ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် လက်မခံဟု ၈၈ ကျောင်းသားများ ပြော
ရိုဟင်ဂျာများကို မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးအဖြစ် ထည့်သွင်းရန် ကမ္ဘာ့နိုင်ငံကြီးများက ဖိအားပေးလာပါက အမျိုးသားရေးပြဿနာအဖြစ် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက ယမန်နေ့ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
“ဒီ ရိုဟင်ဂျာ ပြဿနာကို ဘယ်နိုင်ငံကမှ လက်မခံတာကို ကျနော်တို့နိုင်ငံက ဒုက္ခသည်တွေအနေနဲ့ လူသားချင်းစာနာမှုအရ ကျနော်တို့ ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် ကျနော်တို့ နိုင်ငံရဲ့ သဘောကောင်းမှု၊ လိုက်လျောမှုကို နိုင်ငံကြီးတွေကနေပြီးတော့ ရိုဟင်ဂျာတွေကို လက်ခံရမယ်လို့ ဖိအားပေးလာခဲ့ရင် ကျနော်တို့ လုံးဝ သည်းညည်းခံမှာ မဟုတ်ပါဘူး” ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကိစ္စများသည် နယ်စပ်မှ ကျူးကျော်ဝင်ရောက်လာသည့် ရိုဟင်ဂျာများနှင့် ပြည်ပသွေးထိုးလှုံဆော်မှုများ ပါဝင်နေသည်ဟုရှုမြင်ပြီး ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားမျိုးနွယ်စု လုံးဝမဟုတ်ကြောင်း ၎င်းက ပြောသည်။
ပြည်တွင်းတွင် မျိုးရိုးစဉ်ဆက် နေထိုင်ကြသည့် တိုင်းရင်းသားမဟုတ်သော အိမ်နီးချင်းနိုင်ငံများမှလူမျိုးများကို နိုင်ငံတော်မှ နိုင်ငံသားအဖြစ် သတ်မှတ်ထားပြီးဖြစ်ကာ ထိုသူများအတွက် နိုင်ငံသားတဦး ရသင့်ရထိုက်သော အခွင့်အရေး၊ နိုင်ငံသားတဦးကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ကို အပြည့်အ၀လက်ခံသော်လည်း တိုင်းရင်းသားအဖြစ် လက်ခံရန် အတင်းအကြပ် ဖိအားပေးမှုများကို လုံးဝသည်းညည်းခံမည် မဟုတ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက ၎င်းတို့၏ သဘောထားကို အတိအလင်း ပြောကြားသည်။
ယနေ့ ရခိုင်ပြည်နယ် မောင်တောတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကိစ္စများကို လုံးဝ လက်မခံနိုင်ကြောင်းနှင့် သက်ဆိုင်ရာမှ ယခုဖြစ်ရပ်ကို အချိန်မီ ကိုင်တွယ်ဖြေရှင်းရန် မေတ္တာရပ်ခံခဲ့ပြီး မီးလောင်ဆုံးရှုံးခဲ့သဖြင့် ခိုကိုးရာမဲ့ ဖြစ်ခဲ့သော ရခိုင်တိုင်းရင်းသားများ နေထိုင်စားသောက်ရေးအတွက်ကို တာဝန်ရှိသူများမှ အချိန်မှီ ဖြည့်ဆည်းပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။
အစ္စလမ်ဘာသာဝင် တဦးဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးကလည်း ရခိုင်ပြည်နယ်ရှိ ၃ ဒဿမ ၈ သန်းသော ရခိုင်တိုင်းရင်းသား ပြည်သူများအတွက် လူဦးရေ သန်းထောင်ချီရှိသည့် အိမ်နီးချင်းနိုင်ငံကြီး၏ လူမျိုးစုများ စိမ့်ဝင်မှုကို အပြည့်အ၀ အကာအကွယ်ပေးနိုင်ရန် ဥပဒေတခု ပြဌာန်းစေလိုပြီး ယခုလက်ရှိ ရင်ဆိုင်နေရသည့် ပြဿနာကို အမျိုးသားရေး ပြဿနာအဖြစ်ရှုမြင်ကာ ပြည်တွင်းနေ မြန်မာ မွတ်စလင်များကလည်း ထိရောက်သော အကူအညီများ ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ယမန်နေ့ နေ့လည်ပိုင်းမှ စတင်ကာ ရခိုင်ပြည်နယ် မောင်းတောမြို့ မြို့တော်ခန်းမ အနီးရှိ နေအိမ်များနှင့် မောင်းတောမြို့နယ်အတွင်းရှိ ကျေးရွာအများအပြား မီးရှို့ဖျက်စီးခံခဲ့ရသည်။ မောင်တောဒေသတွင် ညမထွက်ရ အမိန့် (ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄) ကို ထုတ်ပြန်ထားသည်။
ယနေ့ထုတ် အစိုးရ သတင်းစာများတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ်ဘာသာရေးအဖွဲ့ကြီးက အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဖျက်ဆီးခြင်းကို ရှုတ်ချကြောင်း၊ ဥပဒေဘောင်အတွင်း နေထိုင်ရေးကိုလိုလားကြောင်း သဘောထား ထုတ်ပြန်ထားသည်။ ထို့အပြင် ယင်းအဖွဲ့ကြီး၏ အစ္စလမ်ဘာသာဝင်များကို မေတ္တာရပ်ခံ ပန်ကြားလွှာတွင် ဇွန်လ ၅ ရက်နေ့ထုတ် သတင်းစာပါ အသုံးအနှုန်းဖော်ပြချက်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများထံ တင်ပြပြီး ဥပဒေဘောင်အတွင်းမှ ဖြေရှင်းနေကြောင်း၊ လူစုလူဝေးဖြင့် ဆန္ဒဖော်ထုတ်ခြင်းများ ရှောင်ကျဉ်ရန် မေတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။
ရိုဟင်ဂျာပြဿနာကို အမျိုးသားရေးပြဿနာအဖြစ် ၈၈မျိုးဆက်ကျောင်းသားတို့က သဘောထား
ယမန်နေ့က ၈၈မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ တွင် ကျင်းပရာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေးနှင့် ကျောင်းသားလူငယ်များ၊ စာနယ်ဇင်းသမားများ တက်ရောက်ကြသည်။ ဒီဗီဘီက ထုတ်ပြန်သော ရုပ်သံတင်ဆက်ချက်များအရ ၈၈ မျိုးဆက်ကျောင်းသားများက ရခိုင်ပြည်နယ်အတွင်း အစွန်းရောက်အကြမ်းဖက်သူများ၏ လုပ်ရပ်ကို ရှုပ်ချလိုက်ပြီး မြန်မာနိုင်ငံသားအားလုံးက အမျိုးသားရေးအသွင်ဖြင့် ရင်ဆိုင်ကြရန် တောင်းဆိုလိုက်သည်ကို တွေ့ရသည်။
ရခိုင်ပြည်နယ်အတွင်း မင်းမဲ့စရိုက်ကျုးလွန်မှုများ စတင်ဖြစ်ပွားပြီးနောက် တရားဥပဒေစိုးမိုးမှု မရှိဘဲ အစွန်းရောက်အကြမ်းဖက်သမားများ၏ လှုံ့ဆော်မှုများတွင် ရိုဟင်ဂျာ ခေါ် ဘင်ဂါလီလူမျိုးခြားများ အရင်းခံမှုရှိနေပါက ထိုပြသနာကို အမျိုးသားရေး ပြသနာအဖြစ် သတ်မှတ်ပြီး တုန့်ပြန်မည်ဟု ကိုကိုကြီးက ပြောကြားသည်။
ကိုမင်းကိုနိုင်က ပြောကြားရာတွင် စာနယ်ဇင်းသမားကလည်း တာဝန်ကြီးကြီး သတိကြီးကြီးဖြင့် ပြည်သူသို့ သတင်းပြန်ကြားကြရန်၊ ပြည်တွင်းရှိ တိုင်းရင်းသားအချင်းချင်း ဘာသာကိုးကွယ်ရာ မတူသူအချင်းချင်းကလည်း ကာကွယ် စောင့်ရှောက်ကြရန်၊ တားဆီးကြရန်၊ ပရိသတ်များကလည်း အင်တာနက်များ ဖေ့စ်ဘွတ်များတွင် တရားလက်လွတ် ဆူပူလှုံဆော်မှုများ၊ ရန်စ ရန်လိုမှုများ ထုတ်ဖော်ဝါဒဖြန့်ခြင်း မပြုကြရန် တောင်းဆိုလိုက်သည်။
ကိုကိုကြီးက အသေးစိတ်ပြောကြားရာတွင် …
“ရိုဟင်ဂျာပြဿနာမှာ ဒီမိုကရေစီအင်အားစုတွေအားလုံးက အမျိုးသားရေးပြဿနာအဖြစ် သတ်မှတ်ပြီး မြန်မာ့တပ်မတော်နှင့် လက်တွဲဖြေရှင်းသွားမယ်ဟု ကိုကိုကြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောက်က ရှင်းရှင်းလင်းလင်းပြောသွားပါသည်။ ထို့အပြင်
“ရိုဟင်ဂျာပြဿနာမှာ ကျွန်တော်တို့ နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်နေတဲ့ အချိန်မှာ တက်နိုင်သမျှသည်းခံဆောင်ရွက်နေတဲ့ကိစ္စသာဖြစ်ပါတယ်။ ဒါပေမယ့်ယခုရိုဟင်ဂျာကိစ္စကို အခုအပြတ်ပြောပါမယ်။ ရိုဟင်ဂျာဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံတိုင်းရင်းသားလုံးဝမဟုတ်ပါဘူး။ အခုဖြစ်နေတဲ့ ဘူးသီးတောင်၊ မောင်းတောကိစ္စတွေမှာ နိုင်ငံတကာနိုင်ငံကြီးတွေက မြန်မာနိုင်ငံကိစ္စကို အပြည်အစုံနားမလည်ဘဲ ၀င်ရောက်ပတ်သက်စွက်ဖက်နေတာကို လုံးဝလက်မခံပါဘူး။ကျွန်တော်တို့ နိုင်ငံရဲ့ အချုပ်အခြာကိုထိပါးတယ်လို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်။ နိုင်ငံတကာနှင့် မျက်နှာမပျက်အောင်ဒုက္ခသည်များလို့ ယူဆပြီး လူသားခြင်းစာနာမှုနှင့် ကိုယ်ခြင်းစာလိုက်လျောမှုကို နိုင်ငံကြီးတွေက ဖိအားပေးလာရင် ကျွန်တော်တို့ လက်ခံမှာမဟုတ်ဘူး။ ဆက်ပြီးဖိအားပေးလာရင် ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေအားလုံးက အမျိုးသားရေးပြဿနာအဖြစ်သတ်မှတ်ပြီး မြန်မာ့တပ်မတော်နှင့် လက်တွဲဖြေရှင်းသွားမယ်” ဟု ပြောသွားပါသည်။
ထို့အပြင် အစွန်းရောက်အကြမ်းဖက်သမားများ အစုအဖွဲ့များ၏ ဆူပူလှုံဆော် ရာဇ၀တ်မှုများ ကျုးလွန်နေခြင်းကို ကိုကိုကြီး ဘာသာရေး၊ လူမျိုးရေး ပြသနာမဟုတ်ဟု သဘောထုတ်ပြန်လိုက်သည်။
“အခု ကျွန်တော်တို့ ဖြစ်နေတဲ့ ပြဿနာဟာ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များနဲ့ ဗုဒ္ဓဘာသာဝင်များကြားမှာ ဖြစ်ပွားနေတဲ့ ပြဿနာ မဟုတ်ဘူး။ ဒါဟာလူမျိုးရေး၊ ဘာသာရေး၊ အသွင် ဖန်တီးမယ်ဆိုရင်လည်း ဒါဟာ မရိုးမသားလုပ်ဆောင်နေတဲ့ ဖန်တီးမှုမျိုးဘဲ သတ်မှတ်ရမှာဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ ခံစားနေရတဲ့ ဝေဒနာသူတို့ ခံစားမှုကိုလည်း အလေးအနက်ထားဖို့ လိုပါလိမ့်မယ်။ ကာလရှည်ကြာစွာ ကျွန်တော်တို့ သည်းခံ နေလာခဲ့တာ ရိုဟင်ဂျာ ပြဿနာပါ။ ၈၈ မျိုးဆက်ကျောင်းသားများအနေနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကြိုးစားနေတဲ့အခါမှာ အတက်နိုင်ဆုံး အငြင်းပွားစရာ ကိစ္စတွေ၊ မပြောမဖြစ်တဲ့ကိစ္စတွေကလွဲပြီး တော်တော်များများကို သည်းခံပြီး ရှောင်ရှားနေခဲ့ပါတယ်။ အခုနေမှာတော့ ရိုဟင်ဂျာနဲ့ပတ်သတ်ပြီး အတိအလင်းပြော ပါမယ်။ ရိုဟင်ဂျာသည် ကျွန်တော်တို့ တိုင်းရင်းသားမဟုတ်ပါဘူး။ အခုဖြစ်နေတဲ့ ဘူးသီးတောင် မောင်တောကိစ္စသည် နယ်စပ်ကနေ တရားမ၀င် ဖြတ်ကျော်လာတဲ့ ၀င်ရောက်လာတဲ့ ရိုဟင်ဂျာများနဲ့ ပြည်ပသွေးထိုးလှုံဆော်မှုတွေပါ ပါနေတယ်လို့မြင်တယ်။ နိုင်ငံတကာ နိုင်ငံကြီးတွေအနေနဲ့လည်းဘဲ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတွေ ပြဿနာကို ကောင်းစွာနားလည်း သိကျွမ်းခြင်းမရှိဘဲနဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သတ်ပြီးတော့ ပြောဆိုနေကြတာတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို တိုက်ရိုက်ထိခိုက်တယ်လို့ဘဲ ကျွန်တော်တို့ သတ်မှတ်ပါတယ်။ ” ဟု ပြောသွားခဲ့သည်။
လက်ရှိမောင်တော အခြေအနေ အပေါ် ၈၈ကျောင်းသားခေါင်းဆောင် ကိုမြအေး ၏ သဘောထားကို ပြောကြားရာမှာတော့ …
“မောင်တောမှ ရခိုင်တိုင်းရင်းသားတွေနေတဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ကျွန်တော်ကြားရတယ်။ ဒါနောက်ဆုံးအခြေအနေပေါ့နော်။ တစ်ဆက်တည်းပဲ အဲဒီဟာတွေနဲ့ ပတ်သတ်တဲ့ ကျွန်တော်သဘောထားတွေကို ပြောမယ်။ ကျွန်တော်တို့ အနေနဲ့က မနေ့တစ်နေ့က ဒီမှာ တစ်နေ့က ညနေထိ အစ္စလာမ်ဘာသာရေးဆိုင်ရာအဖွဲ့ ၅ ဖွဲ့နဲ့ဆွေးနွေးပြီးတော့မှ ကျွန်တော်တို့ ကြေညာချက် ထုတ်ထားတယ်။ အစ္စလာမ် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေအနေ နဲ့ကလည်း ဒီလိုအကြမ်းဖက်မှုမျိုးကို လက်မခံဘူးပြောထားပြီးသား၊ ဒီပြသာနာ ဖြစ်လာတယ်ဆိုတဲ့ကိစ္စဟာ ကျွန်တော်တို့တားထားပါရဲ့နဲ့ မောင်တောမှာ ဒီပြသာနာဖြစ်လာတယ်။ မောင်တောလုံခြုံရေးကိစ္စကို မနေ့က ကျွန်တော်အစိုးရ တာဝန်ရှိသူတွေ နဲ့ပြောထားပါတယ်။ အလားတူပဲ အခြားဒေသတွေရဲ့ လုံခြုံရေးကိုလည်း ပြောထားပါတယ်။ အထူးသဖြင့် မောင်တောကို ကြားရတဲ့အတွက် တားထားပါတယ်။ အဲဒီတော့ ဒီလို ဖြစ်တယ်ဆိုတဲ့ကိစ္စပေါ်မှာ ရခိုင်တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်စည် စိမ်တွေပေါ်မှာ အစိုးရအနေနဲ့ ပြတ်ပြတ်သားသား အကာအကွယ် ပေးစေချင်ပါတယ်။ နှစ်ပတ်နှစ်အချက်က မင်းမဲ့စရိုက်ဆန်ဆန်ဒီလို ကျူးလွန်တဲ့သူတွေကို ပြစ်မှုကျူး လွန်တဲ့သူတွေကို ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် အရေးယူ ပေးစေချင်ပါတယ်။ နောက်တစ်ချက်က ရခိုင်တိုင်းရင်သားတွေ နေအိမ်တွေကို ပျက်ဆီးသွားတဲ့ အဆောက်အအုံတွေကို မူလအတိုင်းပြန်ဖြစ်လာအောင် အစိုးရက ကြပ်မတ်ပြီး ဦးစီးဆောင်ရွက် ပေးစေချင်ပါတယ်။ ဒါလက်ရှိသဘောထားပါ။ ”
ယခုမနက် ကြားသိလက်ခံရသော သတင်းများအရ လက်ရှိအစိုးရ၏ လက်နက်ကိုင်တပ်ဖွဲ့များ၊ လုံခြုံရေးအဖွဲ့များက အကြမ်းဖက်ကျုးလွန်သူများကို မြန်မာ၊ ဘင်္ဂလားနယ်စပ်အထိ လိုက်လံ ရှင်းလင်းမှုများ၊ ထိတွေ့မှုများ ရှိနေသည်ဟု ဆိုသည်။ အကြမ်းဖက်ခံရသော အဆိုပါ ဒေသများတွင် အရေးပေါ်အခြေအနေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်ဟု သိရသည်။
LWIN PWIN
NLABR
Blog: http://wanna23-23.blogspot.com/
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment