မြန်မာသတင်းများ  ဇူလိုင် ၂၉၊ ၂၀၁၂

ရှစ်လေးလုံး အခမ်းအနား အောင်မြင်ရေး သံဃာတော်များ ပါဝင်ဆောင်ရွက်မည်


၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အပါအ၀င် အခြားနိုင်ငံရေး အင်အားစုတွေ ပူးပေါင်းစီစဉ်နေတဲ့ ၂၄ နှစ်မြောက် ရှစ်လေးလုံး လူထုလှုပ်ရှားမှု နှစ်ပတ်လည် အခမ်းအနားကို မန္တလေးမြို့မှာ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပါဝင်ဆောင်ရွက်ပေးမယ်လို့ မနေ့က ကျင်းပတဲ့ အခမ်းအနား ဖြစ်မြောက်ရေး အစည်းအဝေးအပြီးမှာ သံဃာတော်တွေက သဘောတူညီခဲ့ပါတယ်။
ဒါဟာ လက်ရှိ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့ မြန်မာနိုင်ငံမှာ မိမိတို့ကလည်း ပူးပေါင်း ဆောင်ရွက်နေတယ် ဆိုတာ လက်တွေ့ ပြသချင်တာကြောင့် ဖြစ်တယ်လို့လည်း အစည်းအဝေးကို တက်ရောက်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဝင် ကိုပြုံးချိုက ပြောပါတယ်။
"အခုအချိန်မှာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလည်းရေးမှာ အားလုံး ပါဝင်ပူးပေါင်းနိုင်မယ့် အခွင့်အလမ်းကို ဖန်တီးနေကြတယ်ဆိုတဲ့အတွက်၊ နောက်ပြီး ဒီအရေးတော်ပုံကြီးဟာ နိုင်ငံနဲ့ အ၀န်း ဖြစ်ပေါ်ခဲ့တဲ့အတွက် ဒီအရေးတော်ပုံကြီးမှာ လှုပ်ရှားခဲ့သူများအားလုံးလည်း ဒီအပြောင်းအလဲတွေမှာ ပူးပေါင်းပါဝင်နိုင်မယ့် နည်းလမ်းကောင်းတွေ အကြံဥာဏ်ကောင်းတွေနဲ့ စုစုစည်းစည်း ညီညီညွတ်ညွတ် လုပ်ကိုင်နိုင်မယ့် အနေအထားကို ဆရာတော်တွေကလည်း သဘောပေါက်တဲ့အတွက် ကြည်ကြည်ဖြူဖြူ လက်ခံကြတာပါ။"
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ဘုရားကြီးကျောင်းတိုက် အတွင်း ကျင်းပမယ့် ရှစ်လေးလုံး အခမ်းအနားကို ပရိသတ် ထောင်နဲ့ချီ တက်ရောက်နိုင်အောင် စီစဉ် ဖိတ်ကြားထားတယ်လို့ ကိုပြုံးချိုက ပြောပါတယ်။ သတင်းမီဒီယာတွေလည်း လွတ်လွတ်လပ်လပ်နဲ့ စည်းကမ်းတကျ သတင်းယူနိုင်အောင် စီစဉ်ထားတယ်လို့ ပြောပါတယ်

၈ လေးလုံး ၂၄ နှစ်ပြည့် ရန်ကုန်မှာ ကျင်းပနိုင်ရေး ဆွေးနွေး

သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၄ နှစ်ပြည့် အခမ်းအနား တရပ်ကို ရန်ကုန်မြို့မှာ ကျင်းပဖို့ အဖွဲ့အသီးသီးက M3 စားသောက်ဆိုင်မှာ မနေ့က အစည်းအဝေး တရပ် ကျင်းပကြပါတယ်။



စွန့်ပစ်ခံ ယူဆရသည့် ကလေးငယ်တဦး ရွှေတိဂုံဘုရားတွင် တွေ့ရှိ

မိဘများမှ စွန့်ပစ်ခဲ့သည်ဟု ယူဆရသော ကလေးငယ် တဦးအား ရွှေတိဂုံဘုရား မြောက်ဘက်
မုခ်တွင် ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရှိခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူ တဦးက ပြောသည်။
အသက် တနှစ်ခွဲခန့် အရွယ်ရှိ ကလေးငယ်ကို ရွှေတိဂုံဘုရား မြောက်ဘက် တန်ဆောင်းတွင် ဘုရားတွင် လုံခြုံရေးတာဝန်းကျ အမျိုးသမီး ၀န်ထမ်းတဦးက ထိုနေ့ ညနေ ၆ နာရီ ခန့်တွင် တွေ့ရှိခဲ့ပြီး ဘုရားလုံခြုံရေး စခန်းသို့ အပ်နှံခဲ့ခြင်းဖြစ်သည်။

ထို့နောက် ကလေးအား မိဘများပြန်လာခေါ်နိုင်စေရန် ဘုရားလုံခြုံရေး စခန်းမှ ည ၉ နာရီအချိန်အထိ အသံချဲ့စက်ဖြင့် ကြေညာပေးခဲ့သော်လည်း မည်သူမှ လာရောက် ယူဆောင်ခြင်း မရှိသည့်အတွက် ဒဂုံမြို့နယ် ရဲစခန်းသို့ ထိုနေ့ညတွင် သွားရောက် အပ်နှံခဲ့ရာ တာဝန်မှူး ဒုရဲအုပ် အောင်ကြိုင် က လက်ခံခဲ့သည်။
လက်ရှိတွင် ကလေးငယ်အား အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းတွင် နေထိုင်ပြီး ရွှေတိဂုံဘုရားတွင် လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူ ဦးအောင်သူ (၂) က မွေးစားလိုကြောင်း ပြောသဖြင့် ဒုရဲအုပ် အောင်ကြိုင် က ခေတ္ကယာယီထိန်းသိမ်းထားခွင့် နှင့် အုပ်ထိန်းသူများ လာရောက်ဆက်သွယ်ပါက ပြန်လည် လွှဲပြောင်းပေးနိုင်ရန် လွှဲစာနှင့်အတူ ခေတ္တ ထိန်းသိမ်းစောက်ရှောက်ခွင့် ပြုထားသည်။


ထိုင်းနှင့် MOU အသစ်ကြောင့် မြ၀တီတွင် ထိုင်းသို့ထွက်မည့်မြန်မာအလုပ်သမားများကို ပိုမိုကြန့်ကြာမည်


ထိုင်း-မြန်မာ သဘောတူညီချက်အရ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်မည့်သူများအား မြ၀တီမြို့ရှိ အကျိုးဆောင်(အေးဂျင့်) များမှ တာဝန်ယူပြီး ၂၅ ရက်မှ ၃၅ ရက်အတွင် အမြန်ဆုံးထွက်ခွာ အလုပ်အကိုင်ရစေပြီး အချို့ အကြောင်းအမျိုးမျိုးကြောင့် ရက် (၅၀ – ၆၀)  ကြာမှ သွားရောက်ရသူများရှိကြောင်းသိရပါသည်။
မြ၀တီရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ
” MOU တစ်ကယ် အမှန်အတိုင်းလုပ်ရင် (၃၀) ရက် ကြာပါတယ် နေပြည်တော်ခွင့်ပြုမိန့် ၊ စာချုပ်၊ ပတ်စပို့ နဲ့ ထိုင်းပြည်ဝင်ခွင့် နောက်ပြီး ဆေးစစ်ချက် တို့က မှန်မှန်ကန်ကန်လိုအပ်ပါတယ်။ ယခုအခါ နိုင်ငံသားစီစစ်ရေးကဒ်ပြားအား စီစစ်ရေးလုပ်ငန်းစဉ်များအပါအ၀င် လုပ်ငန်းစဉ်အဆင့်ဆင့်ကို မြန်ဆန်အောင် ဆောင် ရွက်ကြရာတွင် အမှန်တစ်ကယ် စီစစ်ရမည့် ကိစ္စရပ်တော်တော်များများတွင် အားနည်းချက်များတွေ ရှိရကြောင်းလည်း ပြောပြပါသည်။
ယခုအခါ ထို့ကဲ့သို့ မှားယွင်းမှု့များနှင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန်နှင့် အမှန်တကယ် တရားဝင်စေရန်အတွက် နေပြည်တော်ညွှန်ကြားချက်များရှိထားပြီး ဖြစ်သဖြင့် စနစ်တကျ ပြန်လည်စီစစ်နေပြီး ဆက်လက်ပြီး လုပ်ငန်းစဉ်အဆင့်ဆင့်ကို စနစ်တကျ ဆောင်ရွက်လိမ့်မည်ဖြစ် ကြောင်းရှင်းပြပါသည်။ ထိုကဲ့သို စနစ်တကျ လုပ်ငန်းစဉ်အဆင့်ဆင့်ကို စီစစ်ဆောင်ရွက်မည်ဖြစ်သဖြင့် အလုပ်သမားလက် မှတ်ရရှိသည့်နေမှ (၃၀ မှ ၃၅) ရက်အထိ လုပ်ငန်းဆောင်ရွက်ချိန်ကြာမြင့် နိုင်ကြောင်းသိရပါသည်။
အေးဂျင့်ကုမ္ပဏီ လိုင်စင်မရှိသောသူများနှင့် အာမခံ မတင်ထားသော ကုမ္ပဏီများလည်း MOU လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရန် မလွယ်ကူတော့ ကြောင်းလည်း ပြောပြပါသည်။  ရက်(၃၀) ကျော်ကြာမြင့်မည်ဆိုသည့်အတွက် မြ၀တီမြို့မှ တာဝန်ခံအေးဂျင်များ မှာ ထမင်းစရိတ်များကြောင့် စိတ်သောက ရောက်လျှက်ရှိကြောင့်လည်း သိရပါသည်။ 

ထိုင်းတောင်ပိုင်း မြန်မာအလုပ်သမားများ လုံခြုံရေးစိုးရိမ်

ထိုင်းနိုင်ငံ နဲ့ မလေးရှားနိုင်ငံ နယ်စပ်က ဆုံခလာခရိုင် ရနုတ်မြို့က Charoen Pokphand Food Public ပုဇွန်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၃ ယောက်ကို ဇူလိုင်လ ၂၅ ရက်နေ့က မနက်အစောပိုင်းက အမည်မသိသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ စက်ရုံနဲ့ ၅ ကီလိုမီတာလောက် ဝေးတဲ့ ရနုတ်ကျေးရွာမှာ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီဒေသမှာရှိနေတဲ့ မြန်မာအလုပ်သမားတွေဟာ အဲဒီမှာနေဖို့အတွက် စိုးရိမ်ထိတ်လန့် နေကြပါတယ်။ ထိုင်း-မလေးနယ်စပ် ဆုံခလာ ခရိုင်ဟာ မြန်မာအလုပ်သမား အနည်းငယ်သာ အလုပ်လုပ်ကိုင်ကြပြီး သေနတ်နဲ့ ပစ်ခတ်မှုတွေနဲ့ လူ သေဆုံးတာတွေ ရှိခဲ့ပြီးတဲ့နောက် အဲဒီဒေသက မြန်မာအလုပ်သမားတွေဟာ စိုးရိမ်ထိတ်လန့် နေကြပါတယ်။

လူထုကို ဗဟိုပြုပြီး နိုင်ငံအပြောင်းအလဲ ဆောင်ရွက်ရန် ဒေါ်သန်းမြင့်အောင် ဆွေးနွေး

လူငယ်အဖွဲ့တွေ ဦးစီးပြီး အပတ်စဉ် ကျင်းပနေတဲ့ အသင်းအဖွဲ့များ၏ ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ်မြန်မာပြည် ဆိုတဲ့ တတိယအကြိမ် ဆွေးနွေးပွဲကို ရန်ကုန်မြို့မှာ တော်ဝင်နှင်းဆီမှာ ဒီနေ့ကျင်းပခဲ့ပြီး၊ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဒုဥက္ကဋ္ဌ စာရေးဆရာမ သန်းမြင့်အောင် က ငြိမ်းချမ်းရေးနဲ့ပရဟိတအကြောင်း ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။

စာနယ်ဇင်းလောက အဟန့်အတားလုပ်ရပ်များကို ယာယီ စာနယ်ဇင်းသမဂ္ဂ ကော်မတီ ကန့်ကွက်

မြန်မာစာနယ်ဇင်းလောကမှာ သတင်းတွေ ရေးသားဖေါ်ပြတာနဲ့ ပတ်သက်လို့ ဂျာနယ်တချို့ တရားရင်ဆိုင်နေရတဲ့ ကိစ္စနဲ့ ထုတ်ဝေခွင့် ပိတ်ပင်ခံထားရတာတွေ အပေါ် မြန်မာစာနယ်ဇင်းသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ (ယာယီ) က ကန့်ကွက်တဲ့ ကြေညာချက် တစောင် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ရိုဟင်ဂျာတွေကို ထပ်မံ လက်ခံဖို့ ဘင်္ဂလားဒေ့ရှ် ငြင်းဆို

မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို သူတို့ နိုင်ငံမှာ ထပ်မံလက်ခံဖို့  မဖြစ်နိုင်တော့ဘူးလို့  ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောပါတယ်။


စစ်တပ်ဖမ်းတဲ့ ရွာသား အလောင်းပဲ ပြန်တွေ့

ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ် အတွင်းက ရွာသား တစ်ယောက်ကို မြန်မာ အစိုးရတပ်က ဖမ်းသွားပြီးနောက် သေဆုံးနေတဲ့ အလောင်းကိုပဲ မနေ့က ပြန်တွေ့ရတယ်လို့ သိရပါတယ်။

အလုပ်လက်မဲ့အခြေအနေ ဆိုးရွားနေကြောင်း တောင်သူတွေ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြ

နေပြည်တော် ဥတ္တရသီရိမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို မနေ့က သွားရောက်ခဲ့တဲ့ NLD ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံ တောင်သူလယ်သမားတွေက မိမိတို့လယ်ယာမြေတွေ အသိမ်းခံခဲ့ရတာကြောင့် လယ်မဲ့ယာမဲ့အပြင် အလုပ်လက်မဲ့တွေအဖြစ် ဘ၀အခြေအနေတွေ ပိုမိုဆိုးရွားနေကြောင်း တင်ပြခဲ့ကြပါတယ်။


အစိုးရတပ်များ တိုးချဲ့ရန် အထက်ညွှန်ကြားချက် ထွက်လာကြောင်း KIO ပြော

ကချင်ဒေသသို့ အစိုးရတပ်များ တိုးချဲ့နေရာယူထားကြရန် ဇူလိုင်လ ၂၆ ရက်နေ့က စစ်တိုင်းဒေသများ ကွပ်ကဲရေးဆိုင်ရာ အလွတ်သဘော ထိပ်သီး အစည်းအဝေး၌ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး က လမ်းညွှန်ချက် ပေးခဲ့ပြီး ဆိုင်ရာတပ် အသီးသီးသို့ ညွှန်ကြားချက် ပေးခဲ့ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO အတွင်းရေးမှူး ဦးလနန်မှ ပြောကြားသွားသည်။

“အဲဒီ အစည်းအဝေးမှာ ဒေသ စစ်ဗျူဟာမှူးတွေလည်း ခေါ်ထားတယ်။ ကချင်ဒေသကို တပ်တွေ တိုးချဲ့နေရာယူထားကြဖို့ ညွှန်ကြားထားတယ်လို့ သိရတယ်။ ကျနော်တို့ ဗဟိုဌာနချုပ် အနီးတဝိုက်မှာလည်း တပ်ဖွဲ့တွေ တိုးချဲ့ချထားတာတွေ့ရပါတယ်။ တိုင်းမှူးကနေ ဗျူဟာမှူးတွေကို အဆင့်ဆင့် ဆက်လက် ညွှန်ကြားနေတယ်လို့ ထပ်သိရတယ်” ဟု ဦးလနန် က ပြောသည်။

အဆိုပါ စစ်တိုင်းဒေသများ ကွပ်ကဲရေးဆိုင်ရာ အလွတ်သဘော ထိပ်သီးအစည်းအဝေးကို မြစ်ကြီးနားမြို့ရှိ
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ စစ်ရုံးတခု၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးမှာ ယခု၌ ကချင်ဒေသသို့ စစ်ဆင်နေသည့် တပ်များ အပါအဝင် မြောက်ပိုင်းတိုင်း၊ အနောက် မြောက်တိုင်း၊ အရှေ့ မြောက်တိုင်းတို့ အပါအဝင် စစ်တိုင်း သုံးတိုင်းအား တာဝန်ယူနေသည့် တပ်မတော် ကာကွယ်ရေးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) မှူး တဦး ဖြစ်သည်ဟု ဆိုသည်။

ထိုတပ်ဖွဲ့များ တိုးချဲ့နေရာယူမှုသည် ကချင်ဒေသသို့ တိုးမြှင့် စစ်ဆင်ရေး ပြုရန် ဖြစ်နိုင်ဖွယ် ရှိသော်လည်း ရှေ့တန်း စစ်မျက်နှာတွင် ရောက်ရှိနေသည့် တပ်များမှာ တိုက်ခိုက်လိုဟန် သဘောထား ပြင်းထန်မှု မရှိကြောင်း ဦးလလန်မှ သုံးသပ် ပြောဆိုသည်။

“သူတို့တွေလည်း ရှေ့တန်းတွေမှာ ဒုက္ခတွေ အများကြီး ကြုံတွေ့ရတယ်။ နောက် ကျနော်တို့ သိထားရတာက မရှိတဲ့ တိုက်ပွဲတွေကိုလည်း အစိုးရ တပ်တွေက အထက်ကို သတင်း တင်နေတယ်လို့ ကျနော်တို့ ကြားရတယ်။ ဒါပေမယ့်လို့ ကျနော်တို့ ဘေးပတ်ဝန်းကျင်မှာ သူတို့တပ်တွေ တော်တော်များများ ဖြည့်တင်းထားတယ်။ စစ်ရေးအရ တင်းမာနေပေမယ့် တိုက်ပွဲကတော့ ပြင်းထန်မှု မရှိသေးဘူး။ နှစ်ဖက် တပ်တွေအကြား ပစ်ခတ်မှုတွေတော့ နေ့စဉ် ရှိနေပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

သို့သော်လည်း လာမည့် ဇူလိုင်လ ၃၀ ရက်မှ သြဂုတ်လ ၄ ရက်နေ့အထိ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးရေးမှူး Tomas Ojea Quintana မြန်မာနိုင်ငံသို့ လာရောက်ရန် ရှိပြီး ကချင်ဒေသသို့လည်း သွားရောက်ရန် အစီအစဉ် ရှိသဖြင့် စစ်ဆင်ရေး လျော့နည်းနိုင်ဖွယ် ရှိသည်ဟု နယ်စပ် အခြေစိုက် နိုင်ငံရေး သမားများနှင့် စစ်ရေး အကဲခတ်များက သုံးသပ် နေကြသည်။

ထိုအချက်အား ဦးလနန်က “ သူလာ ရင်လည်း မြစ်ကြီးနားလောက်ပဲ ရောက်မှာပါ။ ကျနော်တို့ ရှေ့တန်း စစ်မျက်နှာနဲ့ ဌာနချုပ် လိုင်ဇာထိ လာနိုင်မယ် မထင်ပါဘူး။ ဒီတော့ စစ်ဆင်ရေးတွေ လျော့သွားမယ် ဆိုတာတော့ မဟုတ်နိုင်လောက်ပါဘူး” ဟု ဆိုသည်။

KIO နှင့် အစိုးရတပ်တို့ ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားခဲ့သည့် တနှစ်ကျော် ကာလအတွင်း KIO ထံတွင် အစိုးရတပ်မှ သုံပန်း ၄၀ နီးပါးခန့် ရှိပြီဟု သိရှိရသည်။

နှစ်ဖက် တပ်များ အကျအဆုံး နှင့် အဖမ်းအဆီး သုံ့ပန်း စာရင်းများကို ဒေသတည်ငြိမ်မှု မရှိသေးသဖြင့် အချက်အလက် အပြည့်အစုံဖြင့် တိတိကျကျ မစုဆောင်း နိုင်သေးပေ။ KIO ဘက်မှ လက်လှမ်း မီသလောက်ပြုစုထားသည့် စာရင်း များကိုလည်း သင့်တော်သည့် အချိန်တွင် ထုတ်ပြန်သွားမည်ဟု ဦးလနန် က ဆိုသည်။ တိုက်ပွဲအရေအတွက်နှင့်ပတ်သက်၍မူ ဇူလိုင်လ ၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ တိုက်ပွဲပေါင်း ၉၀ ကျော် ဖြစ်ပွားခဲ့ပြီးဖြစ်သည်ဟု ၎င်းက ပြောသည်။

စစ်မှန်သည့် နိုင်ငံရေး တွေ့ဆုံခြင်း နည်းလမ်းဖြင့် ဖြေရှင်းကြမှသာ ယခု ဖြစ်ပွားနေသည့် ကချင် ပြည်တွင်းစစ် အပါအဝင် တိုင်းရင်းသား အပစ်ရပ်များ၏ ရေရှည် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အာမခံချက်ပေးနိုင်မည် ဖြစ်ကြောင်း KIO ဘက်မှ သုံးသပ်ထားသည်။

ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်နိုင်ရေးနှင့် ပတ်သက်၍ ကချင်အရေးကို အစိုးမှ မည်သို့ ကိုယ်တွယ်မည်မှာ အခရာကျသည့် အချက် ဖြစ်သည်ဟု နော်ဝေး အစိုးရမှ ကျောက်ထောက် နောက်ခံပြု၍ ဖွဲ့စည်းပေးထားသည့် Myanmar Peace Support Initiative (MPSI) မှ Ashley South က ပြောသည်။

“ကျနော်တို့ အနောက်ကမ္ဘာက မီဒီယာတွေမှာ အစိုးရနဲ့ တိုင်းရင်းသားတွေ ဆွေးနွေးတာ ဖော်ပြလေ့ ရှိပါတယ်။ ဆိုတော့ အနောက်နိုင်ငံသားတွေ ဘာမြင်လဲဆိုတော့ မြန်မာ့ နိုင်ငံအရေး ပဋိပက္ခ ငြိမ်းချမ်းပြီလို့ ထင်နေကြတယ်။ ကျနော် မြင်တာကတော့ ဒီအပစ်အခတ် ရပ်စဲရေး တည်ဆောက်မှုဟာ အစိုးရနဲ့ တိုင်းရင်းသားတွေကြား ယုံကြည်မှု တည်ဆောက်ရေးရဲ့ အစပဲ ရှိပါသေးတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးရဲ့ အစပဲ ရှိပါသေးတယ်။ တိုင်းရင်းသားတွေ လိုချင်တာက ဥပဒေအရ အာမခံချက် ရှိတဲ့ စစ်မှန်တဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့ပါ။ ဒါကို နိုင်ငံရေး နည်းလမ်းအရ အစိုးရနဲ့ ဆွေးနွေးကြတာပါ” ဟု Ashley South ပြောသည်။ဇူလိုင်လ ၂၇ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ် တနေရာ၌ ပြုလုပ်သည့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးပွဲ၌ို ပြောကြားသွားခြင်း ဖြစ်သည်။


သတင်းစာထုတ်ဝေခွင့်နှင့် သတင်းဆိုင်ရာ ရုပ်သံလိုင်း လုပ်ကိုင်ခွင့်ရရှိရန် EMG တရားဝင် လျှောက်ထားမည်


သတင်းစာထုတ်ဝေခွင့်နှင့် သတင်းဆိုင်ရာ ရုပ်သံလိုင်း လုပ်ကိုင်ခွင့် ရရှိရန်အတွက် Eleven Media Group (EMG)မှ ပြန်ကြားရေးဝန်ကြီးဌာနသို့ တရားဝင်လျှောက်ထားမည်ဖြစ်ကြောင်း သိရှိရပါသည်။ လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် ကြေးမုံ၊ မြန်မာ့အလင်း၊ New Light of Myanmar ၊ မြ၀တီ၊ ရတနာပုံ၊ မန္တလေးနေ့စဉ်နှင့် မြို့တော် အစရှိသည့် သတင်းစာများ ထွက်ရှိနေပြီး အဆိုပါသတင်းစာများမှာ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် အစိုးရပိုင် များသာဖြစ်ပြီး ပုဂ္ဂလိကသတင်းစာ ထုတ်ဝေမှုမှာ လုံးဝမရှိသေးသည့် အခြေအနေဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက မီဒီယာဥပဒေ ထွက်ရှိပြီးမှ ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့်များကို ခွင့်ပြုသွားမည်ဟုဆိုသော်လည်း  မီဒီယာ ဥပဒေကို အတည်ပြုပြဋ္ဌာန်းရန်မှာ ယခုနှစ်ဝက်ကျော်သည့်အချိန်အထိ မရေရာသည့် အနေအထားတွင် ရှိနေဆဲဖြစ်ပါသည်။ 
မြန်မာနိုင်ငံ၏ ရုပ်သံထုတ်လွှင့်မှုအပိုင်းကို ၁၉၈၀ ပြည့်နှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ စတင်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် မြ၀တီရုပ်မြင်သံကြားနှင့် ၂၀၀၁ ခုနှစ်တွင် MRTV-3  ရုပ်သံလိုင်းတို့ စတင်ထုတ်လွှင်ခဲ့ပါ သည်။ ၂၀၀၄ ခုနှစ်တွင် MRTV-4  ရုပ်သံလိုင်းကို ထုတ်လွှင့်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၌ Myanmar International ရုပ်သံလိုင်းကို ထုတ်လွှင့်ခဲ့ပါသည်။ပြည်တွင်း ရုပ်သံထုတ်လွှင့်မှုအတွက် ပုဂ္ဂလိကမှ ပထမဆုံးအနေဖြင့် ၂၀၀၅ ခုနှစ်တွင် Forever Group (Family Entertainment) သို့ လုပ်ကိုင်ခွင့်ပေးခဲ့ပြီး 5 Movies အစရှိသော MRTV-4 နှင့်ဆက်စပ် ရုပ်သံလိုင်းများ ကို ထုတ်လွှင့်ခဲ့ပါသည်။ ၂၀၁၀ပြည့်နှစ် ဒီဇင်ဘာလတွင် ရွှေသံလွင်ကုမ္ပဏီမှ Sky Net အခပေး ရုပ်သံလိုင်းသစ် ၃၈ လိုင်းကို စတင် ထုတ်လွှင့်ခဲ့သည်။ လက်ရှိအချိန်တွင် MRTV-4 ရုပ်သံလိုင်းမှာ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် တွဲဖက်လုပ်ကိုင်လျက်ရှိသော ဖျော်ဖြေရေး ဦးစားပေး ရုပ်သံလိုင်းဖြစ်ပါသည်။ ထို့အတူ  SkyNet Up To Date ရုပ်သံလိုင်းမှာ သတင်းရုပ်သံလိုင်းဟု ယေဘုယျအားဖြင့် ခေါ်ဆိုနိုင်သော်လည်း ပုဂ္ဂလိက သီးခြား သတင်းရုပ်သံလိုင်းအဖြစ် ရပ်တည်နေခြင်း မဟုတ်ဘဲ အခြား ဖျော်ဖြေရေးလိုင်းများနှင့် ချိတ်ဆက်ထုတ်လွှင့်နေခြင်း ဖြစ်သည်။
Eleven Media Group သည်  ၂၀၀၀ ပြည့်နှစ် ဇွန်လတွင် စတင်ထူထောင်ခဲ့သော ပုဂ္ဂလိက မီဒီယာတစ်ခုဖြစ်ပြီး First Eleven Sports  ဂျာနယ်ကို စတင်ထုတ်ဝေခဲ့ပါသည်။  ၂၀၀၃ ခုနှစ်တွင် Premier Eleven Sports ဂျာနယ်ကို ထုတ်ဝေခဲ့ပြီး  ၂၀၀၅ ခုနှစ်တွင် Weekly Eleven News ဂျာနယ်ကို ထုတ်ဝေခဲ့ကာ ၂၀၀၈ ခုနှစ်တွင် International Eleven ဂျာနယ်ကို Bi Weekly  Eleven News ဂျာနယ်အဖြစ် အမည်ပြောင်းလဲ ထုတ်ဝေခဲ့ပါသည်။ Eleven Media Group အနေဖြင့် ၂၀၁၂ခုနှစ် မေလအတွင်းက ထိုင်းနိုင်ငံမှ ထိပ်တန်းမီဒီယာတစ်ခုဖြစ်သော Nation Multimedia Group နှင့် မီဒီယာကိစ္စရပ်များ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ ရေးထိုးထားပါသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ခု နှစ်တွင် World Economic Forum အပါအ၀င် အခြားသော နိုင်ငံတကာ ဆွေးနွေးပွဲများနှင့် (၂၇)ကြိမ် မြောက်အရှေ့တောင်အာရှ အားကစားပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌရာထူးကို တာ ၀န်ယူမည်ဖြစ်သည့်အတွက် အဆိုပါ တာဝန်များနှင့် လိုက်လျောညီထွေဖြစ်ရန်နှင့် ဒီမိုကရေစီ အင်္ဂါရပ်များ ပြည့်စုံရန်အတွက် ပုဂ္ဂလိကသတင်းစာများနှင့် ပုဂ္ဂလိက သီးခြား သတင်းရုပ်သံလိုင်းများ ပေါ်ထွက်ရန်မှာ လိုအပ်လာမည် ဖြစ်ပါသည်။




လုပ်ငန်းရှင်ကြီးအချို့(ဥပမာ -အိမ်ရာ၊ မြေယာ ရောင်းဝယ်ခြင်း) အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာပေးထားခြင်းသည် နိုင်ငံတော်အတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှုများ ပိုမိုကြီးထွားလာစေနိုင်ကြောင်း အမျိုးသားလွှတ်တော် ငွေရေးကြေးရေးနှင့် အခွန်အကောက်ဆိုင်ရာ ကော်မတီ၏ အကြံပြုချက်စာတမ်းတွင် အကြံပြုထားကြောင်း ငွေကြေးအရင်းအနှီး မြောက်မြားစွာ ရင်းနှီးမြှုပ်နှံထားသည့် ကုန်ထုတ်လုပ်ငန်း မဟုတ်သည့် ၀ယ်လှောင်ရောင်းပုံသဏ္ဌာန်ဖြင့် ဆောင်ရွက်နေသည့် မြေ၊ အိမ်၊ ယာဉ်ရောင်းဝယ်မှုများ အပေါ်တွင်လည်း သင့်တော်သည့်နည်းလမ်းများဖြင့် စနစ်တကျစည်းကြပ်သွားရန် လိုအပ်သည် ဟု တင်ပြထားကြောင်း ငွေလဲလှယ်နှုန်း တစ်သမတ်တည်း ဖြစ်စေရေးအတွက် ဆောင်ရွက်နေသော်လည်း ငွေလဲကောင်တာနှုန်း၊ ပြင်ပဈေးနှုန်း၊ FEC ဈေးနှုန်း၊ Earning နှုန်းများ ကွာခြားမှုရှိနေခြင်းတို့ကြောင့် ငွေကြေးလဲလှယ်နှုန်း တစ်မျိုးတည်းဖြစ်အောင် လုပ်ဆောင်သင့်ပြီး ငွေကြေးလဲလှယ်နှုန်း အတက်အကျ ကွာခြားချက် နည်းနိုင်သမျှနည်း၍ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်သင့်ကာ ဈေးကွက်စနစ်ဖြစ်ပေါ်လာရန် လိုအပ်ကြောင်း အခွန်ထမ်းက အခွန်ရှောင်ခြင်း၊ အခွန်ဝန်ထမ်းများက နိုင်ငံထက် ယင်းတို့၏ ကိုယ်ကျိုးအတွက် ဆောင်ရွက် နေခြင်းများကို လျော့နည်းပပျောက်စေမည့် အခွန်မူဝါဒမျိုး ချမှတ်ကျင့်သုံး သင့်ကြောင်း၊ ကုန်ထုတ်လုပ်မှုအဆင့် ဆင့်၊ ရောင်းဝယ်ဖောက်ကားမှု အဆင့်ဆင့်အပေါ်တွင် အခွန်အကြိမ်ကြိမ် စည်းကြပ် ကောက်ခံခြင်းများကြောင့် ရရှိသည့်အခွန်သည် သက်ဆိုင်ရာ လုပ်ငန်းရှင်ကြီးများ၊ ကုမ္ပဏီကြီးများက ကျခံရခြင်းမဟုတ်ဘဲ သွယ်ဝိုက်သော နည်းအားဖြင့် စားသုံး၊ သုံးစွဲသူများကသာ ကျခံရသည်ကို သတိပြုသင့်ကြောင်း အခွန်မှန်ကန်စွာ ရရှိရေးအတွက် အခွန်အကောက် ကောက်ခံခြင်း ခံရမည့် လူပုဂ္ဂိုလ်(အခွန်ထမ်း)၊ လုပ်ငန်း၊ ပစ္စည်းအားအမျိုးအစားနှင့် အတန်းအစားခွဲခြားခြင်း၊ ကောက်ခံခြင်း ခံရမည့်အရာများ မှန်ကန်သည့်တန်ဖိုး၊ ဈေးနှုန်း၊ သတ်မှတ်ပေးခြင်း၊ ကောက်ခံခြင်း ဆောင်ရွက်မည့်သူများ စနစ်တကျဖွဲ့စည်းခြင်းနှင့် ယင်းတို့ ၏တာဝန်ဝတ္တရားများ သတ်မှတ်ပေးခြင်း၊ အခွန်ကောက်ခံခြင်း ဆောင်ရွက်မည့် အဖွဲ့အစည်း ပုဂ္ဂိုလ်များအတွက် စည်းမျဉ်းစည်းကမ်းများ တိကျစွာ သတ်မှတ်ပေးခြင်းများအပြင် ပြည်သူများ ယုံကြည်လက်ခံနိုင်သည့် အခွန်မူဝါဒ၊ ရှင်းလင်းလွယ်ကူသည့် အခွန်စနစ်များပါရှိသည့် ဥပဒေများ ကို ခေတ်ကာလနှင့်အညီ ပြန်လည်ရေးဆွဲသွားသင့်ကြောင်း အကြံပြုထားကြောင်း သိရသည်။


သိမ်းယူခံထားရသည့် လယ်ယာမြေ ပြဿနာများတွင် နာမည်ကျော်ကုမ္ပဏီကြီးများ ပါဝင်ပတ်သက်နေ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ ဆိပ်ကမ်းမြို့နယ်နှင့် ဒဂုံအရှေ့မြို့ နယ်အတွင်း ကန်ထရိုက် လယ်ယာ (Contract Farming) စနစ်ဖြင့် လုပ်ကိုင်ရန် အကြောင်းပြပြီး သိမ်းယူထားသည် ဆိုသော လယ်ယာမြေပြဿနာများတွင် နိုင်ငံ၏နာမည်ကျော် ကုမ္ပဏီကြီးများ ပါဝင်ပတ်သက်နေကြောင်း ထုတ်ပြန်ထားချက်များအရ သတင်းရရှိသည်။ နာမည်ကျော်ကုမ္ပဏီများအပြင် လက်ရှိအစိုးရအဖွဲ့အတွင်းမှ ပြည်ထောင်စုဝန်ကြီးအဆင့် တာဝန်ရှိသူအချို့၊ လွှတ်တော်အမတ်အချို့ နှင့် ပတ်သက်ပိုင်ဆိုင်သည့် ကုမ္ပဏီများပါ ပါဝင်ပတ်သက်လျက်ရှိသည် ဟု သိရသည်။

ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်း ကုမ္ပဏီ ၁၆ ခုအား တစ်ကွက်လျှင် လယ်မြေ ဧက ၅၀၀ ချထားပေးပြီး အဆိုပါမြေဧရိယာအတွင်း လက်ရှိစိုက်ပျိုး ထုတ်လုပ်နေသည့် ကုမ္ပဏီအလိုက် စိုက်ဧကစာရင်း

ကုမ္ပဏီ      
လုပ်ငန်းရှင်အမည်
မိုးစပါးစိုက်ဧက
ဒဂုံအင်တာနေရှင်နယ်   
ဦးဝင်းအောင်(ဥက္ကဋ္ဌ၊ UMFCCI)
၇၅၀
ယုဇန                 
ဦးဌေးမြင့်(ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်)
၄၇၀
မြင့်ဇေယျာ          
လယ်/ဆည် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် မိသားစုဖြင့် ဆက်နွယ်မှုရှိ
၃၈၀
ဆင်းရွှေလီ         
လယ်/ဆည် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် မိသားစုဖြင့် ဆက်နွယ်မှုရှိ
၆၀၀
ဝန်းရံခ           
ဦးတင်ဝင်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲ)
၃၈၀
ရွှေနဂါးမင်း       
စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်
၄၄၀
ရွှေနဂါးမင်း(မထားစုရွာ)  
စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်
၂၀၀
မက်စ်မြန်မာ     
ဦးဇော်ဇော်(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)
၃၈၀
ရွှေဟိန်းထက်    
ဦးဝင်းနိုင်(ဆောက်လုပ်ရေးနှင့် ကျောက်မျက်ကုမ္ပဏီလုပ်ကိုင်)
၃၀၀
ဧဒင်ကုမ္ပဏီ         
ဦးချစ်ခိုင်(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း)
၄၀၀
ဂရင်းအေးရှား          
ဦးထွန်းမြင့်နိုင်(အေးရှားဝေါလ်ကုမ္ပဏီ)၏ လုပ်ငန်းခွဲကုမ္ပဏီ
၄၀၀
အမျိုးသားကြီးပွားတိုးတက်ရေး 
အမျိုးသားကြီးပွားတိုးတက်ရေး   ဦးစိုးထွန်းရှိန်    
၄၀၀
ရွှေတောင်        
ဦးအိုက်ထွန်း
၄၀၀
ပင်လယ်ကိုးသွယ်          
ဦးအောင်သန်းဦး(ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ သန်လျင်မဲဆန္ဒနယ်)
၄၅၀
မြရွှေဝါ  
ဦးအောင်သန်းဦး(ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ သန်လျင်မဲဆန္ဒနယ်)
၃၈၀
ဂွဒ်ဘရားသား      
ဦးလှဦး(ဒါရိုက်တာ)
၃၅၀

စတင်လုပ်ကိုင်ချိန်၌ မြ၀တီကုမ္ပဏီ(ဦးပိုင်) ပါဝင်ကြောင်း၊ နောက်ပိုင်းတွင် အိုး/အိမ်သို့ ပြန်လည်အပ်နှံထားကြောင်း သိရသည်။ ပျမ်းမျှအားဖြင့် ဒဂုံအရှေ့ပိုင်းတွင် ကုမ္ပဏီစုစုပေါင်းအား ချထားပေးသည့် လယ်ယာမြေဧကပေါင်း ၇၀၀၀ ခန့်ရှိကြောင်း၊ နောက်ပိုင်းတွင် အချို့ကုမ္ပဏီကြီးများမှ နီးစပ်ရာ လယ်ယာများအား ထပ်မံသိမ်းဆည်း ၀ယ်ယူခြင်းများကြောင့် ဧကပိုမိုများပြားလာပြီးစ ယခုအခါ ဧက ၁၀၀၀၀ ကျော်ထိ ရှိလာကြောင်း သိရသည်။ ယင်းအထဲ၌ စားကျက်မြေ၊ ရေနက်ကွင်း၊ ရေမြောင်းများ၊ မွေးမြူရေးကန်များလည်း ပါဝင်ကြောင်း၊ ဖော်ပြပါ ကုမ္ပဏီလိုက် လယ်ဧကများမှာ ပြီးခဲ့သည့် နှစ်မိုးစပါးစိုက်ဧကသာ ဖြစ်ပြီး ကုမ္ပဏီများပိုင်ဆိုင်သည့် ဧကအားလုံး မဟုတ်ပါ။ ပိုင်ဆိုင်သည့် ဧကများမှာ ယခုထက် ပိုမိုများပြားပါသည်။ 

မှတ်ချက်။        ။ ဒေါက်တာခင်ရွှေ (ဇေကမ္ဘာကုမ္ပဏီ)သည် မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာတွင် စက်မှုဇုန်စီမံကိန်းအတွက် လယ်ယာမြေ သိမ်းယူထားမှုသည်လည်း ပြဿနာဖြစ်ပွားလျက် ရှိသည်။ သန်လျင်မြို့နယ် လွမ်းဆွတ်ကျေးရွာတွင်လည်း လယ်မြေပြဿနာ ကြုံတွေ့ရသည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment