မြန်မာသတင်းများ မေလ ၂၂ ရက် ၂၀၁၂ ခုနှစ်
အလုပ်သမားပြဿနာ ဖြေရှင်းရေးကော်မတီဖွဲ့ဖို့ ၈၈ ကျောင်းသားများ တောင်းဆို
ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုမြအေး အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ဒီကနေ့ လှိုင်သာယာမြို့နယ် ဆန္ဒပြစက်ရုံတွေက အလုပ်အမားတွေနဲ့ တွေ့ဆုံပြီးနောက် အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် အခုလို တောင်းဆိုလိုက်တာပါ။ ကိုမင်းကိုနိုင်က အခုလိုပြောပါတယ်။
" ကျွန်တော်တို့ကတော့ အလုပ်သမားဘက်က၊ အလုပ်ရှင်ဘက်ကရယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ဒီ ပြဿနာတွေကို ဖြေရှင်းပေးနိုင်စွမ်းရှိဖို့ လိုတယ်ဗျ။ အထူးသဖြင့် အလုပ်သမားရေးရာ ဝန်ကြီးဌာနကနေပြီးတော့ ဒီကိစ္စကို အခြေခံလစာ သတ်မှတ်ပေးတာကအစ ကိုင်တွယ်ဖြေရှင်းသင့်တယ်။ နို့မဟုတ်ရင် ကျွန်တော်တို့ တောင်းပွဲ၊ တိုက်ပွဲတွေကနေတဆင့် မတည်ငြိမ်မှုတွေ ဖြစ်လာလို့ရှိရင် အားလုံးတည်ဆောက်ထားတဲ့ အခြေအနေတွေ ပျက်ဆီးသွားမှာကိုလည်း ကျွန်တော်တို့ မလိုလားဘူး။ စိုးရိမ်ပူပန်မှုတွေလည်းရှိပါတယ်။ ဒါကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အားလုံးဖြေရှင်းနိုင်ဖို့အတွက် ကျွန်တော်တို့ သာမန်ပြည်သူတွေ အပါအဝင် စိတ်ဝင်စားတဲ့၊ ရတဲ့အချိန်မှာ ဒီကိစ္စကို အစိုးရအဖွဲ့က၊ တိုင်းဒေသကြီး အစိုးရက မဖြေရှင်း နိုင်ရင်လည်း ပြည်ထောင်စုအစိုးရ အဆင့်ပေါ့လေ၊ ငြိမ်းငြိမ်းချမ်းချမ်း ဝင်ပြီးဖြေရှင်းပေးဖို့ လိုပြီလို့ ကျွန်တော်တို့ မြင်ပါတယ်"
၈၈ မျိုးဆက် ကျောင်းသားများအနေနဲ့ အလုပ်သမား ပဋိပက္ခဖြေရှင်းရေး ကော်မတီတစ်ရပ် ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း အသီးသီးကို တင်ပြတောင်းဆိုသွားမယ်လို့လည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။
အလုပ်သမားတွေ အနေနဲ့လည်း မိမိတို့ ရပိုင်ခွင့်တွေအတွက် တောင်းဆိုရာမှာ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းတဲ့နည်းနဲ့ ညီညီညွတ်ညွတ် ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့တယ်လို့လည်း ဆိုပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အဖွဲ့နဲ့အတူ၊ မြန်မာနိုင်ငံ လူငယ်များအစည်းအရုံး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး Generation Wave စတဲ့ အဖွဲ့အစည်း အသီးသီးက လူငယ်အဖွဲ့ဝင်တွေလည်း ဆန္ဒပြ အလုပ်သမားတွေနဲ့ တွေ့ဆုံပြီး အလုပ်သမား အခွင့်အရေးအတွက် ကူညီတိုက်တွန်း တောင်းဆိုသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
လှိုင်သာယာ စက်မှုဇုန် စက်ရုံ ၆ ရုံက အလုပ်သမားတွေဟာ အခြေခံလုပ်ခလစာ တိုးမြှင့်ရေးအတွက် ပြီးခဲ့တဲ့ သီတင်းပတ်တွေကစပြီး နေ့စဉ်လို ဆန္ဒပြ တောင်းဆိုနေခဲ့ကြပါတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား အလုပ်သမားရေး ၀န်ကြီးဌာနက ၀င်ရောက်ညှိနှိုင်း ဆောင်ရွက်ခဲ့ပေမဲ့ ပြေလည်မှု မရရှိသေးပါဘူး။
မြစ်ဆုံစီမံကိန်း ပြန်စနိုင်ဖို့ တရုတ်ကြိုးပမ်းနေတယ်လို့ ကချင်ဖွံဖြိုးရေးအဖွဲ့ ပြောဆို
မြစ်ဆုံရေကာတာ စီမံကိန်းပြန်လည် စတင်နိုင်ဖို့ အိုင်ကိုးဒ်အဖွဲ့ကို တရုတ် (CPI) က ချဉ်းကပ်တာလို့ KDNG ထိုင်းနိုင်ငံ ချင်းမိုင်တာဝန်ခံ ဆိုင်းမိုင်က ပြောပါတယ်။
" ဒီမြစ်ဆုံရေကာတာကို Third Party အနေနဲ့ လေ့လာဖို့ ပေါ့နော်။ ဒီ ICOLD အိုင်ကိုးဒ်ပေါ့နော်၊ ဒီအဖွဲ့ကို သူတို့ ဖိတ်ခေါ်ထားတယ်။ မြန်မာအစိုးရကနေ တောင်းဆိုလို့ လုပ်တယ်လို့ သူတို့ပြောထားတယ်"
CPI ပြောသလို မြန်မာအစိုးရက ခုလို တိုက်တွန်းတာ ရှိမရှိ သီးခြားအတည်မပြုနိုင်သေးပါဘူး။ ပြင်သစ် အခြေစိုက် အိုင်ကိုးအဖွဲ့မှာ အဖွဲ့ဝင်နိုင်ငံ ၉၀ ရှိပြီး အဖွဲ့ ဥက္ကဋ္ဌဟာ တရုတ်နိုင်ငံသားဖြစ်ပြီး ဒီအဖွဲ့ဟာ ရေကာတာ ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် အဓိက စည်းရုံးလှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ အိုင်ကိုးလ် အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အစိုးရပိုင် (CPI) ဟာ အိုင်ကိုးနဲ့ အတော်လေးနီးစပ်တယ်လို့ သိရပါတယ်။ (CPI) နဲ့ မူးယစ်ရာဇာ လောစစ်ဟန်ရဲ့သား ဦးထွန်းမြင့်နိုင်ပိုင် အေရှားလ်ဝေါလ်ကုမ္ပဏီက အကောင်အထည်ဖော်နေတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းဟာ လုံးဝ လုံခြုံစိတ်ချရပြီိး အကျိုးကျေးဇူး ရှိတဲ့အကြောင်း သက်သေထူဖို့ အိုင်ကိုးလ်ဟာ ဧရာဝတီမြစ်ဆုံ ရေကာတာကို သီးခြား အလွတ်သဘော စစ်ဆေးနေတယ်လို့ တရုတ်သတင်းဌာနက ပြီးခဲ့တဲ့ သီတင်းပတ်မှာ သတင်းထုတ်ပြန်ထားတာ ရှိတယ်လို့လည်း KDNG က ပြောပါတယ်။
ပိတ်ဆို့မှု ဆိုင်းငံ့ရေး ဆုံးဖြတ်ချက် ၀န်ကြီးကလင်တန် ဒေါ်စုနဲ့ဆွေးနွေး
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖုံးနဲ့ဆက်သွယ်ပြီး မြန်မာနိုင်ငံတွင်း အပြောင်းအလဲတွေ စိတ်ချရအောင် အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူ ဒဏ်ခတ်နိုင်တဲ့ လုပ်ပိုင်ခွင့်တွေကို ဆက်ပြီး ထားရှိသွားမယ်ဆိုတာ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံရေး စိုးရိမ်ချက်တွေနဲ့ ပတ်သက်လို့လည်း နှစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးဒဏ်ခတ်မှုတွေ လျှော့ပေးလိုက်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖုံးဆက်ပြီး အခြေအနေတွေကို နှစ်ဦးသား သုံးသပ်ဆွေးနွေးကြတာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးမှာ အဟန့်အတားဖြစ်စေမယ့် ပုဂ္ဂိုလ် အဖွဲ့အစည်းတွေကို ပစ်မှတ်ထား အရေးယူမှုတွေ ဆက်လုပ်သွားမှာဖြစ်လို့၊ အဲဒီအတွက် အမည်စာရင်းသစ် ပြုစုနေချိန်မှာပဲ သူတို့နှစ်ဦး အမေရိကန်စံချိန် တနင်္ဂနွေ ညပိုင်းက ဖုံးနဲ့စကားပြောဖြစ်တာပါ။
“နိုင်ငံခြားရေးဝန်ကြီး ဟီလာရင် ကလင်တန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၂၀ ရက်နေ့ညက ဖုံးဆက်ခဲ့တာပါ။ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်တိုးတက်မှုတွေကို သုံးသပ်ပြီး မြန်မာအပေါ် အရေးယူဒဏ်ခတ်မှုနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ မကြာခင်က ဆုံးဖြတ်ချက်တွေအပေါ် ဆွေးနွေးခဲ့ပါတယ်။ တာဝန်သိပြီး ပွင့်လင်းမြင်သာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့၊ ပြုပြင်ပြောင်းလဲရေး လိုလားသူတွေကို အားပေးဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ပစ်မှတ်ထား အရေးယူဖို့ ဆောင်ရွက်ဖို့ လိုအပ်ချက်တွေအကြောင်း ပြောခဲ့ကြပါတယ်။”
နိုင်ငံခြားရေးဌာန ပြောခွင့်ရ အရာရှိတစ်ဦး ပြောသွားတာပါ။ ပြီးခဲ့တဲ့အပတ်တုန်းက နိုင်ငံခြားရေးဝန်ကြီးကလင်တန်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်ကြပြီလို့ ကြေညာသွားချိန်မှာပဲ အဲဒီရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာ လူ့အဖွဲ့အစည်းအတွက် လူမှုတာဝန်တွေပါ တပါတည်း တွဲယူလိုတဲ့ ကျင့်ဝတ်ကောင်းတွေ ထားရှိဖို့ တိုက်တွန်းခဲ့ပါတယ်။ အထူးသဖြင့် အမေရိကန်ဘက်က အခု လျှော့ပေးလိုက်တာဟာ မြန်မာနိုင်ငံထဲ ပုဂ္ဂလိကပိုင်း လုပ်ငန်းတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ အားကောင်းလာဖို့ ဖြစ်သလို လက်ရှိ ပြုပြင် ပြောင်းလဲမှုတွေကို အားပေးတဲ့လုပ်ရပ်လည်း ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း ပြုပြင်ပြောင်းလဲမှုတွေ နောက်ကြောင်းပြန်မလှည့်သွားရအောင်လို့၊ ဥပဒေအရတော့ မြန်မာအပေါ် ဒဏ်ခတ်မှုတွေ ဆက်ထားသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့ပါတယ်။
“မကြာခင်လတွေအတွင်းဖြစ်ခဲ့တဲ့ တိုးတက်ပြောင်းလဲမှုတွေဟာ အတိမ်းအစောင်းမခံတဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်ပြီး၊ ဒီ ပြောင်းလဲမှုတွေ နောက်ပြန်လှည့်မသွားအောင် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ တွန်းအားပေးဆောင်ရွက်သွားဖို့ လိုအပ်ချက်တွေကိုလည်း နှစ်ဦး သဘောတူခဲ့ကြပါတယ်။ ဒီအတွက်လည်း အခြေအနေတွေကို စိတ်ချရအောင် အရေးယူ ဒဏ်ခတ်နိုင်တဲ့ လုပ်ပိုင်ခွင့်တွေကို ဆက်ပြီးထားရှိသွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့ပါတယ်။”
နှစ်ဦးသား ပြောဆိုကြတဲ့အထဲမှာ တိုင်းရင်းသား ပဋိပက္ခတွေအရေး ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အထူးသဖြင့်တော့ လူမျိုးစုဒေသတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်နိုင်ရေး အတွက် အရေးတကြီး ဆောင်ရွက်ရမယ့် လိုအပ်ချက်တွေရှိတယ် ဆိုတာကို ဆွေးနွေးခဲ့တာပါ။ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဟာ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေ အစပျိုးခဲ့တဲ့ ပြီးခဲ့တဲ့ နှစ်အကုန်ပိုင်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာဘက်က လုပ်ရပ်တချက်ချင်း အပေါ်မှာ အပြုသဘော တချက်ချင်း တုံ့ပြန်သွားမယ်ဆိုပြီး ဂတိက၀တ်ပြုခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ ၀ါရှင်တန်ကို အစိုးရ တရားဝင်ခရီးအဖြစ် ပထမအကြိမ် လာရောက်တဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံပြီး၊ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာအပေါ် အရေးယူမှုတွေကို အစိုးရလုပ်ပိုင်ခွင့်အနေနဲ့ လျှော့ပေါ့ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ အခြေအနေမှာ စိုးရိမ်စရာ လုပ်ဆောင်စရာတွေ ကျန်နေသေးပြီး ဒီအတွက်လည်း ပြုပြင်ပြောင်းလဲမှုတွေ အရှိန်အဟုန်ကောင်းလာဖို့နဲ့ တိုင်းရင်းသားအရေးကိစ္စတွေ ဖြေရှင်းနိုင်ဖို့ အမေရိကန် ပြည်ထောင်စုဘက်က အားပေး ထောက်ခံသွားမယ်လို့ ပြောခဲ့ပါတယ်။
အလုပ်သမား ဆန္ဒပြပွဲတွေ ဆက်ဖြစ်
ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုံက ဆန္ဒပြအလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို အလုပ်ရှင်တွေက မလိုက်လျောသေးတဲ့ အပြင် မေလ ၂၁ ရက်၊ တနင်္လာနေ့မှာ စက်ရုံလုံခြုံရေးတွေနဲ့ အလုပ်သမားတွေ အကြား ရုန်းရင်းဆန်ခတ် ဖြစ်ရပ်တချို့တောင်မှ ရှိခဲ့ပါတယ်။ အလုပ်သမားတွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့ စက်ရုံပိုင်ရှင်တွေဘက်က အပြင်းအထန် ကြိုးစားနေသလို အငြင်းပွားမှုတွေကို နှစ်ဘက်လုံးက ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ဥပဒေအရဖြေရှင်းဖို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တွေကလည်း တိုက် တွန်း ပြောဆိုခဲ့ပါတယ်။
လှိုင်သာယာစက်မှုဇုံ ၄ မှာရှိတဲ့ စက်ရုံ ၅ ရုံမှာ ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုနေတဲ့ အခြေအနေဟာ ဒီကနေ့အချိန်ထိ ပြေလည်မှုမရသေးဘဲဖြစ်နေတာပါ။ ဒါ့အပြင် စက်မှုဇုံ၊ မြ၀တီမင်းကြီးဦးစလမ်းမှာရှိတဲ့ အာရှ-ပစိဖိတ် ဘူးချိုးစက်ရုံက အလုပ်သမား ၆၀ လောက် ဟာလည်း ဒီကနေ့မှာပဲ ထပ်ပြီး ဆန္ဒပြတောင်းဆိုကြပါသေးတယ်။ အရင် ဆန္ဒပြနေသူတွေလည်း မပြေလည်သေး၊ နောက်ထပ် ဆန္ဒပြတာတွေလည်း ထပ်ဖြစ်လာနေတဲ့အချိန်မှာ အလုပ်ရှင်တွေဘက်က အလုပ်သမားတွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့ အတင်းအဓမ္မကြိုးစားတဲ့ဖြစ်ရပ်တချို့လည်း ရှိလာနေပါတယ်။ အဲဒါကြောင့်လည်း အလုပ် သမားတွေနဲ့ စက်ရုံလုံခြုံရေးတွေ၊ တာဝန်ရှိသူတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်တာတွေတောင်မှ ရှိလာနေပါပြီ။ ဆန္ဒပြအလုပ်သမားတွေရဲ့ အဓိကလိုလားချက်ကတော့ အခြေခံလစာကို တိုးပေးဖို့ပါပဲ။ စက်ရုံတွေက လက်ရှိပေးနေတဲ့ အခြေခံ လစာတွေဟာ သိပ်ကိုနည်းလွန်းပြီး မလုံလောက်ဘူးဆိုပြီးတော့ တောင်း ဆိုနေကြတာလည်းဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေရာကနေ အကြမ်းဖက်မှုလို မျိုးတွေ ဖြစ်လာရင် အခြေအနေ ပိုပြီး ဆိုးရွားသွားမှာကို စိုးရိမ်တဲ့အတွက်ဆိုပြီး ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ခေါင်းဆောင်တချို့ဟာလည်း ဒီကနေ့မှာပဲ ဆန္ဒပြအလုပ်သမားတွေနဲ့ သွားရောက်တွေ့ဆုံပြီး အားပေးစကား ပြောခဲ့ကြပါတယ်။ ၈၈ ကျောင်းသားများအဖွဲ့အပြင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဗဟို စည်းရုံးရေး ကော်မတီ၊ မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးနဲ့ တခြားအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ ဟာလည်း အလုပ်သမားတွေကို ရေနဲ့အစားအစာတွေအပါအ၀င် အကူအညီပေးနေကြပါတယ်။
မုံရွာလျှပ်စစ်မီး ရရှိရေး လူတစ်ထောင်ခန့် ဆန္ဒပြ
လျှပ်စစ်မီး အချိန်ပြည့် ရရှိရေးအတွက် မုံရွာမြို့ခံ ပြည်သူ တစ်ထောင်နီးပါး မနေ့က ည (၇) နာရီကနေ (၉) နာရီကျော်ထိ မြို့အတွင်း လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။မြို့သူမြို့သားတွေဟာ မုံရွာမြို့ရှိ မကွေးတိုင်း လျှပ်စစ် အင်ဂျင်နီယာရုံးရှေ့မှာ စတင် လူစုကြပြီး ဖယောင်းတိုင်မီးတွေ ကိုင်ဆောင်ကာ မြို့အတွင်း အချက်အချာကျတဲ့နေရာတွေကို လှည့်လည်ခဲ့ကြတယ်လို့ ပါဝင်ဆန္ဒပြခဲ့တဲ့ မုံရွာမြို့သားတဦးက
" ၇ နာရီထိုးလောက်တော့ တိုင်းလျှပ်စစ်အင်ဂျင်နီယာမှူး ရုံးရဲ့ရှေ့မှာလူစုတယ်။ ပထမတော့ အယောက် ၂၀ လောက်ရှိတယ်။ နောက်နာရီဝက်လောက်နေတော့ လူတွေတိုးလာတယ်။ အဲတိုးလာတော့ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ တိုင်းလျှပ်စစ်ရုံးကနေ ချီတက်တယ်။ အဲဒီမှာ လူ ၇၀ လောက်ပဲ ရှိသေးတယ်။ ဗိုလ်ချုပ်ကြေးရုပ်နားရောက်တော့ ဖယောင်းတိုင်တွေ ထွန်းပြီးတော့ ပတ်တယ်။ ပတ်တဲ့ အချိန်ကျမှ လူတွေများလာတယ်။ ဗိုလ်ချုပ်ကြေးရုပ်ကနေ ပတ်ပြီးထွက်တဲ့ အချိန်မှာ နာရီစင်ဘက်ကို ဦးတည်ပြီး ထွက်တဲ့ အချိန်မှာ လူတွေက တော်တော့်ကို များလာတယ်။ လူအားလုံး ခန့်မှန်းခြေကတော့ ၁၀၀၀ လောက်ပေါ့ဗျာ။ အဲဒီနာရီစင်ကနေ တိုင်းဒေသကြီး အစိုးရရုံးကနေ တိုင်းလျှပ်စစ်ရုံးရှေ့ကို ပြန်သွားတယ်"
ဆန္ဒပြသူတွေဟာ ည (၉) နာရီခွဲကျော်မှာ ငြိမ်းချမ်းစွာ လူစုခွဲလိုက်ကြပြီး တစုံတရာ အနှောင့်အယှက် မရှိခဲ့ဘူးလို့ သိရပါတယ်။ အသေးစား စက်မှုလုပ်ငန်းတွေပေါတဲ့ မုံရွာမြို့မှာ အခုရက်ပိုင်းအတွင်း လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် စီးပွားရေးကို အတော်ထိခိုက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ဒီလိုဆန္ဒ ထုတ်ဖော်ဖို့အတွက် အသိပေးတဲ့ လက်ကမ်းစာရွက်တွေကို မုံရွာမြို့ခံ လူငယ်တစ်စုက တနင်္လာမနက် (၇) နာရီလောက်မှာ စတင်ပြီး လူစည်ကားတဲ့ နေရာတွေမှာ ဖြန့်ဝေခဲ့ကြောင်းလည်း သိရပါတယ်။တနင်္ဂနွေနေ့ ညက မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ (၂၄) နာရီ လျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုနောက်ပိုင်း မြန်မာနိုင်ငံက တခြားမြို့ အများအပြားမှာလည်း ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
မန္တလေးမြို့ခံတို့ လျှပ်စစ်မီးရရှိရေး ဆက်လက် တောင်းဆိုမည်
မန္တလေးမြို့ လျှပ်စစ်မီးရရှိရေးအတွက် မေလ ၂၁ ရက်နေ့ တနင်္လာညတွင် ဒုတိယမြောက် ဆက်လက် ဆန္ဒဖေါ်ထုတ်တောင်းဆိုကြဦးမည်ဟု မန္တလေးမြို့ခံများက ပြောသည်။တနင်္လာနေ့ည ၇ နာရီတွင် ချမ်းအေးသာစံမြို့နယ်ရှိ တိုင်းလျှပ်စစ်ရုံးသို့သွားရောက်ကာ ဆန္ဒဖေါ်ထုတ် တောင်းဆိုခဲ့ကြသူများက တိကျရှင်းလင်းသည့် အဖြေတခုရသည်အထိ ဆန္ဒဖေါ်ထုတ်သွားမည်ဖြစ်ပြီး ခွဲတမ်းကျ မီးပေး စနစ်ဖြင့် မီးပေးမည် ဆိုပါကလည်း မီးပေးချိန်အတွင်း မီးမပြတ်စေလိုကြောင်း ကိုပြောသည်
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်းနှင့် KIO တို့ တွေ့ဆုံ
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သောအဖွဲ့နှင့် ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO) တို့ ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ယနေ့ တနလာင်္နေ့တွင် အလွတ်သဘော တွေ့ဆုံခဲ့သည်။
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် KIO ဘက်မှ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာတို့နှင့် နှစ်နာရီခွဲခန့်ကြာ မိတ်ဆက်သဘောအရ ပဏာမ တွေ့ဆုံခဲ့သည်ဟု KIO မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာက ပြောသည်။
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် KIO ဘက်မှ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာတို့နှင့် နှစ်နာရီခွဲခန့်ကြာ မိတ်ဆက်သဘောအရ ပဏာမ တွေ့ဆုံခဲ့သည်ဟု KIO မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာက ပြောသည်။
ဒေါ်စု ဖိလစ်ပိုင် လွတ်လပ်ရေးနေ့ တက်ရောက်ဖွယ်ရှိ
ဖိလစ်ပိုင် သမ္မတ Benigno Aquino က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုနှစ်အတွင်း လာရောက်ဖို့ ဖိတ်ကြားချက်ဟာ သင့်တော်ကောင်းမွန်တဲ့ အချိန်ကောင်း ဖြစ်တယ်လို့ ဖိလစ်ပိုင် မနီလာတိုင်းမ် သတင်းစာ အယ်ဒီတာ့အာဘော်မှာ ရေးသားထားပါတယ်။
ဖိလစ်ပိုင် လွတ်လပ်ရေးနေ့ အခါသမယဖြစ်တဲ့ ဇွန်လ ၁၂ ရက်နေ့၊ ဒါမှမဟုတ် အဲဒီမတိုင်ခင် လာရောက်မယ်ဆိုရင် ဒါဟာ နှစ်နိုင်ငံအကြား သမိုင်းဝင်ပြီး အနှစ်သာရရှိတဲ့ ခရီးစဉ်ဖြစ်လိမ့်မယ်လို့ မနီလာတိုင်းမ်မှာ ရေးသားထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည်သွားရောက်မယ့် ပထမဆုံး အာဆီယံ ဒီမိုကရေစီနိုင်ငံ ဖြစ်လိမ့်မယ်လို့လည်း ရေးပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဘက်က သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။ ဖိလစ်ပိုင်နိုင်ငံဟာ မြန်မာ့ဒီမိုကရေစီရေးကို တတ်တတ်ကြွကြွ ထောက်ခံအားပေးခဲ့တဲ့ အာဆီယံနိုင်ငံ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ် အိုင်ယာလန်နိုင်ငံ ပါဝင်
နှစ်ပေါင်း ၂၄ နှစ်တာ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်မှာ နော်ဝေး၊ ဗြိတိန်နိုင်ငံတို့အပြင် အိုင်ယာလန်နိုင်ငံလည်း ပါဝင်မှာ ဖြစ်ပါတယ်။အိုင်ယာလန်နိုင်ငံ မြို့တော် ဒါဗလင်ကို ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖို့အတွက် အဓိက စီစဉ်သူတွေကတော့ AI ခေါ် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ အိုင်ယာလန်နိုင်ငံ ဌာနခွဲက ဖြစ်ပါတယ်။ဒီခရီးစဉ်နဲ့ ပတ်သက်လို့ အိုင်ယာလန် AI အဖွဲ့ရဲ့ ပြောခွင့်ရ အမျိုးသမီးက RFA ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိုင်ယာလန်နိုင်ငံ ခရီးစဉ်ကို အတည်ပြုပါတယ်။
နောက်လထဲ လာမှာပါ။ ခရီးစဉ် အသေးစိတ်ကိုတော့ ကျွန်မတို့ ပြောလို့ မရသေးပါဘူးလို့ ပြောပါတယ်။ အခုလို နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အိုင်ယာလန်နိုင်ငံကို လာရောက်လည်ပတ်မှာ ဖြစ်တဲ့အတွက် အိုင်ယာလန် ဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေး ၀န်ကြီးလည်းဖြစ်တဲ့ Eamon Gilmore က အလွန်ပဲ ကျေနပ် ၀မ်းသာမိကြောင်း ပြောပါတယ်။
အိုင်ယာလန် ပြည်သူအားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို အထူးလေးစားတာကြောင့် ခရီးစဉ်အတွင်း ဂုဏ်ပြုဖို့ လူထုစည်းဝေးပွဲကြီး တစ်ခုကိုလည်း စီစဉ်လျာထားတယ်လို့ အေအိုင်အဖွဲ့ကပြောပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ အလယ်မှာ ပြည်ပခရီးစဉ်အဖြစ် နော်ဝေးနိုင်ငံကို ပထမဆုံး သွားရောက်မှာဖြစ်ပြီး အဲဒီနောက် ဗြိတိန်နိုင်ငံကို သွားမှာဖြစ်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်လွှတ်တော်မှာ မိန့်ခွန်းပြောဖို့ စီစဉ်ထားတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ ဒါဟာ ဗြိတိန်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို အမြင့်ဆုံး ဂုဏ်ပြုမှု တစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
အပစ်ရပ်ပြီးနောက် ပထအဆုံးအကြိမ်ကျင်းပတဲ့ ရှမ်းတော်လှန်ရေးနေ့
ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်း လို့ လူသိများတဲ့ RCSS/SSA တောင်ပိုင်း အဖွဲ့ဟာ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးပြီးနောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မ ကျေးရွာမှာ ပထမဆုံးအကြိမ် ရှမ်းတော်လှန်ရေးနေ့  စည်စည်ကားကားကျင်းပကြပါတယ်။ ဒီပွဲကို လူဦးရေ ၂၀၀၀ ကျော်လောက် တွေ့ရပါတယ်။ ဒီအခမ်းအနားကို ABSDF မဟာမိတ်ကျောင်းသားတပ်မတော် မြောက်ပိုင်း အဖွဲ့ကလည်း တက်ရောက်ပြီး သ၀ဏ်လွှာဖတ်ကြားတာ တွေ့ရသလို တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း ဖိတ်ကြားထားတာ တွေ့ရပါတယ်။ ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်းအဖွဲ့ဟာ မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီနဲ့ မေလ ၁၉ ရက်နေ့က မူးယစ်ဆေးဝါးကိစ္စ အပါအ၀င် အချက် ၁၁ ချက်ကို ၂ ဘက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြ ပါတယ်။၂ဘက်ကိုယ်စားလှယ်တွေ ၂၀၁၁ ခှုနှစ် ဒီဇင်ဘာလက အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးပြီးနောက် ရှမ်းပြည်နယ် အတွင်းမှာ တိုက်ပွဲ ၁၇ ကြိမ် ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။
စသုံးလုံးက မနန်းဝိုးဖန် ခင်ပွန်း ဂျပန်နိုင်ငံသားကို ဖမ်းဆီး
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး)က ခေါ်ယူစစ်ဆေးနေစဉ် ရုံးအဆောက်အအုံပေါ်မှ ပြုတ်ကျ သေးဆုံးသွားသည့် ရှမ်း တိုင်းရင်းသူ မနန်းဝိုးဖန် ၏ ခင်ပွန်း ဂျပန်နိုင်ငံသား မစ္စတာ နာမဆဲမိုတိုဟီ ကို အရေးပေါ် စီမံချက် အက်ဥပဒေ ပုဒ်မ ၅(ဇ)ဖြင့် ဖမ်းဆီးပြီး တရားစွဲဆိုထားကြောင်း သိရသည်။ မနန်းဝိုးဖန် ၀ယ်ယူထားသည့် ခြံမြေ တန်ဖိုး ကျပ် သိန်း သုံးသောင်း ခန့်ရှိသော ငွေကြေးသည် မစ္စတာ နာမဆဲမိုတိုဟီ က ထောက်ပံ့ခြင်းဖြစ်သည်ဟူသော စွဲချက်ဖြင့်ဖမ်းဆီး၍ ရန်ကုန်မြို့ လှိုင်သာယာ တရားရုံးတွင် တရားစွဲဆိုထားကြောင်း ယင်းအမှုကို လေ့လာနေသူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို မိန့်ခွန်းပြောရန် ဗြိတိန် ဖိတ်ခေါ်
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၎င်း၏ ပြည်ပခရီးစဉ်အတွင်း ဇွန်လ ၁၈ ရက်တွင် ဗြိတိန်နိုင်ငံသို့ လာရောက်လည်ပတ်ရန်နှင့် လွှတ်တော် နှစ်ရပ်လုံး၌ မိန့်ခွန်းပြောကြားရန် ဗြိတိန်အစိုးရက ဖိတ်ကြားလိုက်သည်။ အမေရိကန်နိုင်ငံ ၌ ကျင်းပသော စက်မှု ထိပ်သီး ၈ နိုင်ငံ(G-8) အစည်းအဝေး အတွင်း မေလ ၁၉ ရက်နေ့တွင် ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်း က ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ခုနှစ်က ပေးအပ်ခဲ့သည့် နိုဘဲလ် ငြိမ်းချမ်းရေး ဆု ယူရန် နော်ဝေနိုင်ငံသို့ ဇွန်လ ၁၄ ရက်နေ့ တွင် မြန်မာနိုင်ငံမှ စတင် ထွက်ခွာမည် ဖြစ်ပြီး အော်စလိုမြို့သို့ ၁၅ ရက် နေ့တွင် ရောက် ရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ကုမ္ပဏီတစ်ခု၏ နိုင်ငံတော်ငွေကြေးအလွဲသုံးမှု
ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအောက်ရှိ လေကြောင်းဆက်သွယ်လမ်းညွှန်ကွပ်ကဲရေးဌာနခွဲသည် ပြည်တွင်းလေယာဉ်များနှင့် မြန်မာနိုင်ငံလေကြောင်းပိုင်နက်အတွင်း ဖြတ်ကျော်ပျံသန်းလျှက်ရှိသော လေယာဉ်များ ဘေးကင်းလုံခြုံစွာ ပျံသန်းသက်ဆင်းနိုင်ရေးအတွက် လိုအပ်သော ဆက်သွယ်ရေးစက်များ၊ လေကြောင်းလမ်းညွှန်စက်များနှင့် လေကြောင်းသုံး ရေဒါများအား အစဉ်ကောင်းမွန်မှုရှိနေစေရေး တာဝန်ယူဆောင်ရွက်ရသော ဌာနခွဲဖြစ်ပါသည်။ယခုအခါ ၎င်းဌာနခွဲဟ၏ စက်ပစ္စည်းများ ပြုပြင်ထိန်းသိန်းခြင်းလုပ်ငန်းအား ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သော PARTNER ASSOCIATES INTERNATIONAL ကုမ္ပဏီ၏လက်ခွဲတစ်ခုဖြစ်သော TRACTION TECHNOLOGIES Pte. Ltd မှ တစ်နှစ်လျှင် ပြုပြင်ထိန်းသိမ်းစားရိတ် အမေရိကန်ဒေါ်လာ (၁. ၅) သန်းဖြင့် ရယူလုပ်ဆောင်လျှက်ရှိနေပါသည်။ သို့ရာတွင် အမှန်တကယ်တာဝန်ယူနေရသော လေကြောင်းဆက် သွယ်လမ်းညွှန်ကွပ်ကဲရေးဌာနခွဲရှိ ၀န်ထမ်းအများစုမှာ မည်သည့်အကျိုးကျေးဇူးမှ မခံစားရဘဲ လုပ်ပိုင်ခွင့် Company နှင့် အစိုးရဌာနမှ လူကြီးများသာ အကျိုးကျေးဇူးရရှိ ခံစားနေကြပါသည်။
၎င်းတို့တာဝန်ယူလုပ်ပိုင်ခွင့်ရရှိသည့် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ပြီး ယနေ့အချိန်အထိ (၆) လခန့်ကာအတွင်း ၎င်းကုမ္ပဏီမှသုံးစွဲခဲ့ သော ခန့်မှန်းငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၃၀၀၀၀ (သုံးသောင်း) ခန့်သာ သုံးစွဲထားကြောင်း တွေ့ရှိရပါသည်။ ၎င်းခန့်မှန်းကုန်ကျငွေမှာ နယ်လေဆိပ် (၆) ခုခန့်ရှိ လေကြောင်းဆက်သွယ်ရေးစက်များချို့ယွင်းပျက်စီးမှုဖြစ်ပေါ်ပါက ဌာနမှဝန်ထမ်းတဦး သို့မဟုတ် နှစ်ဦးမှ သွားရောက် ပြုပြင်ရာတွင် တဦးလျှင် အမေရိကန်ဒေါ်လာ ၄၀၀ ရရှိသည့်အတွက် ကုန်ကျစားရိတ်ဖြစ်ပါသည်။ သို့သော်လည်း ၎င်းဝန်ထမ်း မှာလည်း ၀န်ထမ်းအများစုထဲမှ အနည်းစုသာလျှင်ဖြစ်ပြီး နယ်လေဆိပ်သို့ စက်ပြင်သွားမှသာရရှိခြင်းဖြစ်ပါသည်။ ၎င်းကုမ္ပဏီအနေဖြင့် တစ်နှစ်လျှင် အနည်းဆုံး ဒေါ်လာ ၁. ၃ သန်းခန့်အမြတ်ရရှိမည်မှာ သေချာပါသည်။ ၎င်းတို့ ကုမ္ပဏီအနေဖြင့် ဌာနဆိုင်ရာလူကြီးများနှင့် ပူးပေါင်းဂွင်ရိုက်ပြီး လုပ်ပိုင်ခွင့်သက်သက်ရယူသွားခြင်းဖြစ်သည်။ အမှန်တကယ် စက်များပြုပြင်ရသည်မှာ အစိုးရ၀န်ထမ်းများသာဖြစ်သည်။
ထို့ကြောင့် ယနေ့ပြည်ထေင်စုသမတမြန်မာနိုင်ငံတော်မှ ချီတက်နေသော Clean Government, Good Govrnance ဖြစ်လာစေရေးအတွက် ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးနေခြင်းများအား စတုထ္ထမဏ္ဍိုင်ကိုအားကိုးစွာဖြင့် မီဒီယာမှတဆင့် ပြန်လည်ဖော်ပြပေးပါရန် သတင်း ပေးရန် တိုင်ကြားအပ်ပါသည်။
သင်္ဘောသား ဖြစ်ခွင့်အတွက် ဖြေဆိုရသည့် အင်္ဂလိပ်စာ အရည်အချင်းစစ် BEST စာမေးပွဲစနစ်အား ရုတ်သိမ်း
ယခင်က သင်္ဘောသားဖြစ်ခွင့် ရရန်အတွက် Basic Safety Training (BST) သင်တန်းများ တက်ရောက်ခွင့်ရရန် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်တွင် အင်္ဂလိပ်စာ အရည်အချင်းစစ်စာမေးပွဲများ စစ်ဆေးခဲ့သည်။ သင်္ဘောသားဖြစ်ခွင့်အတွက် ဖြေဆိုရသည့် အင်္ဂလိပ်စာ အရည်အချင်း စစ်စာမေးပွဲ BEST စာမေးပွဲစနစ် အား မေလ ၁ ရက်နေ့မှစတင် ရုတ်သိမ်းခဲ့ကြောင်းလည်း သတင်းရရှိပါသည်။ မြန်မာနိုင်ငံတွင် သင်္ဘောသား အဖြစ် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၊ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်နှင့် ယခုကဲ့သို့ (BEST) အား စတင်ဖြေဆိုပြီး လိုအပ်သည့်သင်တန်းများ တက်ရောက်ကာ (CDC)ရရှိရန် ဆောင်ရွက်ပြီးမှ သင်္ဘောတက်ခြင်းစသည့် နည်းလမ်းများအား ရွေးချယ်နိုင်သည် ဟုလည်း သိရှိရပါသည်။ယင်းနည်းလမ်း သုံးခုတွင်(BEST) အား စတင်ဖြေဆိုပြီး သင်္ဘောတက်ခြင်းသည် အချိန်ကာလ အနည်းငယ် အတွင်းသင်္ဘောသား လက်မှတ်(ဃီဃ) ရရှိနိုင်ခြင်း၊ ဘွဲ့ရရှိရန် မလိုအပ်ခြင်း၊ ငွေကြေးရင်းနှီးနိုင်မည် ဆိုပါက လျင်မြန်စွာ သင်္ဘောတက်နိုင်ခြင်းကြောင့် လူငယ်အများစု စိတ်ဝင်စားခဲ့ကြကြောင်း သိရပါသည်။
အမြန်ချောပို့လုပ်ငန်း (EMSI ) အား နှစ်ရှည်ငှားရမ်း လုပ်ကိုင်ခွင့်ရရှိရန် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီသုံးခုက ကမ်းလှမ်းထားကြောင်း သိရ
ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေး နန်းဝန်ကြီးဌာန လက်အောက်ရှိ အမြန်ချောပို့လုပ်ငန်း EMSI (International Express Mail Services) အား ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီသုံးခုက နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့် ရရှိရန် ၀န်ကြီးဌာနသို့ ကမ်းလှမ်းထားကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။အဆိုပါ ဆက်သွယ်ရေး၊ စာ တိုက်နှင့် ကြေးနန်းဝန်ကြီးဌာနလက် အောက်ရှိ အမြန်ချောပို့လုပ်ငန်းအား ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီများက နှစ်ရှည်ငှားရမ်းလုပ်ကိုင်ရန် ၀န်ကြီးဌာနသို့ တင်ပြထားပြီး ဖြစ်ကြောင်း၊ သို့သော်ဝန်ကြီးဌာနအနေဖြင့် ဆွေးနွေးမှုများသာ ပြုလုပ်လျက်ရှိသေးကြောင်း သိရှိရသည်။
လက်ရှိတွင်လုပ်ကိုင်မည့် ကုမ္ပဏီများအား စိစစ်နေကြောင်း၊ စိစစ်ကာလပြီးသွားပါက နှစ်ရှည်ငှားရမ်း လုပ်ကိုင်ခွင့်ပေးသွားမည် ဖြစ်ကြောင်း၊ ယခုလက်ရှိ နှစ်ရှည်ငှားရမ်းခွင့် လျှောက်ထားသော ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီများအား အသိပေးနိုင်ခြင်း မရှိသေးကြောင်း လက်ရှိဆက်သွယ်ရေး၊ စာတိုက် နှင့် ကြေးနန်းဝန်ကြီးဌာန လက်အောက်တွင်ရှိသော EMSI (International Express Mail Services ) အမြန်ချောပို့မှာ ပြည်လမ်း စမ်းချောင်းမြို့နယ်တွင်ရှိပြီး နိုင်ငံပေါင်း ၁၀၂ နိုင်ငံနှင့် ဆက်သွယ်၍ ၀ ဒသမ ၅ ကီလိုဂရမ် မှ ၂၀ ကီလိုဂရမ်အထိ တင်ပို့ခြင်း၊ တင်သွင်းခြင်းများ ပြုလုပ်နိုင်ကာ ၀န်ဆောင်ခအနေဖြင့် င်္ FEC20 မှ FEC 329 အထိ နိုင်ငံပေါ်မူတည်၍ ပေးဆောင်ရကြောင်းလည်း သိရှိရပါသည်။
မြန်မာနိုင်ငံမှသတင်းများကို Asia News Network (ANN)မှတစ်ဆင့် အာရှနိုင်ငံများက မကြာမီ ဖတ်ရှုနိုင်တော့မည်
မြန်မာနိုင်ငံမှ ထူးခြားသတင်းများကို Asia News Network (ANN) မှတစ်ဆင့် အာရှနိုင်ငံများက မကြာမီ ဖတ်ရှုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။''ကျွန်တော်တို့ Nation Media Group နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ MoU ထိုးထားပြီးပါပြီ။ မကြာမီမှာ English Version ၀က်ဘ်ဆိုက်ကနေ မြန်မာနိုင်ငံရဲ့ ထူးခြားသတင်းဖြစ်စဉ်တွေကို လက်ရှိ သတင်းဝက်ဘ်ဆိုက်အတိုင်း လုပ်ဆောင်သွားမှာပါ။ Nation ဟာ Asia News Network မှာ ပါဝင်ပါတယ်။ ဒါကြောင့် Nation Media Group ရဲ့ကူညီမှုနဲ့ ကျွန်တော်တို့ Eleven Media Group က မကြာမီမှာ Asia News Network မှာ ပါဝင်နိုင်တော့မှာပါ။ မြန်မာနိုင်ငံရဲ့ ထူးခြားသတင်းဖြစ်စဉ်တွေကို Nation ကတစ်ဆင့် Asia News Network ကနေ အာရှနိုင်ငံတွေ အပါအ၀င် နိုင်ငံတကာက အချိန်နဲ့အမျှ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်ကြတော့မှာပါ''ဟု Weekly Eleven News Journal အယ်ဒီတာ ချုပ်ကိုဝေဖြိုးက ပြောပါသည်။
Nation Media Group ၏ အကူအညီဖြင့် Eleven Media Group မှပေးပို့သည့် မြန်မာနိုင်ငံ၏ ထူးခြားသတင်းဖြစ်စဉ်များကို အာရှသတင်းကွန်ရက် (ANN) တွင် ဖော်ပြခွင့်ရတော့မည်ဖြစ်ပြီး အာရှဒေသတွင်း နိုင်ငံများအနေဖြင့်လည်း မြန်မာနိုင်ငံမှ သတင်းများကို ANN မှတစ်ဆင့် ဖတ်ရှုနိုင်တော့မည် ဖြစ်သည်။
အာရှဒေသတွင်း ၁၈ နိုင်ငံမှ နာမည်ကြီးသတင်းစာ ၂၁ စောင်ဖြင့် စုဖွဲ့ထားသည့် အာရှသတင်းကွန်ရက် ANN တွင် ဘင်္ဂလားဒေ့ရှ်(The Daily Star)၊ ဘူတန်(KUENSEL)၊ ဘူရူနိုင်း(The BRUNEI TIMES)၊ ကမ္ဘောဒီးယား၊ တရုတ်(China Daily)၊ ထိုင်ဝမ် (The China Post) ၊အိန္ဒိယ(The Statesman)၊ အင်ဒိုနီး ရှား(The Jakarta Post)၊ ဂျပန်(The YOMIURI SHIMBUN)၊ လာအို (Vientiane Times)၊ နီပေါ(THE KATHMANDU POST)၊ မလေး ရှား(SIN CHEW DAILY) (STAR)၊ ပါကစ္စတန်(DAWN)၊ ဖိလစ်ပိုင် (PHILIPPINE DAILY INQUI- RER)၊ စင်ကာပူ(The STRAITS TIMES)၊ သီရိလင်္ကာ(The Island)၊ တောင်ကိုရီးယား(The korea herald၊ ထိုင်း(The Nation)၊ ဗီယက်နမ် (Viet Nam News) စသည့်တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment