မြန်မာသတင်းများ  သြဂုတ် ၂၉၂၀၁၂

၈၈ မျိုးဆက် ကိုကိုကြီးရဲ့"ပြောချင်လို့ ပြောခဲ့တာတွေ" စာအုပ်မိတ်ဆက်ပွဲ ကျင်းပ

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ "ပြောချင်လို့ ပြောခဲ့တာတွေ" အင်တာဗျူးများ အပိုင်း(၁) စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းမှာ ရှိတဲ့ Home (House of media & Entertainment) မှာ မနေ့က နေ့လည် (၁) နာရီက ကျင်းပခဲ့ပါတယ်။
ဒီစာအုပ်ကို စုစည်းထုတ်ဝေရတာဟာ နောင်တစ်ချိန်မှာ မှတ်တမ်း မှတ်ရာတစ်ခုအနေနဲ့ ကျန်ရစ်ခဲ့ စေချင်တာကြောင့်လို့ ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက စာအုပ် မိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။
"အခုကတော့ ဒီစာအုပ်မှာ ဒါကျွန်တော် များသောအားဖြင့် လွှတ်တဲ့ အချိန်ကစပြီးတော့ ၃ လစာလောက် အဲဒီလောက်ပဲ စုစည်းနိုင်ပါသေးတယ်။ နောက်ပိုင်းမှာ ကျွန်တော်တတ်နိုင်သလောက် စုစည်းပြီးတော့ အတွဲ ၂၊ အတွဲ ၃ ဆက်ထွက်နိုင်ဖို့လည်း ကျွန်တော်ကြိုးစားပါမယ်။ အဲတာကလည်း အဓိကက ကျွန်တော်တို့ မှတ်တမ်း မှတ်ရာလေးအဖြစ် ကျန်ခဲ့အောင်နဲ့ ဒါကျွန်တော့်ကို ဒီအကြောင်းအရာ တစ်ခုချင်းနဲ့ ပတ်သက်လို့ ပြောခဲ့ဆိုခဲ့တာ၊ နောက်လူတစ်ယောက်က အခုပြောခဲ့တဲ့ဟာနဲ့ ကျွန်တော် နောင်တချိန် ဒီကိစ္စမျိုး ကြုံလာခဲ့ရင် ကျွန်တော် ဘာပြောမလဲဆိုတာ အားလုံးဟာ မှတ်တမ်းအဖြစ်နဲ့ တိုက်ဆိုင်ပြီးတော့ လေ့လာနိုင်တဲ့ အခြေအနေမျိုးလည်း ဒီစာအုပ်ကနေပြီးတော့ ကျွန်တော်တို့ အကျိုးဆက် တစ်ခုလည်း ရလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
အဲဒီ စာအုပ်မိတ်ဆက်ပွဲမှာ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ စာအုပ်တွေကို တစ်အုပ် (၁၅၀၀) ကျပ်နဲ့ ရောင်းချပေးခဲ့ပြီး သူကိုယ်တိုင် အမှတ်တရ လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။
အဲဒီ စာအုပ်မိတ်ဆက်ပွဲကို လူဦးရေ (၁၅၀) နီးပါးလောက် တက်ရောက်ခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ အနုပညာရှင် ကိုဇာဂနာနဲ့ သတင်းစာဆရာ မောင်ဝံသတို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သလို အယ်ဒီတာ ဦးဇော်သက်ထွေးက အခမ်းအနားမှူးအဖြစ် ကျင်းပခဲ့ပါတယ်။

ဗကသအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းခြင်း ၅ နှစ်ပြည့် အခမ်းအနားကျင်းပ

၂၀၀၇ မျိုးဆက် ကျောင်းသားတွေက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ပြန်လည် ဖွဲ့စည်းခြင်း ၅ နှစ်ပြည့် အခမ်းအနားတစ်ခုကို ရန်ကုန်တိုင်း သံလျင်မြို့နယ် အိုးဝေစာကြည့်တိုက်မှာ မနေ့က့  ပြုလုပ်ခဲ့ပါတယ်။

ရှမ်း ဒုက္ခသည်များ ပြန်မပို့ရေး တိုက်တွန်း

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် ခရိုင် ၀င်ဟယ် မြို့နယ် အတွင်းရှိ ကုန်းကျော် ဒုက္ခသည်စခန်းမှ ရှမ်း ဒုက္ခသည် ၅၀၀ ခန့်ကို မြန်မာနိုင်ငံသို့ ပြန်မပို့ရန် ရှမ်းလူထု အခြေပြုအဖွဲ့များက ယမန်နေ့က သက်ဆိုင်ရာ တာဝန်ရှိသူများကို တိုက်တွန်း လိုက်သည်။
ယင်းဒုက္ခသည်များကို နော်ဝေနိုင်ငံမှ အစိုးရမဟုတ်သော(NGO)အဖွဲ့တဖွဲ့က ရှမ်းပြည်နယ် မိုင်းဆတ် ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း ရှိ မိုင်းထ ဒေသသို့ ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်(IDPs)များအဖြစ် ပြန်လည် နေရာချထားရန် စီစဉ်နေခြင်းဖြစ်၍ ထိုကဲ့သို့ တိုက် တွန်း ရခြင်းဖြစ်ကြောင်း ရှမ်းအဖွဲ့များက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ မိုင်းထ ဒေသသည် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ငြိမ်းချမ်းရေး အစစ်အမှန် ရရှိမှသာလျှင် ဒုက္ခသည်များကို ပို့ဆောင် သင့်ကြောင်းသတင်း ထုတ်ပြန်လိုက်ခြင်းဖြစ် သည်။

၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူရေး ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ ဆွေးနွေး

ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့မှ Dr.Babatunde Osotimehin နှင့် သမ္မတ ဦးသိန်းစိန် တို့ ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံကြောင်း သိရသည်။ တွေ့ဆုံရာတွင် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့(UNFPA) မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် Mr.Mohamed Abdel-Ahad လည်း ပါဝင်တွေ့ဆုံ၍ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ သန်း ခေါင်စာရင်း ကောက်ယူရေးတွင် UNFPA နှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများ၊ သားဆက်ခြားနှင့် အမျိုးသမီးထု ကျန်းမာရေး ဆိုင်ရာများ၊ မျိုးဆက်ပွားနှင့် သားဆက်ခြား ပညာပေး လုပ်ငန်းဆိုင်ရာများ စသည်တို့ကို ဆွေးနွေးကြောင်း အစိုးရ သတင်းစာများတွင် ပါရှိသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကို စွပ်စွဲပြစ်တင်သည့်အဆို အမျိုးသားလွှတ်တော်က အတည်ပြု

ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ အနေနဲ့ အခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ပြီး ဥပဒေအရ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်အောင် မထမ်းဆောင်တဲ့အတွက် စွပ်စွဲ ပြစ်တင်တဲ့ အဆိုကို မနေ့က အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးကြပြီးနောက် လွှတ်တော် ဥက္ကဋ္ဌက အတည်ပြုလိုက်ကြောင်း သိရပါတယ်။ 

အရှေ့တောင်အာရှ လူငယ်ဘော်လီဘော ပြိုင်ပွဲ မြန်မာ ဗိုလ်စွဲ

 

၁၇ ကြိမ်မြောက် အရှေ့တောင်အာရှ လူငယ်ဘော်လီဘောပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်ကို ရန်ကုန်မြို့တွင် ယမန်နေ့က ကျင်းပ ရာ မြန်မာလူငယ် လက်ရွေးစင်(က) အသင်းက ထိုင်းလူငယ် လက်ရွေးစင်အသင်းကို ၃ ပွဲပြတ်ဖြင့် အနိုင်ယူကာ ဗိုလ်စွဲခဲ့သည်။ ယခုပြိုင်ပွဲကို ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ နယူးဇီလန်နှင့် အိမ်ရှင် မြန်မာလူငယ်(က)နှင့် (ခ) နှစ်သင်း ခွဲ၍ ယှဉ်ပြိုင်ခြင်းဖြစ်ပြီး မြန်မာ လူငယ် အသင်းသည် စတုတ္ထအကြိမ် ဗိုလ်စွဲခြင်းဖြစ်သည်။

ရန်ကုန်တွင် အထူး စီးပွားရေးဇုန် တည်ဆောက်မည်

 

ရန်ကုန်မြို့တွင် အထူးစီးပွားရေး ဇုန် တည်ဆောက်ရေးအတွက် မြန်မာအစိုးရက ဂျပန် ကုမ္ပဏီများနှင့် ညှိနှိုင်း သဘောတူညီမှု ပြုလုပ်ကြောင်း သိရသည်။ ဧက ၅၉၀၀ ခန့် (၂၄၀၀ ဟက်တာ) ကျယ်ဝန်းမည့် ယင်း အထူးစီးပွားရေး ဇုန် စီမံကိန်းကို ရန်ကုန်မြို့ စွန် ရှိ သီလ၀ါ ဆိပ်ကမ်း အနီးတွင် တည်ဆောက်မည်ဖြစ်ပြီး ဂျပန် ကုမ္ပဏီများ ဖြစ်သော Mitsubishi Corp, Marubeni Corp နှင့် Sumitomo Corp တို့က ၄၉ ရာခိုင်နှုန်း ပါဝင် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း Reuters သတင်း၌ ပါရှိသည်။

နာမည်ပျက်စာရင်း သတ်မှတ်ထားသူ ၂၀၀၀ ကျော် ပယ်ဖျက်ပေး

ပြည်ပတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော သတင်းမီဒီယာ သမားများ အပါအ၀င် နာမည်ပျက်စာရင်း(Black List) သတ်မှတ်ထားသူ မြန်မာနိုင်ငံသား ၆၁၆၅ ဦးမှ ၂၀၈၂ ဦး ကို စာရင်းမှ ပယ်ဖျက်ပေးလိုက်ကြောင်း အစိုးရ သတင်းစာများတွင် ဖော် ပြထားသည်။ ယခု စာရင်းမှ ပယ်ဖျက်ပေးထားသူများ မြန်မာနိုင်ငံ ပြန်လာနိုင်ရေး အတွက်လည်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ယင်းသို့ နာမည်ပျက်စာရင်း သတ်မှတ် ရခြင်း ဖြစ်ကြောင်း၊ ပြောင်းလဲ လာသော ခေတ်စနစ်နှင့် အညီ ဖြေလျှော့ပေးမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်းလည်း သတင်းစာကဆို သည်။

ပြောင်းလဲခြင်းနှင့်အတူ လိုက်ပါကြရန် သမ္မတ၏ အကြံပေးက တိုက်တွန်း 

လက်ရှိ ပြောင်းလဲနေသည့် အခြေအနေများ နောက်သို့ လိုက်ပါမှသာ ဖွံဖြိုးတိုးတက်မှုအတွက်
မောင်းနှင်အား ဖြစ်နိုင်ကြောင်း နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် က ပြောဆိုလိုက်ကြောင်း သိရသည်။

လယ်ယာ ကော်ပိုရေးရှင်း ရှယ်ယာ ကျပ် ၁၀၀ ဘီလီလျံဖိုး ရောင်းချမည် 

ပြည်တွင်းစီးပွားရေး ယှဉ်ပြိုင်မှု စွမ်းအား မြင့်လာစေရန်အတွက် မြန်မာနိုင်ငံ လယ်ယာစီးပွား ဖွံဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်းမှ အစုရှယ်ယာ တန်ဖိုး ကျပ် ၁၀၀ ဘီလီလျံ အထိ ရောင်းချသွားမည် ဖြစ်ကြောင်း
အဆိုပါ ကော်ပိုရေးရှင်းကို ကနဦးအဖြစ် သမဝါယမဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဆန်စပါး အထူးပြု ကုမ္ပဏီများနှင့် အခြား စီပွားရေး လုပ်ငန်းရှင် ၃၇ ဦးက စတင်ရင်းနှီးမြှုပ်နှံမှု ကျပ် ၁၀ ဒဿမ ၄ ဘီလီလျံဖြင့် ဖွဲ့စည်းထားသည်။ ရှယ်ယာ တခုလျှင် ကျပ် ၁၀,၀၀၀ ဖြင့် သြဂုတ်လ ၂၆ ရက်နေ့မှ စတင် ရောင်းချလျက် ရှိကြောင်း သိရသည်။

အိန္ဒိယအမတ်၏ မြန်မာ့ကဘော်ချိုင့်ဝှမ်း ရလိုမှု ဒေသခံတို့ မထောက်ခံ 

အိန္ဒိယနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီကြီးတခုဖြစ်သည့် BJP ပါတီမှ လွှတ်တော်အမတ် တဦးက မဏိပူရပြည်နယ်အတွင်း ၎င်းတို့ပါတီ မဲဆွယ်စည်းရုံးစဉ် မြန်မာပြည်ရှိ ကဘော်ချိုင့်ဝှမ်းဒေသအား ပြန်လည် ရယူပေးမည်ဟု မက်လုံးပေး ပြောဆိုခဲ့သော်လည်း ကဘော်ချိုင့်ဝှမ်း ဒေသခံများက လက်မခံကြောင်း ငြင်းဆိုကြသည်။BJP ပါတီဥက္ကဋ္ဌနှင့်အတူ မဏိပူရပြည်နယ်သို့ မဲဆွယ်ခရီးထွက်လာသည့် ဥပဒေပြုအမတ် ဘီဂျိုယာ ချာကရာဗိုတီ Bijoya Chakravorty က လာမည့် ၂ဝ၁၄ ခုနှစ် ရွေးကောက်ပွဲတွင် ၎င်းတို့ပါတီ အာဏာရရှိမည်ဆိုပါက ကဘော် ချိုမ့်ဝှမ်းဒေသအား မြန်မာအစိုးရထံမှ ပြန်လည် ရယူပေးမည်ဟု ကတိပေး ပြောဆိုလိုက်ကြောင်း Seven Sisters Post သတင်းစာတွင် ဖော်ပြပါရှိလာ၍ တုန့်ပြန်ပြောဆိုလိုက်ကြခြင်း ဖြစ်ကြောင်း သိရသည်။

ပေါင်းဆန် စက်များ တိုးချဲ့တည်ဆောက်မည် 

လာမည့် နှစ်နှစ်အတွင်း တလလျှင် ပေါင်းဆန် တန်ချိန် တသောင်းခန့် တင်ပို့နိုင်ရန် ရည်ရွယ် ၍ ပေါင်းဆန် ထုတ်လုပ်ရေးစက်များ တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်းက ပြောသည်။

အလားတူ ဆန်စပါး လုပ်ငန်းရှင်များဖြင့် တည်ထောင်ထားသည့် ရန်ကုန်အခြေစိုက် Myanmar Agribusiness Public Corporation ကလည်း တန် ၅ဝဝ ကျ စက်တလုံးကို ၂ဝ၁၄ ခုနှစ်ဆန်းပိုင်း နောက်အကျဆုံး အပြီးတည်ဆောက်ရန် စီစဉ်နေကြောင်း  လက်ရှိတွင် ဧရာဝတီတိုင်း၌ တရက်လျှင် တန် ၅ဝ ကျ ပေါင်းဆန်စက် သုံးလုံးသာ လည်ပတ်လျက်ရှိပြီး ထိုစက်များ ကိုလည်း တန် ၁ဝဝ ကျ ဖြစ်ရန် အဆင့်မြှင့်သွားမည်။ ၂ဝ၁၃  နှစ်စပိုင်းတွင် ပေါင်းဆန်စက် ငါးလုံးခန့် ထပ်မံတိုးချဲ့ သွားမည်ဟု သိရသည်။

မြောင်းမြ ခလရ ၉၃ သိမ်းထားသည့် ခြံများတွင် ဇွတ်ဝင်စိုက်မည် 

ဧရာဝတီတိုင်း၊ မြောင်းမြမြို့အခြေစိုက် ခြေလျင်တပ်ရင်း ၉၃ မှ ၁၉၉၆ ခုနှစ်ကတည်းက သိမ်းယူထားသော နှစ်ရှည်ပင်စိုက် ခြံဧက ၂ဝဝ တွင် အသိမ်းခံ မူလခြံပိုင်ရှင်များက သီးနှံများ ပြန်လည်စိုက်ပျိုးရန်
ပြင်ဆင်နေကြသည်။
မြောင်းမြမြို့နယ်၊ တောင်ကလေး ကျေးရွာအုပ်စု အတွင်းရှိ သဇင်ကုန်းရွာရှိ သရက်ပင်၊ ပိန္နဲပင်၊ သီဟိုဠ်ပင် စသော နှစ်ရှည်ပင်စိုက် ၎င်းခြံများကို ပိုင်ရှင် ခြံသမား ၂၉ ဦးထံမှ ခလရ ၉၃ က သိမ်းယူထားခြင်း ဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ခြံရှင်များက ဧပြီလတွင် ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် တင်ခဲ့သော်လည်း ခွင့်ပြုချက် မရရှိခဲ့ပေ။ တပ်ရင်းမှူးက ၁၄ ရက်အတွင်း ဖြေရှင်းပေးမည်ဟု ကတိပေးခဲ့သော်လည်း အကောင်အထည် ပေါ်မလာ၍ ယခုကဲ့သို့ ထိုခြံများအတွင်း သီးပင်စားပင်များ အတင်းဝင်ရောက် စိုက်ပျိုးရန် ဆုံးဖြတ်ရခြင်း ဖြစ်သည်ဟု ခြံပိုင်ရှင်များကပြောသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် ဂျပန်ကုမ္ပဏီနှင့် ပူးတွဲတည်ဆောက်မည်

မြန်မာနိုင်ငံရဲ့ စီးပွားရေး စီမံကိန်းတွေမှာ ပါဝင် ရင်းနှီး မြှုပ်နှံနိုင်ဖို့အတွက် ဧကပေါင်း ခြောက်သောင်းနီးပါး ကျယ်ဝန်းတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းကို ဂျပန်ကုမ္ပဏီ လုပ်ငန်းစုတစ်ခုနဲ့ ပူးတွဲတည်ဆောက်ဖို့ မြန်မာအစိုးရက သဘောတူ လက်မှတ်ရေးထိုး လိုက်ပါတယ်။

သမ္မတက ကုလနှင့် INGO ဝန်ထမ်းသုံးဦးကို ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပေး

ရခိုင်ပြည်နယ် မငြိမ်မသက်မှုနဲ့ ပတ်သက်ပြီး ထောင်ဒဏ် ချမှတ်ခံရတဲ့ ဒေသခံ ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းက ၀န်ထမ်း သုံးဦးကို နိုင်ငံတော် သမ္မတက ပြစ်ဒဏ်က လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ အစိုးရက မနေ့က ကြေညာပါတယ်။

လူပုဂ္ဂိုလ်၂၀၈၂ ဦးကို အမည်မဲစာရင်းထဲမှ ပယ်ဖျက်

အရင်စစ်အစိုးရလက်ထက် ကတည်းက နံမည်ပျက်စာရင်း black list ထည့်သွင်းခံထားရသူ မြန်မာနိုင်ငံသားနဲ့ နိုင်ငံခြားသား စုစုပေါင်း ၆၁၆၅ ထဲက ၂၀၈၂ ဦးကို စာရင်းထဲကနေ ပယ်ဖျက် ပေးလိုက်ကြောင်း အစိုးရ သတင်းစာမှာ မနေ့က ဖော်ပြပါတယ်။

ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် ဖယ်ရှားပေးဖို့ မိတ္တီလာမှာဆန္ဒပြ

မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့မှာ လူနေရပ်ကွက်အနီး ဖွင့်လှစ်ထားတဲ့ ကျော်အမည်ရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်ကို ဖယ်ရှားပေးဖို့ မြို့ခံပြည်သူ ၂၀၀ နီးပါးလောက် မနေ့က မနက်ပိုင်းက တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

ကလေးစစ်သား ၄၂ ယောက် စစ်တပ်အရာရှိတွေကိုယ်တိုင် မိသားစုထံ ပြန်လည်အပ်နှံမည်

မြန်မာနိုင်ငံတစ်ဝှမ်းက တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့တွေမှာရှိတဲ့ ကလေးစစ်သား ၄၂ ယောက်ကို စစ်တပ် အရာရှိတွေကိုယ်တိုင် စက်တင်ဘာ ၃ ရက်နေ့မှာ မိသားစုထံ ပြန်လည်အပ်နှံဖို့ ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။

မိုးရွာရင် ခဏခဏပြင်ရတဲ့ ရန်ကုန်မြို့တွင် လမ်းများ ပြင်၍မဆုံးနိုင

မိုးရာသီရောက်သည်နှင့် ရန်ကုန်မြို့ရှိ လမ်းများမှာ အကြိမ်ကြိမ်အခါခါ ဖာထေးပြင်ဆင်ရလေ့ရှိသည့် ထုံးစံအတိုင်း ယခုနှစ်မိုးရာသီတွင်လည်း လမ်းပျက်များစွာကို အကြိမ်ကြိမ် ဖာထေးပြင်ဆင်ရလျက်ရှိကြောင်း၊ သို့သော် မည်မျှပြင်ဆင်ဖြစ်စေ ပြင်၍မဆုံးနိုင်အောင် ရှိနေကြောင်း ယခုမိုးတွင်းကာလ၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ယခင်နှစ်များကထက် များစွာပို၍ လမ်းပြင်ဆင်ဖာထေးခြင်း ပြုလုပ်ပေးသည်ဆိုသော်လည်း လက်ရှိအချိန်အထိ ရန်ကုန်မြို့ရှိ လမ်းစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းမှာ ပျက်စီးသည့်လမ်းများ ဖြစ်နေဆဲဟု ထုတ် ပြန်ထားသည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင် မြင့်၊ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း၊ ပြည်ထောင်စုစာရင်း စစ်ချုပ် ဦးလွန်းမောင်တို့အား ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်းကို သြဂုတ် လ ၂၈ ရက်နေ့တွင် အမိန့်များ ထုတ်ပြန်၍ ကြေညာခဲ့သည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment