မြန်မာသတင်းများ ဇွန် လ ၂၉ ရက် ၂၀၁၂


မြောက်ကိုရီးယား-မြန်မာ ဆက်ဆံရေး ရပ်ဆိုင်းသင့်ဟု အမေရိကန် ပြော

 

မြန်မာအစိုးရ အနေဖြင့် အမေရိကန်နှင့် ပုံမှန်ဆက်ဆံရေး ပြုလုပ်လိုပါက မြောက်ကိုရီးယားနိုင်ငံနှင့် ပွင့်လင်းမြင်သာမရှိသည့် ဆက်ဆံရေးကို ရပ်ဆိုင်းသင့်ကြောင်း မြောက်ကိုရီးယားနှင့် မြန်မာသည် လျှို့ဝှက် စစ်ရေး ဆက်ဆံမှု ရှိနေသည်ဟု သံသယ ရှိကြောင်း၊ ယင်း ဆက်ဆံရေးသည် စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်သည့် အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ကြားနာပွဲ၌ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ် မစ်ချယ်လ် ကပြောဆိုလိုက်သည်။

ကလေး စစ်သား စုဆောင်းမှု တားဆီးရေး သဘောတူ

 

မြန်မာနိုင်ငံတွင်း ကလေး စစ်သား စုဆောင်းမှု တားဆီး ကာကွယ်ရေး ဆိုင်ရာ သဘောတူညီချက်ကို ကုလသမဂ္ဂနှင့် အစိုးရတို့ ယမန်နေ့က လက်မှတ် ရေးထိုးသည်။ ယင်း အခမ်းအနားသို့ အရွယ်မရောက်သေးသော ကလေးသူငယ်များအား စစ်မှုထားခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်း နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ၏ Children and Armed Conflict ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ကုမာရ ဆွာမိတို့ရောက် ၍ လက်မှတ်ရေးထိုးကြခြင်း ဖြစ် ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။


ဗေဒါ ပညာသင်ကျောင်း ဦးဆောင်သူ ၂ ဦး အဖမ်းခံရ

 

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ ဗေဒါ ပညာသင်ကျောင်း ဦးဆောင်သူ ကိုမောင်စိုးနှင့် ကိုမြင့်မောင် တို့ ၂ ဦး အပါအ၀င် စုစုပေါင်း ၇ ဦးကို အိမ်ရာမြေ ကျူးကျော်မှု အာမခံ ပျက်ကွက် သောကြောင့် ယနေ့ နေ့လယ်ပိုင်းက ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်း ရရှိသည်။ ၄င်းတို့ကို လှိုင်သာယာ မြို့နယ်အတွင်း ကျူးကျော် ရပ်ကွက်တွင် နေထိုင်သော မိသားစုဝင်များ ဖြစ်သဖြင့် ကျူးကျော်ထားသည့် အိမ်နေရာများ ဖယ်ရှားပေးရန် အိုးအိမ်ဦးစီးဌာနက ဇွန်လ ၂၅ ရက်နေ့တွင် တရားစွဲ ထားသည်။ တရားရုံးက ၎င်းတို့ ၇ ဦးကို ယနေ့တွင် ကျပ်ငွေ ၁ သိန်းတန် အာမခံ ၀န်ခံလွှာ လက်မှတ် ရေးထိုးရန် ညွှန်ကြားထားရာ ပျက်ကွက်သဖြင့် ယခုကဲ့သို့ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း

အမေရိကန် စွမ်းအင်ကုမ္ပဏီများ မြန်မာတွင် ရင်းနှီးရန် လိုလား

 

အမေရိကန် နိုင်ငံမှ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကုမ္ပဏီများကို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်ရေး အတွက် အရေးယူပိတ်ဆို့မှုများ ဖယ်ရှားပေးရန် လွှတ်တော် အမတ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက အမေရိကန် အစိုးရကို တောင်းဆိုလိုက်သည်။ ယမန်နေ့က ပြုလုပ်သည့် လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်နှင့် James Inhofe တို့ တက်ရောက်သော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံ အမတ် ခန့်ထားရေးနှင့် ပတ်သက်သည့် အတည်ပြု ကြားနာပွဲ၌ တောင်းဆိုခြင်းဖြစ်ကြောင်း AP သတင်းတွင် ဖော်ပြထားသည်။ အမေရိကန် က မြန်မာအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုတချို့ကို လျှော့ချပေးထားသည်။

မြန်မာ ဗီဒီယို ဇာတ်ကားများ ခွင့်မပြုဘဲ မရောင်းရ

 

ထုတ်လုပ်ဖြန့်ချိသူများ၏ ခွင့်ပြုချက်မရှိသော မြန်မာ ဗီဒီယိုဇာတ်ကား ဗီစီဒီ၊ ဒီဗီဒီ များကို စည်ပင်နယ်နိမိတ်၊ ပလက်ဖောင်း၊ အဝေး ပြေးကားဂိတ်၊ လမ်းဘေး နှင့် ဈေးများတွင် ဥပဒေမဲ့ ရောင်းချနေခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက သတိပေး တားမြစ်ချက် ထုတ်ပြန် သည်။ ဆင်ဆာ ရှိသည်ဖြစ်စေ၊ ဆင်ဆာမဲ့ ဖြစ်စေ ၊ နှစ်ချို့ကားဟောင်း ဖြစ်စေ၊ ကားသစ် ဖြစ်စေ လက် ၀ယ်ဖောက်ကား ရောင်းချသည်ကို တွေ့ရှိရပါက အရေးယူခံရမည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ ၌ ဖော်ပြထားသည်။

လွတ်လပ်သည့် ငွေကြေးဆိုင်ရာမူဝါဒ ချမှတ်ခွင့် ဗဟိုဘဏ်က စောင့်စားနေ

မြန်မာနိုင်ငံ ဗဟိုဘဏ်အနေနဲ့ ငွေကြေးဆိုင်ရာမူဝါဒကို လွတ်လွတ်လပ်လပ် ချမှတ်ကျင့်သုံးနိုင်ခွင့် ရရှိဖို့ အသင့်စောင့်စားနေကြောင်း ဗဟိုဘဏ် လက်ထောက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်းက ပြောကြားလိုက်ပါတယ်။
လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေးစနစ်ရဲ့အဓိက လက္ခဏာတစ်ရပ်ဖြစ်တဲ့ အမှီအခိုကင်းတဲ့ ဗဟိုဘဏ် ပေါ်ပေါက်လာရေးဟာ ကမ္ဘာက မြန်မာ့စီးပွားရေးအပေါ် ယုံကြည်မှု ပိုရလာနိုင်စေတဲ့ နောက်ထပ်ခြေလှမ်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ငွေကြေး တည်ငြိမ်မှုရှိလာပြီဆိုရင် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ စိတ်ချလက်ချ လာရောက်ကြမှာပါလို့ ဦးမောင်မောင်ဝင်းက အေအက်ဖ်ပီ သတင်းကို ပြောပါတယ်။
အခုဆိုရင် ဗဟိုဘဏ် ဥပဒေသစ်မူကြမ်းဟာ ရှေ့နေချုပ်ရုံးကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။ ရှေ့နေချုပ်ရုံးက စစ်ဆေးသုံးသပ်ပြီး၊ နောက်တဆင့်အနေနဲ့ လွှတ်တော်ကို တင်ပြလို့ လွှတ်တော်က သဘောတူတယ်ဆိုရင် မြန်မာနိုင်ငံ ဗဟိုဘဏ်ဟာ အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ သီးခြားကင်းလွတ်သွားပြီး၊ ငွေကြေးဆိုင်ရာ မူဝါဒကို လွတ်လွတ်လပ်လပ် ချမှတ်နိုင်မှာ ဖြစ်ပါတယ်။
ဗဟိုဘဏ်က ဘဏ်အတိုးနှုန်း အတင်အချ ဆုံးဖြတ်တဲ့ ငွေကြေးဆိုင်ရာ မူဝါဒကိုချမှတ်ပြီး၊ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနကတော့ ပြည်တွင်းငွေကြေးတန်ဖိုး၊ ငွေလဲနှုန်း၊ အသုံးစရိတ် ဘတ်ဂျက် စတဲ့ ဘဏ္ဍာရေးမူဝါဒကို ဆောင်ရွက်ရပါတယ်။
စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အဲဒီလို လုပ်ငန်းနှစ်ခုကို ခွဲခြားပြီး တစ်ခုကိုတစ်ခု အပြန်အလှန် ထိန်းကျောင်းတဲ့စနစ် ဖြစ်ဖို့လိုပါတယ်။ ဒီအတွက် ဗဟိုဘဏ်မှာ သီးခြားလွတ်လပ်ခွင့်နဲ့ လုပ်ပိုင်ခွင့်တွေ ရှိဖို့လိုပါတယ်။
ဒါပေမဲ့ ဒီကိစ္စဟာ နေ့ချင်း ညချင်း ဖြစ်လာမယ်လို့တော့ မျှော်လင့်လို့ မရကြောင်း၊ ဗဟိုဘဏ်မှာ အမှန်တကယ် ကျွမ်းကျင်နားလည်တဲ့ ၀န်ထမ်းတွေ အများအပြား လိုအပ်နေကြောင်း လက်ထောက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်း က ပြောပါတယ်။


၂ဝ၁၄ မတိုင်မီ လွှတ်တော်ပြင်ပ တွေ့ဆုံပွဲ လုပ်မည်ဟု ဝန်ကြီးပြော 

အစိုးရမှ ‘ပင်လုံကဲ့သို့ ကျယ်ပြန့်သော ညီလာခံ’ ဟု ခေါ်ဆိုနေသည့် လွှတ်တော်ပြင်ပ
နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ တရပ်အား ၂ဝ၁၄ ခုနှစ် မတိုင်မီ ပြုလုပ်သွားရန် ရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း က မဲဆောက်၌ ဒီမိုကရေစီ အင်အားစုများ၌ တွေ့ဆုံစဉ်ပြောကြားသွားသည်။

ဇွန်လ ၂၆ ရက်နေ့က မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် FDB အပါအဝင် အခြား ဒီမိုကရေစီ အင်အားစုများနှင့် ဦးအောင်မင်း ဦးဆောင်သည့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့သည်။
ယခု အစိုးရသည် ၂ဝ၁၅ ခုနှစ်၌ သက်တမ်း ကုန်ဆုံးမည် ဖြစ်၍ ထိုမတိုင်ခင် လွှတ်တော်ပြင်ပ ဆွေးနွေးပွဲအား မဖြစ်မနေ လုပ်ဆောင် သွားရန် ဆန္ဒရှိကြောင်း ဝန်ကြီးက ပြောသည်။

အဆိုပါ လွှတ်တော်ပြင်ပ တွေ့ဆုံပွဲ၌ မြန်မာနိုင်ငံရှိ တိုင်းရင်းသား ၁၃၅ မျိုးကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများ၊နိုင်ငံရေး ပါတီများ၊ NGO အဖွဲ့အစည်းများ၊ လူထု လူတန်းစား အလွှာပေါင်းစုံမှ ကိုယ်စားလှယ်များ တက်ရောက်ကြဖွယ် ရှိသည်ဟု ဝန်ကြီးမှ ပြောကြားခဲ့သည်။

ပထမအဆင့်အဖြစ် အဖွဲ့အစည်း အားလုံးနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဟု ဦးအောင်မင်းမှ ပြောသည်။ ပြီးမှသာလျှင် လွှတ်တော် ပြင်ပ ဆွေးနွေးပွဲအား ဆက်လက် အကောင်အထည် ဖော်သွားရန် ရှိသည်ဟု ဆိုပါသည်။တိုင်းရင်းသား အဖွဲ့အစည်းများ၊ ပြည်တွင်း နိုင်ငံရေး အဖွဲ့အစည်းများနှင့် ပြည်ပရောက် ဒီမိုကရေစီ အင်အားစုများကမူ အဆိုပါ လွှတ်တော်ပြင်ပ ဆွေးနွေးပွဲအား အစောဆုံး လုပ်စေလိုသည့် သဘောထား ရှိကြသည်။

သို့သော် လိုအပ်သည့် လုပ်ငန်းစဉ်များမှာ လုပ်နည်းလုပ်ဟန်သာ ဖြစ်၍ နှစ်ဦးနှစ်ဖက် နားလည်မှု ရှိပြီးလျှင် အကောင်အထည် ဖော်နိုင်ဖွယ်ရှိကြောင်း လွှတ်တော်ပြင်ပ ဆွေးနွေးပွဲ မတိုင်မီ လုပ်ငန်းခွဲသဘော သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြို ဆွေးနွေးမှုများ ပြုလုပ် သွားရန် ရှိကြောင်း သိရသည်။ သို့သော် ထိုလုပ်ငန်းစဉ်များ ဖြစ်မြောက် လာရန်အတွက် အစိုးရ၌ ခက်ခဲမှု ရှိနိုင်သလို ဒီမိုကရေစီ အင်အားစု၊ တိုင်းရင်းသားများ ဘက်၌လည်း အခက်အခဲ ရှိနိုင်ကြောင်း နှစ်ဖက် စလုံးမှ သုံးသပ် ထားသည်။ဝန်ကြီး ဦးအောင်မင်းနှင့် ဝန်ကြီး ဦးခင်ရီတို့ ဦးဆောင်သည့် ခုနှစ်ဦးပါ အဖွဲ့သည် ထိုင်းနိုင်ငံ လေးရက် ခရီးစဉ်အတွင်း ဒီမိုကရေစီ အင်အားစုများ၊ လူမှုရေး အဖွဲ့အစည်း၊ အမျိုးသမီး အဖွဲ့အစည်းများ စုစုပေါင်း ၁၈ ဖွဲ့နှင့် တွေ့ဆုံခဲ့သည်ဟု အကျိုးဆောင် ဦးညိုအုန်းမြင့်က ဆိုပါသည်။ ကြာသပတေးနေ့ ညနေ၌ ဝန်ကြီးနှင့်အဖွဲ့သည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ သို့ လေကြောင်း ခရီးဖြင့် ပြန်လည် ထွက်ခွာမည် ဖြစ်သည်။


နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးညီလာခံ WLB တောင်းဆို

မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့၏ ထိုင်းနိုင်ငံ ငြိမ်းချမ်းရေး ခရီးစဉ်တွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB နှင့် ဘန်ကောက်မြို့တွင် ကြာသပတေးနေ့က တွေ့ဆုံခဲ့သည်။WLB နှင့် ပထမဆုံးအကြိမ် ပြုလုပ်သော ဆွေးနွေးပွဲတွင် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ညီလာခံ ကျင်းပပေးနိုင်ရေးနှင့်ပြုပြင်ပြောင်းလဲမှုများ အတူတကွ အကောင်အထည် ဖော်သွားရန် စသည်တို့ကို တင်ပြခဲ့သည်ဟု ပြည်တွင်းပြည်ပရှိ အမျိုးသမီးများနှင့်၊ လွှတ်တော်အတွင်းရှိ အမျိုးသမီး ကိုယ်စားလှယ်များ အားလုံး ပါဝင်သည့် အဆိုပါ ညီလာခံမှ ငြိမ်းချမ်းရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာရန် စွမ်းအင်မြှင့်တင်ရေးများ ပြုလုပ်နိုင်ရေး၊ ဦးဆောင်မှု ကဏ္ဍများတွင် ဝိုင်းဝန်းလုပ်ဆောင်ကြရေးများ ဆွေးနွေးမည်ဟု WLB က ဆိုသည်။

ဝန်ကြီး ဦးအောင်မင်း အနေနှင့်အမျိုးသမီး၊ အမျိုးသား တန်းတူရေးကို အလေးထားကြောင်းနှင့် အမျိုးသမီးများ ပါဝင်လာမှု အခန်းကဏ္ဍများအပေါ် အသိအမှတ် ပြုကြောင်း ပြောဆိုခဲ့သည်ဟု ဒေါ်တင်တင်ညိုက ပြောသည်။
ထို့ပြင် ဒုက္ခသည်များ ၎င်းတို့၏ ဆန္ဒအလျှောက် နေရပ်သို့ ပြန်မည့် အစီအစဉ်များ ပြုလုပ်ပေးရန်နှင့် ယင်းလုပ်ငန်းစဉ် များတွင် WLB အနေဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်ကြောင်း ဆွေးနွေးခဲ့သည်ဟု ဒေါ်တင်တင်ညိုက ပြောသည်။ဤသို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုအပေါ် အားရကျေနပ်မှုရှိပြီး အစိုးရဘက်မှ ဆွေးနွေး ပြောဆိုမှုများသည် စစ်မှန်သည့် ဆွေးနွေးမှုဖြစ်သည်ဟု ယုံကြည်ထားလိုကြောင်း

ဆွေးနွေးပွဲတွင် WLB မှ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညို၊ သဘာပတိအဖွဲ့ဝင်များ ဖြစ်သော မစံပယ်အောင်၊ မနိုင်နိုင်း၊ အကြံပေး ဒေါ်ရှယ်လီတို့ တက်ရောက်ခဲ့ကြသည်။ကချင်ဒုက္ခသည်များကို ကူညီခွင့်ပေးရန် တင်ပြချက်အပေါ် ဝန်ကြီး ဦးအောင်မင်းက အကူအညီအဖွဲ့များ ပေးနေ
ကြောင်းနှင့် အကူအညီများ ရရှိရေးအတွက် ကချင် လွတ်လပ်ရေးအဖွဲ့ KIO နှင့် ငြိမ်းချမ်းရေး အမြန်ဆုံး လုပ်ရမည်ဟုပြောဆိုခဲ့သည်။

ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးအဖွဲ့များသည် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP နှင့် ဘန်ကောက်မြို့ တွင် ဆက်လက် တွေ့ဆုံခဲ့ရာ ပြည်ထောင်စုအဆင့် ရှေ့ဆက်လုပ်ရမည့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များကို ဆွေးနွေး ခဲ့ပြီး ပြီးခဲ့သည့် ဧပြီလက ပြည်နယ်အဆင့် တွေ့ဆုံမှုတွင် မရှင်းလင်းသည့်ကိစ္စများ ဆက်လက် ဆွေးနွေးခဲ့သည်ဟု ဝန်ကြီး ဦးခင်ရီ က သည်။လေးရက်တာအတွင်း ထိုင်း-မြန်မာ နယ်စပ်ရှိ အဖွဲ့အစည်းများစွာနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ရမှုများအပေါ် ကောင်းသည့် လက္ခဏာဆောင်ကြောင်း အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်တဦးဖြစ်သည့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီက ပြောသည်။

ကလေးစစ်သား အမှန်တကယ် ပပျောက်ရေး လုပ်ဆောင်မည်

မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု အမှန်တကယ် ပပျောက်ရေး အတွက် လက်တွေ့ လုပ်ငန်းစဉ် ဖော်ဆောင်ရေး သဘောတူညီမှု (Plan of Action) ကို ကုလသမဂ္ဂနဲ့ မြန်မာ အစိုးရတို့ ယမန်နေ့က နေပြည်တော်မှာ လက်မှတ်ရေး ထိုးခဲ့ကြပါတယ်။
စစ်ရေး ချုပ်ရုံးမှ တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ် တင်မောင်ဝင်း၊ တပ်အင်အား ဖြည့်တင်းရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ငွေသိန်းနဲ့ ကုလသမဂ္ဂ ဘက်မှ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ဌာနေ ကိုယ်စားလှယ် Mr. Ramesh Shrestha, Mr. Ashok Nigham တို့က အဆိုပါ Action Plan ကို လက်မှတ် ရေးထိုးကြကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများမှာ ဖော်ပြထားပါတယ်။
နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ ယမန်နေ့ နံနက် ၉ နာရီကျော်က ကျင်းပတဲ့ လက်မှတ်ရေးထိုးပွဲကို ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်းနဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့  Children and Armed Conflict ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ကုမာရ ဆွာမိတို့ တက်ရောက်ကြပါတယ်။
ဒါဟာ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂရဲ့ လက်အောက်ခံ အဖွဲ့တခုဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ ကလေး သူငယ်များရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုနဲ့ ပတ်သက်ပြီး ဖွဲစည်းထားတဲ့ Country Task Force on Monitoring and Reporting (CTFMR) တို့ကြား နှစ်ပေါင်းများစွာ စေ့စပ်ညှိနှိုင်းမှုတွေရဲ့ ရလဒ်တခုပါလို့ UNICEF ကြေညာချက်က ဆိုပါတယ်။
“UNICEF အနေနဲ့ အခုလို Action Plan လက်မှတ်ရေးထိုးတာကို ကြိုဆိုပါတယ်။ အခုလို အဓိကကျတဲ့ ကတိပေးလိုက်တဲ့ လုပ်ရပ်ကို ရှေ့ဆက် အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာလည်း အစိုးရကို UNICEF က ကူညီ ထောက်ပံ့သွားဖို့ အဆင်သင့်ပါ” လို့ အရှေ့တောင်အာရှ နိုင်ငံများဆိုင်ရာ UN Children Fund ရဲ့ ဌာနေ ကိုယ်စားလှယ် Ramesh Shrestha က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အခုလို မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့ သဘောတူကြတဲ့ လုပ်ငန်းဖော်ဆောင်ရေး အစီအစဉ်ဟာ ယခင်ကနဲ့ မတူဘဲ မြန်မာနိုင်ငံမှာ ကလေးစစ်သားအဖြစ် အသုံးပြုနေကြတဲ့ လက်နက်ကိုင်အဖွဲ့များကနေ လွတ်မြောက်လာကြတဲ့ ကလေးသူငယ်တွေကို ပြန်လည်ပြုစု ပျိုးထောင်ရေး လုပ်ငန်းစဉ်ပါ ပါဝင်ပါတယ်။
ဒါ့အပြင် အနည်းဆုံး အဖွဲ့ဝင် ၆ ဦး ပါဝင်တဲ့ ကုလသမဂ္ဂ ၀န်ထမ်းတွေအနေနဲ့ စစ်တပ်စခန်းတွေထဲမှာ ကလေးစစ်သား ရှိမရှိကို အချိန်မရွေး သွားရောက် စစ်ဆေးနိုင်တော့မှာလည်း ဖြစ်သလို လာမယ့် သီတင်းပတ်အနည်းငယ်အတွင်းမှာ လိုအပ်တဲ့ အချက်အလက် စုဆောင်းမှုနဲ့ ရန်ပုံငွေတွက်ချက်မှုတွေ စတင်တော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီအစီအစဉ်နဲ့အတူ မြန်မာ့တပ်မတော်တွင်းမှာ အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို စစ်ဆေးပြီး ပြန်လည် ပြုစု ပျိုးထောင်ပေးတာတွေနဲ့ မိဘဆွေမျိုးများထံ ပြန်လည်ပို့ဆောင်ပေးသွားမှာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။UNICEF ကတော့ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း ကလေးစစ်သား လုံးဝ ပပျောက်ရေး ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။
ယခင်ကတော့ မြန်မာစစ်တပ်ထဲ နည်းအမျိုးမျိုးနဲ့ သွတ်သွင်းခံရတဲ့ ကလေးစစ်သားနဲ့ အရွယ်မရောက်သေးသူ ကလေးသူငယ်များကို သက်ဆိုင်ရာ မိဘ၊ အုပ်ထိမ်းသူနဲ့ ဆွေမျိုးသားချင်းတွေက တိုင်တန်းမှုလုပ်တာဖြစ်ဖြစ်၊ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် (ILO) ရန်ကုန် ရုံးခွဲ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) စတဲ့အဖွဲ့တွေကို တိုင်ကြားပြီး သူတို့ကွန်ရက်များရဲ့ အကူအညီယူကာ အစိုးရစစ်တပ်ထဲက ကလေးစစ်သားတွေကို မိဘ၊ ဆွေမျိုးများထံ ပြန်ပို့်နိုင်ခဲ့တာပါ။
ILO ရန်ကုန် ရုံးခွဲ တာဝန်ခံ မစ္စတာ စတိဗ် မာရှယ်ကလည်း မြန်မာနိုင်ငံမှာ ကလေးစစ်သားများ ပပျောက်ရေး အမြန်ဆုံး လုံးဝ ကင်းရှင်းသွားစေရေး ကြိုးစားမှုကို ILO အနေနဲ့ တိုက်တွန်းခဲ့ကြောင်း၊ အစီရင်ခံစာ တင်ပြမှုများလည်း အဆက်မပြတ်လုပ်ဆောင်နေကြောင်း၊ တချို့ ကလေးစစ်သားများကို စစ်တပ်မှ ပြန်လည် ခေါ်ဆောင်နိုင်ခဲ့ကြောင်း မြန်မာ့ တပ်မတော်ကတော့ ကလေးစစ်သား မရှိပါဘူးလို့ နှစ်ပေါင်းများစွာ ငြင်းဆိုခဲ့တဲ့အကြောင်း၊ ILO နဲ့ တချိန်က ပူးပေါင်း ဆောင်ရွက်လုပ်ဆောင်ပြီး ကလေးစစ်သား ပပျောက်ရေး ကြိုးပမ်းမှုတွေ ရှိခဲ့ပေမယ့် ကျယ်ပြန့်တဲ့ ထိရောက်မှု အားနည်းတာတွေ အများကြီး ရှိပါတယ်လို့ ပဲခူးမြို့မှ ရှေ့နေ ဦးအေးမြင့်က ပြောပါတယ်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုဇော်မင်းက “တကယ်ပပျောက်သွားဖို့ဆိုရင် မူဝါဒတခုတည်း ပြောင်းလဲရုံနဲ့ မလုံလောက်ဘူး။ အစိုးရဘက်ရော၊ ကျန်တဲ့ သက်ဆိုင်တဲ့သူတွေရောက ဘယ်လောက် ပူးပေါင်းဆောင်ရွက်တယ်၊ ဘယ်လောက် လိုက်နာတယ် ဆိုတဲ့အပေါ် မူတည်ပါတယ်” လို့ ဆိုပါတယ်။
ကုလသမဂ္ဂကတော့ ကလေးစစ်သားနဲ့ အရွယ်မရောက်သေးသူတွေကို စစ်မှုထမ်းအဖြစ် အသုံးပြုနေတာ မြန်မာစစ်တပ် တခုတည်း မဟုတ်ကြောင်း၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA)၊ ကရင် အမျိုးသားလွတ်မြောက်ရေးတပ် – ငြိမ်းချမ်းရေး ကောင်စီ (KNLA- Peace Council)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ် (SSA-S)၊ “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တို့လည်း ကလေးစစ်သားနဲ့ အရွယ်မရောက်သေးသူများကို စစ်မှုထမ်းအဖြစ် အသုံးပြုနေတာဖြစ်ကြောင်း၊ ကုလသမဂ္ဂရဲ့  ၅ နှစ်တာ စစ်တမ်းအရ အဆိုပါအဖွဲ့တွေကိုလည်း စာရင်းမှာ ထည့်သွင်းထားကြောင်း ဆိုပါတယ်။
ဒီတိုင်းရင်းသား အဖွဲ့များကိုလည်း ထိတွေ့ဆွေးနွေးပြီး ကလေးစစ်သား ပပျောက်ရေး ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း UNICEF က ဆိုပါတယ်။အခု မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့ရဲ့ သဘောတူ လက်မှတ်ထိုးလိုက်ကြတဲ့ Action Plan ဆိုတာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ် ၁၆၁၂ အရ CTFMR အဖွဲ့ကို ပေါ်ပေါက်လာစေခဲ့ပြီး ကမ္ဘာတ၀ှမ်းက ကလေး စစ်သားနဲ့ အရွယ်မရောက်သေးသူ စစ်မှုထမ်းများအတွက် အကာအကွယ်ပေးရေး အရှိန်မြှင့် ဆောင်ရွက်လာတာလည်း ဖြစ်ပါတယ်။
အသက် ၁၅ နှစ်အောက် ကလေးငယ်များကို လက်နက်ကိုင်အဖွဲ့များမှာ အသုံးပြုခြင်းဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းဟာ စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း နိုင်ငံတကာဥပဒေက ပြန်ဌာန်းထားပါတယ်။ အသက် ၁၈ နှစ် မပြည့်သေးသူများကို လက်နက်ကိုင်အဖွဲ့မှာ အသုံးပြုခြင်းကိုတော့ အရွယ်မရောက်သေးသူ စစ်မှုထမ်းခြင်းလို့ သတ်မှတ်ကြောင်း သိရပါတယ်။


Famoso အလုပ်သမားများ လစာ တိုးပေးရေး ပြေလည်မှုမရသေး

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စက်မှုဇုန် ၁ ရှိ Fsmoso စက်ရုံဆန္ဒပြ အလုပ်သမားများ၏ လစာတိုးပေးရေး ကိစ္စကို ဇွန်လ၂၈ ရက်နေ့က ဗိုလ်တထောင်မြို့နယ် အလုပ်သမား ခုံသမာဓိရုံးတွင် ကြားနာခဲ့ရာ
ပြေလည်မှု မရရှိသေးကြောင်း သိရသည်။

တောင်းဆိုချက်များအနက် အဓိကကျသည့် အခြေခံလစာနှင့် ရှားပါးစားရိတ် တိုးပေးရေး တောင်းဆိုချက် အား ခုံသမာဓိရုံးမှ ဆုံးဖြတ်နိုင်ခြင်းမရှိ၍ ဖြစ်ကြောင်း အလုပ်သမား ကိုယ်စားလှယ် မဟေမာန်ချစ်က ပြောသည်။

“ခုံသမာဓိက ၃ ခုပဲကြားနာပေးမယ်ပြောတာလေ။ ပထမ အချက်က Supervisor(အလုပ်သမားကြီးကြပ်သူ) တွေက ကြမ်းတမ်းစွာ ပြောဆိုတာ၊ မပြောဆိုဖို့။ နောက်တချက်က ခွင့်ကိစ္စ။ အဲဒီအချက်တွေ ပြေလည်တယ်။ နောက်ဆုံး အချက် အခြေခံလစာ တိုးပေးရေးကိစ္စကတော့ သူတို့ ဆုံးဖြတ်လို့မရဘူး ဖြစ်နေတယ်တဲ့။ မင်္ဂလာဒုံမြို့နယ်ရုံးကို ချပေးလိုက်တယ်” ဟု ပြောသည်။

ဇွန်လ ၂၆ ရက်နေ့ အင်္ဂါနေ့က အလုပ်သမားရေးဌာနမှ ညွှန်မှူး ဦးဝင်းရှိန်၏ တိုက်တွန်းချက်ဖြင့် ဆန္ဒပြ အလုပ်သမား များ စက်ရုံးအတွင်း ပြန်ဝင်ကာ ပုံမှန် အလုပ်လုပ်ကိုင်ခဲ့ပြီး ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

ညွန်ကြားရေးမှူး ဦးဝင်းရှိန် အလုပ်သမားများ၏ သဘောတူညီချက်ဖြင့် ပထမအဆင့်က အမြင့်ဆုံးလုပ်ခ ၈ သောင်းကျော်၊ ဒုတိယအဆင့် ၇ သောင်းကျော်၊ အနိမ့်ဆုံးလုပ်ခလစာ ၆ သောင်းကျော်နဲ့  တိုးမြှင့်ပေးရန် ဇွန်လ ၈ ရက်နေ့က ညှိနှိုင်းခဲ့သော်လည်း လုပ်ငန်းရှင်ဘက်မှ တိုးမပေးနိုင်ကြောင်း အကြောင်းပြန်ခဲ့၍ ခုံသမာဓိအဖွဲ့သို့ တင်ပြကြခြင်းဖြစ်သည်။

“အခြေခံလစာကို တရက် တထောင်နှုန်းေ တာင်းထားတာ။ သူ ပေးလောက်တယ်လို့ တွက်ထားတာ။ ဘာဖြစ်လို့ မပေးလဲမသိဘူး။ လူကြီးတွေက သူတို့ ဆုံးဖြတ်လို့ မရဘူး ပြောတယ်။ လူကြီးတွေက ကိုယ့်ဘက်ကနေ ရှင်းပေးမှာလို့ တွက်ထားတာ။ ထင်သလို ဖြစ်မလာတော့ အားလုံးက စိတ်ဓါတ်ကျတယ်။ ဆက်လုပ်သွားမှာပါ။ နောက်ဆုံးအဆင့်နေပြည်တော်ခုံသမာဓိအထိ တက်မှာပါ။ အလုပ်သမား သမဂ္ဂဖွဲ့ဖို့ရှိတယ်။ စာရွက်စာတမ်းတွေ၊ အလုပ်သမား
ထောက်ခံချက်တွေ သက်ဆိုင်ရာကို တင်ပြသွားမယ်” ဟု မဟေမန်ချစ်က ဆိုသည်။

စက်ရုံမန်နေဂျာနှင့် အလုပ်သမားများ မင်္ဂလာဒုံမြို့နယ် အလုပ်သမားရုံးတွင် ဆက်လက် ဆွေးနွေးသွား မည်ဖြစ်ကာ မန်နေဂျာဘက်မှ ပြန်လည်တိုင်ပင်ဦးမည်ဟု ပြောဆိုကြောင်း အလုပ်သမားများကလည်း အလုပ်သမားရေးရာ တတ်ကျွမ်းနားလည်သည့် အလုပ်သမားများနှင့် တိုင်ပင်ကာ အကြံဉာဏ် ရယူဆောင်ရွက်သွားမည်ဖြစ်ပြီး အလုပ်ရှင်ဘက်မှ အခြေခံလစာ တိုးမြှင့်ပေးမယ်လို့ မျှော်လင့်ကြောင်း ပြောဆိုသွားသည်။ဂျပန်နိုင်ငံသားပိုင် Famoso စက်ရုံတွင် အလုပ်သမား ၆၅၄ ဦး ရှိပြီး လုပ်ခ တိုးမြှင့်ရေးအတွက် ဇွန်လ ၈ ရက်နေ့မှ စတင်ဆန္ဒပြ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။


ဆောက်လုပ်ရေး လုပ်သားများ တော်ဝင်ကုမ္ပဏီကို ဆန္ဒပြ

လုပ်အားခ တိုးမြှင့်ပေးရန်၊ လုပ်အားခ အချိန်မှန်ပေးချေရန်နှင့် လုပ်ငန်းခွင် သာယာရေး
ဆောင်ရွက်ပေးရန်တို့ ပါဝင်သည့် တောင်းဆိုချက် ၁၆ ချက်ဖြင့် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် တော်ဝင် ဆောက်လုပ်ရေးကုမ္ပဏီ လုပ်သားများက ကြာသပတေးနေ့တွင် ဆန္ဒပြကြသည်။

အင်းစိန်မြို့နယ်၊ ပေါက်တောရပ်ကွက် ဖန်စက်လမ်း မုဒိတာအိမ်ယာ အမှတ် ၂ မှ ဆောက်လုပ်ရေးလုပ်သား ၇ဝဝ ခန့်က တော်ဝင် ကုမ္ပဏီသို့ တောင်းဆိုကြခြင်း ဖြစ်သည်။
အလုပ်သမားတို့၏ တောင်းဆိုချက်များတွင် အလုပ်ပိတ်ရက်ကို ကြိုတင် အကြောင်းကြားရန်၊ ကြိုပို့ကားများ စီစဉ်ဆောင်ရွက်ပေးရန်၊ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခြင်း မပြုရန်၊ သက်ကြီး အလုပ်သမားများနှင့် ကိုယ်ဝန်ဆောင် အလုပ်သမား အမျိုးသမီးများအတွက် ခံစားခွင့်များပေးရန်တို့လည်း ပါဝင်သည်။

အဆိုပါ ဆန္ဒပြပွဲကို အလုပ်သမားညွှန်ကြားမှုဦးစီဌာန ဦးစီးအရာရှိ၊ မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်နိုင် က အလုပ်သမားနှင့်အလုပ်ရှင်တို့ကြား ညှိနှိုင်းပေးခဲ့ပြီး ဆန္ဒထုတ်ဖေါ်မှုကို ခေတ္တရပ်ဆိုင်းထားလိုက်သည်။ဆန္ဒထုတ်ဖေါ်ပွဲသို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ရန်ကုန်တိုင်း အလုပ်သမားရေးရာ ဒုတိယ တာဝန်ခံ ဦးအောင်စိုး လည်း လာရောက်ညှိနှိုင်းပေးခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုဇော်ဇော်မင်းလည်း အဆိုပါ ဆန္ဒထုတ်ဖေါ်ပွဲသို့ ရောက်ရှိ ညှိနှိုင်းပေးခဲ့ပြီး “လောလောဆယ်မှာတော့ ခိုင်မာတဲ့ဥပဒေတရပ် မရှိသေးသရွေ့ ဒီအလုပ်ရှင် အလုပ်သမားပြဿနာတွေ ဖြစ်နေဦး မှာပဲ။ အလုပ်သမားတွေရဲ့ အခြေခံလစာနဲ့ ပတ်သက်ပြီးတော့ ခိုင်မာတဲ့ ဥပဒေ မရှိသေးတဲ့အတွက်လည်း ပါတယ်။ လွှတ်တော်ကနေ ဥပဒေတွေကို မြန်မြန်လေး ချမှတ်ဖို့လိုတယ်” ဟု ပြောသည်။

မုဒိတာအိမ်ယာ အမှတ် (၂) ကို ဇန်နဝါရီလမှစ၍ တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီမှ စတင်ဆောက်လုပ်ခဲ့ပြီး အခန်းပေါင်း တထောင်ကျော် ပါဝင်ဖွဲ့စည်းထားသည်။ ရှစ်ထပ် အမြင့်ရှိမည်ဖြစ်သည့် အဆိုပါ အဆောက်အဦးကို အဆောင် A နှင့် B ဟူ၍ အဆောင် နှစ်ဆောင် ခွဲထားသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment