မြန်မာသတင်းများ ဧပြီလ ၉ ရက် ၂၀၁၂ ခုနှစ်

KNU ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

တိုင်းရင်းသားတွေနဲ့ တွေ့ဆုံနိုင်တယ်ဆိုရင် တဦးနဲ့တဦး အမြင်ချင်းဖလှယ်နိုင်ပြီး တဦးနဲ့တဦးပို ရင်းနှီးလာနိုင်တဲ့အတွက် အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်ကို အများကြီး အထောက်အကူ ဖြစ်နိုင်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ KNU ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်နဲ့ အဖွဲ့ကို တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ဒီကနေ့ ၂ နာရီလောက် တွေ့ဆုံ ဆွေးနွေး ပြီးတဲ့နောက် ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောလိုက်တာပါ။
"ကျွန်မတို့ အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ်ရဲ့ ဦးတည်ချက်ဟာ စစ်မှန်တဲ့ ဒီမိုကရေးစီ ပြည်ထောင်စုဖြစ်တာမို့လို့ တိုင်းရင်းသားများအားလုံးဟာ စုစုစည်းစည်းနဲ့ ဒီဖြစ်စဉ်ထဲမှာ ပါဝင်ရမယ်ဆိုတာ ကျွန်မတို့ရဲ့ ယုံကြည်ချက်လည်း ဖြစ်ပါတယ်။"
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ လက်နက်စွန့်ပြီး နိုင်ငံရေးလောကထဲ ၀င်မ၀င် ကိစ္စနဲ့ ပတ်သက်ပြီး KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ခေါင်းဆောင် နော်စီဖိုးရာစိန်က ကရင်ဘာသာနဲ့ ဖြေဆိုတာကို အဖွဲ့ပြောခွင့်ရ နော်မေဦးက မြန်မာဘာသာပြန်ပြပါတယ်။

"ဘယ်လိုပုံစံနဲ့ ဆက်ပြီး ရပ်တည်သွားမှာလဲ ဆိုတဲ့ဟာက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အများကြီး ပတ်သက်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေက ကျွန်မတို့ လက်ခံနိုင်တဲ့ အနေအထားမှာရှိတယ်ဆိုရင် အဲဒီမေးခွန်းက သူ့ဖာသာ ဖြေသွားပါလိမ့်မယ်။"
KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ ပထမဆုံးအကြိမ် မနေ့က တွေ့ဆုံပြီး ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

မတရားအသင်း မရှိသင့်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ကရင်အမျိုးသားအစည်းအရုံး KNU အား မတရားအသင်းဟု သတ်မှတ်ထားခြင်းနှင့် ပတ်သက် ၍ မတရားအသင်း မရှိခြင်းသည် အကောင်းဆုံး ဖြစ်ကြောင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်က တနင်္ဂနွေနေ့က ပြောဆိုလိုက်သည်။

အထွေထွေအတွင်းရေးမှူး ဒေါ်နော်ဇီဖိုးရာစိန် ခေါင်းဆောင်သော KNU ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင်  လက်ခံတွေ့ဆုံပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတနိုင်ငံတွင် မတရားအသင်း မရှိခြင်းသည် အကောင်းဆုံး အခြေအနေဖြစ်ကြောင်း ထင်မြင်ချက်ပေးခဲ့သည်။

“အန်တီကတော့ နိုင်ငံတနိုင်ငံမှာ မတရားအသင်းဆိုတာ ရှိဖို့မလိုတာ အကောင်းဆုံးအခြေအနေလို့ ထင်ပါတယ်”ဟု ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်က ပြောသည်။

နေပြည်တော်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် KNU အတွက် စိုးရိမ်ဖွယ်ရာဖြစ်နေသည့် “မတရားအသင်း” ကိစ္စ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း အထွေထွေအတွင်းရေးမှူး နော်ဇီဖိုးရာစိန်က ဆိုသည်။

“ကျမတို့ ငြိမ်းချမ်းရေး အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ် တလျှောက်လုံးမှာ ဒီမတရားအသင်း ဆိုတာကြီးက အန္တရာယ်လည်းရှိတယ်၊ ကြောက်စရာလည်း ဖြစ်တယ်၊ တိုင်းသူပြည်သားတွေအတွက်လလည်း စိုးရိမ်စရာ ဖြစ်နေတယ်ဆိုတော့ ဒီကိစ္စကို စဉ်းစားဖို့ သမ္မတကြီးနဲ့ ဆွေးနွေးခဲ့ပါတယ်” ဟု KNU အထွေထွေ အတွင်းရေးမှူးက ကရင်ဘာသာဖြင့် ပြောဆိုသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးခရီးစဉ်အတွင်း နေပြည်တော်တွင် နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံရာ၌ စစ်မှန်သည့် ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရန် လုပ်ငန်းစဉ်များ ဆွေးနွေးဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရာတွင်လည်း KNU ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကြောင်း အဓိက ဆွေးနွေးခဲ့သည်ဟု နော်ဇီဖိုးရာစိန် က ပြောသည်။

“စစ်မှန်တဲ့ ငြိမ်းချမ်းရေး ပေါ်ပေါက်ဖို့အတွက် ကရင်တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေ၊ လိုလားချက်တွေ ဘာလဲဆိုတာကို ကျမတို့ ဆွေးနွေးဖြစ်တယ်။ နောက်ဘယ်လို ဆက်လက်ဆောင်ရွက်မယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေကို အသိပေးဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးဖြစ်ခဲ့သည့်အပေါ် သူမကပြောသည်။

ကရင်လူမျိုးများ အများဆုံးနေထိုင်သည့် ဝါသင်္ခကျေးရွာကို ဗဟိုပြု၍ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဖြစ်လာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်တွင်းငြိမ်းချမ်းရေး အပါအဝင် အမျိုးသား ရင်ကြားစေ့ရေး ကိစ္စများအတွက် ဆက်လက်ရပ်တည်သွားမည်ဖြစ်ပြီး KNU အပြင် အခြားငြိမ်းချမ်းရေးလိုလားသည့် တိုင်းရင်းသား အဖွဲ့အစည်း အားလုံးနှင့် တတ်နိုင်သမျှ လက်တွဲသွားမည်ဟု ပြောဆိုသည်။

“ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်တဲ့အခါမှာ ရှေ့တန်းတင်တဲ့ ကိစ္စကြီး ၃ ရပ်ထဲမှာ
ပြည်တွင်းငြိမ်းချမ်းရေးပါ ပါတယ်။ ဥပဒေစိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကိစ္စက ဘယ်လို စပ်ဆက်နေတယ်ဆိုတာ ကျမတို့ ရှင်းပြခဲ့ပါတယ်။ အဲ့တော့ ဒီလုပ်ငန်းကြီး ၃ ခုကို ပူးတွဲပြီးတော့ အမျိုးသားရင်ကြားစေ့ရေး အခြေခံပေါ်မှာ မားမားမတ်မတ်နဲ့ ကျမတို့ ဆက်သွားမှာဖြစ်ပါတယ်” ဟု ပြောသည်။

ရာစုနှစ် တဝက်ဝန်းကျင်ကျော်ကြာ ဗဟိုအစိုးရအား လက်နက်ကိုင် တော်လှန်ခဲ့သည့် KNU သည် ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့ဝင်များနှင့် ကရင်ပြည်နယ် ဘားအံမြို့တွင် ဇန်နဝါရီလ ၁၂ ရက်နေ့က ပထမဆုံး ပြည်နယ်အဆင့် တရားဝင်တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီမှု စတင်ရရှိခဲ့သည်။

ယခု ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် နိုင်ငံတော်သမတနှင့် တွေ့ဆုံခဲ့ရာ သမ္မတ ဦးသိန်းစိန်သည် စစ်မှန်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရန် ဆန္ဒရှိပြီး ငြိမ်းချမ်းရေးအတွက် ကြိုးစားလုပ်ဆောင်နေသည်ကို မြင်ခဲ့ရကြောင်း နော်ဇီဖိုးရာက ပြောဆိုသွားခဲ့သည်။

ပမာဏ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု၊ ခိုင်မာသည့် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီမှု၊ နိုင်ငံရေး
ဆွေးနွေးခြင်း၊ နိုင်ငံရေးတွင်ပါဝင်ခွင့်ရရေး စသည့် သဘောတူညီမှု အဆင့် လေးဆင့် ရရန် KNU ဘက်က ရည်ရွယ်ထားသော်လည်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အကျယ်တဝင့်ဆွေးနွေးညှိနှိုင်းမှု မပြုလုပ်ရသေးကြောင်း KNU အထွေထွေ အတွင်းရေးမှူးက ဆိုသည်။

အင်းစိန်ထောင်အတွင်း ထောင်ဒဏ် တသက်တကျွန်းကျခံနေရသည့် ကရင်အမျိုးသား အစည်းအရုံး ဗဟိုကော်မတီ ဝင် ဖဒိုမန်းငြိမ်းမောင်ကို သမ္မတအမိန့်ဖြင့် မတ်လ ၁၉ ရက်နေ့က လွှတ်ပေးခဲ့ခြင်းသည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဗဟိုအစိုးရနှင့် KNU အကြား ယုံကြည်မှု ရစေခဲ့သည်ဟု ထင်ကြောင်း KNU ၏ ပြန်ကြားရေးတာဝန်ခံနှင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် နော်မေဦးက မေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။

ဓမ္မဘေရီဆရာတော် ဦးဝီရိယ (တောင်စွန်း)၊ ဟေးဝဒ် မုဒိတာကျောင်းဆရာတော် ဦးဥာဏိကာဘိဝံသတို့ တွေ့ဆုံ

ဧပြီလ ၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ဓမ္မဘေရီဆရာတော် ဦ၀ီရိယ (တောင်စွန်း) နှင့် ကယ်လီဖိုးနီးယား၊ ဟေးဝဒ်မြို့၊ မုဒိတာရွှေကျောင်းဆရာတော် ဦးဥာဏိကဘိဝံသတို့ တွေ့ဆုံခဲ့ကြသည်ကို တွေ့ရသည်။ ဆရာတော် ၂ ပါးစလုံးသည် ဗုဒ္ဓသာသနာပြု ဆရာတော်များအဖြစ်သာမက မြန်မာ့အရေးတွင် ပွင့်လင်း တက်ကြွစွာ ပြောဆိုရေးသားသူ ရဟန်းစာရေးဆရာများ ဖြစ်ကြသည်ဟု ဆိုသည်။

နည်းဥပဒေ မထွက်သေးတာကြောင့် ဆန္ဒပြခွင့်မရ

ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ လျှပ်စစ်မီးများ မကြာခဏ ပျက်နေတာကြောင့် ငြိမ်းချမ်းစွာ လှည့်လည် ဆန္ဒထုတ်ဖော် ပြသဖို့အတွက် သက်ဆိုင်ရာဥပဒေနဲ့ အညီ ပြည်မြို့ဒေသခံတွေက လိုအပ်သော အချက်အလက်များ အပြည့်အစုံဖော်ပြပြီး အခွင့်တောင်းခံတာကို အာဏာပိုင်တွေက နည်းဥပဒေများ ထုတ်ပြန်ထားခြင်း မရှိသေးလို့ဆိုပြီး လျှောက်လွှာကို ပလပ်လိုက်တယ်လို့ သိရပါတယ်။
မီးပြတ်တောက်မှုတွေ ပြည်မြို့မှာ နေ့စဉ် ဖြစ်ပေါ်နေတဲ့အတွက် ရွှေလက်လှရပ်ကွက်နေ ဦးကျော်ဆွေ၊ ဝါးရုံရပ်ကွက်နေ ဦးဝင်းလှိုင်နဲ့ နဝင်းမြောက်ပိုင်းရပ်ကွက်နေ ဦးကျော်ကျော်ဦးတို့  သုံးဦးက ဆန္ဒပြလိုသူ ပြည်သူတွေကိုယ်စား မြိုနယ်ရဲတပ်ဖွဲ့မှူးထံ ဧပြီလ ၅ ရက်နေ့က ဆန္ဒပြခွင့် လျှောက်လွှာတင်ခဲ့တာပါ။ သူတို့ရဲ့လျှောက်ထားချက်နဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက နောက်တစ်နေ့မှာ ခေါ်တွေ့တဲ့အကြောင်း ဦးကျော်ဆွေက-
" ခရိုင်ရဲမှူး ပါတယ်။ မြို့နယ်ရဲမှူး ပါတယ်။ မယက ဥက္ကဋ္ဌ ကိုအောင်ဇော်ထက် ပါတယ်။ လူဝင်မှုကြီးကြပ်ရေးက ပါတယ်။ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးအောင်ဇော်ထိုက် ပါတယ်။ နောက် ရယက အုပ်ချုပ်ရေးမှူးတွေပါတယ်။ ခေါ်တွေ့ပြီးတော့ ကျွန်တော်တို့ တင်ပြတဲ့စာက စီတန်းလှည့်လည်ခွင့်အရ မှန်ကန်ပါတယ်တဲ့။ ဒါပေမဲ့ အဲဒီ ဥပဒေထဲမှာပါတဲ့ ပုဒ်မ ၂၄ အရ နည်းဥပဒေ မထွက်သေးတဲ့အတွက် ခွင့်ပြုလို့လည်း မရသလို ငြင်းပယ်လို့လည်း မရဘူးပေါ့လေ။ အဲတာကြောင့် ပြည်ထဲရေး ဝန်ကြီးဌာနကနေပြီးတော့ ဒီဥပဒေ ထုတ်ပြန်ပြီးမှသာ ဆန္ဒပြခွင့် ပေးနိုင်မယ်လို့ ကျွန်တော်တို့ကို ပြောလိုက်ပါတယ်" လို့ ပြောပြပါတယ်။
နည်းဥပဒေထွက်မှ ဆန္ဒပြလို့ ရမယ်ဆိုရင် နည်းဥပဒေတွေဟာ ဘယ်တော့ ပြဋ္ဌာန်းဖို့ ရှိပါသလဲလို့  မေးမြန်းတဲ့ အခါမှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်ထံ သွားမေးပါလို့  အာဏာပိုင်တွေက ညွှန်ကြားတယ်လို့ သိရပါတယ်။ ပြည်မြို့မှာ လျှပ်စစ်မီး နေ့စဉ်ရက်ဆက် ပြတ်တောက်လျက်ရှိရာမှာ ဘယ်အချိန်လာပြီး ဘယ်အချိန်ဖြတ်မယ် ဆိုတာကိုလည်း ကြိုတင်အသိပေးခြင်း မရှိတဲ့အတွက် အချိန်ကုန်လူပန်း ဖြစ်ရကြောင်းလည်း မြို့ခံတွေက ပြောကြပါတယ်။

စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မျှော်လင့်ကြောင်း ပြည်ပရောက် ကရင် အဖွဲ့အစည်းများ ပြောဆို

သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့ လက်ရှိ တွေ့ဆုံ ဆွေးနွေးပွဲတွေကနေ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြည်ပရောက် ဥရောပ ကရင်ကွန်ယက်အဖွဲ့က မနေ့က ပြောဆိုလိုက်ပါတယ်
နှစ်ပေါင်း ၆၀ ကျော်ကြာ တိုက်ပွဲတွေဖြစ်နေတဲ့ ကရင်ပြည်နယ်မှာ ပြည်သူတွေရဲ့ ဘ၀လုံခြုံရေးကို အာမခံနိုင်မယ့် အခြေအနေမျိုး ဖြစ်ပေါ်လာဖို့ အမှန်တကယ် လိုအပ်နေတယ်လို့ ဥရောပ ကရင်ကွန်ယက်အဖွဲ့ ဥက္ကဋ္ဌ ဇိုရာဖန်းက ပြောပါတယ်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းနဲ့ ကေအဲန်ယူကိုယ်စားလှယ် ခေါင်းဆောင် နော်စီဖိုးရာစိန်တို့ နှစ်ဘက် သဘောတူညီချက်တွေမှာ အပစ်အခတ်ရပ်စဲရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့၊ ယုံကြည်မှု တည်ဆောက်နိုင်ရေးနဲ့ ကရင်ပြည်သူတွေရဲ့ ဘ၀လုံခြုံရေး အာမခံနိုင်ဖို့ စတာတွေ ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အကုန်မှာ ကျင်းပခဲ့တဲ့ ကရင်ညီလာခံမှာ ပြည်ပရောက် ကရင်တိုင်းရင်းသားတွေ အနေနဲ့ ကေအဲန်ယူဟာ ကရင်ပြည်သူတွေအားလုံးကို ကိုယ်စားပြုပြီး ရှေ့တန်းက မားမားမတ်မတ် ရပ်တည်နေတဲ့ မိခင်အဖွဲ့အစည်းအဖြစ် သဘောတူ ထောက်ခံထားကြပါတယ်။


ကမ္ဘာ့ရာသီဥတု ပြောင်းလဲနေသည့် နည်းတူ မြန်မာနိုင်ငံ၌လည်း ရာသီဥတု ပြောင်းလဲမှု အနေအထားများ သက်ရောက်လျက်ရှိရာ လက်ရှိကာလသည် နွေရာသီဖြစ်သော်လည်း မြန်မာနိုင်ငံ ဒေသအများစု၌ မိုးရွာသွန်းခြင်း၊ လေဆင်နှာမောင်း တိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းစသည် တို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
ကချင်ပြည်နယ်၊ ကသာခရိုင်အတွင်း မိုးရွာသွန်းမှုများကြောင့် မိုးသီးကြွေကျခြင်းများ ဖြစ်ပေါ်ခဲ့မှုကို ''ဧပြီလ ၅ ရက်နေ့ ညနေ ၅ နာရီ ခွဲလောက်ကစပြီး  မိုးရွာတာ၊ မိုးရွာသွန်းချိန်က ၂ နာရီလောက်ကြာအောင် ရွာခဲ့ပြီး တော့လေပြင်းတွေလည်း တိုက်တယ်။ မိုးသီးလည်း ကြွေတယ်။ အဲဒီမိုးတွေ မရွာခင် အရင်နေ့ကလည်း လေပြင်းတွေတိုက်လို့ ကသာကနေ မန်လည်ဘက်ကိုသွားတဲ့ ကားတွေ ခဏရပ်ထားရတယ်''ဟု ကုန်ကား လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၌လည်း ဧပြီလ၄ရက် နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းကြောင့် ဟုမ္မလင်းမြို့ပေါ်တွင် အပျက်အစီး နည်းပါးခဲ့သော်လည်း နောင်ပကျစ် တောင်ပေါ်နှင့် ကျေးရွာဘက်များတွင် အပျက်အ စီးများရှိခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်နှင့် နတ္တလင်းမြို့နယ်များ၌လည်း ဧပြီလ၆ရက်နေ့က မိုးရွာသွန်းမှုများရှိခဲ့ပြီး လေပြင်းတိုက်ခတ်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

''၅ ရက်နေ့ကတည်းက မိုးနဲနဲအုံ့ နေတာ။ ၆ရက်နေ့ နေ့လည်လောက်မှာ မိုးကြိုးပစ်ပြီး တစ်နာရီနီးပါးလောက် မိုးတွေရွာတယ်။ ကျွန်တော်တို့လမ်းထဲက ရှင်ပြုအလှူမဏ္ဍပ်မှာဆိုရင် ရေတွေဝင်လို့ ညနေရှင်လောင်းလှည့် တာကို တစ်မြို့လုံး မပတ်နိုင်တော့ဘဲ အလှူအိမ်ကနေ ဘုန်းကြီးကျောင်းကိုပဲ တစ်ခါတည်း တန်းသွားပြီး ရှင်ပြုလိုက်ရတယ်''ဟုလည်း ပေါင်းတည်မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။

အလားတူ တောင်ကြီးမြို့၌ လည်းဧပြီလ ၃ ရက်နေ့က မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ဧပြီလ ၄ ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုများနှင့်အတူ မိုးကြိုးပစ်၊ မိုးသီးကြွေကျမှုလည်း ဖြစ်ပွားခဲ့ကြောင်း၊ ရှမ်းပြည်နယ် မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မြို့ နယ်အတွင်း မိုးကြိုးထိခိုက်မှုမရှိသော်လည်း ဧပြီလ ၄ ရက်တစ်နေ့တည်း မိုးရေချိန်(သုည ဒဿမ၆၆)လက်မ ရှိခဲ့ကြောင်းလည်း သိရှိရသည်။


နိုင်ငံခြားငွေလဲလှယ်မှု ဈေးကွက်အပေါ် လိုအပ်ပါက ဗဟိုဘဏ်မှ ၀င်ရောက်ထိန်းသိမ်းသွားမည်

၂၀၁၂ ခုနှစ် ဧပြီလ ၂ ရက်နေ့မှစ၍ ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲနှုန်းစနစ်အား စတင်ကျင့်သုံးလျက်ရှိပြီး ယခု နိုင်ငံခြား ငွေလဲလှယ်နှုန်းမှာ ဈေးကွက်အပေါ်တွင် အခြေခံထားခြင်းဖြစ်သောကြောင့် ဈေးကွက်တွင် လိုအပ်ပါက ဗဟိုဘဏ်မှ ၀င်ရောက် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ငွေကြေးမူဝါဒဆိုင်ရာ နည်းလမ်းများ ချမှတ် အကောင်အထည်ဖော်ရေးဆိုင်ရာ သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

''ကျွန်တော် ဗဟိုဘဏ်အနေနဲ့ လိုအပ်သလို အမေရိကန်ဒေါ်လာ ၀ယ်ယူခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက်သွားမှာပါ။ အဲလို လုပ်လိုက်တဲ့အတွက်ကြောင့် ပြည်သူတွေအတွက် မြန်မာကျပ်ငွေ ပိုလျံလွန်းခြင်း၊ ရှားပါးခြင်းတွေ လည်း ဖြစ်ပေါ်လာနိုင်စေပါတယ်။ ဒါပေမဲ့အဲဒီလိုဖြစ်ပေါ်လာခြင်းကြောင့် ငွေကြေးဖောင်းပွမှုတို့၊ ငွေကြေးဈေး ကွက်ပေါ်မှာကြီးမားတဲ့ သက်ရောက်မှုတွေ မရှိစေဖို့ ဗဟိုဘဏ်က ငွေကြေးမူဝါဒတွေကို ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်။ အခု ထိုင်းနိုင်ငံ ဗဟိုဘဏ်ကနေပြီးတော့ နည်းပညာ အကူအညီပေးရေးအဖွဲ့ လာရောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ငွေကြေး လည်ပတ်စီးဆင်းမှု၊ ငွေလဲနှုန်း၊ အတိုးနှုန်း၊ ငွေကြေး ဖောင်းပွခြင်းဆိုင်ရာ ကိစ္စရပ်တွေကို လာပို့ချပေးပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ အရင်တုန်းက Monetory  Policy Department ဆိုတာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ စတင် ဖွဲ့စည်းလိုက်ပါပြီ။ ဌာနမှာရှိတဲ့လူတွေ ဗဟိုဘဏ်က ဌာနပေါင်းစုံက သင်တန်း သားတွေကို ထိုင်းနိုင်ငံ ဗဟိုဘဏ်က သင်တန်းလာရောက်ပြီး ပို့ချပေးပါတယ်။ အဓိကတော့ အတိုးနှုန်းကိုဘယ်လို သတ်မှတ်ထားလဲ၊ ပြီးရင် CIC (Currency in Circulation)အပြင်မှာ လည်ပတ်နေတဲ့ ငွေကြေး၊ ဒါတွေနဲ့ပတ်သက်ပြီး သီအိုရီပိုင်းနဲ့အတူ လက်တွေ့ တွက်ချက်ပြတာမျိုးတွေ ပို့ချပေးပါတယ်'' ဟု မြန်မာနိုင်ငံဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

''အဓိကက Monetory  Policy Department ကို ဗဟိုဘဏ်အောက်မှာ စတင်ဖွဲ့စည်းတယ်။ အပြည်ပြည်ဆိုင်ရာ စံနှုန်းတွေနဲ့အညီ ဒီဌာနက အကောင်အထည်ဖော်မှာပါ။ ငွေကြေးလည်ပတ်မှု၊ ဘဏ်တွေကို ဘယ်လိုတားမလဲ၊ GDP နဲ့ပတ်သက်တဲ့ အချိုးတွေကို သီအိုရီနဲ့ ပုစ္ဆာယှဉ်တွဲပြီး ပို့ချပေးပါတယ်'' ဟု အဆိုပါသင်တန်းကို တက်ရောက်ခဲ့သည့် ဘဏ်ဝန်ထမ်းတစ်ဦးက ပြောပြခဲ့သည်။

LWIN PWIN
NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/

0 comments:

Post a Comment