မြန်မာသတင်းများ ဇွန် လ ၈ ရက် ၂၀၁၂
ILO နဲ့ မြန်မာအစိုးရ သဘောတူညီချက်တချို့ရရှိ
ILO က ချမှတ်ထားတဲ့ အဓမ္မလုပ်အားပေး ခိုင်းစေမှု ရပ်ဆိုင်းရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံက ဘယ်လောက်လိုက်နာသလဲဆိုတာ ၁၉၉၉ ခုနှစ်ကတည်းက ILO အဖွဲ့ချုပ် ကျွမ်းကျင်သူများကော်မတီက စောင့်ကြည့်ခဲ့ပြီး မြန်မာအစိုးရက လိုက်နာဆောင်ရွက်မှု ရှိခဲ့တာကြောင့် ILO နဲ့ မြန်မာအစိုးရတို့ အခုလို ပထမဦးဆုံးအကြိမ် သဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ်။ မြန်မာအစိုးရနဲ့ ILO တို့ အခုလို သဘောတူညီမှု ရသွားတာကို ကြိုဆိုကြောင်း ILO ညီလာခံကို တက်ရောက်နေတဲ့ ထိုင်း မြန်မာ နယ်စပ်အခြေစိုက် (FTUB) မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်က ပြောပါတယ်။
ILO နဲ့ သဘောတူညီမှု ရလာအောင် မြန်မာအစိုးရက ဆောင်ရွက်ချက်တွေထဲမှာ ၁၉၀၇ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ မြို့ပြနဲ့ ကျေးရွာအက်ဥပဒေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ဖျက်သိမ်းပေးခဲ့တာမျိုး ၊ သမ္မတဦးသိန်းစိန်က နိုင်ငံအတွင်း အဓမ္မခိုင်းစေမှု လုံးဝပပျောက်အောင် လုပ်ဆောင်သွားမယ်လို့ သူ့မိန့်ခွန်းမှာ ပြောဆိုတာမျိုး၊ ကလေးစစ်သား စုဆောင်းတဲ့ တပ်မတော်သားတွေကို အရေးယူမယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမိန့်ထုတ်ထားတာမျိုး၊ အလုပ်သမား သမဂ္ဂတွေ မှတ်ပုံတင်ခွင့် ပေးတာမျိုး စတဲ့အချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။
လွတ်လပ်သမဂ္ဂများ ပေါ်ပေါက်ရေး ILO မှာ FTUB ဆွေးနွေးမည်
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ILO ညီလာခံတွင် မြန်မာနိုင်ငံတွင်း လွတ်လပ်သော အလုပ်သမားသမဂ္ဂများ ပေါ်ပေါက်ရေးအတွက် တင်ပြဆွေးနွေးမည်ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ FTUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် က ပြောသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းမှု၊ အလုပ်သမားသမဂ္ဂများ ပေါ်ထွက်လာစေရေးနှင့် အလုပ်သမား ဥပဒေ ပြဋ္ဌာန်းလာစေရေး အတွက် ILO အစည်းအဝေးများတွင် နှစ်စဉ်တင်ပြလျက်ရှိသည်။
ယခုအခါ အလုပ်သမားဥပဒေနှင့် နည်းဥပဒေများကို ထုတ်ပြန်လာပြီဖြစ်၍ ထိုဥပဒေများကို ကျင့်သုံးကာ အလုပ်သမား များ၏ စုဖွဲ့မှု၊ ကိုယ်စားပြုမှုများ လိုအပ်ကြောင်း FTUB က ပြောသည်။
မေလ အတွင်းက အလုပ်သမား ဆန္ဒပြပွဲများနှင့် ပတ်သက်၍ အဖြေရှာရန် ဆွေးနွေးသည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် စက်မှုဝန်ကြီးနှင့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက အလုပ်သမား အရေးကိစ္စများ ကာကွယ်ဖြေရှင်းပေးမည့် သမဂ္ဂ အဖွဲ့အစည်းများ အမြန်ဆုံး ဖွဲ့စည်းရန် ထောက်ခံပြောဆိုခဲ့သည်။ အလုပ်သမား အဖွဲ့အစည်း နည်းဥပဒေ အာဏာတည်သည့် မတ်လ ၉ ရက်နေ့မှ စတင်ကာ အဖွဲ့ဝင် ၃ဝ ရှိပါက အခြေခံ အလုပ်သမားအဖွဲ့တခုကို တရားဝင် ဖွဲ့စည်းခွင့် ရရှိမည် ဖြစ်၍ အခြေခံ အလုပ်သမားအဖွဲ့အစည်း ၁၂ ခုအား တရားဝင် ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်သည်။
ILO ညီလာခံ၏ လာမည့် အစည်းအဝေးများတွင် မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခြင်းနှင့် ပါတ်သက်ပြီး ဥပဒေအတိုင်း ကျင့်သုံးခြင်း ရှိ/မရှိကို ဆန်းစစ်ဆွေးနွေးသွားမည်ဟု ဦးမောင်မောင် က ပြောသည်။ စနေနေ့ကလည်း ILO ညီလာခံတွင် မြန်မာနိုင်ငံအရေး အထူးအစည်းအဝေးတခု ကျင်းပကာ ဆုံးဖြတ်ချက်အချို့ ချမှတ်နိုင်ခဲ့ကြောင်း ILO စံသတ်မှတ်ချက်များ လိုက်နာမှု ရှိ/မရှိ စံနှုန်း သတ်မှတ်သည့် ကော်မတီတွင် မြန်မာနိုင်ငံနှင့် ပါတ်သက်ပြီး စနေနေ့က အထူးအစည်းအဝေးတရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။အဓမ္မလုပ်အားပေးကိစ္စ လုံးဝ ပပျောက်သွားစေရန်အတွက် အဆင့်ဆင့် လုပ်ဆောင်ရန် ILO နှင့် မြန်မာအစိုးရအကြား သဘောတူညီချက်များ ရရှိထားပြီဖြစ်ကြောင်း ဇွန်လ ၁၄ ရက်နေ့တွင် အဆိုပါညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။မေလ ၃ဝ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့ထိ ကျင်းပနေသည့် ILO ၏ ၁ဝ၁ ကြိမ်မြောက် အဆိုပါ ညီလာခံသို့ နိုင်ငံပေါင်း ၁၈၃ နိုင်ငံမှ အစိုးရကိုယ်စားလှယ်များ၊ အလုပ်သမား သမဂ္ဂ ကိုယ်စားလှယ်များနှင့် အလုပ်ရှင် ကိုယ်စားလှယ်များ ၄,ဝဝဝ ကျော် တက်ရောက်ကြသည်။

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ပွင့်လင်းမှု မရှိဟု စစ်တမ်းဆို
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရမည့် ဒေသခံများအား လျော်ကြေး များ ပေးရာတွင် ပွင့်လင်းမရှိကြောင်း ထားဝယ် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ DDA က ပြောဆိုလိုက်သည်။
“ထားဝယ် အထူးစီးပွားရေးဇုန် ဒေသခံများ၏ နားလည်သဘောပေါက်မှု” (Local People’s Understandings of the Dawei Special Economic Zone) အမည်ရ သုတေသန စစ်တမ်းမှ ရရှိချက်များကို ရန်ကုန်မြို့တွင် DDA က သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဒေသခံ ရွာသားများနှင့် ကုမ္ပဏီတို့အကြား ညှိနှိုင်းဖြေရှင်းပေးရန် မက်စ်မြန်မာနှင့် ITD ကုမ္ပဏီတို့ ပူးပေါင်းထားသည့် ထားဝယ်အထူးစီးပွားရေးဇုံ အထောက်ကူပြု ကော်မတီ (Dawei Special Economic Zone Suporting Committee) က ဒေသခံများအား ဆုံးရှုံးမြေယာအတွက် ၁ဝ ရာခိုင်နှုန်း လျော်ကြေး ပေးပြီးဖြစ်ကြောင်း ပြီးခဲ့သည့် တလခန့်ကပြောဆိုသော်လည်း ပွင့်လင်းမှု မရှိကြောင်း ထုတ်ဝေသော စစ်တမ်းမှာ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာမှစတင်၍ ၂ဝ၁၂ ခုနှစ် မတ်လထိ၊ လေးလကြာ ထားဝယ်
ရေနက်ဆိပ်ကမ်း စီမံကိန်းနေရာဒေသအတွင်း ကွင်းဆင်း မေးမြန်း လေ့လာခဲ့ခြင်းမှ ရရှိချက်များ ဖြစ်သည်။
လောကအလင်းအဖွဲ့နှင့် DDA အဖွဲ့တို့မှ လူငယ် ၂ဝ ကျော်အား သုတေသန ပညာရပ် သင်ကြားပေးခဲ့ပြီး ထိုစီမံကိန်း အတွင်း နေရာ ခုနှစ်ခုတွင် ဒေသခံ ရွာသားများနှင့် တွေ့ဆုံ ဆွေးနွေးပွဲများ၊ ဒေသခံ ၁၅ဝ ကျော်နှင့် အင်တာဗျုးမေးမြန်းထားထားသည်ဟု ဆိုသည်။ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် ဒေသခံများအတွက် ဆောက်လုပ်ရေး ကုမ္ပဏီ ကိုးခုက အိမ်ခြေ ၃ဝဝ ကျော်ဆောက် လုပ်ပေးနေပြီ ဖြစ်ပြီး လာမည့် စက်တင်္ဘာလတွင် ရွာ ခြောက်ရွာ ပထမဆုံး ပြောင်းရွှေ့ ဖွယ်ရှိကြောင်း စီမံကိန်းကြောင့် ကျေးရွာပေါင်း ၁၉ ရွာ လူဦးရေ ၃၂,၂၇၉ ဦး၊ စာသင်ကျောင်း ၂၁ ကျောင်းနှင့် ဘာသာရေး အဆောက်အအုံ ၂၃ ခု ဖယ်ရှားခံရမည် ဖြစ်ကြောင်း ထားဝယ်ဒေသ DDA အဖွဲ့က ပြုစုထားသော စာရင်းများအရ သိရသည်။
စီမံကိန်းသည် တနင်္သာရီတိုင်း၊ သာဂရမြို့ဟောင်းအနီး တည်ရှိကာ ထားဝယ်မြို့ အနောက်မြောက်ဘက် မိုင် ၂ဝ ခန့်အကွာရှိ ရေဖြူမြို့နယ်၊ နဖူးလယ်ကျေးရွာအနီးတွင် ရှိသည်။
နအဖ အစိုးရလက်ထက် ၂ဝဝ၈ ခုနှစ်က ထိုင်းနိုင်ငံ Italian-Thai Development Public Co.Ltd နှင့် နားလည်မှု စာချွန်လွာ လက်မှတ်ရေးထိုးခဲ့ပြီး ၂ဝ၁ဝ ခုနှစ်တွင် ၇၅ နှစ် လုပ်ငန်း လုပ်ကိုင်ခွင့် သဘောတူစာချုပ် ချုပ်ဆိုထားခြင်းဖြစ်သည်။ စီမံကိန်းကို ၂ဝ၁၄ ခုနှစ်အထိ ငါးနှစ်စီမံကိန်းအဖြစ် ပထမအဆင့်၊ ၂ဝ၁၄ မှ ၂ဝ၁၇ ထိ ဒုတိယအဆင့်၊ ၂ဝ၁၅ မှ ၂ဝ၁၉ ထိ တတိယအဆင့်ဟူ၍ သတ်မှတ် အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။ITD ကုမ္ပဏီက ၎င်းတို့၏ ရေရှည်ဘဏ္ဍာရေး စီမံကိန်းများကို ၂ဝ၁၂ ခုနှစ် မကုန်မီ အပြီးသတ် ရေးဆွဲနိုင်တော့မည်ဟု ကုမ္ပဏီ ဥက္ကဋ္ဌ Premchai Karnasuta က ဧပြီလကုန်ပိုင်းတွင် ပြောကြားခဲ့သည်။

အကြမ်းဖက် သတ်ဖြတ်မှု စုံစမ်းရေးကော်မရှင် လူအများကြိုဆို
ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက် ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးဖို့ ဆိုပြီး အဖွဲ့တဖွဲ့ကို ပြည်ထောင်စုအစိုးရက ဖွဲ့စည်းလိုက်ပါတယ်။ အစိုးရရဲ့ ဒီလုပ်ရပ်ကို ရခိုင် လူမှုအဖွဲ့အစည်း၊ အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းတွေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက ကြိုဆိုကြပါတယ်။ စုံစမ်းရေးအဖွဲ့ အနေနဲ့ အခုဖြစ်ရပ်တွေတင် မဟုတ်ဘဲ ရခိုင်ပြည်နယ်မှာ နေထိုင်ကြသူတွေအကြား သဟဇာတရှိစွာ နေထိုင်နိုင်မယ့် အခြေအနေတရပ်ကို ဖန်တီးနိုင်ရေး အစိုးရကို အကြံပြုပေးနိုင်ရင် ပိုကောင်းမယ်ဆိုတဲ့ သဘောထားမျိုးလည်း ရှိပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ရဲအရာရှိကြီးတွေ၊ အုပ်ချုပ် ရေးမှူးတွေ၊ ဥပဒေ အရာရှိတွေ စသည်အားဖြင့် ၁၆ ဦးပါ စုံစမ်းရေးအဖွဲ့ကို ပြည်ထောင်စု အစိုးရက ဇွန်လ ၆ ရက်နေ့မှာ ဖွဲ့စည်း လိုက်တာပါ။ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ဥပဒေစိုးမိုးရေးကို ထိခိုက် ပျက်ပြားစေတဲ့ လူစုလူဝေးနဲ့ အုပ်စုဖွဲ့ပြီး ဥပဒေမဲ့ ပြုမူဆောင်ရွက်မှုတွေ၊ မင်းမဲ့စရိုက် ဆန်ဆန် လူအုပ်စုဖွဲ့ ရိုက်နှက် သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တဲ့အပေါ် ဖြစ်ရပ်မှန် ဖော်ထုတ် နိုင်ရေးနဲ့ ဥပဒေနဲ့အညီ အရေးယူနိုင်ရေး တို့အတွက် ဆိုပြီး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း တာဝန်ပေးလိုက်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီလိုဖြစ်ရပ်မျိုးတွေ နောက်မဖြစ်အောင် တားဆီးနိုင်ရေးအတွက် အခုလို ဆောင်ရွက်တာမျိုးကို ကြိုဆိုပါတယ်လို့ အစ္စလာ့မ်တံခွန် အဖွဲ့က ကိုဝဏ္ဏရွှေကလည်း ပြောပါတယ်။
အကြမ်းဖက်ဖြစ်ရပ်တွေ ဖြစ်ပြီးပြီးချင်းမှာ သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေဘက်က အရေးယူ လုပ်ဆောင်ပုံ နှေးကွေးတယ်လို့ ဝေဖန်ကြတာတွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ပြည်ထောင်စုအစိုးရက အခုလို စုံစမ်းရေးအဖွဲ့ ဖွဲ့လိုက်တာကို ၈၈ မျိုးဆက် ခေါင်းဆောင် နဲ့ ရခိုင် အမျိုးသားကွန်ယက်ကလည်း ကြိုဆိုပါတယ်။
စုံစမ်းရေးအဖွဲ့အနေနဲ့ မှုခင်းဖြစ်ပွားရတဲ့ အကြောင်းရင်း၊ အုပ်စုဖွဲ့ ကျူးလွန်ဖို့ စည်းရုံးလှုံ့ဆော်မှုတွေ၊ အုပ်စုဖွဲ့ ကျူးလွန်သူတွေကို ဦးဆောင်သူတွေ၊ ပြစ်မှုကျူးလွန်သူတွေ၊ အခင်း မဖြစ်ပွားမီနဲ့ ဖြစ်ပွားပြီိးတဲ့နောက် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်တာ ဒါမှ မဟုတ် ဆောင်ရွက်နိုင်တဲ့အခြေအနေ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ထင်မြင်ယူဆချက်၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ သုံးသပ်ချက်နဲ့ အကြံပြုချက်တွေနဲ့အတူ ဇွန်လ ၃၀ ရက် နောက်ဆုံးထားပြီး နိုင်ငံတော်သမ္မတထံ တိုက်ရိုက် တင်ပြ အစီရင်ခံရမယ်လို့ အစိုးရအဖွဲ့က
ညွှန်ကြားထားပါတယ်။

အကြမ်းဖက်မှုမှာ မြို့လူထုပါဝင်ခြင်း မရှိလို့ တောင်ကုတ်မြို့ခံပြော
ဒီလိုဖြစ်သွားတဲ့အတွက် သံတွဲကနေ ရန်ကုန်ကို သွားဖို့ပဲဖြစ်ဖြစ်၊ ရန်ကုန်ကနေ သံတွဲပြန်ဖို့ပဲဖြစ်ဖြစ် လမ်းမှာ တောင်ကုတ်ကို မဖြစ်မနေ၀င်ရတဲ့ အဝေးပြေးယာဉ်တွေကို အားကိုးနေရတဲ့ သံတွဲက အစ္စလာမ်ဘာသာဝင်တွေ ခရီးသွားလာရေးအတွက်လည်း အခက်အခဲရှိသွားတယ်လို့ ဆိုပါတယ်။အစ္စလာမ်ဘာသာဝင်တွေဟာ အရင်က ခရီးသွားခွင့်ဗီဇာရဖို့ အခက်အခက်ရှိခဲ့ပြီး ဦးသိန်းစိန်အစိုးရ လက်ထက်မှာ အဆင်ပြေလာကာမှ နောက်ထပ်စိုးရိမ်စရာ ထပ်တိုးလာတယ်လို့လည်း ပြောကြပါတယ်။
တောင်ကုတ်နဲ့ သံတွဲမြို့ခံတွေ အချင်းချင်းလည်း အထင်လွဲစရာတွေ ဖြစ်လာရပြီး သံတွဲနည်းပညာကောလိပ်ကို ၁၀ ရက် ပိတ်လိုက်တဲ့အတွက် တောင်ကုတ်က ကျောင်းသားတွေ နေရပ်ပြန်လာကြရတယ်လို့ ဦးခင်လှက ပြောပါတယ်။ရမ်းဗြဲမြို့နယ်၊ ကျောက်နီမှော်ကျေးရွာအုပ်စု၊ သပြေချောင်းရွာက အမှု၊ တောင်ကုတ်ဖြစ်ရပ်နဲ့ စစ်တွေမြို့ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားဥပဒေနဲ့အညီ အရေးယူနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ မနေ့က ဖွဲ့စည်းလိုက်ပါတယ်။ လတ်တလော တောင်ကုတ်မြို့အခြေအနေ အေးအေးဆေးဆေး ရှိနေတယ်လို့လည်း သိရပါတယ်။
ရွှေတွင်းလုပ်သားများ ဆက်လက်ဆန္ဒပြ
ရမည်းသင်းခရိုင် မိုးထိမိုးမိ တောင်တ၀ိုက်မှာ အလုပ်လက်မဲ့ဖြစ်နေကြတဲ့ အသေးစား ရွှေတွင်းကုမ္ပဏီတွေ၊ ရွှေတွင်းလုပ်သားတွေနဲ့ သက်ဆိုင်ရာမိသားစုဝင် စုစုပေါင်း တစ်သိန်းနီးပါးဟာ မနေ့က ဆက်လက်ဆန္ဒပြနေကြပါတယ်။တစ်ချိန်တည်းမှာလည်း ရွှေတွင်းအလုပ်သမား ကိုယ်စားလှယ်တွေဟာ လုပ်ငန်းခွင်တခုလုံးကို အပိုင်သိမ်းလိုက်တဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ သူတို့ တောင်းဆိုချက်တွေကို လိုက်လျောပေးဖို့ ညှိနှိုင်းနေဆဲလို့ ရွှေတွင်းအလုပ်သမားတွေက ပြောပါတယ်။ရွှေလုပ်သားတွေဘက်က တောင်းဆိုချက်တွေက သိမ်းဆည်းခံထားရတဲ့ ရွှေတွင်း အင်း-အက်တာတွေ ပြန်ဖွင့်ပေးဖို့၊ ချမှတ်ထားတဲ့ ဇုန်အသီးသီးက ရွှေတူးစက်တွေ ပြန်လည်ပတ်နိုင်ဖို့၊ တပိုင်တနိုင် လုပ်ငန်းရှင် အသေးစားတွေနဲ့ တွဲလုပ်တဲ့ ရွှေလုပ်သားတွေရဲ့ အစုခံစားခွင့်တွေ ပြန်ရဖို့အတွက် တောင်းဆိုဆန္ဒပြနေကြတာ ဖြစ်တယ်လို့ အလုပ်သမားခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
မိုးထိမိုးမိတောင် ရွှေတွင်းလုပ်ငန်းမှာ ဇုန် ၁၂ ဇုန်ရှိပြီး အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီနဲ့ အရင်က အကျိုးတူစီးပွားလုပ်ကြတဲ့ လက်ခွဲကုမ္ပဏီ ရာဂဏန်းအထိ ရှိမယ်လို့ သိရပါတယ်။ အဲဒီ လက်ခွဲကုမ္ပဏီအငယ်တွေဟာ သိန်း ၃၀၀ အနည်းဆုံး ရင်းနှီးမြှုပ်နှံထားကြပြီး အစိုးရထံမှာ ၅နှစ် ကန်ထရိုက်ရထားတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီနဲ့ အကျိုးတူစီးပွား လုပ်ကိုင်နေကြတာပါ။၇ လလောက်သာ အကျိုးတူစီးပွား လုပ်ကိုင်လာကြရာကနေ လုပ်ငန်း အဆင်ပြေ ချောမွေ့စပြုချိန်မှာ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက ရွှေလုပ်ငန်းတစ်ခုလုံးကို အပိုင်သိမ်းလိုက်တဲ့အတွက် ရွှေတွင်းလုပ်ငန်းငယ်တွေနဲ့ အလုပ်သမားတွေ စုပေါင်း ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ရွှေတွင်းမှာ ဆန္ဒပြနေကြတဲ့ကိစ္စကို ကူညီဆောင်ရွက်ပေးနိုင်ဖို့အတွက် ရန်ကုန်အခြေစိုက် အိုင်အယ်လ်အိုရုံးက ကိုယ်စားလှယ် ၂ ဦးလည်း ရောက်ရှိနေတယ်လို့ သိရပါတယ်။
အလုပ်သမားဆန္ဒပြမှု ပြေလည်ဖို့ လွှတ်တော်က ဥပဒေပြဋ္ဌာန်းဖို့လို
ရန်ကုန်မြို့က စက်ရုံအလုပ်သမားတွေ ဆန္ဒပြမှု ပြေလည်အောင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ဆက်လက်ပြီး ကြားဝင်ဆောင်ရွက်ပေးနေတယ်လို့ သတင်းရရှိပါတယ်။ဒီဆောင်ရွက်ပေးမှုဟာ လောလောဆယ် ယာယီပြေလည်မှုရဖို့ အတွက်ပဲဖြစ်ပြီး ရေရှည်ပြေလည်မှုရဖို့ဆိုရင် လွှတ်တော်က ဥပဒေပြဋ္ဌာန်းဖို့ လိုလိမ့်မယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုကိုကြီးက
"စားရေးသောက်ရေးကအစ ကျန်းမာရေးအရရော လုံခြုံရေးအရရော စိုးရိမ်ရတဲ့ အခြေအနေဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့က သူတို့ကိုလုံခြုံတဲ့ အခြေအနေ လုပ်ငန်းခွင်ထဲကို ပြန်ရောက်ဖို့၊ အလုပ်ရှင်တွေ အနေနဲ့လည်းပဲ ဒီအပေါ်မှာ အလေးအနက်ထားပြီး သူတို့ စဉ်းစားဖြေရှင်းလာတယ် ဆိုရင်ကိုပဲ ပထမအဆင့်အနေနဲ့ ကျွန်တော်တို့က အများကြီးလက်ခံပြီးတော့ ဒီထက်အသေးစိတ်ကို ထပ်ဆွေးနွေးကြမယ်ဆိုတဲ့ သဘောတူညီချက် ရရင်ကိုပဲ ကျွန်တော်တို့က ဒီအခက်အခဲကို လောလောဆယ် ကျော်လွှားနိုင်ဖို့ပေါ့လေ၊ အဲတာကို ဦးတည်ပြီး ကျွန်တော်တို့ ကြိုးစားနေကြတာ။ အားလုံးပြည့်စုံတဲ့ အဖြေတစ်ခုရဖို့ကတော့ အချိန်အများကြီး ယူရလိမ့်မယ်။ နောက်တစ်ခုက လွှတ်တော်ကနေပြီးတော့ အနိမ့်ဆုံးလုပ်ခလစာ ဥပဒေ ပြဋ္ဌာန်းပြီး အကောင်အထည်ဖော်မှ တရားဝင် သတ်မှတ်ချက်တစ်ခုဖြစ်မယ်"
လုပ်ခလစာ တိုးပေးဖို့နဲ့ အလုပ်သမားတွေအတွက် ရေရှည်အာမခံချက်ရှိတဲ့ အကာအကွယ်တွေရဖို့ ဆန္ဒပြနေတဲ့ စက်ရုံပေါင်း ရန်ကုန်မြို့မှာ ၂၀ လောက်ဖြစ်နေပါတယ်။ ဒါကြောင့် အလုပ်သမား ဒုဝန်ကြီး အပါအဝင် အရာရှိတွေ၊ အလုပ်ရှင်တွေ၊ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေပါတဲ့ မျက်နှာစုံညီ ညှိနှိုင်းဖြေရှင်းပွဲတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက ဆောင်ရွက်နေတာပါ။ဒီညှိနှိုင်းမှုမှာ တချို့ စက်ရုံတွေမှာ အလုပ်ရှင် အလုပ်သမားပြေလည်မှု ရနေပေမယ့်၊ တချို့စက်ရုံတွေမှာတော့ ယာယီသဘောတူညီမှုတွေကို အလုပ်ရှင်တွေဘက်က ပြန်ပြီးချိုးဖောက်နေတာတွေလည်း ရှိနေတဲ့အတွက် အလုပ်သမားတွေက ဆက်လက် ဆန္ဒပြတာတွေလည်း ရှိနေပါလို့ သိရပါတယ်။
ရဲ ရိုက်နှက်စစ်ဆေးမှုကြောင့် အပြစ်မဲ့သူတဦး အာရုံကြော ထိခိုက်သွား
ရဲ၏ ရိုက်နှက် စစ်ဆေးမှု ဒဏ်ချက်များကြောင့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၊ ကမာမိုးရွာသား ကိုသက်ပိုင်စိုး အား ဆေးရုံတင် ကုသထားရသည်မှာ ရက် ၂၀ ပြည့်ပြီ ဖြစ်သော်လည်း အာရုံကြော များ ထိခိုက်မှုကြောင့် ကိုယ်လက်အင်္ဂါများ လှုပ်ရှား၍ မရတော့ကြောင်း ရိုက်နှက်စစ်ဆေးစဉ်တွင် ဦးခေါင်းနှင့် ကြမ်းပြင် ဆောင့်မိခြင်းကြောင့် အာရုံကြောများ ထိခိုက်ကာ ပခုံးဆစ်နှင့် လက်နှစ်ဖက်မှာ လှုပ်ရှား၍ မရတော့ကြောင်း၊ ပေါင်ကြားမှ ဒဏ်ရာများလည်း ကောင်းစွာ မကျက်သေးကြောင်း ကူညီ ဆောင်ရွက်ပေးနေသည့် ချောင်းဆုံမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး က ပြောသည်။
ဧပြီလ ၁၉ ရက်နေ့ ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ရွာ ဘုရားပွဲတွင် လူငယ်ချင်း ခိုက်ရန် ဖြစ်ပွားရာမှ လူတဦး သေဆုံးမှု တွင် ပါဝင်ပတ်သက်သည် ဟူသော သံသယဖြင့် ကိုသက်ပိုင်စိုး အပါအဝင် ကွမ်ရိုက်၊ ကမာမိုး၊ ဒေါင်းဥရွာများမှ လူငယ် ၁၃ ဦးကို ဧပြီလ ၂၀ ရက်နေ့တွင် ချောင်းဆုံ ရဲများက ဖမ်းဆီးစစ်ဆေးခဲ့သည်။ အပြစ်မရှိသူကိုးဦးကို ပြန်လွှတ်ပေးခဲ့ရာ ကိုသက်ပိုင်စိုးမှာ မေလ ၁၈ ရက်နေ့တွင် ပြန်လွတ်လာခဲ့သည်။
သို့သော် ဖမ်းဆီးထားစဉ် တလအတွင်း ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့် ဒဏ်ကြောင့် ကိုသက်ပိုင်စိုးမှာ ထိုနေ့တွင်ပင်ချောင်းဆုံဆေးရုံသို့ တင်ပို့ခဲ့ရာမှ မေလ ၁၉ ရက်နေ့တွင် မော်လမြိုင် ပြည်သူ့ဆေးရုံကြီး ထိခိုက်ဒဏ်ရာနှင့် အရိုး အကြောအဆစ် အထူးကုဌာနသို့ ပြောင်းရွှေ့ကုသခဲ့ရသည်။
မေလ ၂၁ ရက်နေ့က ချောင်းဆုံမြို့နယ်သို့ ရောက်ရှိလာသည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ရိုက်နှက် စစ်ဆေးသူကို အရေးယူမှု ရှိ/မရှိ မေးမြန်းခဲ့ရာ ရိုက်နှက်စစ်ဆေးသူ ဒုရဲအုပ်ကို ခရိုင်သို့ ပြောင်းပို့ထားကြောင်း ချောင်းဆုံရဲစခန်းမှ ဒု-ရဲအုပ်တဦးက ဖြေကြားခဲ့သည်။
သို့သော်လည်း ရိုက်နှက်စစ်ဆေးခဲ့သည့် ဒု-ရဲအုပ် ကျော်စွာခိုင်ကို ခရိုင်သို့ ပြောင်းပို့ထားသည်မှာ မဟုတ်မှန်ဘဲ အရေးယူဆောင်ရွက်ခြင်းလည်း တစုံတရာ မရှိသေးကြောင်း လူနာအား ပြည်နယ် ရဲမင်းကြီးမှ ငွေကျပ် တသိန်းခွဲ တကြိမ်၊ နှစ်သိန်း တကြိမ် လာရောက် ထောက်ပံ့ပေးခဲ့သည်ဟု ကိုသက်ပိုင်စိုး၏ မိခင်က ပြောသည်။မိသားစုများအနေနှင့် ရိုက်နှက်စစ်ဆေးသူကို အမှုဖွင့် တိုင်ကြားရန် မဝံ့မရဲဖြစ်နေကြောင်း ကွမ်ရိုက်ရွာ ဘုရားပွဲ ခိုက်ရန်ဖြစ်ပွားမှုနှင့် ပတ်သက်၍ လူငယ် လေးဦးအား မော်လမြိုင် ရဲစခန်းတွင် ဆက်လက် ချုပ်နှောင်ထားဆဲ ဖြစ်ကြောင်း သိရသည်။

မြန်မာအပေါ် သြစတြေးလျ ပိတ်ဆို့မှုများ ရုတ်သိမ်းမည်ဟု ကြေညာ
စစ်လက်နက် တင်ပို့ရောင်းချခြင်းမှအပ မြန်မာနိုင်ငံအပေါ် သြစတြေးလျနိုင်ငံမှ ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုအားလုံးကို ရုတ်သိမ်းမည် ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr က ပြောဆိုလိုက်သည်။ကြာသပတေးနေ့ နံနက်ပိုင်းက မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
အကျပ်ကိုင်မှုဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် ထိရောက်တော့မှာမဟုတ်ဘဲ ထိတွေ့ဆက်ဆံမှုကသာ ပိုမိုသာလွန် ကောင်းမွန်ကြောင်း သြစတြေးလျ ဝန်ကြီးက ပြောသည်။
အကျပ်ကိုင်မှုဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် ထိရောက်တော့မှာမဟုတ်ဘဲ ထိတွေ့ဆက်ဆံမှုကသာ ပိုမိုသာလွန် ကောင်းမွန်ကြောင်း သြစတြေးလျ ဝန်ကြီးက ပြောသည်။
လူ ၁၂၆ ဦးအား ခရီးသွားလာခွင့်နှင့် ငွေကြေးစီးဆင်းမှုဆိုင်ရာ ပိတ်ဆို့ထားမှုအား ရုတ်သိမ်းပေးလိုက်သည်။
၂ဝ၁၂ ခုနှစ် ဧပြီလအတွင်းကလည်း အစိုးရ အရာရှိနှင့် လူပုဂ္ဂိုလ် ၂ဝဝ အတွက် ဖွင့်ပေးခဲ့ပြီး ကျန်ရှိနေသေးသူများ အတွက်လည်း ပိတ်ဆို့မှုများ ရုတ်သိမ်းလိုက်ကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။
သို့သော် ပိတ်ဆို့မှုများအား လိုအပ်လာပါက ပြန်လည်ချမှတ်မည်ဖြစ်ပြီး အဆိုပါ လူပုဂ္ဂိုလ်များအား သြစတြေးလျနိုင်ငံ သို့ လာရောက်ခွင့်ကို ပြန်လည်ရပ်တန့်နိုင်ကြောင်းလည်း ထည့်သွင်းပြောဆိုသွားသည်။
ဖွံ့ဖြိုးရေး အကူအညီများ တိုးမြှင့်ပေးရန်အတွက် မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ်ရောက်ရှိနေသည့် Bob Carr သည် ဗုဒ္ဓဟူးနေ့ ညနေပိုင်းကလည်း ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံအတွက် အကူအညီများနှင့် ပိတ်ဆို့မှုများ ဆက်လက် ရုတ်သိမ်းရေးကိစ္စတို့ကို ဆွေးနွေး ခဲ့သေးသည်။ထို့ပြင် “ပြုပြင်ပြောင်းလဲမှုတွေ ရှေ့မဆက်ဘူးဆိုရင်တော့ ဒါကြောင့်ရလာတဲ့ အကျိုးဆုလာဘ်တွေလည်း ရုတ်သိမ်းခံ ရမှာ ဖြစ်ပါတယ်” ဟု ဖြည့်စွက် ပြောကြားခဲ့သေးသည်။သြစတြေးလျနိုင်ငံသို့ လာရောက်ရန် Bob Carr ၏ ဖိတ်ကြားချက်ကို လက်ခံကာ ၂ဝ၁၃ ခုနှစ်တွင် လာရောက်နိုင်မည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
မြန်မာနိုင်ငံသို့ ပေးအပ်နေသော ဖွံ့ဖြိုးရေး အကူအညီများကို ယခင်က ဒေါ်လာ ၄၈.၈ သန်း ပေးနေရာမှ ၆၃.၈ သန်းအထိ တိုးမြှင့်ပေးလိုက်ကြောင်း AusAID က မေလအတွင်း ကြေညာခဲ့သည်။သြစတြေးလျသည် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးရေးအကူအညီများ ပေးနေသော အကြီးဆုံး အလှူရှင်
နိုင်ငံများထဲတွင် တခုအပါအဝင်ဖြစ်ပြီး ကူညီမှုများကို ကုလသမဂ္ဂ အဖွဲ့များ၊ ဒေသခံအဖွဲ့များနှင့် နိုင်ငံတကာ NGO များ ထံမှတဆင့် ပေးအပ်လေ့ရှိသည်။
အကူအညီအများစုကို ထိုင်းနိုင်ငံရှိ ဒုက္ခသည်များအတွက် ပေးအပ်လေ့ရှိပြီး ထိုဒုက္ခသည်များအရေး ဆောင်ရွက်နေကြသည့် နိုင်ငံတကာ NGO များ၊ လူမှုအဖွဲ့အစည်းများနှင့် သြစတြေးလျ စေတနာ့ဝန်ထမ်းများအတွက်ထောက်ပံ့လေ့ရှိသည်။
ထို့ပြင် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုနှင့် HIV/AIDS ထိန်းချုပ်ရေးအတွက်လည်း AusAID က ကူညီပေးလျက် ရှိသည်။မြန်မာအစိုးရအနေနှင့် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်ပါက အကူအညီများလည်း ထပ်မံတိုးမြှင့်သွားဖို့ ရှိကြောင်း AusAID ၏ ညွှန်ကြားရေးမှူးချုပ် Peter Baxter က မေလအတွင်းက ပြောဆိုထားသည်။

ငွေစက္ကူ ကျပ် ၁၀,၀၀၀ တန် ထုတ်ပြီ၊ မကြာမီ ဖြန့်ချိမည်
ကျပ် ၁ဝ,ဝဝဝ (တသောင်းကျပ်) တန် ငွေစက္ကူ စတင်ထုတ်ဝေမည် ဖြစ်ကြောင်း ဘဏ္ဍာရေး
နှင့် အခွန်ဝန်ကြီးဌာနမှ ဇွန်လ ၇ ရက်နေ့ (ညနေ ၆ နာရီ သတင်း) တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ထုတ်ဝေမည့် ငွေစက္ကူ၏ ပုံသဏ္ဍာန်နှင့် အရွယ်အစားကိုလည်း တပါတည်း ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။ ၅,ဝဝဝ ကျပ်တန်၊ ၁,ဝဝဝ ကျပ်တန် အရွယ်အစားအတိုင်း ဖြစ်ကြောင်း သိရှိရသည်။
ယခု ငွေစက္ကူ အသစ်ကြောင့် ငွေကြေးဖောင်းပွမှု တစုံတရာ မကြုံတွေ့နိုင်ကြောင်း စီးပွါးရေးလေ့လာသူ ခင်မောင်ညို (ဘောဂဗေဒ)က ပြောသည်။ဇွန် ၁၅ ရက်နေ့တွင် အများပြည်သူ သုံးစွဲရန် တုတ်ဝေဖြန့်ချိမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ရခိုင်ဒေသ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်း
ရခိုင်ဒေသ၌ ပဋိပက္ခများ ထပ်မံမဖြစ်ပွားရေး အတွက် ဘာသာပေါင်းစုံ ပါဝင်သည့် ငြိမ်းချမ်းရေး အဖွဲ့အား ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဦးဆောင်ဖွဲ့စည်းလိုက်ကြောင်း ထိုအဖွဲ့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဒေသခံ ရပ်မိ ရပ်ဖများနှင့် အစ္စလမ်ဘာဝင် ရပ်မိရပ်ဖများ စသည်တို့ပါ ၀င်ပြီး စုစုပေါင်း လူ ၄၀ ဖြင့် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး အဖွဲ့တဖွဲ့ကို စစ်တွေမြို့၌ ယမန်နေ့က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ရခိုင်ဒေသတွင်း နေထိုင်ကြသည့် ရခိုင်လူမျိုးများ၊ ရခိုင်မျိုးနွယ်စုများနှင့် အစ္စလမ်ဘာသာဝင်များ အားလုံးငြိမ်းချမ်းစွာ နေထိုင် သွားလာနိုင်ရေး၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ မဖြစ်ပွားရေး စသည်တို့အား ထိန်းသိမ်းသွားရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့ စည်းခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီး ဦးအောင်သန်းတင်က ပြောဆိုသည်ဟု နိရဉ္စရာ သတင်းဌာန၌ ရေးသားထားသည်။
ရခိုင်ပြည်နယ် ရမ်းဗြဲမျြို့နယ် ကျောက်နီမော် ဒေသ၌ အမျိုးသမီး တဦးအား အမျိုးသား ၃ ဦးက အဓမ္မပြုကျင့်ပြီး သတ်ဖြတ် ခဲ့ခြင်း၊ ပစ္စည်းများ လုယူခဲ့ခြင်း ကိစ္စနှင့် ဆက်စပ်၍ တောင်ကုတ်မြို့၌ လူ ၁၀ ဦး အသတ် ခံရသည့် ကိစ္စ၊ စစ်တွေမြို့၌ လူထု အုံကြွမှု ဖြစ်ပေါ်ခဲ့၍ ရဲတပ်ဖွဲ့က ပစ်ခတ် နှိမ်းနင်းခဲ့သည့် ကိစ္စတို့အား စုံစမ်းဖော်ထုတ်ရေးအတွက်လည်း ပြည်ထောင်စု အစိုးရ က စုံစမ်းရေး အဖွဲ့ ဖွဲ့စည်းလိုက်သည်။ထိုအဖွဲ့၌ ပြည်ထောင်စု အဆင့် ပြည်ထဲရေး ဒု ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် က ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီး ဒု ရဲချုပ် ရဲမှူးချုပ် ဇော်ဝင်း၊ ရခိုင်ပြည်နယ် ဥပဒေ အရာရှိချုပ် ဦးစံရွှေမောင်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေဝင်း စသည်ဖြင့် ဌာနဆိုင်ရာ ၀န်ထမ်း စုစုပေါင်း ၁၆ ဦး ပါဝင်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
၎င်းအဖွဲ့သည် မှုခင်းဖြစ်ပွားရသည့် အကြောင်းရင်း၊ အုပ်စုဖွဲ့ ကျူးလွန်ရန် လှုံ့ဆော်သူများ၊ ဦးဆောင်သူများ၊ ပြစ်မှု ကျူးလွန် သူများ၊ အခင်း မဖြစ်မီနှင့်ဖြစ်ပြီး ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်ခြင်း သို့မဟုတ် ဆောင်ရွက်နိုင်မှု အခြေအနေများကို လုပ်ဆောင် သွားမည်ဟု အစိုးရ သတင်းစာများက ဆိုသည်။ရခိုင်ဒေသတွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများ စတင်ခဲ့ရာ ကျောက်နီမော် ဒေသ၊ တောင်ကုတ်မြို့၊ စစ်တွေမြို့၊ ကျောက်ဖြူ မြို့တို့ ၏ အခြေအနေသည် တည်ငြိမ်နေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ ဖြစ်သည့် ဘူးသီးတောင်၊ မောင်တောမြို့များ၌ လုံခြုံရေး အခြေအနေကို ပုံမှန်ထက် အနည်းငယ် တိုးမြှင့်ထားကြောင်း၊ တောင်ကုတ် မြို့၌ အသတ်ခံခဲ့ရသည့် လူ ၁၀ ဦး၏ ရုပ်ပုံများအား ဘူးသီးတောင်မြို့၌ ဖြန့်ဝေ ခဲ့သည့် အတွက် ဒေသခံတချို့ကို ရဲတပ်ဖွဲ့ က ယမန်နေ့က ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း၊ ယနေ့တွင် ပြန်လည် လွှတ်ပေးခဲ့ပြီ ဖြစ်ကြောင်း သံတွဲမြို့၏ အခြေအနေသည်လည်း တည်ငြိမ်ကြောင်း၊ တောင်ကုတ်မြို့ ပဋိပက္ခနှင့် ဆက်စပ်၍ ခေတ္တပိတ်ထားခဲ့သည့် သံတွဲ နည်းပညာ ကောလိပ် (GTC) ကျောင်းသည်လည်း ပိတ်ထားဆဲ ဖြစ်ကြောင်း သိရသည်။
ခမောက်ကြီး၌ ရေကြီး၊ လူ ၇၀၀ ကျော် ရေဘေးသင့်
တနင်္သာရီတိုင်း ကော့သောင်း ခရိုင် ခမောက်ကြီး မြို့နယ်တွင်းက ပါချန်မြစ် ရေလျှံမှုကြောင့် မြစ်ကြောင်း တလျှောက်ရှိ ကျေးရွာ ၆ ရွာ ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး လူဦးရေ ၇၀၀ ကျော်မှာ အိုးအိမ် စွန့်ခွာ တိမ်းရှောင်နေ ကြရကြောင်း ရွာခံများက ပြောသည်။တပတ်ကျော်ကြာ မိုးဆက်တိုက် ရွာသွန်းခဲ့ပြီးနောက် ပါချန်မြစ်ရေသည် ယခုလ ၄ ရက်နေ့မှ စတင်ကာ မြစ်ကမ်းစပ် တလျှောက်ရှိ ကျေးရွာ ၆ ရွာအနက်မှ ဖုတ်သုတ်၊ အေးချမ်းသာနှင့် ဆိတ်ဖူး ကျေးရွာများမှာ ရွာလုံးကျွတ် နီးပါး ရေမြုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြစ်ရေတက်မှုကြောင့် အိုးအိမ်များကို စွန့်ပြီး ကုန်းမြင့်ပိုင်းများတွင်ရှိသော ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံများတွင် ခိုလှုံနေသော ရေ ဘေး ဒုက္ခသည်များအား ဒေသအခြေစိုက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အဖွဲ့ဝင်များ၊ ဒေသခံ ပုဂ္ဂလိက စေတနာရှင်များနှင့် ကော့သောင်း ခရိုင် အာဏာပိုင်များ က ခေါက်ဆွဲခြောက်နှင့် ထမင်းထုပ်များ ကူညီပေးနေရကြောင်း အိမ်ခေါင်မိုးများပါ နစ်မြုပ်ခဲ့သော ကျေးရွာများမှာ မြစ်ရေတက်စဉ်က အဝတ်အထည်၊ အစားအသောက်၊ ပရိဘောဂ ပစ္စည်းများနှင့် အိမ်မွေး တိရစ္ဆာန်များ ရေထဲမျောပါသွားခဲ့ရကြောင်း၊ စာသင်ကျောင်းများလည်း ရေမြုပ်နေသဖြင့် လတ်တလောတွင် ကျောင်းများ ယာယီ ပိတ်ထားရကြောင်း ရေဘေး ဒုက္ခသည်များက ပြောသည်။
အလားတူ မိုးဆက်တိုက် ရွာသဖြင့် မွန်ပြည်နယ်၊ သထုံခရိုင် ပေါင်မြို့နယ်ရှိ သဲကုန်းကျေးရွာပိုင် လယ်ဧက ၇၀၀ ကျော် လည်း မုတ္တမ ပင်လယ်ကွေ့မှ တက်လာသော ပင်လယ်ရေငန်များ ဝင်သဖြင့် ပျိုးစပါးများ ပျက်စီးကုန်ကြောင်း ယခင်က ပင်လယ်ရေမဝင်နိုင်ရန် တားဆီးထားသော တာဘောင်များရှိသော်လည်း ယခုလ ၄ ရက်နေ့က ဇင်းကျိုက်တောင်၊ နွားလပို့တောင်နှင့် တောင်ညိုတောင် တို့မှ စီးကျလာသော တောင်ကျရေများ ဝပ်နေသဖြင့် တာဘောင်ချိုး၍ ရေလွှတ်ထုတ်ရာ ထိုနေရာမှတဆင့် ပင်လယ်ရေများ ဝင်ရောက်လာပြီး ပျိုးထားသော စပါးများ ပျက်စီးကုန်ရခြင်းဖြစ်ကြောင်း လယ်သများက ပြော သည်။
နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန ၏ ယခုလ ၄ ရက်နေ့က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအောက်ပိုင်းတွင်မိုးပိုများ လာနိုင်သည်ဟု ဆိုသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်း နေကြောင်း မြစ်ဝကျွန်း ပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်းနှင့် မိုးသက်လေပြင်း ကျရောက်စဉ် တနာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
လက်ပံတောင်းတောင်ရှိ မြန်မာ-၀မ်ဘို ကြေးနီသတ္တုစီမံကိန်းမှ စွန့်ပစ်မြေများ စုပုံခြင်းအတွက် ယာမြေပိုင်ရှင်တောင်သူများက ဆန္ဒပြ
၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်းမှ မြေကားများဖြင့် မြေစာများယာ မြေများတွင် စွန့်ပစ်ခြင်းကို ဆည်တည်းနှင့် ၀က်မှေးရွာများမှ တောင်သူများက ဆန္ဒပြမှုဖြစ်ပွားခဲ့ကြောင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်းအတွက် တောင်ဖြိုရာမှရရှိလာသော စွန့်ပစ်မြေများကို ကျေးရွာသူရွာသားများပိုင်သော မြေယာများ စိုက်ခင်းများတွင် လာရောက်စွန့်ပစ်ရာမှ ပဋိပက္ခဖြစ်ပွားရခြင်းဖြစ်ကြောင်း ဇွန်လ ၄ ရက်နေ့တွင် ရွာသားများ၏ တောင်းဆိုချက်များအနက်မှ စွန့်ပစ်မြေများစုပုံခြင်းအား ယာယီရပ်ဆိုင်းပေးထားမည်ဟု အကြောင်းပြန်ကြားခဲ့ကြောင်းနှင့် မရွှေ့ပြောင်းရသေးသည့် နေအိမ်များအား ညှိနှိုင်းနေစဉ်ကာလအတွင်း ရွှေ့ပြောင်းခြင်းမပြုရန် ခေတ္တသဘောတူညီမှု ရရှိခဲ့သည်ဟု သိရသည်။
ယခုဘဏ္ဍာရေးနှစ်အတွင်း ဆက်သွယ်ရေးကဏ္ဍ၌ ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းများ ပိုမိုရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုသွားမည် လက်ရှိကျပ်နှစ်သိန်းတန် မိုဘိုင်းဖုန်းများကိုလည်း အဆင့်ဆင့် ဈေးထပ်မံလျော့ချရန်ရှိသည်ဟု သိရ
၂၀၁၂-၂၀၁၃ခုနှစ်အတွင်း မြန်မာ့ဆက်သွယ်ရေးကဏ္ဍကို ပြည်တွင်း ပုဂ္ဂလိကလုပ်ငန်း ပိုမိုပါဝင် ရင်းနှီးမြှုပ်နှံမှု ရရှိရေး ခွင့်ပြုသွားမည်ဖြစ်ပြီး မိုဘိုင်းတယ်လီဖုန်း တပ်ဆင်ခနှုန်းထားများကိုလည်း အဆင့်ဆင့် လျော့ချ သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင့်လွင်က ''ပြန်လည်ပြင်ဆင် ရေးဆွဲလျက်ရှိတဲ့ ဆက်သွယ်ရေး ဥပဒေမူကြမ်းမှာ ဆက်သွယ်ရေးကဏ္ဍမှာ private sector မှ ကျယ်ပြန့်စွာ ပါဝင်လာရေးနဲ့ ဆက်သွယ်ရေး ၀န်ဆောင်မှုများကို နိုင်ငံတကာနည်းတူ private sector မှ ပါဝင်လုပ်ဆောင်နိုင်သော အခွင့်အလမ်းများကို ထည့်သွင်းရေးဆွဲထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားစီမံကိန်း ဥပဒေကြမ်း မှာ ပါဝင်တဲ့ ၂၀၁၂-၂၀၁၃ ခုနှစ်အတွက် ဆက်သွယ်ရေးကဏ္ဍ မူဝါဒများကိုလည်း ပြည်ထောင်စုလွှတ်တော်က ဆွေးနွေး အတည်ပြုပြီး ဖြစ်ပါတယ်။ ၎င်းမူဝါဒမှာ စာတိုက်၊ ကြေးနန်း တယ်လီဖုန်း လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကဏ္ဍအနေဖြင့် private, public, partnership(PPP) ပုံစံဖြင့် ဆောင်ရွက်သွားရန် ရည်မှန်းချက်ထားပြီး ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုကို ပိုမို ခွင့်ပြုဆောင်ရွက်ရေး ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
''မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဟာ ပုဂ္ဂလိကကဏ္ဍနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ GSM မိုဘိုင်း တိုးချဲ့တပ်ဆင်ရေး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြုချက် ရယူခဲ့ပြီး နိုင်ငံသား ပိုင်ပြည်တွင်း ပုဂ္ဂလိကကုမ္ပဏီ ၂၃ ခုနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းသဘောတူ ဆောင်ရွက်ခဲ့ကြပါတယ်။ စီမံကိန်းကာလ ပထမနှစ်မှာ တည်ဆောက်ရတဲ့(Telecommunication Infrastructure)သည် စီမံကိန်းကာလအတွက် လုံလောက်ပြည့်စုံအောင် တည်ဆောက်ရတဲ့အတွက် အချိန်ယူ တည်ဆောက်ရတဲ့အပြင် ကနဦး ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် များပြားလှပါတယ်။ လာမယ့် စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံမှု များသည် နှစ်စဉ်လျော့ကျ သက်သာသွားမည်ဖြစ်သည့်အတွက် နိုင်ငံတကာ နှုန်းထားများအတိုင်း လျော့ချသွားနိုင်မှာ ဖြစ်ပါတယ်''ဟု ဆက်လက် ပြောကြားခဲ့သည်။
GSM မိုဘိုင်းလိုင်းအင်အား သန်း ၃၀ စီမံကိန်း၏ ပထမနှစ်စီမံကိန်း ဖုန်းအလုံးရေလေးသန်းတွင် လက်ရှိ အချိန်၌ GSM မိုဘိုင်းဖုန်းအလုံးရေ ခုနစ်သိန်းဝန်းကျင်ကို ရောင်းချပြီးဖြစ်ကြောင်း သိရသည်။
အစိုးရသစ်လက်ထက်တွင် နှစ်နှစ်သက်တမ်း အစိုးရငွေတိုက်စာချုပ် ရောင်းချရမှု ယခင်နှစ်ထက် ၁၀ ဆကျော်အထိ မြင့်တက်ပြီး ကျပ် ၅၄၁ ဘီလျံကျော်အထိ ရောင်းချခဲ့ရ
အစိုးရသစ်လက်ထက် ဘဏ္ဍာနှစ်ဖြစ်သော ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် နှစ်နှစ်သက်တမ်း အစိုးရငွေတိုက် စာချုပ်ရောင်းချရမှုမှာ ယခင်နှစ်ကထက် ၁၀ ဆကျော်အထိ မြင့်တက်ခဲ့ကြောင်း ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်က ကျပ် ၅၁ ဘီလျံကျော်ဖိုးသာ ရောင်းချခဲ့ရသော်လည်း ယခု အစိုးရသစ် လက်ထက်တွင် ကျပ် ၅၄၁ ဘီလျံ ကျော်ဖိုးအထိရောင်းချခဲ့ရသည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။
အစိုးရသစ် လက်ထက်မတိုင်မီ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်များက အစိုးရငွေတိုက်စာချုပ်များ ရောင်းချရာတွင်မူ အစိုးရသစ် သက်တမ်းငါးနှစ်ဖြင့် ကိုက်ညီနေသည့် ငါးနှစ်သက်တမ်း ငွေတိုက်စာချုပ်များသာ စံချိန်တင် ရောင်းချခဲ့ရကြောင်း၊ ယခုနှစ်တွင်မူ ငါးနှစ်သက်တမ်းငွေတိုက် စာချုပ်များမှာ ရောင်းချရမှုလျော့ကျသွားခဲ့ကြောင်း ရောင်းချရမှုအနည်းဆုံး အစိုးရငွေတိုက် စာချုပ်အမျိုးအစားမှာ သုံးနှစ်သက်တမ်းငွေတိုက် စာချုပ်ဖြစ်ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၅၆ ဘီလျံကျော်ဖိုးသာ ရောင်းချခဲ့ရသည်ဟု သိရသည်။နှစ်နှစ်သက်တမ်း၊ သုံးနှစ်သက်တမ်း၊ ငါးနှစ်သက်တမ်း အစိုးရငွေ တိုက်စာချုပ်များ ၀ယ်ယူမှုမှာ အဓိကအားဖြင့် ငွေပိုငွေလျံများအား ပုံသေအတိုးနှုန်းဖြင့် မြှုပ်နှံခြင်းဖြစ်ပြီး လုပ်ငန်းများတွင် မြှုပ်နှံမှုထက်ပို၍ စိတ်ချရသည်ဟု ယုံကြည်သည့်အတွက် ၀ယ်ယူကြခြင်းဖြစ်သည်ဟု လုပ်ငန်း ရှင်များက သုံးသပ်သည်။
အလုပ်သမားများဘဝ လုံးဝ ပြောင်းလဲသွားစေရမည်ဟု ဝန်ကြီး အာမခံ
မြန်မာနိုင်ငံရှိ အလုပ်သမားများ ဘ၀ လာမည့် ၂ နှစ်အတွင်း လုံးဝပြောင်းလဲစေရန် အာမခံသည်ဟုမြန်မာနိုင်ငံရှိ အလုပ်သမားများ၏ လက်ရှိ ရှင်သန်နေထိုင်ရသည့် အခက်အခဲများကို သိရှိကြောင်းနှင့် လက်ရှိပြဌာန်းထားသည့် အလုပ်သမားများ အခွင့်အရေးဆိုင်ရာ ဥပဒေများသည်လည်း ခေတ်မမီတော့ဘဲ လိုအပ်ချက်များ ရှိနေကြောင်းနှင့် အလုပ်သမားများဘ၀ တိုးတက်ရန် လုပ်ဆောင်နေကြောင်းကို ဇွန် ၃ ရက်နေ့က ရန်ကုန်တွင် ကျင်းပသည့် CMP (လက်ခစား) လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးနှင့် စိန်ခေါ်မှုများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနှင့် သတင်းထောက်များအား အလုပ်သမား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။အလုပ်သမား အခွင့်အရေး တိုးတက်ရရှိစေရန် ဥပဒေအသစ် ၂ ခုထပ်မံရေးဆွဲနေပြီး ၈ ခုကိုပြင်ဆင်ရေးဆွဲ နေကြောင်း၊ယင်းဥပဒေများကိုလည်း လွှတ်တော်က အမြန်အတည်ပြုနိုင်ရန် ကူညီကြစေလိုကြောင်း ယင်းပွဲ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ် များအား ဦးအောင်ကြည်က တိုက်တွန်းလိုက်သည်။အလုပ်သမား ဆန္ဒပြမှု တချို့သည် ဥပဒေ အပြင်ဘက် ရောက်နေပြီး ဆူပူရမ်းကားမှု အသွင်ဆောင်နေကြောင်း အလုပ်ရုံ ဆွေးနွေးပွဲအတွင်း ၎င်းက ဆိုသည်။ယင်း အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးသူ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးကလည်း အလုပ်သမားများမှာ တိုက်ဆောက် ကားစီးခွင့်ရရန် တောင်းဆို နေခြင်းမဟုတ်ဘဲ စားဝတ်နေရေး အတွက် တောင်းဆို ခြင်းသာ ဖြစ်ကြောင်း၊ အကူအညီပေးသူများအား လှုံ့ဆော်နေသူများအသွင် မမြင်စေချင်ကြောင်း ၀န်ကြီး ၄ ဦး အပါအ၀င် ဆွေးနွေးပွဲ တက်ရောက်သူများကို ရှင်းလင်းပြောကြားသည်။မေလနှင့် ဇွန်လဆန်းကာလအတွင်း အလုပ်သမားများ လုပ်ခလစာ တိုးမြှင့်ရရှိရေး အပါအ၀င် အလုပ်သမား အခွင့်အရေး များအတွက် ရန်ကုန်ရှိ စက်ရုံ ၅၇ ရုံမှ အလုပ်သမား ၃၆၈၁၀ ခန့် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်လျှက် ရှိကြောင်း အလုပ်သမားဝန်ကြီးက ဆိုသည်။
မဲဆောက် မြန်မာအလုပ်သမားတချို့ လုပ်ခတိုး
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ ဘန်ဆန်ခွဲ အရပ်မှာရှိတဲ့ စက်ရုံတခုက အလုပ်သမားတွေ လုပ်အားခ နဲနေတဲ့အတွက် တောင်းဆို ဆန္ဒပြကြတာကို လစာ တိုးမြင့် ပေးလိုက်ပါတယ်။ M Apparel ကုမ္ပဏီ အထည်ချုပ်စက်ရုံက လုပ်အားခ နစ်နာမှုအတွက် ဆန္ဒပြနေတဲ့ အလုပ်သမား ၂၀၀ ကျော်ကို မဲဆောက်က အလုပ်သမား ကာကွယ်ရေး ရုံးတရုံးက တနေ့လုပ်အားခ ဘတ် ၂၂၆ ဘတ် ပေးဖို့အတွက် ဆုံးဖြတ် ပေးလိုက်တာကြောင့် ဇွန်လ ၉ ရက်နေ့မှာ အလုပ် ပြန်ဝင်ကြတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက စပြီး ဆန္ဒပြ တောင်းဆိုခဲ့တဲ့ M Apparel ကုမ္ပဏီ အထည်ချုပ်စက်ရုံက မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေဟာ ဆာဝါရီကန်လို့ ခေါ်တဲ့ အလုပ်သမား ကာကွယ်ရေးရုံးကနေ ဆုံးဖြတ်ပေးလိုက်တဲ့ အတွက် တနေ့လုပ်အားခ ၇၅ ဘတ်ကနေ ၂၂၆ ဘတ်အထိ ရရှိသွားပြီဖြစ်လို့ လာမယ့် ဇွန်လ ၉ ရက်နေ့မှာ အလုပ် ပြန်ဆင်းတော့မှာပါ။
အလုပ်သမားတွေ စတင် ဆန္ဒပြတဲ့ အချိန်တုန်းကတော့ အလုပ်သမား အားလုံးဟာ တနေ့ကို လုပ်အားခ ၁၅၅ ဘတ်လောက်အထိပဲ ရဖို့အတွက် တောင်းဆိုခဲ့တာပါ။ အလုပ်ရှင်က လိုက်လျောမှု မပြုတဲ့အတွက် နောက်ပိုင်းမှာတော့ အလုပ်သမားတွေက အလုပ်သမား ကာကွယ်ရေးရုံးရဲ့ အဆုံးအဖြတ်ကို ခံယူတော့မယ် ဆိုပြီး ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။ အလုပ်သမား ကာကွယ်ရေး ရုံးကတော့ အရင်တုန်းကတော့ အခုလိုမျိုး ဆုံးဖြတ်ပေးခဲ့တာတွေ သိပ်မရှိခဲ့ပါဘူး။ ထိုင်းမြန်မာနယ်စပ် တပ်ခ် (Tak) ခရိုင်ထဲမှာ အလုပ်သမား အင်အား နှစ်သိန်းကျော်ရှိပြီး အလုပ်သမားတွေဟာ များသောအားဖြင့် အလုပ်လုပ်ခွင့် လက်မှတ်တွေ ကိုင်ဆောင်ထားနိုင်ခြင်း မရှိကြပါဘူး။ အခုလိုမျိုး ထိုင်းဥပဒေပါ အခွင့်အရေးအရ တနေ့လုပ်အားခ ၂၂၆ ဘတ် ရရှိတဲ့ အခွင့်အရေးကို ရရှိဖို့အတွက် တောင်းဆိုတာမျိုးတွေကို မဲဆောက်မြို့က အလုပ်သမားတွေကြားမှာ ရှိခဲ့ပေမယ့် အလုပ်ရှင်က လိုက်လျောပေးတာမျိုးတွေက မရှိသလောက် နဲပါးပါတယ်။
အလုပ်ရှင်တွေအနေနဲ့ လုပ်အားခ ဈေးပေါပေါရတဲ့၊ လက်မှတ်မရှိတဲ့ မြန်မာ အလုပ်သမားတွေကိုသာ အသုံးပြုကြတာ များပါတယ်။ မကြာသေးခင်ကပဲ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်စဉ်မှာ မြန်မာ အလုပ်သမားတွေရဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဥပဒေပါ အခွင့်အရေးအတိုင်း ရရှိ ခံစားစေဖို့အတွက် ထိုင်းအစိုးရက တာဝန်ရှိသူတွေကို ပြောကြားခဲ့ပါတယ်။ အခု မဲဆောက်မြို့က ဆန္ဒပြတဲ့ စက်ရုံကတော့ ဒေါ်အောင်ဆန်းစုကြည် ပြန်ပြီးတဲ့နောက် ဥပဒေပါ အခွင့်အရေးကို ရရှိတဲ့ စက်ရုံလည်း ဖြစ်ပါတယ်။
စက်ရုံမှာ အလုပ်သမားအင်အား ၄၀၀ လောက် ရှိပြီး ဆန္ဒပြခဲ့တဲ့ လူ ၂၀၀ ကျော်ကတော့ ထိုင်းအစိုးရဆီမှာ အလုပ်လုပ်ခွင့် မှတ်ပုံ တင်ထားသူတွေ ဖြစ်တာကြောင့် ထိုင်းနိုင်ငံရဲ့ ဥပဒေအတိုင်း အခွင့်အရေးတွေ ရရှိမှာ ဖြစ်ပေမယ့် ကျန်တဲ့ အလုပ်သမား ၂၀၀ ခန့်ကတော့ ဆန္ဒပြ တောင်းဆိုမှုမှာ ပါဝင်မှု မရှိတာရယ်၊ အလုပ်လုပ်ခွင့် လက်မှတ်တွေ မရှိတာရယ်ကြောင့် အခုလိုမျိုး ဥပဒေပါ အခွင့်အရေးတွေ ရရှိဦးမှာ မဟုတ်သေးပါဘူး။ ကျန်နေသေးတဲ့ အလုပ်သမားတွေ အနေနဲ့ အရင်အတိုင်းပဲ တနေ့ လုပ်အားခ ၇၅ ဘတ်လောက်ပဲ ရရှိနေဦးမှာ ဖြစ်ပြီး သူတို့ကိုတော့ စက်ရုံအတွင်းမှာ နေထိုင်ခွင့်နဲ့ တနေ့ကို ဟင်းမပါတဲ့ ထမင်း ၂ နပ်ကို ခံစားခွင့် ပေးထားကာ အခု ၂၂၆ ဘတ် ရရှိတဲ့ အလုပ်သမားတွေကတော့ စက်ရုံက ဘာတာဝန်မှ မယူတော့ပဲ အပြင်မှာ နေထိုင်ရမှာ ဖြစ်ပြီး စက်ရုံကို အချိန်မှန် အလုပ် လာဆင်းရတော့မှာ ဖြစ်ပါတယ်။ ဆန္ဒပြခဲ့တဲ့ အလုပ်သမားတွေကတော့ ထိုင်းအလုပ်သမား ကာကွယ်ရေးရုံးက ဆုံးဖြတ်ပေးမှုကတော့ ပိုပြီးတော့ အဆင်ပြေမှုရှိတယ်လို့ ပြောဆိုခဲ့ကြပါတယ်။

LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment