မြန်မာသတင်းများ  စက်တင်ဘာ ၀၃၂၀၁၂

ခံစားခွင့်အပြည့်ရရေး အလုပ်သမားတွေ ဆန္ဒပြ


မြန်မာနိုင်ငံမှာ အလုပ်သမား အခွင့်အရေး တောင်းဆိုတာတွေကို အလုပ်ရှင်တွေဘက်က အလုပ်ထုတ်ပစ်တာတွေ များလာတဲ့အတွက် အလုပ်သမား ခေါင်းဆောင်တွေ စုပေါင်းပြီး ဆန္ဒပြပွဲတခုကို လှိုင်သာယာ စက်မူဇုံ အမှတ် (၆) ရပ်ကွက် ဘောလုံးကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီ အလုပ်သမား ဆန္ဒပြပွဲဟာ လှိုင်သာယာ စက်မှုဇုံနဲ့ ပဲခူး နဲ့ မန္တလေးတိုင်းတွေက စက်ရုံတွေ အပါအ၀င် စက်ရုံပေါင်း ၉၀ ကျော်ကို ကိုယ်စားပြုတဲ့ ဆန္ဒပြပွဲ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ မေလ နဲ့ ဇွန်လအတွင်းမှာ ရန်ကုန်၊ မန္တလေး စတဲ့ စက်မူဇုံတွေက အလုပ်သမား ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ စက်ရုံတွေ အချင်းချင်း စုပေါင်းပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူး စတဲ့ စက်ရုံတွေ စုပေါင်း ဆန္ဒပြပွဲကို လုပ်ခဲ့တာပါ။ လှိုင်သာယာ စက်မူဇုံမှာ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး ရန်ကုန် လှိုင်သာယာ စက်မူဇုံကို ကိုယ်စားပြုတဲ့ အလုပ်သမား ခေါင်းဆောင်တဦးက အခုလို ပြောပါတယ်။

"လှိုင်သာယာ တဇုံလုံးမှာရှိတဲ့ စက်ရုံတွေကို ဖိတ်ပါတယ်။ လက်ရှိ လာတာကတော့ ၃၅ ရုံ၊ ၃၆ ရုံလောက်တော့ လာပါတယ်။ အောင်မြေသာယာ ရှေ့က ဘောလုံးကွင်းမှာ ပြတာပါခင်ဗျ။ တောင်းဆိုချက်က အလုပ်ချိန် ၈ နာရီမှာ လုပ်ခလစာ ၃,၀၀၀ ရရှိရေးက တချက်ပေါ့။ လာဘ်ပေးလာဘ်ယူ ပပျောက်ရေးနဲ့ တရားဥပဒေ စိုးမိုးရေး၊ အလုပ်သမား အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်ရေး၊ အဓိက ကျတာကတော့ အလုပ်ချိန် ၈ နာရီကို လုပ်ခလစာ ၃,၀၀၀ ရရှိရေးကတော့ အဓိက အကျဆုံးပေါ့နော်။ နောက်ပြီးတော့ အလုပ်ရှင်က အလုပ်သမားတွေကို အလုပ်ထုတ်နေတာတွေ အတွက်လည်း ပြတာပါခင်ဗျ။ အလုပ်သမားတွေရဲ့ ဆုံးရှုံးမှုတွေ များနေပါတယ်။ အလုပ်သမား အဖွဲ့အစည်း ဖွဲ့ပြီးသော်လည်း အဲဒီ အလုပ်သမား အဖွဲ့အစည်း ဖွဲ့တဲ့သူတွေကို အလုပ်ရှင်က ဖိအားပေးပြီးတော့ တချို့တွေဆို အလုပ်ထုတ် ခံရတယ်ခင်ဗျ။ ရန်ကုန်မှာရှိတဲ့ တခြား စက်မှုဇုံတွေက လှိုင်သာယာမှာရှိတဲ့ ကျနော်တို့ စက်မှုဇုံကို ထောက်ခံတယ်။ မန္တလေးကလည်း ဒီလို ဆန္ဒပြ ထုတ်ဖော်တာကို ထောက်ခံပါတယ်ခင်ဗျ။ ပဲခူးတိုင်းက စက်ရုံတွေကလည်း ထောက်ခံတယ်။ အဲဒါမျိုးတွေ ရှိပါတယ်။ ပူးပေါင်း ပါဝင်ဖို့က မန္တလေးကလည်း လာပါတယ်ခင်ဗျ။ ပဲခူးကလည်း လာပါတယ်။ အခုလက်ရှိ ခေါင်းဆောင်တွေ ကိုယ်စားပြုပြီး တက်လာပါတယ်။ မန္တလေးနဲ့ ပဲခူးကလည်း ကိုယ်စားပြု ကိုယ်စားလှယ်တွေ ပါပါတယ်။ အထက် မြန်မာပြည် အောက်မြန်မာပြည် ပေါင်းပြီးလုပ်တဲ့ ပွဲပါခင်ဗျ။"

လှိုင်သာယာမြို့နယ် ရဲကတော့ အင်အား ၁,၀၀၀ လောက် ဆန္ဒပြမှုကို လက်မခံဘဲ အင်အား ၂၀၀ လောက်ကိုသာ ခွင့်ပြုခဲ့တာကြောင့် အမျာစုကြီးနဲ့ ဆန္ဒပြမှုကို လက်လျှော့ခဲ့ရကြောင်း၊ ဆန္ဒပြနေစဉ်မှာတော့ အနှောက်အယှက်ပေးမှု မရှိဘဲ ဓာတ်ပုံ လာရိုက်တာတွေတော့ လုပ်ခဲ့တယ်လို့ အလုပ်သမား ခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။

"သူတို့ ကင်မရာတွေ ပါလာတယ်။ သူတို့ ဖုန်းတွေနဲ့ရော ကင်မရာတွေ နဲ့ရော၊ ဗွီဒီယို ကင်မရာတွေနဲ့ပါ ရိုက်ပါတယ်ခင်ဗျ။ သူတို့ မှတ်တမ်းတင်တယ်။ ကျနော်တို့ လူဦးရေ ၁,၀၀၀ ကျော်ပါတယ်ခင်ဗျ။ သူတို့ ဖြတ်ချတာ ၂၀၀ ပဲ ကျနော်တို့ လုပ်ခွင့်ရှိတယ် ဆိုပြီး ဖြတ်ချပါတယ်ခင်ဗျ။"

ဒီတခေါက် ဆန္ဒပြမှုမှာတော့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေကို လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလန်းကောင်းတွေ လိုအပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အခုချိန်ထိတော့ တနေ့ အလုပ်ချိန် ၈ နာရီ သတ်မှတ်ဖို့အတွက် တောင်းဆိုနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မေလ နဲ့ ဇွန်လကတော့ အလုပ်သမားတွေရဲ့ လုပ်အားခ နစ်နာမှုတွေအပြင် အလုပ်သမား အခွင့်အရေး တောင်းဆိုဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး အလုပ်သမားညွန်ကြားရေးမှူး ဦးစီးဌာနက တာဝန်ရှိသူတွေက ကြားဝင် ဖြန်ဖြေ ဆောင်ရွက်ပေးမှုတွေ ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ ဆန္ဒပြမှုမှာ ပါဝင်ခဲ့သူတွေကို အလုပ်ရှင်တွေက အကြောင်းအမျိုးမျိုးနဲ့ အလုပ် ထုတ်ပယ်မှုတွေ၊ အလုပ်သမား သမဂ္ဂကို ဦးဆောင်ဖွဲ့သူတွေကို အလုပ် ထုတ်ပစ်မှုတွေဟာ အများအပြား ဖြစ်လာတဲ့အတွက် အခုလိုမျိုး စက်မူဇုံတွေက စက်ရုံတွေ စုပေါင်းပြီး သူတို့ သဘောထားတွေကို ထုတ်ဖော်လာတာလည်း ဖြစ်ပါတယ်။

ဘက်လိုက်ခွဲခြား ဆက်ဆံမှု လှိုင်သာယာ စက်မှုဇုန်လုပ်သားများ ဆန္ဒပြ


အလုပ်သမားတွေအပေါ် အလုပ်ရှင်တွေဖက်က ဖိနှိပ်နေတာတွေ အဆုံးသတ်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အတွင်း စက်မှုဇုန် အသီးသီးမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား ကိုယ်စားလှယ် (၂၀၀) လောက်ဟာ ဆိုင်းဘုတ် ပိုစတာတွေ ကိုင်ဆောင်ပြီး လှိုင်သာယာ ဘီအိုစီအ၀ိုင်း အနီးကနေ ရက်ကွက်တွေအတွင်း  မနေ့က မနက်ပိုင်းက ပထမဆုံးအကြိမ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

တောင်သူအရေး ဆောင်ရွက်သူကို ဖမ်းဆီးမှု အာဏာရှင်ဆန်တဲ့ လုပ်ရပ်လို့ ဝေဖန်ပြောကြား

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် စံပယ်တောင်နဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းတွေကြောင့် လယ်သိမ်းခံခဲ့ရတဲ့ တောင်သူတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဝေဠုကို သောကြာနေ့က ဒေသခံအာဏာပိုင်တွေ ဖမ်းဆီး ထိန်းသိမ်းလိုက်တဲ့အတွက် သူ့ရဲ့နောက်ဆုံး အခြေအနေကို စုံစမ်းသိရှိနိုင်ဖို့ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ယက်အဖွဲ့ဝင် ခေါင်းဆောင်တွေဟာ မနေ့က မုံရွာမြို့ကို ထွက်ခွာ သွားကြတယ်လို့ သိရပါတယ်။

မိုးထိမိုးမိ ရွှေလုပ်သားဇုန်တွင်း ကုမ္ပဏီ ပြောက်ကျားအဖွဲ့ လက်နက်ကိုင်ဝင်ရောက်


မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ မိုးထိမိုးမိဒေသမှာ မနေ့က မနက်ပိုင်းက ပြောက်ကျားဝတ်စုံ ၀တ်ထားတဲ့ လူ (၁၀၀) ကျော်က တုတ်တွေ၊ လက်ထိပ်တွေ ကိုင်ဆောင်ပြီး ရွှေလုပ်သားတွေ အလုပ်လုပ်နေတဲ့ ထုံးကြီးဇုန် (၈) ထဲကို ကျူးကျော်ဝင် ရောက်လာခဲ့တဲ့ အတွက် ရွှေလုပ်သားတွေနဲ့ ကျူးကျော် ၀င်ရောက်လာသူတွေ အကြား အဓိကရုန်း ဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
ပြောက်ကျားဝတ်စုံ ၀တ်ထားတဲ့သူတွေဟာ ရွှေတူးဖော်ရေး လုပ်ကိုင်နေတဲ့ အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီဝန်ထမ်းတွေ ဖြစ်ပြီး မခံမရပ်နိုင်တဲ့ တခြား ရွှေတူးဖော်ရေးဇုန်တွေကပါ အလုပ်သမားတွေ သောင်းနဲ့ချီ စုဝေးခဲ့ကြတယ်လို့ ထုံးကြီးဇုန် (၈) က ရွှေလုပ်သားတစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့ ဇုန် (၈) ထဲကို ပြောက်ကျားဝတ်စုံ ၀တ်ထားတဲ့သူ တရာကျော် သင်ချလာတယ်။ ကျွန်တော်တို့က ၀င်ခွင့်မပေးဘူး။  ကျွန်တော်တို့ ရွှေလုပ်သားတွေနဲ့ ၀င်လာတဲ့အခါမှာ ရိုက်ဟယ်နှက်ဟယ် ဖြစ်ကုန်တာပေါ့ခင်ဗျ။ ဒါပေမယ့် သူတို့က နောက်ပြန်ဆုတ်သွားတယ်။ ကျွန်တော်တို့ကလည်း တာဝန်ရှိတဲ့သူတွေကို အကြောင်းကြားတယ်။ သူတို့က အခုအချိန်အထိ လက်ခံတွေ့ဆုံတာ မရှိသေးဘူး။ ဒီပြင့်ဇုန်တွေကပါ ကျွန်တော်တို့နဲ့ အားလုံး လာပူးပေါင်းတယ်။ လူအင်အားက အခုအားလုံးစုလိုက်ရင် တစ်သောင်းကျော် ဖြစ်သွားလိမ့်မယ်။"
အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီနဲ့ ချုပ်ဆိုထားတဲ့ သဘောတူ စာချုပ်ပါ အချက် (၆) ချက်ကို ကုမ္ပဏီဘက်က ဖောက်ဖျက်တဲ့ အတွက် မိုးထိမိုးမိတောင် ရွှေတူးဖော်ရေး လုပ်ငန်းက အလုပ်သမားတွေက အခုလို တောင်းဆို တိုက်ပွဲဝင် နေကြတာ ဖြစ်ပါတယ်။ ကုမ္ပဏီဘက်ကတော့ အလုပ်သမားတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို တစုံတရာ ဖောက်ဖျက်မှု မရှိခဲ့ဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရန်ကုန်မြို့ မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
မိုးထိမိုးမိဒေသက ရွှေလုပ်သားတွေဟာ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီကို လူဦးရေ (၁၀၀၀) နဲ့ ဆန္ဒပြဖို့အတွက် မနက်ဖြန် မနက်ပိုင်းမှာ ရမည်းသင်း မြို့နယ် ရဲစခန်းမှာ တရားဝင် စာတင် လျှောက်ထားမယ်လို့ သိရပါတယ်။

ထိုင်းအုပ်ချုပ်မှုစနစ် ဗဟိုချုပ်ကိုင်မှု နဲပါးကြောင်း လေ့လာသူ ကိုယ်စားလှယ်များပြောဆို


ထိုင်းနိုင်ငံ ပါလီမန်လွှတ်တော်နဲ့ ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာတွေကို သွားရောက်လေ့လာခဲ့တဲ့ မြန်မာနိုင်ငံက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ အပါအ၀င် လူထုအခြေပြုအဖွဲ့အစည်းက အဖွဲ့ဝင် ၂၂ ဦးဟာ မနေ့က ညနေပိုင်းက ချင်းမိုင်မြို့ကနေ ရန်ကုန်မြို့ကို လေယာဉ်နဲ့ ပြန်လည်ထွက်ခွါသွားကြပါတယ်။
ထိုင်းနိုင်ငံပါလီမန်လွှတ်တော်နှင့် ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာများကို သွားရောက်လေ့လာခဲ့သော ကိုယ်စားလှယ်များထဲမှ တစ်ဦးဖြစ်သူ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့က ချင်းမိုင်လေဆိပ်တွင် တွေ့ရစဉ်။
ထိုင်းနိုင်ငံမှာ နှစ်ပတ်ကြာ လေ့လာခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ က မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက Media ကို အခုလို ပြောပါတယ်။
"ကျနော်တို့ တွေ့တဲ့ အတွေ့အကြုံအရကတော့ ဒီမှာ သူတို့ ထိုင်းနိုင်ငံရဲ့ အုပ်ချုပ်မှု စနစ်ရော ကျနော်တို့ ဒီမှာ သင်နေရတဲ့ ဒီ ကိုယ့်စ် [course] အရရော ပြောရရင်တော့ အောက်ခြေမှာပေါ့နော်။ မြို့နယ် အဆင့်ပဲဖြစ်ဖြစ် ခရိုင်အဆင့်ပဲ ဖြစ်ဖြစ် နေရာတိုင်းမှာ သူ့လုပ်ပိုင်ခွင့်အတွင်းမှာ သူ လုပ်လို့ရတဲ့ဟာကို ဗဟိုကို ပြန်ပြီးတော့ တင်ပြနေစရာ မလိုဘူး။ လွတ်လွတ်လပ်လပ် ကိုယ့်ရဲ့နယ်မြေအတွင်း ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်အတွင်းမှာ လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်ဆိုတဲ့ ပညာပေါ့နော်။ အဲ့ဒီဟာကိုတော့ အဓိက အတွေ့အကြုံရတာပေါ့။"
မြန်မာနိုင်ငံမှာတော့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံအုပ်ချူပ်ပုံ စည်းမျဉ်းအရ ပြည်နယ်နဲ့တိုင်းအဆင့်တွေမှာ အုပ်ချုပ်ပိုင်ခွင့် လုပ်ပိုင်ခွင့်တွေပေးထားပေမယ့် တကယ်တန်း လက်တွေ့မှာ ထိုင်းနိုင်ငံမှာလို လုပ်ပိုင်ခွင့်တွေ မရရှိဘဲ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။
"ဗမာပြည်မှာတော့ ပြောရရင်တော့ အခုအချိန်ထိပေါ့နော်။ ဗဟိုက ချူပ်ကိုင်မှု တအားများတယ်။ မြို့နယ်ပဲဖြစ်ဖြစ် ခရိုင်ပဲ ဖြစ်ဖြစ် ပြည်နယ်ပဲ ဖြစ်ဖြစ် လုပ်ပိုင်ခွင့် တခုခု ဆိုရင်တော့ ဗဟိုကို တင်ပြရတာများတယ်လေ။ အဲ့တော့ အခု အခြေခံ ဥပဒေအရလည်း အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ စနစ်အရတော့ ပြည်နယ်မှာ တိုင်းတွေမှာလည်း ပြည်နယ်အစိုးရ တိုင်းအစိုးရ ရှိပေမယ့်လည်း ဗဟိုချုပ်ကိုင်မှုကို ဖြေလျှော့တဲ့ အပိုင်းကတော့ သိပ်ကြီးတော့ ပီပီပြင်ပြင် မဖြစ်သေးဘူးပေါ့နော်၊ "
ဒီလေ့လာရေးခရီးစဉ်ကနေ ရရှိလာတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေနဲ့အညီ ပြည်နယ်တွေမှာ တကယ် လုပ်ပိုင်ခွင့်တွေ ရရှိအောင် လွှတ်တော်ထဲကနေ တဆင့် အဆိုတွေ တင်သွင်းသွားပြီး ဥပဒေ ပြဌာန်းသင့်တာတွေကိုလည်း ပြဌာန်းနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ဦးအောင်နိုင်ဦး က ပြောသွားပါတယ်။


လာမည့်ပွင့်လင်းရာသီ အောက်တိုဘာလမှစ၍ နိုင်ငံတကာ လေကြောင်းလိုင်းငါးခု ရန်ကုန်မြို့နှင့် တိုက်ရိုက်လေကြောင်းခရီးစဉ်များ စတင်ပျံသန်းမည်


လာမည့် ပွင့်လင်းရာသီကာလဖြစ်သော အောက်တိုဘာလမှ စတင်ကာ နိုင်ငံတကာ လေကြောင်းလိုင်း ငါးခုမှ မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် တိုက်ရိုက်လေကြောင်းခရီးစဉ်များ စတင် ပျံသန်းမည်ဖြစ်ကြောင်း မြန်မာ့လေကြောင်းမှ ဦး ဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်း၏ ပြောကြားချက်အရ သိရပါသည်။

ယင်းသို့ မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် တိုက်ရိုက်လေကြောင်းခရီးစဉ်များ စတင်ပျံသန်းမည့် နိုင်ငံတကာ လေကြောင်းလိုင်းငါးခုမှာ All Nippon Airways (ANA)၊ကာတာ လေကြောင်းလိုင်း၊ EVA လေကြောင်းလိုင်း၊ ကိုရီးယားလေကြောင်းလိုင်းနှင့် Condor လေကြောင်းလိုင်းတို့ ဖြစ်သည်။ All Nippon Airways (ANA)လေကြောင်းလိုင်းသည် ဂျပန်နိုင်ငံ နာရီတာလေဆိပ်မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ တိုက်ရိုက်လေကြောင်းခရီးစဉ်ကို၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့၌ စတင်ပျံသန်းမည် ဖြစ်သည်။ ကာတာလေကြောင်းလိုင်းမှ ရန်ကုန်-ဒိုဟာ တိုက်ရိုက် လေကြောင်းခရီးစဉ်အား ၂၀၁၂ အောက်တိုဘာလ ၃ ရက်နေ့၌ စတင်ပျံသန်းမည်ဖြစ်သည်။

ထိုင်ဝမ်နိုင်ငံအခြေစိုက် EVA လေကြောင်းလိုင်းသည် အောက်တိုဘာလ ၉ ရက်နေ့မှစတင်ကာ နှစ်နိုင်ငံ လေကြောင်းပျံသန်းမှုများအား စတင်ရန် စီစဉ်လျက်ရှိသည်။ ကိုရီးယားလေကြောင်းလိုင်းသည် တောင်ကိုရီးယားနိုင်ငံ အင်ချွန်း နိုင်ငံတကာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့အကြား တိုက်ရိုက်ခရီးစဉ်အား စက်တင်ဘာလ ၁၃ ရက်နေ့မှ စတင်ပျံသန်းမည်ဖြစ်သည်။

ဂျာမနီနိုင်ငံအခြေစိုက် Condor လေကြောင်းလိုင်းသည် ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့မှ ရန်ကုန်မြို့သို့ အောက်တိုဘာလတွင် တိုက်ရိုက်ခရီးစဉ် စတင်ပြေးဆွဲမည်ဖြစ်သည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ပွင့်လင်းရာသီကာလမှ စတင်ကာ အခြားနိုင်ငံတကာ လေကြောင်းလိုင်းများသည်လည်း မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းရန် စီစဉ်လျက်ရှိနေပြီး ယင်းလေကြောင်းလိုင်းအချို့မှာ ဟောင်ကောင်အခြေစိုက် CPA လေကြောင်းလိုင်း၊ ဘင်္ဂလားဒေ့ရှ် အခြေစိုက် Biman လေကြောင်းလိုင်းတို့ ဖြစ်သည်။လက်ရှိအချိန်တွင် မြန်မာနိုင်ငံနှင့် တိုက်ရိုက်ပျံသန်းနေသော နိုင်ငံတကာလေကြောင်းလိုင်းများမှာ  ထိုင်းအဲဝေး၊ ဘန်ကောက်အဲဝေး၊ ထိုင်းအဲအေးရှ၊ Silk Air ၊ China Eastern Airlines၊ ဗီယက်နမ်အဲလိုင်း၊ ဂျက်စတားအေးရှ၊ မလေးရှားအဲလိုင်း၊ အဲချိုင်းနား၊ ချိုင်းနားအဲလိုင်း၊ China Southern Airlines နှင့် Air Asia Berhad လေကြောင်းလိုင်းတို့ ဖြစ်ကြသည်။ ပြည်တွင်းလေကြောင်းလိုင်းများမှလည်း လေယာဉ်များအသစ် ၀ယ်ယူဖြည့်တင်းခြင်း၊ ခရီးစဉ်များ တိုးချဲ့ပျံသန်းရန် စီစဉ်လျက်ရှိနေကြောင်း သိရှိရသည်။



FEC အားရုပ်သိမ်းမည်ဆိုပါက အများပြည်သူသို့ တရားဝင် အသိပေးသွားမည်ဖြစ်ပြီး လဲလှယ်ရန် အချိန်ကာလ သတ်မှတ်ပေးမည်ဖြစ်ကာ သတ်မှတ်ကာလ ကျော်လွန်ပါက ဆက်လက်သုံးစွဲခွင့်ပြုမည် မဟုတ်ကြောင်း သိရ


ပြည်တွင်းသုံးငွေနှင့် အမေရိကန်ဒေါ်လာအကြား တန်ဖိုးညှိ သုံးစွဲခဲ့သည့်ကြားခံငွေကြေး FEC (Foreign Exchange Certificate ) အား ရုပ်သိမ်းမည်ဆိုပါက ပြည်သူလူထု သိရှိလဲလှယ်နိုင်ရန် အချိန် ကာလတစ်ခု တရားဝင်ထုတ်ပြန် ပေးသွားမည်ဖြစ်ပြီး သတ်မှတ် ကာလကျော်လွန်သွားပါက FEC အား ဆက်လက်သုံးစွဲခွင့်ပြုမည် မဟုတ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌဦးမောင်မောင်ဝင်းက ပြောကြားသည်။
ကြားခံငွေကြေး FEC အား တစ်နှစ်အတွင်း (သို့မဟုတ်) ယခုနှစ်အတွင်း ရုပ်သိမ်းနိုင်ဖွယ်ရှိကြောင်း သြဂုတ်လ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီးနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ ကြောင်းသိရှိရပါသည်။




နိုင်ငံပိုင်ဟိုတယ်များ ပုဂ္ဂလိက ငှားရမ်းမှုများပြုလုပ်ရန် လေလံဆွဲရာတွင် ပါဝင်ယှဉ်ပြိုင်သည့် လုပ်ငန်းရှင်များ ငှားရမ်းခဈေးနှုန်းကို လွန်ခဲ့ သည့် ငါးနှစ်ကထက် လေးဆကျော် ဈေးနှုန်းမြင့်တက် ငှားရမ်းခဲ့ရကြောင်း ဟိုတယ်လေလံဆွဲရာတွင် ပါဝင်ခဲ့သည့် လုပ်ငန်းရှင်များထံမှ သိရှိရ သည်။ယခုလေလံပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လက်ခုပ်ကုန်းမြို့နယ်မှ ဟိုတယ်ကို ကျပ်သိန်း ၂၀၀ ဖြင့် ဦးဌေးအောင်မှ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ နယ်မှ ဟိုတယ်ကို ကျပ်သိန်း ၇၀၀၊ ရှမ်းပြည်နယ်ပင်းတယမြို့နယ်မှ ဟိုတယ်ကို ကျပ်သိန်း ၆၀၀၊ မန္တလေးတိုင်းဒေသကြီး၊ ၀န်ဇင်းကို ကျပ် သိန်း ၁၂၅၀၊ ရှမ်းပြည်နယ်၊ ကလော မြို့နယ်ရှိ ဟိုတယ်ကို ကျပ်သိန်း ပေါင်း ၂၆၀၀ ဖြင့်လည်းကောင်း ဦးသျှားညိုက လေလံအောင်ခဲ့သည်။ Imperial Jade Hotel  ကို ကျပ်သိန်းပေါင်း ၅၆၀၀ ဖြင့် ဒေါ်ခင်ပြုံးရီက လည်းကောင်း၊ ကျိုက်ထိုဟိုတယ်ကို ကျပ်သိန်းပေါင်း ၁၈၀၅၀ ဖြင့် ဦးနိုင်လင်းကိုကိုက လည်းကောင်း အသီးသီး လေလံအောင်မြင်ခဲ့ကြောင်း သိရှိရသည်။


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၊ ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူများနှင့် တွေ့ဆုံ


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း၊ ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူများနှင့် သီးခြားစီတွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။ ဦအောင်ကြည်သည် စက်တင်ဘာလ ၂ ရက် နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း ဥက္ကဋ္ဌမောင်ဝံသနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
လက်ရှိတွင် မြန်မာစာနယ်ဇင်း သမဂ္ဂ(MJU) ၊မြန်မာစာနယ်ဇင်းကွန်ရက်(MJN)နှင့် မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း (MJA) (ယခင် မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့အား ပြောင်းလဲ ဖွဲ့စည်းထားသော အသင်း သုံးသင်းထဲမှတစ်သင်း) ဟူ၍ အဖွဲ့အစည်းသုံးခုရှိပြီး သတင်းလွတ်လပ်ခွင့် ကော်မတီ(ယာယီ)ကိုလည်း ဖွဲ့စည်းထားကြောင်း သိရသည်။ အဆိုပါ သတင်းလွတ်လပ်ခွင့် ကော်မတီ (ယာယီ)သည် ဂျာနယ်အချို့ ပိတ်ပင်ခံရခြင်း၊ တရားစွဲဆို ခံရခြင်း အပါအ၀င် မီဒီယာလွတ်လပ်ခွင့်များနှင့် ပတ်သက်၍ တောင်းဆိုချက်(၇)ချက်ကို ထုတ်ပြန်ထားကြောင်း သိရသည်။
ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် စက်တင်ဘာလ ၂ ရက် နံနက် ၁၀ နာရီခန့်တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ၀င်္ကဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ခန်းမတွင် အစည်းအရုံး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတသည် ပြုပြင်ပြောင်းလဲရေးများ အရှိန်မြှင့်ရန်အတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများအား ပြောင်းလဲခန့်အပ်ခြင်း၊ အစားထိုး ခန့်အပ်ခြင်းများ ပြုလုပ်လျက်ရှိရာ ပြန်ကြားရေး ၀န်ကြီးဌာနတွင် ပြည်ထောင်စု ၀န်ကြီးအဖြစ် ဦးအောင်ကြည် (ယခင် အလုပ်သမား ၀န်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန)နှင့် ဒုတိယ၀န်ကြီးနှစ်ဦးကို ခန့်အပ်ခဲ့သည်။
လက်တလော အပြောင်းအလဲ ပြုလုပ်မှုများတွင် ၀န်ကြီးဌာနအချို့၌ အရပ်သား ပညာရှင်အချို့အား ခန့်အပ်ထားသည်ကို တွေ့ရှိရသော်လည်း ပြန်ကြားရေး ၀န်ကြီးဌာနတွင်မူ ယခင်တပ်မတော် အရာရှိဟောင်းများကိုသာ ပြည်ထောင်စု ၀န်ကြီးနှင့် ဒုတိယ၀န်ကြီးများအဖြစ် ခန့်အပ်တာဝန် ပေးထားကြောင်း တွေ့ရှိရပါသည်။


သတင်းမီဒီယာများမှ ဂျာနယ်လစ် ၅၀၀ ကျော်က လက်မှတ်ရေးထိုး တောင်းဆိုထားသော အချက်(၇)ချက်နှင့်ပတ်သက်၍ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများနှင့် မီဒီယာသမားများတွေ့ဆုံ


သတင်းမီဒီယာ၊ ဂျာနယ်များမှ ဂျာနယ်လစ် ၅၀၀ ကျော်က လက်မှတ်ရေးထိုး၍ တောင်းဆိုထားသော အချက်(၇)ချက်နှင့်ပတ်သက်၍ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ က မြန်မာစာနယ်ဇင်းသမဂ္ဂ၊ မြန်မာဂျာနယ်လစ်ကွန်ယက်၊ မြန်မာစာရေး ဆရာများသမဂ္ဂ၊ မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း၊ ထုတ်ဝေခွင့် အပိတ်ခံခဲ့ရသော ဂျာနယ်တိုက်များမှ တာဝန်ရှိသူများနှင့် သြဂုတ်လ ၂၉ ရက်နေ့တွင် နေပြည်တော် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီရုံးခန်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

သတင်းလွတ်လပ်ခွင့်ကော်မတီယာယီ၏ တောင်းဆိုချက်(၇)ချက် 
 

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                        http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment