မြန်မာသတင်းများ  သြဂုတ် ၃၁၂၀၁၂

ပြည်ပနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သူတချို့ အမည်မဲစာရင်းမှ ပယ်ဖျက်ပေးဖို့ မရှိသေး


ဦးသိန်းစိန် အစိုးရအဖွဲ့အနေနဲ့ ယခင်အစိုးရ လက်ထက်က နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အမည်မဲစာရင်း Blacklist ထည့်သွင်းထားမှုကနေ ပယ်ဖျက်ပေးဖို့ လောလောဆယ် အစီအစဉ် မရှိသေးဘူးလို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက Media ကို ဒီကနေ့ ပြောပါတယ်။
"နိုင်ငံတော် လှို့ဝှက်ချက်၊ နိုင်ငံတော် သစ္စာဖောက်မှု၊ နိုင်ငံရေးခိုလှုံသွားတာတွေ တချို့ဆိုးဆိုးရွားရွားကြီးတွေပေါ့နော်။ အဲလိုဟာတွေ ဆိုရင်တော့ လွှတ်ထားရမှာပေါ့နော်"
ဦးသိန်းစိန်အစိုးရဟာ အရင်စစ်အစိုးရ လက်ထက်က နာမည်ပျက် စာရင်းထဲ ထည့်သွင်းထားခဲ့တဲ့ လူပုဂ္ဂိုလ် ၆၁၆၅ ဦးထဲက ၂၀၈၂ ဦးကို အခုလ ၂၈ ရက်နေ့က အမည်မဲ စာရင်းကနေ ပယ်ဖျက်ပေးခဲ့ပါတယ်။
အဲဒီ အမည်မဲစာရင်းတွေကနေ ပယ်ဖျက်ခံရတဲ့ သူတွေအနေနဲ့ မြန်မာနိုင်ငံကိုလာဖို့ သံရုံးအသီးသီးက ဗီဇာထုတ်မပေးဘူးဆိုရင် အစိုးရကို တိုင်ကြား နိုင်ကြောင်း၊ မြန်မာနိုင်ငံကို လာရောက်စဉ်မှာလည်း အမည်ပျက်စာရင်း သွင်းခံရဖူးသူတွေအတွက် အထူးသီးသန့် ချမှတ်ထားတဲ့ စည်းကမ်းချက်တွေ မရှိကြောင်း၊ မြန်မာနိုင်ငံမှာ ကာလရှည်ကြာစွာ နေထိုင်လိုတဲ့ မြန်မာနိုင်ငံဖွား ပြည်ပနိုင်ငံသားတွေအတွက် အမြဲတမ်းနေထိုင်ခွင့် (Permanent Residence) ထုတ်ပေးဖို့ ကိစ္စကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက စဉ်းစားနေကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။
လက်ရှိ အမည်မဲစာရင်းက ပယ်နှုတ်ခြင်း မပြုရသေးတဲ့ မြန်မာနိုင်ငံသားတချို့နဲ့ ပြည်ပနိုင်ငံသား တချို့ကို သမ္မတ ဦးသိန်းစိန်ရဲ့ ခွင့်ပြုချက်အရ မြန်မာနိုင်ငံကို ပြန်လာခွင့် ပြုခဲ့တာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဒီအတောအတွင်း အမည်မဲစာရင်းက ပယ်ဖျက်ခံရတဲ့ မြန်မာနိုင်ငံသား ၉၃၅ ဦးနဲ့ ပြည်ပ နိုင်ငံခြားသား ၁၁၄၇ ဦးရဲ့ နာမည်စာရင်းတွေကို မြန်မာနိုင်ငံ သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဒီကနေ့ ထုတ်ပြန်ဖော်ပြထားတာကို မြင်တွေ့ရပါတယ်။
အဲဒီအမည်မဲ စာရင်းက ပယ်ဖျက်ပေးလိုက်တဲ့ သူတွေထဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မယ်ဒလင်း အောလ် ဘရိုက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ၂ ဦးတို့လည်း ပါဝင်ကြောင်း သိရပါတယ်။

 

အမည်ပျက်စာရင်းမှ ပယ်ဖျက်သည့် လူ ၂ ထောင်ကျော်စာရင်း ထုတ်ပြန်


စစ်အစိုးရလက်ထက်က အမည်ပျက်စာရင်း သွင်းထားသည့် လူဦးရေ ၆ ထောင်ကျော်အနက် စာရင်းမှ ပယ်ဖျက်ပေးလိုက်သည့် နိုင်ငံခြားသားနှင့် မြန်မာနိုင်ငံသား ၂ ထောင်ကျော်စာရင်းကို သမ္မတရုံး၏ ဝက်ဘ်ဆိုဒ်မှ ယနေ့ထုတ်ပြန်လိုက်သည်။

နာမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးလိုက်သော နိုင်ငံခြားသား ၁၁၄၇ ဦးစာရင်းတွင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မယ်ဒလင်း အောဘရိုက်၊ အထက်လွှတ်တော်အမတ် တွန်လင်းတော့စ်၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) မှ ဒေးဗစ် စကောက် မက်သီဆင်၊ ဂျာနယ်လစ်များဖြစ်သည့် ဘာတေးလစ်တနာ၊ ဒင်းနစ် ဒီဂရေး၊ ဂျွန်ပေဂျာ၊ အင်ဒရူးမာရှယ် စသည့် နိုင်ငံရေး၊ မီဒီယာ၊ စီးပွားရေး အသီးသီးမှ ထင်ရှားသူများစွာ ပါဝင်သည်။
၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းနှင့် ပတ်သက်၍ လျှို့ဝှက် သတင်းပို့ခဲ့သူလည်းဖြစ်၊ မြန်မာ အာဏာရှင် စနစ်ကို ဝေဖန်ရေးသားလေ့ရှိပြီး မြန်မာနိုင်ငံကို အကြိမ်များစွာ သွားရောက်ခဲ့ဖူးသူ Reuters သတင်းထောက် အင်ဒရှုးမာရှယ်က ထောင်နှင့်ချီသောသူများကို ရန်သူများကဲ့သို့ အမည်ပျက်စာရင်းသွင်းထားသည့် အကြောင်းရင်းကို ပို၍ စိတ်ဝင်စားကြောင်း ဧရာဝတီသို့ ပြောသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သား ၂ ဦးဖြစ်သော Alexander Aris (ကိုမြင့်ဆန်းအောင်) နှင့် Kim Aris (ကိုထိန်လင်း)၊ စင်ပြိုင်အစိုးရ ၀န်ကြီး ဒေါက်တာ စိန်ဝင်းအဖွဲ့ အပါအ၀င် နိုင်ငံအသီးသီးမှ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များ၊ စီးပွားရေးသမားများ၊ သတင်း မီဒီယာသမားများလည်း အမည်ပျက်စာရင်းမှ ပယ်ဖျက်လိုက်သည့် နိုင်ငံခြားသားများ စာရင်းတွင် ပါဝင်သည်။
နိုင်ငံခြားသား ခံယူထားသည့် မြန်မာများ စာရင်းတွင် ကိုမိုးသီးဇွန်၊ ဒေါက်တာ ဆလိုင်းထွန်းသန်း၊ ဒေါ်မော်ရင်း အောင်သွင်၊ ဒေါက်တာ အောင်ခင်၊ ဦးအောင်ဒင် (USCB)၊ ဦးတင်မောင်ထူး (ကနေဒါ)၊ ဒေါက်တာ  Alice ခေါ် ဒေါ်ခင် စောဝင်း (ကနေဒါ)၊ ဦးတင်မောင်သော် (CRDP)၊ ဒေါက်တာ ကြည်မေကောင်း၊ ဒေါ်အေးအေးသန့်၊ VOA မြန်မာဌာနမှူး ဦးသန်းလွင်ထွန်း၊  ဒေါက်တာ အေးကျော်၊ ဦးဘိုဘိုကျော်ငြိမ်း၊ အယ်ဒီ အောင်မြင့် ခေါ် ဗိုလ်အောင်ဒင်၊ ဦးချမ်းအေး (USA) စသူတို့လည်း ပါဝင်သည်။
၂၀၀၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံ လေဆိပ်၌ အဖမ်းခံရသူ ကိုညီညီအောင်နှင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံရစဉ်ကာလက နေအိမ်ကို ရေကူးဝင်ရောက်ခဲ့သူ အမေရိကန် နိုင်ငံသား ဂျွန်ဝီလီယံ ယက်ထောတို့ကိုလည်း နာမည်ပျက်စာရင်းမှ ပယ်ဖျက်သည့်အထဲတွင် ဖော်ပြထားသည်။
သမ္မတရုံးက ယနေ့ သြဂုတ်လ ၃၀ ရက်နေ့စွဲဖြင့် အမည်ပျက်စာရင်းမှ ပယ်ဖျက်လိုက်သည့် မြန်မာနိုင်ငံသား ၉၃၅ ဦး အမည်စာရင်းကိုလည်း ဆက်လက်ဖော်ပြထားသည်။
ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားသည့် MPU, FTUB, AAPP, NDD, DPNS, BSLO, မြန်မာနိုင်ငံ ရှေ့နေများကောင်စီ၊ ညီညွတ်သော တိုင်းရင်းသားလူငယ်များ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း၊ မြန်မာအမျိုးသမီးများ သမဂ္ဂ၊ ကရင်အမျိုးသမီး အစည်းအရုံး အစရှိသည့်အဖွဲ့များ၊ လူ့အခွင့် အရေး၊ ဒီမိုကရေစီအရေးလှုပ်ရှားနေသူများကို နာမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးထားသည်။
ပယ်ဖျက်ပေးသည့် စာရင်းထဲတွင် ပါဝင်သူ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင့် (AAPP)  တွဲဖက်အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က ယေဘုယျအားဖြင့် ယခုလုပ်ရပ်သည် ကောင်းမွန်ကြောင်း၊ နောက်ဆက်တွဲ နှောင်ဖွဲ့မှု မရှိလျှင် ကြိုဆိုကြောင်း ပြောသည်။
“သံရုံးမှာ ဗီဇာလျှောက်မှ ဟိုလက်မှတ်ထိုး၊ ဒီလက်မှတ်ထိုးဆိုရင်တော့ မကောင်းဘူး။ အဲဒါမျိုး မလုပ်ဘူးလို့ မျှော်လင့်ပါတယ်။ တကယ်လို့ သံရုံးမှာ ၀န်ခံ ကတိလက်မှတ် ထိုးရမယ်ဆိုရင်တော့ ကျနော် ခဏ လေ့လာရေးခရီးအဖြစ် ပြန်ဖို့တောင် ခက်ပါလိမ့်မယ်” ဟု ကိုဘိုကြည်က ဆိုသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဋ္ဌဟောင်း တဦးဖြစ်သူ ကိုမိုးသီးဇွန်က “ကျနော်တို့ကိုတောင် အစိုးရက နားလည်မှုပေးနိုင်ရင် တခြားလူတွေ အကုန်လုံးကို ပေးသင့်တယ်။ အဲဒီလို ပေးလိုက်တဲ့အတွက် အစိုးရအနေနဲ့ ပိုပြီး နာမည်ကောင်းရဖို့ ရှိတယ်။ နိုင်ငံတော်အတွက် ပိုအကျိုးရှိဖို့ပဲ ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကိုမိုးသီးဇွန်နှင့် ABSDF ပထမဆုံး ဥက္ကဋ္ဌဖြစ်သူ ကိုထွန်းအောင်ကျော်၊ ကိုကိုလေး၊ ကိုမူးသာ၊ ကိုအောင်၊ ကိုရွှေစင်၊ ကိုရင်အေး စုစုပေါင်း ၇ ဦးပါအဖွဲ့သည် စက်တင်ဘာလ ၁ ရက်နေ့တွင် နှစ်ပေါင်း ၂၄ နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
၎င်းတို့အနေဖြင့် အမေရိကန်ရှိ မြန်မာသံရုံးတွင် မည်သည့် ၀န်ခံကတိ၊ စာရွက်စာတမ်းကိုမျှ လက်မှတ်ရေးထိုးခဲ့ရခြင်း မရှိကြောင်း ကိုမိုးသီးဇွန်က ပြောသည်။
အလုပ်သမားရေး လှုပ်ရှားသူ FTUB မှ ဦးမောင်မောင်၊ ABSDF ဥက္ကဌဟောင်း ဒေါက်တာ နိုင်အောင်တို့လည်း မနက်ဖြန်တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။
ယနေ့ ထုတ်ပြန်သည့် စာရင်းဖော်ပြချက်များတွင် အမည်များ ထပ်နေခြင်း၊ သတင်းစာဆရာ ကြေးမုံ ဦးသောင်း ခေါ် အောင်ဗလ ကဲ့သို့သော ကွယ်လွန်ပြီးသူများ ပါဝင်နေသည်။
ပယ်ဖျက်ပေးသည့် အမည်ပျက် စာရင်းထဲတွင် ပြည်တွင်း၌ နေထိုင်သူများလည်း အများအပြားပါဝင်ပြီး နှုတ်ထွက်သော အစိုးရဝန်ထမ်းများ၊ လျော်ကြေးပေး၍ ဝန်ထမ်းအဖြစ်မှ နှုတ်ထွက်သည့် ကျောင်းဆရာမများ၊ ဆရာဝန်များ စသူတို့လည်း ပါဝင်ကြောင်း သိရသည်။ Black List စာရင်းမှ ပယ်ဖျက်လိုက်သော မြန်မာနိုင်ငံသားများ စာရင်းကို အောက်ပါ http://www.president-office.gov.mm/briefing-room/daily-news/news1268 နိုင်ငံတော်သမ္မတရုံး အင်တာနက် စာမျက်နှာတွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။

Black List ပယ်ဖျက်စာရင်းထုတ်ပြန်မှု အမေရိကန်ကြိုဆို


မြန်မာနိုင်ငံပြည်ဝင်ခွင့် ပိတ်ပင်ခံထားရတဲ့ အမည်မည်း ပယ်ဖျက်စာရင်း  မြန်မာအစိုးရက ထုတ်ပြန်လိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။ ဒါပေမယ့် သွားလာ လည်ပတ်မှုတွေ ကန့်သတ်ခံနေရတဲ့ ကျန်နေတဲ့သူတွေကိုလည်း အခုလို အမည်မည်းစာရင်းကနေ ပယ်ဖျက်ဖို့ တောင်းဆိုသလို၊ အကျဉ်းကျနေတဲ့ ရာနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုပါ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံပြည်ဝင်ခွင့် ပိတ်ပင်ခံထားရတဲ့ အမည်မည်းစာရင်းပါ လူပုဂ္ဂိုလ် ၆ထောင်ကျော်ထဲကနေ၊ ပယ်ဖျက်လိုက်တဲ့ နှစ်ထောင်ကျော်စာရင်းကို မနေ့ကစလို့ နိုင်ငံတော်သမ္မတရုံးကနေ ထုတ်ပြန်လိုက်ပါတယ်။ မြန်မာ့ဒီမိုကရေစီရေးအတွက် လှုပ်ရှားနေကြတဲ့ မြန်မာနိုင်ငံသားတွေအပြင် နိုင်ငံခြားသားတွေပါ ဒီစာရင်းထဲမှာ ပါဝင်ပါတယ်။ ထူးထူးခြားခြားဆိုရင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒရင်းအောဗရိုက်ပါ ပါဝင်ပါတယ်။


ထောင်ချောက်တွင်း မဆင်းမိစေရန် ရွှေဝါရောင် ခေါင်းဆောင် သတိပေး

မြန်မာပြည်သူများ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း ထောင်ချောက်တွင်း မသက်ဆင်းမိစေရန် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ‘အရှင်ဂမ္ဘီရ’ အဖြစ် ဦးဆောင်ခဲ့သည့် ကိုညီညီလွင် က သတိပေးလိုက်သည်။

အစိုးရ အာဏာပိုင်များသည် ပြည်သူလူထုအတွင်း အမျိုးမျိုးသွေးခွဲခဲ့သည့် သမိုင်းကြောင်း အတွေ့အကြုံများကို
ထောက်ပြထားသည့် မိတ်ဆွေတဦးထံ ပေးစာတွင် ၎င်းက ရေးသားထားခြင်း ဖြစ်သည်။

“မြန်မာပြည်သူလူထုဟာ အခွင့်အရေးတွေ ရပိုင်ခွင့်တွေအတွက် ဒေသဆိုင်ရာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတဲ့အခါ စစ်အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း အဓိကရုဏ်း တခုကို ဖန်တီးပေးလိုက်ကြပြန်ပါတော့တယ်။ အဲဒါကတော့ ရခိုင်-ရိုဟင်ဂျာ အဓိကရုဏ်း ပဲဖြစ်ပါတယ်” ဟု ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အတွင်း လူမှုအဖွဲ့ ပဋိပက္ခများ ကို ထောက်ပြလိုက်သည်။
ဂျပန်နိုင်ငံရှိ ယုယုကို ထံ သြဂုတ်လ ၂၆ ရက်နေ့ နေ့စွဲဖြင့် ပေးပို့သည့် အဆိုပါ ပေးစာအား The Best Friend အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ယုယုကိုသည် ၂ဝ၁၂ ခုနှစ် အစောပိုင်းက ဦးဂမ္ဘီရမိသားစုထံ လာရောက်လည်ပါတ်ခဲ့ပြီး နောက်ပိုင်းတွင် မြန်မာ အစိုးရ၏ အမည်မဲ Black list စာရင်းတွင် ပါဝင်ကာ ဗီဇာပိတ်ပင်ခြင်း ခံထားရသည်။

ထို့ပြင် “ရိုဟင်ဂျာဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ရဟန်းတော်တချို့ ပါဝင်လာနေကြတာကို တွေ့ရတော့ ကိုယ်တော် ဝမ်းနည်းလို့ မဆုံးပါဘူး။ ၂ဝဝ၇ စက်တင်ဘာမှာ မြန်မာ ရဟန်းတော်တွေဟာ ဓမ္မရဲ့ မီးရူးတန်ဆောင်အဖြစ် ကမ္ဘာကြီး တခုလုံးသိအောင် ထွန်းလင်းပြခဲ့ပြီးပါပြီ။ ဗုဒ္ဓရဲ့ မိန့်ဆိုချက်တွေ ဖြစ်တဲ့ မေတ္တာ၊ ဓမ္မ၊ ငြိမ်းချမ်းမှု၊ အဟိံသ၊ သစ္စာအာဂရဟ တို့ရဲ့ အနက်အဓိပ္ပါယ်တွေကို အားလုံးသိအောင် ရှင်းပြနေရဦးမှာလား” ဟု ဦးဂမ္ဘီရ/လှိုင်ဘွား၏ စာတွင် မေးခွန်းထုတ်ထားသည်။ပြစ်မှုကျူးလွန်သူများအား ဥပဒေအရ စီရင်ရမှာသာဖြစ်ပြီး လူမျိုးရေး ဘာသာရေး  အဖြစ် စစ်အာဏာရှင်တို့၏ ပုံဖော် မီးမောင်းထိုးပြဖွယ် မဖြစ်စေရန် ရှောင်ရှားသင့်ကြောင်းလည်း ဖော်ပြ ပါရှိသည်။မြန်မာနိုင်ငံတွင် အသက် ၅၀ အရွယ်ရှိသူ တယောက်တလေမျှ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လွတ်လပ် တရားမျှတမှု ဆိုသည့် အရသာများ ငတ်မွတ် ခေါင်းပါးခဲ့ရကြောင်းလည်း ဆိုထားသည်။၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု၏ မေတ္တာ၊ ဓမ္မ၊ ငြိမ်းချမ်းမှု၊ လူ့အခွင့်အရေး သရုပ်သကန် မှန်ကန်သည့် ထင်ဟပ် ချက်များကို စစ်အစိုးရက အကြမ်းဖက် နိမ်နှင်းခဲ့သည့်အတွက် ကုလသမဂ္ဂက လူသားမျိုးနွယ်ထုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအဖြစ် အတိအလင်း ပြောဆိုထားသည်ဟု ဆိုသည်။

ဓမ္မာစရိယတန်း စာသင်သား ဘွဲ့အမည် ဦးဂမ္ဘီရ သည် သက်တော် ၂၉ နှစ်အရွယ်၌ ၂ဝဝ၇ ခုနှစ်၊ စက်တင်္ဘာလတွင် သံဃာ့ တပ်ပေါင်းစု၏ ဦးဆောင် ကိုယ်တော်တပါး အဖြစ် ပါဝင်ခဲ့ရာ အာဏာပိုင်များ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။အီလက်ထရောနစ် ပုဒ်မ အပါအဝင် ပုဒ်မ ၁၃ ခုဖြင့် ၂ဝဝ၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ထောင်ဒဏ် ၆၈ နှစ် ချမှတ်ခံခဲ့ ရပြီးနောက် ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။ယခုအခါ အကျဉ်းထောင် အတွင်းနှိပ်စက်ညှင်းပန်းမှုကြောင့် ရရှိလာသည့် ရောဂါဝေဒနာများ ခံစားနေရပြီး ကျန်းမာရေး အခြေအနေ ပုံမှန်ကောင်းမွန်ခြင်း မရှိသေးကြောင်း သိရသည်။




သတင်းမီဒီယာ၊ ဂျာနယ်များမှ ဂျာနယ်လစ် ၅၀၀ ခန့်က လက်မှတ်ရေးထိုး၍ တောင်းဆိုထားသော အချက် ၇ ချက်နှင့် ပတ်သက်၍ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများက မြန်မာစာနယ်ဇင်းသမဂ္ဂ၊ မြန်မာဂျာနယ်လစ် ကွန်ယက်၊ မြန်မာစာရေးဆရာများသမဂ္ဂ၊ မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း၊ ထုတ်ဝေခွင့် အပိတ်ခံခဲ့ရသော ဂျာနယ်တိုက်များမှ တာဝန်ရှိသူများနှင့် သြဂုတ်လ ၂၉ ရက်နေ့တွင် နေပြည်တော် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီရုံးခန်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ငြိမ်း၊ နိုင်ငံသာားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ တောင်သူလယ်သမားမျာနှင့် ပြည်တွင်းပြည်ပ အလုပ်သမားများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြင့်ကြည်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဝင်းနောင်နှင့် ဘဏ္ဍာရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ထွန်းတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

ရေဘေးဒုက္ခသည်တွေ အကူအညီ အလွန်အမင်း လိုအပ်


ဧရာဝတီတိုင်းတွင်းက ရေလွှမ်းမိုးမူခံရတဲ့ မြို့နယ် တချို့က ကျေးရွာတွေမှာ ရေအနည်းငယ် ပြန်ကျသွားပြီဖြစ်ပေမယ့် ရေဘေးသင့်ဒေသတွေက ပြည်သူတွေ စားဝတ်နေရေး  အခက်အခဲတွေနဲ့ ကြုံတွေ့နေရပြီး အရေးပေါ် ရေဘေးကယ်ဆယ်ရေး အကူအညီတွေ လိုအပ်နေပါတယ်။  ရေကြီးမူကြောင့် လယ်မြေဧကပေါင်း သောင်းချီ နစ်မြုတ်ခဲ့တဲ့ အတွက် ဒေသခံလယ်သမားတွေ အခက်အခဲတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။

သီလဝါ အထူးစီးပွားရေးဇုန်တွင် ပြည်သူများ ရင်းနှီးမြှုပ်နှံနိုင်


ရန်ကုန်မြို့တဖက်ကမ်း သီလ၀ါ အထူးစီးပွားရေးဇုန် တည်ဆောက်ရာ၌ ဂျပန်ကုမ္ပဏီကြီးများနှင့်အတူ မြန်မာနိုင်ငံသားများ အနေဖြင့်လည်း အများပိုင်စီးပွားရေး အစုအဖွဲ့တည်ထောင်ကာ အရင်းအနှီးထည့်ဝင်ရန် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချူပ် (UMFCCI) က စီစဉ်နေကြောင်း မြန်မာအစိုးရနှင့် မစ်ဆူဘီရှီ၊ မရူဘီနီ၊ ဆူမစ်တိုမို စသည့် ကုမ္ပဏီကြီးများ အကြား အထူးစီးပွားရေးဇုန် တည်ဆောက်ရန်အတွက် ဂျပန်ကုမ္ပဏီများဘက်မှ ၄၉ ရာခိုင်နှုန်း၊ မြန်မာအစိုးရက ၅၁ ရာခိုင်နှုန်း ထည့်ဝင်ရန် သဘောတူညီခဲ့ကြောင်း၊ မြန်မာဘက်မှထည့် ၀င်ရမည့် အစုရှယ်ယာကို တဦးတယောက်တည်းက ထည့်ဝင်ပြီး အကျိုးခံစားခြင်း မရှိစေဘဲ နိုင်ငံသားအားလုံး ခွဲဝေခံစားရန် စီစဉ်ခြင်းဖြစ်ကြောင်း UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က ဆိုသည်။အစုရှယ်ယာများ ရောင်းချရာတွင်လည်း တစုလျှင် ကျပ် ၁ သိန်းခန့်မှ စတင်ရောင်းချရန် စီစဉ်နေပြီး တဦးတယောက်တည်းမှ လက်ဝါးကြီးအုပ်ကာ အများအပြား ၀ယ်ယူခြင်းကိုလည်း ကာကွယ်ရန် စီစဉ်ထားကြောင်း၊ အများပိုင်ကုမ္ပဏီများ ဖွဲ့စည်းရာတွင် တည်ဆဲဥပဒေ များနှင့်အညီ ဆောင်ရွက်မည်ဖြစ်ပြီး၊ ရှယ်ယာများကို ရောင်းချရာတွင် မီဒီယာများမှတဆင့် ကြော်ငြာကာ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

အခြေခံဥပဒေ ဆိုင်ရာခုံရုံး အဖွဲ့ကို စစ်ဆေးမည်


လွှတ်တော်များ၌ ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် မဟုတ်ဟု ဆုံးဖြတ်ခဲ့သော အခြေခံ ဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ကို ပြည်သူ့လွှတ်တော် စုံစမ်းရေးကော်မရှင်က စစ်ဆေးမှုပြုလုပ်တော့မည် ဖြစ်သည်။ယင်း စုံစမ်းရေးကော်မရှင် အဖွဲ့အား ပြည်သူ့လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ပါဝင်သည့် အဖွဲ့ဝင် ၁၅ ဦး ဖြင့် ယမန်နေ့က ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌ နှင့်အဖွဲ့သည် ပေးအပ်ထားသည့် တာဝန်ထမ်း ဆောင်နိုင်မှု မရှိခြင်း၊ ဥပဒေနှင့်အညီ မလုပ် ဆောင်ခြင်း စသည် တို့ကို စုံစမ်း စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရုပ်ရှင် ကူးခွေများ ဖမ်းဆီးမှု အငြင်းပွား


ရုပ်ရှင် ခိုးကူးခွေများ လိုက်လံဖမ်းဆီးခြင်းသည် မြန်မာ့ရုပ်ရှင်လောကကို ကာကွယ်ခြင်းသာဖြစ်ပြီး နိုင်ငံခြား ရုပ်ရှင်ခွေများကို ပစ်မှတ်ထား ဖမ်းဆီးနေခြင်း မဟုတ်ကြောင်း ယမန်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။တပိုင်တနိုင် ရောင်းချနေသည့် နိုင်ငံခြားခွေ ရောင်းချသူများကို ညစ်ညမ်းခွေများမှလွဲ၍ ဖမ်းဆီးခြင်းမပြုရန် ယခင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ညွှန်ကြားခဲ့သည်။ သို့သော် ယခု ခိုးကူးခွေ နှိမ်နင်းရေးစီမံချက်တွင် နိုင်ငံခြားခွေများပါ ဖမ်းဆီးနေသဖြင့် ဝေဖန်ကန့်ကွက်မှုများ ပေါ်ပေါက်လျက်ရှိ ကြောင်း သိရသည်။


ဟွန်ဒါ ကုမ္ပဏီ ရုံးခွဲ ရန်ကုန်တွင် ဖွင့်မည်

 

ဂျပန်နိုင်ငံ ဟွန်ဒါ ကုမ္ပဏီ(Honda Motor Co.)က မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကိုယ်စားလှယ် ရုံးခွဲ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။ ဟွန်ဒါ မော်တော် ဆိုင်ကယ် အတွက် အဓိက ရည်ရွယ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ မော်တော် ဆိုင်ကယ် ဈေးကွက်ကို လေ့လာနေကြောင်း ကုမ္ပဏီ တာဝန်ရှိသူတဦးအား ကိုးကား၍ ဂျပန် သတင်းများက ဖော်ပြသည်။


ဒု ၀န်ကြီး ၃ ဦး ထပ်ခန့်

 

အစိုးရ အဖွဲ့အတွင်း ဒု ၀န်ကြီး ၃ ဦး ထပ်မံ ခန့်အပ်လိုက်သည်။ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒု ၀န်ကြီးများ အဖြစ် ဦးသန့်ကျော် နှင့် ဦးဇင်ယော်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ဒု ၀န်ကြီးအဖြစ် ဒေါက်တာ မောင်မောင်သိမ်း တို့ကို ခန့်အပ်ကြောင်း သမ္မတ ဦးသိန်းစိန် က သြဂုတ် ၂၉ ရက်စွဲဖြင့် လက်မှတ်ထိုး ထုတ်ပြန်လိုက်သည်။ သမ္မတ က ၃ ရက် အတွင်း ဒု ၀န်ကြီး ၁၈ ဦး ခန့်အပ် လိုက်သည်။


နိုင်ငံခြား ဆက်ဆံရေး အက်ဥပဒေ ဟောင်း ရုပ်သိမ်း

 

သမ္မတ ဦးသိန်းစိန်က နိုင်ငံခြား ဆက်ဆံရေး အက် ဥပဒေ ဟောင်းကို ရုပ်သိမ်းကြောင်း ကြေညာသည်။ ၁၉၃၂ ခု အိန္ဒိယ အက် ဥပဒေ အမှတ် ၁၂ ဖြစ်သော နိုင်ငံခြား ဆက်ဆံရေး အက်ဥပဒေ (The Foreign Relation Act) ကို ရုပ်သိမ်းခြင်း ဖြစ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်က နိုင်ငံခြား ဆက်ဆံရေး အက်ဥပဒေ ကို ရုပ်သိမ်းသည့် ဥပဒေ ပြဌာန်း၍ ရုပ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။


လွှတ်တော် ကိုယ်စားလှယ် တာဝန် ရုပ်သိမ်းခြင်း ဥပဒေ ကြမ်း ပြဌာန်း

 

လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေ ကြမ်းကို ပြည်ထောင်စု လွှတ်တော်က ပြဌာန်း လိုက် သည်။ အခန်း ၅ ခန်း ပါဝင်သည့် ယင်း ဥပဒေသည် ရွေးကောက် တင်မြှောက်ခံထားရသည့် ကိုယ်စားလှယ် တဦးကို သက်ဆိုင်ရာ မဲဆန္ဒရှင်များက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၉၆ ပုဒ်မခွဲ(ခ) အရ တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုပါက ဥပဒေ နှင့်အညီ ဆောင် ရွက် နိုင်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၉၇ အရ ပြဌာန်းခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၈၈ မျိုးဆက်နဲ့ ဂီတအနုပညာရှင်များ ရေဘေးဒုက္ခသည်ကို ထောက်ပံ့ကူညီ


ဧရာဝတီတိုင်းအတွင်းက ရေဘေး ဒုက္ခသည်တွေအတွက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ဂီတအနုပညာရှင်တွေက စားနပ်ရိက္ခာနဲ့ တခြားအထောက်အပံ့ ပစ္စည်းတွေ မနေ့က့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
သာပေါင်းမြို့နယ် စက်ဒေါင့်ကြီးကျေးရွာက ရေဘေးသင့် ပြည်သူတွေအတွက် ကျောင်းသားခေါင်းဆောင် ကိုအံ့ဘွယ်ကျော် ဦးဆောင်တဲ့ အဖွဲ့က ဆန်အိတ် ၁၆၈ အိတ် လှူဒါန်းခဲ့ပြီး ဂီတပညာရှင် ကိုရဲလွင် ဦးဆောင်တဲ့ မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့က ဒါးက ကျေးရွာအုပ်စုက ရေဘေးဒုက္ခသည်တွေကို ဆန်အိတ်တွေနဲ့ စောင်တွေ၊ ခြင်ထောင်တွေ လာရောက် လှူဒါန်းခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ကိုအောင်ကျော်ကျော် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ဧရာဝတီတိုင်းအတွင်း သာပေါင်းမြို့နယ်က ရေနစ်မြှုပ်နေတဲ့ အိမ်ခြေ ၇၀၀ အတွက် အ၀တ်အထည်တွေ အများအပြား သွားရောက် လှူဒါန်းခဲ့ပါတယ်။
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ အကူအညီ လိုအပ်နေသူတွေကို ထောက်ပံ့ကူညီနိုင်ဖို့ စေတနာဝသန် တေးဂီတ ရန်ပုံငွေတစ်ခုကို လာမဲ့ စက်တင်္ဘာ ၁ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

၈၈ မျိုးဆက် မုံရွာဒေသခံပြည်သူများနှင့် တွေ့ဆုံ


စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဆောက်လုပ်ရေး စီမံကိန်းတ၀ိုက်က အဓမ္မ ပြောင်းရွှေ့ခံရတဲ့ မုံရွာမြို့က အိမ်ခြေ (၇၀) ကျော်ရဲ့ နစ်နာဆုံးရှုံးမှုတွေကို အကူအညီပေးနိုင်ဖို့ ကိုထွန်းမြင့်အောင်၊ ကိုမျိုးသန့်စတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့တွေက ဒေသခံပြည်သူတွေနဲ့ မုံရွာမြို့မှာ မနေ့က သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
တည်ဆောက်ဆဲ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အဆောက်အဦးသစ်ဟာ မုံရွာမြို့နယ် မြို့သစ် (ခေါ်) မြ၀တီ အိုးဖိုတောင် ရပ်ကွက်မှာတည်ရှိပြီး ပြောင်းရွှေ့ခံရသူတွေအနေနဲ့ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဝင် လယ်သမားအရေး ဆောင်ရွက်နေတဲ့ ကိုထွန်းမြင့်အောင်က RFA ကိုပြောပါတယ်။
"စစ်ကိုင်းတိုင်းဒေသကြီးက လွှတ်တော်တည်ဆောက်ဖို့အတွက် အသိမ်းခံရတဲ့ ပြည်သူတွေရဲ့ နစ်နာချက်တွေကို အမြန်ဆုံး ဒီရက်ပိုင်းအတွင်းမှာပဲ သူတို့ကျေနပ်တဲ့အထိ ပြေလည်အောင် ဖြေရှင်း ဆောင်ရွက်ပေးဖို့ လိုတယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ လုပ်ပေးမယ်ဆိုတဲ့ ကတိကဝတ်တွေကို လုပ်ပေးဖို့၊ ဘာလဲ ဆိုတော့ အိမ်တွေပြောင်းပြီးတော့ အိမ်တွေက ကျကျနန ဆောက်လို့မရဘူး ဖြစ်နေတယ်။ နောက်တခါ ကလေးတွေ ကျောင်းသွားတာ ဝေးသွားတာရှိတယ်။ ဒီအခက်အခဲတွေ အားလုံး ပြေလည်အောင် ဖြေရှင်းပေးဖို့ အတွက်ကို လတ်တလောမှာ တိုင်းဒေသကြီးက သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ အကြောင်းကြားပါမယ်။ ကျွန်တော်တို့ လှမ်းပြောပါမယ်"
စစ်ကိုင်းတိုင်း အာဏာပိုင်တွေဟာ လွှတ်တော်အဆောက်အဦး အနီးပတ်ဝန်းကျင်က လယ်ယာမြေဧက ၄၀ ကို အခုနှစ်ဆန်းပိုင်းက သိမ်းယူရာမှာ အိမ်ခြေအဆောက်အဦး ၇၀ ကျော် ဖယ်ရှားခံခဲ့ရပါတယ်။
ဖယ်ရှားခံရသူတွေရဲ့ နစ်နာဆုံးရှုံးမှုတွေ အတွက် အာဏာပိုင်တွေက ဆန်၊ သစ် စတာတွေ ထောက်ပံ့ပေးမယ်ဆိုပြီး မကြာခဏ လက်မှတ်ရေးထိုး ခိုင်းခဲ့တာတွေရှိပေမယ့် လောလောဆယ် အထိတော့ ဘာတစ်ခုမှ ပေးအပ်တာ မရှိသေးဘူးလို့ သိရပါတယ်။
ဒီအတောအတွင်း မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းမှာ လယ်ယာမြေသိမ်း တိုက်ပွဲဝင်နေတဲ့ တောင်သူလယ်သမား (၃၀၀) လောက်ဟာ ဆည်တဲကျေးရွာက ဘုန်းတော်ကြီးကျောင်းမှာ စုဝေးပြီး လယ်သမား ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်တယ်လို့ လယ်သမားတစ်ယောက်က ပြောပါတယ်။
"လယ်ယာသိမ်းခံရတဲ့ ရွာတွေတော်တော်များများ ဆွေးနွေးပွဲထိုင်ကြတယ်။ ဦးပိုင်ကနေပြီးတော့ သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်ဆိုတဲ့ဟာကို ဒီနေ့ ဒီဒေသခံတွေကနေပြီးတော့ သူတို့သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့ကိစ္စကို ရှုတ်ချပါတယ်။ အားလုံးအသိပေးပြီးတော့ ဒီနေ့ ကော်မတီတရပ်ဖွဲ့လိုက်တယ်"
ဆားလင်းကြီးမြို့နယ်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ မြန်မာ-၀မ်ပေါင် တရုတ်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေတာဖြစ်ပြီး စီမံကိန်းတ၀ိုက်က ကျေးရွာ ၂၆ ရွာက လယ်မြေဧက ၇၈၀၀ ကျော်အဓမ္မ သိမ်းယူခံထားရပါတယ်။

ကလုံးထာ ကျေးရွာ ပြောင်းဖို့ ငြင်းဆန်

ရေကာတာ တည်ဆောက်ရန် အတွက် အိမ်ထောင်စု ၁၈ဝ ကျော်ရှိ ရွာတရွာကို ရွှေ့ပြောင်း
ပေးရန် ထားဝယ် ဖွံ့ဖြိုးမှု စီမံကိန်း ဆောင်ရွက်နေသည့် အီတာလျံ-ထိုင်းကုမ္ပဏီ ITD က ညှိနှိုင်းနေသော်လည်း ရွာသားများက ပြောင်းရွှေ့ရန် ငြင်းဆန်နေကြသည်။ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေး ဝမ်းကျောင်း ပြုရာ ကလုံးထာ
ကျေးရွာတွင် စိုက်ပျိုးမြေဧက တသောင်းကျော် ရှိသည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၁၆ ရက်နေ့က ကလုံးထာရွာသို့ ITD ကုမ္ပဏီ ကိုယ်စားလှယ် ရောက်လာပြီး ပြောင်းရွှေ့စေလိုကြောင်း
ပြောဆိုခဲ့သည်ဟု သိရသည်။လက်ရှိရွာ၏ အရှေ့တောင်ဘက် သုံးမိုင်ခန့် အကွာသို့  ပြောင်းရွေ့နေရာချထားပေးပြီး လျှော်ကြေးများပေးသွာမည်ဟု ITD က ညှိနှိုင်းလာခြင်း ဖြစ်သည်။
စီမံကိန်းဧရိယာအတွင်း မပါသည့်အတွက် ကျေးရွာမှ ဖယ်ရှားမပေးနိုင်ကြောင်းကို သြဂုတ်လ ၂၁ ရက်နေ့က စုပေါင်း လက်မှတ်ရေးထိုးပြီး သမ္မတ ဆီသို့ ပို့လိုက်ကြောင်း သိရသည်။


လျှပ်စစ်ဓါတ်အား ဖြန့်ဝေရေးလုပ်ငန်း ပုဂ္ဂလိကသို့ စတင်ပေး

မန္တလေးတိုင်း၊ ချမ်းမြသာစည်ရှိ လျှပ်စစ်ဓါတ်အား ဖြန့်ဝေရေး လုပ်ငန်းကို စက်တင်္ဘာ လဆန်းမှ စတင်၍ ပုဂ္ဂလိက ကုမ္ပဏီတခုအား လုပ်ကိုင်ခွင့် ပြုလိုက်ကြောင်း တိုင်းဒေသကြီး မြန်မာ့ လျှပ်စစ်ဓါတ်အား လုပ်ငန်းက ပြောသည်။လျှပ်စစ်ဓါတ်အား ဖြန့်ဝေသည့် ဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်၍ ပုဂ္ဂလိက ကုမ္ပဏီသို့ ယခုလို လုပ်ကိုင်ခွင့်ပြုခြင်း မှာ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း လုပ်ကိုင်ခွင့် ရရှိသွားသူမှာ မန္တလေး အခြေစိုက် ပစိဖိတ် အီလက်ထရောနစ် ကုမ္ပဏီ ဖြစ်သည်။ လျှပ်စစ်ဓါတ်အားခကို ယခင်အတိုင်း အိမ်သုံး တယူနစ်လျှင် ၃၅ ကျပ်နှုန်းနှင့် လုပ်ငန်းသုံး တယူနစ်ကို ၇၅ ကျပ်နှုန်းဖြင့်သာ ဆက်လက်ကောက်ခံသွားမည်ဖြစ်သည်။တနှစ်လျှင် တကြိမ် စာချုပ်ချုပ်ဆိုကာ လုပ်ကိုင်ခွင့်ပြုခြင်း ဖြစ်ပြီး ယင်းစာချုပ်အား ပြင်လိုပါကလည်း အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ သဘောတူညီ ခွင့်ပြုချက်ဖြင့်သာ လုပ်ရမည် ဖြစ်သည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment