ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ
စစ်တွေမြို့ ဈေးခွန်အရေးအခင်းတွင် ရဲပစ်ခတ်မှုကြောင့် ၁၁ ဦး ဒဏ်ရာရ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဈေးခွန်တိုးမြှင့်ကောက်ခံမှုနှင့် ပတ်သက်၍ လူအများ မကျေမချမ်း အုံကြွလာ၍ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် လူ ၁၁ ဦး ဒဏ်ရာရခဲ့သည်ဟု ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP ပါတီနှင့် ဒေသခံများက ပြောသည်။
နာဇီဈေး ခေါ် စက်ရုံစုဈေးတွင် လေလံစွဲခွင့်ရသူက ဈေးကောက်ကို ၅ဝဝ မှ ၇ဝဝ ကျပ်ထိ တိုးမြှင့်ကောက်ခံခဲ့သဖြင့်ဈေးသူဈေးသားများ ကိုယ်စား ပြည်နယ် အစိုးရထံ တင်ပြခဲ့သူ ဦးအောင်သန်းဝေ ပျောက်ဆုံးသည့် သတင်းရသဖြင့် မိသားစုက ဇွန်လ ၃ ရက်နေ့တွင် အမှတ် ၁ ရဲစခန်းရှေ့သို့ သွားရောက်အရေးဆိုခဲ့ရာမှ အုံကြွမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“လေလံရတဲ့လူရဲ့ တပည့်တွေက ဆန္ဒပြတဲ့အဖွဲ့မှာပါတဲ့ အောင်သန်းဝေကို ရန်သွားရှာတယ်။ ရန်ဖြစ်တော့ သူကကြောက်ပြီး ထွက်ပြေးသွားတယ်။ အဲဒီလူကို ဖမ်းသွားတယ်၊ သတ်လိုက်ပြီ၊ ကားနဲ့တင်ခေါ်သွားတယ်၊ ဘယ်ရောက်နေမှန်း မသိဘူးဆိုပြီး သတင်းတွေ ထွက်လာတော့ ရဲစခန်းကို အရေးဆိုရာကနေ လူအုပ် ဖြစ်လာတာပဲ။ ထိန်းမရတော့လို့ ရဲက ပစ်တာ။ ကျည်ဆံ အစစ်မဟုတ်ဘူး။ ရာဘာကျည်ဆံပဲ” ဟု ပုဏ္ဏားကျွန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ထွန်းအောင်ကျော် က ပြောသည်။
ပြဿနာ ပိုမိုကျယ်ပြန့်လာမည်ကို စိုးရိမ်သဖြင့် ဦးအောင်သန်းဝေ ဖမ်းဆီးခံရခြင်း မဟုတ်ကြောင်း RNDP မှ ရှင်းပြခဲ့သော်လည်း လူထုက ထိန်းသိမ်းမရတော့ဘဲ ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ဦးအောင်သန်းဝေကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဘက်မှ အထက်ကို တင်ပြထားကြောင်းသာ ပြောဆိုခဲ့သဖြင့် တဖြည်းဖြည်း လူအုပ်များလာ၍ ရုတ်ရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတဦးက ပြောသည်။
“ရဲတပ်ဖွဲ့ကလည်း အထက်က အမိန့်တစုံတရာ မရရင် ရှာမပေးနိုင်ဘူး။ အဲဒါကို ခဏလေး သည်းခံကြပါ။ သတင်းပို့ ထားတယ်။ အဲဒီကြားထဲမှာပဲ နောက်လူအုပ်တွေ များလာပြီးတော့ မထိန်းမသိမ်းနိုင် ဖြစ်ပြီးတော့ အုတ်ခဲတွေ လှမ်းပေါက်၊ ရဲကလည်း တအား တင်းမာလာတော့ သေနတ်ကို မိုးပေါ် ထောင်ဖောက်ဖြစ်တာ။ နောက်တော့အောက်ကို ပြန်ပစ်တော့ လူတွေကို ထိသွားတယ်”ဟု သူက ပြောသည်။
ညတွင်းချင်းပင် လုံထိန်းရဲ အင်အား ၁၅၀ ခန့် ရာက်ရှိလာ၍ မျက်ရည်ယိုဗုံးများ ပစ်ကွဲခဲ့သဖြင့် တနင်္လာနေ့နံနက် ၅ နာရီချိန်တွင် လူစုကွဲခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။
ဒဏ်ရာရသူ ၁၀ ယောက်ကျော်အား စစ်တွေမြို့ ဆေးရုံတင် ကုသမှုခံယူနေရသည်ဟု သိရသည်။
မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ်၊ သပြေချောင်းကျေးရွာသူ အသက် ၂၆ နှစ်အရွယ် မသီတာထွေး ရက်စက်စွာ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် ရခိုင်ပြည်နယ်ရှိ လူထုအနေဖြင့် မကျေနပ်မှုများဖြစ်ပေါ်နေစဉ် ယခုကဲ့သို့ ဈေးခွန်ကိစ္စ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
ဇွန်လ ၃ ရက်ညက အရေးဆိုမှုတွင် ပါဝင်သူ ကိုးဦးအား ဖမ်းဆီးထားရာမှ သုံးဦးကို ပြန်လည် လွှတ်ပေးလိုက်
သော်လည်း ကျန် ခြောက်ဦးကိုမူ စစ်ဆေးမေးမြန်းရန် ဆက်လက် ထိန်းသိမ်းထားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် နယ်စပ်ရေးရာ ဝန်ကြီးချုပ် ဗိုလ်မှူးချုပ် ထိန်လင်းက RNDP ပါတီအား ရှင်းပြခဲ့သည်ဟု ဦးထွန်းအောင်ကျော် က ပြောသည်။
ယခင် လေလံရသူ ဦးခင်မောင်လှ ဆိုသူက ဈေးကောက် အဆမတန် ကောက်ခံသဖြင့် ဦးအောင်သန်းဝေ က
ဈေးသည်များ ကိုယ်စား ပြည်နယ်အစိုးရထံ တိုင်ကြားခဲ့သဖြင့် ဦးခင်မောင်လှ ဈေးခွန်ကောက်ခွင့်ကို ပြည်နယ် အစိုးရက ရုပ်သိမ်းခဲ့သည်။
ဇွန်လ ၂ ရက်နေ့က ပြည်နယ်အစိုးရက ပုဂ္ဂလိကထံ ထပ်မံ လေလံပေးခဲ့ရာ ထို လေလံ အဖွဲ့ကလည်း ၇ဝဝ ကျပ်ထိ ထိုးမြှင့်ကောက်ခံခဲ့သဖြင့် ပြဿနာဖြစ်ပွားခဲ့ရာမှ ထိုလေလံရသူ တစုက ဦးအောင်သန်းဝေ အား လာရောက်ဖမ်းဆီး မည်ဟု ဆိုသော်လည်း ထွက်ပြေး လွတ်မြောက်ခဲ့သည်ဟု ကိုအောင်သန်းဝေက ပြောသည်။
“ကျနော့်ကို ဘယ်သူမှ မဖမ်းဘူး။ သူတို့လူအုပ်စုက ၂၀ ကျော်လောက် ပါတယ်။ ကျနော့်ကို အမျိုးသမီးတဦးက အကာအကွယ် လုပ်ပေးလို့ လက်ဖက်ရည်ဆိုင် နောက်ကနေ တခြားနေရာကို ရှောင်သွားလိုက်တာ”ဟု သူက ပြောသည်။
ဥပဒေအရ ဖြေရှင်းပေးရမည် ဖြစ်သော်လည်း လက်နက်နှင့် ပစ်ခတ် ဖြေရှင်းခဲ့သဖြင့် ပြဿနာ ပိုမိုကြီးထွားလာမည်ကို စိုးရိမ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ပြောသည်။
“ဒီမိုကရေစီ ပွင့်လင်းလာပြီ ဖြစ်တဲ့အတွက် မိမိလိုလားချက်ကို အချိန်မရွေး တောင်းဆိုနိုင်တယ်။ ဒါပေမယ့် ပုံစံလေးတော့ လိုတာပေါ့။ ဦးတို့လူမျိုးရဲ့ ဂုဏ်သိက္ခာနဲ့ ရင့်ကျက်မှုကို ပြသသင့်တယ်။ ထီးနဲ့နန်းနဲ့ နေခဲ့တယ်။ လူမျိုးကြီးတမျိုး ရဲ့ လူမျိုးကြီး ပီသမှုကို တောင်းဆို ပြသသင့်တယ်လို့ ဦးကတော့ မြင်တယ်” ဟု မဇ္ဈိမကို ပြောသည်။
တနင်္လာနေ့တွင်လည်း စစ်တွေမြို့ လမ်းမပေါ်တွင် လုံခြုံရေးများ တိုးမြှင့်ချထားသည်ဟု ဆိုသည်။

စစ်တွေမြို့ အမှတ် (၁) ရဲစခန်းရှေ့၌ ၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့ ညပိုင်းတွင် အဓိကရုဏ်းတစ်ခု ဖြစ်ပွားခဲ့ပြီး စက်ရုံစုဈေး၏ ဈေးသူဈေးသားများ၏ ဆန္ဒကို ပြည်နယ်အစိုရထံ တင်ပြပေးခဲ့သူ ဦးအောင်သန်းဝေ ပျောက်ဆုံးရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ဇွန်လ (၃)ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် စစ်တွေမြို့ နာဇီရပ်ကွက်မှ ဦးအောင်သန်းဝေ ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ ၄င်း၏မိသားစုနှင့် ဆွေမျိုးများသည် အမှတ် (၁) ရဲစခန်းရှေ့သို့ သွားရောက်တိုင်တန်းခဲ့ပါသည်။
ပျောက်ဆုံးနေသော ဦးအောင်သန်းဝေသည် စစ်တွေမြို့ရှိ စက်ရုံစုဈေး (ယခင်အခေါ် နာဇီဈေး)တွင် ကောက်ခံသည့် အခွန်ကောက်ခံမှုနှုန်း များပြားမှုနှင့် ပတ်သက်၍ ဈေးသူဈေးသားများ၏ ဆန္ဒကို ပြည်နယ်အစိုးရထံ တင်ပြပေးခဲ့သူ ဖြစ်ကြောင်း သိရသည်။ အဆိုပါ စက်ရုံစုဈေး (နာဇီဈေး)သည် ဇွန်လ (၂)ရက်နေ့မှတွင် ပုဂ္ဂလိကသို့ လေလံဖြင့် လုပ်ကိုင်ခွင့် ပေးခဲ့သောဈေးဖြစ်ကြောင်းလည်း သိရသည်။ ဇွန်လ (၃) ရက်နေ့တွင် စက်ရုံစုဈေးတွင် ဈေးကောက် ကောက်ခံမှုနှင့် ပတ်သက်သည့် ပြသနာတစ်ခုကို ဦးအောင်သန်းဝေက ဖြေရှင်းပေးခဲ့ကြောင်း၊ ညနေပိုင်းတွင် ဦးအောင်သန်းဝေရှိနေသည့် လက်ဘက်ရည်ဆိုင်သို့ စက်ရုံစုဈေး လေလံလုပ်ခွင့်ရထားသော အဖွဲမှ အချို့က လာရောက်ပြီး ရန်လိုသည့် အပြုအမူများ ပြုခဲ့ကြကြောင်း ဦအောင်သန်းဝေ၏ ပြောကြားချက်အရ သိရသည်။
"ကျွန်တော်က မေလ ၆ ရက်နေ့တုန်းက နာဇီဈေး ဈေးကောက်တဲ့နှုန်း များလို့ ခံနေရတဲ့သူတွေကို အင်တာဗျူးဗီဒီယို ရိုက်ပြီးတော့ ပြည်နယ် အစိုးရအဖွဲ့ကို တင်ပါတယ်။ အဲ့ဒီအခါမှာ ပြည်နယ် အစိုရက လေလံရထားတဲ့သူတွေနဲ့ ဈေးသူဈေးသားတွေကို ခေါ်စစ်ပါတယ်။ လေလံရထားတဲ့ သူတွေက မတရားကောက်တယ်ဆိုတဲ့ အဖြေက ပေါ်သွားတဲ့အတွက် သူတို့ကို လေလံကောက်ခံခွင့်ကို အစိုးရက ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ စည်ပင်က သက်သာတဲ့ဈေးနှုန်းနဲ့ အခွန်ပြန်ကောက်တယ်။ ဇွန်လ ၂ ရက်နေ့မှာ အစိုးရ အဖွဲ့က နောက်ထပ်တစ်ယောက်ကို ပြန်ပြီးတော့ လေလံ ပြန်ပေးလိုက်ပါတယ်။ လေလံပြန်ရသွားတဲ့သူတွေကလည်။ အခွန်ကောက်တဲ့နှုန်း များတဲ့နှုန်းထားနဲ့ ပြန်ကောက်တယ်။ ဇွန်လ ၃ ရက်နေ့ မနက်ပိုင်းမှာ ဈေးကောက်နှုန်း အရင် ၅၀၀ ကျပ် ကောက်ခံနေရာကနေ အခု ၇၀၀ ကျပ် ကောက်တော့ ကောင်လေးတစ်ယောက်က ၆၀၀ ကျပ် ပဲ ပေးတဲ့အတွက် သူ့ကို ၀ိုင်းလုပ်လို့ အဲ့ဒီကောင်လေးက ကျွန်တော့်ဆီ ပြေးလာခဲ့တယ်။ ဒါနဲ့ ကျွန်တော်က ပိုက်ဆံတစ်ရာလေးနဲ့ မလုပ်ပါနဲ့လို့ ဖြေရှင်းပေးခဲ့တယ်။ ညနေ ၅ နာရီလောက်မှာ ကျွန်တော် လဘက်ရည်ဆိုင်ထိုင်နေတဲ့ နေရာကို
အခု လေလံကောက်ခွင့် ရနေတဲ့သူတွေနဲ့ အရင်တုန်းက လေလံကောက်ခွင့်ရတဲ့ သူတွေအဖွဲ့ အယောက် ၂၀ လောက်က ကားနဲ့ ရောက်လာတယ်။ ပြီးတော့ ကျွန်တော်ကို ၀ိုင်းလုပ်ဖို့ ရွယ်နေတဲ့အချိန်မှာ လဘက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီက သူဆိုင်အရှေ့မှာ မလုပ်ဖို့ ပြောတဲ့အတွက် သူတို့ အကုန်လုံး ပြန်သွားတယ်။ အဲ့ဒီ ဖြစ်စဉ်ပေါ်ကို ကျွန်တော်လုံခြုံရေး စိုးရိမ်တဲ့အတွက် ကျွန်တော့်ရဲ့ ညီအိမ်ကို ညနေ ၆ နာရီ ကျော်ကျော်မှာ ရှောင်တိမ်းခဲ့ပါတယ်။ " ဟု ဦးအောင်သန်းဝေက Eleven Media Group သို့ ပြောပြခဲ့ပါသည်။
ဦးအောင်သန်းဝေ ရှောင်တိမ်းနေစဉ်အတွင်း ဦးအောင်သန်းဝေ၏ မိသားစုဝင်များသည် ၄င်းပျောက်ဆုံးနေသည်ဟု ယူဆကာ ပျောက်ဆုံးနေမှုအပေါ် စုံစမ်းဖေါ်ထုတ်ပေးရန် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းသို့ သွားရောက် တိုင်ကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ဦးအောင်သန်းဝေ၏ မိသားစုနှင့် ဆွေမျိုးများသည် ည (၉) နာရီ အချိန်အထိ အဆိုပါ ရဲစခန်းရှေ့တွင် ထိုင်ပြီး စောင့်နေကြရာ လူအုပ်မှာ တစ်ဖြေးဖြေးများလာပြီး ည ၁၀နာရီ ခွဲအချိန်တွင် လူ ၇၀၀ ခန့် အထိ ရှိလာခဲ့ကြောင်း မျက်မြင်များ၏ ပြောကြားချက်အရ သိရသည်။
ထို့နောက် ဦးအောင်သန်းဝေအား ရှာဖွေ အပ်နှံပေးရန် တောင်းဆိုရာ အဆိုပါ ရဲစခန်းမှ ရှာဖွေပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း၊ လူအုပ်ကြီးမှာ များပြားလာပြီး အော်ဟစ်၍ တောင်းဆိုမှုများ ပိုမိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ယင်းအချိန်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဥက္ကဌ ဒေါက်တာအေးမောင်၊ ဦးအောင်မြတ်ကျော်တို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် လာရောက်တွေ့ဆုံပြီးနောက် တောင်းဆိုသူများကိုလည်း သက်ဆိုင်ရာမှ ရှာဖွေပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ထို့နောက် ည ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ပျောက်ဆုံးနေသော ဦးအောင်သန်းဝေသည် ရဲစခန်းရှေ့တွင် ၄င်းသည် ဦးအောင်သန်းဝေဖြစ်ကြောင်း အမျိုးသားမှတ်ပုံတင် ပြ၍ လူအုပ်ကို ရှင်းပြခဲ့ကြောင်း သိရသည်။
"ည ၁၁ နာရီ ၄၅ လောက်မှာ ကျွန်တော်ရဲစခန်းရှေ့ရောက်သွားပါတယ်။ အဲ့ဒီအချိန်မှာ လူအုပ်ကြီးက ရဲစခန်းရှေ့မှာ ရှိနေပါတယ်။ ကျွန်တော် ဦးအောင်သန်းဝေ ဖြစ်ကြောင်း မှတ်ပုံတင်ပြပြီး လူအုပ်ကြီးကို ပြောပြခဲ့ပါတယ်။ ပြီးတော့ ကျွန်တော် ရဲစခန်းထဲမှာ ပြန်ဝင်သွားပါတယ်" ဟု ဦအောင်းသန်းဝေက ပြောပြခဲ့ပါသည်။ ထို့ကြောင့် တောင်းဆိုသူများမှ ဦးအောင်သန်းဝေကို ဖမ်းဆီးခေါ်ဆောင်သွားသူများကို ရှာဖွေ၍ စစ်ဆေးပေးရန် ရဲစခန်းရှေ့တွင် ဆက်လက် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
ထို့နောက် ည၁၂ နာရီကျော် အချိန်ခန့်တွင် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် မိုးပေါ်ထောင်ပစ်၍ လူစုခွဲခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် မိုးပေါ်ထောင်ပြစ်ခတ်မှုကြောင့် တောင်းဆိုသူများက ရဲစခန်းသို့ ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်ဟု မျက်မြင်များက ဆိုပါသည်။
ထို့နောက် ရဲတပ်ဖွဲ့ဝင်များက ရဲစခန်းအတွင်းမှ သေနတ်ဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း မျက်မြင်များ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ပစ်ခတ်မှုများ ဖြစ်ပွားနေချိန်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဥက္ကဌ ဒေါက်တာအေးမောင် နှင့် ဦအောင်သန်းဝေတို့ ရဲစခန်းထဲတွင် ရှိနေကြောင်း ဦးအောင်သန်းဝေ၏ ပြောကြားချက်အရ သိရသည်။
"သေနတ်နဲ့ပစ်လို့ ဒေါသထွက်နေတဲ့ လူအုပ်ကလည်း အော်ဟစ်ပြောဆိုကြ၊ ခဲနဲ့ပြန်ပစ်ကြတယ်။ ရဲတွေကလည်း ရဲစခန်းထဲကနေ ပြန်ပစ်တယ်။ ကျွန်တော်သိသလောက် ရဲစခန်းဝင်ပေါက်နေရာကနေ ခဲနဲ့ ပစ်တဲ့သူတွေ ထိကုန်တယ်။ အခြေအနေက တော်တော်ရှုပ်ထွေးသွားပါတယ်။ ဒဏ်ရာရတဲ့သူတွေကို စစ်တွေဆေးရုံကို ပို့ကြပါတယ်။ မနက် ၃ နာရီလောက်မှာ ရဲတွေက မျက်ရည်ယိုဗုံးတွေ ပစ်ပြီး လူစုခွဲတယ်။ မနက် ၄ နာရီ ၅ နာရီလောက်မှာ ဖြေးဖြေးချင်း လူစုကွဲသွားတယ်" ဟု ဖြစ်စဉ်အား မျက်မြင် တွေ့ရှိခဲ့သော စစ်တွေ မြို့ခံတစ်ဦးက ပြောပြပါသည်။
ထိုသို့ ပစ်ခတ်မှုများကြောင့် လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ ဒဏ်ရာရရှိသူများအား စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးဝါးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။
ဒဏ်ရာရရှိသူများစာရင်း
၁။ ကိုမောင်မြဟန် (၂၃ နှစ်) (ခြေသလုံးတွင် ဒဏ်ရာရရှိ)
၂။ ဦးမောင်ကျော်လှ (၄၃ နှစ်) (ဒူးတွင် ဒဏ်ရာရရှိ)
၃။ ကိုမျိုးအောင် (၂၉ နှစ်) (လက်မောင်း ဒဏ်ရာရရှိ)
၎။ ကိုခင်မောင်ကျော် (၂၈ နှစ်) (ပေါင် ဒဏ်ရာရရှိ)
၅။ ကိုနီထွန်း (၂၈ နှစ်) (ပေါင် ဒဏ်ရာရရှိ)
၆။ ကိုကျော်ရဲအေးနိုင် (၂၃ နှစ်) (ခြေဖနောင့် ဒဏ်ရာရရှိ)
၇။ အရှင်ဝဏ္ဏသာမိ (၁၁ နှစ်) (ခြေသလုံး ဒဏ်ရာရရှိ)
၈။ ကိုညီညီမောင် (၃၁ နှစ်) (ဘယ်ဖက်လက်မောင်း ဒဏ်ရာရရှိ)
၉။ ကိုအောင်ရှိန် (၂၉ နှစ်) (ယာဖက်ပါး ဒဏ်ရာရရှိ)
၁၀။ ကိုကျော်သူမင်း (၂၅ နှစ်) (ဘယ်ဖက်လက်မောင်း ဒဏ်ရာရှိ)
၁၁။ ဦးသန့်မောင်လှသိန်း (၄၈ နှစ်) (နားရွက် ဒဏ်ရာရရှိ)
လူမျိုးရေး ပဋိပက္ခကြောင့် တောင်ကုတ်မြို့တွင် ၁၀ ဦး အသတ်ခံရ
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်ဆလင် ဘာသာဝင်များ အကြား ပဋိပက္ခ ဖြစ်ပွားမှုကြောင့် လူ ၁ဝ ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ဇွန်လ ၃ ရက်နေ့က ခရီးသည်တင် ယာဉ်တစီးပေါ်မှ မွတ်ဆလင် ဘာသာဝင်ဟု ယူဆရသူများအား ရွေးထုတ်ကာတောင်ကုတ် ဒေသခံများက တိုက်ခိုက် သတ်ဖြတ်ကြခြင်း ဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။
“ကားတံခါးတွေ ဖွင့်ခိုင်းပြီး ဓားနဲ့ခုတ်ကြတာ။ မြန်မာနဲ့ရခိုင်တွေကို ကားပေါ်က ဆင်းခိုင်းတယ်။ ကားလည်း တစစီဖြစ်သွားတယ်။ ကားကိုလည်း ဓာတ်ဆီလောင်းပြီး မီးရှို့ဖို့ လုပ်သေးတယ်။ မီးမရှို့ဖြစ်လိုက်ဘူး” ဟု ပြော သည်။
ကားဒရိုင်ဘာလည်းဖြစ်၊ ယာဉ်ပိုင်ရှင်၏ တူလည်းဖြစ်သူတဦးမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း ယင်းက ဆိုသည်။အသတ်ခံရသော အလောင်းများကို တောင်ကုတ် မှ သံတွဲသို့ တောင်ကုတ် နာရေးကူညီမှုအသင်းက သယ်ဆောင် လာပေးသည်။
မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ် သပြေချောင်း ကျေးရွာမှ အသက် ၂၆ နှစ်အရွယ်ရှိ ရခိုင်အမျိုးသမီး မသီတာထွေး အား အဓမ္မပြုကျင့် သတ်ဖြတ်မှုနှင့်ပတ်သက်၍ ဒေသခံ ရခိုင်လူမျိုးများအကြား လူမျိုးရေးအမျက်ဒေါသများ ဖြစ်ပွားနေကြောင်း ဒေသခံများက ဆိုသည်။ရမ်းဗြဲမြို့နယ် ကျောက်နီမောင်ကျေးရွာရှိ မွတ်ဆလင်ဘာသာဝင်များလည်း မော်တော်များ၊ ကားများဖြင့် ထွက်ပြေး တိမ်းရှောင်နေကြသည်ဟုလည်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ ဇွန်လ ၄ ရက်နေ့ ည ၈ နာရီ သတင်းတွင် ထည့်သွင်း၍ သတင်းထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ခဲ့မှုများအား အောက်ပါအတိုင်းပြန်လည်ဖော်ပြအပ်ပါသည်။
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာအုပ်စု သပြေချောင်း ကျေးရွာနေ မသီတာထွေး (၂၇)နှစ်၊ (ဘ)ဦးလှတင်သည် ကျောက်နီမော် ကျေးရွာ၊ စံပြရပ်ကွက်တွင် စက်ချုပ်သင်ပြီး နေအိမ်သို့ ပြန်လာစဉ် ကျောက်နီမော် ကျေးရွာ၊ ကျောက်ထရံ ရပ်ကွက်နှင့် ချောင်းဝရွာသို့ သွားသော တာဘောင်လမ်းဘေးရှိ ကုက္ကိုလ်ပင်အနီး ပြာတော၊ ဒီရေတောတွင် ၄င်းအား အမည်မသိ လူများက ဓားဖြင့်ထိုးသတ်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ လူသတ်မှု သတင်းကို သေဆုံးသူ၏ အစ်ကိုဖြစ်သူ ဦးဝင်းမောင်က ကျောက်နီမော် ရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့ရာ ရဲစခန်းမှ ပထမ သတင်းပေး တိုင်ချက် အမှတ် (ပ)၂၃/ ၂၀၁၂၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၃၈၂ လူသတ်မှု၊ လုယက်မှုအရ အမှုဖွင့် ဆောင်ရွက်ခဲ့ပါတယ်။ အမှုနှင့် ပတ်သက်၍ တရားခံများအား အချိန်မီ ဖမ်းဆီးနိုင်ရေးအတွက် ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှုးနှင့် အဖွဲ့သည် မေလ ၂၉ ရက်နေ့ မနက်ပိုင်းတွင် ကျောက်နီမော် ကျေးရွာသို့ ရောက်ရှိပြီး ဆက်စပ် သတင်းဖော်ထုတ်ခဲ့ရာ မင်္သကာသူများ ဖြစ်ကြတဲ့ ထက်ထက်(ခ)ယော်ရှီး၊ (ဘ)ဦး ကျော်သောင်း၊ ဘင်္ဂါလီအစ္စလာမ်၊ ကျောက်နီမော် တောင်ပိုင်းရပ်ကွက်နေ ရော့ပီး (ဘ)ဆွေရွစ်တမောက်၊ ဘင်္ဂါလီအစ္စလာမ်၊ ကျောက်နီမော် သာယာရပ်နေ ခိုချီး (ဘ)အကွက်ချေ ဘင်္ဂါလီအစ္စလာမ်၊ တို့သုံးဦးတို့အား ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ စစ်ဆေး ဖော်ထုတ်ချက်အရ သေဆုံးသူ မသီတာထွေးမှာ သပြေချောင်း ကျေးရွာမှ ကျောက်နီမော် ကျေးရွာသို့ စက်ချုပ် သင်ရန် နေ့စဉ် သွားရောက်သည်ကို ထက်ထက်(ခ) ယော်ရှီးက တွေ့မိပြီး မိန်းမယူရန် လိုအပ်သည့် ငွေရရှိရေး အတွက် မသီတာထွေး ၀တ်ဆင်ထားသည့် လက်ဝတ်ရတနာ ပစ္စည်းများကို ရယူလိုသဖြင့် ရော့ပီးနှင့် ခိုချီးတို့ နှစ်ဦးအား ခေါ်ဆောင်ကာ အခင်းဖြစ် နေရာအနီးရှိ ကုက္ကိုလ်ပင်မှ စောင့်နေခဲ့ကြောင်း၊ အခင်းဖြစ်သည့် နေ့တွင် မသီတာထွေး တစ်ဦးတည်း ပြန်လာစဉ် ဓားဖြင့်ထောက်၍ တောစပ်ထဲသို့ ပွေ့ဖက် ခေါ်ယူပြီး သားမယားအဖြစ် တစ်ယောက်တစ်ကြိမ်စီ ပြုကျင့်ကာ လည်ပင်းအား ဓားဖြင့် လှီးဖြတ်ခဲ့ကြကြောင်း၊ ၄င်း ၀တ်ဆင်ထားသည့် အမ်စီရွှေဆွဲကြိုး အပါအ၀င် ရွှေထည်ပစ္စည်း ငါးမျိုးအား ယူဆောင်ခဲ့ကြောင်း ဖော်ထုတ်ရရှိပါတယ်။ ဖြစ်စဉ်အပေါ် အခြေခံ၍ မလိုလားအပ်သော လူမျိုးရေးပဋိပက္ခများ မဖြစ်ပွားစေရေး အတွက်လည်းကောင်း၊ တရားခံများအပေါ် မကျေနပ်သူ ရွာသူရွာသားများက ၀ိုင်းဝန်းရန်ပြု လာနိုင်သောကြောင့်လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှုးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှုးတို့က စောင့်ကြည့်ပြီး မေလ ၃၀ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် တရားခံသုံးဦးအား ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှုး ဦးစီးအဖွဲ့ဖြင့် ကျောက်ဖြူ အကျဉ်းထောင်သို့ ချုပ်နှောင်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အဲဒီနေ့ မွန်းလွှဲ ၁ နာရီ မိနစ် ၂၀ ခန့်တွင် ကျောက်နီမော် ကျေးရွာမှာ ရခိုင်လူမျိုး စုစုပေါင်း ၁၀၀ခန့်သည် ကျောက်နီမော် ရဲစခန်းအနီးသို့ ရောက်ရှိလာပြီး ဖမ်းဆီးထားသော ထက်ထက်(ခ)ယော်ရှီး ပါသုံးဦးတို့ အား ပြန်လည်ထုတ်ပေးရန် တောင်းဆိုခဲ့ကြရာ ရဲစခန်းတွင် မရှိကြောင်းနှင့် ကျောက်ဖြူထောင်သို့ ပို့ဆောင်ပြီး ဖြစ်ကြောင်း၊ တာဝန်ရှိသူများက ရှင်းပြခဲ့ကြောင်း၊ သို့သော် လူစုက မကျေနပ်သဖြင့် ရဲစခန်းအတွင်းသို့ ၀င်ရောက်ရန် ကြိုးစားလာရာ ကျောက်နီမော် ရဲစခန်းမှ သေနတ် ငါးချက် ခြောက်လှန့် ပစ်ဖောက်၍ လူစုခွဲခဲ့ရကြောင်း၊ ဒါ့အပြင် အဲဒီနေ့ မွန်းလွှဲ ၁ နာရီ မိနစ် ၅၀ ခန့်တွင် ကျောက်နီမော် ကျေးရွာမှ ရခိုင်လူမျိုး ၁၀၀ ဦးခန့်သည် ရမ်းဗြဲမြို့သို့ ထွက်ခွာသွားခဲ့ကြောင်း၊ မွန်းလွှဲပိုင်းတွင် ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှုးနှင့် ခရိုင်ရဲတပ်ဖွဲ့မှုး တို့သည်လည်း ရွာသူရွာသားများနှင့် ညှိနှိုင်းဖြေရှင်း ပေးရန်အတွက် ညနေပိုင်းတွင် ရမ်းဗြဲုမြို့သို့ ရောက်ရှိခဲ့ပြီး ဆူပူအုံကြွမှု မဖြစ်စေရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်ခဲ့ကြကြောင်း၊ ဒါ့အပြင် မေလ ၃၀ ရက် ညနေ ၄ နာရီတွင် ရမ်းဗြဲမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ ရမ္မာဝတီခန်းမမှာ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရမ်းဗြဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘကြည်တို့က ဆူပူအုံကြွမှု မဖြစ်စေရေးအတွက် ရှင်းလင်း ပြောကြားခဲ့သဖြင့် ကျောက်နီမော် ကျေးရွာမှ ရွာသူရွာသားများသည် အဲဒီနေ့ ညနေ ၅ နာရီ ၄၀ မိနစ် ခန့်တွင် ရမ်းဗြဲမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ပြန်လည်ထွက်ခွာ ခဲ့ကြပြီး မေလ ၃၁ ရက်နေ့ နံနက် ၉ နာရီမှာ ရမ်းဗြဲမြို့မှ ရေယာဉ်နှစ်စီးဖြင့် ကျောက်နီမော် ကျေးရွာသို့ ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း အဆိုပါ ကျောက်နီမော် ရွာသူရွာသား များထံသို့ ရခိုင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ခင်က ထောက်ပံ့ငွေကျပ် ၁၀ သိန်း၊ မသီတာထွေး နာရေးအတွက် အလှူငွေ ကျပ် ၆ သိန်း၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်က သင်္ကန်းငါးစုံနဲ့ ငွေကျပ် တစ်သိန်းတို့ကို ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီး မေလ ၃၁ ရက် ညနေ ၃ နာရီ ၅ မိနစ်တွင် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ၊ ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးတို့ ပါဝင်သော အဖွဲ့သည် ကွယ်လွန်သူ မသီတာထွေး၏ အသုဘအား လိုက်ပါပို့ဆောင် ခဲ့ပြီး ကျောက်နီမော် ရွာသူရွာသားများနှင့် ဆွေးနွေးခဲ့ကြောင်း၊ ဇွန်လ ၁ ရက် နံနက် ၉ နာရီတွင် ပြည်နယ်ဝန်ကြီး ဦးဆောင်သည့် အဖွဲ့သည် ကျောက်ဖြူမြို့သို့ ထွက်ခွာခဲ့ပြီး ရိပ်သာ၌ မသီတာထွေး အသတ်ခံရမှုနှင့် ပတ်သက်၍ ကျောက်ဖြူမြို့နယ် လူငယ်အဖွဲနှင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ဆွေးနွေးရာတွင် တရားခံများအား အချိန်မဆွဲဘဲ ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်သွားမှာ ဖြစ်ကြောင်း၊ တရားစီရင်ရာ၌ တရားရုံးမှာ လူအုပ်စုများ မဖြစ်စေရန်အတွက် ၀ိုင်းဝန်းထိန်းသိမ်း ပေးကြရန် ဆွေးနွေး ပြောကြား ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့ကြတဲ့ တရားခံသုံးဦးအား စနစ်တကျ စစ်ဆေး ဖော်ထုတ်လျက် တရားဥပဒေ နှင့်အညီ ထိရောက်သော ပြစ်ဒဏ် ချမှတ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

ဇွန်လ ၃ ရက် နံနက် ၆ နာရီတွင် တောင်ကုတ်မြို့ပေါ်ရှိ လူစည်ကားတဲ့ နေရာများမှာ လွန်ခဲ့သော မေလ ၂၈ရက်နေ့က ကျောက်နီမော် ကျေးရွာအုပ်စု၊ သပြေချောင်း ကျေးရွာနေ မသီတာထွေးအား ရက်စက်စွာ အစော်ကားခံရသော ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ၏ ဓာတ်ပုံနှင့် မွတ်ဆလင် ကုလားများ၏ ရခိုင်အမျိုးသမီးများအား ရည်ရွယ်ချက်ရှိရှိဖြင့် ရက်စက် ယုတ်မာမှုများကို တောင်ကုတ်မြို့ပေါ်နေ ပြည်သူများသိစေရန် "အသိပေးနှိုး ဆော်ခြင်း" ခေါင်းစဉ်ဖြင့် ၀ံသာနုရက္ခိတအဖွဲ့ (တောင်ကုတ်မြို့) အမည်ဖြင့် စာများဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။ ယင်းသို့စာများ ဖြန့်ဝေခဲ့ပြီးနောက် ညနေ ၄ နာရီတွင် သံတွဲမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ရိုးမသစ္စာ မော်တော်ယာဉ်လိုင်းမှ မှန်လုံယာဉ်သည် တောင်ကုတ်မြို့ အေးရိပ်ငြိမ် ကားကြီးဝင်းသို့ ရောက်ရှိခဲ့ပြီး ခရီးသည်များ အတင်အချ ပြုလုပ်ရန် ခေတ္တရပ်နားစဉ် ယာဉ်ပေါ်တွင် မွတ်ဆလင်ကုလား လူမျိုးများ ပါလာကြောင်း သတင်းပြန့်သွားခဲ့ပြီး မြို့ခံလူထုများ ၀ိုင်းအုံရောက်ရှိ လာခဲ့ကြောင်း၊ ထိုသို့လူအုပ်စု ၀ိုင်းအုံလာသဖြင့် ဂိတ်မှူးက အဆိုပါ မော်တော်ယာဉ်အား အမြန်ထွက်ခွာစေခဲ့ရာ ထွက်ခွာသွားသည့် မော်တော်ယာဉ် နောက်သို့ ဆိုင်ကယ်ဖြင့် လူအချို့ လိုက်ပါသွားပြီး မော်တော်ယာဉ်အား မြို့အတွင်းသို့ ပြန်လည် မောင်းနှင်ရန် စေခိုင်းခဲ့ကြောင်း၊ ထိုသို့ ပြန်လည် မောင်းနှင်ခဲ့ရာမှ သံတွဲ-တောင်ကုတ် ကားလမ်းဆုံ (တောင်ကုတ်မြို့တွင်း ပြည်မြို့အထွက်) သို့ ရောက်ရှိစဉ် အသင့်စောင့်နေသည့် လူ ၃၀၀ ခန့်အုပ်စုက ပိတ်ဆို့တားဆီးကာ ယာဉ်ကိုရပ်တန့်စေခဲ့ပြီး ယာဉ်ပေါ် ပါလာသည့် မွတ်ဆလင် ကုလားလူမျိုးများအား အတင်းဆွဲချရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ မွတ်ဆလင်ကုလား လူမျိုး ၁၀ ဦးသေဆုံးခဲ့ကြောင်း၊ ဒါ့အပြင် မော်တော်ယာဉ်လည်း ဖျက်ဆီးခံခဲ့ရကြောင်း၊ အခင်းဖြစ်ပွားရာ နေရာသို့ တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်၊ စစ်မှုထမ်းဟောင်း အဖွဲ့များနှင့် ရပ်မိရပ်ဖများ ရောက်ရှိ ထိန်းသိမ်း ဆောင်ရွက်ခဲ့ရာ ယင်းနေ့ညနေ ၆ နာရီတွင် လူစုကွဲသွားခဲ့ကြောင်း သိရှိရသည်။ သေဆုံးသူများတွင် ဘာသာရေးကိစ္စဖြင့် သံတွဲမြို့သို့ ရောက်ရှိခဲ့ရာမှ သက်ဆိုင်ရာ မြို့များသို့ ပြန်ကြသူများ ပါဝင်ပြီး တောင်တွင်းကြီးမြို့မှ ၆ ဦး၊ မြောင်းမြမြို့မှ ၂ ဦးနှင့် သံတွဲမြို့မှ ၂ ဦး ဖြစ်ကြောင်း၊ အဆိုပါ သေဆုံးသူများ၏ ရုပ်အလောင်းများအား သံတွဲမြို့ မွတ်ဆလင် သင်္ချိုင်း၌ ဒီကနေ့ သင်္ဂြိုဟ်ခဲ့ပြီး ဖြစ်ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ တရားဥပဒေ နှင့်အညီ ဖြစ်စေရေးအတွက် လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိ အခြေအနေမှာ ရပ်ရွာတည်ငြိမ် အေးချမ်းရေးအတွက် တာဝန်ရှိသူများက မြို့မိမြို့ဖများနှင့် ပူးပေါင်းထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
"ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက် လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်တွင် ဇွန်လ ၃ ရက်နေ့ ညနေ ၅ နာရီ ၁၀မိနစ်မှာ အောင်ကျော်စိုး(စိစစ်ဆဲ)ပါ သုံးဦးနှင့် ဦးအောင်သန်းဝေ ၄၅ နှစ် (အဘ) ဦးစိန်လှ (အကွက် ၆၊ စက်ရုံစုရပ်ကွက်၊ စစ်တွေမြို့)တို့ ဈေးကောက် ကောက်ခံသည့် ကိစ္စအား မကျေနပ်ရာမှ စကားအချေအတင်ဖြစ်ကြရာမှ အောင်သန်းဝေမှ အသင့်ပါလာတဲ့ ဓားနဲ့ခြိမ်းခြောက် ထွက်ပြေးသွားကြောင်း၊ အောင်ကျော်စိုးပါ သုံးဦးနဲ့ အဖွဲ့မှာ စစ်တွေမြို့ အမှတ်(၁) ရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့ပါတယ်။ အဆိုပါ ည ၇ နာရီခွဲတွင် အောင်သန်းဝေ၏ ဇနီး ဒေါ်အောင်သန်းမြနှင့် အမျိုးသမီး ၁၀ ဦးတို့ အမှတ်(၁) ရဲစခန်းသို့ ရောက်ရှိလာပြီး ၎င်း၏ခင်ပွန်း ပျောက်ဆုံးနေကြောင်း အကြောင်းကြားစဉ် ရဲစခန်းမှာ လူအင်အား ၅၀ ခန့် စုဝေးရောက်ရှိခဲ့ပြီး တဖြည်းဖြည်း ၂၀၀ ဦးခန့်အထိ ရှိလာခဲ့ကြောင်း၊ ထိုသို့ လူများ စုဝေးနေစဉ် ည ၇ နာရီ ၄၅ မိနစ်တွင် ဦးအောင်မြကျော် (စစ်တွေမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဥက္ကဋ္ဌ)ရောက်ရှိလာပြီး ဦးအောင်သန်းဝေမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဝင်တစ်ဦး ဖြစ်ပြီး၊ ၎င်းအား မိမိတို့ ရှာဖွေသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့သည့်အတွက် လူစုကွဲပြီး အောင်သန်းဝေ၏ဇနီး ဒေါ်အောင်သန်းမြတို့ ရဲစခန်းမှ ပြန်လည်ထွက်ခွာ သွားကြပါတယ်။ တဖန် ည ၉ နာရီမှာ အမှတ်(၁) ရဲစခန်းရှေ့မှာ လူ ၃၀၀ ခန့် ပြန်လည်စုဝေး ရောက်ရှိလာကြပြန်ရာ ဦးအောင်မြကျော်က အောင်သန်းဝေအား ခေါ်ဆောင်ပေးမည် ဖြစ်ကြောင်းနှင့် လူစုခွဲကြရန် ပြောဆိုပြီး ထွက်ခွာသွားခဲ့ပါတယ်။ အဲဒီနောက် ည ၁၁ နာရီကျော်မှာ ဒေါက်တာအေးမောင်(ဥက္ကဋ္ဌ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ)၊ ဦးကျော်သိန်း (ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီး)တို့ ရဲစခန်းသို့ ရောက်ရှိ လာခဲ့ကြောင်း၊ ည ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ဦးအောင်မြကျော်က အောင်သန်းဝေအား ရဲစခန်းသို့ ခေါ်ယူလာပြီး လူစုခွဲကြရန် ပြောဆိုခဲ့သော်လည်း လူစုမကွဲဘဲ ည ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် ရဲစခန်း အတွင်းသို့ ပုလင်းကွဲ၊ ခဲများဖြင့် ပစ်ပေါက်ခဲ့ရာ ရဲစခန်း အဆောက်အဦ အမိုးပေါက်ပြဲခြင်း၊ အိမ်ထောင်သည်လိုင်း အမိုးပေါက်ပြဲခြင်း၊ ရဲတပ်ဖွဲ့ပိုင် ယာဉ်နှစ်စီးရှေ့လေကာ မှန်များ ကွဲကြေ ပျက်စီးခဲ့ခြင်းများ ဖြစ်ပွားခဲ့ပါတယ်။ ဆက်လက်ပြီး ည ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် အဆိုပါ လူစုလူဝေးက စခန်းအ၀င်ဝ တံခါးမကြီးအား ဖျက်ဆီးပြီး ရဲစခန်းသို့ဝင်ရန် ကြိုးစားလာခဲ့ရာ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက အသံပေး ခြောက်လှန့်ပစ်ခတ် ခဲ့ပါတယ်။ သို့သော် လူစုကွဲမသွားဘဲ ည ၁၁ နာရီ ၁၅ မိနစ်တွင် ရဲစခန်းအ၀င် မီးအားရိုက်ခွဲ၍ ရဲစခန်း တံခါးမကြီးအား ဖျက်ဆီးဝင်ရောက်ဖို့ ထပ်မံကြိုးစားလာခဲ့ ပြန်သဖြင့် ထပ်မံ ပစ်ခတ် လူစုခွဲခဲ့ရာ ထိုလူစုမှာ ရဲစခန်း ဘေးဘယ်ညာသို့ ပြန်နှံ့ သွားခဲ့ပါတယ်။ သို့သော်လည်း စခန်းပတ်ဝန်းကျင်တွင် လူစုကွဲသွားခြင်း မရှိသည့်အတွက် ဇွန်လ ၄ ရက် နေ့ နံနက် ၁ နာရီတွင် တာဝန်ကျ ရဲတပ်ဖွဲ့များက အဓိကရုဏ်း လက်နက်နှင့် မီးခိုးဗုံး အသုံးပြု၍ လူစုခွဲခဲ့ရပါတယ်။ အဆိုပါ လူအုပ်စုသည် နံနက် ၃ နာရီတွင် လမ်းမကြီးလမ်းနှင့် ဦးဥတ္တမလမ်းဆုံရာ ရိုးမဘဏ်ရှေ့ရှိ (PCO) အဆောက်အဦအား မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဆိုပါ ဖြစ်စဉ်တွင် အရပ်သား ၁၂ ဦး ပေါက်ပြဲဒဏ်ရာ အသီးသီးရရှိခဲ့သဖြင့် စစ်တွေဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး လူစုလူဝေးတွင် ပါဝင်သူ ကိုးဦးအား ဖမ်းဆီးထိန်းသိမ်း စစ်ဆေး လျက်ရှိပါတယ်။ လက်ရှိအချိန်တွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ကိစ္စရပ်အား ဥပဒေရေးဆွဲ၍ ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။ သို့သော်လည်း ဤကဲ့သို့ မင်းမဲ့စရိုက်ဆန်ပြီး ဥပဒေနှင့် ဆန့်ကျင်သော အုပ်စုဖွဲ့ လှုပ်ရှားမှုများ၊ ဥပဒေမဲ့ လုပ်ရပ်များအား မည်သို့မျှ လက်သင့်ခံ၍ မရနိုင်ပါ။ သို့ပါ၍ အဆိုပါဖြစ်စဉ်အပေါ် လိုအပ်သော စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်သွားမည် ဖြစ်သည့်အပြင် တရားဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါတယ်"
LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment