မြန်မာသတင်းများ ဧပြီလ ၂၇ ရက် ၂၀၁၂ ခုနှစ်


မူးယစ်ရာဇာ နော်ခမ်း အဖမ်းခံရဟု ဆို

မြန်မာနှင့် ဒေသတွင်း နိုင်ငံများက မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုနှင့် အလိုရှိနေသော ရှမ်းအမျိုးသား စိုင်းနော်ခမ်းကို ယနေ့ လာအို နယ်စပ်၌ ဖမ်းမိကြောင်း ထိုင်း သတင်းများအရ သိရသည်။ ထိုင်းနိုင်ငံရှိ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ရုံး(Office of the Narcotics Control Board – ONCB) ကလည်း စိုင်းနော်ခမ်းကို ထိုင်း ဘတ် ၂ သန်း ဆုငွေ ထုတ်ထားသည်။ စိုင်းနော်ခမ်းအဖွဲ့မှ ၈ ဦးသည် ဧပြီ ၂၃ ရက်က ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်မြို့ရှိ နယ်မြေခံ အစိုးရ စစ်တပ်တွင် လက်နက်မျိုးစုံဖြင့် အလင်း ၀င်ရောက်ခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌လည်း ဖော်ပြထားသည်။

မူးယစ်ရာဇာ နော်ခမ်းကို ပစ်ခတ်ဖမ်းဆီး

ထိုင်းနိုင်ငံမှ အလိုရှိနေသည့် မြန်မာနိုင်ငံသား မူးယစ်ရာဇာ နော်ခမ်းကို လာအိုစစ်တပ်က ပစ်ခတ်ဖမ်းဆီးလိုက်ကြောင်း ထိုင်း ရုပ် သံ သတင်းဌာန Chanel 3 နှင့် ထိုင်း သတင်းများတွင် ဖော်ပြထားသည်။
လာအို အာဏာပိုင်များက မူးယစ်ရာဇာ နော်ခမ်းကို ဖမ်းဆီးရမိထားကြောင်း ထိုင်း အာဏာပိုင်များထံ အကြောင်းကြားခဲ့ သည့် အတွက် သွားရောက်စစ်ဆေးနေကြောင်း အဆိုပါ သတင်းဌာနများတွင် ရေးသားထားသည်။ နော်ခမ်းကို လက်ရ ဖမ်းဆီးမိခြင်းလော၊ အသေဖမ်းဆီး မိခြင်းလော ဆိုသည်မှာ မရှင်းလင်းသေးပေ။ မြန်မာနိုင်ငံ တာချီလိတ်မြို့မှ အစိုးရ အရာရှိတဦးကလည်း မူးယစ်ရာဇာနော်ခမ်း၏ အဖွဲ့ဝင် လေးဦးကို ယနေ့နံနက်ပိုင်းက လာအိုနိုင်ငံဘက်ခြမ်းတွင် ဖမ်းမိသည်ဟု သိရကြောင်း
ပြီးခဲ့သည့် ဧပြီ ၂၀ရက်နေ့က မူးယစ်ရာဇာ နော်ခမ်းအား ထိုင်းနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ရုံး(Office of the Narcotics Control Board – ONCB) က ဆုငွေ ထိုင်းဘတ် ၂ သန်း (ဒေါ်လာ ၆၄၀၀၀ ခန့်)ထုတ်ပြန်ထားသည်။ထိုသို့ ဆုငွေထုတ်ပြီးနောက် နော်ခမ်း၏ အဖွဲ့ဝင် ၈ ဦးသည် မြန်မာအစိုးရထံသို့ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
မူးယစ်ရာဇာနော်ခမ်းနှင့် အဖွဲ့သည် မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံ နယ်စပ်များ ထိစပ်နေသည့် ရွှေကြိဂံဒေသတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှုများ ပြုလုပ်နေပြီး မဲခေါင်မြစ်အတွင်းရှိ ကုန်သင်္ဘောများနှင့် ခရီးသည်တင်ရေယာဉ်များကို စီးနင်းတိုက်ခိုက်ကာ ပြန်ပေးငွေ တောင်းခြင်းများ ပြုလုပ်နေသည်ဟု စွပ်စွဲခံထားရသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလက မဲခေါင်မြစ်အတွင်းသွားလာနေသည့် တရုတ်ကုန်တင်သင်္ဘောကို ၀င်ရောက်စီးနင်းပြီး သင်္ဘောသားများအား သတ်ဖြတ်ခဲ့ရာတွင် မူးယစ်ရာဇာနော်ခမ်းနှင့် အဖွဲ့က ပြုလုပ်ကြောင်း ထိုင်းအာဏာပိုင်များ၏ စွပ်စွဲမှုများလည်း ထွက် ပေါ်ခဲ့သည်။
မြန်မာ၊ တရုတ်၊ ထိုင်းနှင့် လာအို နိုင်ငံများက အလိုရှိနေသူ ရှမ်းတိုင်းရင်းသား တဦးဖြစ်သည့် နော်ခမ်းသည် ၁၉၉၆ ခုနှစ်တွင် လက်နက်ချခဲ့သော ဦးခွန်ဆာ ခေါင်းဆာင်သည့် မော်ထိုင်း တပ်မတော်(MTA) တပ်ဖွဲ့ဝင်ဟောင်း ဖြစ်သည်။၂၀၀၆ ခုနှစ်မှ စတင်၍ လက်နက်ကိုင်ပြီး ရွှေတြိဂံနယ်မြေ၌ ပြန်လည် လှုပ်ရှားခဲ့ကြောင်း၊ သူ၏တပ်ဖွဲ့ကို လားဟူ၊ ရှမ်း တိုင်းရင်းသားများနှင့် ဖွဲ့စည်းထားကြောင်း သိရသည်။
မူးယစ်ဆေးဝါးကုန်သွယ်မှုများနှင့် ထိုင်းနိုင်ငံက အလိုရှိနေသူများစာရင်းတွင် မူးယစ်ရာဇာနော်ခမ်းအပြင် မြန်မာနိုင်ငံသားများဖြစ် သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)မှ ဗိုလ်နှုတ်ခမ်းမွေး ခေါ် ဗိုလ်မှူးချုပ် စောလားပွယ် နှင့် ယင်းဆေး တို့လည်း ပါဝင်သည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ အမျိုးသား လွှတ်တော် အတည်ပြု

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေကို ယမန်နေ့က အမျိုးသား လွှတ်တော်တွင် အတည်ပြုလိုက်ကြောင်း သိရသည်။ ယင်း ဥပဒေကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်ကလည်း အတည်ပြုထားပြီးဖြစ် သည်ဟု ဆိုသည်။

EU ပိတ်ဆို့မှု ဆိုင်းငံ့ခြင်းအပေါ် အာဆီယံ ကြိုဆို

EU က မြန်မာနိုင်ငံကို ပိတ်ဆို့ အရေးယူမှုများ တနှစ်ဆိုင်းငံ့လိုက်ခြင်းအပေါ် အာဆီယံက ကြိုဆိုကြောင်း ယမန်နေ့က ထုတ်ပြန်ပြော ကြားသည်။ EU ၏ ဆောင်ရွက်ချက်သည် မှန်ကန်သည့် အချိန်ကိုက် ဆောင်ရွက်ချက်ပင်ဖြစ်သည်ဟုလည်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ် က ပြောဆိုကြောင်း AFP သတင်းက ရေးသည်။ EU က စစ်လက်နက်ပစ္စည်း ရောင်းဝယ် မှု ဆိုင်ရာ ပိတ်ဆို့ခြင်းကိုမူ ဆက်လက် ထားရှိဦးမည် ဖြစ်သည်။

မြန်မာ နောက်ပြန်လှည့်နိုင်ခြေရှိဟု ကာ့တ် ကမ်းဘဲလ် ပြော

အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် က မကြာသေးခင်က စတင်သည့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများသည် နောက်ပြန်လှည့်သွားနိုင်ခြေရှိကြောင်း ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံတွင်း၌ အခွင့်အရေး ချိုးဖောက်မှုများရှိနေဆဲဖြစ်၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများနှင့်ပတ်သက်ပြီး လျှော့ချပေးမှုများကို သတိထားသင့်ကြောင်း လည်း ကာ့တ် ကမ်းဘဲလ် က ပြောသည်ဟု AP သတင်းတွင် ရေးထားသည်။ ယမန်နေ့က ကျင်းပ သော အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ၏ မြန်မာ့အရေးဆိုင်ရာ မူဝါဒ ကြားနာပွဲတွင် ယင်းသို့ ပြောကြားခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာအပေါ် ပိတ်ဆို့မှု ရုပ်သိမ်းဖို့ အမေရိကန် မရည်ရွယ်


မြန်မာအစိုးရအပေါ် ပိတ်ဆို့ အရေးယူထားတာတွေကို လုံးဝ ပြန်လည်ရုပ်သိမ်းဖို့ အမေရိကန်အစိုးရမှာ ရည်ရွယ်ချက် မရှိကြောင်း အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ Kurt Campbell က ပြောလိုက်ပါတယ်။

ဂျပန်-မြန်မာ ပူးတွဲ ကြေညာချက် ထုတ်ပြန်

ဂျပန်-မြန်မာ ပူးတွဲ ကြေညာချက်တရပ်ကို ဧပြီ ၂၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ ဧပြီ ၂၁ ရက်နေ့က ကျင်းပသော ဂျပန် ၀န်ကြီးချုပ် ရိုရှီဟီကို နိုဒ နှင့် သမ္မတ ဦးသိန်းစိန်တို့၏ သတင်းစာရှင်းလင်းပွဲမှ သတင်းထုတ်ပြန်ချက်ဖြစ်သည်။ ဂျပန်က မြန်မာနိုင်ငံ ၏ ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်ဆောင်ရွက်နေမှုကို အားပေးသည့်အနေဖြင့် မြန်မာအပေါ်တင်ရှိနေသော ကြွေးမြီနှင့် နောက် ကျကြေး၏ ၆၀ ရာခိုင်နှုန်းအား လျှော်ပေးခြင်းနှင့် တိုင်းရင်းသား လူမျိုးများအတွက် အကူအညီပေးရန်၊ ကျန်းမာရေး စောင့် ရှောက်မှု၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေး အစီအစဉ် များအတွက် ယန်း ၅ ဘီလီယံ ကူညီထောက်ပံ့မည် ဖြစ်ကြောင်း အပါအ၀င် အချက် ၅ ချက် ပါဝင်သော ကြေညာချက်ကို ယနေ့ထုတ် အစိုးရ

ကျမ်းကျိန် ဝေါဟာရ ပြင်ရေးသည် နိုင်ငံရေး အကျပ်အတည်း မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

NLD ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းကျိန်လွှာဆိုင်ရာ ဝေါဟာရ ပြင်ဆင်ရေးသည် နိုင်ငံရေး အကျပ်အတည်း မဟုတ် ဘဲ နည်းနာပိုင်းဆိုင်ရာ ပြဿနာသာ ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း သိရသည်။ ယနေ့ နံနက်ပိုင်းက အီတလီ နိုင်ငံခြားရေး ၀န်ကြီး Mr. Giulio Terzidi Sant'Agata နှင့် တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ၌ ထိုသို့ ပြောကြာခြင်း ဖြစ် သည်ဟု NLD အသိုင်းအ၀ိုင်းက ပြောသည်။

ကတိသစ္စာပြုချက်ကိစ္စ သူရဦးရွှေမန်းသို့ ၁၆ ပါတီ မေတ္တာရပ်ခံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အကြံပြုထားသည့် ကျမ်းကျိန်ကတိသစ္စာပြုချက် စကားလုံး ပြုပြင်ရေးအတွက် ကြံ့ခိုင်ရေးပါတီမှ ဦးဆောင် ဖြေရှင်းပေးရန် နိုင်ငံရေးပါတီ ၁၆ ခု ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များမှ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယဥက္ကဋ္ဌ သူရ ဦးရွှေမန်းထံ ဗုဒ္ဓဟူးနေ့တွင် မေတ္တာရပ်ခံစာ ပေးပို့ခဲ့သည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြော ကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားပြု လွှတ်တော်အမတ်အပါအဝင်၊ တသီးပုဂ္ဂလ လွှတ်တော်အမတ်နှစ်ဦးနှင့် အခြား ၂ဝ၁ဝ ရွေးကောက်ပွဲအနိုင်ရ ပါတီ ၁၆ ခုမှ လွှတ်တော်အမတ်များက လက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် ကြံ့ခိုင်ရေးပါတီ၏ မဟာမိတ်ဖြစ်သည့် စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် ပါတီတို့မှလွဲ၍ လွှတ်တော်ရောက် ကျန်ပါတီများအားလုံး၏ ကိုယ်စားလှယ်များ လက်မှတ်ရေးထိုး၍ NLD လွှတ်တော်အတွင်း ဝင်ရောက်လာနိုင်ရေး သူရဦးရွှေမန်းထံမေတ္တာရပ်ခံကြခြင်း ဖြစ်ကြောင်း

အဆိုပါ မေတ္တာရပ်ခံစာတွင် NLD သည် ၁၉၉ဝ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း ထိုရလဒ်ကို စွန့်လွှတ်ခဲ့ရခြင်း၊ ၁၉၉ဝ မှ ၂ဝ၁ဝ အထိ နှစ်ပေါင်း ၂ဝ ကျော် အနစ်နာခံခဲ့မှုများ ရှိခဲ့ခြင်း၊ လွှတ်တော်မှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ အချက်အလက်များကို ပြုပြင်ပေးခဲ့ခြင်း စသည့် သာဓကများကို ထောက်ပြ ကိုးကားထားသည်ဟုလည်း သိရသည်။
လွှတ်တော်အမတ်များ မေတ္တာရပ်ခံမှုအောင်မြင်ပါက ကြံ့ခိုင်ရေးပါတီမှ ဦးဆောင်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၄ ပါ “ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်” အစား “လေးစားလိုက်နာ” ဟူသည့်စကားလုံးသို့ပြင်ဆင်လိုကြောင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၂ဝ ရာခိုင်နှုန်းမှ လွှတ်တော်သို့ တင်ပြ၍ ၇၅ ရာခိုင်နှုန်းမှထောက်ခံကာ ပြင်ဆင်နိုင်မည် ဖြစ်
ကြောင်း

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန်အစည်းအဝေးသည် ဧပြီလ ၃ဝ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ပြီး အဆိုပါ အစည်းအဝေးတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီးမွန်း တက်ရောက်၍ မိန့်ခွန်းပြောကြားမည်ဟုလည်းသိရသည်။

ထွက်ပေါက်မရှိသည့် နိုင်ငံရေးလမ်းစဉ်ဖြစ်အောင် NLD မလုပ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ် ကျမ်းကျိန်လွှာ စကားရပ်ပြင်ဆင်ပေးရေးသည် ထိပ်တိုက်ရင်ဆိုင်ရေးနှင့် ထွက်ပေါက်မရှိသည့် နိုင်ငံရေးဖြစ်စဉ်သို့ ရောက်ရှိအောင် လုပ်ဆောင်သည်ဆိုသော ပြောဆိုမှုများကို ပယ်ချလိုက်ပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် မကြာမီ ပြေလည်သွားမည်ဟု ပြောဆိုလိုက်သည်။

ကျမ်းသစ္စာဆိုချက်ကိစ္စ ပြေလည်မည်ဟု ဒေါ်စု ယုံကြည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်များ လွှတ်တော် တက်ရေးအတွက်
ညှိနှိုင်းနေဆဲဖြစ်သည့် ကျမ်းသစ္စာဆိုချက်ပါ အသုံးအနှုန်း ကိစ္စ မကြာမီ ပြေလည်မှု ရရှိမည်ဟု မျှော်လင့်ကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ကြာသပတေးနေ့ နံနက်က တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် အီတလီ နိုင်ငံခြားရေးဝန်ကြီး Mr. Giulio Terzi နှင့် လက်ခံတွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲ၌ လွှတ်တော်တက်ရေး ကိစ္စနှင့် ပတ်သတ်၍ သတင်းထောက်တဦး၏မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဥပဒေပြင်ဆင်ခြင်း မဟုတ်ဘဲ စကားလုံးအသုံးအနှုန်း စကားရပ်သာ ပြင်ဆင်ခြင်းဖြစ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် သာသက်ဆိုင်သည်ဟု NLD တာဝန်ရှိသူများဘက်က ပြောဆိုမှုများ ရှိနေသော်လည်း လက်ရှိ လွှတ်တော်တွင်း တဦးတည်းသော NLD ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြည်ထောင်စု လွှတ်တော်အမတ် ၂ဝ ရာခိုင်နှုန်းက လက်မှတ်ထိုး၍ ပြင်ဆင်ချက် အဆိုပြုလွှာ တင်သွင်းရမည် ဖြစ်ကြောင်း ပြောသည်။ထို့အတူ NLD အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် မဆုံးဖြတ်မီကတည်းက ဤဥပဒေများနှင့် ပတ်သတ်၍ ကြိုတင် လေ့လာညှိနှိုင်းမှု ပြုလုပ်ခဲ့သင့်ကြောင်း ရှေ့နေတဦးလည်း ဖြစ်သည့် ဦးသိန်းညွှန့်က ပြောသည်။

ကျမ်းကျိန်လွှာပါ အသုံးအနှုန်းကိစ္စသည် နိုင်ငံရေး ပြဿနာ မဟုတ်ဘဲ နည်းဥပဒေ အသုံးအနှုန်း ပြဿနာသာ
ဖြစ်ကြောင်း NLD ဥက္ကဋ္ဌက ကြာသပတေးနေ့ နံနက်ပိုင်း နေအိမ်သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

ဒဂုန်မြို့သစ်မှာ မြေမသိမ်းတော့ဟု တိုင်းဝန်ကြီးချုပ် ဆို

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တွင် မြေကွက်များကို သိမ်းတော့မည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ က ပြောသည်။

ဧပြီလ ၂၅ ရက်နေ့ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူး အစည်းအဝေးအပြီးတွင် သတင်းမီဒီယာ များအား ပြောကြားလိုက်ခြင်း ဖြစ်သည်။
မတ်လ ၇ ရက်နေ့က နိုင်ငံပိုင်မီဒီယာများမှတဆင့် ထုတ်ပြန်ချက်အရ အထူးစိုက်ပျိုးရေးဇုန် စီမံကိန်း အတွက် ဒဂုန်မြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ မြေတိုင်းအမှတ် ၁၁ ခုမှ မြေကွက်ပေါင်း ၈,၀၀၀ ကျော်ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အိုးအိမ်ဦးစီးဌာနမှ သိမ်းမည်ဟု ပါရှိသည်။အဆိုပါ ပေ ၄၀ ပေ ၆၀ အိမ်ရာကွက်များကို ဖေါ်ကာ အငြိမ်းစား ဝန်ထမ်းများကို အစိုးရက ၁၉၉၈ ခုနှစ်က ကျပ် ၁၂,၀၀၀ နှုန်းဖြင့် မြို့သစ်အဖြစ် နေရာချထားပေးခြင်း ဖြစ်သည်။

ယခုအခါ အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးစီးမှူး ၇ ဦးက မှတ်တမ်းကောက်ထားသည့် စာရင်းများအရ အဆိုပါ
မြေကွက် အမှတ်များပေါ်တွင် အကွက်အလိုက် ကျူးကျော် နေထိုင်သော အိမ်အလုံးရေ ၇၂ လုံး၊ မြေဂရမ် ရရှိပြီးသား နေအိမ် တလုံး၊ မြေချပါမစ် အထောက်အထားဖြင့် တည်ဆောက်ထားသော နေအိမ် ၂၈၂ အိမ် စုစုပေါင်း ၃၅၅ အိမ် ရှိနေပြီဖြစ်ကြောင်း သို့သော် သီးခြားစုံစမ်းလေ့လာမှုအရ အဆိုပါမြေကွက်များတွင် အိမ်ထောင်စုပေါင်း ၈,ဝ၇၉ စု နေထိုင်လျက်ရှိသည်ဟု အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် က ပြောသည်။

အိုးအိမ်ဦးစီးဌာနမှ သိမ်းယူမည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ မတ်လ ၁၅ ရက်နေ့ လွှတ်တော်တွင် ဦးခိုင်မောင်ရည် က မေးခွန်းထုတ်ခဲ့သဖြင့် အထောက်အထားများဖြင့် ဖြစ်စဉ်အသေးစိတ်အား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တောင်းခံ၍ ၈၈ မျိုးဆက် ကျောင်းသားများနှင့် အတူ မတ်လ ၁၇ ရက်နေ့က သွားရောက်တွေ့ဆုံ စုံစမ်းခဲ့ခြင်းဖြစ်သည်ဟု ဦးခိုင်မောင်ရည်က ပြောသည်။


သံလွင်တိုင်း(မ်) ဂျာနယ် မေလဆန်းတွင် ထုတ်မည်

မွန်ပြည်နယ်တွင် ပထမဆုံးအကြိမ် စီးပွားဖြစ် ထုတ်ဝေမည့် သံလွင်တိုင်း(မ်) ဂျာနယ်ကို
မေလဆန်းတွင် စတင်ဖြန့်ဝေမည် ဖြစ်ရာ ဆောင်းပါးကဏ္ဍကို အားပြုထား၍ သတင်းကဏ္ဍ၌ အားနည်းမှု ရှိနေသေးကြောင်း သိရသည်။

“ကျနော်တို့က ဆောင်းပါးဘက်မှာ အားသန်တယ်။ သတင်းနဲ့ ပတ်သက်ပြီး အတွေ့အကြုံ နည်းသေးတယ်” ဟု အယ်ဒီတာချုပ် နိုင်ချမ်းတွဲ့ က ပြောသည်။ အယ်ဒီတာ အဖွဲ့ဝင်တဦး ဖြစ်သည့် နိုင်မင်းမင်းနွယ် ကလည်း “ကျနော်တို့မှာ သတင်းထောက် ခန့်ထားတာ မရှိသေး ဘူး။ နယ်သတင်းတွေ မရနိုင်သေးဘူး။ အလွတ် သတင်းထောက်တွေက အကူအညီ တောင်းနေရတယ်။ ဒီ ပထမအုပ် အတွက် သတင်းနဲ့ ပတ်သက်ပြီး အခက်အခဲ ရှိတယ်” ဟု ပြောသည်။

ဂျာနယ်ကို ဧပြီလ ၂၈ ရက်နေ့တွင် စာပေစိစစ်ရေးဌာနသို့ တင်ပြရမည် ဖြစ်ပြီး မေလ ၇ ရက်နေ့တွင် ဖြန့်ဝေသွားမည်ဖြစ်သည်။ထိုသို့ တင်/ထုတ် စနစ်ဖြင့် လစဉ် ထုတ်ဝေမည့် သံလွင်တိုင်း (မ်) ဂျာနယ်တွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းများအတွင်း ဖြစ်ပျက်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဥပဒေရေးရာ၊ ရပ်ကွက် လူ့အဖွဲ့အစည်းနှင့် သက်ဆိုင်သည့် သတင်း၊ ဆောင်းပါးများ အသားပေး ဖေါ်ပြသွားမည်ဟု ဆိုသည်။

“ပထမအကြိမ် ထုတ်တဲ့ ဂျာနယ်မို့လို့ ၂၈ မျက်နှာနဲ့ တလ တကြိမ်ပဲ ခွင့်ပြုတယ်။ ရေရှည် ထုတ်ရင် စာမျက်နှာ တိုးလည်း တိုးလို့ ရတယ်။ သုံးစောင် ထုတ်ပြီးရင် နှစ်ပါတ် တကြိမ် ထုတ်ဝေခွင့် ပြုမယ်။ နောက်ဆို ကျနော်တို့ အပတ်စဉ် ထုတ်သွားဖို့ စီစဉ်ထားတယ်” ဟု နိုင်မင်းမင်းနွယ် က ပြောသည်။

ဗုဒ္ဓဟူးနေ့ နံနက်တွင် မော်လမြိုင်မြို့ သံလွင်မြစ်ကမ်းနဖူးရှိ ဘိုးဘွားရိပ်သာ ရံပုံငွေ စားသောက်ဆိုင်၌ ဂျာနယ် မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပြီး စာနယ်ဇင်းသမားများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။ဇန်နဝါရီလက ရာမညတိုင်း(မ်) အမည်ဖြင့် ထုတ်ဝေခွင့်ရရန် လျှောက်ထားခဲ့သော်လည်း လက်ရှိ မွန်ပြည်နယ်ပြန်/ဆက် မှ ထုတ်ဝေနေသည့် ရာမည သတင်းလွှာ ရှိနှင့်ပြီး ဖြစ်၍ ထုတ်ဝေခွင့် မရဘဲ၊ မွန်ပြည်နယ်၏ အဓိကမြစ်ကြီး ဖြစ်သည့် သံလွင်မြစ်ကို အခြေခံကာ သံလွင်တိုင်း(မ်) အမည်ဖြင့် ပြန်လည် လျှောက်ထားရာမှ မတ်လကုန်တွင် ထုတ်ဝေခွင့် ရခဲ့သည်။

ဂျာနယ်ကို မြန်မာဘာသာတခုတည်းဖြင့် စောင်ရေ သုံးထောင်မှ ငါးထောင်အတွင်း ထုတ်ဝေသွားမည် ဖြစ်ပြီး၊ တစောင် ၅ဝဝ ကျပ်နှုန်းဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် ဖြန့်ဝေသွားမည် ဖြစ်သည်။ မွန်ဘာသာဖြင့် ထုတ်ဝေခွင့် ရရန်အတွက်လည်း ဆက်လက်တင်ပြ တောင်းဆိုသွားမည်ဟု နိုင်ချမ်းတွဲ့က ပြောသည်။  အယ်ဒီတာချူပ်နှင့် တာဝန်ခံ အယ်ဒီတာတို့မှာ မွန်ပြည်သစ်မှ အနားယူခဲ့ကြသည့် ဗဟိုအတွင်းရေးမှူးနှင့် မွန်ပညာရေး ဌာန ဒု-တာဝန်ခံများ ဖြစ်ကြပြီး ဂျာနယ် ထုတ်ဝေခြင်းနှင့် ပတ်သက်ပြီး မည်သည့် အဖွဲ့အစည်းနှင့် ပတ်သက်ခြင်း မရှိကြောင်း နိုင်မင်းမင်းနွယ်က ပြောသည်။ ဂျာနယ်ပထမအုပ် ထွက်ပြီး နောက်ပိုင်းတွင် နယ်သတင်းထောက်များကို ခေါ်ယူခြင်း၊ သတင်းပညာ သင်တန်းပေးခြင်း တို့ကို လုပ်ဆောင်သွားမည်ဟု သိရသည်။

မြန်မာ့ပြုပြင်ပြောင်းလဲမှု အခြေအနေ နုနယ်နေဆဲ

အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကပ်ကမ့်ဘဲလ်က မြန်မာနိုင်ငံမှာထူးကဲတဲ့တိုးတက်မှုတွေ တွေ့နေရပေမယ့် အခြေအနေတွေက နုနယ်နေသေးပြီး အချိန်မရွေး နောက်ကြောင်းပြန်လှည့်သွားနိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ပြောလိုက်ပါတယ်။ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီရဲ့ မြန်မာ့အရေး မူဝါဒ ကြားနာပွဲမှာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးကပ်၊ ကမ့်ဘဲလ်က အခုလို အခုလို ထွက်ဆိုလိုက်တာပါ။ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်တွင်း အပြောင်းအလဲတွေ တိုးတက်အောင် အားပေးတဲ့ နေရာမှာ ဂရုတစိုက်နဲ့ အသိအမှတ်ပြု ချဉ်းကပ်ဖို့ လိုတဲ့အကြောင်း မနေ့က အောက်လွှတ်တော် ကြားနာပွဲမှာ အခုလို ထွက်ဆိုသွားပါတယ်။
"တကယ်တော့ ၂၀၀၉ ခုနှစ်၊ မြန်မာနိုင်ငံနဲ့ စပြီး ထိတွေ့ စကားပြောခဲ့တဲ့ အချိန်ကတည်းက စိတ်ပျက်မိတယ် ဆိုတာကို ကျနော်တို့ဘက်က ဝန်ခံပြီးတော့ စပြီးတော့ ပြောခဲ့ကြတာပါ။ နှစ်နှစ်လောက်အတွင်းမှာ ဘာ တိုးတက်မှုမှ မရှိဘူးဆိုတာကိုလည်း ကျနော်တို့ ပထမဆုံး ပြောခဲ့တာပါ။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာ ဘယ်သူမှ ကြိုတွေးမထားမိခဲ့တဲ့ ထူးခြားတဲ့ တိုးတက်မှုတွေ ရလာခဲ့တယ်။ နေအိမ်အကျယ်ချုပ် ချခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် အခု ရွေးကောက်ပွဲမှာ ရွေးချယ်ခံခဲ့ရတယ်။ စစ်မှန်တဲ့၊ ထူးခြားတဲ့ တိုးတက်မှုတွေ ရှိလာတယ်။ ဒါပေမယ့်လည်း နိုင်ငံခြားရေးဝန်ကြီးကလင်တန်ပြောသလို ပြောရရင် အခြေအနေတွေက နုနယ်နေသေးတယ်၊ အချိန်မရွေး နောက်ကြောင်းပြန်လှည့်ပြီး ပျက်စီးသွားနိုင်တဲ့ အနေအထားမျိုးလည်း ရှိနေပါသေးတယ်။"
အနှစ်ငါးဆယ်ကြာ စစ်အုပ်ချုပ်ရေးရဲ့ အမွေတွေကြောင့် ဖိနှိပ်အုပ်ချုပ်တဲ့ ဥပဒေတွေ၊ လုံခြုံရေး အဖွဲ့ အစည်းတွေနဲ့ အဂတိလိုက်စားမှုတွေ ပြည့်နှက်နေတဲ့ တရားရေးစနစ်နဲ့ နောက်- သတင်းမီဒီယာတွေ တင်းကျပ်မှုဆိုတဲ့ ပြဿနာတွေဟာ အခုထိ မြန်မာပြည်ထဲမှာ ရှိနေဆဲပဲလို့လည်း သုံးသပ်သွားပါတယ်။
"မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အဓိကဆောင်ရွက်နိုင်ခဲ့တဲ့ အချက် နှစ်ချက်၊ သုံးချက်ကို ပြောရရင် အမေရိကန်ပြည်ထောင်စုရဲ့ အဓိက ပါတီကြီးနှစ်ခုလုံးက တစိုက်မတ်မတ် ပူးပေါင်းဆောင်ရွက်ခဲ့တာ၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဥပဒေပြုအမတ်တွေကြားမှာ မြန်မာပြည်နဲ့ ပတ်သက်လို့ အရေးကြီးတယ်ဆိုတာ လက်ခံပြီး အတူတူ လုပ်ဆောင်နိုင်ခဲ့တာ၊ နောက်တစ်ခုကတော့ နိုင်ငံတကာ မိတ်ဆွေတွေနဲ့ တိုင်ပင်ပြီး ဆောင်ရွက်နိုင်ခဲ့ကြ တာတွေပါ။ ဒါတွေဟာ အဓိက အချက်တွေလို့ ပြောရမှာပါ။"
ကယ်လီဖိုးနီးယားပြည်နယ်၊ အောက်လွှတ်တော်အမတ် Dana Rohrabacher ကတော့ ပိတ်ဆို့မှုတွေ လျှော့ချပေးတဲ့အတွက် အကျိုးသက်ရောက်မှုတွေနဲ့ပတ်သက်ပြီး အခုလို မေးခွန်းထုတ်လိုက်ပါတယ်။
Dana။         ။"မြန်မာနိုင်ငံမှာ ဖိနှိပ်မှု အဆိုးဝါးဆုံးဖြစ်နေတဲ့အချိန်မှာ စီးပွားရေးလုပ်ငန်းရှင်တွေက ပိတ်ဆို့မှု ရုပ်သိမ်းရေး ကွန်ဂရက် လွှတ်တော်မှာ လာပြီး Lobby လုပ် တောင်းဆိုတာတွေ ရှိတယ်။ အဲဒီတုန်းက ပြုပြင်ပြောင်းလဲရေး တောင်မှ မရှိသေးဘဲ သူတို့က ငွေမျက်နှာပဲ ကြည့်ခဲ့ကြတာပါ။ အခုလို ပိတ်ဆို့မှု ရုပ်သိမ်းလိုက်တော့ အရင် မြန်မာစစ်ခေါင်းဆောင်ျွှေနဲ့ ပလဲနံပ သင့်သူလုပ်ငန်းရှင် Cronies တွေပဲ အကျိုးခံစားခွင့် ရှိတယ့်အရေးနဲ့ ပတ်သက်ပြီး ဘယ်လို ကိုင်တွယ်သွားဖို့ ရှိပါသလဲ"
Campbell။      ။ "လူနည်းစု လက်တဆုတ်စာပဲ အကျိုးခံစားခွင့် ရလိမ့်မယ်ဆိုတာနဲ့ပတ်သက်ပြီး ခင်ဗျား ပြောတာကို ပြန် ပြောရင် တချို့ နိုင်ငံတွေနဲ့ သဘောတူ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေက မြန်မာပြည်ရဲ့ သဘာဝ အရင်းအမြစ်တွေကို အဓမ္မ   ရယူဖို့အတွက် အဓိကထား လုပ်ကိုင်တာမျိုးပါ။ ကျနော်တို့က ဒီလိုကိစ္စမျိုး မဖြစ်အောင် ပြန်ညှိနိုင်မယ့် အနေအထား၊ စစ်ဆေးနိုင်မယ့် အနေအထား၊ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းကြီးတွေနဲ့ ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းရှင်ကြီးတွေကို သူတို့သုံးမယ့် ငွေကြေးတွေ၊ လုပ်ငန်းတွေက မြန်မာပြည်သူတွေရဲ့  အကျိုးအတွက်ပဲ သေချာရမယ်ဆိုတာမျိုးကို ထောက်ခံ ပြောဆိုနေတာပါ။ ဒါကြောင့်လည်း အထူး သတိထား ထိတွေ့ ဆက်ဆံတာမျိုးကို ကျနော်တို့က ကျင့်သုံးတာပါ။"
အောက်လွှတ်တော်အမတ် Ed Royce ကတော့ မြန်မာနဲ့ မြောက်ကိုရီးယားရဲ့ ဆက်ဆံရေးအပေါ် သူဘဝင်မကျတဲ့အကြောင်း  အခုလို ပြောသွားပါတယ်။
Ed Royce။     ။ "မြောက်ကိုရီးယားက တတိယအကြိမ် နျူကလီယားလက်နက် စမ်းသပ်ပြီးတဲ့နောက် မြန်မာသမ္မတ ဦးသိန်းစိန်က မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျုံအွန်းကို ထောက်ခကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး၊ ဆက်ဆံရေးနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက်တည်တံ့ရေးတို့အတွက် ထပ်လောင်း ပြောဆိုခဲ့ပါတယ်။ ကမ္ဘာမှာ အဆိုးဝါးဆုံး၊ နိုင်ငံတကာနဲ့ အပြေလည်ဆုံးနိုင်ငံနဲ့ ဆက်ဆံရေးကောင်းအောင် လုပ်နေတဲ့ မြန်မာခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး ဘယ်လို မှတ်ချက် ပေးလိုပါသလဲ။ "
Campbell။      ။"မြောက်ကိုရီးယားနဲ့ပတ်သက်လို့ ထူးထူးခြာခြား ပြောစရာ သိပ်မရှိပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံနဲ့ ဆက်ဆံတဲ့ တရုတ်၊ တောင်ကိုရီးယား၊ အာရှနိုင်ငံအားလုံးကို ကျနော်တို့က နှစ်နိုင်ငံချင်းရော၊ လူသိ ရှင်ကြားရော ပြောပြီးသားပါ။ အခြေအနေတွေက မြောက်ကိုရီးယားနဲ့ ရှေ့မှာ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်တဲ့ အနေအထား၊ ဘယ်ကို ဦးတည်နေသလဲ ဆိုတာတွေကို အခြေခံပြီး ကျနော်တို့နဲ့ ထိတွေ့ ဆက်ဆံရေး အခြေအနေ အဆုံးသတ်သွားနိုင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောရပါလိမ့်မယ်။ နိုင်ငံတနိုင်ငံကို သုံးသပ်မယ်ဆိုရင် သူ ဘယ်သူတွေနဲ့ ဆက်ဆံနေတယ်၊ ပေါင်းနေတယ်ဆိုတာတွေ အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ဆုံးဖြတ်ရပါလိမ့်မယ်"
ဒီကနေ့ ကြာသာပတေးနေ့မှာတော့ အထက်လွှတ်တော် နိုင်ငံခြ သဘာပတိအဖြစ် ကြီးမှူးပြီးတော့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်းနဲ့ USAID အုပ်ချုပ်ရေးအရာရှိ Nisha Biswal စတဲ့ ပုဂ္ဂိုလ်တွေက ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်ရှင်။
မနေ့က ဗုဒ္ဓဟူးနေ့မှာ ကျင်းပခဲ့တဲ့ အမေရိကန်အောက်လွှတ်တော်က မြန်မာ့အရေးမူဝါဒ ကြားနာပွဲမှာ ထွက်ဆိုခဲ့ကြတာတွေနဲ့ ပတ်သက်လို့ ဒေါ်ခင်စိုးဝင်း တင်ပြခဲ့တာပါ။ အဲဒီ ကြားနာပွဲမှာပဲ နောက်ထပ် ထွက်ဆိုသွားသူ တဦးကတော့ အမေရိကန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်ဖြစ်ပါတယ်။
"ကျနော်တို့ ဒီနေ့ အောက်လွှတ်တော် နိုင်ငံခြားရေး ဆပ်ကော်မတီပေါ့။ ကျနော် အဓိကထွက်ဆိုတာကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ အမေရိကန်အစိုးရက တုံ့ပြန်တဲ့နေရာမှာ မျက်မြင်သက်သေအချို့က အင်မတန်မှာ များလွန်းတယ်၊ မြန်ဆန်တယ်လွန်းတယ် ပေါ့ဗျာ။ ဥပမာ ရွေးကောက်ပွဲက ဧပြီလ တစ်ရက်နေ့မှာ ပြီးတယ်။ ဧပြီလ လေးရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က အမေရိကန်အစိုးရက ဒါတွေ- ဒါတွေ တုံ့ပြန်မယ်ဆိုပြီး ပြောလိုက်တယ်။ အရမ်းကို မြန်လွန်းတယ်ပေါ့နော်။ တချက်က တုံ့ပြန်တဲ့အတိုင်းအတာတွေ ကြည့်တဲ့အခါကျတော့လည်း တခြားဟာတွေကို ကျနော်တို့က ထောက်ခံပေမယ့် ရင်းနှီးမြှုပ်နှံမှုပိတ်ဆို့ထားတာတွေ၊ ငွေရေးကြေးရေး ဆက်ဆံမှုတွေ ပိတ်ဆို့ထားတာတွေကို လျှော့ပေးမယ်ဆိုတဲ့ အတိုင်းအတာကျတော့ များလွန်းတယ်လို့ ကျနော်တို့က ယူဆတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ်  တုံ့ပြန်မှုတွေဟာ မြန်မာနိုင်ငံထဲမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေက တကယ်ကို သိသာထင်ရှားတဲ့ တိုးတက်မှု၊ သို့မဟုတ်လည်း နောက်ကြောင်းပြန်မလှည့်တဲ့ အနေအထားကို မရောက်သေးဘဲနဲ့ အလွန်အကျွံ တုံ့ပြန်နေတာဖြစ်တဲ့အတွက် သတိထားဖို့ ကျနော်တို့က ကွန်ဂရက်စ် လွှတ်တော်ကို တောင်းဆိုတာပေါ့နော်- အဲဒါကို ကျနော်တို့ ထွက်ဆိုခဲ့ပါတယ်။"

ရွေးကောက်ပွဲပြီးတော့ ချေးငွေပြန်တောင်း

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၅၅ ရပ်ကွက်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပေးထားတဲ့ ချေးငွေတွေကို ကြားဖြတ်ရွေးကောက်ပွဲ ပြီးသွားတဲ့နောက်ပိုင်းမှာ ပြန်တောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ထောင်စု ၂၆၀ ကို တစ်အိမ်ထောင် ကျပ်သုံးသောင်းနှုန်း ထုတ်ချေးထားပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရသွားပြီးတဲ့နောက် အရစ်ကျချေးငွေလည်း ထပ်မပေးတော့ဘဲ ပထမ ချေးထားတဲ့ငွေကိုလည်း ဒီလ ၂၂ ရက်နေ့က စပြီး ပြန်တောင်းနေတာလို့ တောင်ဒဂုံမြို့နယ်က ဦးမျိုးမင်းထွန်းက ပြောပါတယ်။
ငွေတစ်သောင်းကို ငွေ နှစ်ရာတိုးနဲ့ ထုတ်ချေးတာ ဖြစ်ပြီး ရရှိတဲ့ အတိုးတွေကို နောက်အရစ်တွေမှာ ချေးငွေ ထပ်ထုတ်ပေးမယ်လို့ ပြောထားပေမဲ့ NLD နဲ့ ပတ်သက်တဲ့ လူတွေကို ချေးငွေ ထပ်မပေးတော့ဘဲ သူတို့နဲ့ နီးစပ်သူတွေကိုပဲ ထပ်ချေးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လိုင်ဇာ ဌာနချုပ်ကို ဝိုင်းနေပြီဟု KIO ပြော

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO) ၏ လိုင်ဇာ ဗဟိုဌာနချုပ်ကို ထိုးစစ်ဆင်ရန် အစိုးရတပ်များက ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် တပ် အင်အားများ တိုးမြှင့်၍ ချဉ်းကပ်မှုများ ပြုလုပ်နေကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ထုတ်ဖော်ပြောဆိုလိုက်သည်။ KIO ဌာနချုပ်အနီး ဝန်းရံထားသော မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ လက်အောက်ခံတပ်ရင်းများကို သင်္ကြန်ကာလမှစတင်ကာ တပ် ရိက္ခာ၊ တပ်အင်အား၊ အဝေးပစ် လက်နက်ကြီးများနှင့် အခြား လက်နက်ခဲယမ်းများကို ကုန်းလမ်းမှတဆင့် ဖြည့်တင်းမှုများ ပြုလုပ်နေသကဲ့သို့ လေကြောင်းဖြင့်ပါ တိုးမြှင့်လုပ်ဆောင်နေခြင်းများကို ထောက်ပြပြောဆိုခြင်းဖြစ်သည်ဟု ဆိုသည်။
“သူတို့ကတော့ ကျနော်တို့ရဲ့ဗဟိုဌာနချုပ်အနီးကို နီးနိုင်သမျှနီးအောင် ချဉ်းကပ်နေတာမျိုး ရှိတယ်။ အထူးသဖြင့်တော့ ဌာနချုပ် လိုင်ဇာနဲ့ ပါချောင်ကြားမှာရှိနေတဲ့ တောင်ကုန်းတွေပေါ်မှာ ဒီအတောအတွင်း တပ်အင်အား ရာနဲ့ချီပြီးတော့ ဖြည့်တယ်။ အခု ရဟတ်ယာဉ်နဲ့ပါ နေ့တိုင်းအသုံးပြုလာတယ်ဆိုတော့ ကျနော်တို့ ဗဟိုဌာနချုပ်ရဲ့လုံခြုံရေးအပိုင်းကလည်း တော်တော်လေး စိုးရိမ် စရာဖြစ်လာတာပေါ့ဗျာ”ဟု ဦးလနန်က ဧရာဝတီသို့ ပြောသည်။
ဌာနချုပ်ဝန်းကျင်ရှိ အစိုးရတပ်များကို လေကြောင်းမှတဆင့် လက်နက်နှင့် လူအင်အားဖြည့်တင်းမှုများပြုလုပ်နေသကဲ့သို့ အဝေး ပစ် လက်နက်ကြီးများကိုလည်း ကုန်းကြောင်းဖြင့် သယ်ယူဖြည့်တင်းနေခြင်းကြောင့် KIO နှင့် အစိုးရအကြား တိုက်ပွဲများ ဆက် တိုက် ဖြစ်ပွားနေပြီး ဧပြီ ၂၄ ရက်နေ့ထိ ကချင်ပြည်နယ်အတွင်း တိုက်ပွဲပေါင်း ၉၅ ကြိမ်ရှိပြီဖြစ်ကြောင်း ဦးလနန်က ပြောသည်။
တိုက်ပွဲများသည် လိုင်ဇာဌာနချုပ်နှင့် ယခင်ထက် ပိုမိုနီးကပ်လာနေပြီး အစိုးရတပ်များက အဝေးပစ် ၁၂၀ နှင့် ၈၀ မမ၊ အမြောက် လက်နက်ကြီးများနှင့် အသုံးပြု ပစ်ခတ်နေသကဲ့သို့ KIO ဘက်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ခုခံ ပစ်ခတ်နေကြောင်း၊ ထိုအခြေအနေများကြောင့် မကြာမီတိုက်ပွဲကြီးများ ပိုမိုပြင်းထန်လာနိုင်သဖြင့် KIO ဘက်ကလည်း ပြင်ဆင်မှုများပြုလုပ်ထားကြောင်း ၎င်းက ဆိုသည်။
နှစ်ဖက်တပ်များ တိုက်ပွဲအပြင်းထန်ဖြစ်ပွားနေချိန် ယခုလ ၁၇ ရက်နေ့က ဦးအောင်သောင်း ဦးဆောင်သော ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးအဖွဲ့ ထံမှ ပြည်သူလူထုပါဝင် လေ့လာနိုင်ခွင့်ရှိစေရန်ဟုဆိုကာ မြစ်ကြီးနားမြို့ပေါ်တွင် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း လာမှုကို KIO ဘက်က အဆင်သင့်မဖြစ်သေးကြောင်း ပြန်လည်အကြောင်းပြန်ခဲ့သည်ဟု သိရသည်။
“အခုအချိန်မှာ တိုက်ပွဲတွေက ကျနော်တို့ရဲ့ ဗဟိုဒေသအနားမှာ ပြင်းပြင်းထန်ထန်ဖြစ်လာတယ်။ ဗဟိုနဲ့ ရင်ဆိုင်ထားရတဲ့ အစိုးရ တပ်စခန်းတွေမှာ ရိက္ခာ၊ လက်နက်ခဲယမ်း၊ လူအင်အားတွေကို မြေပြင်ရော၊ လေကြောင်းအကူညီနဲ့ပါ သူတို့လုပ်လာတယ်။ အဲလို ဟာမျိုးဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ဘက်က မြစ်ကြီးနားမြို့ကို သွားပြီး တွေ့ဆုံဖို့ လုပ်တဲ့အခါမှာ မဆီလျော်တဲ့အတွက် အဆင် သင့် မဖြစ်သေးတဲ့အကြောင်း ပြန်ကြားထားတာပါ”ဟု ဦးလနန်က ပြောသည်။
ဇန်နဝါရီလပိုင်းက အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့များနှင့် KIO တို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသော် လည်း KIO ဘက်က ပထမဆုံးတောင်းဆိုထားသည့် ထိုးစစ်ဆင်နေသော တပ်များကို ရုပ်သိမ်းဆုတ်ခွာပေးရန်နှင့် နှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးရာတွင် အခိုင်မာဖြစ်စေရန် နိုင်ငံတကာ၏ စောင့်ကြပ်မှုအောက်တွင် သက်သေထူ လက်မှတ်ရေးထိုးကြ ရန် တောင်းဆိုမှုကို အစိုးရဘက်က လိုက်လျောနိုင်မှုမပြုနိုင်သဖြင့် ငြိမ်းချမ်းရေး အလှမ်းကွာနေခြင်းဖြစ်ကြောင်း ကချင်ပြည် နယ် မြစ်ကြီးနားမြို့တွင် နေထိုင်သည့် ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့(PCG) နှင့် KIO တို့က ပြောသည်။
အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေးဆွေးနွေးရန် ၂၀၁၁ နိုဝင်ဘာ၊ ၂၀၁၂ ဇန်န၀ါရီနှင့် မတ်လတို့တွင် ရွှေလီမြို့၌ တွေ့ဆုံခဲ့ကြ သော် လည်း ရေရာသည့် သဘော တူညီချက် တစုံတရာမရရှိသေးဘဲ ရှိနေသည်။ ထိုတွေ့ဆုံပွဲများတွင်လည်း ဒေသတွင်း တိုက်ခိုက်ရေး ဘက်မှ အရေးပါသော မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးမှာ ကိုယ်တိုင် တက်ရောက်ခြင်းမရှိကြောင်း KIO က ပြောသည်။
KIO နှင့် အစိုးရတပ်များအကြား တိုက်ပွဲဖြစ်ပွားမှု တိုးမြင့်လာသည်နှင့်အမျှ လိုင်ဇာမြို့ပေါ်ဒုက္ခသည်စခန်းနှင့် အခြား ကချင် ဒုက္ခသည် စခန်းများတွင် ယခုလ ၁၆ ရက်နေ့မှစတင်ကာ ၁၀ ရက်အတွင်း စစ်ဘေးခိုလှုံသူပေါင်း ၁၀၀၀ ကျော်တိုးလာကြောင်း၊ ဒုက္ခသည်စခန်းများသို့ ရောက်ရှိမလာနိုင်ဘဲ တောတောင်များအတွင်း ရွာလုံးကျွတ် ထွက်ပြေးခိုလှုံနေသူများလည်း ရှိကြောင်း ကချင် ဒုက္ခသည် စခန်းများ ကော်မတီ ဥက္ကဌ ဦးဒွဲပီဆား က ပြောပြသည်။
“အခုဟာက ထိုးစစ်က ပြန်တိုးလာတော့ နေလို့မရတော့တဲ့အတွက်ကြောင့်မို့ ဒုက္ခသည်တွေထပ်ထွက်လာကြတာပေါ့။ တော်တော် များများဖြစ်နေတာ ဝိုင်းမော်မြို့နယ်ထဲမှာ။ တချို့ရွာလုံးကျွတ်ပျောက်နေတယ်။ တောထဲကိုထွက်ပြေးနေကြတာ။ တချို့ကလည်း တိုက်ပွဲနဲ့ဝေးရင်ပြီးရောဆိုပြီး အနီးအနားမှာ ပတ်ပြီး ပုန်းနေကြတာ။ ဒီကစခန်းတွေကို ရောက်မလာနိုင်ကြဘူး”ဟု ဦးဒွဲပီဆား က ဧရာဝတီသို့ ပြောသည်။
ဒုက္ခသည်များ ထပ်တိုးမလာမီအထိ ကချင်ပြည်နယ် နယ်စပ်ဒုက္ခသည်စခန်းများတွင် မူလက ဒုက္ခသည်ပေါင်း ၄၅၀၀၀ ကျော် ရှိသည်။ အဆိုပါ ဒုက္ခသည်များသည်လည်း ၂၀၁၁ ခုနှစ် ဇွန်လပိုင်းက အစိုးရတပ်များနှင့် KIO တို့အကြား တိုက်ပွဲများကြောင့် ရပ်ရွာ အိုးအိမ်များကို စွန့်ခွာ၍ လာရောက်ခိုလှုံနေကြပြီး နေရပ်ရင်းကို မပြန်နိုင်ကြသေးသူများ ဖြစ်သည်။

တစ်နှစ်အတွင်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို ဖယ်ရှားသွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း အီတလီ နိုင်ငံခြားရေးဝန်ကြီး ပြောကြား

အီတလီ နိုင်ငံခြားရေးဝန် ကြီး မစ္စတာ Giulio Terzi က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများကို လာမည့်တစ်နှစ်အတွင်း ဖယ်ရှားသွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသွားခဲ့သည်။
“ သိပ်မကြာမီ အနာဂတ် ကာလမှာ ဒီနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေမှာ ကျေနပ်လောက်စရာတွေ တွေ့ရနိုင်တာကြောင့် လာမယ့်တစ်နှစ်အတွင်း ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့မှုတွေ ဖယ်ရှားသွားနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ၄င်းက ဖြေကြားခဲ့သည်။
၎င်းကမြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများ နောက်ပြန်လှည့်မသွားအောင် အီတလီနိုင်ငံက အပြည့်အ၀ ကူညီ ထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အမှန်တကယ် ထိထိရောက်ရောက် လုပ်ဆောင်မည့် အဖွဲ့အစည်းအားလုံးနှင့် အတူတကွပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ အထူးသဖြင့် ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့နဲ့ တိုင်းရင်းသားဒေသတွေမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၄င်းက ဆိုသည်။
ထို့ပြင်၎င်းက မြန်မာနိုင်ငံသည် ၄င်းတို့ဦးစားပေး ကူညီပေးမည့် နိုင်ငံစာရင်းတွင် ပါဝင်ကြောင်းလည်း ပြောကြားခဲ့သည်။
“ ကျွန်တော်တို့ရဲ့ကူညီ ထောက်ပံ့ပေးမှုတွေက နည်းလမ်းမျိုးစုံနဲ့ စတင်နေပါပြီ။ နောင်ဆိုရင် ဒီထက်ပိုလာဖို့ပဲ ရှိပါတယ်။ အခုဆို ရင် အစိုးရအဖွဲ့အစည်းတွေ၊ နိုင်ငံ တကာ အေဂျင်စီတွေဟာ ဖွံ့ဖြိုးမှု ဆိုင်ရာစီမံကိန်းတွေမှာ ကူညီဖို့ စိတ်ဝင်စားနေပြီဖြစ်ပါတယ်။ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းခံရတဲ့ သူတွေကိုလည်း ကူညီဖို့အစီအစဉ်တွေရှိပါ တယ်” ဟု ၄င်းကဆိုသည်။
မစ္စတာ Terzi  သည် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကို တစ်နှစ်ရွှေ့ဆိုင်းအပြီး ၃ ရက်အကြာတွင် မြန်မာနိုင်ငံသို့ ၄င်း၏ ပထမဆုံး ခရီးစဉ်အဖြစ် လာရောက်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့စီးပွားရေး မတည်ငြိမ်မှာ စိုးရိမ်ဟု ကမ္ဘာ့ဘဏ်အရာရှိဟောင်း သတိပေး

မြန်မာ့စီးပွားရေး မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်မှာ အာရှဒေသဆိုင်ရာ အကြီးအကဲအဖြစ် တာဝန်ယူဖူးတဲ့ စီးပွားရေးပညာရှင် ဗီကရမ် နေရူးက သတိပေးလိုက်ပါတယ်။

လောလောဆယ်မှာ မြန်မာပြည်ကို နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေ ဖြစ်တဲ့ အိုင်အမ်အက်ဖ်၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့ အကူအညီပေးဖို့ သွားနေတာ ကောင်းတဲ့လက္ခဏာတွေလို့ ဆိုပေမယ့် စီးပွားရေးကို ပြုပြင် ပြောင်းလဲတဲ့နေရာမှာ အလျင်စလိုဖြစ်လွန်းရင် မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တာကို ရေဒီယို ဩစတြေးလျက ဒီနေ့ မေးမြန်းစဉ်မှာ သတိပေးလိုက်တာပါ။

လောလောဆယ် မြန်မာအာဏာပိုင်တွေအနေနဲ့ အဓိက ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စတချို့လောက်ကို ပိုင်ပိုင်နိုင်နိုင် ဂရုတစိုက်နဲ့ စနစ်တကျ လုပ်နိုင်မှ စီးပွားရေးတိုးတက်လာမယ်၊ ဆင်းရဲမှုလည်း လျော့ကျလာမယ်၊ တခြားကဏ္ဍတွေမှာလည်း ရေမြင့်ကြာမြင့် တိုးတက်လာမယ်လို့ ဆိုပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေကို အလျင်စလို လုပ်တဲ့ နိုင်ငံတချို့မှာ ဈေးနှုန်းတွေ ချက်ချင်း အပြောင်းအလဲဖြစ်ပြီးနောက် လုပ်ငန်းလည်ပတ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေ ပျက်စီးသွားတာ၊ ဘဏ်ချေးငွေတွေ ပြန်မဆပ်တာမျိုးဖြစ်ပြီး ဘဏ်တွေ ဒုက္ခရောက်ရတာမျိုး ကြုံခဲ့ဖူးတဲ့အကြောင်း၊ ဒါကြောင့် မြန်မာပြည်မှာ ဘယ်အရာတွေကို ဦးစားပေးလုပ်ဆောင်ဖို့ လိုတယ်၊ ဘယ်လိုအရာတွေကို နောက်မှ လုပ်ရမယ်ဆိုတာကို သေသေချာချာနားလည်ဖို့ လိုအပ်တယ်လို့ စီးပွားရေးပညာရှင် ဗီကရမ် နေရူးက သတိပေးပါတယ်။

မြန်မာပြည်လိုမျိုး နိုင်ငံဟာ ကမ္ဘာကြီးရဲ့ စနစ်နဲ့ ချိတ်ဆက်တဲ့ အခါမျိုးမှာ အပြင်ကလာတဲ့ အပြောင်းအလဲဒဏ်ကို မခံနိုင်တာမျိုးဖြစ်တတ်တာကြောင့် အရေးကြီးတာက ဖြေလျော့မှုတွေကို အလျင်စလိုလုပ်ဖို့ထက် လမ်းကြောင်းမှန်ပေါ်မှာ ရည်မှန်းချက်ထားပြီး ဂရုတစိုက်နဲ့ ဖြည်းဖြည်းမှန်မှန် အချိန်ကာလတခု သတ်မှတ်ပြီး လုပ်သွားဖို့က ပိုပြီး အရေးကြီးတယ်လို့ ဆိုပါတယ်။

လောလောဆယ်အထိ မြန်မာ့စီးပွားရေးမှာ ကြိုးနီစနစ်က တုပ်နှောင်ထားတာ၊ တချို့အကန့်အသတ်တွေဟာ နားမလည်နိုင်လောက်အောင် ရှုပ်ထွေးမှုတွေ ရှိနေတာကြောင့် အစိုးရက ကြိုးနီစနစ်ကို ဂရုတစိုက်နဲ့ ဖျက်သိမ်းပစ်ဖို့၊ တချိန်တည်းမှာ မတည်ငြိမ်မှုတွေကို မဖြစ်အောင်လည်း ထိန်းတတ်ဖို့ လိုတယ်လို့ ထောက်ပြပါတယ်။

ဒ့ါအပြင် မြန်မာပြည်လိုမျိုး၊ ဗဟိုအစိုးရနဲ့ တိုင်းရင်းသားတွေအကြား တင်းမာမှုတွေ မြင့်မားတဲ့နိုင်ငံမှာ သယံဇာတတွေကို ထုတ်ယူတဲ့နေရာမှာလည်း နိုင်နိုင်နင်းနင်း ကိုင်တွယ်တတ်ဖို့ လိုအပ်တာကိုလည်း သတိပေးပါတယ်။

တိုင်းရင်းသားဒေသတွေက ထွက်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ရောင်းလို့ရတဲ့ ငွေတွေကို အဲဒီဒေသတွေမှာ ကျောင်းတွေ၊ လမ်းတွေ၊ ဆေးရုံ၊ ဆေးခန်းတို့လို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးချတယ် ဆိုတာမျိုး ဒေသခံတွေက မြင်လာဖို့ လိုအပ်တာကိုလည်း သူက ထောက်ပြပါတယ်။

ဒီလိုမှမဟုတ်ရင် တင်းမာမှုတွေကြောင့် အစိုးရကလည်း သဘာဝ သယံဇာတွေကို အလျင်စလို ထုတ်ယူချင်။ ရင်းနှီးမြှုပ်နှံလုပ်ကိုင်တဲ့ ကုမ္မဏီတွေက အစိုးရကို အခွန်ကောင်းကောင်းမပေးလို့ တိုင်းပြည်ရဲ့ သယံဇာတတွေကို ဖြုန်းတီးပစ်သလိုမျိုး ဖြစ်တတ်တာကိုလည်း သူက သတိပေးပါတယ်။

ဒါကြောင့် ရေနံနဲ့ဓာတ်ငွေ့ကို အကျိုးရှိရှိအသုံးချတာမျိုး၊ ဖွံ့ဖြိုးရေးကို တပြေးညီ ဖြစ်အောင်လုပ်ဖို့ ကိစ္စမှာ တင်းမာမှုတွေကို လျှော့ချဖို့ကလည်း အရေးကြီးတယ်လို့ ကမ္ဘာ့ဘဏ်အရာရှိဟောင်း စီးပွားရေးပညာရှင် ဗီကရမ် နေရူးက သတိပေးထားပါတယ်။


LWIN PWIN

NLABR

Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/

0 comments:

Post a Comment