ကျောင်းသားသမဂ္ဂ ပွင့်ပွင့်လင်းလင်း တည်ရှိရေး ဥပဒေကြောင်းအရ ဒေါ်အောင်ဆန်းစုကြည် ကူညီမည်

 
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် တည်ဆောက်နေပြီဆိုရင် ကျောင်းသားသမဂ္ဂဆိုတာ တည်ရှိရမှာဖြစ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ပွင့်ပွင့်လင်းလင်း တည်ရှိရေးကို ဥပဒေကြောင်းအရ အတတ်နိုင်ဆုံးကူညီမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဗကသများအဖွဲ့ချုပ် အမှုဆောင်တွေကို ပြောကြားလိုက်ပါကြောင်း
ဒေါ်အောင်ဆန်းစုကြည်က မနေ့က မနက် ၁၁ နာရီလောက်မှာ ဗကသများအဖွဲ့ချုပ် ခေါင်းဆောင် (၉) ဦးကို တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ လက်ခံတွေ့ဆုံခဲ့ပြီး အခုလို ပြောဆိုကြောင်း
ဒါ့အပြင် ကျောင်းသားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုလည်း တတ်နိုင်သလောက် ပြေလည်အောင် ကူညီဖြေရှင်းပေးမယ်လို့ ပြောဆိုကြောင်း ဗကသများအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ကိုသီဟဝင်းတင်က ကိုအခုလို ပြောကြောင်း
" ပထမဦးဆုံးမှာ သူပြောတဲ့ ဥစ္စာကတော့ ပြည်သူတွေ ခံစားကြုံတွေ့ရတဲ့ ဝေဒနာတွေပေါ့နော်။ ဒုက္ခတွေ၊ ပြဿနာတွေကို ပြောဆိုဆွေးနွေးထားတယ်။ ပြီးတော့ ကျွန်တော်တို့ ဒီကျောင်းသားကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာက ကျောင်းသား သမဂ္ဂတွေရဲ့ ဖွဲ့စည်းပုံကို လေ့လာနိုင်ဖို့အတွက် သူကူညီပေးမယ်လို့ ကျွန်တော်တို့ကို ပြောတယ်။ ဒီကျောင်းသားသမဂ္ဂဆိုတာ တရားဝင် ဖြစ်ပြီးသားဆိုတာကို သူ့အနေနဲ့လည်း လက်ခံတယ်ပေါ့နော်။ ဒီမိုကရေစီနိုင်ငံ ဆိုလို့ရှိရင် ကျောင်းသားသမဂ္ဂ ဆိုတာ ရှိကိုရှိရမယ်ပေါ့နော်။ အဲဒီဥစ္စာတွေကို သူက ဆက်ပြီးကူညီသွားမယ်။ ပိုပြီးတော့ တရားဝင် ပွင့်ပွင့်လင်းလင်း ဖြစ်လာနိုင်အောင်ပေါ့နော်။ ပြီးတော့ အခုလောလောဆယ်မှာ ကျွန်တော်တို့တွေ အကုန်လုံးက ကျောင်းတက်ခွင့် ပိတ်ပင်ခံထားရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းပြန်တက်ခွင့်ရအောင် သူ့အနေနဲ့ ဥပဒေအရ ပြန်ပြီးကူညီပေးနိုင်မယ်လို့ သူကပြောပါတယ်"
ကိုလိုနီခေတ် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလကတည်းက တည်ရှိခဲ့တဲ့ ကျောင်းသားသမဂ္ဂတွေကို ၁၉၆၂ ခုနှစ်နောက်ပိုင်း အဆောက်အဦးလည်း ဗုံးခွဲဖျက်ဆီးခံရ၊ အဖွဲ့တည်ရှိခွင့်လည်း ပိတ်ပင်ခံခဲ့ရပေမယ့် ခေတ်အဆက်ဆက် ကျောင်းသားတွေက သမဂ္ဂကို လျှို့ဝှက်ဖွဲ့စည်းပြီး လက်ဆင့်ကမ်း သယ်ဆောင်လာရာမှာ ၁၉၈၈ ခုနှစ်မှာတကြိမ် ကျောင်းသားထုရှေ့မှာ ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ကြောင်း
အဲဒီနောက်ပိုင်း စစ်အစိုးရရဲ့ဖိနှိပ်မှုကြောင့် ဗကသများအဖွဲ့ချုပ်ဟာ ပွင့်ပွင့်လင်းလင်း တည်ရှိခွင့် မရပေမယ့် ၂၀၀၇ မျိုးဆက် ကျောင်းသားတွေက ဆက်လက် ဖွဲ့စည်းလုပ်ကိုင်ခဲ့ပြီး၊ အခုအစိုးရရဲ့ အုပ်ချုပ်ရေးစနစ်အောက်မှာ ကျောင်းသားသမဂ္ဂတွေ ဒေသအလိုက် ပွင့်ပွင့်လင်းလင်း တည်ရှိနိုင်ဖို့ ကြိုးစားနေကြကြောင်း သိရှိရသည်။

၈၈မျိုးဆက်ကျောင်းသားများက ပွင့်လင်းလူ့အဖွဲ့ အစည်းအတွက် ပြည်နယ်နှင့်တိုင်းများသို့ ခရီးဆက်ဦးမည်

ဝင့်သင်ဇာကျော်(မြစ်မခ)

၈၈မျိုးဆက်ကျောင်းသားကျောင်းများက ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတစ်ခုအနေဖြင့် ပြည်နယ်နှင့် တိုင်းများရှိဒေသခံများထံသို့ သွားရောက်လေ့လာ၍ အတွေးအခေါ်ပိုင်းဆိုင်ရာ  အသိပညာများအား ဆက်လက် ပေးဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။
“နယ်ဒေသအသီးသီးက ဒေသခံပြည်သူတွေက သူတို့ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ပြောပြတယ်၊ ကျွန် တော်တို့အနေနဲ့ ငွေအားနဲ့ မတတ်နိုင်ပေမဲ့ သူတို့ကိုအတွေးအခေါ်ပိုင်းဆိုင်ရာ ဗဟုသုတရဖွယ်တွေကို ပြောပြတယ်” ဟု ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်  ကိုဌေးကြွယ်က ပြောသည်။
အဆိုပါ ကျောင်းသားများသည်  ပွင့်လင်းလာသော လူ့အဖွဲ့အစည်းတွင် မည်သည့်အရာကိုမျှ မကြောက် ကြရန်နှင့် အဖွဲ့အစည်းများကိုလည်း လွတ်လပ်စွာဖွဲ့စည်းနိုင်ပြီဖြစ်ကြောင်း ဒေသခံပြည်သူများကို အကြံဥာဏ် ပေးခဲ့ကြောင်း သိရှိရသည်။
“ဒေသခံတွေက ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတယ်၊ အဲ့တော့ သူတို့ကို မကြောက်အောင် ဘာတွေလုပ်လို့ ရနိုင်လဲ ဆိုတာတွေပါ ပြောပြတယ်။ အဖွဲ့အစည်းတွေကိုလဲ ပွင့်ပွင့်လင်းလင်း ဖွဲ့စည်းဖို့ပေါ့၊ ဥပမာ သွေးလှူ အဖွဲ့တို့ ၊ သာရေး ၊ နာရေး ကွန်ယက်လေးဖြစ်အောင် လုပ်သင့်တယ်ဆိုပြီး အကြံပေး ဆွေးနွေးတာမျိုးတွေ လုပ်ခဲ့တယ် “ ဟု ၈၈မျိုးဆက်ကျောင်းသား အဖွဲ့မှ မသက်သက်အောင်က ပြောသည်။
၈၈မျိုးဆက်ကျောင်းသားများဖွဲ့စည်းထားသော ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းကို ၂၀၁၂ ဖေဖော်ဝါရီ ၂၀ရက်နေ့ ဟင်္သာတခရီးစဉ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ကချင်၊ ဧရာဝတီတိုင်း ၊ မန္တလေး ၊ တောင်ကြီး၊ မအူပင်နှင့် မြင်းခြံသို့ သွားရောက်ခဲ့ပြီး ဖြစ်သည်။
လာမည့် မေလ (၁၂) ရက်နေ့နှင့် (၁၅)ရက်နေ့များတွင်လည်း ပုသိမ်နှင့် ထားဝယ်မြို့များသို့ သွားရောက်ကာ ဒေသခံများ ကြုံတွေ့နေရသော အခက်အခဲများကို နားထောင်ပြီး အကြံဥာဏ်များ ၊ ဗဟုသုတများဆက်လက် ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/

0 comments:

Post a Comment