၈၈ မျိုးဆက် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အစီရင်ခံစာထုတ်ပြန်


၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး ကွန်ရက်က ပြုစုတဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အစီရင်ခံစာကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ရုံးမှာ မနေ့က သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ပြီး ထုတ်ပြန်လိုက်ပါတယ်။
၈၈ မျိုးဆက် ကျောင်းသားတွေ အနေနဲ့ ဧပြီလ (၁) ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လေ့လာတွေ့ရှိချက်တွေကို ဒီအစီရင်ခံစာထဲမှာ ဘက်လိုက်မှု ကင်းကင်းနဲ့ ပကတိအတိုင်း ဖော်ပြထားသလို နောင်လာမယ့် မျိုးဆက်တွေ အနေနဲ့လည်း အဲဒီလိုတင်ပြရဲတဲ့ သတ္တိရှိဖို့ လိုအပ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ ရွေးချယ်တင်မြောက်တဲ့ ပြည်သူ့ကိုယ်စားလှယ် စစ်စစ်တွေနဲ့ သွားတဲ့ နိုင်ငံရေးကို ကျွန်တော်တို့ ကြိုးစားခဲ့တာ၊ ကျွန်တော်တို့ကိုယ်တိုင် အရင်ဆုံးတွေ့ရတဲ့ ရွေးကောက်ပွဲမှာ ဘာတွေ ကျွန်တော်တို့ သိခဲ့တယ်၊ ကြားခဲ့တယ်ဆိုတာကို ပကတိအတိုင်း ကျွန်တော်တို့ ပြန်ပြီးတင်ပြတာ ဖြစ်ပါတယ်။ ဒီတာဝန်ကို ကျွန်တော်တို့ မရှိတော့တဲ့ နောက်ပိုင်းမှာလည်း နိုင်ငံသားတိုင်းဟာ တက်တက် ကြွကြွနဲ့ ပါဝင်စေချင်တယ်။ ရွေးကောက်ပွဲကို မဲပေးရုံနဲ့ မလုံလောက်ဘူး။ တရားမျှတမှု ရှိ-မရှိ စောင့်ကြည့်ပြီးတော့ ပြန်ပြီး အစီရင်ခံရဲတဲ့ သတ္တိမျိုးရော၊ လုပ်ရည် ကိုင်ရည်မျိုးရော၊ ခွန်အား စိုက်ထုတ်မှုမျိုးရော သုံးမျိုးစလုံး လိုနေပါတယ်"
နိုင်ငံသား ပြည်သူတွေရဲ့ လိုအပ်ချက်အရ ဒီအစီရင်ခံစာကို ပြုစုခဲ့တာ ဖြစ်ပြီး အစီရင်ခံစာ ပြုစုရာမှာ အများပြည်သူရဲ့ ပူးပေါင်း ကူညီဆောင်ရွက်မှုတွေ ရရှိခဲ့တယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးကလည်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
"ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာဖို့ ဆိုပြီးတော့ နိုင်ငံတကာလေ့လာရေး အဖွဲ့တွေကို ကျွန်တော်တို့ ဖိတ်ခေါ်နေတယ်။ အဲဒီအချိန်မှာ ပြည်တွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့် လေ့လာဖို့ နိုင်ငံသားတွေ ကိုယ်တိုင်က စောင့်ကြည့်လေ့လာတဲ့ ကွန်ယက်တစ်ခု လိုအပ်တယ်လို့ တာဝန်အရ ခံယူတဲ့အတွက်ကြောင့် ဒီလုပ်ငန်းကို စလုပ်ခဲ့တာပါ။ နိုင်ငံသားတွေ ကိုယ်တိုင်က ကိုယ့်မျက်စိအောက်မှာ ဖြစ်ပျက်နေတဲ့ မသမာမှုတွေ၊ တရားမမျှတမှုတွေ အဲတာတွေ ကြုံတွေ့လာရင် သူတို့ကိုယ်တိုင် တက်တက်ကြွကြွနဲ့ သတင်းပေးတဲ့ စောင့်ကြည့်လေ့လာမှု ပုံစံကို ကျွန်တော်တို့ စပြီးတော့ မိတ်ဆက် နှိုးဆော်ထားတာ ဖြစ်ပါတယ်"
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲ စည်းမျဉ်း၊ စည်းကမ်းတွေကို တိုင်းရင်းသား နယ်စပ်ဒေသတွေကပါ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ဖို့ တိုင်းရင်းသား ဘာသာစကားတွေနဲ့ အသိပေးဖော်ပြဖို့ အရေးတကြီး လိုအပ်ကြောင်းကိုလည်း (၈၈) မျိုးဆက်ကျောင်းသားတွေရဲ့ အစီရင်ခံစာထဲမှာ ထောက်ပြထားပါတယ်။
ဒါ့အပြင် တိုင်းနဲ့ ပြည်နယ် တစ်ခုချင်းစီကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေး ပါတီအကြီးအကဲတွေနဲ့ ဒေသခံပြည်သူတွေရဲ့ ပြောကြားချက်တွေကိုလည်း ၆၃ မျက်နှာပါရှိတဲ့ အဲဒီအစီရင်ခံစာထဲမှာ စုစည်း ဖော်ပြထားပါတယ်။




၈၈ မျိုးဆက် ကျောင်းသားများ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး ကွန်ရက်၏ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အစီရင်ခံစာကို သြဂုတ်လ ၂၇ ရက်နေ့က ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့ရုံး၌ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အစီရင်ခံစာ ထုတ်ပြန်ရခြင်းနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က "ရွေးကောက်ပွဲ ကတော့ ပြီးသွားပါပြီ။ ဒါပေမယ့် ပြီးပြီးရော ထားလို့မရပါဘူး။ နောက်နောင် ဒီမြေပေါ်မှာ ဒီမိုကရေစီ ပြည့်ဝတဲ့ ရွေးကောက်ပွဲမျိုး ပေါ်ပေါက်လာဖို့ ရွေးကောက်ပွဲတွေကို နိုင်ငံသား စောင့်ကြည့် လေ့လာမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ဒီအစီရင်ခံစာဟာ ရာနှုန်းပြည့် ပြည့်စုံတယ်လို့ မပြောနိုင်ပေမယ့် အစွဲကင်းကင်းနဲ့ လုပ်ဆောင်ထားတာကိုတော့ အာမခံပါတယ်"ဟု ပြောခဲ့သည်။
ဦးကိုကိုကြီးက "ဒီအစီရင်ခံစာ မူကြမ်းကို ရွေးကောက်ပွဲအပြီး တစ်ပတ်အကြာမှာပဲ ထုတ်နိုင်ခဲ့ပါတယ်။ အပြီးသတ်ကို သတ်မှတ်ထားတဲ့ အချိန်ထက် နောက်ကျရတာက အချက်အလက်တွေ ပိုမိုရရှိအောင် အချို့ဒေသတွေကို ထပ်မံလေ့လာ ရတာရယ် ပြီးတော့ ငြိမ်းချမ်းရေး၊ အလုပ်သမားအရေး၊ လယ်သမားအရေးတွေနဲ့ ရခိုင်အရေးတွေ ပေါ်ပေါက်လာတာကြောင့် ဖြစ်ပါတယ်။
နောင်လာမယ့် ရွေးကောက်ပွဲတွေကို လေ့လာဖို့ အတွက်တော့ အခြေခံတစ်ခု ဖြစ်မှာပါ။ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပတဲ့ နေရာတွေ အားလုံးကို အခြေခံ ကိုယ်စားလှယ် တစ်ယောက် အနည်းဆုံး ထားရှိပြီးတော့ နိုင်ငံသား စောင့်ကြည့် လေ့လာသူများနဲ့ ချိတ်ဆက် ဆောင်ရွက်ခဲ့တာပါ" ဟုပြောပြခဲ့သည်။
အဆိုပါ အစီရင်ခံစာတွင် ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်တို့သည် နိုင်ငံရေး ပါတီအသီးသီးနှင့် သီးခြားကင်းလွတ်သော ရွေးကောက်ပွဲ ကော်မရှင်အဖြစ် ဖွဲ့စည်းရန် လိုအပ်မည် ဖြစ်ကြောင်း၊ လာမည့် ရွေးကောက်ပွဲများတွင် မဲစာရင်း တိကျစွာ ထုတ်ပြန်နိုင်ရန် တာဝန်ယူမည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို တိကျစွာ သတ်မှတ်ရန် လိုမည်ဖြစ်ကြောင်း၊ မဲပေးခြင်းဆိုင်ရာ ပညာရပ်များကို လူထုနှင့်နီးစပ်၍ လက်တွေ့ကျသော အသိပညာ ပေးမှုများကို အရပ်ဘက် အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက် သင့်ကြောင်း၊ မဲဆန္ဒရှင်များ၏ ဆန္ဒအမှန်ကို လွယ်ကူရှင်းလင်းစွာ ဖော်ပြနိုင်မည့် ပစ္စည်းများ၏ အရည်အသွေးကို ဂရုပြုသင့်သည်ဟု ထင်မှတ်ကြောင်းနှင့် မဲဆန္ဒပေးခွင့် ရှိသူများ စာရင်းကို လူသိရှင်ကြား ထုတ်ပြန်ခြင်းကဲ့သို့ ရွေးကောက်ပွဲ လုပ်ငန်းစဉ် တစ်ရပ်လုံး ဆောင်ရွက်နိုင်ရန် ရွေးကောက်ပွဲ ကော်မရှင်က လုံလောက်စွာ လေ့ကျင့် ပေးသင့်ကြောင်းနှင့် နိုင်ငံတကာ၏ စံနှုန်း သတ်မှတ်ချက်များ နှင့်အညီ ရွေးကောက်ပွဲ ကော်မရှင်က ကျင့်သုံးသင့်သည် စသည့်ဖြင့် ဝေဖန်သုံးသပ်မှုများ ပါဝင်ခဲ့သည်။
အဆိုပါ ကြားဖြတ် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အစီရင်ခံစာ ထုတ်ပြန်ပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားများမှ ပါဝင်ကူညီခဲ့သည့် အသင်းအဖွဲ့များ၊ ပြည်သူများ၊ မီဒီယာများနှင့် ရွေးကောက်ပွဲ ကော်မရှင်မှ မိမိတို့၏ အားနည်းချက်များကို ထုတ်ဖော်ဝန်ခံခဲ့သည့် ပုဂ္ဂိုလ်အချို့အား မြန်မာနိုင်ငံသားများ ကိုယ်စား ကျေးဇူးတင်ပါကြောင်း ပြန်လည် ပြောကြားခဲ့ပါသည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment