မြန်မာသတင်းများ မေလ ၀၅ ရက် ၂၀၁၂ ခုနှစ်


ကုလားတန် ပရောဂျက် အခက်တွေ့နေ 

အိန္ဒိယ-မြန်မာ ဖက်စပ် အကောင်အထည် ဖော်နေသော ကုလားတန်မြစ်ကြောင်း ဘက်စုံပို့ဆောင်ရေး စီမံကိန်းတွင် အခက်အခဲ ကြုံတွေ့နေရကြောင်း သိရှိရသည်။

၂ဝဝ၈ ခုနှစ်ကတည်းက စတင်ခဲ့သည့် အဆိုပါ စီမံချက်မှာ အိန္ဒိယ ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် သတင်းဖလှယ်မှု အားနည်းချက်များကြောင့် အခက်တွေ့နေရခြင်း ဖြစ်သည်ဟု The Hindu သတင်းစာကြီးတွင်ဖော်ထုတ် ရေးသားထားသည်။

ကုလားတန်မြစ်၏ လက်တက်များဖြစ်ကြသည့် အိန္ဒိယနိုင်ငံအတွင်းရှိ Chhimtuipui နှင့် Lungleng တို့တွင် ရေအား လျှပ်စစ် စီမံကိန်းများ တည်ဆောက်နေသည်ကို အိန္ဒိယ စွမ်းအားဝန်ကြီးဌာနက အသိမပေးခဲ့ပေ။
အိန္ဒိယ ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်မတိုင်မီ သီတင်းပတ် အနည်းငယ်အလိုမှပင် စွမ်းအားဝန်ကြီးဌာနက
နိုင်ငံခြားရေး ဝန်ကြီးဌာနအား အသိပေးကာ ဤကိစ္စ မြန်မာအစိုးရနှင့် ကိုယ်တွယ်ဆွေးနွေးရန် တင်ပြလာခြင်း
ဖြစ်သည်။ထို့ပြင် မြန်မာပြည်တွင်း လမ်းကြောင်းအရှည်ကို တွက်ချက်မှုရာတွင်လည်း လျှော့တွက်မိခဲ့သည်ဟု ဆိုသည်။ထိုရေအားလျှပ်စစ် စီမံကိန်းများကြောင့် ကုလားတန် ပရောဂျက်အပေါ် သက်ရောက်နိုင်မှုများအား စုံစမ်းရဦးတော့မည်ဖြစ်သည်။ ကုလားတန်မြစ်အတွင်း သင်္ဘောများ ခုတ်မောင်းသွားလာနိုင်ရန်အတွက် လိုအပ်သည့် ရေပမာဏကို ထိုမြစ်လက်တက်များမှ ရရှိနိုင်မှုကို တွက်ချက်ကြည့်ရှုရဦးမည် ဖြစ်သည်။

ထိုသို့မရရှိနိုင်ပါက လုပ်ဆောင်ဖွယ်ရာ အများအပြား လိုအပ်လာမည် ဖြစ်သည်။ လက်ရှိ အနေအထားအရကိုပင်ငွေကုန်ကြေးကျ ပိုများမှုနှင့် နှောင့်နှေးကြန့်ကြာမှုများ ရှိနေသည့်အထဲ ပြန်လည် အကဲဖြတ်မှုကို မြန်ဆန်စွာပြုလုပ်ခြင်းနှင့် ဘဏ္ဍာငွေ ထပ်မံပေးအပ်ခြင်းတို့ မပြုနိုင်ပါက ၂ဝ၁၃ ခုနှစ်တွင် အပြီးသတ်ရန် ရည်ရွယ်ထားသည့် ကုလားတန် ပရောဂျက်မှာ နှောင့်နှေးကြန့်ကြာမှုများ ရှိနေဦးမည်ဟု The Hindu က ရေးသားထားသည်။ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းသည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှတဆင့် ကုန်စည်များကို နိုင်ငံတကာသို့ တင်ပို့နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုစီမံကိန်းသည် ကုလားတန်မြစ်ကိုချဲ့ကာ စစ်တွေမှ ပလက်ဝသို့ ပင်လယ်ကူး သင်္ဘောများ ဝင်ရောက်မည်ဖြစ်ပြီး ပလက်ဝမှ ချင်းပြည်နယ်ကိုဖြတ်ကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ကားလမ်းဖြင့် ဆက်သွယ်ရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၂ဝ ကျော် ကုန်ကျမည့် ကုလားတန် စီမံကိန်းကို အိန္ဒိယနှင့် မြန်မာအစိုးရတို့က ၂ဝဝ၈ ခုနှစ် ဧပြီလတွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး အိန္ဒိယ Essar ကုမ္ပဏီက တာဝန်ယူ တည်ဆောက်လျက် ရှိသည်။ ထိုစီမံကိန်းအတွက် တည်ဆောက်ရေး လုပ်ငန်းများ ၂ဝဝ၉ ခုနှစ်တွင် စတင်ခဲ့ပြီး ၂ဝ၁၃ တွင် အပြီးသတ်ရန် လျာထားသည်။

ဒေါ်အောင်ဆန်းစုကြည် ဂျပန် သွားမည်

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယခုနှစ်ကုန်ပိုင်းတွင် ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ဧပြီ လဆန်း ပိုင်းက ရန်ကုန်မြို့တွင် ဂျပန် သံအမတ် Takashi Saito နှင့် တွေ့ဆုံစဉ် ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်ရန် ဆန္ဒရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်ဟု AFP သတင်းက ရေးသားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ဇွန် လ တွင် နော်ဝေ နှင့် ဗြိတိန် နိုင်ငံများသို့လည်း သွားရောက်မည်ဖြစ်သည်ဟု ဆိုသည်။

 

ဦးသိန်းစိန် ၂၀၁၅ တွင် အနားယူမည်

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးပါက သမ္မတ ဦးသိန်းစိန် ရာထူးမှ အနားယူဖွယ်ရှိကြောင်း သိရသည်။ ဦးသိန်းစိန် သည် လက်ရှိမြန်မာ ပြည်၏ အပြောင်းအလဲများကို ဦးဆောင်ပြုလုပ်သူဖြစ်ပြီး ၎င်း၏ ဒီမိုကရေစီရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များကို တခြားသူ တဦးကို လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သမ္မတ နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်၏ ပြောကြားချက် ကို Bloomberg သတင်းဌာနက ယနေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။

မိမိဒေသကို ကာကွယ်ဖို့ KIA ကို ပြန်တိုက်ခိုက်ရဟု BGF ပြော

ကချင်ပြည်နယ် ပန်ဝါမြို့နယ်ခွဲအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်ဖွဲ့များအား ပစ်ခတ် တိုက်ခိုက်ခြင်းမှာ မိမိဒေသကို ကာကွယ်ခြင်းသာဖြစ်ကြောင်း နယ်ခြားစောင့်တပ်မှ အမည်မဖော်လိုသူ ဗိုလ်ကြီးတဦး က ပြောသည်။

ဧပြီလ ၂၇ ရက်နေ့မှ စတင်၍ ပန်ဝါအခြေစိုက်ထားသည့် နယ်ခြားစောင့်တပ် တပ်ရင်း ၁ဝဝ၂ တပ်ဖွဲ့များနှင့် အစိုးရ တပ်ရင်းတရင်းတို့ ပူးပေါင်းကာ KIA တပ်ဖွဲ့တို့နှင့် လုပိကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA ဘက်မှ အကျအဆုံး များပြားခဲ့သည့်အပေါ် ထိုအရာရှိက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အမှန်က ကျနော်တို့က အမျိုးသားတွေ အချင်းချင်းပါ။ ညီအစ်ကိုတွေပါ။ ကျနော်တို့ ပန်ဝါဒေသက နယ်ခြားစောင့်တပ်ဖြစ်တယ်။ နိုင်ငံတော်က ထောက်ပံ့နေတယ်။ နိုင်ငံတော်နဲ့အတူ လက်တွဲပြီး လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက်ကြောင့် ဒီဒေသ လုံခြုံအေးချမ်းဖို့ ကျနော်တို့က ဒီနေ့ဒေသကို အေးချမ်းအောင် ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်”

“ကျနော်တို့လည်း ကိုယ့်အိမ် ကိုယ်နေရာဒေသနဲ့ နေတာ။ ကိုယ့်နေရာမှာ တပါးသူလာပြီး အိမ်ထောင်ဦးစီး လာလုပ် မယ်ဆိုတော့ ဒီက လက်မခံကြဘူး။ ကျနော်တို့က ကိုယ့်နေရာကိုယ် ကာကွယ်တဲ့ပုံစံမျိုးနဲ့ ကာကွယ်တာပါ။ ကျနော် တို့ ရှေ့ကထွက်ပြီးမှ ထိုးစစ်ဆင်တာ မဟုတ်ပါဘူး”ဟု ပြောသည်။

ကချင် ဒီမိုကရေစီသစ်တပ်မတော် NDAK မှ နယ်ခြားစောင့်တပ် တဖြစ်လဲ တပ်ရင်း ၁ဝဝ၂ မှ တပ်ဖွဲ့များနှင့် အစိုးရ၏ တပ်ရင်းတရင်းမှ ၁ဝဝ ကျော်တို့က အားဖြည့်ခဲ့သဖြင့် KIO ဘက်မှ အကျအဆုံးများပြီး ၎င်းတို့တပ်မှ နှစ်ဦးဒဏ်ရာ ရရှိသည်ဟု ဆိုသည်။မေလ ၄ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် အမှတ် ၁ဝဝ၂ နယ်ခြားစောင့်တပ် ဌာနချုပ်ကို KIA က တိုက်ခိုက်ခဲ့ သည့် ဧပြီ ၂၇ ရက်နေ့မှ မေလ ၃ ရက်နေ့ထိ KIA ဘက်မှ လက်နက် ၁၄ လက်နှင့် တပ်ဖွဲ့အလောင်း ၂၉ လောင်းနှင့် တပ်ဖွဲ့တဦး ဖမ်းဆီးထားသည်ဟု ဖော်ပြထားသည်။

အစိုးရဘက်မှ တပ်သား နှစ်ဦး ကျဆုံး၍ အရာရှိ သုံးဦး အပါအဝင် ၁၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟုလည်း ဖော်ပြထား သည်။ပန်ဝါဒေသကို KIO ဘက်မှ သိမ်းပိုက်ရန် ကြိုးစားနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သဖြင့် တရုတ်နယ်စပ်ဘက်ဒေသခံ တချို့ ထွက်ပြေးတိန်းရှောင်ခဲ့ရာ တရုတ်အစိုးရဘက်က လက်မခံသဖြင့် မိမိနေအိမ်သို့ ပြန်လည် ရောက်ရှိနေကြပြီ ဖြစ်ကြောင်း နယ်ခြားစောင့်တပ်ဗိုလ်ကြီးက ပြောသည်။

တရုတ်-မြန်မာနယ်စပ် မှတ်တိုင် ၈ ရှိ စစ်ပြေးဒုက္ခသည်စခန်းအတွင်း ယခုရက်ပိုင်းအတွင်း စစ်ပြေးဒုက္ခသည်များ ထပ်မံဝင်ရောက်လာကြကြောင်း စစ်ပြေးဒုက္ခသည်များ ကူညီရေးကော်မတီ တာဝန်ခံ KIO အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။အစိုးရနှင့် KIO တို့အကြား ၂ဝ၁၁ ခုနှစ် ဇွန်လမှ စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ယခုဆိုလျှင် ၁၁ လကျော် ကြာမြင့်လာပြီ ဖြစ်သည်။ နှစ်ဖက် ငြိမ်းချမ်းရေး သုံးကြိမ်တိုင် ဆွေးနွေးခဲ့ပြီးသော်လည်း တိုက်ပွဲများ မရပ်စဲဘဲ ပိုမိုပြင်းလာခဲ့သည်။

ဦးဆခုန်တိန့်ယိင်း ဦးဆောင်သည့် NDAK သည် ယခင်က KIO တပ်ဖွဲ့၏ တပ်မဟာ ၃ လက်အောက်ခံ ဌာနချုပ်
ဖြစ်ခဲ့ရာမှ နောက်ပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီ-ဗကပ အဖြစ် လှုပ်ရှားခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလက အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ်သို့ ပြောင်းလဲခဲ့သည်။

တရုတ်နိုင်ငံသားများ ကချင်ဒေသသို့ မသွားရန် သတိပေး

ကချင်ပြည်နယ်အတွင်း စစ်ရေး ပဋိပက္ခများကြောင့် တရုတ်နိုင်ငံသားများအနေဖြင့် ယင်းဒေသသို့ သွားရောက် ရင်နှီးမြှုပ်နှံလုပ် ကိုင်ခြင်းများ၊ ခရီးသွားလာခြင်းများ ရှောင်ရှားရန် တရုတ်စီးပွားရေးရာ ၀န်ကြီးဌာနက ယမန်နေ့တွင် သတိပေး ပြောကြားလိုက် သည်။ အစိုးရနှင့် KIA တပ်ဖွဲ့များအကြား စစ်ရေးတိုက်ခိုက်နေမှုများအပြင် မီးရထားများကို မိုင်းခွဲတိုက်ခိုက်မှုများ စသည့် လုံခြုံရေး စိတ်မချရသည့် အခြေအနေများကို အစိုးရ သတင်းများ၌ ဆက်တိုက် ဖော်ပြနေသည်ဟုလည်း ဆင်ဟွာ သတင်းတွင် ရေး ထား သည်။

မြန်မာတွင် ရင်းနှီးမြုပ်နှံရန် ထိုင်းစက်မှုလုပ်ငန်းများ စိတ်ဝင်စား

အာရှနောက်ဆုံးဈေးကွက်ဟု တင်စားပြောဆိုနေသည့် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရန် တခြားသောနိုင်ငံကြီးများကဲ့သို့ ထိုင်းနိုင်ငံမှလည်း စိတ်ဝင်တစား လေ့လာနေကြပြီ ဖြစ်သည်။
ပြီးခဲ့သည့်လဆန်းပိုင်းက ထိုင်း စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(FTI) ဥက္ကဋ္ဌ ဖရုန်စပ်က် ချာတ်စုသိဖွန်လ် ဦးဆောင်သည့် လုပ် ငန်းရှင် ၈၀ ကျော်သည် ထားဝယ် အထူးစီးပွားရေးဇုန်သို့ သွားရောက်လေ့လာခဲ့ကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ ဦးဝင်းအောင် က ပြောသည်။လာရောက်လေ့လာသည့် ထိုင်းလုပ်ငန်းရှင်များတွင် Toyota ၊ Isuzu ၊ Kubota ၊ Denso ၊ Siam Cement Group စသည့် စီးပွား ရေး အုပ်စုကြီးများလည်း ပါဝင်သည်။
အဆိုပါ ထိုင်းလုပ်ငန်းရှင်အများစုသည် အစိုးရသစ်၏ ရင်းနှီးမြုပ်နှံမှုနှင့် ပတ်သက်၍ ခိုင်မာသော ဥပဒေနှင့် စီးပွားရေးဆိုင်ရာ စွဲဆောင်မှုများကို စောင့်ဆိုင်းနေကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းတွင် ရေးသားထားသည်။မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ စက်မှုဝန်ကြီး ဦးစိုးသိန်းက“လွှတ်တော်က အတည်ပြုဖို့ပဲ ကျန်တော့တယ်၊ ဥပဒေက ရေး ဆွဲပြီးပြီ”ဟု ဘန်ကောက်ပို့စ်သို့ ပြောဆိုသည်။
ရင်းနှီးမြုပ်နှံမှုနှင့် ပတ်သက်၍ ဥပဒေတရပ်ကို ပြီးခဲ့သည့် ရက်ပိုင်းက အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုပြီး ဖြစ်သည်။ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန်ကို အီတလီ- ထိုင်း ကုမ္ပဏီက ရင်းနှီးမြုပ်နှံရန် သဘောတူညီခဲ့သော်လည်း ဒေ သတွင်း တည်ဆောက်မည့် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံကို မြန်မာအစိုးရက ခွင့်မပြုသည့်အတွက် အဆိုပါ ကုမ္ပဏီမှ ရင်းနှီးမြုပ်နှံမှုကို ရုပ်သိမ်းတော့မည်ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။
ယခုအခါ ထားဝယ် အထူး စီးပွားရေးဇုန်ကို ဂျပန်နိုင်ငံမှလည်း ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားနေကြောင်း သိရသည်။ထိုင်းနိုင်ငံတွင်း၌ မြန်မာအလုပ်သမား ၃ သန်းခန့်လုပ်ကိုင်နေထိုင်နေရာ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော အပြောင်းအလဲများ ကြောင့် ယင်းအလုပ်သမားများ မြန်မာပြည်တွင်း ပြန်မည်ကို ထိုင်းလုပ်ငန်းရှင်များက စိုးရိမ်မှုများ ရှိနေသည်။ သို့သော် မြန်မာပြည် တွင်း၌ ပေးနေသော လုပ်ခလစာမှာ ထိုင်းနိုင်ငံထက်နည်းပါးနေဆဲ ဖြစ်သောကြောင့် လတ်တလောတွင် စိုးရိမ်ဖွယ်မရှိကြောင်း လေ့လာ သူများက ပြောဆိုသည်။
ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံ၌ ဒုတိယအများဆုံး ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ထားသည့်နိုင်ငံဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများကိုလည်း အစိုးရသစ်လက်ထက်တွင် တရားဝင်ဖွင့်လှစ်နိုင်ခဲ့သည်။သို့သော် ပြီးခဲ့သည့် ရက်ပိုင်းက ကရင်ပြည်နယ်ရှိ မြ၀တီ စီးပွားရေးဇုန်အနီးရှိ ဒေသများကို ထိန်းချုပ်ထားသည့် တိုးတက်သော ဗုဒ္ဓဘာသာကရင် အမျိုးသား တပ်မတော် (DKBA) တပ်မှူး ဗိုလ်မှူးချုပ် စောလားပွယ်(ခ) ဗိုလ်နှုတ်ခမ်းမွေးအား မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ထိုင်းနိုင်ငံမှ အလိုရှိကြောင်း ဆုငွေထုတ်ခဲ့သည့်အတွက် နယ်စပ်ဒေသတွင် တင်းမာမှုများ ဖြစ်ပွားခဲ့သည်။
ဗိုလ်မှူးချုပ် စောလားပွယ်က မူးယစ်ဆေးဝါးမှုများသည့် မိမိနှင့်မပတ်သက်သည့်အတွက် ရုပ်သိမ်းပေးရန်၊ မပေးပါက နယ်စပ်ဒေသ တွင် မတည်ငြိမ်မှုများဖြစ်လာနိုင်ပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်များကိုလည်း ပိတ်ပစ်မည်ဟု ပြောဆိုခဲ့သည်။

ရင်းနှီးမြုပ်နှံရန် လေ့လာနေသည့် ကုမ္ပဏီများကမူ မြန်မာနိုင်ငံ၌ ရင်းနှီးမြုပ်နှံမှုနှင့်ပတ်သက်၍ မက်လုံးများ ပေးနေချိန်တွင် DKBAအဖွဲ့၏ ခြိမ်းခြောက်မှုများကို စိုးရိမ်မှုမရှိကြောင်း ပြောဆိုသည်။
ထိုင်းနိုင်ငံက လက်ရှိ မြန်မာနိုင်ငံ စွမ်းအင်ကဏ္ဍ၊ မိုင်းတွင်း လုပ်ငန်းနှင့် တခြားသော စီးပွားရေးလုပ်ငန်းများတွင် အမေရိကန် ဒေါ်လာ ၉ ဘီလီယံ ရင်းနှီးမြှုပ်နှံထားကြောင်း၊ ထိုင်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော PTTEP က မုတ္တမ ပင်လယ်ကွေ့ရှိ ဇောတိက သဘာဝ ဓာတ်ငွေ့ စီမံကိန်း၊ ရဲတခွန်နှင့် ရတနာ ကမ်းလွန် စီမံကိန်းများတွင် လုပ်ကိုင်နေကြောင်း သိရသည်။မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအထိ ဒေါ်လာ ဘီလီယံ ၄၀ ခန့်ရှိပြီး၂၀၁၂-၂၀၁၃ ဘဏ္ဍာ ရေးနှစ်အတွက် အနည်းဆုံး ဒေါ်လာ ၄ ဘီလီယံခန့်မျှော်လင့်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စာရင်းဇယားများ တွင် ဖော်ပြထားသည်။

သုတေသနပြုလိုသူများ CMU တွင် ပညာတော်သင် လျှောက်နိုင်

မြန်မာနိုင်ငံ တံခါးဖွင့်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာနိုင်မည့် အခြေအနေတွင် ဖြစ်ပေါ်လာသည့် လူမှုရေး အပြောင်းအလဲများအား သုတေသနပြုရာ၌ သိသင့်သည့် ဗဟုသုတနှင့် လိုအပ်သည့် ကျွမ်းကျင်မှုတို့ သင်ကြားနိုင်ရန် ထိုင်းနိုင်ငံမြောက်ပိုင်းမှ ချင်းမိုင်တက္ကသိုလ် (CMU) က မြန်မာပညာတော်သင်များအတွက် ပညာရေးအခွင့်အလမ်းတခု ဖန်တီးပေးလိုက်ပြီဖြစ်သည်။
မြန်မာ့ဖွံ့ဖြိုးတိုးတက်မှုကို သိနားလည်ရေး (Understanding Myanmar’s Development)  ဟုခေါ်သည့် သုတေသနဆိုင်ရာ ပညာတော်သင် အစီအစဉ်ကို ချင်းမိုင်တက္ကသိုလ်၊ လူမှုသိပံ္ပဌာနအောက်ရှိ လူမှုသိပ္ပံနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေး ဒေသတွင်းဌာန (Regional Center for Social Science and Sustainable Development – RCSD) မှ ကြီးမှူးပြီး မြန်မာသုတေသီများ၏ စွမ်းရည် ပိုမိုအားကောင်းလာစေရေး၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဗဟုသုတအသိ ပိုမိုကြွယ်ဝလာစေရေး၊ မြန်မာ၊ ထိုင်းနှင့် တခြားနိုင်ငံများမှ သုတေသီများအကြား ရေရှည် အပြန်အလှန် ပညာရေးဖလှယ်မှုကို အားပေးရေးတို့ကို ရည်ရွယ်ကြောင်း သိရသည်။
ယင်းအစီအစဉ်မှာ အငယ်တန်းနှင့် အလတ်တန်း သုတေသီများအတွက်ဖြစ်ပြီး လတ်တလော ပညာသင်ကြားနေသူများ သာမက စီးပွားရေးလုပ်ငန်း၊ လူမှုရေးလုပ်ငန်းနှင့် မီဒီယာလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေသူများလည်း လျှောက်ထားနိုင်ကြောင်း သိရှိရသည်။
အဓိကဦးစားပေး သုတေသနမှာ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှု (Social and economic development)၊ စိုက်ပျိုးရေးဖွံ့ဖြိုးမှု၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုအပြောင်းအလဲ (Agricultural development, the environment and climate change)၊ ကျန်းမာရေးနှင့် ကျန်းမာရေးစနစ်များ (Health and health systems)၊ သတင်းအချက်အလက်၊ မီဒီယာနှင့် လူ့အဖွဲ့အစည်း (Information, the media and society) တို့ ဖြစ်သည်။
ယင်းအစီအစဉ်ကို ယခုနှစ် ဇူလိုင်လတွင် စမည်ဖြစ်ပြီး လျှောက်လွှာများကို ဇွန်လ ၁၅ ရက် နောက်ဆုံးထား ပေးပို့နိုင်ကြောင်း၊ ပညာတော်သင်ရရှိသူများကို ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
အသေးစိတ် အချက်အလက်များ၊ လျှောက်လွှာနှင့် ဆက်သွယ်ရန် လိပ်စာတို့ကို http://www.mrf-fellowships.weebly.com တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

ဗိုလ်နှုတ်ခမ်းမွေး ဆုငွေအရေး ထိုင်းစစ်တပ် တပ်လှန့်ထား

အစိုးရနှင့် အပစ်ရပ်ထားသည့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ကို ကြိုတင်ကာကွယ်သည့် အနေဖြင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ် ဖုပ္ဖရဒေသတလျှောက်တွင် ထိုင်းစစ်တပ်က တပ်လှန့်ထားကြောင်း သိရသည်။
မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဆုငွေထုတ်ထားသည့် ကိစ္စအား ထိုင်းအာဏာပိုင်များ ဖြေရှင်းခြင်း မပြုလုပ်ပါက နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်လိမ့်မည်ဟု DKBA တပ်ဖွဲ့မှ ဗိုလ်နှုတ်ခမ်းမွေး (ခေါ်) ဗိုလ်မှူးချုပ် စောလားပွယ်က ယခုလ ၁ ရက်နေ့တွင် ပြောကြားခဲ့ပြီးနောက် ထိုင်းစစ်တပ်က ထိုသို့ တပ်လှန့်ထားခြင်း ဖြစ်သည်။DKBA တပ်ဖွဲ့ဝင်များ၏ရန်ကို ကာကွယ်ရေးအတွက် ဖုပ္ဖရဒေသတလျှောက်တွင် ထိုင်းစစ်တပ်က တာဝန်ယူရန် ထိုင်းကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ် Prayut Chan O Cha က အမိန့်ပေးထားကြောင်း ထိုင်းရတ် (Thairath) သတင်းဌာန အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။
“သူတို့ကို အရင် မစဘူး။ အခုဖြစ်တဲ့ကိစ္စက ဥပဒေနဲ့ပဲ ဆိုင်တယ်။ တိုက်ခိုက်လာရင်တော့ ဖြေရှင်းလို့ မရဘူး။ ဒါပေမယ့် သူတို့ဘက်က မှန်တယ်ထင်ရင်တော့ ဆက်လုပ်” ဟု ဗိုလ်ချုပ် Prayut Chan O Cha က ယင်းသတင်းဌာနသို့ ပြောဆိုထားသည်။
ပြဿနာများ မည်သို့ဖြေရှင်းသွားမည်ကို မသိရသေးသော်လည်း အဓိကအားဖြင့် နယ်စပ်ဒေသရှိ ထိုင်းနိုင်ငံသားများ အန္တရာယ်မဖြစ်အောင် ကာကွယ်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ယခုအခါ နှစ်ဖက်ဒေသခံများသည် တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သိရသည်။ DKBA တပ်ဘက်ကလည်း စစ်ရေးပြင်ဆင်ထားပြီး နယ်စပ်ဂိတ်များကို ပိတ်ပင်ထားသည်။
DKBA တပ်ဖွဲ့မှ ဗိုလ်မှူးကြီး စန်းအောင်က “ကျနော်တို့တပ်တွေကို လက်လှမ်း မီသလောက် ပြောထားတယ်၊ ထိုင်းဘက်ကလည်း ကမ်းနားမှာ ထိုင်းတပ်တွေ ကင်းလှည့်နေတာ တွေ့နေတယ်၊ နယ်စပ်တွေမှာ ဟိုဘက်ကလာတဲ့ တောင်ယာလုပ်တဲ့ ထိုင်းလူမျိုးတွေကို ပေးမကူးဘူး” ဟု ဧရာဝတီသို့ ပြောသည်။မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားကို ပိတ်ရန် စီစဉ်ထားသော်လည်း နှစ်နိုင်ငံချစ်ကြည်ရေးကို ထိခိုက်နိုင်သည့်အတွက် အခက်အခဲရှိကြောင်း ၎င်းကဆိုသည်။
မြ၀တီမြို့ ဒေသခံကုန်သည်တဦး၏ အဆိုအရ ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် မြဝတီမြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေး တံတား ယခုအထိ ပိတ်ထားခြင်း မရှိကြောင်း၊ ပုံမှန်သွားလာနေကြောင်း ဆိုသည်။ဧပြီလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံရှိ မူးယစ်ဆေး ထိန်းချုပ်ရေးဘုတ် အဖွဲ့ရုံး (ONCB) က ဗိုလ်မှူးချုပ် စောလားပွယ်ကို မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဖမ်းဆီးရန် ဆုငွေ ထိုင်းဘတ် ၁ သန်း (ဒေါ်လာ ၃,၂၀၀၀ ခန့်) ထုတ်ခဲ့ပြီးနောက် DKBA နှင့် ထိုင်းအာဏာပိုင်များအကြား တင်းမာမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မူးယစ်းဆေးဝါးနှင့်ပတ်သက်၍ ဆုငွေထုတ်ထားသည့် ၂၅ ဦးထဲတွင် ထိုင်းနိုင်ငံသားများနှင့် မြန်မာနိုင်ငံမှ ၃ ဦး ပါဝင်သည်။မြန်မာအစိုးရက လတ်တလော DKBA နှင့် ထိုင်းစစ်တပ်တို့၏ စစ်ရေးတင်မားမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

လွှတ်တော်အမတ်တချို့ ပြည်ပခရီးသွားမည်

လွှတ်တော်အစည်းအဝေးတွေ ရပ်နားထားချိန်မှာ လွှတ်တော် ကိုယ်စားလှယ်တချို့ ဥရောပနိုင်ငံတွေက လွှတ်တော်တွေကို လေ့လာဖို့ လေ့လာရေး ခရီးထွက်ကြမှာ ဖြစ်ပါတယ်။ မေလ ၅ ရက်နေ့၊ စနေနေ့ကျရင် ဂျာမနီနိုင်ငံကို သွားမယ့်ခရီးစဉ်တခု ရှိသလို မေလထဲမှာလည်း တခြားဥရောပ နိုင်ငံတွေဆီကို သွားမယ့် ခရီးစဉ်တွေရှိနေပါတယ် ဂျာမနီနိုင်ငံက အဓိက နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ LDP ပါတီနဲ့နီးစပ်တဲ့ Friedrich Naumann Foundation ကမကထ လုပ်ပြီး ဖိတ်ကြားတဲ့ ကိုးရက်ကြာ ဂျာမနီခရီးစဉ်တခုကို မေလ ၅ ရက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေ စတင်မှာဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ RNDP က ဒေါက်တာအေးမောင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ ပါတီ SNDP က ဦးစိုင်းအိုက်ပေါင်း၊ ပြည်ခိုင်ဖြိုးပါတီက ဦးဝင်းဦး၊ ဦးဝင်းသန်း၊ ဦးအေးမောက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဦးမင်းဦးနဲ့ ဒေါက်တာလှမြတ်ဒွေးတို့ ပါဝင်ကြမှာဖြစ်ပါတယ်။

မဟာမျှော်လင့်ချက်များ NLD ကို စောင့်ဆိုင်းနေ

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမတ်များ ကျမ်းကျိန်ခြင်းသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းရေး လမ်းစအဖြစ် ပြည်တွင်းမှရော နိုင်ငံတကာကပါ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။ ကျမ်းကျိန်စာသား ပြောင်းလဲရေး လိပ်ခဲတည်းလည်းပြဿနာတွင် NLD က အလျှော့ပေးလိုက်ပြီးနောက် ပင်နီနှင့် ခွပ်ဒေါင်းတို့ကို လွှတ်တော်ထဲတွင် မြင်တွေ့ခဲ့ရပြီဖြစ်သည်။
လွှတ်တော်တက်ရခြင်းအပေါ် စိတ်လှုပ်ရှားခြင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သော်လည်း အဖြူအစိမ်း ကြံ့ခိုင်ရေးအမတ်များ၊ အစိမ်းရောင် စစ်ဝတ်စုံများအကြားတွင် သိသာပေါ်လွင်လျက်ရှိသည့် တကမ္ဘာလုံးက စိတ်ဝင်တစားစောင့်ကြည့်နေရသော အတိုက်အခံ ခေါင်းဆောင်တဦးနှင့် NLD အမတ်များ၏ သတင်းမှာ လူအများ စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့သည်။
နေပြည်တော်မှ ပြုပြင်ပြောင်းလဲရေးဂိုဏ်းသား မဟာဗျူဟာသမားများကမူ အစိုးရ ချိန်ခွင်လျှာသစ် စတော့မည်ဟု မျှော်လင့်နေကြသည်။ နိုင်ငံ့ပြုပြင်ပြောင်းလဲရေးအတွက် သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ချိန်ခွင်လျှာ ညီမျှစွာ အာဏာနိုင်ငံရေးကို ဦးစီးဦးဆောင် ပြုလာနိုင်မည်ဟု တွက်ဆကြသည်။
လွှတ်တော်များအတွင်း နိုင်ငံအကျိုးရှေးရှုသည့် မူဝါဒချမှတ်ရေး၊ ယင်းမူဝါဒကို အကောင်အထည်ဖော်မည့် စီမံခန့်ခွဲမှုတွင် လစ်ဟာမှု မရှိစေရန် စွမ်းရည်ထက်မြက်ရေးတို့အတွက် တွန်းအားပေးရန် ယင်းချိန်ခွင်လျှာသစ်က တာဝန်ယူနိုင်မည်။
မလိုအပ်သည့် ဥပဒေများကို ဖယ်ရှားရေး၊ ဟောင်းနွမ်းကြာမြင့်နေသည့် ဥပဒေများကို ခေတ်နှင့် လျော်ညီလာစေရန် ပြင်ဆင်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများကို အဟန့်အတား ဖြစ်စေမည့် ပြဋ္ဌာန်းချက်များကို ရုပ်သိမ်းရေးတွင်လည်း ချိန်ခွင်လျှာသစ်က အကောင်အထည် ဖော်နိုင်မည်ဟု နေပြည်တော်မှ မဟာဗျူဟာသမားများက မြင်နေကြသည်။
တကယ်တမ်းတွင်လည်း NLD အနေဖြင့် တက်ကြွပြီး စည်းရုံးရေးကောင်းသော ပါတီတရပ်အနေဖြင့် လွှတ်တော်တွင်း၌ လက်ရှိ ဥပဒေလုပ်ထုံးလုပ်နည်းများ၊ အစိုးရအားနည်းချက်များကို ဝေဖန်ထောက်ပြနိုင်စွမ်း ရှိနေပေသည်။ တိုင်းပြည်နှင့် လူမျိုး အကျိုးကို ရှေးရှု၍ ပြုပြင်ပြောင်းလဲရေးလုပ်ရန် ဆန္ဒရှိသည့် လွှတ်တော် ကိုယ်စားလှယ်များကိုလည်း NLD က စည်းရုံး လက်တွဲခေါ်နိုင်ပေမည်။
ဒေသတွင်းနှင့် ကမ္ဘာ့အလယ်တွင် မျက်နှာငယ် နိမ့်ကျနေသည့် မြန်မာ့လူမှုဘဝအတွက် တိုင်းကျိုးပြည်ပြု လွှတ်တော်၊ ကောင်းမွန်ထက်မြက်သည့် အစိုးရယန္တယားတို့ လိုအပ်သည့်အပြင် လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများက အားကောင်းကောင်းနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန် လိုအပ်သောကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ပြင်ပ နိုင်ငံရေးကိုပါ တပြိုင်တည်း ဆောင်ရွက်မည်ဟု ဆိုသဖြင့် နိုင်ငံ့ကောင်းကျိုးအတွက် များစွာ အကျိုးဖြစ်ထွန်းလိမ့်မည်ဟု ဧရာဝတီက ယုံကြည်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာတွင်သာမက ကမ္ဘာတွင်လည်း နိုင်ငံရေးသြဇာရှိသူ၊ မဲဆန္ဒရှင် ပြည်သူလူထု၏ လေးစားယုံကြည်မှု ခံရသူဆိုသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ယင်းအားသာချက်တို့ကို ကိုင်စွဲ၍ လွှတ်တော်များအတွင်းရှိ စစ်တပ်ကိုယ်စားလှယ်၊ ကြံ့ခိုင်ရေးအမတ်များကို ထိန်းကျောင်းနိုင်မည့် ဒီမိုကရက်တစ် နိုင်ငံရေး ခေါင်းဆောင်အဖြစ် ပြည်တွင်းပြည်ပရှိ လူအများက ကြီးစွာမျှော်လင့်နေကြသည်။ ထိုမျှော်လင့်ချက်သည်ပင် ၂၀၁၅ ရွေးကောက်ပွဲနှင့် ယင်းရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး လမ်းပေါ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့အတွက် ကြီးစွာသော ပုခုံးထမ်းတာဝန် ဖြစ်ပါတော့သည်။

NLD က ပညာရေးရန်ပုံငွေ ပေးအပ်လှူဒါန်း


ပုဂ္ဂလိက အလှူရှင်တွေဆီက လက်ခံရရှိထားတဲ့ အလှူငွေတွေကို ရန်ကုန်တိုင်းအတွင်းရှိ အမေ့အိမ် ပညာဒါနကျောင်း စုစုပေါင်း ၂၅ ကျောင်းအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့ ကျပ်ငွေ သိန်း ၁၀၀ နီးပါး ပေးအပ်လှူဒါန်း လိုက်ပါတယ်။

မဲဆောက်မြို့ ဆန္ဒပြ မြန်မာအလုပ်သမားများ တောင်းဆိုချက် ရရှိ


ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ ချန်ပီယံ သိုးမွှေးစက်ရုံလို့ လူသိများတဲ့ FT Fashion အထည်ချုပ်နဲ့ သိုးမွှေးစက်ဆွဲ အလုပ်ရုံမှာ မေလ ၂ ရက်နဲ့ ၃ ရက်နေ့တွေက အလုပ်သမားတွေ အလုပ်မဆင်းဘဲ တစ်နေ့ ၈ နာရီအလုပ်လုပ်ချိန် သတ်မှတ်ပြီး လုပ်အားခ ၁၅၅ ဘတ်နှုန်း တိုးပေးရေး ဆန္ဒပြ တောင်းဆိုခဲ့တဲ့အတွက် ဒီကနေ့ အလုပ်ရှင် အလုပ်သမား ပြေလည်မှုရသွားပြီလို့ စုံစမ်းသိရှိရပါတယ်။

သောက်သုံးရေ ပြတ်လပ်ဒေသ NLD က ရေဖြန့်ဝေပေး

နွေကာလ အပူရှိန်မြင့်လို့ သောက်သုံးရေ ပြတ်လပ်နေတဲ့ မြောင်းမြမြို့နယ် အနောက်ဘက်က ကျေးရွာ ၁၂ ရွာလောက်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေက သောက်သုံးရေလိုက်လံ ဖြန့်ဝေပေးနေတယ်လို့ သိရပါတယ်။

မိုဘိုင်းဖုန်းများအားလုံး၏ အင်တာနက်တပ်ဆင်ခအား ငွေကျပ်တစ်သောင်းသတ်မှတ်

မေလ ၇ ရက်နေ့တွင် ထပ်မံချထားပေးမည့် မိုဘိုင်းဖုန်းများ အားလုံး၏ အင်တာနက် တပ်ဆင်ခအား ငွေကျပ်တစ်သောင်း သတ်မှတ်ထားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

၎င်းအင်တာနက်လိုင်းအား WCDMA(3G)အပါအ၀င် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများအားလုံးနှင့် CDMA 800 MHz မိုဘိုင်းဖုန်းများအတွက် ချထားပေးမည်ဖြစ်ပြီး သုံးစွဲခအနေဖြင့် GSM 2.75G (EDGE)အတွက် တစ်မိနစ်လျှင် ၂ ကျပ်နှုန်း၊WCDMA (3G) အတွက် တစ်မိနစ်လျင်၎ကျပ်နှင့် CDMA 800MHz အတွက် တစ်မိနစ်လျှင် ၄ ကျပ်နှုန်း အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါ မိုဘိုင်းဖုန်းများ၏ အင်တာနက် လျှောက်ထားမှုများအတွက် လိုအပ်သည့် အချက်အလက်များအား ၀န်ဆောင်မှု ချပေးခါနီးတွင် အသေးစိတ် ကြေငြာပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LWIN PWIN
NLABR
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment