မြန်မာသတင်းများ ဇွန် လ ၂၈ ရက် ၂၀၁၂





မြန်မာသတင်းများ ဇွန် လ ၂၈ ရက် ၂၀၁၂

ဒေါက်တာ စင်သီယာမောင်ကို ဦးသိန်းစိန် အစိုးရ ကျေးဇူးတင်

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသားများအတွက် ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်ပေးနေသည့် ဆရာမ ဒေါက်တာ စင်သီယာမောင်ကို သမ္မတ ဦးသိန်းစိန် အစိုးရကိုယ်စား ကျေးဇူးတင်ကြောင်း အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က ပြောကြားသည်။ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် ထိုင်းနိုင်ငံအခြေစိုက် အတိုက်အခံ အင်အားစုများနှင့် တွေ့ဆုံရန် ယမန်နေ့က မဲဆောက်မြို့သို့ ရောက်ရှိလာသော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒု ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်းက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဝန်ကြီး ဦးအောင်မင်းက “ပညာရေး၊ လူမှုရေး အကုန်လုံးက အစိုးရမှာ တာဝန်ရှိတယ်၊ အစိုးရက မလုပ်ပေးဘူး။ ဒါပေမယ့်လို့ ဆရာမကြီး (ဒေါက်တာ စင်သီယာမောင်) တို့က လုပ်ပေးနေတာ အစိုးရကိုယ်စားလည်း ဆရာမကြီးကို ကျေးဇူးတင်တဲ့အကြောင်း၊ သမ္မတကြီး ကိုယ်စားလည်း ကျေးဇူးတင်တဲ့အကြောင်း အဲဒါလေး ကျနော်တို့က ပြောပြရတာပေါ့” ဟု ဒေါက်တာ စင်သီယာမောင်နှင့် မဲဆောက်မြို့ပြင်ရှိ Wattana Village Resort တွင် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
ဒေါက်တာ စင်သီယာမောင်ကလည်း ထိုပြောကြားချက်နှင့် ပတ်သက်၍ “ကျမတို့ လက်ရှိလုပ်ငန်းတွေပေါ်မှာ ကျေးဇူးတင်ပါတယ်ပေါ့နော်၊ ဒီလုပ်ငန်းတွေမှာ ဆိုရင်တော့ အစိုးရတွေရဲ့ တာဝန်ရှိမှုပေါ့။ သို့သော်လည်း ပြီးခဲ့တဲ့ကာလ အခြေအနေတွေမှာ လူထုတွေက ထိုင်းနိုင်ငံဘက်ကို ဆေးလာကုရတာတို့၊ ဒီဘက်မှာ လူမှုရေးအဖွဲ့တွေရဲ့ စောင့်ရှောက်မှုတွေအပေါ်မှာ ကျေးဇူးတင်ပါတယ်ဆိုတဲ့ အဲဒါမျိုးပေါ့နော်” ဟု ဧရာဝတီသို့ ပြန်ပြောပြသည်။ဦးအောင်မင်းနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့ ပါဝင်သော အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဒေါက်တာ စင်သီယာမောင်၏ ဆေးခန်းသို့ သွားရောက်လေ့လာခဲ့ကြပြီး ဆေးခန်းအတွက် အလှူငွေ ဘတ် ၁၅၀၀၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆေးခန်းသို့ လာရောက်လေ့လာသော ဦးအောင်မင်းနှင့် အဖွဲ့ကို ဒေါက်တာ စင်သီယာမောင်က လူနာများ၏ အခြေအနေနှင့် ရွှေ့ပြောင်းကျောင်းများတွင် ပညာသင်ကြားနေရသော မြန်မာကလေးများ၏ အခြေအနေများကို ရှင်းပြခဲ့သည်ဟု ပြောသည်။ ထို့အတူ အစိုးရသစ် ဆောင်ရွက်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြည်သူလူထု ဘဝလုံခြုံမှု ရှိစေရန်အတွက် အလုပ်အကိုင်၊ ကျန်းမာရေး၊ ပညာရေးနှင့် လူ့အခွင့်အရေး ကိစ္စရပ်များ ပါဝင်စေရန် ဒေါက်တာ စင်သီယာမောင်က တိုက်တွန်းပြောဆိုကြောင်း သိရသည်။
“အစိုးရသစ်ရဲ့၊ စစ်တပ်တွေချည်းပဲ မဟုတ်ဘဲနဲ့ပေါ့နော်၊ လူထုအခြေပြု အဖွဲ့အစည်းတွေရော၊ အိမ်နီးခြင်းနိုင်ငံတွေနဲ့ရော ရေရှည်ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စတွေကိုပါ တခါတည်း အစီအစဉ်ရှိရှိ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ လမ်းကြောင်းတွေကို ချသွားပေးဖို့ လိုတယ်ပေါ့နော်။ လူထုဘဝ လုံခြုံရင် လူတွေအားလုံးက ကိုယ့်မြေ၊ ကိုယ့်အိမ်မှာ အေးအေးဆေးဆေး နေထိုင်နိုင်မယ်လေ” ဟု ဒေါက်တာ စင်သီယာမောင်က ပြောသည်။
အရပ်သားအစိုးရအဖြစ် ပြောင်းလဲလာသည်မှာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီး အစိုးရနှင့် လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေး အစီအစဉ်များ လုပ်ဆောင်နေသည်မှာ နှစ်ဝက်ကျော် ကြာခဲ့ပြီဖြစ်သည်။ သို့သော်လည်း ဆေးခန်းသို့ ပြည်တွင်းမှ လာရောက် ဆေးကုသသူများမှာ လျော့ကျမသွားဘဲ ပိုများလာကြောင်း၊ ထို့ကြောင့် ငွေကြေး အခက်ခဲအချို့ရှိကြောင်း ဒေါက်တာ စင်သီယာမောင်က ဆိုသည်။
“အကယ်၍ နောက်တကြိမ် တွေ့ဆုံကြမယ်ဆိုရင်တော့ နယ်စပ်မှာရှိတဲ့ လုပ်ငန်းအဖွဲ့တွေကို ဘယ်လို ကူညီနိုင်မလဲဆိုတာမျိုးတော့ ဆက်ဆွေးနွေးသွားမှာပေါ့။ အထဲမှာ ပြန်လုပ်တယ်ဆိုတာကတော့ ဝန်ကြီးက တိုက်ရိုက်ပြောသွားတာတော့ မဟုတ်ပါဘူး။ သတင်းထောက်တွေမေးတဲ့ မေးခွန်းအပေါ်မှာပဲ ပြန်ဖြေသွားတာပဲရှိတာပါ” ဟု ဒေါက်တာ စင်သီယာမောင်က ပြောသည်။
ယခုအခါ ဒေါက်တာ စင်သီယာမောင် ဦးစီးသည့် မယ်တော်ဆေးခန်းမှ စောင့်ရှောက်ထားသော ကလေး ၃၀၀၀ အတွက်လည်း အရေးပေါ် ထောက်ပံ့ရေး အကူအညီများ လိုအပ်နေသည်ဟု သိရသည်။ ထိုကလေးများမှာ မဲဆောက်မြို့နယ် အနီးဝန်းကျင်တွင် အိုးအိမ်အခြေတကျ မရှိသော ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များ၏ ကလေးငယ်များဖြစ်ကြောင်း သိရသည်။ မယ်တော်ဆေးခန်းကို ဒေါက်တာ စင်သီယာမောင်က ၁၉၈၉ ခုနှစ်အတွင်း စတင်တည်ထောင်ခဲ့ပြီး မြန်မာပြည်တွင်းနှင့် ထိုင်းနိုင်ငံရှိ မြန်မာပြည်သားများကို အခမဲ့ ဆေးကုသပေးနေခြင်းဖြစ်ပြီး နှစ်စဉ် လူနာ ၁၃၀၀၀၀ ခန့်ရှိကြောင်း ဆေးခန်းတွင် မဲဆောက်ရှိ ရွှေ့ပြောင်း မြန်မာလုပ်သမားများနှင့် ထိုင်း-မြန်မာနယ်စပ် ဒေသခံများသာမက ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်သာမက ရန်ကုန်၊ မန္တလေးဘက်မှ အရေးပေါ်လူနာများ၊ နာတာရှည်ရောဂါသည်များ အပါအဝင် လူနာများ လစဉ် လာရောက်၍ ဆေးကုသခံယူကြသည်။





အစိုးရငြိမ်းအဖွဲ့ PNLO နှင့် အပစ်ရပ်မည်၊ မယ်တော်ဆေးခန်း ကူညီမည်

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တွေ့ဆုံမှုများကို ဆက်လက်ပြုလုပ်နေရာ ဇွန်လ ၂၇ ရက်နေ့တွင် မဲဆောက်မြို့ရှိ မယ်တော်ဆးခန်းသို့ ဒုတိယအကြိမ် သွားရောက်ပြီး အလှူငွေများ ပေးအပ်ကာ ဘန်ကောက်မြို့တွင်လည်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO တွေ့ဆုံဆွေးနွေးခဲ့သည်။

PNLO နှင့် ဦးအောင်မင်းတို့ တွေ့ဆုံစဉ် အပစ်အခတ် ရပ်စဲရေးကို မူအားဖြင့် သဘောတူလိုက်သည်ဟု PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျနော်တို့ တပ်နယ်မြေ အခြေအနေကိစ္စက ဆက်ညှိဖို့ လိုတာကလွဲလို့ ယေဘုယျ အချက် ခြောက်ချက်က မူအားဖြင့် သဘောတူထားတဲ့သဘောရှိတယ်” ဟု ပြောသည်။
ဖေဖော်ဝါရီလဆန်းပိုင်းက ပထမအကြိမ် ချင်းမိုင်မြို့တွင် တွေ့ဆုံစဉ်က ဆွေးနွေးခဲ့သည့် အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံး ဖွင့်ရေး၊ လူထုစည်းရုံးရေးလုပ်ခွင့်၊ NGO နှင့် ဆက်ဆံခွင့်၊ လုပ်ငန်းစဉ် အဆင့်ဆင့်မှာ မီဒီယာများကို သင့်တော်သလို သတင်းထုတ်ပြန်ခွင့်ပေးရေး အပါအဝင် အချက် ခြောက်ချက်ကို ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုတွင် မူအားဖြင့် သဘောတူလိုက်ခြင်း ဖြစ်သည်။ဆက်ဆံရေးရုံးများကို မွန်ပြည်နယ်၊ သထုံမြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ဖွင့်လှစ်ရန် သဘောတူခဲ့သော် လည်း တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် အရှေ့ဘက်၊ ဟိုမိန်းမြို့နယ်ခွဲ တောင်ဘက်၊ မောက်မယ်မြို့နယ် တောင်ဘက်ဒေသများတွင် တပ်နယ်မြေ သတ်မှတ်ရေးကိစ္စနှင့် ပတ်သက်၍ ဆက်လက် ညှိနှိုင်းရန်ရှိသည်ဟု ဆိုသည်။

ဘန်ကောက် ဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အဖွဲ့နှင့် PNLO ဘက်မှ အထွေထွေ အတွင်းရေးမှူး ဦးခွန်မြင့်ထွန်းနှင့် ဦးခွန်ဥက္ကာတို့ ပါဝင်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ ဦးအောင်မင်း ဦးဆောင်သော အဖွဲ့သည် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်း သွားရောက်လေ့လာခဲ့ပြီး အလှူငွေ ဘတ် တသိန်းခွဲကို ဆေးခန်း တာဝန်ခံ ဒေါက်တာ စင်သီယာမောင် အား ပေးအပ်ခဲ့သည်။ထို့ပြင် ဝန်ကြီးဦးအောင်မင်းနှင့် ဝန်ကြီး ခင်ရီတို့က မယ်တော်ဆးခန်းမှ ကလေးလူနာဆောင်ရှိ ကုတင် တလုံးလျှင် ဘတ်ငွေ တထောင်စီ ပေးအပ်ခဲ့သေးကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့် က ပြောသည်။

“ပြည်ပမှာနေပြီးတော့ ဆောင်ရွက်နေတဲ့ အပေါ်မှာ ဝန်ကြီးဦးအောင်မင်းက ကူညီတာ ဖြစ်တယ်။ ဒေါက်တာ စင်သီယာမောင်က သူ့အခက်အခဲတွေ ပြောတယ်။ အလှူရှင်တွေ ကြပ်တည်းလာတာတွေကို ဝန်ကြီးကို တင်ပြတာတွေ့ရတယ်။ ပြည်ပမှာ နေပြီး ၂၃ နှစ်လုံး ကျန်းမာရေး၊ လူမှုရေးတွေ လုပ်ပေးတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း၊ ဒီအစိုးရလက်ထက် တတ်နိုင် သလောက်ကူညီဆောင်ရွက်မယ်ဆိုတာ ပြောပါတယ်” ဟု ပြောသည်။

ထို့ပြင် ဝန်ကြီးဦအောင်မင်းက မြန်မာနိုင်ငံကို အကူအညီပေးရေးအဖွဲ့ ခြောက်နိုင်ငံ ကိုလည်းချက်ချင်းကူညီပေးရန် တိုက်တွန်းမည်ဟု ဒေါက်တာစင်သီယာမောင်အား ကတိပေးသွားပြီး မြန်မာပြည်ဘက်ခြမ်းတွင် ဆေးရုံတရုံဆောက်ပေးရန် အကြံပြုသည်ဟု ဆိုသည်။ ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်းမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ကလေး ၃,ဝဝဝ ခန့်အားကျွေးမွေး ထောက်ပံ့ပေးနေပြီး တနှစ်တွင် လူနာ ၃,ဝဝဝ ခန့်အား မျက်စိ အခမဲ့ ကုသပေးနေရသည်ဟု သိရသည်။ မယ်တော် ဆေးခန်းအား ဒေါက်တာ စင်သီယာမောင်က ၁၉၈၉ ခုနှစ် စတင် တည်ထောင်ခဲ့ပြီး နှစ်စဉ် လူနာ ၁၂ဝ,ဝဝဝ ကျော် ရှိသည်။

ထို့ပြင် ဦးအောင်မင်းတို့ အဖွဲ့သည် ထိုင်း-မြန်မာ နယ်စပ် ပူးပေါင်းဆောင်အဖွဲ့ TBBC မှ တာဝန်ရှိသူများနှင့်လည်းတွေ့ဆုံခဲ့ရာ စစ်ပြေးဒုက္ခသည်များနှင့် IDP အရေးပတ်သက်၍ ဆွေးနွေးခဲ့ပြီး ဒုက္ခသည်များ ပြန်လာနိုင်ရေး ဆက်လက်ဆောင်ရွက်ရန် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး တစိတ်တဒေသအဖြစ် မူအားဖြင့် ဦးအောင်မင်းက သဘောတူကြောင်း ဦးညိုအုန်းမြင့်က ပြောပြသည်။ဝန်ကြီး နှစ်ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာပြည် ငြိမ်းချမ်းရေးနှင့် လူမှု တရားမျှတရေး အဖွဲ့ ဒါရိုက်တာ ဒေါက်တာသောင်းထွန်းနှင့်လည်း တွေ့ဆုံခဲ့သည်ဟု သိသည်။ဇွန်လ ၂၈ ရက်နေ့တွင် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)နှင့် ရခိုင်လွတ်မြောက်ရေး ပါတီတို့နှင့် ဆက်လက် တွေ့ဆုံ ဦးမည် ဖြစ်သည်။

LWIN PWIN
NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/
Facebook: Sa Maung

0 comments:

Post a Comment