မြန်မာ့သင်္ကြန် အငြိမ့်ပွဲကို စင်္ကာပူနိုင်ငံ Kallang ကာလန်း ပြဇာတ်ရုံမှာ ကပြမှာဖြစ်ပြီး သင်္ကြန်သံချပ်တွေ ပါဝင်မယ်လို့ သိရပါတယ်။ ဆိုင်းဝိုင်းကိုတော့ မြန်မာပြည် ဟိန်းရာဇာအဖွဲ့က တီးမှုတ်ပေးမယ်လို့ ဆိုပါတယ်။
ပြည်ပကို သွားရောက်ပြီး အငြိမ့်ကပြ ဖျော်ဖြေတာဟာ ပထမဦးဆုံးအကြိမ် ဖြစ်တယ်လို့လည်း သိရပါတယ်။

ရထားဝန်ကြီး ဦးအောင်မင်း နော်ဝေးနိုင်ငံကို ရောက်ရှိ


သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်းဟာ နော်ဝေးနိုင်ငံ အော်စလိုမြို့ကို မနေ့က ရောက်ရှိလာပါတယ်။
ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ မြန်မာအစိုးရကြား အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နော်ဝေးအစိုးရကို ရှင်းလင်းပြောဆိုဖို့ ဖြစ်တယ်လို့ နော်ဝေး နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။
ဒါ့အပြင် နော်ဝေးနိုင်ငံဘက်က မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းလိုက်တာရဲ့ အကျိုးသက်ရောက်မှု တစ်ရပ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အလားတူ ကေအင်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဗိုလ်မှူးတူးတူးလေးလည်း ညှိနှိုင်းဆွေးနွေးရေးသင်တန်း တက်ရောက်ဖို့ နော်ဝေးနိုင်ငံကို ရောက်ရှိနေပါတယ်။ ယော်ဗစ်မြို့က နော်ဝေး-မြန်မာ မိတ်ဆွေများအသင်းနဲ့ တွေ့ဆုံပွဲမှာ ဗိုလ်မှူးတူးတူးလေးက အခုလို ၀န်ကြီး ဦးအောင်မင်း ရောက်ရှိနေချိန်အတွင်း နော်ဝေးရောက် မြန်မာတိုင်းရင်းသားများ အနေနဲ့ မြန်မာအစိုးရကို ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စအတွက် အခုထက်ပိုပြီး ဆောင်ရွက်ဖို့ တိုက်တွန်းသင့်ကြောင်း ပြောဆိုခဲ့တယ်လို့ အသင်းဝင် ဦးဇော်ဝင်းက ပြောပါတယ်။
နော်ဝေး အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေး ကိစ္စတွေမှာ ပါဝင်ကူညီလိုတဲ့ ဆန္ဒရှိကြောင်း နော်ဝေး နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း ပြောဆိုပါတယ်။
မြန်မာအစိုးရအပေါ် ဗီဇာ ပိတ်ပင်ထားတာနဲ့ ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်ထားတာတွေကို ရုပ်သိမ်းကြောင်း နော်ဝေးအစိုးရက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ လက်နက်ရောင်းချရေးနဲ့ ကျောက်မျက်၊ သတ္ထု၊ သစ် စတဲ့ ကုန်သွယ်မှု ကဏ္ဍကိုတော့ နော်ဝေးနိုင်ငံက ဆက်လက် ပိတ်ပင်ထားမှာ ဖြစ်ပါတယ်။
ဥရောပသမဂ္ဂ အီးယူဟာ လာမယ့်ဧပြီလ (၂၃) ရက်နေ့မှာ မြန်မာ့အရေးဆိုင်ရာ မူဝါဒနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဝပြည်နယ် ငြိမ်းချမ်းရေး တည်ဆောက်မှု ၂၃ နှစ်ပြည့် အခမ်းအနားကျင်းပ


ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA ရဲ့ ၀ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်ခဲ့တာ ၂၃ နှစ်ပြည့် အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းက ၀ထိန်းချုပ်နယ်မြေ မိုင်းပေါက်မြို့ စစ်ရေးပြကွင်းမှာ ကျင်းပရာမှာ ဧည့်ပရိသတ် နှစ်သောင်းခန့် တက်ရောက်တယ်လို့ သိရှိရပါတယ်။အခမ်းအနားကို တပ်မဟာ ၆၄၈ က ကြီးမှူးကျင်းပတာဖြစ်ပြီး ၀တပ်ဖွဲ့တွေ ၁၉၈၉ ခုနှစ်က ဗကပက ခွဲထွက်ပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ အထိမ်းအမှတ် အခမ်းအနား ဖြစ်ပါတယ်။
တပ်မဟာ ၆၄၈ ရဲ့ စစ်သည် ၃၀၀၀ ခန့်က UWSA ဥက္ကဋ္ဌ ပေါက်ယူခြမ်းကို ချီတက်အလေးပြုပါတယ်။ အခမ်းအနားနဲ့ ပတ်သက်ပြီး UWSA ပြင်ပဆက်ဆံရေးဌာန ဒုတိယအကြီးအကဲ ဦစံကွန်းက-
" ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌကြီးကိုယ်စား ဒုတိယ စစ်သေနာပတိချုပ် ကျောက်ကျုံးသန်းက အမှာစကား မိန့်ခွန်းပြောပါတယ်။ ကျွန်တော်တို့ ဒေသမှာရှိတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ကိုယ်စားလှယ်က စကားပြောတယ်။ ရပ်ဝေး အထူးဧည့်သည်တော် ကိုယ်စားလှယ် ကိုယ်စား မိုင်းလားက ဒုဥက္ကဋ္ဌက စကားပြောတယ်။ ၁၅ မမ တွေ၊ စက်အမြောက်တွေ၊ မြင်းလားတွေနဲ့ ဒီလက်နက်ငယ်တွေ တင်တဲ့ အခမ်းအနားတွေ၊ ကားပေါ်မှာ စက်အမြောက်တွေ တင်တာတော့ နည်းနည်းပါးပါးတော့ ပြတာပေါ့ဗျာ" လို့ပြောပြပါတယ်။
အခမ်းအနားမှာ မိုင်းပေါက်မြို့နယ်မှာ နေထိုင်တဲ့ တိုင်းရင်းသား ၁၆ မျိုးကလည်း တပ်ဖွဲ့ဝင်တွေနဲ့အတူ စစ်ရေးပြ အခမ်းအနားမှာ ပါဝင်ပါတယ်။
တရုတ်ပြည်က ကိုယ်စားလှယ်တွေ၊ ၀ပြည်နယ်အတွင်းက ကိုယ်စားလှယ်တွေအပြင် မိုင်းလားအဖွဲ့လည်း အခမ်းအနားကို တက်ရောက်ပါတယ်။ ဒါပေမဲ့ အစိုးရဘက်က ကိုယ်စားလှယ်တွေ တက်ရောက်လာတာ မတွေ့ရဘူးလို့ ဦးစံကွန်းက ပြောပါတယ်။ အစိုးရနဲ့ UWSA အပစ်အခတ်ရပ်စဲရေး ပြည်နယ်အဆင့် ဒုတိယအကြိမ် ပြုလုပ်ထားတာဖြစ်ပြီး ပြည်ထောင်စုအဆင့် ဆက်လက်ပြီး ဆွေးနွေးဖို့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က UWSA ဥက္ကဋ္ဌထံ စာပေးပို့ထားတယ်လို့ သိရပါတယ်။
ဒါပေမဲ့ UWSA ဘက်က ဆွေးနွေးမဲ့နေ့ကို အကြောင်းပြန်ကြားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

လှိုင်းဘွဲ့မြို့နယ် မဏ္ဍပ်တခုတွင် လက်နက်ကိုင်တစုနှင့် အချင်းများ

သင်္ကြန်ရေကစား မဏ္ဍပ်တခုတွင် စကားများရာမှ အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက လက်နက်ပြ ခြိမ်းခြောက်မှုတခု ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာ ရေကစားမဏ္ဍပ်တွင် သင်္ကြန် အကြတ်နေ့ ဧပြီလ ၁၅ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က အသက် ၁၈-၂၀ ဝန်းကျင်ရှိ ဆိုင်ကယ်စီးလူငယ် သုံးဦးအား ရေပက်ကစားစဉ် ဆိုင်ကယ် လဲကျရာမှ ရွားသားများနှင့် အချင်းဖြစ်ပွားခဲ့သည်။

“မဏ္ဍပ်က လူငယ်တွေက တားပြီး ရေပက်တာပေါ့။ အရှိန်နဲ့လာတော့ ဆိုင်ကယ်က တိမ်းသွားတော့ မဏ္ဍပ်က လူငယ်တွေနဲ့ စကားများကြတာပေါ့။ သူတို့တွေက ထုတ်ပြတာက ဘီအေ ၁၀၉ လို့ခေါ်တယ်။ ဗုံး သုံးလုံး တယောက် တလုံးစီ ထုတ်ပြတယ်။ သူတို့လက်ထဲမှာ ကိုင်ထားတာက သုံးမြှောင့် တံစည်းကို သွေးထားတဲ့ အချွန် ကိုင်ထားတယ်” ဟု ရွှေဂွန်းရွာ ဒေသခံတဦးက ပြောသည်။

ထိုဆိုင်ကယ်များတွင် ကရင်ပြည်နယ်အလံ အသေးစားကို လွှင့်ထူထားသော်လည်း မည်သည့်အဖွဲ့မှဟု မသိရကြောင်း “ဘယ်အဖွဲ့ကဆိုတာ တိတိကျကျ မပြောဘူး။ မြိုင်ကြီးငူကလို့ပဲ ဖြေပါတယ်။ ယူနီဖောင်း ဝတ်မထားဘူး” ဟု အဖြစ်အပျက်ကို ကိုယ်တိုင်မြင်တွေ့ခဲ့သည့် အမျိုးသမီးတဦးက ပြောသည်။

ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသတွင် လက်နက်ကိုင် အဖွဲ့အစည်းများ ရှိပြီး ၎င်းတို့မှာ တိုးတက်သော ကရင်အကျိုးပြု တပ်မတော် (DKBA)၊ နယ်ခြားစောင့်တပ်ရင်း အမှတ် ၁၀၁၁ နှင့် ၁၀၁၉ တပ်ရင်းတို့ရှိကြောင်း သူမက ဆက်ပြောသည်။

စကားများကြရာတွင် နှစ်ဘက်လူငယ်များ အရက်သေစာ သောက်စားထားခြင်းရှိကြောင်း သိရသည်။
သို့သော် ရွာခံလူကြီးများက ပြဿနာကို အချိန်မီ ဝင်ရောက်ဖြန်ဖြေကြကာ ရေကစားမဏ္ဍပ်ကိုလည်း ချက်ချင်း ဖျက်သိမ်းလိုက်ပြီး ထိခိုက်ဒဏ်ရာရရှိမှု တစုံတရာမရှိဘဲ ဖြေရှင်းနိုင်ခဲ့ကြကြောင်း သိရသည်။

၈၈ မျိုးဆက်ရဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု


ကိုမင်းကိုနိုင်၊ ကိုကိုကြီး ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုတစ်ရပ်အနေနဲ့ ရန်ကုန်မြို့ အင်းလျားကန်မှာ ဒီကနေ့ သွားရောက် ငါးလွှတ်ပြီး ကမ္ဘာအေးဘုရားမှာ ၀တ်ပြု ဆုတောင်းခဲ့ကြပါတယ်။ဒီလှုပ်ရှားမှုဟာ နှစ်သစ်မှာ မြန်မာပြည်သူတွေ ငြိမ်းချမ်းသာယာရေးနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အဖွဲ့နဲ့အတူ ဒေါ်နော်အုန်းလှ ဦးဆောင်တဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းအဖွဲ့လည်းဒီကနေ့ လှုပ်ရှားမှုမှာ ပါဝင်တယ်လို့ သိရပါတယ်။

သောကြာ ဆုတောင်းအဖွဲ့ သက်ကြီးပူဇော်ပွဲ ကျင်းပ


ဒေါ်နော်အုန်းလှ ဦးဆောင်တဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး သောကြာ ဆုတောင်းအဖွဲ့က ဒီကနေ့ မနက် ၇ နာရီမှာ မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက်မှာရှိတဲ့ ပဏ္ဍိစ္စာ ရာမ ပရိယတ္တိကျောင်းတိုက်မှာ သံဃာတော်အပါး (၁၀၀) ကျော်ကို အရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းပြီး သက်ကြီးပူဇော်ပွဲ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင်၊ ဦးအုန်းမောင်၊ ဦးညွှန့်လွင်တို့ အပါအဝင် အသက် (၇၀) အထက် ဘိုးဘွားဦးရေ (၂၀၀) ကျော် တက်ရောက်ခဲ့ပါတယ်။
ဒီသက်ကြီးပူဇော်ပွဲမှာ လှူဖွယ်ပစ္စည်း (၇) မျိုး စုပေါင်းလှူဒါန်းခဲ့ပြီး ဒါဟာ နှစ်စဉ်နှစ်တိုင်း ဒီလိုဆုတောင်းလှူဒါန်းမှု ပြုခဲ့တာ (၇) နှစ်မြောက်ဖြစ်တဲ့ အထိမ်းအမှတ်အနေနဲ့လည်း ပြုလုပ်တာပါလို့ ဦးဆောင်သူတွေက ပြောပါတယ်။
ဒီနေ့ပြုလုပ်တဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ ရည်ရွယ်ချက် (၃) ခုနဲ့ ဆုတောင်းကုသိုလ် ပြုကြတာပါလို့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး သောကြာဆုတောင်းအဖွဲ့မှ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဒေါ်ခင်ဝင်းကြည်က ပြောပါတယ်။
“ရည်ရွယ်ချက်တွေက မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ နောက်တစ်ခုက မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးရယ် နောက်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးကို ကျွန်မတို့က အဓိက ဦးထိပ်ထားပြီးတော့ ရည်ရွယ်ချက်(၃) ခုနဲ့ပေါ့”
ဒီအခမ်းအနားမှာ သောကြာ ဆုတောင်းအဖွဲ့ဝင်ပေါင်း (၅၀) ကျော်ပါဝင်ခဲ့ပြီး မနက် (၁၀) နာရီမှာတော့ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရည်ရွယ်တဲ့ ဇီဝိတဒါန ငါးလွှတ်ပွဲကိုလည်း အခြားအဖွဲ့အစည်း အသီးသီးနဲ့အတူ အင်းလျားကန်မှာ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။

မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖင်လန်အစိုးရ ကူညီမည်


မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဖင်လန်နိုင်ငံအစိုးရက ကူညီဆောင်ရွက်ပေးသွားမယ်လို့ ဖင်လန် နိုင်ငံခြားရေး ၀န်ကြီးဌာနက သူ့ရဲ့အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဖင်လန်အစိုးရရဲ့ ဒေသတွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး အလုပ်အဖွဲ့ခေါင်းဆောင်ဖြစ်သူ Kimmo Kil-junen ဟာ မြန်မာနိုင်ငံနဲ့ ထိုင်း၊ မြန်မာနယ်စပ်ကို သွားရောက်ခဲ့ပြီး မြန်မာအစိုးရ ကိုယ်စားလှယ်တွေအပြင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ခရီးစဉ်ရဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ လာမယ့် ဇွန်လ ပထမပတ်အတွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး ညှိနှိုင်းဆွေးနွေးပွဲတစ်ခု ကျင်းပနိုင်ဖို့ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
အဲဒီ ဆွေးနွေးပွဲကို မြန်မာအစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကျွမ်းကျင်သူတွေနဲ့ ငြိမ်းချမ်းရေးသုတေသန လုပ်ဆောင်နေသူတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ကြားမယ်လို့ ဖင်လန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဆိုပါတယ်။

ကေအိုင်အေတပ်သား ၃၅ ယောက် အစိုးရထံ လက်နက်ချ

ကချင်လွတ်လပ်ရေးတပ်မတော် KIAက အကြပ်တပ်သား ၃၅ယောက်က လက်နက်မျိုးစုံ ၂၃လက်နဲ့အတူ ပြီးခဲ့တဲ့ သင်္ကြန်အတက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးရွာမှာ အခြေချနေတဲ့ အစိုးရ တပ် စခန်းကို လာရောက် လက်နက်ချခဲ့ပါတယ်။ ဒေသခံတွေကတော့ ဒီလို လက်နက် ချလာ သူတွေ ဟာ KIAက အဓမ္မ တပ်သားသစ်စုဆောင်းခံရ သူတွေဖြစ်တာကြောင့်  ပြန်လာ တာဖြစ်ကြောင်းပြောဆိုပြီး KIA ဘက်ကို ဆက်သွယ် မေးမြန်းရာမှာတော့ ဒီသတင်း မကြားသိသေးကြောင်း နဲ့ အတင်းအကျပ် ကောက်ယူတာ မရှိကြောင်း ငြင်းဆိုထားပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIAက တပ်ကြပ်ကျော်ဆန်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၃၅ယောက် ဟာ မြစ်ကြီးနား မြို့နယ် တာလောကြီး ကျေးရွာမှာ အခြေချနေတဲ့ ခလရ ၃၇ တပ်စခန်းကို ဒီလ ၁၆ရက်နေ့ မနက်ပိုင်း က  လက်နက်ချဝင်ရောက်လာတာဖြစ်ပါတယ်။
ဒီလို ၀င်ရောက်လာသူတွေကို ခလရ ၃၇က ဒုရင်းမှုးက လက်ခံပြီး နေရာချထားပေးတယ်လို့ တာလောကြီး ရွာသား တယောက်က ပြောပါတယ်။
-   သူတို့က သူတို့ကို ဦးဆောင်ခဲ့တဲ့ စစ်ကြောင်းမှုးကိုတော့ မပါလာဘူး။ သူက ကချင်လေ။ သူနဲ့ အပြန်အလှန်ဖြစ်ပြီးမှ သူတို့ တပ်စိတ်မှုးတွေပဲ အချင်းချင်းညှိနှိုင်းပြီးမှ ဒီဘက် ထွက်ခဲ့ကြတာ။ သူတို့ ၃၅ယောက်။ လက်နက်မျိုးစုံ ၂၃လက်ပါတယ်။ အားလုံး အမှတ် ၃၇ သူတို့ တူးအိုင်စီကိုယ်တိုင် အဲဒီ ကိစ္စကို နေရာချထားပေးတယ်။ ကောင်းကောင်းမွန်မွန်ပဲ။
ပြန်လည်ဝင်ရောက်လာသူတွေဟာ ရှမ်း၊ ဗမာနဲ့ ကချင် လူမျိုးတွေဖြစ်တယ်လို့ လည်း ပြောပါတယ်။အခုလို ပြန်လည်ဝင်ရောက်လာသူတွေဟာ သူတို့ စိတ်ဆန္ဒမပါဘဲ အမှုထမ်းရသူတွေဖြစ်တာကြောင့် ပြန် လာတာဖြစ်တယ်။ ဒီလို ပြန်လာတာကြောင့် သူတို့ ရွာလုံခြုံရေးထိခိုက်မှာလည်း စိုးရိမ်နေရတယ်လို့ တာလောကြီး ရွာသားက ဆက်ပြောပါတယ်။
-       သူတို့က KIA တွေ ပေါ်တာဆွဲပြီး ဖမ်းသွားတာတွေ၊ နောက်တခါ ဖိအားပေးပြီး စာနဲ့ ဆင့်ပြီး ခြိမ်းခြောက်ခေါ်ခံရသူတွေ၊ နောက်ဆုံး လုပ်ငန်းခွင်မှာ အဖမ်းအဆီးခံရတဲ့ ကလေးတွေ ချည်း ပဲ။ ပြဿနာတော့ ရှာမှာပဲ။ အရင့်အရင် ဒါမျိုးထွက်ခဲ့သူတွေကို မိသားစုကို ရန်ရှာတာတို့၊ သူတို့ ဆွေမျိုးတော်စပ်သူကို ရန်ရှာတာတို့ အစဉ်အလာ ရှိခဲ့ဖူးတယ်။ အခုလည်း ပြောလို့ မရဘူးလေ။ သူတို့ လုပ်ရိုးလုပ်စဉ်တွေ ဆိုတော့ ရှာဖို့တော့ များပါတယ်။ အစိုးရက ဘယ်လောက်ထိ ကာကွယ်ပေးနိုင် မလဲ ဆိုတော့ ဒီလုပ်ငန်းခွင်မှာတော့ တာဝန်ယူကာကွယ်လို့ မရပေမဲ့ ကျေးရွာ တခုလုံး လုံခြုံမှုကိုတော့ အမှတ် ၃၇ ကနေ တာဝန်ယူပြီး စောင့်ရှောက်ပေးနေတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIOက ပြောရေးဆိုခွင့် ရှိသူတွေကို ဆက်သွယ်ရာ မှာတော့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။ KIA အဆင့်မြင့် အရာရှိတယောက်ကတော့ လက်နက်ချတဲ့သတင်းကို အတိအကျ မသိ ရသေးကြောင်း  ပြောပါတယ်။ ဒေသခံတွေ ပြောသလို KIA က အတင်းအကျပ် စစ်သား စုဆောင်း ကောက်ယူ သလား ဆိုတာကိုတော့ KIA အရာရှိက အခုလို ဖြေပါတယ်။
-    မူဝါဒတော့ အဲလို မရှိဘူး။ ဒါမျိုးတော့ မရှိဘူးလေ ကျနော်တို့က။ ဟိုဘက် ရောက်သွားရင်တော့ အဲလိုပဲ ပြောရမှာပေါ့ကွာ။ အဲလို မပြောရင်တော့ သက်သာမှာ မဟုတ်ဘူးလေ။
လောလောဆည်မှာတော့ ကချင်ပြည်နယ် ၀ိုင်းမော်ဒေသ၊ မိုးမောက်ဒေသနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဘက်တွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
KIA နဲ့ မြန်မာအစိုးရတပ်တွေအကြားမှာ ၁၇နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့ရာက တိုက်ပွဲတွေ ပြန်လည် စတင် နေတာ အခုဆိုရင် ၁၀ကျော်လာပြီ ဖြစ်ပါတယ်။ဒီတိုက်ပွဲပြန်စခဲ့တဲ့ အစောပိုင်း ၂လတာ ကာလအတွင်းမှာ အစိုးရတပ်တွေက အမျိုးသမီးနဲ့ မိန်းကလေး ငယ် ၃၇ ယောက်ကို အဓမ္မ ပြုကျင့်ခဲ့ပြီး ၁၃ယောက်သတ်ဖြတ်ခဲ့တယ်လို့ ကချင်အမျိုးသမီးအဖွဲ့က  အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
အစိုးရပိုင်သတင်းစာတွေကတော့ KIA အဖွဲ့တွေက လမ်း၊ တံတားတွေ၊ မီးရထားသံလမ်းတွေကို မိုင်းခွဲ ဖျက်ဆီး ခဲ့ကြောင်း နဲ့ အဓမ္မ လူသစ်ကောက်ယူစုဆောင်းနေကြောင်း သတင်းစာတွေမှာ ဖော်ပြခဲ့ကြပါတယ်။အခုလက်ရှိအချိန်မှာတော့ လောလောဆည်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည် ၆သောင်းလောက် ဟာ ကချင်ပြည်နယ်အတွင်း မြို့ကြီးတွေနဲ့ တရုတ်မြန်မာနယ်စပ်ဒေသဘက်တွေကို ထွက်ပြေး တိမ်းရှောင်နေ ရ ပါတယ်။
KIO ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေအကြားမှာ ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရရှိဖို့ အနည်းဆုံး ၃ကြိမ်ဆွေးနွေးခဲ့ပေမဲ့ ဒီကနေ့အထိတော့ မအောင်မြင်သေးပါဘူး။

NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/

0 comments:

Post a Comment