ရခိုင် သတင်းများ  စက်တင်ဘာ  ၀၁၊ ၂၀၁၂


ရခိုင်မှ အိုးအိမ်မဲ့ ဒုက္ခသည်များအား သြစတြေးလျ တိုက်ရိုက်ကူညီမည်

သြစတြေးလျနိုင်ငံသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သည့် ပဋိပက္ခများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် လူပေါင်း ၁၄,ဝဝဝ ခန့်အား လိုအပ်မည့် အခြေခံ ပစ္စည်းများ ပေးအပ်နိုင်ရန် ရည်ရွယ်၍ အရေးပေါ် အကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၁ သန်းကို မြန်မာနိုင်ငံသို့ ပေးအပ်မည် ဖြစ်သည်။

“အိမ်တွေကို စွန့်ခွါထွက်ပြေးပြီး အခုလောလောဆယ် ယာယီစခန်းတွေမှာ ခိုလှုံနေကြတဲ့ လူ ၁၄,ဝဝဝ အတွက် အရေးပေါ် အကူအညီအဖြစ် အဝတ်အစား၊ စောင်တွေ နဲ့ တခြား အခြေခံ ပစ္စည်းတွေ ဖြစ်တဲ့ ခြင်ထောင်၊ အိပ်ရာခင်း၊ ဆပ်ပြာလို ပစ္စည်းတွေကို ပေးအပ် ကူညီဖို့ ဖြစ်ပါတယ်” ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကား Bob Carr က ဆိုသည်။
ပဋိပက္ခအတွင်း ပျက်စီးသွားခဲ့သည့် သီးနှံပင်များအား ပြန်လည် အစားထိုး စိုက်ပျိုးရန် အတွက် မျိုးစေ့များနှင့်မြေသြဇာများကိုလည်း ပေးအပ်ကူညီသွားမည် ဖြစ်သည်။

အဆိုပါ အကူအညီ ငွေကြေးများအား CARE Australia က စီမံခန့်ခွဲမည် ဖြစ်ပြီး လိုအပ်နေသူများအား လူမျိုးစွဲ အုပ်စုစွဲ မထားဘဲ ပေးအပ်ကူညီ သွားမည်ဟု ဝန်ကြီး ဘော့ဘ်ကား က ဆိုသည်။အကြမ်းဖက်မှုများအား စုံစမ်းစစ်ဆေးရန်အတွက် မြန်မာအစိုးရက လွတ်လပ်သည့် ကော်မရှင်တရပ် ဖွဲ့စည်းခဲ့ခြင်း ကိုလည်း Bob Carr က ကြိုဆိုလိုက်သည်။

“မြန်မာနိုင်ငံရဲ့ ဘာသာရေး၊ လူမျိုးရေး တင်းမာမှုတွေ အကြောင်းကို သမ္မတ ဦးသိန်းစိန်နဲ့ ဇွန်လမှာ စကားပြောဆိုခဲ့ တုန်းက ကျနော် တိုက်ရိုက် ဆွေးနွေးပြောဆိုခဲ့ပါတယ်။ ကျနော်တို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကိုလည်း အဲဒီအရေးကို မြန်မာအစိုးရနဲ့ ဆက်လက် ပြောဆိုဆွေးနွေးဖို့ ညွှန်ကြားထားပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ် အတွင်းရှိ၊ အိုးအိမ်စွန့်ခွာပြေးခဲ့ရသော ဒုက္ခသည်များအား အခြေခံ အစားအစာများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ အကူအညီများ ထပ်မံ ပေးအပ် ကူညီရန် အတွက်လည်း သြစတြေးလျ က နိုင်ငံတကာ အသိုင်းအဝိုင်းအား တိုက်တွန်းခဲ့သည်။


ရခိုင်ပြည် ဖွံ့ဖြိုးရေးအတွက် အိန္ဒိယ အလေးပေးသင့်ဟု RNDP ပြော

ရခိုင် ရေ၊ မြေကို အသုံးချ၍ အိန္ဒိယနိုင်ငံမှ အကောင်အထည် ဖော်နေသည့် စီမံကိန်းများမှ ရခိုင်ပြည်သူများအား ထိရောက်သည့် ကူညီမှုများ ဆောင်ရွက်ပေးသင့်ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်း ၁၄ ခုအနက် ဒုတိယ အဆင်းရဲဆုံး ဖြစ်သည့် ရခိုင်ပြည်နယ် အတွက် ကုလားတန် ဘက်စုံစီမံကိန်းအား ဆောင်ရွက်နေသည့် အိန္ဒိယနိုင်ငံအနေနှင့် ဒေသဖွံ့ဖြိုးရေးအတွက်လည်း အလေးပေးသင့်ကြောင်း RNDP ခေါင်းဆောင် တဦးဖြစ်သူ ဦးခိုင်ကျော်လှ က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သြဂုတ်လ ၂၉ ရက်နေ့က စစ်တွေမြို့သို့ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ဒေါက်တာဆေရှာသရီ H.E. Dr. V.S. Seshatri သည် ကုလားတန် စီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုခဲ့ပြီး နယ်စပ်ရေးရာ ပြည်ထောင်စု ဝန်ကြီး အပါအဝင် ပြည်နယ်အစိုးရနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ရခိုင်ပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ် ၃၅ နေရာ ရရှိထားသည့် ဒေသခံ RNDP ပါတီကိုမူ တွေ့ဆုံခဲ့ခြင်း မရှိကြောင်း သိရသည်။

ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများအား သွားရောက်ကြည့်ရှုခဲ့သည့် သံအမတ်ကြီး ဆေရှာသရီ သည် ဒုက္ခသည်များ ပြန်လည်နေရာချထားရေးအတွက် အိန္ဒိယနိုင်ငံမှ ဒေါ်လာ နှစ်သိန်း ပေးအပ်လှူဒါန်းသွားခဲ့သည်။၂ဝ၁၃ ခုနှစ်တွင် အပြီးသတ်ရန်ရှိသည့် ဒေါ်လာ သန်းပေါင်း ၁၂ဝ ကျော်ခန့် ကုန်ကျမည့် ကုလားတန်စီမံကိန်းအားကောင်းမွန်သည့်လဏ္ခာတရပ်အဖြစ် RNDP က ရှုမြင်ထားသော်လည်း စီမံကိန်း လုပ်သားများတွင် ဒေသခံ ရခိုင်နှင့် ဗမာအလုပ်သမား ပိုမိုများထက် အိန္ဒိယလုပ်သားများက လစာပိုများကြောင်း ထောက်ပြပြောဆိုသည်။

ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းသည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှတဆင့် ကုန်စည်များကို နိုင်ငံတကာသို့ တင်ပို့နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။ထိုစီမံကိန်းသည် ကုလားတန်မြစ်ကို တူးချဲ့ကာ စစ်တွေမှ ပလက်ဝသို့ ပင်လယ်ကူး သင်္ဘောများ ဝင်ရောက်မည်ဖြစ်ပြီး ပလက်ဝမှ ချင်းပြည်နယ်ကို ဖြတ်ကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ကားလမ်းဖြင့် ဆက်သွယ်ရန် ဆောင်ရွက်နေ
ခြင်း ဖြစ်သည်။

၂ဝဝ၉ ခုနှစ်မှ စတင်ကာ အိန္ဒိယက အကောင်အထည်ဖော်နေသည့် ထိုစီမံကိန်းသည် သစ်တောဧရိယာ ၁၉၆.၇၅ ကတ်တာ ခုတ်ထွင်ရှင်းလင်းရမည်ဖြစ်ပြီး ထောင်ချီသည့် ဒေသခံများ၏ အိမ်ယာများ စွန့်လွှတ်ကြရမည်ဟု အိန္ဒိယ အမတ် အချို့က အိန္ဒိယဝန်ကြီးချုပ်အား အသိပေး ပြောဆိုထားခဲ့ဖူးသည်။
အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏသည် ၁၉၈ဝ-၈၁ ခုနှစ်က ဒေါ်လာ ၁၂ သန်းကျော်သာ ရှိခဲ့ရာမှ လက်ရှိတွင် ဒေါ်လာသန်းပေါင်း ၁,၅ဝဝ ခန့် ရှိနေပြီး ၂ဝ၁၅ ခုနှစ်တွင် ဒေါ်လာ သန်းပေါင်း ၃,ဝဝဝ အထိ ရောက်ရှိရန် ရည်ရွယ်ထားကြသည်။


စစ်တွေတွင် နာရေး သင်္ဂြိုဟ်ရန် အခက်အခဲကြုံ

 

ရခိုင်ပြည်နယ် စစ်တွေမြို့ ဒေသခံများ နာရေး သင်္ဂြိုဟ်ရန် အခက်အခဲနှင့် ကြုံနေရကြောင်း သတင်းရသည်။ စစ်တွေတွင် မှန်စီ သုသာန်နှင့် အာကျိတ်တော်ကုန်း သုသာန်ရှိပြီး မှန်စီ သုသာန်မှာ အကြမ်းဖက်မှု ပဋိပက္ခများကြောင့် ယာယီရပ်ဆိုင်း ထားကြောင်း၊ အာကျိတ်တော်ကုန်း သုသာန် ဟောင်းမှာ မြေနေရာ အဆင်မပြေသဖြင့် အသုဘ ရုပ်ကလာပ်များကို တကြိမ်တည်း သင်္ဂြိုဟ်ရန် စုထားရသော်လည်း အအေးခန်း မရှိ၍ အခက်အခဲ ဖြစ်နေကြောင်း The Voice Weekly တွင် ဖော်ပြထားသည်။

 


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment