မြန်မာသတင်းများ မေလ ၂၁ ရက် ၂၀၁၂ ခုနှစ်
အခြေခံရပိုင်ခွင့်တွေရဖို့ သံမဏိစက်ရုံ အလုပ်သမားတွေ ဆန္ဒပြ
ရန်ကုန်တိုင်း မှော်ဘီမြို့နယ်မှာရှိတဲ့ Yangon Crown သံမဏိစက်ရုံက ရာနဲ့ချီတဲ့ အလုပ်သမားတွေ ဒီကနေ့ ဆန္ဒပြနေကြပါတယ်။ လုပ်ခ လစာတိုးမြှင့်ရေး အပါအ၀င် အချက် ၁၃ ချက်ကို အဓိက တောင်းဆိုခဲ့ကြတာပါ။ အလုပ်ရှင်ဘက်ကတော့ အလုပ်သမားတွေအနေနဲ့ အလုပ်မဆင်းတာ ၃ ရက်ပြည့်ရင် အလုပ်ကနေ အလိုအလျောက် နှုတ်ထွက်ပြီးသား ဖြစ်တယ်လို့ ပြောဆိုထားပေမဲ့ သပိတ်ဖြစ်မြောက်ရေး ကော်မတီကတော့ တောင်းဆိုချက်တွေ ရရှိတဲ့အထိ ဆက်လက် ဆန္ဒပြသွားမယ်လို့ ဆိုပါတယ်။
တနင်္ဂနွေနေ့ မနက် ၇ နာရီကစပြီးတော့ မှော်ဘီမြို့နယ် Yangon Crown သံမဏီစက်ရုံက အလုပ်သမား ၅၀၀ ကျော်ဟာ လက်ရှိ သူတို့ရရှိနေတဲ့ တနေ့လုပ်အားခ ၁၆၀ ကို တိုးမြှင့်ပေးဖို့ နဲ့ လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေ ဘေးအန္တရာယ်ကင်းရှင်းစေရေး အပါအ၀င် အခြေခံရပိုင်ခွင့်တွေကို ရရှိဖို့အတွက် ဆန္ဒပြတောင်းဆိုနေကြတာပါ။ သူတို့ရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီးတော့ ဆန္ဒပြ အလုပ်သမားတွေအရေး ကူညီပေးနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း တာဝန်ခံ ကိုအေးလွင် က အခုလို ပြောပြပါတယ်။
“နံပါတ် (၁)၊ အခြေခံလစာ နည်းပါးခြင်းကို ညှိနှိုင်းရန်၊ အချိန်ပို လုပ်အားခများကို ထိုက်တန်စွာ ရရှိရန်၊ နံပါတ် (၂)၊ ခွင့်ရက်နဲ့ အလုပ်ပိတ်ရက် ဥပဒေများကို ညှိနှိုင်းရန်၊ နံပါတ် (၃)၊ အလုပ်သမားများအား ငွေကြေးနှင့် ဒဏ်ခတ်ခြင်းများ ပပျောက်စေရန်၊ နံပါတ် (၄)၊ တရားဝင် ရုံးပိတ်ရက်နှင့် အလုပ်ပိတ်ရက်များကို သတ်မှတ်ပေးရန်၊ နံပါတ် (၅)၊ အလုပ်သမားများထံမှ နိုင်ငံသားမှတ်ပုံတင်များ သိမ်းဆည်းထားခြင်းစနစ်ကို ဖျက်သိမ်းပေးရန်၊ လူမှုဖူလုံရေးကဒ်ပြားများကို လုပ်သားများအားလုံးအား ထုတ်ပေးရန်၊ တရုတ်စက်ရုံမှူးများနှင့် မြန်မာစက်ရုံမှူးများ နားလည်မှုယူရေး တိကျသော အလုပ်တာဝန်ပေးအပ်ရန်၊ အလုပ်သမားများအား လစာပေးချေရာတွင် လဆန်း ၅ ရက်နေ့ နောက်ဆုံးထား၍ ပေးချေရန်၊ အလုပ်သမား ဘေးအန္တရာယ် ကင်းရှင်းရေးဌာန၊ အလုပ်သမား ကျန်းမာရေးဌာနနှင့် ၀န်ထမ်းရေးရာ ဌာနများကို သီးခြား ဖွင့်လှစ်ပေးရန်၊ နံပါတ် (၉)၊ ဌာနဆိုင်ရာ တစ်ခုစီတွင် အရေအချင်း ပြည့်မှီသော စကားပြန်တစ်ယောက်ဆီ ထားရှိရန်၊ နံပါတ် (၁၀)၊ ဆုကြေးစားသမားများ ဆုကြေးရသကဲ့သို့ အခြား မည်သည့်အောက်ခြေ အလုပ်သမားများမဆို ထိုက်သင့်သလို ဆုကြေး တိုးပေးရန်၊ နံပါတ် (၁၁)၊ အလုပ်သမားများအား လုပ်ငန်းသုံး ပစ္စည်းများ၊ ဘေးအန္တရာယ်ကင်းရှင်းရေး ပစ္စည်းများကို လိုအပ်သည့်အခြေအနေတွင် အခမဲ ထုတ်ပေးရန်၊ လုပ်ငန်းနှင့် မသတ်ဆိုင်သော လုပ်ငန်းများကို မခိုင်းစေရန်၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့် ပတ်သက်၍ စက်ရုံမှ ၀ယ်ယူသောအခါ ရောင်းချသော ကုန်သည်များနှင့် ညှိနှိုင်းပြီး တင်းတင်းကျပ်ကျပ် စိစစ်ဆောင်ရွက်ရန်၊ နံပါတ် (၁၃)၊ အလုပ်သမားများအပေါ် နိုင်လိုမင်းထက် ရိုင်းပြစွာ ဆက်ဆံသော စက်ရုံမှူးအား ရာထူးတာဝန်မှ လုံးဝ ရပ်ဆိုင်းပေးရန်။ ၁၃ ချက်ပါ။”
အလုပ်သမားတွေဘက်ကတော့ သူတို့ရဲ့ တောင်းဆိုချက်တွေကို မရမချင်း ဆက်လက် ဆန္ဒပြသွားမယ်လို့ ဆုံးဖြတ်ထားပြီးဖြစ်ပေမဲ့ အလုပ်ရှင်ဘက်ကတော့ - ဒီဆန္ဒပြမှုနဲ့ပတ်သက်ပြီး အခုလို တုံ့ပြန်ခဲ့တယ်လို့လည်း သူက ဆက်ပြောပြပါတယ်။“အလုပ်ရှင်တွေနဲ့ ညှိလိုက်တဲ့အခါကျတော့ အလုပ်ရှင်က ဘာပြောလဲဆိုတော့ အလုပ်သမားထုကို သူက ပြောတဲ့စကားက သုံးရက်အတွင်းမှာ လုပ်ငန်းပြန်ဝင်ပါ။ တကယ်လို့ သုံးရက်အတွင်း မ၀င်ဘူးဆိုရင် ဒီအလုပ်သမားတွေ အားလုံးကို သူက ဖြုတ်တယ်ဆိုတဲ့ ရာဇသံကို သူက ပေးလိုက်တယ်။ အဲဒီတော့ တောက်လျှောက်ဆက်ပြီးတော့ တလပဲကြာကြာ ဘယ်လောက်ပဲ ကြာကြာပေါ့နော်၊ ကာလတခုအထိ မရမချင်းတိုက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ သူတို့ အကုန်ချပြီးသွားပြီ။”
တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲကိုတော့ အာဏာပိုင်တွေဘက်က တစုံတရာ ဟန့်တားနှောင့်ယှက်တာမျိုး မရှိခဲ့ဘဲ အဝေးကနေသာ ဓာတ်ပုံရိုက် မှတ်တမ်းတင်တာမျိုးပဲ ရှိခဲ့တယ်လို့လည်း မျက်မြင်သက်သေတချို့က ပြောပြပါတယ်။ ဒါ့အပြင် ဒီရက်ပိုင်းမှာပဲ လှိုင်သာယာမြို့နယ် ရွှေပြည်သာစက်မှုဇုံမှာရှိတဲ့ စက်ရုံ (၆) ရုံ က ထောင်နဲ့ချီတဲ့ အလုပ်သမားတွေလည်း ဆန္ဒပြတောင်းဆိုခဲ့ကြပြီး အလုပ်ရှင် အလုပ်သမား အကြား ပြေလည်မှုရဖို့ အာဏာပိုင်တွေဘက်က ကြားဝင် ဖြေရှင်းခဲ့ပေမဲ့ အခုအချိန်ထိ ပြေလည်မှု မရရှိသေးဘူးလို့လည်း သိရပါတယ်။
RCSS-SSA နှင့် အစိုးရ တို့ ၁၂ ချက်ပါ သဘောတူညီချက် လက်မှတ်ရေးထိုး
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS-SSA နှင့် မြန်မာအစိုးရတို့သည် မေလ ၁၉ ရက် နေ့တွင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲအပြီး အချက် ၁၂ ချက်ပါ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။
မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေး၊ ငြိမ်းချမ်းရေး ကြီးကြပ်စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းရေး၊ စီးပွားရေးလုပ်ငန်းများ
ဖေါ်ဆောင်ရေးနှင့် အကျဉ်းကျနေသော RCSS-SSA အဖွဲ့ဝင်များကိစ္စ စသည်တို့ ပါဝင်သည့် အချက် ၁၂ ချက်ပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။
မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေး၊ ငြိမ်းချမ်းရေး ကြီးကြပ်စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းရေး၊ စီးပွားရေးလုပ်ငန်းများ
ဖေါ်ဆောင်ရေးနှင့် အကျဉ်းကျနေသော RCSS-SSA အဖွဲ့ဝင်များကိစ္စ စသည်တို့ ပါဝင်သည့် အချက် ၁၂ ချက်ပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။
မြန်မာအစိုးရကိုယ်စား ငြိမ်းချမ်းရေး တည်ဆောက်မှုအဖွဲ့ ဒု-ဥက္ကဋ္ဌ (၁) တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းတို့က ဦးဆောင်လက်မှတ်ရေးထိုးခဲ့ပြီး၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီဘက်မှ ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဦးဆောင်လက်မှတ်ရေးထိုးခဲ့သည်။
ဆွေးနွေးပွဲအပြီး သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားရာတွင် မြန်မာအစိုးရ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ယခုဆွေးနွေးပွဲပြီးနောက်တွင် နှစ်ဘက်တပ်များအကြား လက်နက်ကိုင် တိုက်ခိုက်မှုများရှိတော့မည် မဟုတ်ကြောင်း၊ RCSS-SSA အဖွဲ့သည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးသည့် အချိန်မှစပြီး တရားဝင် အဖွဲ့အစည်းတခု ဖြစ်သွားပြီ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး တည်ဆောက်မှု အဆင့်များကို ဆက်လုပ်သွားရန်၊ RCSS-SSA အဖွဲ့နှင့် အမြန်ဆုံးပြန်လည် တွေ့ဆုံကြမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
နှစ်ဖက်တပ်များ အပစ်အခတ်ရပ်ရေး အပါအဝင် အချက် ၇ ချက်ပါ ငြိမ်းချမ်းရေး သဘောတူညီချက်ကို မြန်မာအစိုးရနှင့် RCSS-SSA တို့ ယခုနှစ် ဇန်နဝါရီ ၁၇ ရက်က နှစ်ဘက်လက်မှတ်ရေးထိုးခဲ့သော်လည်း ကြားကာလအတွင်း နှစ်ဖက် ပစ်ခတ်မှု ၁၇ ကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ယခုအကြိမ်ဆွေးနွေးပွဲသည် မြန်မာအစိုးရက ငြိမ်းချမ်းရေးဖေါ်ဆောင်မှု အဖွဲ့အား တိုးချဲ့ပြင်ဆင်ဖွဲ့ပြီးနောက် ပထမဆုံး အကြိမ် တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ကိုယ်တိုင် ဦးဆောင်ပါဝင်ဆွေးနွေးသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်ပြီး၊ ငြိမ်းချမ်းရေး နယ်မြေဒေသများ အတိအကျ၊ လုပ်ငန်းအကောင်အထည်ဖေါ်ရန် အသေးစိတ်ညှိနှိုင်းဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟုသိရသည်။
နယ်စပ်မှာ စစ်တပ်တိုးချဖို့ ၀န်ကြီးချုပ်ကို တိုက်တွန်း
အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံကနေ လက်နက်နဲ့ မူးယစ်ဆေးဝါး တင်သွင်းမှုတွေ ထူပြောလာတဲ့အတွက်ကြောင့် အိန္ဒိယ-မြန်မာနယ်စပ် တလျှောက်မှာ စစ်တပ်တွေ တိုးချဖို့ မီဇိုရမ် ၀န်ကြီးချုပ်က အိန္ဒိယ၀န်ကြီးချုပ်ကို တိုက်တွန်းလိုက်ပါတယ်။ အိန္ဒိယ၀န်ကြီးချုပ် ဒေါက်တာ မန်မိုဟာစင်းဟာ အခုလ နောက်ဆုံးပတ်မှာ မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် အလည်အပတ် သွားရောက်မှာဖြစ်ပြီး ၀န်ကြီးချုပ်အနေနဲ့ မြန်မာပြည်ကိုမသွားခင်အိန္ဒိယ-မြန်မာနယ်စပ် အခြေအနေတွေလေ့လာဖို့ သူ့ရဲ့အကြံပေးပုဂ္ဂိုလ် TK Nair ဟာ မေလ ၁၈ ရက်နေ့က မီဇိုရမ်ပြည်နယ် ကို ရောက်ရှိလာတဲ့အချိန်မှာ မီဇိုရမ် ၀န်ကြီးချုပ်
ပူးလာလ်ထန်ဟောလ်က တိုက်တွန်း ပြောဆိုခဲ့ တာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မီဇိုရမ်ကုန်သွယ်ရေး ၀န်ကြီး ပူးလာလ်ရင့်လျန်နာကို မေးကြည့်တော့ အဓိကတော့ အိန္ဒိယအရှေ့မြောက်ဒေသမှာ သူပုန်အမျိုးမျိုးရှိနေတာကြောင့် နယ်စပ်မှာ တပ်တွေတိုးချဖို့
ပြောဆိုတာဖြစ်နိုင်ပါတယ် လို့ ပြောပါတယ်။
အိန္ဒိယ၀န်ကြီးချုပ် ဒေါက်တာ မန်မိုဟာစင်းဟာ ဒီလ နောက်ဆုံးပတ်မှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် အလည်အပတ် သွားရောက်မှာဖြစ်ပြီး သူမသွားခင် အိန္ဒိယ-မြန်မာနယ်စပ် အခြေအနေတွေ လေ့လာဖို့ သူ့ရဲ့အကြံပေးပုဂ္ဂိုလ် TK Nair ဟာ မေလ ၁၈ ရက်နေ့က မီဇိုရမ်ပြည်နယ်ကို ရောက်ရှိလာတဲ့အချိန်မှာ အခုလို မီဇိုရမ် ၀န်ကြီးချူပ် ပူးလာလ်ထန်ဟောလ်က တိုက်တွန်း ပြောဆိုခဲ့တာပါ။
အိန္ဒိယ နဲ့ မြန်မာ အစိုးရတို့ရဲ့ သဘောတူညီချက်အရ နှစ်နိုင်ငံသားတွေဟာ နယ်စပ်ကနေ ၁၆ ကီလိုမီတာအတွင်း အပြန်အလှန် ၀င်ထွက်သွားလာခွင့် ပြုထားတာဖြစ်ပြီး
အခုလို အလွယ်တကူ သွားလာခွင့်ပြုတာကြောင့် လက်နက် နဲ့ မူးယစ်ဆေးဝါး တင်သွင်းမှုတွေ များလာတာဖြစ်တယ်လို့လည်း ပြည်နယ် ၀န်ကြီးချုပ် ပူးလာလ်ထန်ဟောလ်က ပြောပါတယ်။
မီဇိုရမ်နဲ့ ချင်းပြည်နယ် နယ်စပ်တလျှောက်ဟာ ကီလိုမီတာ ၄၀၀ ကျော်ရှည်လျားပြီး မြန်မာဘက်ကနေ ၀င်လာတဲ့ လက်နက် နဲ့ မူးယစ်ဆေးဝါးတွေကို မီဇိုရမ်အာဏာပိုင်တွေက မကြာခဏ ဖမ်းလေ့ရှိပါတယ်။
ကချင်ဒုက္ခသည်တွေအတွက် အကူအညီများ ထပ်ပေး
ရုပ်ရှင်မင်းသားရဲတိုက် ထူထောင်တဲ့ ရဲတိုက်ဖောင်ဒေးရှင်းကနေ ကချင်စစ်ပြေးဒုက္ခသည်တွေ အတွက် အကူအညီ ထပ်မံပေးအပ်ခဲ့တယ်လို့ ၀ိုင်းမော်မြို့က ဒုက္ခသည်စခန်းတွေ သွားရောက်ခဲ့တဲ့ စာရေးဆရာ ကျော်ရင်မြင့်က ပြောပါတယ်။လက်ရှိအနေနဲ့ ပစ်ခတ်မှုများ ရှိနေတာကြောင့် ဧပြီလတုန်းက ရှိခဲ့တဲ့ ဒုက္ခသည် ဦးရေထက် မေလထဲမှာ နှစ်ဆတိုးလာတယ်လို့ဒါ့အပြင် ဧပြီလတုန်းက ချီဘွေမှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဒဏ်ရာရသွားပြီး အခု ၀ိုင်းမော်ရောက်နေတဲ့ ခရစ်ယာန်သင်းအုပ် ဆရာကိုလည်း ဖောင်ဒေးရှင်းက ကူညီခဲ့တယ်လို့ ပြောပါတယ်။
ကချင်ပြည်နယ်မှာ ခရစ်ယာန်ဘုရားကျောင်းတွေကို မြန်မာစစ်တပ်က ပစ်ခတ်နေတဲ့ အတွက် ဘုရားကျောင်း မတက်နိုင်တော့တဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။
ချီဘွေမှာဆိုရင် ဘုရားကျောင်းတက်ဖို့ ခေါင်းလောင်းထိုးချိန်မှာ ခရစ်ယာန်ကျောင်း သုံးကျောင်းကို ဧပြီ လကုန်ပိုင်းတုန်းက မော်တာနဲ့လှမ်းပစ်တဲ့အတွက် ကျောင်းပိတ်ထားရတယ်လို့ ဆိုပါတယ်။ရဲတိုက်ဖောင်ဒေးရှင်းက ပေးတဲ့ အကူအညီကို စာရေးဆရာ ကျော်ရင်မြင့်၊ သတင်းစာဆရာ ရဲနိုင်မိုးနဲ့ ပန်းချီ ဒီဇိုင်းဆရာ စိုးဝင်းငြိမ်းတို့ သွားရောက် လှူဒါန်းတာ ဖြစ်ပြီး မန္တလေးကို မနေ့က ပြန်ရောက်လာတာ ဖြစ်ပါတယ်။
အိမ်ခြံမြေဈေးနှုန်းများ အဆမတန်မြင့်တက်လာမှုက မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုကို အဟန့်အတား ဖြစ်စေနိုင်၊ လာမည့် သြဂုတ်လတွင် သက်တမ်းပြည့်မည့် ၁၅ % အခွန်စနစ်ဆက်လက် ကျင့်သုံးခြင်း ရှိ၊မရှိ အပေါ်တွင်မူတည်ပြီး အိမ်ခြံမြေဈေးကွက် အပြောင်းအလဲ ဖြစ်ပေါ်နိုင်
မြန်မာနိုင်ငံတွင် အိမ်ခြံမြေဈေးနှုန်းများ အဆမတန် မြင့်တက်နေမှု က ပြည်ပရင်းနှီးမြှုပ်နှံမှုကို အဟန့်အတား ဖြစ်စေကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။
ထို့ပြင် လာမည့်သြဂုတ်လတွင် သက်တမ်းပြည့်မည့် ၁၅ ရာခိုင်နှုန်း အခွန်စနစ် ဆက်လက်ကျင့်သုံးခြင်း ရှိ၊ မရှိ အပေါ်တွင် မူတည်ပြီး အိမ်ခြံမြေ ဈေးကွက် အပြောင်းအလဲ ထပ်မံဖြစ် ပေါ်လာနိုင်ကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။
မြန်မာနိုင်ငံတွင် မကြာမီကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ထွက်ပေါ်လာတော့မည် ဖြစ်ရာ ယင်း ဥပဒေထွက်ပေါ်လာပြီး နောက်ပိုင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက် လာနိုင်သည့်အတွက် ငွေကြေးအမြောက် အမြားရှိသူများက အိမ်ခြံမြေဈေး ကွက်တွင် ရင်းနှီးမြှုပ်နှံမှုမြင့်တက်နေ ခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်း ကျဆင်းရန် အခြေအနေ မရှိတော့ကြောင်း၊ ယင်းအခြေအနေ တစ်ရပ်မှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ချင်သူများအတွက် အတားအဆီးတစ်ခု ဖြစ်နေ ကြောင်း သိရှိရသည်။ အိမ်ခြံမြေရောင်းဝယ်မှုနှင့် လက်ရှိကျင့်သုံးလျက်ရှိသော ၁၅ ရာခိုင်နှုန်း အခွန်စနစ်သည် ၂၀၀၇ ခုနှစ်မှစ၍ တစ်နှစ်လျှင် တစ်ကြိမ် နှစ်စဉ်သက် တမ်းတိုးခဲ့ခြင်းဖြစ်ပြီး လာမည့်သြဂုတ် လဆန်းပိုင်းတွင် သက်တမ်းကာလ ပြည့်ပြီဖြစ်ကာ မည်သည့် အခွန်စနစ်သစ်ဖြင့် အစားထိုးမည်ဆိုသည်ကိုမူ မသိရသေးကြောင်း၊ ယင်းအခွန်စနစ် အရ ၀င်ငွေရလမ်းဖော်ပြနိုင်စရာ မလိုဘဲ ၁၅ ရာခိုင်နှုန်း အခွန်ဆောင်ခြင်းဖြင့် ၀ယ်ယူခွင့်ရှိသောကြောင့် အိမ်ခြံမြေ အတုအယောင်သမားများ ဈေးကွက် အတွင်းသို့ ၀င်ရောက်လာမှုမှာလည်း အိမ်ခြံမြေဈေးနှုန်း မြင့်တက်ရခြင်း၏ အကြောင်းရင်း တစ်ရပ်ဖြစ်ကြောင်း သိရသည်။
မြန်မာဘဏ်များ အမေရိကန်နှင့် အီးယူနိုင်ငံများမှ ဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်း တိုက်ရိုက်ချိတ်ဆက်နိုင်ရန် စတင်ပြင်ဆင်
နိုင်ငံခြားဘဏ်လုပ်ငန်း လုပ် ကိုင်ခွင့်ရထားသောမြန်မာဘဏ်များ အမေရိကန်နှင့် အီးယူနိုင်ငံများမှ ဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်း တိုက်ရိုက်ချိတ်ဆက်နိုင်ရန် စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။ အမေရိကန်၊ အီးယူအပါအ၀င် နိုင်ငံများ၏ ဘဏ္ဍာရေးနှင့် ငွေကြေး ၀န်ဆောင်မှုလုပ်ငန်း ပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံ၏ငွေကြေး လွှဲပြောင်းမှုများကို ကြားခံ နိုင်ငံတစ်နိုင်ငံခံပြီး လွှဲပို့ခဲ့ရပြီး စင်ကာပူနိုင်ငံမှ လွှဲပြောင်းမှု အများဆုံးဖြစ်ကြောင်း၊ ယခုကဲ့သို့ တားမြစ်ချက်များကို လျှော့ချပေးခြင်းကြောင့် အဆိုပါနိုင်ငံများရှိ ဘဏ်များနှင့် တိုက်ရိုက်ချိတ်ဆက် နိုင်တော့မည်ဖြစ်ကာကုန်သွယ်ရေး ပိုမိုလျင်မြန်လာနိုင်ပြီး လုပ်ငန်းကုန်ကျ စရိတ် လျော့နည်း သက်သာလာမည် ဖြစ်သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ပြဋ္ဌာန်းနိုင်ခြင်း မရှိသေး၍ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ လာရောက် ဆွေးနွေးသည့် အဆင့်တွင်သာ များပြားနေပြီး အမိန့်ကြော်ငြာစာများဖြင့်သာ ရှင်းလင်းဆွေးနွေးမှုများ ပြုနေရ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ပြဋ္ဌာန်းနိုင်ခြင်း မရှိသေး၍ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် စီးပွားရေး လုပ်ငန်းရှင်များမှာ ရင်းနှီးမြှုပ်နှံမှုအပိုင်းနှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းမှုများသာ များပြားနေပြီး ၀င်ရောက်ရင်းနှီး မြှုပ်နှံမှုမှာ နည်းပါးနေသေးကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ပြည်ပမှစီးပွားရေးလုပ်ငန်းရှင် များကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် မထွက်ရှိသေးသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်းသည့် အမိန့်ကြော်ငြာစာများဖြင့်သာ ရှင်းလင်းဆွေးနွေးမှု ပြုနေရကြောင်း သိရှိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်က ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုဥပဒေဟူ၍ပြဋ္ဌာန်း ခဲ့ပြီး လက်ရှိ အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ကို ရေးဆွဲခဲ့ပြီး ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားကြောင်းနှင့် လက်ရှိအချိန်ထိ အဆိုပါဥပဒေမှာ ထုတ်ပြန်ပြဋ္ဌာန်းခြင်း မရှိသေးကြောင်း သိရသည်။
လွှတ်တော်သို့ တင်ပြထားသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ကြမ်းတွင် အမည်နှင့်အဓိပ္ပာယ်ဖော် ပြချက်၊ သက်ဆိုင်သည့်စီးပွားရေး လုပ်ငန်းများ၊ အခြေခံမူများ၊ ရင်းနှီး မြှုပ်နှံမှုပုံစံ၊ ကော်မရှင်ဖွဲ့စည်းခြင်း၊ ကော်မရှင်၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရင်းနှီးမြှုပ်နှံသူ၏တာဝန်နှင့် အခွင့်အရေးများ၊ ပဋိညာဉ်စာချုပ်၊ အာမခံထားရှိခြင်း၊ အမှုထမ်းများနှင့် အလုပ်သမားများ ခန့်ထားခြင်း၊ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ၊ အာမခံချက်များ၊ မြေအသုံးပြုခွင့်၊ နိုင်ငံခြားမတည်ငွေရင်း၊ နိုင်ငံခြားငွေလွှဲ ပြောင်းနိုင်ခွင့်၊ နိုင်ငံခြားငွေရေးကြေးရေးကိစ္စ၊ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်များ၊ အငြင်းပွားမှု ဖြေရှင်းခြင်းနှင့် အထွေထွေစသည့် အခန်း ၁၉ ခန်း ပါဝင်ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်အဖွဲ့များကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေသစ် ထုတ်ပြန်ခြင်းမရှိသေး၍ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးမှထုတ်ပြန်ထားသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်စပ်လျဉ်းသည့် နိုင်ငံခြားငွေဆိုင်ရာ အမိန့် ကြော်ငြာစာနှင့် မြေအသုံးပြုပိုင်ခွင့် အမိန့်ကြော်ငြာစာ တို့ဖြင့်သာ ရှင်းလင်း ဆွေးနွေးမှု ပြုနေရကြောင်းလည်း သိရှိရပါသည်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment