မြန်မာသတင်းများ  စက်တင်ဘာ  ၀၁၊ ၂၀၁၂

ABSDF မြောက်ပိုင်း သတင်းစာ ရှင်းလင်းပွဲ ရန်ကုန်တွင် ကျင်းပ


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) မြောက်ပိုင်းဒေသ၌ ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို မနေ့က နံနက်ပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင်ကျင်းပကြောင်း သတင်း ရရှိသည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို ABSDFမြောက်ပိုင်း ရဲဘော်ဟောင်းများက ဦးဆောင်ကျင်းပခြင်း ဖြစ်ပြီး သြဂုတ်လ ၃၁ ရက်စွဲဖြင့် ကြေညာချက် တစောင်လည်း ထုတ်ပြန်ခဲ့သည်။ ၁၉၉၁-၉၂ ခုနှစ်ကာလ ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ် ပါဂျောင်ဒေသရှိ ABSDF မြောက်ပိုင်းစခန်း အကျဉ်းထောင်၌မတ ရား စွပ်စွဲခံရကာ ညှဉ်းပန်းနှိပ်စက်ခံရပြီး ကျဆုံးသွားသူများ၏ နစ်နာမှုကို ပြန်လည် ဖော်ထုတ်ပေးလိုကြောင်း၊ တရား ဥပဒေ လမ်းကြောင်းအရ ဖြေရှင်းသည်များကို အားပေးကူညီနိုင်ရေးတို့အတွက် သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခြင်း ဖြစ်ကြောင်း ဦးဆောင် ကျင်းပသူ တဦးဖြစ်သည့် ABSDF မြောက်ပိုင်း ရဲဘော်ဟောင်း ကိုရဲလင်းက ပြောသည်။
“သမိုင်းကြောင်းအမှန် ပေါ်ပေါက်ဖို့အတွက်လည်း သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေက ကိုယ် ဆက်စပ် ပတ်သက်ခဲ့တဲ့ အနေ အထားတွေက နေပြီးတော့ မှန်ကန်တဲ့ အချက်အလက်တွေ ပေးပြီး ပူးပေါင်း ပါဝင်စေလိုတဲ့ ရည်ရွယ်ချက်တွေလည်း ပါ ပါတယ်”ဟု သူက ဆိုသည်။
ယင်းဖြစ်ရပ်ကို သင်ခန်းစာယူ၍ အလားတူ ဖြစ်ရပ်မျိုး နောင်တွင် မဖြစ်ပေါ်စေရေး၊ အငြိုး အာဃာတ မထားဘဲ မိသားစု အားလုံးနှင့် တရားသဖြင့် အမှန်တရား ပေါ်ပေါက်ရေးကို ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သူက ဆက်ရှင်းပြသည်။အဆိုပါ ကြေညာချက်တွင် အခင်းဖြစ်ပွားချိန်က သေဆုံးခဲ့သည့် ဦးစိန်၏ သမီးဖြစ်သူ မစန်းစန်းအေးက သူ၏ ဖခင် သေဆုံးမှုအတွက် အပြစ်ရှိသူများကို အရေးယူပေးရန် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် ရဲစခန်း၌ သြဂုတ်လ ၁၉ ရက်နေ့က အမှုဖွင့် တိုင်ကြားမှုကို မြောက်ပိုင်း ရဲဘော်ဟောင်းများက တာဝန်သိစိတ်ဖြင့် ထောက်ခံကြောင်းလည်း ပါဝင်သည်။
တရားစွဲဆိုခဲ့သူ မစန်းစန်းအေးက ဖခင် ဦးစိန်သည် ၁၉၈၈ ခုနှစ်နောက်ပိုင်း ABSDF မြောက်ပိုင်းဒေသသို့ သွားရောက်ခဲ့ပြီး နောက် ၄င်းအား သတ်ဖြတ်ခံခဲ့ရသည်ကို သိခဲ့ရသော်လည်း အသေးစိပ်ကို မသိခဲ့ရကြောင်း၊ မကြာသေးခင်ကမှ ဖခင်သေဆုံး ရပုံကို သိခဲ့ရပြီးမှ တရားစွဲခဲ့ကြောင်း၊ ထောက်ခံ ကူညီမှုများအတွက် အားတက်မိကြောင်း ပြောသည်။ထိုသို့သတင်းစာရှင်းလင်းပွဲ လုပ်၍ ကြေညာချက်ထုတ်သည့် ယနေ့နေ့လယ်ပိုင်းတွင်ပင် ယခင် ABSDF ဥက္ကဌဟောင်း ဒေါက် တာနိုင်အောင် သည်လည်း နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး ပြည်တော်ပြန်ခရီး အဖြစ် ရန်ကုန်မြို့သို့ ရောက်ရှိလာချိန် နှင့် တိုက်ဆိုင်နေသည်။
ကိုရဲလင်းက“ဒေါက်တာနိုင်အောင်တို့ အနေနဲ့ အဖြစ်အပျက်အမှန် ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာ ၃ ပွင့်ဆိုင် သော် လည်းကောင်း ပေါ့၊ ညှိနှိုင်းဆွေးနွေးသင့်တယ် ဆိုတဲ့ လမ်းကြောင်းပေါ် တက်သင့်တယ်၊ ဥပဒေကြောင်းအရ ဖြေရှင်းကြတဲ့ ပြ ဿနာတွေမျိုးမှာလည်း ကိုယ်တာဝန်ရှိတဲ့ အနေအထားအလျောက် ဖြေရှင်းပေးရလိမ့်မယ်လို့ ကျနော်တို့ မြင်တယ်”ဟု ပြော သည်။
ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသော ဒေါက်တာနိုင်အောင်က ABSDF မြောက်ပိုင်းနှင့် ပတ်သက်၍ ထိုအချိန်က ဖြစ်ရပ် အပေါ် ၀မ်းနည်းကြောင်း သတင်းထောက်များ၏ အမေးကို ပြန်လည်ဖြေကြားသည်။
“တရား ဥပဒေ စိုးမိုးမှု၊ ပွင့်လင်း ထင်သာမြင်သာမှုဖြစ်တဲ့ အခြေအနေရောက်ရင် အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး အဖြစ်မှန် ပေါ်ပေါက်ရေးကိုကျနော်တို့ ရှာဖွေလုပ်ဆောင်ချင်ပါတယ်။ အဲ့ဒီအတွက် အပြည့်အ၀ပူးပေါင်းပါဝင်မယ်လို့ ကျနော် ပြောလိုပါတယ်” ဟု ဒေါက်တာနိုင်အောင်က ဆိုသည်။
ယနေ့ ရန်ကုန်မြို့သို့ ပြည်တော်ပြန် ရောက်ရှိလာသူများမှာ ဒေါက်တာ နိုင်အောင် အပါအ၀င် ဒေါက်တာ သောင်းထွန်း၊ ဦးညိုအုန်းမြင့်(NLD-LA)တို့ ဖြစ်သည်။
ဒေါက်တာနိုင်အောင် ပြောဆိုချက်အပေါ် ကြိုဆိုကြောင်း၊ ၄င်းအနေနှင့်လည်း ပါဂျောင် ဒေသတွင် ဖမ်းဆီးစစ်ဆေးခံရခဲ့ပြီး အချုပ်ကျခဲ့သူဖြစ်ကြောင်း၊ ဦးစိန် သေဆုံးမှုနှင့်ပတ်သက်၍ တရားဥပဒေအရ သက်သေထွက်ဆိုရာတွင်လည်း သိသည့်၊ မြင် သည့် အချက်များကိုသာ ထွက်ဆိုမည်ဖြစ်ကြောင်း ကိုရဲလင်းက ပြောဆိုသည်။
ယနေ့ သတင်းစာရှင်းလင်းပွဲကို အခင်းဖြစ်ပွားမှုကြောင့် သေဆုံးသူများ၏ မိသားစုဝင်များ၊ သတင်းမီဒီယာသမားများ၊ စိတ် ၀င်စားသူများ တက်ရောက်ကြသည်။
၁၉၉၁-၉၂ ခုနှစ်က ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် စစ်ထောက်လှမ်းရေးဟု စွပ်စွဲပြီးလူ ၁၀၀ ကျော်ကို ဖမ်းဆီး၍ ပြစ် ဒဏ်ပေး စီရင်မှု ဖြစ်ပွားခဲ့ရာABSDF မြောက်ပိုင်း ဥက္ကဌ ကိုထွန်းအောင်ကျော် အပါအ၀င် ၃၅ ဦး သေဆုံး၍လူ ၅၀ ကျော်မှာ တရုတ်ပြည်ဘက်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ABSDF မြောက်ပိုင်း သတင်း စာရှင်းလင်းပွဲ ကျင်းပ

 

မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) မြောက်ပိုင်း ဒေသ၌ ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို မနေ့က နံနက်ပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပကြောင်း သိရသည်။ ယင်းရှင်းလင်းပွဲကို ABSDF မြောက်ပိုင်း ရဲဘော် ဟောင်းများက ဦးဆောင်ကျင်းပခြင်း ဖြစ်ကြောင်း Eleven Media Group ဖေ့စ် ဘုတ် စာမျက်တွင် ဖော်ပြထားသည်။ ABSDF မြောက်ပိုင်း သတ်ဖြတ်မှုတွင် အဓိက တာဝန်ရှိသူ တဦးဟု စွပ်စွဲခံရသူ ဒေါက်တာ နိုင်အောင်သည် ယနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။


 ABSDF(ဗဟို) ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်နှင့် တွေ့ဆုံခြင်း

၁၉၉၁-၁၉၉၂ခုနှစ်များအတွင်း မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် ပါဂျောင်ဒေသရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF(မြောက်ပိုင်း) တွင် တပ်ဖွဲ့ဝင်ကျောင်းသား(၁၀၇)ဦး ဖမ်းဆီးခံခဲ့ ရပါသည်။ ဖမ်းဆီးခံခဲ့ရသော ကျောင်းသားများအနက် ၁၉၉၂ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (အထက်ဗမာပြည်) ဥက္ကဋ္ဌဟောင်း ကိုထွန်းအောင်ကျော် အပါအ၀င် ကျောင်းသား(၁၅)ဦးကို သတ်ဖြတ်ခဲ့ပြီး ABSDF စစ်ကြောရေး၌  ညှင်းပန်းနှိပ်စက်ခံခဲ့ရပြီး သေဆုံးခဲ့ရသူ ကျောင်းသား (၁၄)ဦး၊ တစ်ဦးချင်းစီအလိုက် သတ်ဖြတ်ခံရသူ (၉) ဦး စုစုပေါင်း(၃၈) ဦး သေဆုံးခဲ့ရပါသည်။ သတ်ဖြတ်ခံရသူများမှာ ABSDF တပ်ဖွဲ့ဝင်များဖြစ်ကြပြီး ထိုကျောင်းသားများသည် စစ်တပ်မှ စေလွှတ်ထားသော ထောက်လှမ်းရေးများဟု စွပ်စွဲခံခဲ့ရပြီး ABSDF(မြောက်ပိုင်း) စစ်ကြောရေး၌ လည်းကောင်း၊ အကြောင်အမျိုးမျိုးဖြင့်လည်းကောင်း သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ အဖမ်းခံခဲ့ရပြီး မသေဘဲ ကျန်ရစ်ခဲ့ရသူများမှာ နည်းလမ်းအမျိုးမျိုးဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့ကြပါသည်။ ABSDF (မြောက်ပိုင်း)၌ ညှင်းဆဲနှိပ်စက်ခံခဲ့ပြီး လွတ်မြောက်လာခဲ့သော မြောက်ပိုင်းပြန်ကျောင်းသားများ၏ အဆိုအရ မြောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့မှုများသည် မတရားစွပ်စွဲခံခဲ့ရသည့် ကိစ္စရပ်ဖြစ်ပြီး ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက်တစ်ရပ်လည်း ဖြစ်သည်ဟု ဆိုကြပါသည်။ ၎င်းတို့အနေဖြင့် သမိုင်းအမှန်ကို ပြန်လည်ဖော်ထုတ်ရန်နှင့် မတရားစွပ်စွဲမှုများကို ချေဖျက်ရန် အသင့်ရှိနေကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်လာခဲ့ပါသည်။ 
မြောက်ပိုင်းကိစ္စတွင် အဓိက တာဝန်ရှိသူများမှာ ထိုအချိန်က ABSDF(မြောက်ပိုင်း) ဥက္ကဋ္ဌ ရော်နယ်အောင်နိုင် (ယခု ထိုင်းနိုင်ငံ၊ ချင်းမိုင်နေ) ၊ ဒုတိယ ဥက္ကဋ္ဌ-၁ နှင့် စစ်ရေးတာဝန်ခံ သံချောင်း (ခ) ကိုမြင့်စိုး (ခ) စပ်ခွန်ကျော် (ယခု သာယာဝတီ အကျဉ်းထောင်အတွင်း)၊ ကိုမျိုးဝင်း (ဒုတိယ စစ်ရေးတာဝန်ခံနှင့် တွဲဖက် အထွေအထွေအတွင်းရေးမှူး-၁ (ကွယ်လွန်)၊ တွဲဖက် အထွေအထွေ အတွင်းရေးမှူး-၂ ကိုလှဆိုင်း(ယခု ABSDF (မြောက်ပိုင်း)နေ)၊ ကျောင်းသား ထောက်လှမ်းရေး တာဝန်ခံ ကိုသန်းဇော် (ယခု မန္တလေးမြို့နေ) နှင့် ABSDF (ဗဟို)၏ ဥက္ကဋ္ဌမှာ ဒေါက်တာနိုင်အောင်တို့ ဖြစ်ကြသည်ဟု မြောက်ပိုင်းမှ ထွက်ပြေး လွတ်မြောက်လာသော ကျောင်းသား ရဲဘော်ဟောင်းများက ပြောဆိုထား ကြပါသည်။ ဒုတိယ ဥက္ကဋ္ဌ-၂ ကိုကျော်ကျော် (ယခု ABSDF(မြောက်ပိုင်း)နေ)၊ ဗဟိုကော်မတီဝင် ကိုအောင်ကြီး (ယခု SSA (တောင်ပိုင်း)နေ)၊ ဗဟိုကော်မတီဝင် ကိုစိန်အေး (ယခု ABSDF (မြောက်ပိုင်း)နေ)၊ ကျောင်းသား ထောက်လှမ်းရေး ဒုတိယ တာဝန်ခံ ကိုဇော်ဇော်မင်း (ယခု မိုးညှင်း(နမ်းမား)နေ)၊ ကျောင်းသား ထောက်လှမ်းရေး အဖွဲ့ဝင် ကိုအောင်စိုးမြင့်(ယခု မိုးညှင်းနေ) နှင့် ကျောင်းသား ထောက်လှမ်းရေးအဖွဲ့ဝင် ကိုကျော်ထင်ဦး  (ကွယ်လွန်) တို့ကိုလည်း တာဝန် ရှိသူများအဖြစ် မြောက်ပိုင်းပြန် ကျောင်းသားများက ပြောဆိုခဲ့သည်။ 
ABSDF (မြောက်ပိုင်း)တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ ရှင်းလင်းမှု မရှိသေးချိန်တွင် ထိုဖြစ်စဉ်၌ အဓိက တာဝန်ရှိသူတစ်ဦးအဖြစ် မြောက်ပိုင်းပြန် ကျောင်းသားများမှ သတ်မှတ်ထားသော  ABSDF (ဗဟို)၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဒေါက်တာနိုင်အောင် (ယခု အထွေထွေ အတွင်းရေးမှူး- မြန်မာနိုင်ငံ ဒီမိုကရက်တစ်တပ်ပေါင်းစု (FDB)) သည် သြဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင်  နိုင်ငံတော် သမ္မတ၏ ဖိတ်ခေါ်မှုအရ ငြိမ်းချမ်းရေး အကျိုးဆောင်များ၏ စီစဉ်ပေးဖြင့်ဖြင့် မြန်မာနိုင်ငံသို့ တွေ့ဆုံဆွေးနွေးရေး လေ့လာရေးခရီးစဉ် လာရောက်ခဲ့ပါသည်။ ထိုကဲ့သို့ ရောက်ရှိပြီးနောက် ခေတ္တတည်းခိုရာ ရှင်စောပုဟိုတယ်၌ သီးခြားတွေ့ဆုံခဲ့ပြီး ABSDF (မြောက်ပိုင်း) ကိစ္စနှင့် ပတ်သက်သော သဘောထားများကို မေးမြန်းခဲ့ခြင်းအား ဖော်ပြလိုက်ပါသည်။

"တရား ဥပဒေ စိုးမိုးမှု ပွင့်လင်းထင်သာ မြင်သာမှုဖြစ်တဲ့ အခြေအနေရောက်ရင် အဖြစ်မှန် ပေါ်ပေါက်ရေးကို ကျွန်တော်တို့ ရှာဖွေ လုပ်ဆောင်ချင်ပါတယ်။ အဲဒီအတွက် အပြည့်အ၀ ပူးပေါင်းပါဝင်မယ်လို့ ကျွန်တော် ပြောချင်ပါတယ်" 

ABSDF(ဗဟို) ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်နှင့် တွေ့ဆုံခြင်း 

 မေး- မြန်မာနိုင်ငံကို ခြေချပြီးတဲ့အချိန်မှာ ABSDF(မြောက်ပိုင်း)ကိစ္စနဲ့ ပတ်သက်တဲ့ မေးခွန်းတွေက ကိုနိုင်အောင်ကို စောင့်ကြိုနေပါတယ်။ မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်လို့ ဘာ ပြောချင်ပါသလဲ။ 
ဖြေ- ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ဒီလိုကိစ္စမျိုးတွေကို ပွင့်လင်းမြင်သာတဲ့ တရားဥပဒေစိုးမိုးတဲ့ အချိန်ရောက်လို့ရှိရင်တော့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်လိုဟာ မျိုးဖွဲ့ပြီးတော့မှ အဖြစ်မှန်ကို ဖော်ထုတ်သင့်တယ်လို့ ကျွန်တော်ထင်တယ်။ မြောက်ပိုင်းဗဟိုကော်မတီကနေ စွပ်စွဲထားတဲ့ဟာ ဟုတ်လား၊ မဟုတ်လားဆိုတဲ့ဟာကိုလည်း အားလုံး ပူးပေါင်းပါဝင်မှ သိမှာလေ။ နောက်ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိလားဆိုတာ သိမှာပေါ့။ နောက်ပြီး အဲလိုမျိုးတွေ လုပ်တဲ့အခါမှာ ကျွန်တော်ကိုယ်တိုင် ပူးပေါင်းပါဝင်မယ်လို့ ခဏ ခဏ ပြောဖူးပါတယ်။ နောက်ပိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်တယ် ဆိုတာတွေ ကြားလာတော့ ကျွန်တော်တို့က ၀မ်းနည်းတယ်၊ စိတ်မကောင်းပါဘူး ဆိုတာလည်း ပြောပြချင်ပါတယ်။ တရားဥပဒေစိုးမိုးမှု ပွင့်လင်းထင်သာ မြင်သာမှုဖြစ်တဲ့ အခြေအနေရောက်ရင် အဖြစ်မှန်ပေါ်ပေါက်ရေးကို ကျွန်တော်တို့ ရှာဖွေ လုပ်ဆောင်ချင်ပါတယ်။ အဲဒီအတွက် အပြည့်အ၀ ပူးပေါင်းပါဝင်မယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ 
မေး- မြောက်ပိုင်းကနေ အနှိပ်စက်ခံပြီး ထွက်ပြေးလွတ်မြောက်လာတဲ့ ကျောင်းသားတွေက ပြောပါတယ်။ မြောက်ပိုင်း ဖြစ်ရပ်အတွက် တာဝန်ရှိတဲ့လူတွေထဲမှာ ကိုနိုင်အောင်လည်း ပါဝင်တယ်။ တာဝန်ရှိတယ်ဆိုတဲ့ အချက်ပါ။ တာဝန်ရှိ တယ်ဆိုတဲ့ အပေါ်မှာ ဘာပြောချင်ပါလဲ။ 
ဖြေ- အဖွဲ့အစည်းတစ်ခု အနေနဲ့ကတော့ တာဝန်ရှိတာပေါ့ဗျာ။ ဒါပေမဲ့ တိုင်းပြည်တစ်ပြည်မှာ လူတစ်ယောက်ကနေပြီးတော့ ရာဇ၀တ်မှု ကျူးလွန်လို့ တိုင်းပြည်ရဲ့ သမ္မတက အဖမ်းခံရမယ်ဆိုပြီး အဲလိုမျိုးပြောတာတော့ မဟုတ်ဘူး။ အဖွဲ့အစည်း တစ်ရပ်မှာ တာဝန်ရှိတဲ့ လူတစ်ယောက် အနေနဲ့ကတော့ တာဝန်ရှိတယ်။ ကျွန်တော် ဘယ်လောက်အထိ တာဝန်ရှိတယ်ဆိုတဲ့ ကိစ္စကိုလည်း တရားရုံးတွေ ဘာတွေက စစ်လို့ အဲတာမျိုးဆို ပတ်သက်တယ် ဆိုရင် ကျွန်တော်က၀င်ပြီး ပူးပေါင်းပါဝင်ရမှာပဲလေ။ ABSDFမှာ ဖြစ် တဲ့ကိစ္စကို ABSDFဗဟိုဥက္ကဋ္ဌ အနေနဲ့ ငါမဆိုင်ဘူးလို့တော့ ဘယ်ပြောလို့ရပါ့မလဲ။ 
မေး - မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး ကိုနိုင်အောင် ပြောခဲ့ဖူးတာရှိပါတယ်။ အကယ်၍ မြန်မာနိုင်ငံကို ပြန်ရောက်လို့ရှိရင် မြောက်ပိုင်းကိစ္စမှာ နစ်နာခဲ့သူတွေ၊ မိသားစုဝင်တွေနဲ့ တွေ့ပြီး တောင်းပန်မယ်လို့ ပြောခဲ့ပါတယ်။ အခု မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ အချိန်မှာ ဘာပြောချင်ပါလဲ။ 
ဖြေ- ဟုတ်တယ်။ ကျွန်တော် ပြောခဲ့ပါတယ်။ ပြောခဲ့တယ်ဆိုတော့ ကျွန်တော် ABSDFက ခေါင်းဆောင်တွေနဲ့ တွေ့ခဲ့တယ်လေ။ ဒီကိစ္စကလည်း ကျွန်တော် မလွဲမသွေကြုံမှာပဲ ဆိုပြီးတော့။ ABSDF ကတော့ အခု ကျွန်တော် ပြောတဲ့ ဟာလေးပဲ ပြောပါ။ အဖွဲ့အစည်းအနေနဲ့ တာဝန် ရှိ တဲ့ အချိန်ကျရင်တော့ ပေးတွေ့မယ်။ သူတို့ပဲ စီစဉ်မယ်ပေါ့။ ဆိုတော့ သူတို့ အဖွဲ့အစည်းသဘောဖြစ်နေပြီး ကျွန်တော်က အပြင်လူ ဖြစ်နေတဲ့ သဘောမျိုး ဖြစ်နေတဲ့ အခါကျတော့ သူတို့ အဲလိုမျိုးဖြစ်စဉ်ကို သေသေချာချာ မှန်မှန်ကန်ကန် သိပြီး တောင်းပန်သင့်တာတွေ တောင်းပန်ရမယ်။ နစ်နာတာတွေကို ဖြေရှင်းသင့်သာ ဖြေရှင်းပေးရမယ်လို့ အဖွဲ့အစည်းက ပြောတာတော့ အဲဒီအတိုင်းပဲ နားလည်ထားပါတယ်။
မေး-  ကိုနိုင်အောင်တို့ မြန်မာမြေကို ခြေမချခင် နာရီပိုင်းအလိုမှာ မြောက်ပိုင်းကျောင်းသားဟောင်းတွေရဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန် မြို့၊ တော်ဝင်နှင်းဆီမှာ လုပ်ခဲ့ပါတယ်။ သူတို့က အမှန်တရား ပေါ်ပေါက်ရေးအတွက် လုပ်ခဲ့တာပါ။ အဲဒီပွဲမှာ ကျောင်းသားဟောင်းတစ်ဦးက ပြောခဲ့ပါတယ်။  မြောက်ပိုင်းကိစ္စဟာ သံသယတွေ၊ နိုင်ငံရေး အားပြိုင်မှုတွေ၊ ဒေသစွဲ အငြှိးအတေးတွေကြောင့် ဖြစ်ခဲ့ရတယ်လို့ ဆိုပါ တယ်။ မြောက်ပိုင်းကိစ္စ ဘာကြောင့် ဖြစ်ခဲ့တယ်လို့ ပြောချင်ပါသလဲ။ 
ဖြေ- ကျွန်တော်တို့ကို သူတို့ အစီရင်ခံတုန်းကတော့ ထောက်လှမ်းရေးသူလျိုတွေ ထောက်လှမ်းပြီး ၀င်ထားတယ်ဆိုတာနဲ့ သိတယ်။ ပွင့်ပွင့်လင်းလင်း တိတိကျကျ ပြောလို့ ရှိရင် သူတို့ ၁၂ ရက်နေ့ (၁၉၉၂ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့)က သတ်လိုက်တယ်ဆိုတဲ့ ဥစ္စာက သူတို့ သတ်ပြီးမှ ကျွန်တော်တို့ သိရတာ။ အဲဒီအချိန်တုန်းက ကျွန်တော်တို့က ညီလာခံ အကွဲအပြဲနဲ့ မာနယ်ပလော ထိုးစစ်နဲ့ ဆိုတော့ ကျွန်တော်တို့ အဲဒီမှာပဲ အလုပ်ရှုပ်နေကြတာဆိုတော့ အဲဒီ နောက်ပိုင်းသွားတဲ့ အခါမှာ အခုလွတ်လာတဲ့ သူတွေရှိတယ်။ ကျွန်တော် သူတို့ပြောသလိုပဲ။ နာမည်တွေတော့ မမှတ်မိဘူးဗျာ။ နှစ်ယောက် သုံးယောက် လောက်တွေ့တယ်။ မှတ်မိတာကတော့ နန်းအောင်ထွေးကြည်ကို တွေ့ တယ်။ မှတ်မိတာကတော့ အဲဒီအချိန်မှာ မှန်တယ်၊ မမှန်ဘူးဆိုတာကို ကျွန်တော်တို့ဘက်က စစ်ဆေးသိရှိနိုင်ဖို့ တော်တော်ခက်တယ်။ တစ်ဖက် ပြောတာပဲ ကြားတာကိုး။ ဒါပေမဲ့ ဘာပဲ ပြောပြော တစ်ယောက်နဲ့တစ်ယောက် ယုံကြည်တော့တာ မဟုတ်တော့တဲ့ အတွက်ကြောင့်မို့လို့ ခင်ဗျားတို့ သူတို့ကို လွှတ်ပေးလိုက်ပါ။ မိဘတွေကို ပြန်အပ်လိုက်ပါ။ ဒါကိုပဲ အဓိက သူတို့ကို တိုက်တွန်းတာပါပဲ။ 
မေး-လက်ရှိအချိန်မှာ မြန်မာနိုင်ငံကို ရောက်လာခဲ့ပြီ ဖြစ်တဲ့အတွက် မြောက်ပိုင်း ကျောင်းသားဟောင်းတွေရဲ့ စွပ်စွဲမှုတွေနဲ့ စပ်လျဉ်းပြီး ဘာတွေ လုပ်ဆောင်သွားဖို့ စီစဉ်ထားလဲ။ 
ဖြေ-အခုလာတဲ့ ခရီးစဉ်က မြောက်ပိုင်းကိစ္စကို ဖြေရှင်းဖို့ အဓိကလာတဲ့ ခရီးစဉ်တော့ မဟုတ်ဘူး။ ABSDF ကလည်း အဲဒီလိုတော့ တာဝန်မပေးလိုက်ဘူး။ သူတို့ သဘောမတူဘဲနဲ့ ကျွန်တော်တို့ ပြောလို့ မရဘူးပေါ့။  အဲလို အချိန်မျိုးဖြစ်လာလို့ရှိရင် စုံစမ်းရေး ကော်မရှင်လိုဟာမျိုး တစ်ခုဖွဲ့ပြီးတော့ အဖြစ်မှန် ဖော်ထုတ်သင့်တယ်။ ကာယကံရှင် အားလုံး ပါဝင်သင့်တယ်လို့ ကျွန်တော်ကတော့ အဲဒီလို တိုက်တွန်းချင်ပါတယ်။ 


မြန်မာပြည်လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများမှ ၉၂-ပါဂျောင်ရှင်းတမ်း သတင်းစာရှင်းလင်းပွဲပြုလုပ်


မြန်မာပြည်လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများမှ ၉၂-ပါဂျောင်ရှင်း တမ်းသတင်းစာရှင်းလင်းပွဲကို သြဂုတ်လ ၃၁ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။  
အဆိုပါ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းမှာ မြန်မာပြည်လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း)တွင် ကျဆုံးခဲ့သူများ၏ မိသားစုဝင်များမှ တရားရေးဆိုင်ရာ လမ်းကြောင်းများဖြင့် ချဉ်းကပ်ဖြေရှင်းမှုများတွင် ပူးပေါင်း ကူညီဆောင်ရွက်ရန်၊ ဒီမိုကရက်တစ် လူ့ဘောင်တည်ဆောက်ရာတွင် မရှိမဖြစ်လိုအပ်သော တရားစီရင်ရေးမဏ္ဍိုင်၏ အရေးပါမှုနှင့် တရားဥပဒေစိုးမိုးမှုကို အလေးထားသော လူ့အဖွဲ့အစည်းဖြစ်ကြောင်း သက်သေပြရန်၊ မြောက်ပိုင်းဖြစ်စဉ်အား နှစ်ရှည်လများ ထိန်းသိမ်းထားရသော အကြောင်းအရင်းကို ရှင်းလင်းတင်ပြရန် ရည်ရွယ်ကြောင်းသိရသည်။
အသက်ရှင် လွတ်မြောက်ခဲ့သူတစ်ဦးဖြစ်သည့် ကိုညီညီကျော်က "ကျွန်တော်တို့ ဒီလိုပြောခွင့်ရဖို့ အနှစ်နှစ်ဆယ်လောက် စောင့်ခဲ့ရတယ်။ ကျွန်တော်တို့တွေဟာ မသေချင်ပါဘူးလို့ ဆုတောင်းခဲ့တာ မဟုတ်ပါဘူး။ အမှန် တရားကို ပြန်လည်ဖြေရှင်းခွင့်ရပါစေလို့ ဆုတောင်းခဲ့တာပါ။ အားလုံးသာ သေခဲ့မယ်ဆိုရင် အမှန်တရားပေါ်ပေါက်မှာ မဟုတ်တော့ပါဘူး။ ဒါပေမယ့် လွတ်မြောက်လာပေမယ့် အမှန်တရားကို ပြောခွင့်မရခဲ့ပါဘူး။ ကျ ဆုံးသွားသူတွေရဲ့ ခံစားချက်နဲ့လည်း သွေဖယ်မယ့် ဖြေရှင်းမှုမျိုးလည်း မလုပ်ချင်ပါဘူး။ ဒါပထမဆုံးအကြိမ် တရားဝင် ပြောခွင့်ရတာပါ။ ပြောသင့်တဲ့အချိန်လို့လည်း ယူဆလို့ပါ"ဟု ပြောပြခဲ့သည်။
ထို့ပြင် သေဆုံးသွားခဲ့သူများက စစ်ထောက်လှမ်းရေးဟု မတရား စွပ်စွဲသတ်ဖြတ်ခံရသူများမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်သည့် တော်လှန်ရေး ကျောင်းသားများသာ ဖြစ်ကြောင်းနှင့် သမိုင်းအမှန် ကို ပြန်လည်ဖော်ထုတ်ရန် မတရား စွပ်စွဲချက်များကို ပြန်လည်ချေဖျက်ရန် တောင်းဆိုမှာ ကြားခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် လွတ်မြောက်လာသည့် မြောက်ပိုင်း ကျောင်းသားဟောင်းများက ပြောပြခဲ့ကြ သည်။
ထိုပြင် မြောက်ပိုင်းကျောင်းသား ရဲဘော်ဟောင်းများက အချက်ခြောက်ချက် ပါဝင်သော သဘောသားကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး ယင်း သဘောထားကြေညာချက်တွင် တရားရေး မဏ္ဍိုင် တောင့်တင်းခိုင်ခံရေးအတွက် နိုင်ငံသား တစ်ဦးချင်းစီကပါ ဖြောင့်မတ်မှန်ကန်သော တရားစီရင်ရေးစနစ်အား ကောင်းလာစေရန် ၀ိုင်းဝန်း ဆောင်ရွက်သင့်သည်ဟု ယုံကြည်ပါကြောင်း၊ အမိန့်အာဏာများ၏ သက်ရောက်မှုကြောင့် ပေါ်ထွက်လာသော ဖြစ်ရပ်ဆိုးများကို တရားမျှတသော တရား စီရင်ရေးရှေ့မှောက်သို့ ပို့ဆောင်ပေးခြင်းဖြင့် နိုင်ငံ၏ ဂုဏ်သိက္ခာ မြင့်မားလာစေရုံသာမက နိုင်ငံသားတိုင်း တရားမျှတသော ဥပဒေကို ထိန်းသိမ်း စောင့်ရှောက်မှုတစ်ရပ် ဖြစ်စေနိုင်သည်ဟု ယူဆပါကြောင်းနှင့် အတိတ်ကာလ၌ ၎င်းတို့ကြုံတွေ့ခဲ့ရသည့် ခါးသီးသော အတွေ့အကြုံများ၊ ဆုံးရှုံးနစ်နာမှုများအပေါ် အမုန်းတရား အာဃာတများ မွေးဖွားနေခြင်းထက် ယနေ့အချိန်တွင် နောင်မျိုးဆက်သို့ သမိုင်းသင်ခန်းစာ မျှဝေရန်စသည့်အချက် များပါဝင်သည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပေါ်ပေါက်ထွန်းကားလာစေရန် ရည်ရွယ်သည့် ရှစ်လေးလုံး လူထုတော်လှန်ရေးတွင် အနယ်နယ်အရပ်ရပ်ရှိ ကျောင်းသား ကျောင်းသူ လူငယ်များသည် စစ်အဏာရှင်အစိုးရကို လက်နက်စွဲကိုင် တော်လှန်ရန် ဆုံးဖြတ်ချက်ဖြင့် လက်နက်ကိုင် တော်လှန်ရေး စစ်စခန်းအသီးသီးသို့ သွားရောက် ပူးပေါင်းခဲ့ကြကြောင်းလည်း အဆိုပါ အဖွဲ့မှ ထုတ်ပြန်သော အချက်အလက် များအရ သိရသည်။
၁၉၉၁ခုနှစ် သြဂုတ်လ ၈လေးလုံး သုံးနှစ်ပြည့် အခမ်းအနားကျင်းပရန် စီစဉ်နေစဉ် ABSDF (ဗဟို)မှ တပ်သားစိုးမင်းအောင် ထွက်ပြေးရာ ဖမ်းဆီးခဲ့ပြီး ဗန်းမောခရိုင်တွင် ကျောင်းသား ထောက်လှမ်းရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ ၎င်း၏ ထွက်ဆိုချက်အရဟုဆိုကာ နောက်ထပ်ဖမ်းဆီးမှုများကိုလည်း ဆက်လက် ပြုလုပ်ခဲ့ကြောင်း စုစုပေါင်း ၁၀၇ဦးအား ဖမ်းဆီးစစ် ဆေးခဲ့ကြောင်း၊ ယင်းသို့ ဖမ်းဆီးစစ် ဆေးနေစဉ်အတွင်း ၃၈ဦးအား ညှင်း ပမ်း နှိပ်စက်သက်ဖြတ်မှုများ ပြုလုပ်ခဲ့ရာ ၁၉၉၂ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့ တစ်ရက်တည်း၌ အထက်ဗမာပြည် ဗကသ ဥက္ကဌဟောင်း ကိုထွန်းအောင်ကျော် အ၀ါအ၀င် လူ ၁၅ဦးအား သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ၆၉ဦး အသက်ရှင် လွတ်မြောက်ခဲ့ကြောင်းသိရသည်။

ပြုပြင်ရေး အရှိန်မြင့်ဖို့ မိုးသီးဇွန် တိုက်တွန်း


မြန်မာနိုင်ငံအတွင်းမှာ လက်ရှိ ပြုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ဒီထက်ပိုပြီး လုပ်ဆောင်လာနိုင်အောင် အာဏာပိုင်တွေနဲ့ တွေ့တဲ့အခါ သူတို့အနေနဲ့ တိုက်တွန်း ဆွေးနွေးသွားမယ်လို့ ဦးမိုးသီးဇွန်က သူ့ခရီးစဉ်အတွင်း ပြောပါတယ်။ 

ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံခရီးစဉ် မရေရာသေး


ထိုင်း ၀န်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ရဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်ဟာ မရေရာသေးဘူးလို့ The Nation သတင်းစာက ဖော်ပြပါတယ်။သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံကို လာရောက်ခဲ့စဉ်အတွင်း ထားဝယ် စီမံကိန်းနဲ့ ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်မူကြမ်းကို နှစ်နိုင်ငံခေါင်းဆောင်တွေ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။
အဲဒီနောက် အသေးစိတ်ကို အပြီးသတ် ဆွေးနွေးဖို့အတွက် ထိုင်း ၀န်ကြီးချုပ် ယင်လပ် မြန်မာနိုင်ငံကို ထပ်မံ သွားရောက်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကလည်း နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံရေးနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရက အဆင်မြင့် အရာရှိကြီးတွေ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ပါတယ်။
ထိုင်း ၀န်ကြီးချုပ်ဟာ စက်တင်ဘာလ အတွင်းမှာ ထားဝယ်ရေနက် ဆိပ်ကမ်းကို သွားရောက်ဖို့ စီစဉ်ထားတာပါ။ မူလက ခရီးစဉ်ကို စက်တင်ဘာ ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိ ထိုင်းဘက် အဆိုပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ ခရီးစဉ်ဟာ စက်တင်ဘာ ၁၉ ရက်ကနေ ၂၁ ရက် အထိ ဖြစ်လိမ့်မယ်လို့ နိုင်ငံခြားရေး ၀န်ကြီး ဆူရာပေါင် သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ အစိုးရုံး သတင်းရပ်ကွက်ကတော့ ၀န်ကြီးချုပ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းအစိုးရဟာ မြန်မာအစိုးရဆီက တုံ့ပြန်ချက်ကို စောင့်ဆိုင်းနေရဆဲ ဖြစ်တဲ့အပြင် ဘယ်အဆင့်မျိုး ဆွေးနွေးမယ် ဆိုတာလည်း  မသိရသေးဘူးလို့  ပြောဆိုကြောင်း The Nation သတင်းစာက ဖော်ပြပါတယ်။

မြန်မာပြည် ပို့မည့် လက်နက်များ ဖမ်းမိ

မြန်မာပြည်ဘက်သို့ လက်နက်တင်ပို့ ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော ထိုင်းနိုင်ငံသား ၂ ဦးကို လက်နက်များနှင့် အတူ ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းအာဏာပိုင်များက မနေ့က ဖမ်းဆီးလိုက်သည်။လက်နက်များကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင် ခရိုင် မဲ့ဖာလွန်မြို့နယ် အတွင်းရှိ စစ်ဆေးရေး ဂိတ်တွင် ထိုင်း အာဏာပိုင်များက ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။သက်သေခံ ပစ္စည်းများ အဖြစ် ဖမ်းဆီးရမိသော လက်နက်များထဲတွင် ၇၉ မမ လောင်ချာ ၁၉ လက်၊ အေကေ (၄၇) သေနတ် ၂၈ လက် စသည့် လက်နက်မျိုးစုံ တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။
ယင်း လက်နက်များကို အိမ်နီးချင်းနိုင်ငံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံသို့ ရောင်းချရန် ဖြစ်ကြောင်း အဖမ်းခံရသူ များက ထွက်ဆိုကြောင်း ထိုင်း အခြေစိုက် krobkruakao သတင်းဝက်ဘ်ဆိုက်တွင် ယနေ့ ရေးသားထားသည်။ ထို သတင်း၌ လက် နက်ရောင်းချမည်ဆိုသော တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့၏ အမည်များကို ဖော်ပြထားခြင်း မရှိပေ။
သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းကမူ ထိုင်း ရဲအရာရှိ တဦးကို ကိုးကား၍ နောက်ဆုံးရရှိ ထားသည့် သတင်း အရ လက်နက်များကို “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တပ်ဖွဲ့ဝင်များကို ရောင်းရန်အတွက် ဖြစ်ကြောင်း အဖမ်းခံရသူများက ထွက်ဆိုခဲ့သည်ဟု ပြောသည်။
“သူတို့ကို စစ်တဲ့ ရဲအရာရှိကတော့ ၀တပ်ဖွဲ့ကို ပို့တယ်လို့ပြောတယ်”ဟု ၎င်းက ဆိုသည်။ ယင်း ကိစ္စနှင့် ပတ်သက်၍ ရှမ်း ပြည် တပ်မတော် တောင်ပိုင်း (SSA-S) ကိုမေးမြန်းခဲ့ရာတွင်လည်း ၎င်းတို့နှင့် မသက်ဆိုင်ဟု ငြင်းဆိုကြောင်း ဦးခွန်ဆိုင်းက ဆက်ရှင်းပြ သည်။
“ဒီနေရာမှာ SSA လည်း ရှိတယ်၊ ၀ လည်း ရှိတယ်၊ ပြည်သူ့စစ်လည်း ရှိတယ် ဆိုတော့ ဘယ်သူမဆို ဖြစ်နိုင်တာပေါ့ သို့သော် လည်း တဖက်က ဒီထွက်ဆိုတဲ့ လူကလည်း ဖမ်းမိပြီးဆိုတော့ လိမ်စရာ အကြောင်းမရှိတော့လို့ ထင်တယ်”ဟု ၎င်းက ဆိုသည်။
သို့သော် မည့်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်ကြောင်း ဧရာဝတီ သတင်းက သီးခြား အတည် ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး ယနေ့တွင် ချင်းရိုင်မြို့၌ ထိုင်းအာဏာပိုင်များက သတင်းစာ ရှင်းလင်းပွဲ တရပ်ပြုလုပ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့ကလည်း ရှမ်းပြည်နယ် တာချီလိတ် မြို့နယ်ဘက်သို့ လက်နက်တင်ပို့ ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော ထိုင်း နိုင်ငံသား ၁ ဦး ကို လက်နက်များနှင့်အတူ ထိုင်း-မြန်မာ နယ်စပ်တွင် ဖမ်းမိခဲ့သေးသည်။ ထိုစဉ်ကလည်း အာပီဂျီ လောင်ချာ ၁၂ လက်၊ အေကေ ၄၇ မောင်း ပြန် ရိုင်ဖယ် ၁၇ လက်၊ အမ် ၁၆ မောင်းပြန် ရိုင်ဖယ် ၆ လက်၊ အမ် ၇၉ လောင်ချာ ၁၂ လက်နှင့် အာပီဂျီ ဗုံးသီး ၉ လုံး တို့ကို ဖမ်းဆီး ရမိခဲ့ကြောင်း ထိုင်း သတင်းများက ဖော်ပြကြသည်။
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌လည်း UWSA တပ်ဖွဲ့ အတွက် လက်နက်ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော ထိုင်းနိုင်ငံသား ၂ ဦးကို လက်နက်များနှင့် အတူ ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သေးသည်။
ထိုစဉ်က သေသေခံ ပစ္စည်းများ အဖြစ် ၉ မမ ပစ္စတို ၅၆ လက်၊ သေနတ်ပြောင်းရှည် ၂ လက်၊ ၆၀ မမ လောင်ဂျာ နှင့် သေနတ် ကျည်ဆန် အတောင့် ၂၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။မယ်ဆိုင်မြို့ တဖက်ကမ်းရှိ တာချီလိတ်မြို့သည် အစိုးရ စစ်တပ်၊ ရဲ၊ လူဝင်မှု ကြီးကြပ်ရေး (လ၀က)၊ အကောက်အခွန်၊ ငြိမ်းချမ်း ရေးယူထားသည့် အဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါး ရောင်းဝယ်လုပ်ကိုင်နေသူများ ကျင်လည် ကျက်စားနေသော မြို့ဖြစ်ကြောင်း သိရသည်။

 မီဒီယာလွတ်လပ်ခွင့်အတွက် ၃၄ ချက် ကွန်ယက် တောင်းဆို

မြန်မာဂျာနယ်လစ်ကွန်ယက် MJN က စီစဉ်ပြုလုပ်သည့် မီဒီယာဥပဒေဆိုင်ရာ အလုပ်ရုံ
ဆွေးနွေးပွဲမှ သတင်းလွတ်လပ်ခွင့်အတွက် အချက် ၃၄ ချက် ရရှိခဲ့သည်ဟု သိရသည်။

သတင်းလွတ်လပ်ခွင့်ကို အဟန့်အတား ဖြစ်စေမည့် ဥပဒေများကို ပယ်ဖျက်ပေးရန် အပါအဝင် သတင်းရေးသား
ဖေါ်ပြခွင့်များ အပေါ် မည်သည့် စိစစ် ဖြတ်တောက်မှုမှ မရှိစေရန်လည်း ပါရှိသည်။သြဂုတ်လ ၁၇ ရက်နေ့က MJN ရုံး၌ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် သတင်းသမားများ၊ ဥပဒေ ပညာရှင်များနှင့် ထုတ်ဝေသူများ တက်ရောက်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။အစိုးရ အဆက်ဆက်က ၎င်းတို့နှင့် သဘောထား မတူသူများအား အရေးယူရာတွင် အသုံးပြုလေ့ရှိသည့် ၁၉၆၂ ပုံနှိပ်နှင့် ထုတ်ဝေသူများ ဥပဒေ၊ ၂ဝဝ၃ ခုနှစ် အီလက်ထရောနစ် အက်ဥပဒေ၊ ၁၂၄(က)- အစိုးရအပေါ် ဝေဖန်သည့် ဥပဒေ၊ ၁၉၅ဝ အရေးပေါ်စီမံချက် ဥပဒေ ပုဒ်မ(၅)ပါ စာပေလွတ်လပ်ခွင့်ကို ကန့်သတ်သော ပြဋ္ဌာန်းချက်များအား ပယ်ဖျက်ပစ်ရန် လိုလားကြသည်။

ဂျာနယ်လစ်များ၏ တာဝန်နှင့် အခန်းကဏ္ဍကို အုပ်ချုပ်ရေး အာဏာပိုင်များက လေးစားစွာ အသိအအမှတ်ပြုရေး အတွက်လည်း မီဒီယာဥပဒေတွင် ထည့်သွင်းဖော်ပြပေးရန် တောင်းဆိုသည်။
မြန်မာမီဒီယာလောကတွင် MJN အပြင် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း MJA နှင့် မြန်မာနိုင်ငံ သတင်းစာဆရာများ သမဂ္ဂ MJU ဟူ၍ ဖွဲ့စည်းထားရှိပြီး ဖြစ်သည်။

MJN ၏ ဆွေးနွေးပွဲမှ ရရှိလာသော သဘောထားများထဲတွင် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ ဖွဲ့စည်းသည့်အခါ စာနယ်ဇင်း လောကသား အများဟု၏ သဘောတူညီမှုဖြင့်သာ ရွေးချယ်ဖွဲ့စည်းရန် ပါရှိပြီး သတင်းသမားများ သဘောဆန္ဒမပါဘဲ အသင်းအဖွဲ့တခုခုသို့ ဝင်ခိုင်းခြင်းမျိုးကိုမူ ကန့်ကွက်ထားသည်။
သဘောထား ၃၄ ရပ်ထဲတွင် ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေပါ ပုဒ်မ ၃၅၄ (က)၏ “ဥပဒေနှင့် မဆန့်ကျင်လျှင်” ဟူသော စကားရပ်အားလည်း ပိုမိုတိကျစွာ အဓိပ္ပါယ်ဖွင့်ဆိုပေးရန် တောင်းဆိုထားပြီး ဥပဒေကြောင်းအရ တရားရင်ဆိုင်ရမှုများ တွင် အုပ်ချုပ်ရေးပိုင်းက တရားစီရင်ရေးပိုင်းအားထက် ကြိုတင်ဆုံးဖြတ် အရေးယူခြင်း မရှိစေရန် လိုလားကြသည်။တရားမဝင် အသင်းအဖွဲ့များထံမှ သတင်းရယူခွင့်ကိုလည်း “သတင်းရယူရာတွင် မတရား အသင်းနှင့် ဆက်သွယ်သည် ဟူသော ပြစ်မှုဖြင့် အရေးယူခြင်း မပြုနိုင်စေရန်” ဟူ၍ တောင်းဆိုထားသည်ကို တွေ့ရှိရသည်။


တောင်ပြုန်းပွဲတော် ဆိုင်ခန်းငှားခများ ငါးဆ မြှင့်တက်

နှစ်စဉ် ဝါခေါင်လတိုင်း အမရပူရမြို့နယ်တွင် ကျင်းပလေ့ရှိသော တောင်ပြုန်း နတ်ပွဲတော်၌ ယခုနှစ် ဈေးဆိုင်ခန်းများ ငှားရမ်းခမှာ ယမန်နှစ်ကထက် ငါးဆ မြင့်တက်ခဲ့သည်။၂ဝ၁၁ ခုနှစ်က အစားအသောက်၊ အထည်အလိပ်နှင့် လူသုံးကုန်ပစ္စည်း အရောင်း ဆိုင်ခန်း တခန်းလျှင် ပွဲတော် ကျင်းပသည့် သီတင်းတပတ်စာအတွက် ကျသင့်ငွေ ခြောက်သောင်းကျပ်သာ ရှိရာမှ ယခုနှစ်တွင် ကျပ်သုံးသိန်းအထိမြင့်တက်သွားသည်။

မြေသိမ်းခံ လယ်သမားများကို ယုဇနဦးဌေးမြင့် အလျော်ပေးမည်


ကချင်ပြည်နယ် ဖားကန့်မြို့နယ် ၀ါရာဇွပ်ကျေးရွာအုပ်စုမှ လယ်မြေဥယျာဉ်များ သိမ်းယူထားမူအတွက် ဆန္ဒပြရန် ရန်ကုန်မြို့သို့ ရောက်လာသည့် လယ်သမားများသည် ယုဇနကုမ္မဏီပိုင်ရှင် ဦးဌေးမြင့်မှ အချိန်မီ ညှိနှိုင်းရန် ကမ်းလှမ်းခဲ့ခြင်းကြောင့် ဆန္ဒပြခြင်းကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။ မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဦးဌေးမြင့်က ၄င်းသိမ်းဆည်းထားသည့် ဧကနှစ်သိန်းကျော်သော မြေများအနက်မှ ပြန်ရလိုကြောင်း တရားစွဲဆိုထားသည့် လယ်သမား ၈၇ ယောက်၏ လယ်မြေများကို မူလနေရာတွင် မဟုတ်သည့်တိုင် လုပ်ကိုင်စားသောက်နိုင်သည့် နေရာတွင် အမည်ပေါက်ဖြင့် ပြန်လည်ပေးမည် ဖြစ်ကြောင်း၊ ဘူဒိုဇာများဖြင့် ထိုးဆွခဲ့သဖြင့် ပျက်စီးသွားသည့် လယ်မြေများ အတွက် လျော်ကြေး ကိုလည်း ပြည်နယ် တရားရုံးက ချမှတ်သည့်အတိုင်း ပေးဆောင်သွားမည်ဟု ညှိနှိုင်းခဲ့ကြောင်း၊ အသေးစိတ်ကို လွှတ်တော်ပြီးချိန်တွင် ရန်ကုန်၌ ဆက်လက် ဆွေးနွေးသွားမည်ဟု ဦးဌေးမြင့်က ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
လယ်ယာမြေသိမ်းမူကို ဦးဌေးမြင့်က သူမသိကြောင်း၊ အစိုးရလုပ်ခိုင်းသဖြင့် လုပ်ရကြောင်း၊ တောင်သူပိုင် ခြံမြေ လယ်ယာများ ဖျက်ဆီးမူများကိုလည်း သူမသိကြောင်း၊ အိန္ဒိယနှင့်ဆက်သွယ်ပြီး ဒေသဖွံဖြိုးရေး မြို့တည်ပြီး စည်ကားအောင်ပြုလုပ်ပေးရန် မည်သူမှ မ၀င်လိုသည့်အချိန်တွင် သူဝင်ကြောင်း၊ ပီလောပီနံမှာလည်း နိုင်ငံတော်လောင်စာဆီ လိုအပ်ချက်အရ စိုက်ပျိုးရခြင်းဖြစ်သည်ဟု ညှိနှိုင်းသည့်အချိန်တွင် ရှင်းပြကြောင်း လယ်ယာမြေမဲ့သွားသည့် လယ်သမားများကို သူသိမ်းထားသည့်နေရာတွင် လာရောက် စိုက်ပျိုးစေပြီး ထွက်ရှိသည့် သီးနှံများကို တယောက်တ၀က် ရယူရန်အတွက်လည်း ဦးဌေးမြင့်က အကြံပြုခဲ့သေးကြောင်း သိရသည်။

အာဆီယံ မူးယစ်ဆေး ကင်းမဲ့ဇုန်ဖြစ်ရေး မြန်မာအပေါ် မူတည်

အာဆီယံကို ၂၀၁၅ တွင် မူးယစ်ဆေး ကင်းမဲ့ဇုန် ဖြစ်လာစေရန် မျှော်လင့်ထားပြီး ဤသို့ ဖြစ်လာစေရန်မှာ မြန်မာနိုင်ငံအပေါ်တွင် အဓိက တည်မှီနေကြောင်း ထိုင်း ဒု ဝန်ကြီးချုပ် Chalerm Yubamrung က ပြောဆိုလိုက်သည်။ ဘန်ကောက်မြို့တွင် ကျင်းပသည့် အာဆီယံ မူးယစ်ဆေးတိုက်ဖျက်ရေး ဆွေးနွေးပွဲ၌ ဒု ထိုင်းဝန်ချုပ်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။ မူးယစ်ဆေး အခြေအနေသည် အချိန်တိုင်း ပြောင်းလဲနေကြောင်း၊ မူးယစ်ဆေးသစ်များလည်း ပေါ်ထွက်နေဆဲ ဖြစ်ကြောင်း၊ အာဆီယံ၏ မျှော်လင့်ချက်သည် မြန်မာနိုင်ငံအပေါ် တည်မှီနေကြောင်း ၎င်းက ပြောသည်။

မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ဖျက်သိမ်းမည်


သမ္မတ ဦးသိန်းစိန်က မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ဖျက်သိမ်းရန် သဘောတူညီချက်အတွက် ပြည်ထောင်စု လွှတ်တော် နာယက ထံသို့ ယနေ့ သ၀ဏ်လွှာ ပေးပို့ကြောင်း သိရသည်။ လတ်တလော အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အချိန်ယူ ပြင် ဆင်ရန် လိုအပ်သောကြောင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း မရှိ၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ ဖျက်သိမ်းအတွက် ထိုသို့ သ၀ဏ်လွှာ ပေးပို့ရခြင်း ဖြစ်ကြောင်း 7day ဂျာနယ် ဖေ့စ်ဘုတ်၌ ဖော်ပြသည်။ အမှတ်(၁) နှင့် အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၂ ခုကိုလည်း ပေါင်း၍ ”လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန” တခုတည်းအဖြစ် ပြုလုပ်ရန် သမ္မတ က သြဂုတ် ၂၉ ရက်စွဲဖြင့် ပြည်ထောင်စု လွှတ်တော် နာယက ထံသို့ သ၀ဏ်လွှာ ပို့ထားသေးသည်။

၈၈ ၏ စေတနာဝဿန် ရန်ပုံငွေပွဲ Sky Net မှ လွှင့်မည်

 

လူမှုအခက်အခဲများကို ကူညီဖြေရှင်းပေးရန် ရည်ရွယ်ပြီး ၈၈ မျိုးဆက်ကျောင်းသားများက ဦးဆောင်ကျင်းပမည့် စေတနာဝဿန် ရန်ပုံငွေ ဂီတပွဲကို Sky Net မှ တိုက်ရိုက်ထုတ်လွှင့်ရန် ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည်က ခွင့်ပြုလိုက်ကြောင်း သိရသည်။ စက်တင်ဘာလ ၁ ရက်နေ့တွင် ပြုလုပ်မည့် ယင်းဂီတပွဲကို တိုက်ရိုက်ထုတ်လွှင့်ခွင့်ပြုရန် ၈၈ မျိုးဆက်က စာရေးသားတင်ပြခဲ့ကြောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို ရှေ့ရှုပြီး ဦးအောင်ကြည်က ခွင့်ပြုခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က သူ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။
 

မိုးထိမိုးမိ ဒေသ၌ Mine Town ဇုန် တည်ဆောက်


မန္တလေးတိုင်း ရမည်းသည်းမြို့နယ် မိုးထိမိုးမိ တောင်ပေါ် ရွှေတူးဖော်ရေး ဒေသ၌ မှီခို လုပ်ကိုင်သူများ အတွက် Mine Town ဇုန် တည်ဆောက်နေသည်။ ၁၂၂ ဧက ကျယ်ဝန်းသော ယင်း ဇုန်တွင် ရဲ စခန်း ၊ စာသင်ကျောင်း၊ ဆေးခန်း၊ ဈေးတန်းနှင့် အိမ်ရာများကို အမျိုးသား ကြီးပွားတိုးတက်ရေး အုပ်စု ကုမ္ပဏီ လီမိတက် က စနစ်တကျ တည်ဆောက်နေပြီး လာမည့် ဒီဇင်ဘာ ၁ ရက်တွင် ရွှေ့ပြောင်း နေထိုင်နိုင်မည် ဖြစ်ကြောင်း အစိုးရ မြန်မာ့ အလင်း သတင်းစာက ဖော်ပြသည်။ မိုးထိမိုးမိ တောင်ပေါ် တွင် လူ ၉၀၀၀ ခန့် နေထိုင် လျက်ရှိသည်။ မိုးထိမိုးမိ ဒေသ ရွှေတူးဖော်ရေး လုပ်နေသော အမျိုးသား ကြီးပွားတိုးတက်ရေး အုပ်စု ကုမ္ပဏီကို ဇွန် လဆန်း ပိုင်းက ရွှေလုပ်သား သောင်းချီ၍ ဆန္ဒပြမှု ဖြစ်ပွားခဲ့သေးသည်။

 

အင်ဒိုနီးရှား ဘိလပ်မြေ ကုမ္ပဏီ မြန်မာတွင် ရင်းနှီးမြှုပ်နှံမည်

 

အင်ဒိုနီးရှားနိုင်ငံမှ အကြီးဆုံး ဘိလပ်မြေ ကုမ္ပဏီဖြစ်သည့် Semen Gresik ကုမ္ပဏီက မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း သတင်းရသည်။ ယင်း ကုမ္ပဏီသည် မြန်မာနိုင်ငံ အပါအ၀င် ဗီယက်နမ် နှင့် ကမ္ဘောဒီးယား တွင် ရင်းနှီးရန် လတ် တလောတွင် အမေရိကန် ဒေါ်လာ သန်း ၃၀၀ လျာထားကြောင်း သြဂုတ် ၃၀ ရက်စွဲဖြင့် အင်ဒိုနီးရှား Jakarta Globe သတင်းတွင် ဖော်ပြ ထားသည်။

 

ရန်ကုန် နေ့စဉ် စွန့်ပစ်အမှိုက် တန်ချိန် ၁၇၀၀ ခန့်ရှိ

 

ရန်ကုန်မြို့တွင် နေ့စဉ်စွန့်ပစ်အမှိုက် တန်ချိန် ၁၇၀၀ ခန့်ရှိကြောင်း သိရသည်။ ယင်းအမှိုက်များကို သန့်ရှင်းရေးဝန်ထမ်း ၃၅၀၀ ဖြင့် ၂၀၁၂ ဧပြီ ၁ ရက်မှ စတင်၍ အမှိုက်စို၊ ခွဲခြား စနစ်သုံးပြီး ဖယ်ရှားလျက်ရှိရာ ၂၈ ရာခိုင်နှုန်းသာ တိုးတက်သေးသောကြောင့် စည်းကမ်း မလိုက်နာသူများကို မြို့တော် စည်ပင်က ဒဏ်ငွေတပ် အရေးယူသွားမည် ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာက ဆိုသည်။

 

ယုဇန ကုမ္ပဏီ သိမ်းမြေ ဧက ၂ သိန်းကျော်မှ ၅၀၀၀ ပြန်ပေးမည်

 

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း ကျားထိန်းသိမ်းရေး ဒေသမှ ယုဇန ကုမ္ပဏီက သိမ်းယူထားသော မြေဧက ၂ သိန်းကျော်မှ ဧက ၅၀၀၀ ကို ပြန်ပေးမည် ဖြစ်ကြောင်း ဘီဘီစီ သတင်း၌ ပါရှိသည်။ ယမန်နေ့က ရန်ကုန်မြို့တွင် ယုဇန ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့် နှင့် အသိမ်းခံ မြေများ ပြန်ရရေးအတွက် ဆန္ဒပြရန်ရောက်ရှိနေသည့် ဒေသခံများ တွေ့ဆုံညှိနှိုင်းရာမှ ထိုသို့ ပြန်ပေးရန် အစီ အစဉ် ဖြစ်ပေါ်လာကြောင်း သိရသည်။ ယင်းမြေများကို ယုဇန ကုမ္ပဏီက ၂၀၀၆ ခုနှစ်တွင် သိမ်းယူခဲ့ပြီး ပီလောပီနံစိုက်ပျိုးခြင်းများ၊ ရွှေတူးဖော်ခြင်းများ လုပ်ကိုင်လျက်ရှိသည်။

 

မြန်မာ့လေ့လာရေးအဖွဲ့ ပိုလန်နိုင်ငံသို့ထွက်ခွာ


ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေ ဖြေရှင်းနည်း သင်တန်းကို တက်ရောက်ဖို့အတွက် NLD ပါတီဝင် ၂၀ ကျော် အပါအဝင် အဖွဲ့အစည်း အသီးသီးက လူပုဂ္ဂိုလ် ၅၀ ဟာ မနေ့က ညနေပိုင်းမှာ မြန်မာနိုင်ငံကနေ ပိုလန်နိုင်ငံကို ထွက်ခွာသွားပါတယ်။ဒီသင်တန်း တက်ရောက်မယ့် သူတွေကို ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ NLD ပါတီနဲ့ မင်္ဂလာမြန်မာ အဖွဲ့တို့က ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ဒီသင်တန်းဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်သစ်အတွက် အင်မတန် အထောက်အကူ ပြုလိမ့်မယ်လို့ NLD ပြန်ကြားရေး တာဝန်ခံ ဦးကြည်တိုးက ပြောပါတယ်။
"ဒီသင်တန်းက ကျွန်တော်တို့ မြန်မာနိုင်ငံ လက်ရှိတွေ့ကြုံနေရတဲ့ Transition period မှာ ရင်ဆိုင် ဖြေရှင်းရမဲ့ဟာတွေကို တည်ဆောက်ရေး လုပ်ငန်းတွေမှာ ပါဝင်မဲ့ လူကြီး၊ လူငယ်တွေ အားလုံး၊ state holder တွေ အားလုံးအတွက် သီအိုရီ အပိုင်းအရရော လက်တွေ့အပိုင်းအရရော လေ့ကျင့်ပေးတဲ့၊ အချိန်ကာလ တိုတောင်းပေမဲ့ ထိရောက်မဲ့ သင်တန်းမျိုး ဖြစ်ပါတယ်။ ဒီသင်တန်းကို တက်ရောက်ပြီး ပြန်လာမဲ့ ဒီသင်တန်းသားတွေ အနေနဲ့လည်း မြန်မာ့ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ ထိထိရောက်ရောက် ပိုဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်"
ဒီသင်တန်းကို ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက စီစဉ်တာဖြစ်ပြီး ၀ါဆောမြို့တော်က KSAP အမျိုးသား ပြည်သူ့အုပ်ချုပ်ရေး ပညာသင်ကျောင်းမှာ စက်တင်ဘာ ၃ ရက်နေ့ကနေ ၇ ရက်နေ့ထိ ၄ ရက်ကြာ သင်ကြားပို့ချမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပိုလန်နိုင်ငံကို ထွက်ခွာသွားသူတွေထဲမှာ NLD ပါတီဝင်တွေအပြင် တိုင်းရင်းသား ပါတီတွေက ခေါင်းဆောင်တွေ၊ သတင်းထောက် တချို့နဲ့ အတူ အနဂ္ဂ၊ သံသာဝင်းစတဲ့ အဆိုတော်တွေလည်း ပါဝင်ပါတယ်။

 

နိုင်ငံတော် သစ္စာဖောက်မှုဖြင့် နာမည်ပျက်စာရင်း အသွင်းခံရသူများရှိ


စစ်အစိုးရလက်ထက် ပြည်ပနိုင်ငံများတွင် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံခဲ့သူများကို နိုင်ငံတော် သစ္စာ ဖောက်မှုဖြင့် နာမည်ပျက် စာရင်း သွင်းထားမူကနေ လတ်တလောတွင် ပယ်ဖျက်ပေးမည် မဟုတ်ကြောင်း သိရသည်။ သြဂုတ်၂၈ ရက်က ပြည်ပရောက် မြန်မာ နိုင်ငံသား ၆၁၆၅ ဦးမှ ၂၀၈၂ ဦးကို နာမည်ပျက်စာရင်းမှ ပယ်ဖျက်ကြောင်း ကြေညာခဲ့ပြီး ယမန်နေ့က သမ္မတရုံး ၀က်ဘ် ဆိုက်တွင် ပယ်ဖျက်သူများ စာရင်းကို ထုတ်ပြန်ထားသည်။ ထိုသို့ ပယ်ဖျက်ပေးထားသူများ အနေနှင့် မြန်မာနိုင်ငံကိုလာရောက် ရန်အတွက် သံရုံး အသီးသီးက ဗီဇာထုတ်မပေးလျှင် အစိုးရကို တိုင်ကြား နိုင်ကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက်စဉ် အထူး သီး သန့် ချမှတ်ထားသော စည်းကမ်းချက်များ မရှိကြောင်း၊ မြန်မာနိုင်ငံ၌ ကြာရှည်နေထိုင်လိုသည့် မြန်မာနိုင်ငံဖွား ပြည်ပနိုင်ငံသားများ အတွက် အမြဲတမ်းနေထိုင်ခွင့်(Permanent Residence) ထုတ်ပေးရန်လည်း တာဝန်ရှိသူများက စဉ်း စားနေကြောင်း သမ္မတ ရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA သို့ ပြောဆိုသည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment