မြန်မာသတင်းများ ဇွန် လ ၇ ရက် ၂၀၁၂

ရခိုင်ပြည်နယ်အကြမ်းဖက်မှု ဖြစ်ရပ်မှန်စုံစမ်းဖို့ အမေရိကန်တိုက်တွန်း

 
ရခိုင်ပြည်နယ်က စခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေအပေါ် စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို အရေးယူကိုင်တွယ်ဖို့ အတွက် အမေရိကန်ပြည်ထောင်စုက မြန်မာအာဏာပို်င်တွေကို တိုက်တွန်းပါတယ်။ ဒါ့အပြင် လူမျိုးရေးအဓိကရုဏ်းတွေ မဖြစ်စေရေး ထိန်းထိန်း သိမ်းသိမ်းလုပ်ကိုင်ကြဖို့နဲ့ တရားဥပဒေစိုးမိုးရေးကို အလေးထားကြဖို့လည်း မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အစုအဖွဲ့အားလုံးကို တိုက်တွန်းထားပါတယ်။
ရခိုင်ပြည်နယ်ထဲ ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုအပေါ်မှာ အပြန်အလှန် မကျေမနပ်ဖြစ် ပြီး နောက်ထပ် မငြိမ်သက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်မကင်းရှိတာကြောင့် အခြေအနေတွေအပေါ်မှာ နားလည်မှုရှိရှိနဲ့ တရားဥပဒေစိုးမိုးရေးကို အလေးထားကြဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်း သွားတာပါ။ မတူကွဲပြားတဲ့အမြင်တွေ၊ နောက်ခံတွေအပေါ်မှာ နားလည်သည်းခံပြီး ငြိမ်းချမ်းတဲ့ လူ့ အဖွဲ့အစည်းဖြစ်ဖို့ မြန်မာလူမျိုးတွေ ကိုယ်တိုင် အားလုံး ပါဝင်ဆောင် ရွက်ကြရမှာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှ ပစိဖိတ်ရေးရာ ပြောခွင့်ရသူ Darragh Paradiso က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
“အပြန်အလှန်နားလည်သည်းခံမှုရှိတဲ့ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း၊ လူ့အခွင့်အရေးတွေကို လေးစားတဲ့ လူ့အဖွဲ့အစည်း၊ တရားဥပဒေစိုမိုးမှုရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ အစိုးရနဲ့အတူ နောက်ခံပေါင်းစုံ အလွှာပေါင်း စုံက မြန်မာလူမျိုးတွေအားလုံး ပါဝင်ဆောင်ရွက်ကြရမယ်ဆိုတဲ့ အချက်ကို အလေးအနက် ထားရမယ်လို့ ထင်ရပါတယ်။”
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုအတွင်း အသက်ဆုံးရှုံးသူတွေအတွက်လည်း ၀မ်းနည်းကြေကွဲမိတယ်လို့လည်း ပြောပါတယ်။
“မူစလင်ဘုရားဖူး ၁၀ ဦးကို လူအုပ်က သတ်ဖြတ်တယ်ဆိုတဲ့ ဒီသတင်းအပေါ်မှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ အလွန်အမင်း စိုးရိမ်မကင်း ဖြစ်ရပါတယ်။ နယ်စပ်ဘက်မှာ ဇွန်လ ၃ ရက်နေ့က ဘတ်စ်ကားပေါ်မှာ ပါလာတဲ့ အဲဒီ မူစလင်တွေကို အသက်ဆုံးရှုံးတဲ့အထိ ရိုက်နှက်ခဲ့ကြတယ်ဆိုတဲ့ သတင်းကြားရတာ တကယ်တော့ အကြမ်းဖက်မှုပါပဲ။ ဒီ အသက်ဆုံးရှုံးရသူတွေအတွက် ၀မ်းနည်းကြေကွဲရပါတယ်။”
ဒီလို အကြမ်းဖက်ဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ ဥပဒေစိုးမိုးရေးအတွက် တာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ် အရေးယူဖို့ကိုလည်း Darragh Paradiso က မြန်မာအာဏာပိုင်တွေကို တိုက်တွန်းသွားပါတယ်။
“ဒီ အကြမ်းဖက်မှုတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ကန့်ကွက်ရှုတ်ချပါတယ်။ ဥပဒေစိုမိုးရေး အတွက် ဒီအဖြစ်အပျက်သတင်းကို စုံစမ်း စစ်ဆေးဖို့နဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့ အာဏာပိုင်တွေကို တိုက်တွန်းပါတယ်။ အစုအဖွဲ့အားလုံးအနေနဲ့လည်း ထိန်းထိန်းသိမ်းလုပ်ကြဖို့၊ အကြမ်းဖက်မှုတွေမလုပ်ဖို့၊ ဘာသာရေးလွတ်လပ်ခွင့်ကိုလေးစားပြီး ခွဲခြားဆက်ဆံမှုတွေမလုပ်ကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။”
ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လူများစုက လူနည်းစုကို နားလည်ဂရုဏာထားနိုင်ကြဖို့နဲ့၊ ပြဿနာ ပိုပြီး ကြီးထွားမလာအောင် ဂရုစိုက်ကြဖို့ တိုက်တွန်းသွားပါတယ်။
“ကျမအမြဲပြောတယ်။ လူများစုဆိုတာဟာ လူနည်းစု အပေါ်မှာ ဂရုဏာထားတတ်ရမယ်။ အဲဒါတော့ ကျမ သတိပေးပါရစေ။ ဒီလို ကျမပြောတာကို တချို့က ကြိုက်ချင်မှကြိုက်မယ်။ ဒါပေမဲ့ ကြိုက်တာမကြိုက်တာ ထက် ပြောသင့်တာကိုတော့ ကျမ ပြောရမှာပဲ။ လူများစုဆိုတာဟာ ကိုယ့်ရဲ့ အင်အားက ရှိပြီးသား၊ ကိုယ့်ရဲ့အများစုအင်အားက ရှိပြီးသားမို့လို့ ပိုပြီးတော့ သဘောထားကြီးနိုင်ရမယ်။ ပိုပြီးတော့ ဂရုဏာတရား ထားနိုင်ရမယ်။ အဲဒီတော့ ကျမတို့နိုင်ငံမှာရှိတဲ့ ဘာသာမရွေး၊ လူမျိုးမရွေး ပြည်သူပြည်သားအားလုံး တယောက်နဲ့တယောက် ချစ်ချစ်ခင်ခင်နဲ့ အေးအေး ချမ်းချမ်း နေတာကို ကျမမြင်ချင်တယ်။ ဒီလိုဖြစ်ဖို့ အတွက် ကျမတို့အနေနဲ့ ကူညီနိုင်တယ်ဆိုရင် ကျမတို့ ကူညီမယ်။ လုပ်ပေးနိုင်တာကို လုပ်ပေးမယ်။ ဒါပေမဲ့ ဖြစ်ပွားနေတဲ့ကိစ္စတွေ ပိုကြီးထွားသွားအောင်လို့ လုပ်နေတာမျိုးတော့ ကျမတို့ သတိပြုပြီးတော့ ရှောင်ကျဉ်စေချင်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကပဲ မူစလင်အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ပြဿနာတွေ ကို အေးအေးချမ်းချမ်းဖြေရှင်းနိုင်ဖို့ တိုက်တွန်း ခဲ့ပါတယ်။ ရခိုင်တောင်ကုတ်မှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ အစိုးရသတင်းစာပါ အသုံးအနှုန်းကို မကျေနပ်လို့ ရန်ကုန် မူစလင်အချို့ တနေ့က ဆန္ဒပြတာ ရှိခဲ့ပေမဲ့ မနေ့ကတော့ အခြေအနေတွေအားလုံး ငြိမ်ငြိမ်သက်သက်ရှိခဲ့ပါတယ်။
ဒီ အဖြစ်အပျက်တွေကြောင့် လူမျိုးရေးအဓိကရုဏ်းပုံစံ ပြဿနာ မကြီးလာအောင် နိုင်ငံရေး အဖွဲ့ အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေကတော့ သက်ဆိုင်ရာလူထုကို တိုက်တွန်းတာတွေ လုပ်နေပါတယ်။ အစိုးရကတော့ ရခိုင်ပြည်နယ်တွင်း ၂၀၁၂ မေလနဲ့ ဇွန်လထဲ မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ရိုက်နှက် သတ်ဖြတ်မှုတွေကို စုံစမ်း ဖော်ထုတ်ဖို့၊ ပြည်ထဲရေး ဒုတိယ၀န်ကြီး ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဇွန်လ ၆ ရက်နေ့ ရက်စွဲနဲ့ ဖွဲ့စည်းလိုက်ပါတယ်။ ၁၆ ဦးပါ အဲဒီ စုံစမ်း စစ်ဆေးရေးအဖွဲ့ဟာ ဖြစ်ရပ်မှန်ပေါ်ရေးအတွက် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ သက်သေခံ ဥပဒေတို့နဲ့အညီ  စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာကို ၂၀၁၂ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား နိုင်ငံတော်သမ္မတထံကို တိုက်ရိုက် အစီရင်ခံမယ်လို့ သိရပါတယ်။

ပိတ်ဆို့မှု ယာယီဆိုင်းငံ့ဖို့ သြစတြေးလျနိုင်ငံ ဆုံးဖြတ်ချက် ဒေါ်အောင်ဆန်းစုကြည်ကြိုဆို

အရင် စစ်အစိုးရအပေါ် ချမှတ်ခဲ့တဲ့ ပိတ်ဆို့ အရေးယူမှုတွေကို အခုအခါ ယာယီဆိုင်းငံ့ဖို့ သြစတြေးလျနိုင်ငံက ဆုံးဖြတ်လိုက်တဲ့အပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပါတယ်။

ဗကသ များ အဖွဲ့ချုပ်ကို ရန်ကုန် ထွေ/အုပ် ခေါ်ယူသတိပေး

ဗကသ များအဖွဲ့ချုပ် ပြန်လည်ပေါ်ပေါက်ရေး ကြိုးပမ်းနေကြသည့် ကျောင်းသား
ခေါင်းဆောင်များအား ရန်ကုန်တိုင်း အထွေထွေ အုပ်ချုပ်ရေးမှူးက ခေါ်ယူ၍ အသင်းအပင်း ဖွဲ့စည်းခြင်း ဥပဒေအား ဖတ်ပြကာ သတိပေးခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရ လွှတ်တော်တွင် ဗကသ ဗဟိုစည်းရုံးရေး ကော်မတီဝင် ၉ ဦးအား ဖိတ်ကြားကာ ၁၉၈၈ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်ခဲ့သည့် အသင်းအပင်း ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ အမှတ် ၆/၈၈ နှင့်ပါတ်သက်ပြီး အသိပေးရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း

အဆိုပါ ဥပဒေမှာ တရားဝင် ဖျက်သိမ်းခြင်း မပြုရသေးသဖြင့် တည်ဆဲဥပဒေအဖြစ် တည်ရှိနေသလို ဗကသများ အဖွဲ့ချုပ်သည်လည်း တရားဝင်အဖွဲအစည်း မဟုတ်ကြောင်း သတိပေးခဲ့သည်ဟု ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ သည့် ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ကိုစည်သူမောင် က ပြောကြောင်း၄၅ မိနစ်ကြာ တွေ့ဆုံခဲ့ရာတွင် ရန်ကုန်တိုင်း အုပ်ချုပ်ရေးမှူး ဦးသန်းအောင်နှင့် ဒု-ညွှန်ကြားရေးမှူး ဦးမျိုးအောင်သိန်း တို့က မည်သည့်အသင်းအဖွဲ့မဆို ဥပဒေနှင့်အညီ ဖြစ်သင့်ကြောင်း
သို့သော် ကျောင်းသားသမဂ္ဂသည် လွတ်လပ်မှုရှိသလို မှတ်ပုံတင်သည့် အစဉ်အလာ မရှိခဲ့ကြောင်းနှင့် ကျောင်းသားထု ကြားတွင် တရားဝင်မှုရှိကြောင်းကို

ရန်ကုန်တိုင်း ထွေ/အုပ်နှင့် အဖွဲ့ကလည်း တက္ကသိုလ်ကောင်စီ ဥပဒေတရပ် ရေးဆွဲနေကြောင်းနှင့် ထိုဥပဒေ ထွက်မလာမီ အသင်းအပင်း ဖွဲ့စည်းမည်ဆိုပါက သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများထံ အကြောင်းကြား၊ ခွင့်ပြုချက်ယူရမည် ဟုဆိုကြောင်း များမကြာခင်က အကျဉ်းထောင် အသီးသီးမှ ပြန်လည်လွတ်လာခဲ့ကြသည့် ကျောင်းသား ခေါင်းဆောင်များသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟို စည်းရုံးရေး ကော်မတီကို ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပြန်လည် ဖွဲ့စည်းခဲ့ကြကြောင်း

အဆိုပါ ကျောင်းသား ခေါင်းဆောင်အချို့သည် လွန်ခဲသည့် နှစ်များက မတရားသင်း ဥပဒေ ၁၇(၁)ဖြင့် ထောင်ဒဏ် ကျခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများ ဖြစ်ကြောင်းဤဥပဒေအရ သက်ဆိုင်ရာ၏ ခွင့်ပြုချက် မရရှိဘဲ အသင်းအပင်း၊ အဖွဲ့အစည်းများ ဖြစ်သည့် သမဂ္ဂ၊ အစည်းအရုံး၊ ကလပ်၊ တပ်ဦး စသဖြင့် ဖွဲ့စည်းလှုပ်ရှားပါက ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ကြောင်းဗကသများ အဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းသည့်နှစ်မှာ ၁၉၃၆ ခုနှစ် မေလ ၈ ရက်နေ့ ဖြစ်ပြီး ပထမဆုံး ဥက္ကဋ္ဌမှာ ဦးရာရှစ်ဖြစ် ၍ ဒုက္ကဋ္ဌမှာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။


လိုင်စင်သိမ်းခံ ရှေ့နေများ ရပိုင်ခွင့် တောင်းဆို

နိုင်ငံရေးကြောင့် လိုင်စင်သိမ်းခံရသော ရှေ့နေများအနေနှင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ တွင် ရှေ့နေလိုက်ခွင့် ပြန်လည် ရရှိသင့်ကြပြီဖြစ်ကြောင်း ကာယကံရှင်ရှေ့နေများက အင်္ဂါနေ့က ပြောဆိုလိုက် ကြောင်းရှေ့နေကွန်ယက်အဖွဲ့ဝင်များ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိနေစဉ် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်ကြောင်းရခိုင်ပြည်နယ်တွင်း ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရန် ကုညီဆောင်ရွက်ပေးဖို့အတွက် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များအား ရှေ့နေများက သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်းနိုင်ငံရေးအမှုလိုက်၍ ရှေ့နေလိုင်စင် ရုတ်သိမ်းခြင်းခံရေသော ရှေ့နေများအနက် တရားရုံးချုပ်ရှေ့နေ ၂၅ ယောက်နှင့် အထက်တန်းရှေ့နေ ၇ ယောက်တို့ ပါဝင်ပြီး စာရင်းသွင်းခြင်းမရှိသေးသည့်သူများလည်းရှိကြောင်း အာရှ ဥပဒေရေးရာ ရင်းမြစ်အဖွဲ့ ALRC က ပြောကြောင်း

နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ်၊ ၁၉၉ဝ လွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ်သည့် တရားရုံးချုပ်ရှေ့နေကြီး ဦးစောလှိုင် ကလည်း ရှေ့နေလိုင်စင် ရုတ်သိမ်းခံရခြင်းနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးရမှုအားပြောပြကြောင်းနိုင်ငံရေးအကျဉ်းသားများကို အများဆုံး အပြစ်ချသည့် ဥပဒေတခုဖြစ်သော ၁၉၅ဝ ခုနှစ် အရေးပ်ါစီမံချက် အက်ဥပဒေအား ပြန်လည် ဖျက်သိမ်းပေးစေလိုကြောင်း၊ ၎င်းဥပဒေ ဖျက်သိမ်းမှသာ အနာဂတ်တွင် နိုင်ငံရေး အကျဉ်းသား ရှိတော့မှာ မဟုတ် ကြောင်း

“ဒီဥပဒေက တကယ်ဆိုရင် နိုင်ငံကို သိက္ခာချတဲ့ ဥပဒေပါ။ ခုလက်ရှိ နိုင်ငံ တည်ငြိမ်နေတယ်။ ဒါကို မတည်ငြိမ်လို့ ဒီဥပဒေ ဆက်ရှိနေတယ်လို့ အဓိပ္ပာယ် သက်ရောက်နေတာပေါ့။ ဒီဥပဒေဟာ စစ်အစိုးရလက်ထက် နိုင်ငံရေး အကျဉ်းသားအဖြစ် ဖမ်းဆီးထောင်ချရာမှာ အရေးပါတဲ့ ဥပဒေတခုဖြစ်တယ်။ ဒီဥပဒေကို ကျင့်သုံးတာ နှစ် ၆ဝ ရှိပါပြီ။ မူရင်းဥပဒေက ပြစ်ဒဏ် ခုနှစ်နှစ်ပဲ ချတာပါ။ တိုးတက်လာတာနဲ့အမျှ ၁၉၈၈ ကစပြီး နှစ် ၂ဝ တသက်ထိ တိုးမြှင့်ထား တဲ့ ဥပဒေ ဖြစ်ပါတယ်” ဟု လိုင်စင် ရုတ်သိမ်းခံရသူ တရားရုံးချုပ်ရှေ့နေကြီး ဦးသိန်းသန်းဦး က လည်းပြောကြောင်း သိရသည်။


ကချင်ဒုက္ခသည် ၂,၆၀၀ ကျော်အတွက် တလစာရိက္ခာ UN လှူဒါန်း

မိုးမောက်မြို့နယ် လွယ်ဂျယ်နှင့် မိုင်ဂျာယန်အတွင်းရှိ ကချင် ဒုက္ခသည်စခန်းနှစ်ခုမှ လူပေါင်း ၂,၆ဝဝ ကျော်အတွက် တလစာ စားနပ်ရိက္ခာကို ကုလသမဂ္ဂ၏ စားနပ်ရိက္ခာပေးရေး အဖွဲ့အစည်းများက ထောက်ပံ့နေ သည်ဟု သိရသည်။

အကူအညီပေးရေး လမ်းကြောင်းများကို မေလအတွင်း မြန်မာအစိုးရက ပိတ်ဆို့ခဲ့ပြီးနောက် ဇွန်လ ၅ ရက်တွင် ပါကထောင် (Pa Kahtawng) ဒုက္ခသည်စခန်းမှ လူပေါင်း ၂,၄ဝဝ ကျော်အတွက် ထောက်ပံ့ပေးခဲ့ပြီး ဇွန်လ ၆ ရက်နေ့တွင် အုံလုံ (Ung Lung) ဒုက္ခသည်စခန်းရှိ လူပေါင်း ၂ဝဝ ကျော်တို့ အတွက် ထောက်ပံ့ပေးခဲ့သည်ဟု ကချင်လွတ်လပ်ရေး အဖွဲ့ KIO ၏ ဒုက္ခသည် ကူညီရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆားက ပြောသည်။
ကုလ အဖွဲ့အစည်းများအနေဖြင့် KIO ထိန်းချုပ်ဒေသအတွင်းရှိ အခြား စစ်ပြေး ဒုက္ခသည်များကို ကူညီထောက်ပံ့ရန် ပြင်ဆင်ထားသည်ဟု သိရသော်လည်း အစိုးရဘက်က ခွင့်ပြုချက်အပေါ် မူတည်မည်ဟု သူက ဆိုသည်။

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က မကြာမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ နှစ်ဖက် တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည်ပေါင်း ၇၅,ဝဝဝ ခန့်ရှိပြီး အများစုမှာ တရုတ်နယ်စပ်အနီး KIO ထိန်းချုပ်နယ်မြေတွင်နေထိုင်နေသည်ဟု ဆိုထားသည်။ကုလအဖွဲ့များသည် ကြာသပတေးနေ့တွင် လွယ်ဂျယ်မှ ဗန်းမော်မြို့သို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။လွယ်ဂျယ်နှင့် မျက်နှာချင်းဆိုင် တရုတ်နိုင်ငံတွင်းရှိ လားရိန်း (La Ying) ဒုက္ခသည်စခန်းအတွင်း ခိုလှုံနေသော စစ်ပြေး ဒုက္ခသည် ၁,ဝဝဝ ကျော် ရှိနေပြီး ယင်းတို့အား ကူညီထောက်ပံ့ခြင်း မရှိသေးကြောင်း မိုင်ဂျာယန်မှ ကချင်အမျိုးသမီး အစည်းအရုံး KWAT အဖွဲ့ဝင် ဒေါ်မိုင်းဂျာက ပြောသည်။

မတ်လကုန်ပိုင်းကလည်း မိုင်ဂျာယန်အတွင်းရှိ စစ်ပြေးဒုက္ခနယ်များနှင့် ဝိုင်းမော်မြို့နယ် ဆဒုံးဒေသအတွင်းရှိ တရုတ်-မြန်မာနယ်စပ်တွင် ခိုလုံနေသော စစ်ပြေးဒုက္ခသည် တထောင်ကျော်အတွက်  အစားအသောက်နှင့် ရိက္ခာ တလစာကို ကုလအဖွဲ့များက ထောက်ပံ့ပေးခဲ့သည်။ကုလသမဂ္ဂ အဖွဲ့အစည်းများ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး UNOCHA၊ ကုလ ပညာရေးနှင့် ကလေး သူငယ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF၊ ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ လာရောက်လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း ယင်းအဖွဲ့များ ပထမဆုံးအကြိမ် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့သို့
ရောက်ရှိလာကာ အိမ်တွင်းသုံး ကယ်ဆယ်ရေးပစ္စည်းအစုံ ၈၀၀ လှူဒါန်းပေးခဲ့သည်။ယခုတကြိမ်မှာ တတိယအကြိမ်မြောက် လှူဒါန်းခြင်း ဖြစ်သည်။

၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် ၂ဝ၁၁ ခုနှစ်၊ ဇွန် ၉ ရက်နေ့မှ စတင်ကာ မြန်မာအစိုးရနှင့် KIO တပ်ဖွဲ့များ တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့သဖြင့် ဒေသခံပြည်သူအများ အိုးအိမ်စွန့်ခွာ၍ ထွက်းပြေး တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။စစ်ပွဲ တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် လိုင်ဇာမြို့ KIO ဗဟိုဌာနချုပ်နှင့် ဒုက္ခသည် စခန်းတိုင်းတွင် ဆုတောင်း ဝတ်ပြုမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ဦးဒွဲပီဆားက ပြောသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ရပ်စဲရန်နှင့် စစ်ပြေးဒုက္ခသည်များအတွက် လူမှုဘေးဒုက္ခများ အမြန်ဆုံး ချုပ်ငြိမ်းစေရန်အတွက် ပြည်တွင်းပြည်ပ ကချင် လူငယ်များနှင့် လူမှုအဖွဲ့အစည်းများက ငြိမ်းချမ်းရေး လှုပ်ရှားမှုများ ပြုလုပ် ကြမည် ဖြစ်သည်။ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO တို့ ၅ ကြိမ်ထက်မနည်း တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း သဘောတူညီ မှု မရသေးဘဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။


အထွေထွေ အာမခံ ကုမ္ပဏီတခု အရင်းအနှီး ကျပ်သန်းထောင်ပေါင်း ၄၀ လို

ပုဂ္ဂလိက အထွေထွေ အာမခံ ကုမ္ပဏီ တည်ထောင် လုပ်ကိုင်ရန် အတွက် မတည်ရင်းနှီးငွေ အနည်းဆုံး ကျပ် သန်းထောင်ပေါင်း ၄၀ (အမေရိကန်ဒေါ်လာ သန်း ၅၇ ခန့်) နှင့် အသက်အာမခံ ကုမ္ပဏီ တည်ထောင် လုပ်ကိုင်ရန်အတွက် မတည်ရင်းနှီးငွေ ကျပ်သန်း ခြောက်ထောင် (အမေရိကန်ဒေါ်လာ ခုနှစ်သန်းခန့်) ရှိရန် လိုအပ်မည် ဖြစ်ကြောင်း မြန်မာ့ အာမခံလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးမောင်မောင်သိမ်း က ပြောသည်။

ထိုကဲ့သို့ ပုဂ္ဂလိက အာမခံ ကုမ္ပဏီများထံမှ မတည် အပ်နှံငွေကို တနှစ်ပြည့်ပြီးပါက ၆ဝ ရာခိုင်နှုန်းကို လုပ်ငန်း လည်ပတ်ရန် ပြန်လည် ထုတ်ပေးမည် ဖြစ်ပြီး ကျန်ရှိသော ၄ဝ ရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းကို မြန်မာ့စီးပွားရေးဘဏ် တွင် ပုံသေ အပ်နှံထားရမည် ဖြစ်ကာ ဘဏ်တိုးခံစားခွင့် ရရှိနိုင်မည် ဖြစ်သည်။ ကျန် ၃ဝ ရာခိုင်နှုန်းကို ငွေတိုက်စာချုပ် (Treasure Bond) ဝယ်ယူအပ်နှံထားရမည်ဟု ဦးမောင်မောင်သိမ်းက ဆိုသည်။

မတည်အပ်နှံ ရင်းနှီးငွေများ တောင်းခံရခြင်းမှာ အာမခံကုမ္ပဏီ အရေအတွက်ကို ထိန်းချုပ်လိုခြင်း ဖြစ်ပြီး အရင်းအနှီး မလုံလောက်သော အာမခံ ကုမ္ပဏီ အရေအတွက် များစွာ ပေါ်ပေါက်လာပါက နောင်တွင် အာမခံ လျော်ကြေးငွေ မပေးနိုင်ခြင်းနှင့် ကုမ္ပဏီ ပြိုကွဲခြင်းတို့ ဖြစ်ပေါ်ခြင်းကို ဟန့်တားလိုခြင်း ဖြစ်ကြောင်း ဇွန်လ ၃ ရက်နေ့တွင် ကျင်းပသော ဟောပြောပွဲတခုတွင် ၎င်းက ဆိုသည်။လျှောက်လွှာများကို ယခုလက်ရှိ လုပ်ကိုင်လျက်ရှိသော ပုဂ္ဂလိက ဘဏ် ၁၈ ခုလုံးက ဝယ်ယူထားပြီး ထင်ရှားကျော်ကြားသော လုပ်ငန်း ကုမ္ပဏီများအနက် ရွှေတောင် ကုမ္ပဏီနှင့် စိန်နန်းတော် ရွှေနန်းတော် ရတနာ ရွှေဆိုင် ကုမ္ပဏီတို့ ပါဝင်သည်ဟု ဆိုသည်။နိုင်ငံခြားကုမ္ပဏီများ ဖြစ်သော ဟောင်ကောင်အခြေစိုက် AIA Insurance အာမခံ ကုမ္ပဏီနှင့် အမေရိကန် အခြေစိုက် Star Insurance ကုမ္ပဏီတို့က မြန်မာနိုင်ငံတွင် ပုဂ္ဂလိက အာမခံ တည်ထောင်ရေး အလားအလာများနှင့် ပတ်သက်ပြီး လာရောက်မေးမြန်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သေးသည်ဟု ၎င်းက ဆိုသည်။

ထိုကဲ့သို့ ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ တည်ထောင်လုပ်ကိုင်ခွင့် ပြုခြင်းသည် ပြည်တွင်းတွင် တိုးတက်များပြား လာသော ကုမ္ပဏီ အရေအတွက်နှင့် အာမခံထားသော ပမာဏများကို မြန်မာ့အာမခံ ကုမ္ပဏီတခုတည်း အနေဖြင့် မနိုင်နင်းနိုင်သောကြောင့် ပုဂ္ဂလိက ကုမ္ပဏီများကို ခွင့်ပြုခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။



အဆိုပါ ဟောပြောပွဲတွင် ဦးမောင်မောင်သိမ်းက အာမခံ လုပ်ငန်းများ၏ ကောင်းကျိုး၊ ကုမ္ပဏီ တည်ထောင်လုပ်ကိုင်ခြင်း၏ အကျိုးအမြတ်များနှင့် အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ထည့်သွင်း ဟောပြောသွားသည်။

ထိုကဲ့သို့ အောင်မြင်မှုများ ရှိသကဲ့သို့ ၁၉၇ဝ ခုနှစ်နှင့် ၂ဝဝ၃ ခုနှစ် ၃၃ နှစ်တာ ကာလအတွင်း ကမ္ဘာပေါ်တွင် ဒေဝါလီ ခံသွားရသော အာမခံ ကုမ္ပဏီပေါင်း ၇ဝဝ ခန့် ရှိရာ တနှစ်လျှင် ကုမ္ပဏီပေါင်း ၂ဝ ကျော်ခန့် ဒေဝါလီ ခံရမှုများ ရှိနေသည်ဟု ဆိုသည်။

၁၉၉ဝ ခုနှစ်နှင့် ၂ဝဝဝ ပြည့်နှစ်အတွင် အမေရိကန် အာမခံ ကုမ္ပဏီများထဲမှာ အသက်အာမခံ ကုမ္ပဏီ သုံးခု ဒေဝါလီ ခံခဲ့ရပြီး ၂ဝဝ၈ ခုနှစ်တွင် အမေရိကန် အကြီးဆုံး အာမခံ ကုမ္ပဏီတခုဖြစ်သော AIG (American Insurance Group) ဒေဝါလီခံရမည့် အခြေအနေသို့ ဆိုက်ရောက်စဉ်က အများပိုင် ကုမ္ပဏီ ဖြစ်သဖြင့် အမေရိကန် အစိုးရက ဝင်ရောက် ကယ်တင်ပေးလိုက်ရသည့် ဖြစ်စဉ်များလည်းရှိကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ဟောပြောပွဲသို့ တက်ရောက်လာသော အမည် မဖော်လိုသူ စက်ရုံ လုပ်ငန်းရှင်ကြီးတဦးက ပြောကြားရာတွင် “အခုလို ပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေ တည်ထောင် လုပ်ကိုင်ခွင့် ပေးတာ ကောင်းပါတယ်။ အခု အခြေအနေအတိုင်း ဆိုရင် မတည် ရင်းနှီးငွေများလို့ ပုဂ္ဂလိက ဘဏ်တွေလောက်ပဲ အာမခံကုမ္ပဏီ တည်ထောင် လုပ်ကိုင်ဖို့ များပါတယ်” ဟု ၎င်းက ဆိုသည်။

ပုဂ္ဂလိက ကုမ္ပဏီများအား အာမခံ လုပ်ငန်းလုပ်ကိုင်ခွင့် ပေးရာတွင် အာမခံထားသော ပြည်သူများအနေဖြင့် ယုံကြည် ကိုးစားမှု အပြည့်အဝရှိရန် လိုအပ်ပြီး နာဂစ်မုန်တိုင်းကဲ့သို့ ပျက်စီးမှု ကြီးမားသော အခါများတွင် ပုဂ္ဂလိက အာမခံ ကုမ္ပဏီများမှ လျော်ကြေး ပေးနိုင်မှု ရှိ/မရှိနှင့် ပတ်သတ်၍ မေးခွန်းထုတ်စရာ ဖြစ်ပြီး အာမခံ လျော်ကြေးပေးမှု ပမာဏနှင့် ပတ်သတ်ပြီး အငြင်းပွားစရာ ဖြစ်ပေါ်လာပါက မည်သို့ ဖြေရှင်းနိုင်မည်ကိုလည်း တိကျသော နည်းဥပဒေ များ ရှိရန် လိုအပ်မည် ဟု ၎င်းက ဆိုသည်။

မြန်မာ့အာမခံလုပ်ငန်းသည် မြန်မာနိုင်ငံတွင် တခုတည်းသော အာမခံလုပ်ငန်းအဖြစ် ၁၉၆၅ ခုနှစ်မှ စတင်ကာ ၄၇ ခုနှစ်ကြာ ရပ်တည်လာခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် ပုဂ္ဂလိက အာမခံ ကုမ္ပဏီ တည်ထောင် လုပ်ကိုင် ခွင့်ပြုရန် စတင်ပြန်လည် စီစဉ်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးခါစတွင် ပုဂ္ဂလိက အာမခံ ကုမ္ပဏီပေါင်း ၁ဝဝ ကျော် ရှိခဲ့သော်လည်း ၁၉၆၂ ခုနှစ်တွင် ဆိုရှယ်လစ် အမည်ခံ ဦးနေဝင်း စစ်အစိုးရ အာဏာသိမ်းကာ အုပ်ချုပ်ခဲ့ပြီးနောက်ပိုင်း ၁၉၆၅ ခုနှစ်တွင် ပုဂ္ဂလိက ကုမ္ပဏီများ အားလုံးကို ပြည်သူပိုင် သိမ်းခဲ့သည်။အစိုးရပိုင် မြန်မာ့ အာမခံလုပ်ငန်း တခုသာ ရှိသဖြင့် ပြည်သူများအနေဖြင့် အာမခံ လုပ်ငန်းအကြောင်း နားမလည် သူများလည်း များပြားကြောင်း၊ နားလည်သူများကလည်း အာမခံကြေး ပေးသွင်းရမည့် လုပ်ထုံးလုပ်နည်းများကိုကောင်းစွာ သဘော မပေါက်သောကြောင့် အာမခံထားသူ နည်းပါးလျက် ရှိကြောင်း ဦးအောင်လွင်က ဆိုသည်။
အစိုးရပိုင် မြန်မာ့အာမခံလုပ်ငန်းနှင့် ပူးပေါင်း လုပ်ကိုင်နေသော အာမခံ ကိုယ်စားလှယ်ပေါင်း ၈ဝဝ ကျော် ရှိသည်ဟု လည်း မြန်မာ့ အာမခံလုပ်ငန်း အထွေထွေ မန်နေဂျာ ဦးမောင်မောင်သိမ်းက ဆိုသည်


စစ်ရေးနှင့် ပြည်သူ့လူမှု ဖူလုံရေးများကို KNPP အဓိကထား ဆွေးနွေးမည်

အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးကို မတ်လ ၇ ရက်နေ့က မူအားဖြင့် သဘောတူညီမှု ရှရှိခဲ့သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP သည် ဇွန်လ ၉ ရက်နေ့တွင် လွိုင်ကော်မြို့၌ ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ထပ်မံတွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။ယခု သွားရောက်တွေ့ဆုံမည့် KNPP ကိုယ်စားလှယ်အဖွဲံတွင် အဖွဲ့ဝင် ၉ ဦး ပါဝင်မည်ဖြစ်သည်။

ယခင် ဆွေးနွေးပွဲ၌ သဘောတူညီချက် မရရှိခဲ့သည့် အစိုးရ တပ်ခစန်းများ KNPP နယ်မြေဘက်သို့ တိုးချဲ့နေခြင်း များ၊ ဒေသတွင်း အမာခံ တပ်ခစန်းများမှအပ ပြည်သူလူထုအပေါ် သွားလာရေးနှင့် နေ့စဉ် ဘဝ နေထိုင်လုပ်ကိုင် စားသောက်မှုများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည့် တပ်စခန်းများ ရုပ်သိမ်းပေးရေးကို ယခု ဆွေးနွေးပွဲ၌ အကျေအလည် ဆွေးနွေးဖွယ် ရှိကြောင်း သိရပါသည်။ပြီးခဲ့သည့် အပတ်၍ တွေ့ဆုံခဲ့ရာ၌ KNPP ဘက်မှ စစ်ရေး၊ နိုင်ငံရေး၊ လူထုဘဝ လုံခြုံရေးအတွက် အာမခံချက် ရရှိရေး စသည့် အချက်များ ပါဝင်သည့် တောင်းဆိုချက် (၂ဝ) အား KNPP ဘက်မှ တင်ပြခဲ့သည့် အနက် နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲရန်၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ် ထားရှိရန်၊ နယ်မြေ ဖြတ်သန်း သွားလာရာ၌ နှစ်ဖက် တပ်များ အပြန်အလှန် အသိပေး သွားလာကြရန် စသည့် အချက်သို့သာ မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပါသည်။

KNPP နှင့် မြန်မာအစိုးရတို့သည် ၁၉၉၅ ခုနှစ် စစ်အစိုးရ လက်ထက်၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တကြိမ် ရရှိခဲ့ဖူးသော်လည်း သုံးလခန့်သာ ကြာမြင့်၍ ပျက်ပြားခဲ့ကာ နှစ်ဖက်အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့ပါသည်။ ယခုကဲ့သို့ အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် KNPP နှင့် စစ်အစိုးရတို့သည် ထိုင်းမြန်မာ နယ်စပ်၌နှစ်ကြိမ်တိုင်တိုင် ပမာဏ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတ၀န်း လျှပ်စစ်မီး အချိန်ပြည့်ပေးနေပြီဟု အစိုးရထုတ်ပြန်

မြန်မာ တနိုင်ငံလုံးကို လျှပ်စစ်မီး ၂၄ နာရီဖြန့်ဖြူးပေးနေပြီ ဖြစ်ကြောင်း အမှတ် (၂) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနက ဇွန်လ ၄ ရက် နေ့တွင် တရားဝင် ထုတ်ပြန် ကြေညာလိုက်သည်။
ရန်ကုန်တိုင်းနှင့် မန္တလေးခရိုင်ရှိမြို့တွင်းမြို့နယ်များအား ယခုလ ၂ ရက်နေ့က စ၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေလျက် ရှိသကဲ့သို့ ကျန်ပြည်နယ်နှင့် တိုင်းများအားလုံးကိုလည်း ယခုလ ၅ ရက်နေ့ မှစတင်ကာ လျှပ်စစ် ဓာတ်အား ၂၄ နာရီအပြည့် ဖြန့်ဖြူးပေးနေကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။
“၂၃၀ ကေဗီ ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း ပြတ်သွားတယ်ဆိုတာ အရင် ဌာနက ထုတ်ပြန်ထားတယ်လေ။ အဲဒါကြောင့်မို့ ဓာတ်အား ပြတ်တာပါ။ အခု အဲဒါတွေကလည်း ပြန်ရလာပြီး ဓာတ်အားစနစ်မှာလည်း ဓာတ်အား ထုတ်လုပ်နိုင်မှု တိုးတက် လာ တယ်၊ အဲဒါကြောင့်မို့ အခုလိုပြန်ပေးနိုင်တာပါ”ဟု ရန်ကုန်တိုင်း အမှတ် (၂) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန တာဝန်ရှိသူ ဦးကျော်ဌေးမြင့် က ဧရာဝတီသို့ ပြောသည်။
နိုင်ငံတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရေးအတွက် ယခုရက်ပိုင်းထုတ် အစိုးရသတင်းစာများတွင် ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိက ကုမ္ပဏီများကို လာရောက်ရင်းနှီးမြှုပ်နှံရန် အမှတ် (၂) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန က တရားဝင်ဖိတ်ခေါ်မှုများ ပြုလုပ်နေသည် ကို လည်း တွေ့ရသည်။
လျှပ်စစ်မီး မရသဖြင့် ယခင်လ တတိယပတ်မှ စ၍ မန္တလေး၊ ရန်ကုန်နှင့် ပြည်နယ်တိုင်းများရှိမြို့တချို့က လူစည်ကားရာ နေရာများ တွင် ဖယောင်းတိုင်များထွန်းညှိကာ လျှပ်စီးမီး အချိန်ပြည့် ရရှိရေး တောင်းဆိုနေသူများကလည်း မီးပုံမှန်ရရှိပြီ ဖြစ်သဖြင့် ဆန္ဒပြ တောင်းဆိုမှုများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ပြောဆိုကြသည်။
“ကျနော်တို့ စပြီး ဆန္ဒပြတဲ့ နှစ်ရက်မြောက်လောက်မှာပဲ တရက်ကို တနာရီလောက် တိုးပေးလာတာကိုတွေ့ရတယ်။ ဒီလ ၃ ရက် နေ့မှာတော့ တရက်ကို လျှပ်စစ်မီး နာရီ ၂၀ လောက်ထိရလာတာနဲ့ ကျနော်တို့ရဲ့ တောင်းဆိုမှုတွေကို အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်း လျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုတွင် ဦးဆောင်ပါဝင်သူ နိုင်ငံရေးအကျဉ်းသား မိသားစု အကျိုးဆောင်ကွန်ရက် တာဝန်ခံ ကိုဟန်ဝင်းအောင် က ပြောသည်။
လျှပ်စစ်မီး အချိန်ပြည့် ရရှိရေး တောင်းဆိုဆန္ဒပြခဲ့ကြသော ပြည်နယ်နှင့် တိုင်းများက လှုပ်ရှားသူများကလည်း လျှပ်စစ်မီး ပုံမှန်ရရှိလာသည်နှင့်အမျှ ဆန္ဒပြမှုအား ရပ်တန့်လိုက်ကြပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ယခုအခါ လျှပ်စစ်မီး ပုံမှန်ရရှိလာခြင်းကြောင့် ရန်ကုန်၊ မန္တလေးနှင့် ပဲခူးမြို့များရှိမြို့ခံများကလည်း လတ်တလောတွင် ပျော်ရွှင်နေကြ သည်ဟု ဆိုသည်။
ရန်ကုန် စမ်းချောင်းမြို့နယ်ရှိ စားသောက်ဆိုင် ပိုင်ရှင် တဦးက “အခုကတော့ မီးကအချိန်ပြည့်လိုပဲ လာနေတယ်။ မပျက်တော့ ဘူးလို့ ထင်တာပဲ၊ မီးလာတော့ မီးစက်သုံးစရာ မလိုတော့ဘူးပေါ့ဗျာ။ အရင်တိုင်းဆို ဆီဖိုးနဲ့တင် စရိတ်ထောင်းတာ”ဟု ပြောသည်။
မန္တလေးသား တဦးက“အခုတော့ လာနေတယ်လေ၊ ၂၄ နာရီလာပြီလို့ ပြောနိုင်ပါတယ်။ စောင့်ကြည့်ဖို့လိုသေးတယ်”ဟု ပြောဆို သကဲ့သို့ ပဲခူးမြို့ခံ တဦးကလည်း“ပျက်လည်း ခဏပဲကြာတယ်၊ တနေ့ကို နာရီ ၂၀ လောက်လာတယ်”ဟု ပြောသည်။
စက်မှုဇုန်များအား လျှပ်စစ်ဖြန့်ဖြူးပေးနေမှုကို ယခင်အတိုင်း တရက် ၅ နာရီနှုန်းဖြင့် အုပ်စု နှစ်စုခွဲကာ ဖြန့်ဖြူးပေးလျက် ရှိကြောင်း ရန်ကုန်တိုင်း အမှတ် (၂) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန က ပြောသည်။
မေလ ၁၉ ရက်နေ့မှ စ၍ လျှပ်စစ်မီး ဖြတ်တောက်ခံရမှုကြောင့် ရန်ကုန်မြို့ အခြေစိုက် ပြည်ပပို့ ရေထွက်ကုန် အအေးခန်း စက်ရုံ ၇၀ ကျော် အနက်မှ ၅၀ ခန့် ရပ်နားခဲ့ရပြီး ယခုအခါ စက်ရုံတချို့ ပြန်လည်ပတ်နေပြီဟု စုံစမ်းသိရှိရသည်။
ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသော ရှမ်းပြည်နယ် မြောက်ပိုင်း ပန်ကနိုင်း ကျေးရွာ အနီးရှိ ၂၃၀ ကေဗီ ရွှေလီ-မန်စံ မဟာ ဓာတ်အားလိုင်းမှ အမှတ် ၇၃၊ ၂၀၆၊ ၂၀၇၊ ၂၀၈ တာဝါတိုင်များ မေလ ၁၈ ရက်နေ့က မိုင်းခွဲဖျက်ဆီး ခံခဲ့ရပြီး လျှပ်စစ်မီးပြတ်တောက်မှုများဖြစ်ခဲ့ ရကြောင်း အစိုးရက မေလ ၂၀ ရက်နေ့က နိုင်ငံပိုင် သတင်းစာများမှ တဆင့် ထုတ်ပြန်ခဲ့သည်။
တာဝါတိုင်များ ဖောက်ခွဲခံရမှုနှင့် ပတ်သက်၍ အစိုးရက ကချင်ပြည် လွတ်လပ်ရေး အဖွဲ့(KIO) လက်အောက်ခံ ကချင်ပြည် လွတ် လပ်ရေး တပ်မတော်(KIA)က တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သတင်းစာများကတဆင့် တိုက်ရိုက် စွပ်စွဲခဲ့သည်။
ယင်းနယ်မြေတွင် အစိုးရတပ်များ၊ KIA ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSA-N) နှင့် အခြားလူမျိုးစု တပ်ဖွဲ့များလည်း လှုပ်ရှားနေသဖြင့် ဖောက်ခွဲသူလက်သည် ပြောဆိုရန် ခက်ခဲကြောင်း ယင်းကိစ္စကိုလည်း KIO က စုံစမ်းနေကြောင်း KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် က ဧရာဝတီသို့ ပြောဆိုထားသည်။

ဒုတိယ၀န်ကြီး နှစ်ဦး ရာထူးမှ နှုတ်ထွက်

စီးပွားရေးအရ အရေးပါတဲ့ ၀န်ကြီးဌာနနှစ်ခုက ဒုတိယ၀န်ကြီး နှစ်ဦးကို ရာထူးက နှုတ်ထွက်ခွင့်ပြုကြောင်း ထုတ်ပြန်ချက် တစ်ရပ် နိုင်ငံပိုင်သတင်းစာတွေမှာ မနေ့က ဖော်ပြပါရှိခဲ့ပါတယ်။
ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင့်လွင်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင်တို့ကို မိမိတို့ သဘောဆန္ဒအလျောက် ရာထူးက နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သမ္မတ ဦးသိန်းစိန် အနေနဲ့ ထုတ်ပြန်ကြေညာခဲ့တာပါ။
မြန်မာနိုင်ငံမှာ ၀န်ကြီး သို့မဟုတ် အဆင့်မြင့်အရာရှိကြီးတစ်ဦး ရာထူးက ဖြုတ်ပယ်ခံရပြီဆိုရင် အစိုးရ သတင်းမီဒီယာတွေမှာ အခုလို “ မိမိသဘောဆန္ဒအလျောက် ”၊ ဒါမှမဟုတ် “ ကျန်းမာရေးအရ ” ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ ဖော်ပြလေ့ရှိတယ်လို့ ရိုက်တာ သတင်းဌာနက ရေးသားပါတယ်။
အခုလို ဒုတိယ၀န်ကြီးနှစ်ဦး ဘာကြောင့်နှုတ်ထွက်တယ်၊ သူတို့နေရာမှာ ဘယ်သူတွေကို ခန့်အပ်မယ်ဆိုတာ မသိရပါဘူး။ ဒါပေမဲ့ နေပြည်တော်က အမည်မဖော်လိုသူ အကြီးတန်း အရာရှိတစ်ဦးကတော့ ဒါဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာရေးအတွက် သမ္မတရဲ့ကြိုးပမ်းချက် တစိတ်တပိုင်းဖြစ်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ဒါ့အပြင် ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်း ၀န်ကြီးဌာနနဲ့ စွမ်းအင်ဝန်ကြီးဌာနတွေဟာ မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ ဌာနတွေထဲမှာ ပါဝင်ကြောင်း၊ အဲဒီဌာနနှစ်ခုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ ပြည့်ကျပ်နေကြောင်း၊ အခု ဒုတိယ၀န်ကြီး နှစ်ဦး နှုတ်ထွက်တဲ့ကိစ္စဟာ သမ္မတရဲ့အစီအစဉ်ထဲက တစ်ခု ဖြစ်နိုင်ကြောင်း၊ အစိုးရအဖွဲ့ထဲမှာ နောက်ထပ်အပြောင်းအလဲတွေ ဖြစ်လာနိုင်ဖွယ် ရှိကြောင်းလည်း အဲဒီအရာရှိကြီးက ပြောဆိုခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ နှစ်လလောက်က အစိုးရအဖွဲ့အတွင်း လူပုဂ္ဂိုလ်နဲ့ ရာထူး အပြောင်းအလဲကြီးတွေ ဖြစ်တော့မယ်၊ ၀န်ကြီး ငါးဦး ဖယ်ရှားခံရနိုင်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
မနေ့က ကြေညာခဲ့တဲ့ ဒုတိယ၀န်ကြီး နှစ်ဦး ရာထူးက နှုတ်ထွက်တဲ့ ကိစ္စဟာ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ (၁၅) လ သက်တမ်းအတွင်း ပထမဦးဆုံး ဖြစ်ပါတယ်။အလားတူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသာဦးကိုလည်း မိမိ သဘောဆန္ဒအလျောက် ရာထူးက နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာ့ပြုပြင်ပြောင်းလဲမှု သင်ခန်းစာယူဖို့ မြောက်ကိုရီးယားကို သမ္မတ လီမြောင်ဘတ် တိုက်တွန်း

မြောက်ကိုရီးယား အနေနဲ့ မြန်မာနိုင်ငံက နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေကို သင်ခန်းစာယူပြီး တိုင်းပြည်ကို အမှောင်ချထားရာကနေ ရုန်းထွက်ဖို့ တောင်ကိုရီးယားသမ္မတ Lee Myung-Bak က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

NDF ပါတီ ပြန်လည်ပြင်ဆင် တိုးချဲ့ဖွဲ့စည်းမည်

အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီကို ပြန်လည်ပြင်ဆင် တိုးချဲ့ဖွဲ့စည်းဖို့အတွက် ရှေ့သီတင်းပတ် ဇွန်လ ၁၆ နဲ့ ၁၇ ရက်နေ့တွေမှာ ပါတီ ဗဟိုဦးစီးအဖွဲ့ စုံညီအစည်းအဝေးကို ခေါ်ယူကျင်းပမယ်လို့ သတင်းရရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အလုပ်သမားအရေး ဆောင်ရွက်နေသူများနှင့် တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အလုပ်သမားရေး ဆောင်ရွက်နေသူ ၇ ဦးကို မနေ့က ခေါ်ယူတွေ့ဆုံပြီး အလုပ်သမားတွေရဲ့ လက်ရှိအခြေအနေအရပ်ရပ်ကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
ဒီတွေ့ဆုံပွဲမှာ NLD သဘာပတိအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဦးသန်းထွန်းတို့လည်း ပါဝင်ပြီး ရန်ကုန်မြို့ ရွှေဂုံတိုင်က NLD ရုံးချုပ်မှာ လက်ခံတွေ့ဆုံခဲ့တာပါ။လာမယ့်ဇွန်လ ၁၄ ရက်နေ့မှာကျင်းပမယ့် ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆွေးနွေးတဲ့အခါ မြန်မာ့အလုပ်သမားအခြေအနေတွေ ပြည့်ပြည့်စုံစုံ တင်ပြနိုင်အောင် အလုပ်သမားအရေး ဆောင်ရွက်နေသူတွေကို ခေါ်ယူမေးမြန်းတာလို့ တွေ့ဆုံပွဲမှာပါဝင်ခဲ့တဲ့ Labour Solidarity ခေါ် အလုပ်သမားသွေးစည်း ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ညွန့်က ပြောပါတယ်။
သူတို့အနေနဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေ သင့်တင့်မျှတတဲ့ အခြေခံလုပ်ခလစာရရေး ဥပဒေတစ်ခု ပေါ်ထွက်လာအောင်၊ အလုပ်သမားတွေအတွက် ရေရှည်အကျိုးခံစားခွင့်တွေနဲ့ အလုပ်သမားအခွင့်အရေး ကာကွယ်တဲ့ ဥပဒေတွေ ပေါ်ထွက်လာအောင် ဆက်လက်ကြိုးပမ်း သွားမယ်လို့လည်း ဆိုပါတယ်။
အလုပ်သမားဆိုရာမှာ စစ်တပ်တို့ ရဲတို့လို လက်နက်ကိုင်အဖွဲ့အစည်းဝင်တွေကလွဲလို့ ကျန် အစိုးရ အရပ်သား ဝန်ထမ်းတွေလည်း ပါဝင်ကြောင်း သတ်မှတ်ထားတယ်လို့ ဦးဇော်ညွန့်က ပြောပါတယ်


အလုပ်သမားကိစ္စရပ်များ ဆောင်ရွက်ပေးနေသည့် အဖွဲ့ ခုနှစ်ဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တွေ့ဆုံ

အလုပ်သမားရေးရာကိစ္စများ ဆောင်ရွက်ပေးနေသည့် အဖွဲ့ခုနှစ်ဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ မေလ ၆ ရက်နေ့က ပထမဆုံး အကြိမ်တွေ့ဆုံခဲ့ကြောင်း သတင်းရ ရှိသည်။

ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့အလုပ်သမားများ သွေးစည်းညီညွတ်ရေးအဖွဲ့ချုပ်မှ ဦးဇော်ညွန့်၊ (၁၉၇၄)ခုနှစ် အလုပ်သမား အရေးအခင်းခေါင်းဆောင် ဦးကျော်အောင်၊ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများအဖွဲ့မှ ဦးညီညီဇော်၊ လွတ်လပ်သော အလုပ်သ မားသမဂ္ဂများ ပေါ်ပေါက်ရေးကော်မတီမှ ဒေါ်အိရွှေစင်ညွန့်၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှေက်ရေးအဖွဲ့မှ ဦးကံမြင့်၊ Together Capacity Building မှ ဒေါ်ခင်စောယုနှင့် အလုပ်သမားအရေး အတိုင်ပင်ခံနှင့် ဥပဒေပညာရှင် ဦးဌေးတို့ ပါဝင်ကြောင်း သိရသည်။ 

ဒီနေ့ တွေ့ဆုံတဲ့ပွဲမှာ အဓိကအားဖြင့်တော့ မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂတွေ ပေါ်ပေါက်ဖို့နဲ့ ဒီအဖွဲ့တွေကလည်း နိုင်ငံရေးပါတီတွေရဲ့ လက်ကိုင်တုတ်မဖြစ်ဖို့ကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒီအလုပ်သမားတွေက လွတ်လွတ်လပ်လပ် ရှိရမယ်။ ကိုယ်ပိုင် အဖွဲ့အစည်းတွေကို ဖွဲ့စည်းနိုင်ရမယ်။ နောက်ပြီး ဒီအဖွဲ့တွေကို သင်တန်းပေးဖို့ ဒါတွေကို ပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြောကြားခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။ အခု အလုပ်သမားအရေးတွေကို လိုက်လံဆောင်ရွက်ပေးနေပေမယ့် တချို့ကိစ္စတွေမှာ အလုပ်ရှင်နဲ့ တိုက်ရိုက်တွေ့ဆုံခွင့်မရတာတွေ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ကျွန်တော်တို့ထက် အများကြီး လုပ်ဆောင်ပေးနိုင်တယ်။ ဒီ့အတွက် တွေ့ဆုံပြောကြားခွင့်ရလို့ အများကြီး ၀မ်းသာပါတယ်။ တွေ့ဆုံချိန်ကတော့ ၁ နာရီကြာမြင့်ခဲ့ပါတယ်'' ဟု အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများအဖွဲ့မှ ကိုညီညီဇော်က ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဇွန်လတွင် ဂျနီဖာ၌ ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO- Internatinonal Labour Organization) အစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရာက်မည်ဖြစ်ပြီး ယင်းအခမ်းအနား၌ မြန်မာနိုင်ငံမှ အလုပ်သမားများ ကြုံတွေ့နေရသည့် အခြေအနေ၊ လုပ်ကိုင်ဆောင်ရွက်နေရမှုများနှင့် ပတ်သက်၍ နိုင်ငံတကာသို့ တင်ပြလိုသည့် အချက်များအား အဆိုပါအဖွဲ့ခုနှစ်ဖွဲမှ ဒေါ်အောင်ဆန်းစုကြည်သို့ စုဆောင်းတင်ပြပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ထိုင်းနိုင်ငံ မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး တိုးတက်ရရှိဖို့ အခြေအနေရှိ

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံအာဏာပိုင်တွေ ရွှေ့ပြောင်းအလုပ်သမားများ အရေးကို ဆွေးနွေးပြီးတဲ့နောက် အခုရက်ပိုင်းမှာ မြန်မာအလုပ်သမား အခွင့်အရေးဆိုင်ရာများ တိုးတက်ရရှိဖို့ အခြေအနေရှိတယ်လို့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေက ပြောကြပါတယ်။ပြီးခဲ့တဲ့ အပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို ရောက်ရှိစဉ် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အရေးနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်အပြင် ထိုင်း အလုပ်သမား ဒုတိယ၀န်ကြီးတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး နောက်ပိုင်းမှာ တိုးတက်မှု အရိပ်အရောင်တွေ ရရှိခဲ့တယ်လို့ ဆိုကြပါတယ်။
ထိုင်းနိုင်ငံ မဟာချိုင်က အလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးတိုးက -
"ထူးခြားမှုတစ်ခုကတော့ ကျွန်တော်တို့အလုပ်သမားတွေ ဒီလ ၁၄ ရက်နေ့ ဆိုလို့ရှိရင် ဘတ်သက်တမ်း ကုန်မယ်ဟုတ်လား။ အဲဒါကို လောလောဆယ် ကာလတိုးပေးလိုက်တယ်။ ဒီဇင်ဘာလ ၁၄ ရက်နေ့အထိအောင် တိုးပေးလိုက်တယ်"
ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေအနေနဲ့ တရားဝင်နေထိုင် လုပ်ကိုင်နိုင်ရေးဟာ အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အလုပ် သမားတွေကို ပြောခဲ့သလို တရားဝင်နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်ကိုင်ခွင့်များရှိဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ဒါ့အပြင် ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းအလုပ်သမားတွေနဲ့ တန်းတူ လုပ်ခလစာရရှိဖို့ အတွက်လည်း ဆောင်ရွက်မှာဖြစ်တယ်လို့ ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်က သတင်းထောက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမားအရေး ဆောင်ရွက်နေသူတွေကတော့ ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအလုပ်သမားတွေနဲ့ တန်းတူ လုပ်ခ လစာရရှိဖို့ ထိုင်းနိုင်ငံ ဥပဒေက ပြဋ္ဌာန်းထားပြီးဖြစ်ပေမဲ့ အလုပ်ရှင်များက လိုက်နာခြင်း မရှိဘူးလို့ ဆိုပါတယ်။ထိုင်းနိုင်ငံအတွင်း အလုပ်သမားတစ်ဦးကို အစိုးရသတ်မှတ်ထားတဲ့ အနိမ့်ဆုံး တစ်နေ့ကို ဘတ် ၃၀၀ ရရှိတဲ့ မြို့နယ် ၇ မြို့နယ်သာ ရှိတာကြောင့် ထိုင်းနိုင်ငံသားတွေ ကိုယ်တိုင် အစိုးရသတ်မှတ်ချက်အတိုင်း ခံစားခွင့် မရသေးဘူးလို့ ပြောဆိုပါတယ်။

အလုပ်ရှင် အလုပ်သမား ယာယီသဘောတူညီချက် အလုပ်ရှင်ဖောက်ဖျက်

လုပ်ခလစာ တိုးပေးဖို့ တောင်းဆိုဆန္ဒပြနေတဲ့ ရန်ကုန်မြို့ စံကောင်း ပီနံအိတ်စက်ရုံမှာ အလုပ်သမားတွေက အစိုးရအရာရှိတွေရဲ့ တိုက်တွန်းမှုကြောင့် သပိတ်ရပ်လိုက်ပေမယ့် စက်ရုံပိုင်ရှင်က အလုပ်သမား ၂၉ ဦးကို မနေ့က အလုပ်ထုတ်ပစ်လိုက်တယ်လို့ သတင်းရရှိပါတယ်။အလုပ်သမားဌာန ဒုတိယ ဝန်ကြီးနဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ စက်ရုံတာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ အလုပ်သမားခေါင်းဆောင်တွေ၊ အလုပ်သမားရေး ဆောင်ရွက်နေသူတွေ ပါဝင်ပြီး မနေ့ကအထိ ညှိနှိုင်းဆွေးနွေးပွဲမှာ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို စက်ရုံပိုင်ရှင်ဘက်က မလိုက်လျောသေးပေမယ့် အာဏာပိုင်တွေရဲ့ တိုက်တွန်းမှုကြောင့် အလုပ်သမားတွေက ဆန္ဒပြပွဲကို မနေ့က ရပ်စဲလိုက်တာပါ။ညှိနှိုင်းပွဲရဲ့ ယာယီသဘောတူညီချက်အရ ဆန္ဒပြအလုပ်သမားတွေကို အလုပ်မထုတ်ရလို့ သတ်မှတ်ချက်ပါရှိနေတဲ့ကြားက အခုလို အလုပ်ထုတ်လိုက်တာလို့ အလုပ်သမားသွေးစည်း ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ညွန့်က ပြောပါတယ်။စံကောင်း ပီနံအိတ်စက်ရုံ အလုပ်သမားတွေရဲ့တောင်းဆိုချက်တွေကို ဆက်လက်ညှိနှိုင်းဖို့ လာမယ့် ဇွန်လ ၁၂ ရက်နေ့နဲ့ ၁၅ ရက်နေ့ကြားမှာ ချိန်းဆိုထားတယ်လို့လည်း သိရပါတယ်။

သတ္ထုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် စွဲဆိုထားသည့် အမှု ဇွန်လ ၂၀ ရက်တွင် ရုံးချိန်း ထပ်မံခေါ်ယူထား

သတ္တုတွင်းဝန်ကြီးဌာနမှ ဂျာနယ်အပေါ်စွဲဆိုထားသည့် အမှုအား နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြသွား သင့် မသင့်အတွက် ဇွန်လ ၆ ရက်နေ့တွင် နှစ်ဖက်ရှေ့နေများက လျှောက်လဲချက် ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ လျှောက်လဲချက်ပေးခဲ့ပြီး နောက်လာမည့် ဇွန်လ ၂၀ ရက်နေ့သို့ ရုံးချိန်းထပ်မံပေးခဲ့ကြောင်း ဒဂုံမြို့နယ် တရားရုံးတွင် ဇွန်လ ၆ ရက်နေ့က ပြုလုပ်သည့် အဆိုပါအမှုရုံးချိန်းမှ သတင်းရရှိသည်။

''သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် ပုဒ်မ ၅၀၀ နဲ့ စွဲထားတဲ့အမှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီ မညီ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဆုံးဖြတ်ချက်ရယူနိုင်ဖို့ လက်ရှိအမှုစစ်ဆေးခြင်းကို ရပ်ဆိုင်းပြီး အမှုကိုခုံရုံးကို ပေးပို့ပေးဖို့ တင်ပြပါတယ်''ဟုThe Voice ဂျာနယ်ဘက်မှ အမှုလိုက်ပါ ဆောင်ရွက်သူ ရှေ့နေဦးသိန်းညွှန့်က တရားရုံးတွင်လျှောက်လဲချက်ပေးခဲ့ပြီး တရားလို ရှေ့နေဘက်မှ အဆိုပါလျောက်လဲချက်ကို ရုံးတော်က လက်ခံရန် မသင့်ကြောင်း တင်ပြခဲ့သည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment