မြန်မာသတင်းများ ဇွန် လ ၂ ရက် ၂၀၁၂ 
 
အလုပ်လက်မဲ့ပြဿနာ အရေးကြီးပုံ ဒေါ်စု ထောက်ပြ

မြန်မာနိုင်ငံက လူငယ်တွေအကြား အလုပ်လက်မဲ့အရေအတွက် အလွန်အမင်း များနေတဲ့ ပြဿနာဟာ ချိန်ကိုက်ဗုံးတလုံးလို ဖြစ်လာနေပြီလို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာကျင်းပနေတဲ့ ၂၀၁၂ ခုနှစ် အရှေ့အာရှ ဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် WEF ရဲ့ ဇွန်လ ၁ ရက်နေ့ အစီအစဉ်တခု အတွင်း ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောခဲ့တာပါ။ အဲဒီလူငယ်တွေအတွက် အသက်မွေး ၀မ်းကျောင်း ဘာသာရပ် ဆိုင်ရာ သင်တန်းတွေဖွင့်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ကိစ္စကို သူက အထူး မီးမောင်းထိုးပြီး ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီး ၀င်လာတာဟာ အကျင့်ပျက် ခြစားမှုတွေ ပိုများလာစေမယ့် အခြေအနေမျိုး ဖြစ်လာမှာကို မလိုချင်ပါဘူး လို့လည်း ဆိုပါတယ်။

WEF ရဲ့ ဇွန်လ ၁ ရက်နေ့ အစီအစဉ်တခုကတော့ “ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားစမြည်ပြောဆိုခြင်း” လို့ အမည်ပေးထားတဲ့ အစီအစဉ်ပါ။ နာရီဝက်ကြာ အဲဒီအစီအစဉ်အဖွင့်မှာ ဒေါ်အောင်ဆန်းစုကြည် က ပြုပြင်ပြောင်းလဲရေး၊ အလုပ်လက်မဲ့ ပြဿနာ၊ ပညာရေး၊ တရားရေးစနစ် ပြုပြင် ပြောင်းလဲရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊ အကျင့်ပျက်ခြစားမှု စတဲ့ အကြောင်းအရာမျိုးစုံ ကို ပြောဆိုခဲ့သလို WEF အမှုဆောင် ဥက္ကဋ္ဌ ကလော့စ် ရှဝတ်ဘ် (Klaus Schwab) ရဲ့ မေးခွန်းတွေကို လည်း ဖြေဆိုခဲ့ပါတယ်။ ဒါဟာဖြင့် ရာစုနှစ်လေးပုံတပုံနီးပါးအတွင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံ တကာစင်မြင့်တခု ပေါ်မှာ၊ အပြည်ပြည်ဆိုင်ရာပရိသတ်ရှေ့မှောက်မှာ ပထမဆုံးအကြိမ် စကားပြောခဲ့တာပဲ ဖြစ်ပါတယ်။
အကြောင်းအရာမျိုးစုံထဲမှာ သူအလေးထားပြောဆိုခဲ့တဲ့ အကြောင်းအရာကတော့ လူငယ်ထုကြားမှာ အလုပ်လက်မဲ့ အရေအတွက် အင်မတန် များနေတဲ့ပြဿနာပါပဲ။
“မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ လူငယ်အချိုးအစားဟာ အလွန်အမင်းကို မြင့်မားနေပါတယ်။ ကျမ ထပ်ထပ်ပြောနေတာက အဲဒီအခြေအနေဟာ ချိန်ကိုက်ဗုံးတလုံးဖြစ်နေပြီဆိုတာပါပဲ။ သူတို့တွေ အလုပ်လက်မဲ့ဖြစ်နေတာကြောင့် သူတို့လုပ်နေသလို မိဘတွေအပေါ်မှာ ဘယ်လောက်ကြာကြာ ဆက်ပြီး မှီခိုနေနိုင်ကြမှာပါလဲ …” လို့ ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံလူထုအနေနဲ့ ကောင်းမွန်တဲ့ အသက်မွေးဝမ်းကျောင်းတွေ လုပ်ကိုင်နိုင်စေမယ့် အခြေခံ ပညာရေးမျိုး လိုအပ်ပါတယ်လို့ သူက ပြောသလို လူငယ်တွေ အသက်မွေးဝမ်းကျောင်းပညာတွေကို သင်ယူနိုင်အောင် လုပ်ပေးရမယ်လို့လည်း ဆိုပါတယ်။ “အလုပ်အကိုင်တွေ ဖန်တီးရေးဟာ မြန်မာနိုင်ငံမှာ အင်မတန်ကို အရေးကြီးနေပါတယ်။ အလုပ်အကိုင်ဖန်တီးရေးနဲ့ သင်တန်းတွေ ပေးဖို့ကိစ္စနှစ်ခုကို အတူ တကွ လုပ်ဆောင်ရပါမယ်။ ကျမတို့ရဲ့ အလုပ်လက်မဲ့လူငယ်တွေ အလုပ်ရစေမယ့် သင်တန်း အမျိုးအစားတွေ ဖြစ်ရပါမယ်။ ဒေါက်တာဘွဲ့ပေးတဲ့အစီအစဉ်တွေထက် အသက် မွေးဝမ်းကျောင်း သင်တန်းတွေ နဲ့ စာသင်ခန်းပြင်ပ ပညာရေးမျိုးတွေ ပိုပြီး လိုအပ်ပါတယ်။” - လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မိမိတို့မှာ စွမ်းရည်လိုအပ်နေပေမဲ့ တချို့အဖွဲ့အစည်းတွေက မြင်သလိုမျိုး စွမ်းရည်တော့ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ အောက်ခြေကနေပြီး အပေါ်ထိ တည်ဆောက်နိုင်မယ့် စွမ်းရည်မျိုးကို လိုအပ်တာပါလို့ပြောပြီး အဲဒီကိစ္စအတွက် နိုင်ငံတကာရဲ့ အကူအညီကို လိုအပ်ပါတယ်လို့ ပန်ကြားခဲ့ပါတယ်။
ကမ္ဘာ့စီးပွားရေးဖိုရမ် လာတက်တဲ့ထဲမှာ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီးတွေက အကြီးအကဲတွေလည်း အများအပြားပါဝင်နေပါတယ်။ သူတို့တွေထဲက အတော်များများဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေကြတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့ အကောင်အထည်ဖော်တဲ့ စီမံကိန်းတိုင်းဟာ ပွင့်လင်းမြင်သာမှုရှိရမယ်လို့ ဆိုပါတယ်။
အလုပ်အကိုင်ဖန်တီးရေးနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုကိစ္စဟာ တိုက်ရိုက်ဆက်စပ်နေတာမို့ အဲဒီ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်က အကျယ်တ၀ံ့ပြောခဲ့သလို အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်ပြီးတော့ပါ တွဲဖက် ပြောဆိုခဲ့ပါ တယ်။ ဒါ့အပြင် မိမိတို့လိုချင်တဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုဟာ ဘယ်လိုပုံစံမျိုး ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းပဲ ဖွင့်ဆိုပြခဲ့ပါတယ်။“ရင်းနှီးမြှုပ်နှံမှုတွေ ပိုရလာအောင် ဆက်ပြီး လုပ်ဆောင်သွားတာနဲ့အမျှ အကျင့်ပျခြစားမှုနဲ့ တန်းတူညီမျှမရှိမှုကို ကြိုးစား တိုက်ဖျက်သွားရ ပါမယ်။ အကျင့်ပျက် ခြစားတာတွေ ပိုဖြစ်လာနိုင်ခြေရှိတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကို ကျမတို့ မလိုချင်ပါဘူး၊ ပိုကြီးမား တဲ့ တန်းတူညီမျှမရှိမှုကို ဖြစ်စေမယ့် ရင်းနှီးမြှုပ်နှံမှုမျိုးကို ကျမတို့ မလိုချင်ပါဘူး။ အကျင့်ပျက် ခြစားမှုဟာ အခုကို အခွင့်ထူးတွေ ခံစားနေရသူတွေအတွက် ပိုကြီးမားတဲ့ အခွင့်ထူးတွေ ခံစားရမယ့်အခြေအနေမျိုး ကျမတို့ မလိုချင်ပါဘူး။”-လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အထူးအလေးထား ပြောဆိုခဲ့ပါသေးတယ်။
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် နောက်ကြောင်း ပြန်လှည့်သွားနိုင်သေးသလားဆိုတဲ့ မေးခွန်းရဲ့အဖြေဟာ စစ်ဘက်က ဒီ လုပ်ငန်းစဉ်ပေါ်မှာ ဘယ်လောက်ထိ အခိုင်အမာသန္နိဋ္ဌာန်ရှိတယ်ဆိုတာပေါ် မူတည်နေ တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် တရားရေးစနစ် ပြုပြင်ပြောင်းလဲရေး ခုထိ မဖြစ်သေးတာနဲ့ သူ အမြဲလို ထောက်ပြပြောဆိုနေကျ တရားဥပဒေစိုးမိုးရေး အရေးကြီးပုံတွေကိုပါ ထည့်သွင်းပြောဆိုပါတယ်။
“တရားရေးဘက်မှာ ပြုပြင်ပြောင်းလဲရေး တခုခုလုပ်နေတာကို ခုချိန်ထိတော့ ကျမတို့ မတွေ့ရသေးပါဘူး။ တရားရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ လိုတယ်လို့ ကျမတို့က ဆက်ပြောနေပေမဲ့ အစိုးရနဲ့ အုပ်ချုပ်ရေး ပိုင်းမှာ ဒါကို သဘောတူတဲ့လူ သိပ်များများ မရှိလှဘူးဆိုတာ ကျမ၀န်ခံရပါမယ်။ တရားရေး စံနစ် ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ သူတို့က မထင်ကြပါဘူး။ ဒါမှမဟုတ်လည်း အရေးတကြီး လိုအပ်နေတယ်လို့ မထင်ကြပါဘူး။ ဒါပေမဲ့ အဲဒီ ပြုပြင် ပြောင်းလဲရေးဟာ အလွန်အမင်းကို အရေးတကြီးလုပ်ဖို့ လိုနေတယ်လို့ ကျမကတော့ ယူဆပါတယ်။ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ဘယ်လို ပြဌာန်း မယ်ဆိုတာ မစခင် တရားဥပဒေစိုးမိုးမှုရှိအောင် အရင် စလုပ်ကြရအောင်ပါ။” -လို့ ပြောခဲ့ပါတယ်။
ဇွန်လ ၁ ရက်နေ့ ညနေပိုင်းမှာ ပြီးဆုံးသွားပြီဖြစ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ဆွေးနွေးပွဲတွေပြီးတဲ့နောက် ဇွန်လ ၂ ရက် စနေနေ့မှာတော့ ထိုင်း-မြန်မာနယ်စပ်က မယ်လ ဒုက္ခသည်စခန်းနဲ့ မဲဆောက်မြို့တို့ ဆီ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ပါလိမ့်မယ်။ ဇွန်လ ၃ ရက် တနင်္ဂနွေနေ့ မနက်ပိုင်းမှာ မြန်မာနိုင်ငံ ဆီပြန်ရောက်မှာဖြစ်ပြီး သီတင်းတပတ်ကျော်ကြာပြီးတဲ့နောက်မှာတော့ ဥရောပခရီးစဉ် စတင်မှာဖြစ်ပါတယ်ခင်ဗျား။

မြန်မာပြည် အလုပ်လက်မဲ့ပြဿနာ ချိန်ကိုက်ဗုံးတခုဟု ဒေါ်စုပြော

မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့များ အလွန်များပြားနေရခြင်းနှင့် ပါတ်သက်၍ စိုးရိမ်ဘွယ်ရာအဖြစ်ရှိနေပြီး ရင်းနှီးမြှုပ်နှံသူများအနေနှင့် အလုပ်အကိုင်များ ဖန်တီးပေးစေလိုကြောင်း ဘန်ကောက်မြို့တွင် ကျင်းပနေသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောဆို လိုက်သည်။

“မြန်မာလူငယ် အလုပ်လက်မဲ့ အချိုးအစားဟာ အလွန်မြင့်မားနေပါတယ်။ ဒါဟာ ချိန်ကိုက်ဗုံးတခုလို
ဖြစ်နေပါတယ်” ဟု သောကြာနေ့ မနက်ပိုင်းက ပြောဆိုလိုက်သည်။

မြန်မာ့နိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်စေလိုသော်လည်း အလုပ်အကိုင် ဖန်တီးပေး
ရေးအတွက် ဦးစားပေးစေလိုကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။မြန်မာများအတွက် ရနိုင်သမျှ အလုပ်အကိုင် များများနှင့် သင်တန်းများ ရရှိလိုကြောင်း ပြောသည်။ထို့ပြင် ရင်းနှီးမြှုပ်နှံမှုများအနေနှင့် ခြစားလာဘ်စားမှုအား လောင်စာဖြည့်ဆည်းပေးမှုနှင့် စီးပွားရေး ရေပေါ်ဆီ သမားများ၏ အိပ်ထဲသို့ ဖြည့်တင်းမှုများ မလုပ်သင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက် သည်။ပြည်တွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် မြန်မာနိုင်ငံသားများ သန်းနှင့်ချီ၍ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးမဲဆွယ်စဉ်ကလည်း အလုပ်လက်မဲ့ ပြဿနာ အား အလေးထားခဲ့ပြီး ပြုပြင်ပေးရန်အတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားမည်ဟု မဲဆန္ဒရှင်များအား ကတိပေးထားခဲ့သည်။ထို့ပြင် အစိုးရအနေနှင့် ဒီမိုကရေစီ၊ လူမှုနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာနေသော်လည်း တရားစီရင်ရေးကဏ္ဍမှာမူ လွတ်လပ်မှုမရှိသေးကြောင်း သတိပေး ထောက်ပြပြောဆိုလိုက်သည်။ဖိုရမ်ကို နှစ်စဉ်ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မေလ ၃ဝ ရက်မှ ဇွန် ၁ ရက်နေ့ထိ ကျင်းပကာ နိုင်ငံပေါင်းများစွာမှ ထိပ်တန်း စီးပွားရေးသမားများ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ ပညာရှင် များ၊ သတင်းစာဆရာများ စုစုပေါင်း ၂,၅ဝဝ ခန့် လာရောက်သည်ဟု သတင်း ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး အလွန်အကျွံ အကောင်းမမြင်ရန်နှင့် မြန်မာနိုင်ငံသည် အမေရိကန်နှင့် တရုတ်တို့အတွက် တိုက်ပွဲနေရာမဖြစ်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် သတိပေး

ဘန်ကောက်တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး အလွန်အကျွံ အကောင်းမမြင်ရန် လိုအပ်ကြောင်း လက်ရှိ ပြုပြင်ပြောင်းလဲမှုများသည် နောက်ကြောင်း ပြန်မလှည့်နိုင်ဟု မဆိုနိုင်သေးကြောင်း သတိပေး ပြောကြားခဲ့သည်။

ထို့ပြင် မဟာဗျူဟာအရ အရေးပါနေသော မြန်မာနိုင်ငံအပေါ် လွှမ်းမိုးရန် အပြိုင်အဆိုင် ကြိုးပမ်းနေသော အမေရိကန်နှင့် တရုတ်တို့အတွက် မြန်မာနိုင်ငံသည် 'မြေဇာပင်' (တိုက်ပွဲမြေပြင်)ဖြစ်မည်ကို စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၁ ရက်နေ့တွင် သတင်းထောက် များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ 

''အမေရိကန်နဲ့ တရုတ်တို့အတွက် မြန်မာနိုင်ငံကို တိုက်ပွဲမြေပြင်နေရာလို သဘောထားခံရမှာကို ကျွန်မအမြဲတမ်း စိုးရိမ်နေပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ တရုတ်နှင့်မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ အိမ်နီးချင်းကောင်းများဖြစ်ခဲ့ကြောင်း၊ အင်အားကြီးနှစ် နိုင်ငံအတွက် မြန်မာနိုင်ငံသည် ချစ်ကြည်ရင်းနှီးမှု မျှဝေနိုင်သည့် နေရာတစ်နေရာသာဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည်။ 
မြန်မာနိုင်ငံ၏ သဘာဝရင်းမြစ်များကို အလွယ်တကူ ရယူသုံးစွဲနေမှုအတွက်  တရုတ်နိုင်ငံသည် ဝေဖန်ခံနေရသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများသည် ခြစားမှုနှင့် မညီမျှမှုတို့ကို ပိုမိုဆိုးရွားစေမည့် ရင်းနှီးမြှုပ်နှံ မှုမျိုးမဖြစ်သင့်ဘဲ နိုင်ငံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် ရင်းနှီးမြှုပ်နှံမှုမျိုးသာ ဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရင်းနှီးမြှုပ်နှံသူများကို တောင်းဆိုခဲ့သည်။ အလုပ်အကိုင် ဖန်တီးမှုများနှင့် မြန်မာ့လုပ်သားထုအတွက် လေ့ကျင့်သင်ကြားပေးမှုများတွင် အာရုံစိုက် လုပ်ဆောင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ 

ကျား-မခွဲခြားဆက်ဆံမှုအကြောင်း စီးပွားရေးညီလာခံမှာ ဒေါ်စုဆွေးနွေး

မြန်မာနိုင်ငံမှာ ကျား-မ ခွဲခြားဆက်ဆံမှုရှိနေတုန်းပဲလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် က နောက်ထပ်ဆွေးနွေးပွဲတခုမှာ ပြောခဲ့ပါတယ်။ အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးပိုင်းတွေမှာ အမျိုးသမီးတွေ ပါဝင်နိုင်တဲ့ အခွင့်အလမ်းနည်းပါးတာ၊ ပညာရေးပိုင်းမှာ အမျိုးသမီး၊ အမျိုးသား အရည်အချင်း အဆင့်အတန်း ခွဲခြားသတ်မှတ်ထားတာ စတဲ့ အချက်တွေကို ထောက်ပြပြီး ပြောခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ကျင်းပနေတဲ့ ၂၀၁၂ ခုနှစ်၊ အရှေ့အာရှဒေသဆိုင်ရာ ကမ္ဘာ့ စီးပွားရေးဖိုရမ် WEF ရဲ့ အစီအစဉ်တခု အတွင်း ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောလိုက်တာ ဖြစ်ပါတယ်။
WEF ဆွေးနွေးပွဲတွေရဲ့ နောက်ဆုံးနေ့ ဇွန်လ ၁ ရက်နေ့မှာ Asian Women as the Way Forward ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ တခုအတွင်း ဒေါ်အောင်ဆန်းစုကြည်က ပင်တိုင်ဆွေးနွေးသူတဦးအဖြစ် ပါဝင်ဆွေးနွေးပြီးတော့ မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ အခြေအနေတွေကို မီးမောင်းထိုး ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံကအမျိုးသမီးတွေဟာ စီးပွားရေးကိစ္စတွေမှာ ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင် နိုင်ကြပေမဲ့ နိုင်ငံရေး မှာ ပါဝင်ဖို့တော့ ခွဲခြားခံနေရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ် အယောက် ၆၀၀ ကျော်ထဲမှာ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်က ၁၅ ယောက်ပဲရှိနေတာ၊ အစိုးရအဖွဲ့ ၀န်ကြီးနေရာတွေမှာ အမျိုးသမီးတယောက်မှမပါဘဲ အမျိုးသမီး ဒုတိယ၀န်ကြီး နှစ်ဦးပဲရှိတာကို ထောက်ပြတဲ့အပြင် ပညာရေးပိုင်းမှာလည်း ခွဲခြားဆက်ဆံခံနေ ရတယ်လို့ ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ ကျား-မ ခွဲခြားဆက်ဆံတာ ရှိနေပါတယ်။ ပညာရေးမှာတောင်မှ ကျား-မ ခွဲခြားဆက်ဆံတာ ရှိနေတာပါ။ ဆေးကျောင်းတက်ဖို့အတွက် ဆိုရင် ကျောင်းသူတွေဟာ ကျောင်းသားတွေထက် အမှတ်ပိုများ ရပါတယ်။ ဒါက အမျိုးသား ဆရာဝန်တွေရှိစေရေး သေချာအောင် လုပ်တယ်လို့ ကျမထင်တယ်။ ဒါပေမဲ့ အဲဒါကိုက ခွဲခြားဆက်ဆံတာပါပဲ။ အဲဒီလို ခွဲခြား ဆက်ဆံမှုမျိုး မရှိသင့်ပါဘူး။” -လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ကျား-မခွဲခြားဆက်ဆံတဲ့ကိစ္စဟာ စီးပွားရေးကိစ္စမဟုတ်ဘဲ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ ကိစ္စဖြစ်တယ်လို့ လည်း ထောက်ပြခဲ့ပါတယ်။ ဒီကိစ္စကို စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်လိုက်ရုံနဲ့ ဖြေရှင်းလို့ မရဘူး ဆိုတာကို စီးပွားရေးဖွံ့ဖြိုးတိုးတက်နေပေမဲ့ ကျား-မ ခွဲခြားဆက်ဆံမှုမြင့်မားတဲ့ ဂျပန်နဲ့ တောင်ကိုရီး ယားနိုင်င်ငံတွေကို ထောက်ပြပြီး ပြောခဲ့ ပါတယ်။
ပြဿနာက မြန်မာနိုင်ငံမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေးရှိတယ်လို့ လူ အများအပြားက ယူဆနေတာပဲဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဥပဒေအရကတော့ မြန်မာ အမျိုးသမီးတွေ ကို တန်းတူအခွင့်အရေး ပေးထားပေမဲ့ လက်တွေ့ မှာ မရဘူးဆိုတာကို အမျိုးသမီးတွေ အိမ်ဖော်အဖြစ် အလုပ်လုပ်ပြီး မိသားစု ညီအကိုမောင်နှမတွေကို အထောက်အပံ့ပြုကြရတဲ့ အခြေအနေ ဥပမာပေးပြီးတော့ ပြောခဲ့ပါတယ်။
မိသားစုထဲမှာ ယောက်ျားလေးနဲ့ မိန်းကလေးယှဉ်လာရင် မိန်းကလေးက အလုပ် လုပ်၊ ယောက်ျားလေးက ပညာသင်-ဆိုတာမျိုး ရှိနေသေးတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အိမ်ဖော်အလုပ်ကို ပင်ပင်ပန်းပန်း လုပ်ပြီး ရွာမှာ အရက်သောက်ပြီးနေတဲ့ ယောက်ျား ဆီ ငွေပြန်ပို့ပေးနေတဲ့ အမျိုးသမီးတွေကိုလည်း သူတွေ့ခဲ့ဖူး တယ်လို့ ပြောပြီး မေးခွန်းထုတ်ခဲ့ပါတယ်။
“ဘာ့ကြောင့် အဲဒီလိုဖြစ်နေတာပါလဲ။ ဘာ့ကြောင့်ဆိုတာကို ကျမသိချင်ပါတယ်၊ ဘာ့ကြောင့် အဲဒါကို လက်ခံထားတာပါလဲ၊ အဲဒီလိုအခြေအနေမျိုးကို လက်ခံဖို့ အမျိုးသားတွေက ဘာ့ကြောင့် မတွန့်ဆုတ် တာပါလဲ၊” လို့ ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ခဲ့တာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ကြားဖြတ်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းနေရာ ၄၄ နေရာ မှာ ၁၃ နေရာအတွက်ပဲ အမျိုးသမီးကိုယ်စားလှယ်တွေရခဲ့တာ ဘာ့ကြောင့်လဲဆိုတာကိုလည်း သူက ရှင်းပြခဲ့ပါတယ်။ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဖို့ အတော်ကြိုးစားခဲ့ရပြီး သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအသီးသီးမှာ အများစုက အမျိုးသားတွေကိုပဲ ကိုယ်စားလှယ်လောင်းတွေအဖြစ် အမည်တင် သွင်းခဲ့သလို အမျိုးသမီးတွေကိုယ်တိုင်ကလည်း မလုပ်ချင်ကြလို့ တချို့ကို ဆွဲဆောင် စည်းရုံးခဲ့ရတယ် လို့ ပြန်ပြောပြပါတယ်။
ပညာအဆင့်အတန်းမြင့်မားတဲ့ အမျိုးသမီးတွေရှိတဲ့ နိုင်ငံတခုမှာ လူတွေက အမျိုးသမီးတွေကို ပိုပြီးလေးစားလာကြမယ်လို့ သူထင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အမျိုးသမီးတွေဟာ စွမ်းဆောင်နိုင်သူတွေဖြစ်ကြပြီး မိမိတို့ရဲ့ အတော်ဆုံး စာသင်သားတွေ ဟာ ကျောင်းသူတွေဖြစ်ကြတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးအဆင့်အတန်းဟာ အင်မတန်မှကို နိမ့်ကျနေတဲ့အတွက် စနစ်တခုလုံးကို ပြောင်းလဲရမယ်လို့ ပြောပါတယ်။
“စံနစ်တခုလုံးကို ပြောင်းလဲပစ်ရပါ မှာပါ။ ကျမတို့ရဲ့ တက္ကသိုလ်၊ ကောလိပ် ပညာရေးစနစ်က မူလတန်း အဆင့်ပညာရေးထက် ပိုကောင်းတယ်လို့ ကျမ မထင်ပါ ဘူး။ စနစ်တခုလုံးကို ပြုပြင်ပြောင်းလဲပစ်ရပါမယ်၊ တိုးတက်အောင်လုပ်ရပါမယ်။ အစိုးရက နိုင်ငံတော်ဂုဏ်သိက္ခာအတွက် ဆိုတာမျိုး စဉ်းစားပြီး Ph. D. ဘွဲ့ရတွေအများကြီးမွေးထုတ်ဖို့ လုပ်ပြီးတော့ အဆင့်မြင့်ပညာရေးမှာ အများကြီး ပိုပြီး အာရုံစိုက်နေတယ်လို့ ကျမထင်ပါတယ်။ ဒါပေမဲ့ ကျမစဉ်းစားတာက တနိုင်ငံလုံးအနေနဲ့ လုပ်ဆောင်နိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါ တယ်။ ကျား-မ ကိစ္စနဲ့ ပတ်သက်ရင်တော့ ကျမက မိန်းကလေးတွေကို ပိုမြင်ချင်ပါတယ်။” - လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နော်ဝေးနိုင်ငံအခြေစိုက် Telenor ဆက်သွယ်ရေး ကုမ္ပဏီက ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် ဂျွန် ဖရက်ဒရစ် ဘာက်ဆားစ် (Jon Fredrik Baksaas)၊ CARE USA အဖွဲ့ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိ ချုပ်ဖြစ်ပြီး ဒီ WEF ဆွေးနွေးပွဲတွေရဲ့ ပူးတွဲသဘာပတိ ဟယ်လင်းန် ဂေးလ် (Helene Gayle)၊ ဘင်္ဂလားဒေ့ရှ် အမျိုးသမီး စွန့်ဦး တီထွင်လုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ရိုကီယာ အက်ဖ်ဇာလ် ရာမန် (Rokia Afzal Rahman) တို့လည်း ပင်တိုင်ဆွေးနွေသူ တွေအဖြစ် ပါဝင်ဆွေးနွေးခဲ့ကြပြီး CNN အပြည်ပြည်ဆိုင်ရာသတင်းဌာနက သတင်းထောက် အန်ဒရူး စတီဗန်စ် (Andrew Stevens) က ဆွေးနွေးပွဲ ကမကထပြု ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ခဲ့ပါတယ်ခင်ဗျား။

မြန်မာ့အပြောင်းအလဲ အားပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ကျင်းပပြုလုပ်သော ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက်လာသော အခြား နိုင်ငံတကာ ခေါင်းဆောင်များ၊ ပညာရှင်များ၊ သံတမန်များ၊ အခြား ဧည့်သည်တော်များထက် သတင်း မီဒီယာများ၏ စိတ်ဝင်စားမှုကို အများဆုံး ဖမ်းစားထားသည့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ အပြောင်းအလဲနှင့်ပတ်သက်၍ သတိနှင့် ရှု့မြင်ကြရန်နှင့် အပြောင်းအလဲ ပိုမို အားကောင်းလာစေရေး လက်ရှိ လိုအပ်နေမှုများကို နိုင်ငံတကာက လက်တွေ့ ကျကျ ၀ိုင်းဝန်း ကူညီပေးကြရန် ပြောကြားလိုက်သည်။
“ကျမတို့ အောင်မြင်မှုဟာ ပြန်မလှည့်တော့မယ့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ပေါ့။ ဒါက နိုင်ငံလုံးဆိုင်ရာ သန္နိဌာန်ပေါ် မူတည်ပါမယ်။ ဒီအတွက် ကျမတို့တိုင်းပြည်ရဲ့ အခြေအနေ တိုးတက်စေချင်သူများ အားလုံးမှာ သန္နိဌာန်ရှိဖို့လည်း လိုပါတယ်” ဟု ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ပြောကြားလိုက်သည်။
ယနေ့နံနက် ပြောကြားလိုက်သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းသည် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ပြည်ပ နိုင်ငံတွင် ပြောကြားသည့် ပထမဆုံး မိန့်ခွန်းလည်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို သတင်းထောက်များ ဝိုင်းနေရုံမက စားပွဲဝိုင်း ဆွေးနွေးမှုများတွင်လည်း တက်ရောက်လာသူများက လက်ကိုင်ဖုန်းများ၊ ကင်မရာများဖြင့် အဆက်မပြတ် အမှတ်တရ မှတ်တမ်းတင်မှုများလည်း ပြုလုပ်ကြသည်။
သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က တပ်မတော်၏ အနေအထားအပေါ် မေးမြန်းရာ မြန်မာ့ အပြောင်းအလဲသည် တပ်မတော်၏သန္နိဌာန် အပေါ် မူတည်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုသည်။
“အပြောင်းအလဲအတွက် ပါလီမန်ထဲမှာ ၇၅ ရာခိုင်နှုန်းထက်ပိုပြီး ကျမတို့ လိုအပ်တယ်။ ပါလီမန်ထဲက ၂၅ ရာခိုင်နှုန်း က တပ်မတော်ကိုယ်စားလှယ်တွေဖြစ်နေတယ်။ အနည်းဆုံး တပ်မတော်သား ကိုယ်စားလှယ် တဦးချင်းစီက လည်း ကျန်တဲ့ ၇၅ ရာခိုင်နှုန်းလိုပဲ အပြောင်းအလဲအတွက် မဲထည့်ဖို့ လိုအပ်နေတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။
မြန်မာ့လူ့အဖွဲ့အစည်း၏ ကဏ္ဍတိုင်းတွင် ပြုပြင်ပြောင်းလဲရေးအပေါ်  တပ်မတော်အနေဖြင့် အမျိုးသားရေး သန္တိဌာန်ချ မှု အရေးကြီးကြောင်း၊ တပ်မတော်၏ အခန်းကဏ္ဍသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အလွန်အရေးကြီး သည့်အတွက် အထောက်အပံ့ ပေးနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသူများနှင့်ပတ်သက်၍လည်း အခွင့်ထူးခံ စီးပွားရေး၊ အဂတိ လိုက်စားမှုနှင့် မညီမျှမှုများကို ပိုမိုကြီးထွားသွားရန် အားပေးသည့် ရင်းနှီးမြှုပ်နှံမှု မဖြစ်စေရေး ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြား သွားသည်။
ပြုပြင်ပြောင်းလဲမှု သန္ဒေတည်စပြုနေသည့် မြန်မာနိုင်ငံတွင် နယ်ပယ်စုံ၊ ကဏ္ဍစုံအတွက် နိုင်ငံခြားကုမ္ပဏီများ အနေ ဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ၊ ကျွမ်းကျင်မှု သင်တန်းများ ဖန်တီးပေးရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။ မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ လူငယ်နှုန်းထား အလွန်မြင့်နေပြီး ချိန်ကိုက်ဗုံးနှင့် အလားတူကြောင်းဟုလည်း ဆိုသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ယုံကြည်စိတ်ချရသည့် လွတ်လပ် သန့်ရှင်းသော တရားရေးစနစ်ရှိရန် လိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ “ဥပဒေကောင်းကောင်း မြန်မာပြည်မှာ ရှိပါတယ်။ ဒါပေမယ့် သန့်ရှင်းပြီး လွတ်လပ်တဲ့ တရားရေးစနစ် မရှိဘူး။ ဒီလိုစနစ် မရှိရင် ဥပဒေက ကမ္ဘာပေါ် အကောင်းဆုံးဖြစ်လည်း အလကားပဲ” ဟု ပြောဆိုသည်။
မြန်မာ့ ပညာရေးအဆင့်အတန်းသည် အလွန်အားနည်းနေပြီး အလွတ်သင် ပညာရေးနှင့် သက်မွေးဝမ်းကျောင်း ပညာ ရေး၊ မူလတန်း ပညာရေးမှသည် အဆင့်မြင့်ပညာရေးအထိ ပညာရေး စနစ်တခုလုံး ပြုပြင်ပြောင်းလဲရန် လိုအပ်ချက် များ ရှိနေသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသမီးများနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် အမျိုးသမီးများအနေဖြင့် စီးပွားရေး၊ လူမှုရေးနယ်ပယ်များတွင် လိင်ခွဲခြားမှုနှင့်ပတ်သက်၍ မသိသာသော်လည်း နိုင်ငံရေး နယ်ပယ်တွင် အလွန်သိသာကြောင်း၊ ယခုနှစ် ဧပြီလဆန်းကကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲပြီးနောက် အမျိုးသမီး လွှတ်တော်အမတ်ဦးရေ ၂ ဆ ဖြစ်လာပြီး စုစုပေါင်း ၃၀ ခန့်သာဖြစ်နေသေးသည့်အတွက် လုံလောက်မှု မရှိကြောင်း ထောက်ပြပြောဆိုသွားသည်။
ထို့အပြင် ကျား၊ မ လိင်ခွဲခြားမှုဆိုသည့် ကျဉ်းမြောင်းသည့် အမြင်များ မရှိသင့်ကြောင်း စီးပွားရေး ဖွံဖြိုးမှုသည် လည်း ကျား၊ မ လိင်ခွဲခြားမှုကို အားမပေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ကလည်း ထိုင်း ၀န်ကြီးချုပ်၊ ဒုတိယ ၀န်ကြီးချုပ် တို့နှင့် အသီးသီး တွေ့ဆုံရာတွင် ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများ အရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။
အထူးသဖြင့် ယာယီ နိုင်ငံကူးလက်မှတ်၊ အလုပ်သမားလက်မှတ်၊ လုပ် ခလစာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အလုပ်ရှင်က အလုပ်သမားများ၏ အထောက်အထား စာရွက်စာတမ်းများ သိမ်း ဆည်းထားမှု စသည့် အရေးကိစ္စများ ထိုင်းနိုင်ငံ တာဝန်ရှိသူများအနေဖြင့် ပိုမို ကူညီပေးရေး ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ဆွေးနွေးခဲ့သည်။
အထောက်အထားမရှိသေးသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများကိစ္စကိုလည်း ထိုင်းအစိုးရ တာဝန်ရှိသူများနှင့် ဆွေးနွေးပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာအလုပ်သမားများအရေးလှုပ်ရှားသူများနှင့်လည်း တိုင်ပင်ကာ ကြိုးပမ်း ပေးသွားမည်ဟု ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများ၊ မြန်မာဒုက္ခသည်များအရေးနှင့်ပတ်သက်၍လည်း ထိုင်းနိုင်ငံ၏ အကူအညီပေးမှုကို ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူး တင်ကြောင်းလည်း ထိုင်းဝန်ကြီးချုပ်နှင့် ဒု -၀န်ကြီးချုပ်တို့နှင့်တွေ့ဆုံရာတွင် ပြော ကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာအလုပ်သမားများ အများစု အလုပ်လုပ်ကိုင်နေသော ဘန်ကောက်မြို့အနီးက မဟာချိုင်သို့ သွားရောက်ကာ မြန်မာအလုပ်သမားများအား အားပေးစကားပြောကြားခြင်းနှင့် အလုပ်သမား လက်မှတ် ထုတ်ပေးသည့်ရုံးတွင်လည်း လက်မှတ်များ ထုတ်ပေးခြင်းနှင့် ယာယီ နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်း ကိစ္စများကို လည်း လေ့လာခဲ့သည်။ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းတခုဖြစ်သည့် မယ်လ ဒုက္ခသည်စခန်းသို့ သွားရောက်ရန် ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

ပြည်ပရင်းနှီးမြှုပ်နှံမှု မြန်မာပြည်သူများအတွက် အခွင့်အရေး ဖန်တီးပေးဖို့ လိုအပ်

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် အလုပ်လက်မဲ့တွေ များပြားနေတဲ့အတွက် လူငယ်တွေကို အလုပ်အကိုင် အခွင့်အလမ်းပေးနိုင်မယ့် ရင်းနှီး မြှုပ်နှံမှုမျိုးဖြစ်ဖို့ လိုအပ်ကြောင်း၊ မြန်မာပြည်သူတွေ ပါဝင်နိုင်ဖို့ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ လုပ်နိုင်ကိုင်နိုင်စွမ်း အခွင့်အရေးတွေ ဖန်တီးပေးဖို့ လိုအပ်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့စီးပွားရေးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် အမျိုးသမီးရေးရာ ဆွေးနွေး

မြန်မာနိုင်ငံရဲ့ စီးပွားရေးနယ်ပယ်မှာ အမျိုးသမီးတွေ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခွင့် ရပေမဲ့ နိုင်ငံရေး နယ်ပယ်မှာတော့ ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

ထိုင်းနှင့် တပြေးညီ မြန်မာများ လုပ်အားခ ရတော့မည်

ထိုင်းနိုင်ငံသားများနှင့် အတူ တရားဝင် လုပ်ကိုင်နေသည့် မြန်မာ နိုင်ငံသားများကို တနေ့လုပ်အားခ ဘတ်ငွေ ၃၀၀ (၁၀ ဒေါ်လာ) ရရှိရန် ဆောင်ရွက်ပေးမည်ဟု ထိုင်း ဒု ၀န်ကြီးချုပ် ချလုံ ယူဘမ်ပရုန်း က ပြောသည်။
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့က တွေ့ ဆုံခဲ့ပြီး ချလုံ ယူဘမ်ပရုန်းက ပြောကြားခဲ့ကြောင်း bangkokbiznews အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
“တရားဝင် မှတ်ပုံတင်ထားတဲ့ မြန်မာ အလုပ်သမားတွေ အနေနဲ့ ဘတ် ၃၀နဲ့ ဆေးကုသလို့ရတဲ့ အခွင့်အရေးတွေ၊ ပြီးတော့ တနေ့  လုပ်အားခကို ထိုင်းနိုင်ငံသားတွေ ရတဲ့အတိုင်း ဆောင်ရွက်ပေးမယ်”ဟု ချလုံ ယူဘမ်ပရုန်းက ပြောသည်။
လတ်တလော ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသူ မြန်မာနိုင်ငံသား ၈ သိန်းခန့်ရှိပြီး မှတ်ပုံ မတင်ရသေးသူ ၁ ဒဿမ ၂ သန်းကိုလည်း နှစ်နိုင်ငံ ပူးပေါင်း၍ နိုင်ငံသား စိစစ်ရေး ကိစ္စများ ဆောင်ရွက်နေကြောင်း ၎င်းက ရှင်းပြသည်။
မြန်မာအလုပ်သမားများကို၂၀၁၃ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ထိုင်းနိုင်ငံသားများနှင့် အတူ တနေ့ လုပ်အားခ ဘတ်ငွေ ၃၀၀ ရရှိရန် ဆောင်ရွက်ပေးမည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုင်း အစိုးရအနေနှင့် မြန်မာအလုပ်သမားများနှင့် စစ်ပြေး ဒုက္ခသည်များအား ကူညီဆောင်ရွက် ပေးနေမှုများကို ကျေးဇူတင်ကြောင်း bangkokbiznews သတင်း၌ ရေးသားသည်။
“ထိုင်းအစိုးရအနေနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ်၊ ထိုင်းနိုင်ငံဟာ ငယ်ပေမယ့် ဒိန်းမတ်နိုင်ငံလို မချမ်းသာ ဘူး၊ ဒါပေမယ့် ဒုက္ခသည်တွေကိုတော့ အကောင်းဆုံး ဖြစ်အောင် ကူညီခဲ့တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဒု ၀န်ကြီးချုပ် ချလုံ ယူဘမ်ပရုန်းနှင့် တွေ့ဆုံခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် မဟာချိုင်ဒေသရှိ မြန်မာအလုပ်သမားများ အတွက် နိုင်ငံသား စိစစ်ရေးရုံးသို့ ထပ်မံ သွားရောက်ခဲ့သည်။ မြန်မာ အလုပ်သမားများအား ယာယီနိုင်ငံကူး လက်မှတ် လုပ်ပေး နေ သည့် အခြေအနေများကို သွားရောက်လေ့လာခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အလုပ်သမားများ နှင့် ဒုက္ခသည်များ အရေးကို ဆက်လက် ၍ ကြိုးစားလုပ်ဆောင်သွားမည်ဟု အလုပ်သမားများကို ထပ်မံပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်း ပြောဆိုခဲ့သည်။
“ကြိုးစားပါ့မယ်လို့ ပြောလို့ တချို့က အားရချင်မှ အားရမှာ၊ အခုချက်ချင်း လက်ငင်း လုပ်ပေးစေချင်တဲ့သူတွေ ရှိမှာပဲ၊ ဒါပေမယ့် ကတိတွေပေးပြီး ပြည်သူတွေကို မလှည့်ဖျားချင်ပါဘူး”ဟု ၎င်းက ဆိုသည်။ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပ ခရီးစဉ် အဖြစ် ၂၄ နှစ်အတွင်း ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဘန်ကောက်တွင် ကျင်းပနေသည့် ၂၀၁၂ ခုနှစ် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးညီလာခံသို့ တက်ရောက်လာခြင်းဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့ တဖက်ကမ်း မဲဆောက်မြို့ရှိ ဒေါက်တာ စင်သီယာမောင် ဆေးခန်းနှင့် မယ်လဒုက္ခ သည် စခန်းများသို့လည်း စနေနေ့တွင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

NLD လွှတ်တော်အမတ်များ နိုင်ငံရေးရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်တွေအတွက် " ဒီမိုကရေစီ၊ ကောင်းမွန်သော အုပ်ချုပ်မှုနဲ့ နိုင်ငံရေးပါတီများ အရည်အချင်း မြှင့်တင်ရေး" ခေါင်းစဉ်နဲ့ ဒီမိုကရေစီရေးဆိုင်ရာ မူဝါဒတွေ အကြောင်း ၆-ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းက တော်ဝင်နှင်းဆီခန်းမမှာ မနေ့က စတင် ကျင်းပခဲ့ပါတယ်။
ဒီအလုပ်ရုံ ဆွေးနွေးပွဲမှာ အင်ဒိုနီးရှားနိုင်ငံ Diponegoro တက္ကသိုလ်က လူမှုရေးသိပ္ပံဌာန ပါမောက္ခ “ဗူသီ - ဆက်သီယိုနို” က ဒီမိုကရေစီရေးရာ ကျင့်စဉ်တွေကို ရှင်းလင်းပို့ချပြီး တက်ရောက်လာသူတွေနဲ့ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီအလုပ်ရုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က အခုလို ရှင်းပြပါတယ်။
"လွှတ်တော်ကိုယ်စားလှယ်များအတွက် ဒီမိုကရေစီ၊ ကောင်းမွန်သောအုပ်ချုပ်မှုနဲ့ နိုင်ငံရေးပါတီများ အရည်အချင်းမြှင့်တင်ရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ကျွန်တော်တို့ ဆွေးနွေးပွဲလုပ်တာပါ။ ဒီမိုကရေစီနဲ့ ဒီမိုကရေစီကျင့်စဉ်များရဲ့ အယူအဆ၊ ဒီမိုကရေစီဝါဒ အခြေခံတဲ့ တန်ဖိုးများ၊ နိုးကြားတက်ကြွတဲ့ နိုင်ငံရေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်လာဖို့ အဲတာတွေကို ကျွန်တော်တို့ ဝပ်ခ်ရှော့ ပုံသဏ္ဌာန်ပေါ့လေ၊ ဆွေးနွေးကြမှာ ဖြစ်ပါတယ်"
ဒီဆွေးနွေးပွဲနဲ့ သင်တန်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ၊ လူမှုအဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေ စုစုပေါင်း ၅၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။ NLD က ကြီးမှူးကျင်းပတဲ့ ဒီအလုပ်ရုံ ဆွေးနွေးပွဲကို ဇွန်လ ၆ ရက်နေ့အထိ ကျင်းပမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရှေ့နေများ ကွန်ယက်အဖွဲ့ ဥပဒေရေးရာ ဆွေးနွေးပွဲ ကျင်းပ

မြန်မာနိုင်ငံ ဥပဒေရေးရာကိစ္စတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးပွဲ တရပ်ကို မြန်မာနိုင်ငံရှေ့နေများ ကွန်ယက်အဖွဲ့က ဦးစီးပြီး မနေ့က့ ညနေပိုင်းက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားမှာ ရှေ့နေများကောင်စီကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရေးနဲ့ နိုင်ငံရေးအကျဉ်းကျ ရှေ့နေများ လိုင်စင်ပြန်လည်ရရှိရေး စတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး တင်ပြကြကြောင်း ဦးဆောင်စီစဉ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။
"အဓိကအချက်ကတော့ ကျွန်တော်တို့တိုင်းပြည်မှာ လယ်သမား၊ အလုပ်သမားပေါ့နော်၊ စာပေစာနယ်ဇင်းတို့ အစိုးရချုပ်ကိုင်မှု ကင်းလွှတ်ပြီးတော့ ဖွဲ့စည်းတည်ထောင်ခွင့် ပေးထားတယ်။ ကျွန်တော်တို့ရှေ့နေ ရှေ့ရပ်တွေမှာကျတော့ လွတ်လပ်တဲ့ အဖွဲ့အစည်း မရှိဘူး။ နောက်ဘားကောင်စီ ဥပဒေကလည်း ကျွန်တော်တို့ကို ဖိနှိပ်ချုပ်ခြယ်တဲ့ ဥပဒေပဲဖြစ်တယ်။ ကျွန်တော်တို ရှေ့နေတွေကို ကိုယ်စားမပြုဘူး။ နောက်ပါတဲ့သူတွေကလည်း ဂုဏ်သိက္ခာရှိတဲ့၊ ဂုဏ်သတင်း ကျော်ဇောတဲ့ ရှေ့နေတွေမပါပဲနဲ့ အစိုးရဝန်ထမ်းဟောင်း၊ ဥပဒေအရာရှိတွေတို့၊ တရားသူကြီးဟောင်းတွေကို ထည့်ထားပြီးတော့ ကျွန်တော်တို့ ရှေ့နေအားလုံးရဲ့ ကိုယ်စားမပြုနိုင်ဘူး။ အဲဒါကြောင့်မို့လို့ အဲဒီကိစ္စတွေကို ကျွန်တော်တို့ ပြန်လည်သုံးသပ်ပေးဖို့အတွက် ကျွန်တော်တို့ လှုပ်ရှားမှု ဖြစ်ပါတယ်" ဒီစာတမ်းဖတ်ပွဲမှာ အခွန်ဥပဒေ တိုးမြှင့်ခြင်းနဲ့ ပတ်သက်တဲ့ ဝေဖန်ချက်စာတမ်း၊ တရားရုံးအဆောက်အဦးကို တခြားဌာနများကို ချထားတဲ့ ကိစ္စ၊ မြန်မာနိုင်ငံ ရှေ့နေများကောင်စီကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရေးအတွက် ဘားကောင်စီ ဥပဒေကို ဝေဖန်ချက်စာတမ်းနဲ့ နိုင်ငံရေးမှုကြောင့် အကျဉ်းကျခံရပြီး လိုင်စင်ရုပ်သိမ်းခံရတဲ့ ရှေ့နေများရဲ့ကိစ္စ စတဲ့ စာတမ်း ၄ စောင်ကို ဥပေဒပညာရှင် ဦးအောင်သိန်း၊ ဦးကြီးမြင့်၊ ဦးသိန်းသန်းဦး နဲ့ ၈၈- မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့ အသီးသီး ဖတ်ကြား ဆွေးနွေးခဲ့ကြပါတယ်။
ဒီအခမ်းအနားကို NLD ခေါင်းဆောင် ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ဥပဒေပညာရှင်တွေ ၊ အရပ်ဘက် လူ့အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေ စုစုပေါင်း တစ်ရာကျော် တက်ရောက်ခဲ့ကြပါတယ်။

ရှေ့နေများကွန်ယက်မှ လက်ရှိဖြစ်ပေါ်နေသော ဥပဒေရေးရာကိစ္စရပ်များအပေါ် တင်ပြရှင်းလင်းဆွေးနွေးပွဲ ကျင်းပ၊ ၈၈ကျောင်းသား ခေါင်းဆောင်ကိုကိုကြီးက နိုင်ငံတော်၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာနှင့် တရားဥပဒေ စိုးမိုးရေးခေါင်းစဉ် ဖြင့်ဆွေးနွေးခဲ့
 
ရှေ့နေများကွန်ယက်၏ လက်ရှိဖြစ်ပေါ်နေသော ဥပဒေရေးရာကိစ္စရပ်များအပေါ် တင်ပြရှင်းလင်းဆွေးနွေးပွဲကို ဇွန်လ ၁ ရက်နေ့ ညနေက ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

အဆိုပါအခမ်းအနားသို့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနှင့် ၀ါရင့်ရှေ့နေကြီးများတက်ရောက်ခဲ့ ကြပါသည်။

ဆွေးနွေးပွဲတွင် ရှေ့နေများမှ တံဆိပ်ခေါင်းခွန်နှင့် ရုံးခွန်နှုန်းထားများအား အဆ ၁၀၀ ကျော်အထိ တိုးမြှင့်ခဲ့ခြင်းအပေါ် ဆွေးနွေးခြင်း နှင့် မြန်မာနိုင်ငံရှေ့နေများကောင်စီကို လွတ်လပ်စွာဖွဲ့စည်းခွင့်ရရန် နှင့် ရှေ့နေများရုံးအား ပြန်လည်အသုံးပြုခွင့်ရရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ကိုကိုကြီးမှ နိုင်ငံတော်၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာနှင့် တရားဥပဒေ စိုးမိုးရေးခေါင်းစဉ်များဖြင့် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

၁၉၀၇ခုနှစ် ကျေးရွာနှင့် မြို့ပြအက်ဥပဒေပါ ဧည့်စာရင်းတိုင်ကြားခြင်းနှင့် ပတ်သက်၍ "ဤဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်းခဲ့သော အစိုးရသည် ဗြိတိသျှကိုလိုနီနယ်ချဲ့အစိုးရဖြစ်ပြီး သက်တမ်းအားဖြင့် ၁၀၅ နှစ်ရှိခဲ့ပြီ  ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသား တစ်ယောက်အနေဖြင့် နိုင်ငံကူးလက်မှတ်ဖြင့် ထွက်ခွာသည့်အခါ ပြည်ပနိုင်ငံများတွင် ဧည့်စာရင်း တိုင်ကြားရခြင်းမရှိဘဲ မိမိနိုင်ငံအတွင်း ခရီးသွားလည်ပတ်သည့်အခါ ဧည့်စာရင်းတိုင် ကြားရမည်ဆိုသည့် အချက်ကို နှိုင်းယှဉ်သုံးသပ်ရန် လိုအပ်ကြောင်း၊ နိုင်ငံသားအားလုံး သန်းပေါင်း ၆၀ ခန့်သည် ပြစ်မှုကျူးလွန်နိုင်ဖွယ်ရှိသည့် သံသယဖြင့် စောင့်ကြည့်ခံရသူများ (Suspected) အဖြစ် သတ်မှတ်ခံရ သည့် သဘောဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ကိုကိုကြီးက ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ပါသည်။

မူရင်းကျေးရွာနှင့် မြို့ပြအက်ဥပဒေပါ မြို့ပြအက်ဥပဒေပုဒ်မ (၄) တွင် "ဤ ဥပဒေအာဏာ သက်ရောက်ရမည့်မြို့များကို နိုင်ငံတော်သမ္မတမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်နိုင်သည်" ဟုပြဋ္ဌာန်းထားကြောင်း၊  ဧည့်စာရင်း တိုင်ကြားရခြင်းဥပဒေသည် နိုင်ငံသားအားလုံးအား သံသယဖြစ်ဖွယ်၊ မယုံကြည်ရသည့်သူများ (Suspected)) အဖြစ် ဂုဏ်သိက္ခာထိပါးစေပြီး ဥပဒေချိုးဖောက်သူများအဖြစ် တွန်းပို့နေသည်ကို ၀မ်းနည်းဖွယ်တွေ့ရှိရကြောင်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ဦးကိုကိုကြီးက အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့ပါသည်။

၁၉၅၀ ခုနှစ် အရေးပေါ်စီမံမှုအက်ဥပဒေကို ပြဋ္ဌာန်းသည်ကာလသည် ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရ ပြီးစ ရောင်စုံလက်နက် ကိုင်ပုန်ကန်မှုများကြောင့် ရန်ကုန်အစိုးရဟူ၍ပင် ခေါ်ဝေါ်သမုတ်ခံရသည့် ကာလ(အရေးပေါ် အခြေအနေဖြစ်ပေါ်နေသည့် ကာလ)ဖြစ်ကြောင်း၊ အမှန်စင်စစ် ဤဥပဒေပါပြဋ္ဌာန်းချက်များသည် သာမန်အခြေအနေ(တရားဥပဒေစိုးမိုးနေသည့် အခြေအနေ)တွင် ပြစ်မှုဆိုင်ရာ ဥပဒေများဖြင့် အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုများပင်ဖြစ်ကြောင်း၊ သို့သော် ယင်းကာလက တည်ဆဲအစိုးရအနေဖြင့် တရားဥပဒေဆိုင်ရာ ပုံမှန်လုပ်ထုံးလုပ်နည်းများကို အချိန်ယူ ကျင့်သုံးနိုင်သည့် အခြေအနေမရှိခြင်းကြောင့် အရေးပေါ်စီမံမှုအက်ဥပဒေကို အရေးတကြီး ပြဋ္ဌာန်းကျင့်သုံးရခြင်းဖြစ်ကြောင်း နိုင်ငံတော် တစ်ဝန်းလုံးသည် အရေးပေါ်အခြေအနေအောက်တွင် တည်နေသည်၊ ပုံမှန်အခြေအနေပျက်ပြားနေသည်ဟု ဆိုလိုကြောင်း ၄င်းကဆက် လက် ပြောကြားခဲ့ပါသည်။

ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် ယင်းဥပဒေကို ဖျက်သိမ်းခြင်း ၊ဆိုင်းငံ့ခြင်းမရှိဘဲ အစဉ်တစ်စိုက် ကျင့်သုံးခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီဖြစ်ကြောင်း ၊ တိုးတက်လာသည်မှာ မူရင်းဥပဒေအရ အမြင့်ဆုံး ပြစ်ဒဏ် ခုနစ်နှစ်အစား ၁၉၈၈ စစ်အာဏာသိမ်းပြီးနောက် အနှစ်နှစ် ဆယ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်အဖြစ် တိုးမြှင့်ပြဋ္ဌာန်းခြင်းပင်ဖြစ်ကြောင်း နိုင်ငံတကာ မိသားစုများအလယ်တွင် မြန်မာနိုင်ငံတော်သည် ပုံမှန် အခြေအနေမရှိသည့်နိုင်ငံ၊ အရေးပေါ် အခြေအနေပြဋ္ဌာန်းထားရသည့် နိုင်ငံအဖြစ် နိုင်ငံတော်၏ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေသော ဥပဒေဖြစ်ကြောင်း ဦးကိုကိုကြီးကဆိုပါသည်။

ထို့ပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်း၊ အခန်း ၁၂၊ ပုဒ်မ ၄၃၆၊ အပိုဒ်ခွဲ(က)တွင် ပြည်ထောင်စုလွှတ်တော် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာပြင်ဆင်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ၁၉၇၄ အခြေခံဥပဒေတွင် ရွေးကောက်ခံကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်ဟု ပြဋ္ဌာန်းထားပြီး ယခုဖွဲ့စည်းပုံ အခြေခံဥပဒေပါ ၇၅ ရာခိုင်နှုန်းဆိုသည်မှာ ရွေးကောက်ခံကိုယ်စားလှယ် ၁၀၀  ရာ ခိုင်နှုန်း(ရာနှုန်းပြည့်) က ပြင်ဆင်လိုသည့်တိုင် ပြင်ဆင်ခွင့်မရှိဟု အဓိပ္ပာယ်သက်ရောက်ကြောင်း နိုင်ငံသားမဲဆန္ဒရှင်များ၏ ဆန္ဒ၊ ဂုဏ်သိက္ခာကို ထိပါးညှိုးနွမ်းစေသည့် သဘောကို ဆောင်နေကြောင်းလည်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ၄င်း၏စာတမ်းတွင်  ထည့်သွင်းဖတ်ကြားခဲ့ပါသည်။

ရွှေတူးဖော်ရေး လုပ်သားများ ဆန္ဒပြ

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်အတွင်းရှိ ရွှေလုပ်ကွက်မှ အလုပ်သမား ၅ သောင်းကျော်တို့သည် ၎င်းတို့ လုပ်ငန်းများ ပြန်လည်လုပ်ပိုင်ခွင့် ရရှိရေးအတွက် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီ၌ ယနေ့နံနက်မှ စတင်၍ ရက်ရှည် ဆန္ဒပြ တောင်းဆိုသွားကြမည် ဖြစ်ကြောင်း သိရသည်။
အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် ရွှေထုတ်လုပ်မှု အသေးစားလုပ်ငန်းမှ နိုင်ငံခြား ရင်းနှီးမြှုပ်မှု ကုမ္ပဏီနှင့် ပူးပေါင်း၍ အကြီးစားလုပ်ငန်းသို့ ပြောင်းလဲ လုပ်ကိုင်လိုက်သောကြောင့် ကုမ္ပဏီနှင့် အချိုးကျ ခွဲဝေခံစားမှုရရှိခဲ့သည့် အလုပ်သမား ၂ သိန်းကျော် နစ်နာမှု ရှိသောကြောင့် ယခုကဲ့သို့ ဆန္ဒပြရခြင်း ဖြစ်ကြောင်း ဆန္ဒပြရာတွင် ပါဝင်သည့် အလုပ်သမားများက ပြောသည်။
သတ္ထုတွင်း ၀န်ကြီးဌာနမှ နိုင်ငံတော်နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန်အတွက် အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီကို ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသအတွင်း ရွှေတူးဖော် လုပ်ကိုင်ခွင့် ပေးခဲ့ပြီးသည့်နောက် အဆိုပါ ကုမ္ပဏီက ဦးဆောင်ပြီး မိတ်ဖက်ကုမ္ပဏီများ ထူထောင်ကာ အလုပ်သမားများအား အကျိုးတူ ပူးပေါင်းလုပ်ဆောင်ရန် ကမ်းလှမ်းခေါ်ယူ၍ အသေးစား ရွှေထုတ်လုပ်မှုဇုန် ၁ မှ ၁၀၀၀ အထိ လုပ်ပိုင်ခွင့်ပေးခဲ့သည်။
၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း မြေ ၆၁၀၀၅ ဧကတွင် ရွှေအသေးစား ထုတ်လုပ်မှုဇုန် ၁ မှ ၁၂ အတွင်း အလုပ်သမား ၂ သိန်းကျော်ကို လုပ်ကိုင်ခွင့် ပေးခဲ့ကြောင်း၊ လုပ်ငန်းဆောင်ရွက်ချိန် ၅ နှစ် သက်တမ်း သတ်မှတ်ကာ ထွက်ရှိသည့် ရွှေဗြုန်းများကို အချိုးကျခွဲယူရန် ကတိပြုထားခဲ့သော်လည်း လုပ်ငန်း စတင်ပြီး ၆ လ အကြာတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီနှင့် လုပ်ငန်းဆက်လုပ်မည်ဆိုကာ အလုပ်သမားများအား ရွှေတူးဖော်ခွင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။
ထိုသို့ ပိတ်ပင်လိုက်သည့်အတွက် အလုပ်သမားများ၏ အရင်းအနှီးများ ဆုံးရှုံးနစ်နာသည့်အပြင် မိသားစုများ၏ စားဝတ်နေရေး ခက်ခဲလျှက် ရှိကြောင်း၊ အလုပ်ရှင်များအား ပြန်လည်စေ့စပ် ညှိနှိုင်းပေးရန် တောင်းဆိုခဲ့သော်လည်း ဆောင်ရွက်မပေးကြောင်း အလုပ်သမားဆန္ဒပြပွဲတွင် ပါဝင်သူ ကိုအေးသိန်းက ပြောသည်။
ကုမ္ပဏီက မြေနေရာသာ ချပေးထားပြီး လိုအပ်သည့် စက်ပစ္စည်း အရင်းအနှီးများကို အလုပ်သမားများက အကုန်အကျခံ စိုက်ထုတ်ထားရခြင်း ဖြစ်ကြောင်း သိရသည်။
ဆန္ဒပြရာတွင် ရွှေလုပ်ကွက် အလုပ်သမားများ အနေဖြင့် လေးပေအင်း လုပ်ကွက်အား ယခင် ပုံစံအတိုင်း ပြန်လည် လုပ်ကိုင်ခွင့်ပေးရန်၊ ရွှေတောဇုန်အတွင်း တည်ရှိသည့်စက်များ ယခင်ပုံစံအတိုင်း ပြန်လည် လည်ပတ်ခွင့်ရရှိရန်နှင့် လက်ရှိလုပ်သားများ ယခင်ပုံစံအတိုင်း ပြန်လည်လုပ်ပိုင်ခွင့် ရရှိရေးအတွက် ကုမ္ပဏီက ကူညီ ဖြေရှင်းပေးရန် စသည့်အချက်များကို တောင်းဆိုထားသည်
အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီဘက်ကလည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို အကြောင်းပြကာ ရွှေထုတ်လုပ်မှု အသေးစားလုပ်ငန်းမှ အကြီးစားစီမံကိန်း အဖြစ်သို့ ပြောင်းလဲလုပ်ကိုင်ခြင်းဖြစ်ကြောင်း တရားဝင် စာထုတ်ထားသည်။
အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီက ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသအတွင်းရှိ ရွှေတူးဖော်ရေး လုပ်သားများအား ဗြုန်းကြိတ်စက်နှင့် ရွှေသတ္တုတူးဖော်ခွင့်ကို မေလ ၁ ရက်နေ့မှ စတင် ရပ်ဆိုင်းရန် တားမြစ်ခဲ့သည်။ ထိုသို့ တားမြစ်လိုက် သည့်အတွက် ရွှေတွင်းလုပ်သားများ အလုပ်လက်မဲ့ဖြစ်ရုံမက မှီခိုသူ မိသားစုဝင်များလည်း စားဝတ်နေရေး ပြဿနာနှင့် ရင်ဆိုင်နေရသည်။
ရွှေလုပ်သားများသည် ဧပြီ ၂၇ ရက်နေ့က တကြိမ်၊ မေလ ၆ ရက်နေ့က တကြိမ် စုစုပေါင်း နှစ်ကြိမ်ဆန္ဒပြခဲ့ပြီး ဖြစ်သော်လည်း တစုံတရာ ထူးခြားမှုမရှိသည့်အတွက် ယနေ့မှစ၍ ရက်ရှည်ဆန္ဒပြမှု ပြုလုပ်သွားမည်ဟု သိရသည်။
ယင်းလုပ်ငန်းခွင်တွင် အလုပ်သမား ၂ သိန်းကျော် ရှိသည့်အတွက် ၎င်းတို့ကို မှီခိုနေထိုင်သော မိသားစုများ အပါအဝင် လူဦးရေ ၅ သိန်းနီးပါး စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း အလုပ်သမားများက ပြောသည်။

အဓမ္မကျင့် လူသတ်သူများ သေဒဏ်ပေးရန် ဒေသခံများ တောင်းဆို

ရခိုင်ပြည်နယ် အတွင်း အမျိုးသမီးတဦးအား အဓမ္မ ပြုကျင့် သတ်ဖြတ်ခဲ့သည့် တရားခံများကို သေဒဏ်ပေးရန် ဒေသခံများက တောင်းဆိုထားကြောင်း ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဒေသ၌ အသက် ၂၆ နှစ်အရွယ်ရှိ မသီတာထွေးသည် မေလ ၂၈ ရက် ညနေ ၅ နာရီအချိန်က ကျောက်နီမော်ကျေးရွာမှ ၎င်း၏ ဇာတိရွာဖြစ်သည့် သပြေချောင်ရွာသို့ အပြန်လမ်း၌ အစ္စလမ် ဘာသာဝင် ၃ ဦးက အဓမ္မပြုကျင့်ခြင်း၊ လက်ဝတ်ရတနာ တချို့ကို လုယူခြင်း၊ သတ်ဖြတ်ခြင်းတို့ လုပ်ဆောင်ခဲ့မှုနှင့် ပတ်သက်၍ ယခုကဲ့သို့ ဒေသခံများက တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
တရားခံများအား သေဒဏ်ပေးမည်ဟု ပြည်နယ်အစိုးရက ကတိပေးထား၍ သေဒဏ်ပေး၊ မပေးကို စောင့်ကြည့်ရန် ဒေသခံ ရပ်မိ ရပ်ဘများ၊ သံဃာတော်များ၊ ကျောင်းသား လူငယ်များ၊ အမျိုးသမီးများ ပါသည့် စောင်ကြည့်ရေး ကော်မတီ တရပ်ကို ယခု ရက်ပိုင်းတွင် ဖွဲ့စည်းသွားမည်ဟု ဒေသခံများက ပြောသည်။
မသီတာထွေး၏ ဈာပန အခမ်းအနားကို သေနတ် ၃ ချက်ဖောက်၍  ကျောက်နီမော် သုဿာန်၌ ယမန်နေ့က ကျင်းပ ခဲ့ကြောင်း၊ အခမ်းအနားသို့ ဒေသတ၀ိုက် ကျေးရွာအများအပြားမှ ကျောင်းသားလူငယ်များ၊ အမျိုးသမီးများပါဝင်သည့်  ထောင်ချီသော လူအုပ်ကြီးသည် မသီတာထွေး၏ ဓာတ်ပုံများနှင့် “တာဝန်ကျ စခန်းမှူး ချက်ချင်း ဖြုတ်၊ တရားခံများ အား သေဒဏ်ပေး” ဟူသော ပိုစတာများ ကိုင်ဆောင်၍ ကြွေးကြော်ခဲ့ကြောင်း ဈာပန အခမ်းအနားသို့ ပြည်နယ် အစိုးရအဖွဲ့၏ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် အစိုးရ အဖွဲ့ဝင် တချို့ တက်ရောက်ခဲ့ကြောင်း၊ တရားခံများအား သေဒဏ်ပေးမည်ဟု ပြည်နယ်အစိုးရအဖွဲ့မှ  ပြည်သူလူထုကို ကတိပေးခဲ့ကြောင်း၊ တရားခံအား သေဒဏ်ပေးရေးနှင့် စခန်းမှူး ဖယ်ရှားပေးရေးကို ပြည်ထောင်စု အစိုးရထံလည်း တောင်းဆိုထားကြောင်းထိုဒေသရှိ ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ်ဘာသာဝင်များအကြား မကြာခဏ ပဋိပက္ခ ဖြစ်လေ့ရှိ၍ ဒေသခံ ရဲတပ်ဖွဲ့နှင့် အာဏာပိုင်များထံ တိုင်ကြားသော်လည်း အာဏာပိုင်များက လာဘ်ပေး၊ လာဘ်ယူမှုများ ပြုလုပ်ကာ အလေးထားခြင်း၊ တာဝန်ယူဖြေရှင်းပေးခြင်း မရှိဟု သိရသည်။
မသီတာထွေးသည် ကျောက်နီမော်၌ စက်ချုပ်သင်တန်း တက်နေသည့် အိမ်မှ မိမိရွာသို့ ပြန်ခြင်း ဖြစ်ကြောင်း၊ ပုံမှန် အိမ်ပြန် ရောက်ချိန် ရောက်မလာသည့်အတွက် မိဘဆွေမျိုးများက ကျောက်နီမော် ရဲစခန်းသို့ တိုင်ကြားခဲ့သော်လည်း  အလေးထားမှု မရှိခဲ့ကြောင်း မသီတာထွေးသည် ယခင်က အဖော်များနှင့်သာ အိမ်ပြန်လေ့ရှိသော်လည်း ထိုနေ့က တယောက်တည်း ပြန်ခဲ့၍ ယခုကဲ့သို့ အသတ်ခံခဲ့ရကြောင်း ကျောက်နီမော်သည် ရမ်းဗြဲမြို့နယ်၏ မြို့နယ်ခွဲ ကျေးရွာကြီး တခုဖြစ်ပြီး တိုက်နယ်ဆေးရုံ၊ ရဲစခန်း၊ အစိုးရ စစ်တပ်တချို့တည် ရှိသည့် ဒေသ ဖြစ်သည်။ ကျောက်နီမော်၊ စံပြရပ်ကွက်၊ ကျောက်ထရံ၊ ရွာသာယာ စသည့်ကျေးရွာများ၌ အစ္စလမ် ဘာသာဝင် အများအပြား နေထိုင်ကြသည်။
ထိုဒေသ၌ တာဝန်ယူထားသည့် အာဏာပိုင်များသည် ပြစ်မှုကျူးလွန်သည့် တရားခံများအား တိုင်ကြားပါက လာဘ်ငွေယူကာ တရားခံ မဟုတ်သည့် ဒေသခံများကို ဖမ်းဆီးခြင်း၊ ထောင်ချခြင်းတို့ လုပ်ဆောင်လေ့ရှိကြောင်းလည်း ဒေသခံများက ပြောသည်။
တရားခံ အစစ်များကို  ပြည်သူ့ ရှေ့မှောက် ထုတ်ပြပေးရန် အတွက် ဒေသခံ ၇၀၀ ခန့်သည် ကျောက်နီမော် ရဲစခန်းအား ၀ိုင်းဝန်း၍ဆန္ဒပြခြင်း၊ ရမ်းဗြဲမြို့ အုပ်ချုပ်ရေးမှူးရုံးသို့ ချီတက် ဆန္ဒပြခြင်းတို့အား မေလ ၃၀ ရက်နေ့က လုပ်ဆောင်ခဲ့ပြီး ကျေနပ်မှု မရှိသေးသည့် ဒေသခံ ရာချီသော လူအုပ်ကြီးသည်လည်း  ကျောက်နီမော် ဆေးရုံ၊ ရဲစခန်း တ၀ိုက်၌ ယနေ့ နံနက်ပိုင်းအထိ နေရာယူထားဆဲ ဖြစ်ကြောင်း မသီတာထွေးအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဖမ်းဆီထားသည့် တရားခံများသည် အစစ်အမှန် များဖြစ်ကြောင်း၊ ၎င်းတို့ ထံမှ မသီတာထွေး၏ လက်ဝတ်ရတနာ တချို့ကို သိမ်းဆည်းရမိထားကြောင်း၊ ၎င်းတို့အား ယခုအခါ ကျောက်ဖြူမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း တရားများခံဟု ဖမ်းဆီးခံထားရသူများမှာ ကျောက်ထရံ ကျေးရွာမှ ရော်ဖိ (၁၈ နှစ်)၊ ထက်ထက် (၂၃ နှစ်) နှင့် လူယု (၂၁ နှစ်) တို့ဖြစ်ကြောင်း သိရသည်။

အလုပ်အကိုင်ပေါ်မယ့် ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ ဒေါ်စု တိုက်တွန်း

မြန်မာနိုင်ငံတွင်း အလုပ်အကိုင်သစ်တွေကို ဖန်တီးပေးမယ့် ရင်းနှီးမြုပ်နှံမှုတွေကိုပဲ လိုလားတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၁ ရက် ကမ္ဘာ့စီးပွားရေးဖိုရမ်မှ ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံထဲ မညီမျှမှုတွေ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်သွားဖို့ လိုအပ်နေတာမို့၊ မညီမျှမှုတွေနဲ့ အဂတိလိုက်စားမှုတွေ ပိုဖြစ်စေမယ့် ရင်းနှီးမြုပ်နှံမှုမျိုးကိုတော့ မလိုလားဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မြန်မာနိုင်ငံတွင်း အထူးသဖြင့် လူငယ်တွေအကြား အလုပ်လက်မဲ့နှုန်းမြင့်မားနေပြီး၊ ဒါဟာ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ အခြေအနေတရပ်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံတွင်းမှာ အဆင့်မြင့်ပညာရေးထက်ကို အခြေခံပညာရေးနဲ့ သက်မွေးဝမ်းကျောင်းပညာရပ်တွေ အခြေခံ ကျွမ်းကျင်မှုတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။ ဒီအတွက် ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ မိမိတို့ အကျိုးအမြတ်တခုတည်းကို မကြည့်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းတာပါ။ မြန်မာလူငယ်တွေ အလုပ်အကိုင်တွေရရှိစေဖို့နဲ့ အခြေခံကျွမ်းကျင်မှုတွေ ရရှိစေမယ့် ရင်းနှီးမြုပ်နှံမှုကို လိုလားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။အခု စီးပွားရေးဖော်ရမ်မှ ပြောတဲ့ မိန့်ခွန်းဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ၂၄ နှစ်အတွင်း နိုင်ငံပြည်ပမှာ ပထမဆုံးအကြိမ် နိုင်ငံတကာပရိသတ်ကို ပြောဆိုခြင်းဖြစ်ပါတယ်။ နှစ်ရက်ကြာပြုလုပ်တဲ့ အရှေ့အာရှဆိုင်ရာ ကမ္ဘာစီးပွားရေးဖော်ရမ်ကို တတ်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄နှစ်အတွင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံကို ရောက်ရှိစဉ်အတွင်း ဘန်ကောက်အနီး မြန်မာအလုပ်သမားတွေ အများစုရှိတဲ့ မဟာချိုင်အရပ်ကို နှစ်ကြိမ်သွားရောက်ခဲ့ပါတယ်။ ထိုင်း ဒုဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ အရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းမြန်မာနယ်စပ်က မြန်မာတိုင်းရင်းသား ဒုက္ခသည်တွေ ရှိတဲ့ မယ်လ ဒုက္ခသည်စခန်းကို သွားရောက်ဖို့လည်း စီစဉ်ထားပါတယ်။

KIO နှင့် အစိုးရ ငြိမ်းအဖွဲ့ တရုတ်နယ်စပ်တွင် ထပ်မံ တွေ့ဆုံ 

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေးအဖွဲ့တို့ သောကြာနေ့က တရုတ်-မြန်မာနယ်စပ် မိုင်ဂျာနယ်မြို့တွင် လေးနာရီကျော်ကြာ တွေ့ဆုံခဲ့ကြ သည်။မီးရထားဝန်ကြီး ဦးဆောင်သော အစိုးရ ကိုယ်စားလှယ် ခြောက်ဦးနှင့် ဆရာကြီး ဆွမ်းလွတ်ဂမ်၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်သော KIO ကိုယ်စားလှယ် ခြောက်ဦးတို့ နံနက် ၈ နာရီမှ မွန်လွဲ ၁၂ နာရီကျော်ထိတွေ့ဆုံခဲ့ကြသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်သော ဦးဂွမ်ဂျာက ပြောသည်။

စားပွဲပေါ် နိုင်ငံရေးဆွေးနွေးရန်အတွက် နှစ်ဦးနှစ်ဖက် ယုံကြည်မှုရှိရန်အတွက် အစိုးရဘက်မှ ရှေ့တန်း ထိုးစစ်ဆင်နေမှုများ ရုပ်သိမ်းရန် KIO ဘက်မှ တင်ပြခဲ့သည်ဟု သူက ဆက်ပြောသည်။အားလုံး ဆွေးနွေးမှုတွင် အစိုးရဘက်မှ တပ်စခန်း တပ်ရုပ်သိမ်းရေးကိစ္စ သဘောတူညီသည် အထိ ဆွေးနွေးသွားရေး တို့ကို KIO ဘက်မှ တင်ပြခဲ့ရာ အဆိုပါ တင်ပြချက်ကို အစိုးရဘက်မှ လုပ်ဆောင်ခြင်းမရှိဘဲ တိုက်ပွဲများ ဆက်လက်
ဖြစ်ပွားခဲ့သည်။

KIO ဘက်မှ တင်ပြချက်များကို ဝန်ကြီး ဦးအောင်မင်းက သမ္မတ ဦးသိန်းစိန်ထံ တင်ပြသွားပြီး မည်သို့ ဆက်လက် လုပ်ဆောင်မည်ကို သုံး၊ လေးကြိမ် တွေ့ဆုံ ဆွေးနွေးပြီးနောက် နိုင်ငံတော်အဆင့် ဆွေးနွေးရန် ဆုံးဖြတ်မည်ဖြစ်ကြောင်း ဦးဂွမ်ဂျာ က ဆိုသည်။

ငြိမ်းချမ်းရေး အကျိုးဆောင်များအဖြစ် ဦးလှမောင်ရွှေ၊ ဒေါက်တာ ကျော်ရင်လှိုင်၊ ဦးတင်မောင်သန်းတို့ လိုက်ပါခဲ့သလို၊ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးယွပ်ဇော်ခေါင်နှင့် ဦးဂွမ်ဂျာတို့လည်း တွေ့ဆုံမှုတွင် ပါဝင်ခဲ့သည်ဟု ဆိုသည်။

ဝန်ကြီး ဦးအောင်မင်းဦးဆောင်သော ကိုယ်စားလှယ်များသည် မိုင်ဂျာယန်မှ ဗန်းမော်မြို့တွင် ရောက်ရှိနေပြီ
ဖြစ်ကြောင်း သိရသည်။လာမည့် ဇွန် ၁ဝ ရက်မှ ၂ဝ ရက်အတွင်း နောက်တကြိမ် ပြန်လည် တွေ့ဆုံဖွယ် ရှိကြောင်း သိရသည်။

ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် KIO တို့ ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်တနေရာတွင် အလွှတ်သဘော တွေ့ဆုံခဲ့သေးသည်။ထို့ပြင် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ်မှ အနားယူသွားသည့် ဦးအောင်သောင်း ဦးဆောင်သော အဖွဲ့နှင့် KIO တို့ တရုတ်နိုင်ငံ ရွှေလီမြိုကတွင် သုံးကြိမ် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။နှစ်ဖက် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ယခုချိန်ထိ မရရှိသေးရှိပေ။

RNDP ညီလာခံတွင် ပြည်ထောင်စုအရေး အလေးအနက် ဆွေးနွေးခဲ့ကြ 

ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP ညီလာခံတွင် စစ်မှန်သည့် ပြည်ထောင်စု တည်ဆောက်ရေး အဆိုနှင့် ပါတ်သက်ပြီး အလေးအနက် ဆွေးနွေးခဲ့ကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောသည်။
၂ဝဝ၈ ဖွဲ့စည်းပုံပါ တိုင်း ၇ တိုင်း၊ ပြည်နယ် ၇ ပြည်နယ်ကို လက်ခံသော်လည်း စစ်မှန်တဲ့ ပြည်ထောင်စု စနစ်သည်ကြောက်စရာမကောင်းကြောင်းနှင့် အလွန်အင်မတန် ယဉ်ကျေးသိမ်မွေ့ကြောင်း သူက ဆိုသည်။
ရခိုင်သမိုင်းကို ရခိုင်ပြည်နယ် အစိုးရကျောင်းများတွင် မူလတန်း၊ အလယ်တန်းမှ စပြီးသင်ကြားနိုင်ရေးနှင့် ကိုယ့်သမိုင်း ကိုယ်မသိပါက ကိုယ့်လူမျိုးပင်ပျောက်သွား နိုင်ကြောင်း ပြောသည်။

ပါတီညီလာခံကို မေလ ၃ဝ ရက်နေ့မှ စတင်ကာ စစ်တွေမြို့၌ သုံးရက်တာ ကျင်းပနေခြင်းဖြစ်သည်။
ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေးနှင့် ပါတ်သက်ပြီး ကျွမ်းကျင်သည့် သမိုင်းပညာရှင်များက ရွှေးချယ်သွားမှာဖြစ်ပြီး မိခင်ဘာသာစကား သင်ကြားနိုင်ရေး တင်ပြခဲ့ကြောင်း ဆက်ပြောသည်။

RNDP အား ၂ဝ၁ဝ ခုနှစ်က မှတ်ပုံတင်ထားခဲ့ပြီး ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ် ၃၅ ဦး အနိုင်ရရှိထားပြီး တဦး ကွယ်လွန်သွားခဲ့သည်။RNDP ၏ အဆိုပါ  ညီလာခံ ကျင်းပနေချိန်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD (ဂျပန်ဌာနခွဲ) မှ ရခိုင်ပါတီကြီး နှစ်ခုဖြစ်သည့် ALD နှင့် RNDP ပါတီနှစ်ခု ပေါင်းစည်းရန် မေလ ၂၇ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုထား သည်။ ဦးအေးသာအောင် ခေါင်းဆောင်သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အား ရွေးကောက်ပွဲ ကော်မရှင်မှ မေလ ၃ဝ ရက်နေ့က ပါတီ ပြန်လည်မှတ်ပုံတင်ခွင့် ပြုထားသည်။

သတင်းမီဒီယာ ထိန်းချုပ်မှု ရပ်စဲတော့မည်

မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်မှု ထိန်းချုပ်ထားတာတွေကို သီတင်းပတ် အနည်းငယ်အတွင်း ရပ်စဲပေးတော့မယ်လို့ မြန်မာနိုင်ငံ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
အခု ဇွန်လကုန်ကစပြီး ပြည်တွင်းထုတ် မဂ္ဂဇင်းနဲ့ ဂျာနယ်တွေကို စောင့်ကြည့်တာတွေ ဆက်လက် လုပ်ဆောင်တော့မှာ မဟုတ်ကြောင်း ၊ ဆင်ဆာ ဖြတ်တောက်တာတွေလည်း ရှိတော့မှာ မဟုတ်ကြောင်း ဦးတင့်ဆွေက ရန်ကုန်မြို့နေအိမ်မှာ လာရောက်တွေ့ဆုံတဲ့ အေအက်ဖ်ပီ သတင်းထောက်ကို ပြောခဲ့တာပါ။
မြန်မာနိုင်ငံမှာ အစိုးရနဲ့  လွှတ်တော်တို့က ဒီမိုကရေစီအရေး လုပ်ငန်းစဉ်တွေ ချမှတ်နေတဲ့အချိန်မှာ စာပေစိစစ်ရေးလို အဖွဲ့မျိုးရဲ့ အလုပ်ဟာ မရှိသင့်တော့တဲ့ ကိစ္စ ဖြစ်တယ်လို့လည်း ဦးတင့်ဆွေက ပြောကြားသွားပါတယ်။


သတ်မှတ်ရက်အတွင်း ရွှေ ကြွေးကျန် ပေးသွင်းခြင်းမရှိပါက နာမည်ပျက်စာရင်း ကြေညာရန် အစိုးရ သတင်းစာမှတစ်ဆင့် အသိပေး ကြော်ငြာခံရသည့် ရွှေလုပ်ငန်းရှင်များနှင့် သတ္တုတွင်းဝန်ကြီးဌာနတို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်အချို့ထံမှ သတင်းရရှိပါသည်။

သတ္တုတွင်းဝန်ကြီးဌာန အမှတ် (၂)သတ္တုတွင်းလုပ်ငန်းမှ အသိပေး ကြော်ငြာချက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရွှေသတ္တု အသေးစား တူးဖော်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ကုမ္ပဏီများ ၃၀၀ ၀န်းကျင် ပါဝင်ခဲ့ပြီး မေလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ရွှေ ကြွေးကျန် ပေးသွင်းခြင်းမရှိပါက နာမည်ပျက်စာရင်း(black list) ကြေညာမည်ဖြစ်ကြောင်း အသိပေးခဲ့ခြင်း ဖြစ်သည်။ 

''ဇွန်လ ၄ ရက်နေ့ နေပြည်တော်မှာ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနဲ့ ကျွန်တော်တို့ ရွှေလုပ်ငန်းရှင်တွေ တွေ့မယ်။ အားလုံးတစ်ပြိုင်နက် တွေ့မယ်ထင်ပါတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ်က black list ကြေညာမယ့်စာရင်းမှာ ပါတဲ့သူအား လုံးလည်း ပါတယ်။ ဆွေးနွေးမယ့်အကြောင်းအရာကတော့ လောလောဆယ် မသိရသေးဘူး။ ဒါပေမယ့် ဒီရွှေကြွေးကျန်ကိစ္စနဲ့ ပတ်သက်ပြီး ညှိနှိုင်းမယ်ထင်ပါတယ်''ဟု ကချင်ပြည်နယ် တနိုင်းမြို့နယ် ရှင်ဗွေယန်လုပ်ကွက်မှ ရွှေတူးဖော်ရေးလုပ်ငန်းရှင်က ၂၀၁၂ ခုနှစ် ဇွန်လ ၁ ရက် နေ့က ပြောပြသည်။
ရွှေသတ္တုအသေးစား တူးဖော်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ကုမ္ပဏီများသည် ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်အထိ နှစ်အလိုက် လုပ်ငန်းစာချုပ်ပါ သဘောတူညီချက်များအတိုင်း နိုင်ငံတော်သို့ ပေးသွင်းရမည့် ၁၄ ပဲရည်နှင့်အထက် ရွှေစင်သတ္တုများအား သတ်မှတ်ချက်အတိုင်း ပေးသွင်းရမည်ထက် လျော့နည်းပေးသွင်းခြင်း၊ လုံးဝပေးသွင်းမှု မရှိခြင်းတို့ကြောင့်  နိုင်ငံတော်သို့ ရွှေစင်သတ္တုများ ပေးသွင်းရန် ကျန်ရှိနေကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အကြောင်းကြားခဲ့ကြောင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်အတွက် ၁၆ ပဲရည် ရွှေစင်သတ္တုများကို ပေးသွင်းရန် အချို့သော ကုမ္ပဏီများမှ ကျန်ရှိနေကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် ယင်းသို့ ကြော်ငြာခြင်းဖြစ်သည်ဟု ထုတ်ပြန်အသိပေးချက်အရ သိရှိရသည်။
ရွှေသတ္တုတူးဖော်ရေး လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများသည် 'ရွှေထုတ်လုပ်မှု လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီများအတွက် သတိပေးကြေညာချက်အား ရွှေသတ္တု ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် လုပ်ငန်းသဘောတူ စာချုပ်ပါ အကြောင်းအရာများနှင့်အညီ ဖြေလျော့ ပေးပါရန် အသနားခံတင်ပြခြင်း'ဟူသော အကြောင်းအရာဖြင့် နိုင်ငံတော်သမ္မတထံသို့ ၂၀၁၂ ခုနှစ် မေလ ၃၀ ရက်နေ့က အသနားခံစာတင်ခဲ့ကြောင်း သိရှိရသည်။

အသိပေးကြော်ငြာမှုတွင် ပါရှိသည့် ရွှေထုတ်လုပ်မှုလုပ်ငန်း၊ ကုမ္ပဏီများတွင် ကချင်ပြည်နယ်ရှိ ကုမ္ပဏီ ၁၀၄ ခု၊ ကရင်ပြည်နယ်ရှိ ကုမ္ပဏီ ကိုးခု၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကုမ္ပဏီ ၁၁၅ ခု၊ တနင်္သာရီတိုင်းဒေသကြီးရှိ ကုမ္ပဏီနှစ်ခု၊ ပဲခူးတိုင်းဒေသကြီးရှိ ကုမ္ပဏီခုနစ်ခု၊ မန္တ လေးတိုင်းဒေသကြီး(စဥ့်ကူးမြို့နယ်)တွင် ကုမ္ပဏီ ၁၅ ခု၊ မန္တလေး တိုင်းဒေသကြီး(ရမည်းသင်းမြို့နယ်) တွင် ၂၁ ခု၊ မန္တလေးတိုင်းဒေသ ကြီး(သပိတ်ကျင်းမြို့နယ်)တွင် ကုမ္ပဏီ ၁၄ ခု၊ မန္တလေးတိုင်းဒေသကြီး(သာစည်မြို့နယ်)တွင် ကုမ္ပဏီတစ်ခု၊ မွန်ပြည်နယ်တွင် ကုမ္ပဏီလေးခု၊ ရှမ်းပြည်နယ်တွင် ကုမ္ပဏီကိုးခု ပါဝင်ခဲ့သည်ဟု သိရှိ ရသည်။

ရွှေတူးဖော်ရေးလုပ်ငန်းများသည် သတ္တုတွင်းဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းမှု စာချုပ်များဖြင့် လုပ်ကိုင်ကြခြင်းဖြစ်ပြီး ဧက ၂၀ လုပ်ကွက်တစ်ကွက်လျှင် တစ်လ ရွှေနှစ်ကျပ်သားနှုန်းဖြင့် တစ်နှစ်လျှင် ရွှေ ၂၄ ကျပ်သား ပေးသွင်းရသည်။

NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment