မြန်မာသတင်းများ  သြဂုတ် ၂၈၂၀၁၂

ပြည်ထောင်စုဝန်ကြီး ၉ ဦး ပြောင်းလဲခန့်အပ်


ပြည်ထောင်စု မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၂ နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့အရ ပြည်ထောင်စု ဝန်ကြီး ၉ ဦးကို ဌာနတွေ ပြောင်းလဲ ခန့်အပ်လိုက်တယ်လို့ နိုင်ငံတော် သမ္မတရုံးက မနေ့က သတင်းထုတ်ပြန်ပါတယ်။
ဒီပြောင်းလဲ ခန့်အပ်မှုမှာ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ရထားဝန်ကြီး ဦးအောင်မင်း၊ အမျိုးသားစီမံကိန်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးတင်နိုင်သိန်းနဲ့ ဘဏ္ဍာအခွန်ဝန်ကြီး ဦးလှထွန်းတို့ကို သမ္မတရုံး ဝန်ကြီးတွေအဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်ပါကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကပြောပါတယ်။ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေး ဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဦးအောင်ကြည်ကို ပြန်ကြားရေး ဝန်ကြီးအဖြစ် ထပ်မံ တာဝန်ပေးလိုက်ပြီး ယခင်ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဋ္ဌာန ၂ ခုရဲ့ ဝန်ကြီး ဦးကျော်ဆန်းကိုတော့ သမဝါယမ ဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်လိုက်ပါတယ်။
မွေးမြုရေးနဲ့ ရေလုပ်ငန်းဝန်ကြီးနဲ့ သမဝါယမဝန်ကြီး ဌာနနှစ်ခုကို ကိုင်တွယ်တာဝန်ယူထားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကိုတော့ မွေးမြုရေးနဲ့ ရေလုပ်ငန်း ဝန်ကြီးဌာန တစ်ခုကိုသာ ကိုင်တွယ်ဖို့ ပြောင်းလဲ တာဝန်ပေးလိုက်ကာ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဝန်ကြီး ဦးအေးမြင့်ကိုတော့ စက်မှုဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်ပါတယ်။
ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးနဲ့ အာကစားဝန်ကြီးဌာန နှစ်ခု တာဝန်ယူထားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းကတော့ အားကစားဝန်ကြီးဌာန တစ်ခုတည်းကိုသာ တာဝန်ယူ ကိုင်တွယ်ရတော့မှာ ဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ ပြည်ထဲရေး၊ ပြန်ကြားရေး၊ စွမ်းအင်၊ လူဝင်မှုကြီးကြပ်ရေးစတဲ့ ဝန်ကြီးဌာန ၁၅ ခုရဲ့ ဒုတိယဝန်ကြီးတွေကို အသစ်ရွေးချယ် ခန့်အပ်လိုက်ပြီး သမ္မတရဲ့ စီးပွားရေး အကြံပေး တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဆက်အောင်နဲ့ မကြာမီက ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော် သမ္မတရဲ့ လူမှု စီးပွား အကြံပေးကောင်စီမှာ ပါဝင်တဲ့ ဒေါက်တာ ဒေါ်ခင်စန်းရီတို့ နှစ်ဦးကိုတော့  အမျိုးသားစီမံကိန်းနဲ့ ဖွံဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှာ ဒုတိယ ဝန်ကြီးတွေအဖြစ် တာဝန်ပေးလိုက်ပါတယ်။




ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်ကြောင်းအား အမိန့်အမှတ် ၂၂/၂၀၁၂ နှင့် ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးကြောင်းအား အမိန့်အမှတ် ၂၁/၂၀၁၂ဖြင့် နိုင်ငံတော်သမ္မတရုံးမှ သြဂုတ်လ ၂၇ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်
ပြောင်းလဲခန့်အပ်လိုက်သော ပြည်ထောင်စုဝန်ကြီးများမှာ ၉ ဦးဖြစ်ပြီး ၎င်းတို့၏ လက်ရှိတာဝန်ယူရမည့် ဝန်ကြီးဌာနနှင့် ယခင်ဝန်ကြီးဌာနများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ဦးစိုးသိန်း - သမ္မတရုံးဝန်ကြီးဌာန (ယခင် - စက်မှုဝန်ကြီးဌာန)
၂။ ဦးအောင်မင်း - သမ္မတရုံးဝန်ကြီးဌာန (ယခင် - ရထားပို့ဆောင်ရေးဝန်ကြီးဌာန)
၃။ ဦးလှထွန်း - သမ္မတရုံးဝန်ကြီးဌာန (ယခင် - ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)
၎။ ဦးတင်နိုင်သိန်း - သမ္မတရုံးဝန်ကြီးဌာန (ယခင် - အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန)
၅။ ဦးအောင်ကြည် - ပြန်ကြားရေးဝန်ကြီးဌာန (ယခင် - လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာန)
၆။ ဦးကျော်ဆန်း - သမဝါယမဝန်ကြီးဌာန (ယခင် - ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)
၇။ ဦးအုန်းမြင့် - မွေး/ရေ ဝန်ကြီးဌာန (ယခင် - သမဝါယမဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန)
၈။ ဦးအေးမြင့် - စက်မှုဝန်ကြီးဌာန (ယခင် - သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန)
၉။ ဦးတင့်ဆန်း - အားကစားဝန်ကြီးဌာန (ယခင် - ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန)
ထို့အပြင် ခန့်အပ်လိုက်သော ဒုတိယ၀န်ကြီးစုစုပေါင်းမှာ ၁၅ ဦးဖြစ်ပြီး ၎င်းတို့ တာဝန်ယူရမည့် ဝန်ကြီးဌာနများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ ရဲချုပ်ကျော်ကျော်ထွန်း - ပြည်ထဲရေးဝန်ကြီးဌာန
၂။ ဦးပိုက်ထွေး- ပြန်ကြားရေးဝန်ကြီးဌာန
၃။ ဦးသန်းဆွေ - ယဉ်ကျေးမှုဝန်ကြီးဌာန
၎။ ဦးအောင်သိမ်း - သမ္မတရုံးဝန်ကြီးဌာန
၅။ ဒေါက်တာလင်းအောင် - ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
၆။ ဦးဆက်အောင် - အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
၇။ ဒေါက်တာဒေါ်ခင်စန်းရီ - အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
၈။ ဒေါ်စုစုလှိုင် - လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၉။ ဦးသောင်းတင် - ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ဝန်ကြီးဌာန
၁၀။ ဦးထင်အောင် - စွမ်းအင်ဝန်ကြီးဌာန
၁၁။ ဗိုလ်မှူးချုပ်ဝင်းမြင့် - လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
၁၂။ ဦးအေးမြင့်မောင် - ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
၁၃။ ဒေါက်တာဒေါ်သက်သက်ဇင် -ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
၁၄။ ဦးသောင်းထိုက် - အားကစားဝန်ကြီးဌာန
၁၅။ ဒေါက်တာဒေါ်သိန်းသိန်းဌေး - ကျန်းမာရေးဝန်ကြီးဌာန
ယခင် သမ္မတရုံးဝန်ကြီးဌာန၌ ယခင်ဝန်ကြီး ၂ ဦးရှိရာမှ ယခုထပ်မံခန့်အပ်လိုက်သော သမ္မတရုံးဝန်ကြီး ၄ ဦးကြောင့် စုစုပေါင်း သမ္မတရုံးဝန်ကြီးဌာန၌ ပြည်ထောင်စုဝန်ကြီး ၆ ဦး ရှိလာမည်ဖြစ်သည်။ ထိုသို့ ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲ ခန့်အပ်လိုက်ခြင်းကြောင့် လက်ရှိတွင် လစ်လပ်လျက်ရှိသော ပြည်ထောင်စုဝန်ကြီးဌာနများမှာ -
- ရထားပို့ဆောင်ရေးဝန်ကြီးဌာန
- ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
- အလုပ်သမားဝန်ကြီးဌာန
- လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန
- ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန
- သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
- အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန
- ယဉ်ကျေးမှုဝန်ကြီးဌာန တို့ဖြစ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့အရ ပြည်ထောင်စုဝန်ကြီးများအား ပြောင်းလဲ တာဝန်ပေးအပ်ကြောင်းနှင့် ဒုတိယဝန်ကြီးများအား ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ဃ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉) တို့အရ ခန့်အပ်လိုက်ကြောင်း သိရှိရသည်။

မြန်မာ ဘတ်စ်ကက်ဘော တိုးတက်ရေး အမေရိကန် ကူမည်

အရှေ့တောင်အာရှ ပြိုင်ပွဲများနှင့် ၁၆ နှစ်ကြာ ကင်းဝေးနေသည့် မြန်မာဘတ်စ်ကက်ဘော အားကစား တိုးတက်ရေး အကူ အညီ ပေးရန် အမေရိကန် ဘတ်စ်ကက်ဘော အဖွဲ့(NBA)မှ အားကစားသံတမန် အဖွဲ့ မြန်မာနိုင်ငံသို့ ယမန်နေ့က ရောက်ရှိနေသည်။ အဆိုပါ သံတမန်အဖွဲ့တွင် မြောက်ကာရိုလိုင်းနားအခြေစိုက် ရှားလော့ထ် ဘော့ပ် ကက်စ် (Charlotte Bobcats) အသင်း၏ မန်နေဂျာ မြန်မာနိုင်ငံဖွား ရစ်ချတ်ချို အပါအ၀င် စုစုပေါင်း ၄ ဦးပါဝင်ပြီး ယမန်နေ့က ရန်ကုန်မြို့ တော်ဝင် စင်တာတွင် ဘတ်စ် ကက် ဘော ၀ါသနာရှင်များအား သရုပ်ပြ ကစားမှုများ ပြုလုပ်ခဲ့သည်။
ယနေ့ နံနက်ပိုင်းကလည်း ယင်းအားကစား သံတမန်အဖွဲ့သည် ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ မိုးလုံလေလုံ အားကစားရုံ၌ မြန်မာနိုင်ငံ ခြင်းလုံး အဖွဲ့ချုပ်နှင့် မြန်မာ့ရိုးရာ ခြင်း အလှခတ် ကစားသည်။
လတ်တလောတွင် မြန်မာဘတ်စ်ကက်ဘော နည်းစနစ်ပိုင်းဆိုင်ရာနှင့် ကစားသမားတဦးချင်း တိုးတက်ရေးအတွက် သင်ကြားပြသ မည်ဖြစ်ပြီး လာမည့် သြဂုတ်လ ၂၉ ရက်နေ့တွင် ဘတ်စကက်ဘောအားကစားတိုးတက်ရေးအတွက် အကူအညီပေးရေးများကို ဆွေးနွေးမည်ဟု သိရသည်။

မန္တလေးတွင် ကြေးဆင်းတု လုပ်ငန်းရှင် တဦး အသတ်ခံရ

မန္တလေးမြို့  ချမ်းမြသာစည် မြို့နယ် တမ္ပပ၀တီရပ် ခတ္တန်းရပ်ကွက်၌ ကြေးဆင်းတုတော် လုပ်ငန်း လုပ်ကိုင်နေသည့် ဦးတင်မောင်မြင့် ဆိုသူကို ဓားဖြင့် ထိုးသတ်ခဲ့သည့် လူသတ်မှုတခု လွန်ခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရသည်။
လူသတ်မှု ကျူးလွန်သူကို နာရီပိုင်းအတွင်း ဖမ်းမိပြီး ၀န်ခံခဲ့သော်လည်း သတ်ရသည့် အကြောင်းရင်းကို ဖော်ထုတ် မရသေး၍ စစ်ချက် ယူနေဆဲဖြစ်ကြောင်း ချမ်းမြသာစည် အမှတ် ၁၀ ရဲစခန်း တာဝန်ရှိသူများက ပြောကြောင်းပြစ်မှု ကျူးလွန်သူမှာ ငတိ(ခေါ်)ကျော်မင်းဦး ဖြစ်ပြီး အသက် ၂၂ နှစ် အရွယ်ရှိကြောင်း၊ ၄င်းမှာ ကွမ်း၊ ဆေးလိပ်၊ အရက် သောက် သုံး ခြင်း ကင်း၍ အများနှင့်လည်း ဆက်ဆံရေးပြေပြစ်သော လူငယ်တဦး ဖြစ်ကြောင်း သြဂုတ်လ ၂၃ ရက် ည ၁၀ နာရီခွဲခန့်က ကျော်မင်းဦးသည် အိမ်တွင်းသို့ ၀င်ရောက်ပုန်းအောင်းနေပြီး ဦးတင်မောင်မြင့်နှင့် ဇနီး အခန်းအတွင်းမှ ထွက်လာစဉ် လှေကားအကွယ်မှ အသင့်ပါ ဓားနှင့်ထိုး၍ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း၊ ဦးတင်မောင်မြင့်သည် ရင်ဘတ် ဒဏ်ရာ၊ ၀ဲဘက်နံဘေး ဒဏ်ရာ တို့ဖြင့် သေဆုံးသွားပြီး ဇနီးဖြစ်သူ မဌေးဌေးဝင်းမှာလည်း နောက်ကျော နှင့် ၀ဲဘက် လက်မောင်း စသည်တို့တွင် ဓားဒဏ်ရာများရရှိခဲ့၍ ဆေးကုသမှုခံယူနေကြောင်း မဌေးဌေးဝင်းကလည်း နေအိမ်တွင်း ဓားနှင့် ၀င်ရောက်ထိုးသူမှာ ငွေစင်ရပ်တွင် နေထိုင်သော ကြေး အရောင်တင်သည့် ကျော်မင်းဦး ဖြစ်ကြောင်း ရဲ စစ်ချက်တွင် ထွက်ဆိုထားကြောင်းအခင်းဖြစ်ပွားသည့် ညတွင်းချင်း နေအိမ်တွင်ပင် ကျော်မင်းဦးသည် အေးဆေးစွာ အဖမ်းခံခဲ့ကြောင်း သိရသည်။
ဦးတင်မောင်မြင့် အိမ်ရှိ တန်ဖိုးကြီးပစ္စည်းများမှာ ယခုချိန်အထိ ပျောက်ရှမှုမရှိသောကြောင့် ပစ္စည်းလိုချင်၍သတ်ခြင်း မဖြစ်နိုင်ကြောင်း ရဲ က ယူဆနေပြီး မည်သည့်အတွက် သတ်သည်ကို စုံစမ်းစစ်ဆေးနေသည်ဟု ဆိုသည်။ယင်းအမှုကို ချမ်းမြသာစည် အမှတ် ၁၀ ရဲစခန်းမှ ပုဒ်မ (၃၀၂) ဖြင့် အမှုဖွင့် အရေးယူ ထားသည်။ကျော်မင်းဦးသည် သေဆုံးသူ အသက် ၅၅ နှစ်ရှိ ဦးတင်မောင်မြင့်နှင့် ဆရာတပည့်ဖြစ်ပြီး ဦးတင်မောင်မြင့်ထံမှ ကြေးအကြမ်းထည် ပန်းပု ပစ္စည်းများ ယူဆောင်၍ ကြေးအရောင်တင်သည့် လုပ်ငန်း လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

အထည်ချုပ် လုပ်ငန်းများ အကျပ်အတည်း ကြုံ

ကျွမ်းကျင် အလုပ်သမား ရှားပါးမှု၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များနှင့် အလုပ်သမားဝန်ကြီးဌာန၏ မူဝါဒ တချို့ကြောင့် အထည်ချုပ် လုပ်ငန်းရှင်များ အကျပ်အတည်းနှင့် ကြုံတွေ့နေရကြောင်း သိရသည်။၂၀၀၃ ခုနှစ် အမေရိကန် ပြည်ထောင်စု၏ စီးပွားရေးအရ ပိတ်ဆို့မှုကြောင့် အထည်ချုပ်စက်ရုံ ထက်ဝက်ကျော် ပိတ်သိမ်းခဲ့ရပြီး  အထည်ချုပ်အလုပ်သမား သိန်းနှင့်ချီ၍ အလုပ်လက်မဲ့ ဖြစ်ခဲ့ကြောင်း၊ ဈေးကွက် ပိတ်သွားခြင်းကြောင့် ဈေးကွက်တည်ရှိရာ ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ် နိုင်ငံများရှိ အထည်ချုပ်စက်ရုံများသို့ နည်းအမျိုးမျိုးဖြင့် ပြောင်းရွှေ့သွားကြပြီး မြန်မာနိုင်ငံတွင် ကျန်ရစ်ခဲ့သည့် လုပ်သားအများစုမှာ မကျွမ်းကျင်သူများဖြစ်ကြောင်း သိရသည်။အလုပ်သမားသစ်များ ခေါ်ယူသင်ပေးသော်လည်း သင်ယူပြီးပါက အလုပ်ထွက်သူက များနေခြင်း၊ ကျွမ်းကျင်သူများ မဟုတ်ခြင်းကြောင့် အမှားအယွင်း များခြင်း၊ ချုပ်ထည်များ၏ အရည်အသွေး ကျဆင်းခြင်း၊ ငွေလဲလှယ်နှုန်း ကျဆင်းခြင်း၊ မီတာခ ၁ ဆခွဲခန့် တက်သွားခြင်း၊ တင်ပို့သော နိုင်ငံများ၏ အခွန်ကင်းလွတ်ခွင့် မရရှိခြင်း အစရှိသည့် စရိတ်များကြောင့် အထည်ချုပ်လုပ်ငန်းရှင်များသည် အလုပ်သမားများအတွက် လုပ်ခ၊ လစာရှင်းပေးရန်ပင် အခက်အခဲ တွေ့ကြုံနေရကြောင်း သိရသည်။


ကမ္ဘာလှည့် ခရီးသွား ၅၀ ရာခိုင်နှုန်းခန့် တိုးတက်ဟု ၀န်ကြီးပြော

 

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သော ကမ္ဘာလှည့် ခရီးသွားဧည့်သည် ယခုနှစ်တွင် ၅၀ ရာခိုင်နှုန်းခန့် တိုးလာကြောင်း သိရ သည်။ သြဂုတ်လ ၂၄ ရက်က ညောင်ရွှေမြို့ ဟူပင်ခေါင်တိုင် ဟိုတယ်၌ ကျင်းပသော ရှမ်းပြည်နယ် အင်းလေးဒေသ ဟိုတယ် နှင့် ခရီးသွား လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီး ဦးတင့်ဆန်းက ပြော ဆိုလိုက်ခြင်း ဖြစ်သည်။ အင်းလေး ဒေသ ၀န်းကျင်၌ ဟိုတယ်များ ပိုမို လိုအပ်လာပြီဖြစ်၍ ပြည်တွင်း၊ ပြည်ပ ဒေသ ဟိုတယ် ဇုန် တခု ဖွင့်လှစ်နိုင်ရေး စီစဉ်နေကြောင်းလည်း သိရသည်။


ကနေဒါ ကုန်သွယ်ရေး ၀န်ကြီး မြန်မာကို လာမည်

 

ကနေဒါ နိုင်ငံ ကုန်သွယ်ရေး ၀န်ကြီး Ed Fast သည် မြန်မာနိုင်ငံသို့ လာမည့် စက်တင်ဘာ ၂ ရက်နေ့တွင် လာရောက်မည် ဖြစ်ကြောင်း သိရသည်။ ၎င်းသည် ဗီယက်နမ်၊ ထိုင်း နှင့် ကမ္ဘောဒီယား နိုင်ငံများသို့လည်း သွားရောက်မည်ဖြစ်ပြီး သောကြာနေ့တွင် ကမ္ဘောဒီယား၌ အာဆီယံ စီးပွားရေး ၀န်ကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်မည်ဖြစ်ကြောင်း၊ ထို့နောက် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း AFP သတင်းက ဖော်ပြသည်။ ကနေဒါ ကုန်သွယ်ရေးဝန်ကြီး အဆင့် အနေဖြင့် ယခုသွားရောက်ခြင်းသည် ပထမဆုံး အကြိမ်ကြောင်း သိရသည်။


PNLO ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ပဏာမ သဘောတူ

 

ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)သည် ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် သြဂုတ်လ ၂၅ ရက်က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး သဘောတူ လက်မှတ် ရေးထိုး လိုက်ကြောင်း သိရသည်။ အချက် ၈ ချက်ပါ ယင်း ပဏာမသဘောတူညီချက်ကို ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ တောင်ကြီး ဟိုတယ်၌ နှစ် ဘက် တာဝန်ရှိသူများက ဆွေးနွေးရေးထိုးကြခြင်း ဖြစ်ကြောင်း ယနေ့ထုတ်အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။


PNLO ပထမဆုံးအကြိမ် အပစ်ရပ် လက်မှတ်ထိုး

ထိုင်းနိုင်ငံတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် အလွတ်သဘော နှစ်ကြိမ် တွေ့ဆုံခဲ့သည့် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) က စနေနေ့တွင် ရှမ်းပြည်နယ် အစိုးရနှင့် ပထမဆုံးအကြိမ် အပစ်အခတ် ရပ်စဲလိုက်သည်ဟု PNLO က ပြောသည်။ PNLO ဘက်မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဒုတိယ ခေါင်းဆောင် စစ်ဦးစီးချုပ် ခွန်သူရိန် ဦးစီးသည့် တပ်မှူး သုံးဦးနှင့် ပြည်နယ် အစိုးရဘက်မှ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ပြည်နယ် ဥပဒေချုပ် ဦးမောင်မောင် ဦးဆောင်သည့် ကိုယ်စားလှယ်များ လက်မှတ် ရေးထိုးကြခြင်း ဖြစ်သည်။

စားသုံးသူများ ကာကွယ်ရေးအသင်း ဖွဲ့စည်း

မြန်မာနိုင်ငံရဲ့ ပထမဆုံး စားသုံးသူများ ကာကွယ်ရေးအသင်းကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီ ခန်းမမှာ မနေ့က စတင် ဖွဲ့စည်းလိုက်ပါတယ်။ မြန်မာနိုင်ငံက ပြည်သူတွေ အစားအသောက်နဲ့ လူသုံးကုန် ပစ္စည်းတွေမှာ ဓာတုအဆိပ်သင့် အန္တရာယ် ကင်းဝေးစေဖို့ နိုင်ငံသားတွေ ကျန်းမာစွာ သက်တမ်းစေ့ နေနိုင်စေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဆရာဝန်များ အလုပ်လက်မဲ့ ပြဿနာ သမ္မတထံ စာပေးပို့

မြန်မာနိုင်ငံမှာ ဆရာဝန်တွေ အလုပ်အကိုင် ရှားပါးပြီး အလုပ်လက်မဲ့ များပြားလာတဲ့ ပြဿနာကို ကိုင်တွယ် ဖြေရှင်းပေးဖို့ ဆရာဝန် အယောက် (၈၀) စုပေါင်း လက်မှတ်ထိုးပြီး သမ္မတ ဦးသိန်းစိန်ထံ စာတစ်စောင် ရေးသားပေးပို့လိုက်ပါတယ်။

အကျဉ်းသားတစ်ဦး အင်းစိန်ဆေးရုံမှ ထွက်ပြေးလွတ်မြောက်

အင်းစိန် ဗဟိုအကျဉ်းထောင်မှာ မူးယစ်ဆေးဝါးမှုနဲ့ နှစ်ရှည် ထောင်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတစ်ဦးဟာ သြဂုတ်လ (၂၆) ရက် မနေ့က မနက် (၆) နာရီလောက်က ထွက်ပြေး လွတ်မြောက်ခဲ့တယ်လို့ အကျဉ်းဦးစီးဌာနက RFA ကို မနေ့က အတည်ပြု ပြောဆိုပါတယ်။

 

လက်ပန်းတောင်းတောင် ဒေသခံပြည်သူ လယ်သိမ်းတိုက်ပွဲ ဆက်လက်ဆင်နွှဲ

စစ်ကိုင်းတိုင်း လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဒေသမှာ အာဏာပိုင်တွေဘက်က ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာကို မကျေနပ်တဲ့ ဒေသခံပြည်သူ နှစ်ထောင်နီးပါးဟာ လယ်သိမ်းတိုက်ပွဲကို မနေ့က (၅) ရက်မြောက်နေ့အဖြစ် ဆက်လက် ဆင်နွှဲခဲ့ပါတယ်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment