ကမ္ဘာ့သတင်းများ 07/06/2012

နိုင်ငံတကာသတင်း

Hama မြို့မှာ အနည်းဆုံးလူ ၇၈ ဦးအသတ်ခံရ

ဆီးရီးယားနိုင်ငံအလယ်ပိုင်း Hama မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တွေက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအ၀င် အနည်းဆုံး လူ ၇၈ ယောက်ကို ပစ်သတ်လိုက်တယ်လို့ ဆီးရီးယားလူ့အခွင့်အရေး လူပ်ရှား သူတွေကပြောပါတယ်။ ဗုဒ္ဓဟူးနေ့က အသတ်ခံလိုက်ရတဲ့အထဲပါခဲ့တဲ့ Al Kubeir ကျေးရွာသားတချို့ဟာ ဓားတွေနဲ့ထိုးသတ်ခံခဲ့ရတာပါ။
ဆီးရီးယားစစ်တပ်က အဲဒီဒေသကို လက်နတ်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ပြီးနောက်မှာပဲ သေနတ်တွေ၊ ဓားတွေကိုင်ဆောင်ထားတဲ့ Shabiha လို့ခေါ်တဲ့ ပြည်သူ့စစ်အဖွဲ့ရောက်ရှိလာပြီး အကြမ်းဖက်သတ်ဖြတ် မှုတွေ လုပ်ခဲ့တာဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က ပြောပါတယ်။
နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ရှုတ်ချမှုကို ခံခဲ့ရတဲ့ ပြီးခဲ့တဲ့ မေ ၂၅ က ဆီးရီးယားအလယ်ပိုင်း ဟူလာမှာ ကလေးငယ်တွေတစ်ဝက်လောက်ပါတဲ့ လူ ၁၀၈ ယောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ အမှုကြီးဖြစ်ခဲ့ပြီး နောက်နှစ်ပတ်အကြာမှာပဲ ဒီ သတ်ဖြတ်မှုဖြစ်ခဲ့တာပါ။
ဒီအတောအတွင်း ဆီးရီးယားမှာဖြစ်နေတဲ့အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုကို အပြည့်အ၀လိုက်နာဖို့ အမေရိကန်ထိပ်တန်းအရာရှိတွေက သတိပေးပြောကြားလိုက်ပါတယ်။ တကယ်လို့ မလိုက်နာဘူးဆိုရင် ဆီးရီးယားသမ္မတ Bashar Al Assad အစိုးရအဖွဲ့နဲ့ ဆီးရီးယားကို ကျောထောက် နောက်ခံလုပ်နေတဲ့ နိုင်ငံတွေကို ပြင်းထန်တဲ့ အရေးယူမူတွေကို လုပ်သွားမှာဖြစ်တယ် လို့လည်း သတိပေး လိုက်ပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေက ဆီးရီးယားအစိုးရ ထိပ်တန်းခေါင်းဆောင်တွေအပေါ် အရေးယူ ပိတ်ဆို့မူတွေ ပိုတိုးပြီး လုပ်မယ်လို့ ဘဏ္ဍာရေးဝန်ကြီး Timothy Geithner က ဗုဒ္ဓဟူးနေ့က ပြောလိုက် ပါတယ်။ မစ္စတာအာဆတ်ဒ်နဲ့ သူ့ရဲ့ထိပ်တန်းအရာရှိတွေကို ဖိအားတိုးပေးဖို့အရေး ဆွေးနွေးဖို့ ၀ါရှင်တန်ကိုရောက်ရှိနေတဲ့ ၅၅ နိုင်ငံက ကိုယ်စားလှယ်တွေကို အခုလို ပြောလိုက်တာဖြစ်ပါတယ်။


ပါကစ္စတန်ဆက်ဆံရေး အိန္ဒိယနဲ့နားလည်မှုရဖို့ အမေရိကန်တိုက်တွန်း

တောင်အာရှရဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေး ခိုင်မာသေခြာဖို့အတွက် မကြာခဏ ဖြစ်ပွားနေရတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ပါကစ္စတန် နိုင်ငံအကြား သဘောထားကွဲလွဲမှုတွေ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့ အကြား ဖြစ်နေရတဲ့ သဘောထားကွဲလွဲမှုတွေကို ကျော်ဖြတ်ဖို့လိုတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာက ပြောဆိုလိုက်ပါတယ်။
ပါကစ္စတန်နဲ့ နှစ်နိုင်ငံစလုံးအကြားဆက်ဆံရေးဟာ အလွန်ရှုပ်ထွေးတဲ့အကြောင်း၊ တိုးတက်မှုတွေ ရဖို့အတွက် အိန္ဒိယကော အမေရိကန် ပြည်ထောင်စုတို့ကပါ အတူတကွကျိုးပမ်းကြဖို့ လိုတယ်လို့ ၀န်ကြီး ပန်နက်တာက သူ့ရဲ့ နှစ်ရက်ကြာ အိန္ဒိယခရီးစဉ်အဆုံးသတ်တဲ့ ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်တာပါ။
အထူးသဖြင့် အဖဂန်နစ္စတန်နိုင်ငံ ပြန်လည်ထူထောင်ရေးအပါအ၀င် ဒေသတွင်းမှာ အိန္ဒိယက ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပတ်သက်ဖို့ ကြိုးစားနေတယ်ဆိုပြီး ပါကစ္စတန်နိုင်ငံက သံသယရှိနေချိန်မှာပဲ အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာက အိမ်နီးချင်းနိုင်ငံရဲ့ တည်ငြိမ်မှုရှိရေးအတွက် ပါကစ္စတန်ကောအိန္ဒိယ - နှစ်နိုင်ငံစလုံးမှာ တာဝန်ရှိတယ်လို့ ပြောကြားသွားပါတယ်။
အိန္ဒိယဟာ အာဖဂနစ္စတန်နိုင်ငံအပေါ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂ ထောင် အကူအညီပေးထားတဲ့ အပြင် အာဖဂန်နစ္စတန်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ အများဆုံးပြုလုပ်ထားတဲ့ နိုင်ငံတွေထဲမှာ တစ်နိုင်ငံဖြစ်နေပါပြီ။
အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အာဖဂန်နစ္စတန်နိုင်ငံနဲ့ မဟာဗျူဟာမြောက် လုံခြုံရေးနဲ့ စီပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီမှု စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံအနေနဲ့ အာဖဂန်နစ္စတန်နိုင်ငံအပေါ် ကူညီမှုတွေ ဆက်တိုးလုပ်ဖို့ ၀န်ကြီးပန်နက်တာက တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံတကာ တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်နိုင်ငံကနေ ၂၀၁၄ ခုနှစ်မှာ ထွက်ခွာဖို့ စီစဉ်နေချိန် အာဖဂန်နစ္စတန် စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေကို သင်တန်းပေးတဲ့ နေရာမှာ တိုးမြှင့်ပြုလုပ်ပေးဖို့ ပြောဆိုသွားကြောင်း သိရပါတယ်။

နှစ် ၁၀၀ အတွင်း သောကြာဂြိုဟ် နေရှေ့ကဖြတ်

မြောက်အမေရိကတိုက်နဲ့   အမေရိကတိုက်အလယ်ပိုင်းမှာနေသူတွေ၊ အနောက် အာဖရိက၊ ဥရောပနေရာ အတော်များများအပြင် အာရှ ပစိဖိတ်ဒေသတလွှားမှာ နေသူတွေဟာ သောကြာကြယ်ကြီး ဖြတ်သွားတာကို ၆ နာရီကျော်ကြာအောင် တွေ့ခဲ့ကြတာပါ။
စောင့်ကြည့်သူတွေဟာ  အထူးမျက်မှန်တွေနဲ့   ကြည့်ရှုခဲ့ကြတာဖြစ်ပြီး နေရှေ့ကနေ ဖြတ်သွားတဲ့သောကြာကြယ်ကို အမဲစက်သေးသေး လေးအဖြစ် တွေ့ကြရပါတယ်။
တချို့ကတော့ အပြင်ထွက်ပြီး ကိုယ်တိုင်မကြည့်ကြဘဲ အမေရိကန် အာကာသစူးစမ်းလေ့လာရေးအဖွဲ့ NASA နာဆာနဲ့  ဥရောပ အာကာသ စူးစမ်းရေး အဖွဲ့ ESA  အပါအ၀င်  သိပ္ပံဌာနတွေရဲ့ ၀က်ဘ်ဆိုက်စာမျက်နှာတွေမှာ တင်ထားတာကို စောင့်ကြည့်ကြသူတွေလည်း ရှိပါတယ်။
သောကြာကြယ် အခုလို ဖြတ်သန်းတာဟာ နှစ်ပေါင်းတရာကျော်မှာမှ  ၈ နှစ်ခြားပြီး တစုံအဖြစ် တွေ့ရလေ့ရှိပါတယ်။ လွန်ခဲ့တဲ့နှစ် တရာ ကျော်က အခုလိုဖြတ်သွားချိန်မှာ နေနဲ့ကမ္ဘာကြား အကွာအဝေးဟာ ကီလိုမီတာ သန်းပေါင်း ၁၅၀ ကျော်တယ်လို့ သိပ္ပံပညာရှင်တွေက တွက်ဆကြပါတယ်။ အခု ၂၀၀၄ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တွေမှာ ၈ နှစ်ခြားပြီး တွေ့ရတာမျိုးကို ၁၈၇၄ ခုနှစ်က တကြိမ်ကြုံခဲ့ရသလို ၂၁၁၇ ခုနှစ်ရောက်မှ  နောက်တကြိမ်ထပ်ပြီး တွေ့ရတော့မှာဖြစ်ပါတယ်။


အာရပ်နိုင်ငံများနှင့် အနောက်နိုင်ငံများက ဆီးရီးယားနိုင်ငံ၏ ပဋိပက္ခအတွက် နိုင်ငံတကာမှ ပြင်းထန်သည့် အရေးယူ ဆောင်ရွက်မှုမျိုး ဆောင်ရွက်ရန် တောင်းဆိုနေချိန်တွင် တရုတ်နှင့် ရုရှားတို့က ဆီးရီးယားတွင်  အစိုးရ အပြောင်းအလဲအတွက်နှင့် ၀င်ရောက် စွက်ဖက်မှုတို့ကို ဆန့်ကျင်ကြောင်း ဇွန်လ ၆ ရက်နေ့က ပြောကြားခဲ့သည်။ 
၁၅ လကြာနေပြီဖြစ်သည့် ဆီးရီးယားအရေးကို ဇွန်လ ၆ ရက်နေ့က အစ္စလာမ်ဘူတွင် ဆွေးနွေးခဲ့ရာ ရုရှားနှင့်တရုတ်တို့၏ ရပ်တည်မှုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က စိတ်ပျက်နေခဲ့ကြောင်း တူရကီသံတမန် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။ ဆီးရီးယားမြို့တော် ဒမတ်စကတ်အနီးတွင် သူပုန်တိုက်ခိုက်ရေးသမားများက တိုက်ခိုက်မှုအရှိန် မြှင့်တင်နေရာ ဆီးရီးယားတွင် အစိုးရအပြောင်းအလဲသည် အရှေ့အလယ်ပိုင်းအား ကမောက်ကမ ဖြစ်သွားစေနိုင်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့က သတိပေး ခဲ့သည်။   


အခြေခံဥပဒေသစ် ရေးဆွဲမည့် အဖွဲ့ဝင် ၁၀၀ ကျော်ပါသော အဖွဲ့ဖွဲ့နိုင်ရေးကို အီဂျစ် နိုင်ငံရေးပါတီများ က ၄၈ နာရီအတွင်းလုပ်ဆောင်ရန် အီဂျစ်စစ်ဘက်ကောင်စီက ဇွန်လ ၅ ရက်တွင် ရာဇသံပေးခဲ့ပြီး မဟုတ်ပါက သူတို့သဘောဖြင့် ဖွဲ့စည်းသွားမည်ဟု ကြေညာခဲ့သည်။

ပါတီ ၁၈ ခုမှ ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလအမတ်များက စစ်ဘက်ကောင်စီဥက္ကဋ္ဌ ဖီးမာရှယ်တန်တာဝီနှင့် တွေ့ဆုံခဲ့ပြီးနောက် ယင်းကဲ့သို့ ရာဇသံပေးခဲ့ခြင်းဖြစ်ကြောင်း အမတ်မူစတာဖာဘက်ရီက ဇွန်လ ၅ ရက်တွင် ပြောကြားခဲ့သည်။

အစ္စလာမ်မစ်ပါတီ လွှမ်းမိုးသော လွှတ်တော်က ယင်းအဖွဲ့ကို သူ့လူများဖြင့်သာ ဖွဲ့စည်းရန် ကြိုးပမ်းရာမှ လွှတ်တော်တွင်း လောကီသီးသန့်ဝါဒီများနှင့် လစ်ဘရယ်ဝါဒီများ၏ ကန့်ကွက်မှုများ ကြုံတွေ့ခဲ့ရသည်။
ယင်းပဋိပက္ခကြောင့် အီဂျစ်တွင် ကွဲပြဲမှုဖြစ်နေကြောင်း ပေါ်လွင်စေခဲ့သည်။ အရပ်ဘက်သို့ အာဏာလွှဲပေးမည်ဟု ကြေညာထားသော စစ်ဘက်ကောင်စီမှာလည်း ဝေဖန်ကန့်ကွက်မှု အကြီးအကျယ် ကြုံနေရသည်။ အာဏာလွှဲပေးမည်ဆိုသော်လည်း သမ္မတ ရွေးကောက်ပွဲရလဒ်မှာ သူတို့လိုချင်သည့် အတိုင်းမဖြစ်လာပါက အာဏာကို ဆက်လက်ချုပ်ကိုင်ထားမည့် အခြေအနေရှိနေကြောင်း သိရသည်။ အခြေခံဥပဒေသစ် မရှိသည်ဟူသော အချက်ကိုလည်း အကြောင်းပြချက်တစ်ခုအဖြစ် ပြမည်ဖြစ်သည်။

ဇွန်လ ၅ရက်ဆွေးနွေးပွဲသို့ မွတ်ဆလင်ဘရားသားဟုဒ်အပါအ၀င် ပါတီအများအပြားက သပိတ်မှောက်ခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌဖြစ်သော ယင်းအဖွဲ့မှ Saad el-Katatni က ယင်းစစ်ဘက်ကောင်စီကို ဝေဖန်ခဲ့သည်။ ဥပဒေ ပြဋ္ဌာန်းရန်၊ ဥပဒေထုတ်ပြန်ရန် လွှတ်တော်ကို မည်သူမှ ညွှန်ကြားနိုင်သည့် အာဏာမရှိကြောင်း သူက ပြောကြားခဲ့သည်။ စစ်ဘက်ကောင်စီက သူ့သဘောဖြင့် အခြေခံဥပဒေ ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းရန် ကြိုးပမ်း မည်ဆိုပါက လွှတ်တော်၏ ဥပဒေပြုအာဏာကို ပြန်ပေးဆွဲသည့် သဘောဖြစ်ကြောင်း သမ္မတရွေးကောက်ပွဲ ဒုတိ ယအကျော့ ယှဉ်ပြိုင်ရမည့် မွတ်ဆလင်ဘရားသားဟုဒ် ကိုယ်စားလှယ် မိုဟာမက်မော်ဆီက ပြောကြားခဲ့သည်။ စစ်ဘက်ကောင်စီ၏ မည်သည့်လုပ်ရပ်ကိုမဆို အသိအမှတ်ပြုမည်မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment