အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးလာရောက်
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် မေလ ၂၇ ရက်မှ ၂၉ ရက် နေ့အထိ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ကြောင်းသတင်း ရရှိပါသည်။
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ရာ၌ မြန်မာနိုင်ငံအပေါ် ကြွေးမြီ ဒေါ်လာသန်း ၅၀၀ ကျော် ရွှေ့ဆိုင်းပေးသွားမည်ဖြစ်ပြီး မဏိပူရပြည်နယ်၏ မြို့တော် အင်ဖာနှင့် မန္တလေးတို့ကို ချိတ်ဆက်သော ဘတ်စကားလိုင်း ထားရှိရေး၊ မြန်မာနိုင်ငံတွင် အိန္ဒိယဘဏ်ရုံးခွဲများ ဖွင့်လှစ် ထားရှိသွားရေး ကိစ္စရပ်များကို အဆိုပြုသွားမည်ဟု The Indian Express သတင်းစာက ဖော်ပြခဲ့သည်။
၁၉၈၇ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော အိန္ဒိယ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီပြီးလျှင် မန်မိုဟန်ဆင်းသည် ပထမဆုံးလာရောက်သည့် ၀န်ကြီးချုပ်ဖြစ် သည်။ အိန္ဒိယ၀န်ကြီး ချုပ်သည် မြန်မာနိုင်ငံမှ အိန္ဒိယသို့ ပေးဆပ်ရမည့် ကြွေးမြီများကို ပြန်ပေးဆပ်ရန် အချိန်ကာလတိုးမြှင့်ပေးလိုက်ခြင်းဖြင့် ဖြေလျှော့ပေးခြင်း ဖြစ်သည်။
အခြား အဆိုပြုမည့်အချက်များတွင် နယ်စပ်ကုန်သွယ်ရေး စခန်းသစ်ဖွင့်လှစ်ရေး၊ မြန်မာနိုင်ငံအတွင်း ထမံသီနှင့် ရွှေဇာယီ ရေအားလျှပ်စစ် စီမံကိန်းများကို တည်ဆောက်ရေး၊ တမူး- ကလေးဝ- ကမ်ဗိုလမ်းပေါ်ရှိ တံတား ၇၆ စင်း အဆင့်မြှင့်ရန်နှင့် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုမြှင့်တင်ရန် The Union Bank of India နှင့် Bank of India တို့၏ ကိုယ်စားလှယ် ရုံးခွဲများ ဖွင့်လှစ်သွားရန်တို့ ပါဝင်သည်။
အိန္ဒိယအစိုးရက အင်ဖာရှိရပ်ဂ်ျဘာဝန်နှင့် မန္တလေးမြို့တို့ကို တနင်္လာနေ့တိုင်းတွင် ဘတ်စကားပြေးဆွဲ သွားရန်စီစဉ်နေပြီး လမ်းကြောင်းကိုလည်း အဆိုပြုထားပြီး ဖြစ်သည်ဟု ယင်းသတင်းစာက ဖော်ပြထားသည်။ အိန္ဒိယဘက်မှလမ်းပိုင်းမှာ ရာသီတိုင်း ကားသွားလာရေး အဆင်ပြေနိုင်သော်လည်း မြန်မာဘက်မှ လမ်းပိုင်း၏သုံးပုံတစ်ပုံခန့်မှာ ခြောက်သွေ့ရာသီတွင်မှ ကားသွားလာနိုင်မည်ဖြစ်သဖြင့် မြန်မာနိုင်ငံအတွင်းရှိ မုံရွာ-ကလေးဝလမ်းပိုင်းကို အိန္ဒိယ ဘက်မှ ပြုပြင်ထိန်းသိမ်းပေးရန် စဉ်းစားနေသည်ဟု ဆိုပါသည်။
ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း သဘောတူညီမှုနှင့် နားလည်မှုစာချွန်လွှာအချို့ကို လက်မှတ်ရေးထိုး နိုင်မည်ဟု မျှော်လင့်ထားကြောင်း ခရီးစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားစဉ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ထည့်သွင်းပြောကြားခဲ့သည်ဟု News Track India က မေလ ၂၆ ရက်နေ့ က ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ဆောင်နေသော ထမံသီ ရေအားလျှပ်စစ်စီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်းတို့ ရှိထားပြီး အဆိုပါစီမံကိန်း များသည် နိုင်ငံအတွက် အကျိုးရှိနိုင်မည့် စီမံကိန်းများ ဖြစ်ရန် ပြည်သူများ ဆန္ဒရှိနေကြကြောင်း သိရှိရသည်။
ချင်းတွင်းမြစ်ပေါ်တွင် တည် ဆောက်မည့် ထမံသီရေအား လျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ရန် အတွက် အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် အိန္ဒိယနNational Hydroelectric Power Corporati- on Limited (NHPC) တို့ ၂၀၀၈ခု နှစ် စက်တင်ဘာလ ၁၉ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။
ဧရာဝတီမြစ်၏အဓိက မြစ်လက်တက်ဖြစ်သော ချင်းတွင်းမြစ်တွင် တည်ဆောက်မည့် ယင်းစီမံကိန်းသည် မဂ္ဂါဝပ် ၁၂၀၀ထွက်ရှိမည် ဖြစ်သည်။
“ထမံသီနဲ့ ပတ်သက်ပြီးတော့ EIA (သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုလေ့လာချက်)၊ SIA (လူမှုစီးပွားရေးအပေါ် သက်ရောက်မှု လေ့လာချက်)၊ Environmental Management (သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု) ဒီသုံးခုပဲ လုပ်ပေးပါလို့ ပြောလိုက်တယ်။ လုပ်ရင်လည်း နိုင်ငံတကာအ သိအမှတ်ပြု အဖွဲ့အစည်းတွေ၊ ပညာရှင်တွေနဲ့ လုပ်ပေးပါလို့ ပြောလိုက်တယ်။ အဲဒီကတည်းက ပြန်မလာတော့ဘူး”ဟု FREDAမှ ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ပြောကြား သည်။
လက်ရှိတွင် ချင်းတွင်းမြစ်သည် မြစ်အထက်ပိုင်း၌ သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှုများ၊ သယံ ဇာတ တူးဖော်မှုများ၊ ရေဝေရေလဲ ဒေသ ထိန်းသိမ်းရေး အားနည်းမှုများ စသည်တို့ကြောင့် မြစ်ကြောင်း ပြောင်းလဲမှုများ၊ ရေနည်းပါးမှုများကို ရင်ဆိုင်နေရကာ မြစ်ကြောင်းနှင့် မြစ်ကို အမှီပြုနေရသည့် ဒေသခံများ၏ လူမှု စီးပွားရေးပေါ်တွင် သက်ရောက်မှုများ သက်ရောက်နိုင်ခြေရှိမှုကို ဒေသခံများဘက်တွင်လည်း စိုးရိမ်ပူပန်မှုများ ရှိနေသည်။
ထမံသီ ရေအားလျှပ်စစ်စီမံကိန်းသည် နာဂဒေသအလယ်ပိုင်း၌ တည်ရှိနေပြီး စီမံကိန်းကြောင့် ဒေသခံ ၄၅၀၀၀ ကျော် နေရပ်စွန့်ခွာသွားကြရနိုင်ကြောင်း သုံးသပ်မှုအချို့လည်း ရှိထားသည်။
“မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းလာကြတဲ့ သူတွေနေတဲ့နေရာကို ရောက်ခဲ့တယ်။ အိမ်တော့ ဆောက်ပေးထားပြီး သူတို့ရဲ့လူမှုဘ၀ကိုတော့ မစဉ်းစားပေးထားဘူးဆိုတာ တွေ့ခဲ့ရတယ်။ စီမံကိန်းတွေကြောင့် ဒီလိုတွေ မဖြစ်စေချင်ဘူး”ဟု ဦးအုန်းက ပြောပြသည်။
ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်း(Kaladan Multi-Modal Transit Transport Project) ကို အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရတို့ ပူးပေါင်းလျက် ၂၀၀၉ ခုနှစ်မှစတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
စီမံကိန်းအတွက် သစ်တော ၁၉၆ ဒသမ ၇၅ ဟက်တာ ခုတ်ထွင် ရှင်းလင်းရမည်ဖြစ်ပြီး ဒေသခံ ထောင်ပေါင်းများစွာ နေရာရွှေ့ပြောင်းရမည် ဖြစ်သည်။
စီမံကိန်းနှင့် ပတ်သက်၍ဒေသခံများ၏ လူမှုစီးပွားရေးနှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု စသည်တို့နှင့် ဆက်စပ်သောအမြင်များအား လေ့လာဆန်းစစ်မှုများကို ၂၀၁၁ ခုနှစ်အတွင်း Gender and Development Initiative- Myan mar နှင့် ရခိုင်ကမ်းရိုးတန်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း တို့ ပူးပေါင်းပြုလုပ်ခဲ့သည်။
ဒေသခံများသည် စီမံကိန်းအားဖြင့် မြစ်ကြောင်းတစ်လျှောက် သောင်တူးခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ ငါးသယံဇာတ ထိခိုက်ပျက်စီးခြင်း၊ မြစ်ကြောင်းနံဘေး စိုက်ခင်းများ ဆုံးရှုံးခြင်း၊ ကုန် တင်သင်္ဘောများ သွားလာမှုကြောင့် ကမ်းပါးပြိုခြင်း၊ ရေချိုပျက်စီးခြင်း၊ ငါးဖမ်းလုပ်ကွက်များ ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ခြင်းတို့ ရှိနေသည်ဟု အဆိုပါလေ့လာမှုက ဖော်ပြခဲ့သည်။
“၂၀၀၉ ခုနှစ်မှာ စပြီးတော့ အကောင်အထည် ဖော်ကြမယ်ဆိုပြီး တော့သိခဲ့ရတယ်။ ပြည်နယ်တွင်းမှာ ဒေသခံတွေကို မေးကြည့်တဲ့အခါ မသိကြဘူး”ဟု ရခိုင်ကမ်းရိုးတန်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်သိန်းဖေက လေ့လာမှုအကြောင်း ရှင်းလင်းစဉ်က ပြောကြားခဲ့သည်။
“စီမံကိန်းတွေ လုပ်တဲ့အခါ ပြည်သူတွေရဲ့ အကျိုးကိုလည်း ကြည့်စေချင်ပါတယ်”ဟု GDI မှ ဦးဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။
ကုလားတန်စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် အပြီးတည်ဆောက်ရန် အိန္ဒိယမှ မျှော်မှန်းထားပြီး အမေရိ ကန်ဒေါ်လာသန်း ၁၂၀ ကျော်ကုန် ကျမည်ဟု ဆိုသည်။ ထိုစီမံကိန်းကို Essar ကုမ္ပဏီက တာဝန်ယူ တည်ဆောက်နေခြင်း ဖြစ်သည်။
“ဒီစီမံကိန်းကို ကျွန်တော်တို့က မကန့်ကွက်ပါဘူး။ ဒါပေမယ့် ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဒေသခံတွေ ဘာမှမသိကြပါဘူး။ သေသေချာချာ သိချင်ပါတယ်။ ကိုယ့် ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးဘာမှ မသိ ရဘူး။ ကိုယ့်ရဲ့အခွင့်အရေးဘယ်လို ရှိတယ်ဆိုတာ သိချင်တယ်”ဟု စစ်တွေမြို့မှ ဒေသခံတစ်ဦးက ပြောပြသည်။
“ဒေသခံတွေ အများစုက ကုလားတန်စီမံကိန်းနဲ့ ပတ်သက်ပြီး မြင်ကြတာကတော့ လမ်းပန်းဆက်သွယ်ရေး ကောင်းလာလိမ့်မယ်လို့ မြင်ကြတယ်။ကျွန်တော်တို့ဒေသမှာက လမ်းပန်းဆက်သွယ်ရေး မကောင်းတော့ စီးပွားရေးလုပ်ငန်းတွေလည်း တွင်တွင်ကျယ်ကျယ် မလုပ်နိုင်ဘူး။ တောင်ယာလုပ်ငန်းပဲ လုပ်ကြတာဆိုတော့ သောင်တူး၊ ဆိပ်ခံတံတားဆောက်၊ လမ်းဖောက်မယ်ဆိုတော့ လမ်းပန်း ဆက်သွယ်ရေး ကောင်းမယ်လို့ ထင်ကြတယ်။ ကျွန်တော်တို့ကတော့ ဘယ်လိုတွေ ဖြစ်နိုင်တယ်။ ဘယ်လိုကာကွယ်မှုတွေ လုပ်ရမယ်ဆိုတာ သိချင်တယ်။ ဥပမာဒီမှာက ရွှေ့ပြောင်း တောင်ယာလုပ်တယ်။ မြေယာပိုင်ဆိုင်မှုဆိုတာ ဘိုးဘွားကနေ တစ်ဆင့် ရခဲ့တာပဲရှိတယ်။ စီမံကိန်းတွေလုပ် လာလို့ ကန့်သတ်ချက်တွေ ရှိလာရင် ကျွန်တော်တို့မှာ ပိုင်ဆိုင်မှု အထောက်အထား ဘာမှမရှိပါဘူး။ အထောက် အထားမရှိလို့ စီးပွားရေးသမားတွေ ရောက်လာတဲ့အခါ ကျွန်တော်တို့ လုပ်ကိုင်ခွင့်တွေ ပျောက်ကုန်မှာ စိုးတယ်”ဟု ကုလားတန်မြစ် စီမံကိန်း ဖြတ်သန်းရာဖြစ်သည့် ချင်းပြည်နယ် ပလက်ဝမြို့မှဒေသခံတစ်ဦးက ပြောပါသည်။
အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သည့် အဆိုပါ စီမံကိန်းနှစ်ခုလုံးသည် စီမံကိန်းများမစတင်မီ၊ စတင် ရန် မဆုံးဖြတ်မီ ပြုလုပ်ရလေ့ရှိသော EIA နှင့် SIA တို့ကို ပြုလုပ်ထားခြင်း မရှိသေးကြောင်း သိရှိရသည်။
ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်သည်ဟု ဆိုထားသော စီမံကိန်းကြီးများသည် တိုင်းရင်းသားများ နေထိုင်ရာ ပြည်နယ်ဒေသများတွင် အများစု တည်ရှိကာ စီမံကိန်းများကြောင့် မြေယာဆုံးရှုံးမှုများ၊ ရွှေ့ပြောင်းရမှုများ လည်း ရှိခဲ့သည်။
သဘာဝသယံဇာတ ရင်းမြစ် ကြွယ်ဝသော မြန်မာနိုင်ငံသည် အဆိုပါ သဘာဝရင်းမြစ်များပေါ်တွင် အခြေတည်သည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် စီမံကိန်းများရှိနေကာ စီမံကိန်းများ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ ကောင်းကျိုးကိုသာ ဖြစ်စေလိုပြီး စီမံကိန်းများကြောင့် ပြည်သူများ၏ လူမှုဘ၀များပေါ်၌ ဆိုးကျိုးသက်ရောက်မှုများ မဖြစ်စေလိုကြောင်းလည်း လေ့လာသူများက သုံးသပ်ကြပါသည်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment