ဆန္ဒပြ သတင်းများ  စက်တင်ဘာ   ၂၁၊ ၂၀၁၂

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသခံများ ထပ်မံဆန္ဒပြ


စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းလုပ်ငန်း ဆက်လက် လုပ်ဆောင်နေတဲ့ နေရာကို ကျေးရွာ (၁၀) ရွာက ဒေသခံ ၁,၀၀၀ နီးပါးလောက် မနေ့က သွားရောက်ပြီး တားမြစ်ဆန္ဒပြခဲ့ကြပါတယ်။
လယ်မြေသိမ်းခံထားရတဲ့ နေရာတွေမှာ လယ်သိမ်းခံ တောင်သူတွေက နှမ်းသီးနှံတွေ စိုက်ပျိုးနေတဲ့အတွက် ဆက်လက် မစိုက်ပျိုးနိုင်အောင် အဲဒီလယ်မြေတွေ အတွင်းကို ကုမ္ပဏီဘက်က ကျောက်တွေလာပုံတဲ့အတွက် ဒေသခံတောင်သူတွေက သွားရောက် တားမြစ်ကြတာ ဖြစ်တယ်လို့ ဆန္ဒပြ ဒေသခံတောင်သူ တစ်ဦးက MEDIA ကို အခုလို ပြောပြပါတယ်။
"တားတဲ့အခါကျတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ဆင်းလာပါတယ်။ သူ့ရဲ့နောက်က စစ်သားတွေနဲ့ အတူပေါ့ဗျာ။ သေနတ်တွေနဲ့လည်း ချိန်ထားတယ်။ သူတို့က ဒီနေရာတွေကို အဆောက်အဦးဆောက်မှာ ဖြစ်တဲ့အတွက် ယာမြေတွေကို ခုတ်ထွင် ပေးတဲ့ လယ်ထွန်စက်တွေကိုလည်း သူတို့သိမ်းမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့က ဒီတစ်နှစ်မှာ တစ်ရက်ပဲ တန်ဖိုးထားရတာ။ အခုဆိုရင် ကြဲလို့မရဘူး ဖြစ်နေတယ်။ အခုက ခြိမ်းခြောက်မှုနဲ့ အဲဒီလို အာဏာတွေပြနေတဲ့ အခါကျတော့ ကျွန်တော်တို့ ဘာမှ လုပ်စားလို့ မရတော့ဘူးဗျ။ ကျွန်တော်တို့က တွေ့ချင်တယ်။ ဆွေးနွေးမှုကို လာပြီးတော့ ဆွေးနွေးမှုလည်း မပြုပါဘူး။ ကျွန်တော်တို့နဲ့ မနီးမဝေးမှာ စခန်းထိုင်ထားတာ ၃ ခု ရှိတယ်ဗျ"
မနေ့က ဆန္ဒပြတားမြစ်တဲ့ ကျေးရွာတွေဟာ စီမံကိန်း အကောင်အထည်ဖော်ဖို့ လယ်မြေ သိမ်းယူခံထားရတဲ့ ဆည်တဲ၊ မိုးကြိုးပြင်၊ အလယ်ရွာ စတဲ့ ကျေးရွာတွေဖြစ်ပြီး အဲဒီ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းဖို့ ဒေသခံတောင်သူတွေမှာ နည်းလမ်းအမျိုးမျိုးနဲ့ ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ပေမယ့် အခုအချိန်ထိ ကြေးနီစီမံကိန်းကို လုပ်ကိုင်နေဆဲပဲလို့ သိရပါတယ်။
အဲဒီ ကြေးနီစီမံကိန်းကို စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ မြန်မာ-၀မ်ပေါင် တရုတ်ကုမ္ပဏီတို့ ဖက်စပ် လုပ်ကိုင်နေတာဖြစ်ပြီး စီမံကိန်းတ၀ိုက်က ကျေးရွာ ၂၆ ရွာက လယ်မြေဧက ၇,၈၀၀ ကျော်ကို ၂၀၁၀ ခုနှစ်ကစပြီး အဓမ္မ သိမ်းယူခံထားရပါတယ်။
သြဂုတ်လ နောက်ဆုံးပတ်ကစလို့ လယ်သိမ်းခံရတဲ့ ဒေသခံ တောင်သူတွေက အဲဒီ စီမံကိန်းကို တားဆီးဖို့ လယ်သိမ်းတိုက်ပွဲကို နေ့စဉ်ရက်ဆက် ဆင်နွှဲခဲ့ကြပါတယ်။ မနေ့က ဆန္ဒပြမှု နောက်ဆုံး အခြေအနေကတော့ ဒေသခံတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လူစုခွဲလိုက်တယ်လို့ သိရပါတယ်။

ကိုင်းတန်းပျံကျဈေးသည် တရားမ၀င် စီတန်းလှည့်လည်မှုနှင့် တရားစွဲဆိုခံရ


သြဂုတ်လ (၆) ရက်နေ့ ညက ကိုင်းတန်း ကုန်စိမ်းပျံကျဈေး ဆန္ဒပြမှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဈေးသည်အမျိုးသမီး သုံးဦးကို ချမ်းအေးသာစံ တရားရုံးက တရားမ၀င် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ တရားစွဲဆို လိုက်တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ စနေနေ့က အမှတ် (၃) ရဲစခန်းက သူတို့ကို ဆင့်ခေါ်ပြီး တရားစွဲခဲ့ပုံကို တရားစွဲခံရတဲ့ ဈေးသည် မနီနီအောင်က MEDIA ကို အခုလို ပြောပြပါတယ်။
"သောကြာနေ့က ခေါ်တာပေါ့။ သောကြာနေ့ကို မသွားဘူး။ စနေနေ့ကို သွားတယ်။ ကျွန်တော်တို့ကို စီတန်းလှည့်လည်တဲ့ထဲမှာ လူစုတာလား။ ခေါင်းဆောင်တာလားလို့မေးတယ်။ လူစုတာလဲ မဟုတ်ဘူး။ ခေါင်းဆောင်တာလည်း မဟုတ်ဘူးလို့ ပြောတယ်။ ကျွန်တော်တို့က ဘာအမှုလဲလို့ မေးတဲ့အခါကျတော့ စီတန်း လှည့်လည်တဲ့ထဲမှာပါလို့ လို့ပြောပါတယ်။ တရားမဝင် စီတန်းလှည့်လည်လို့ ခင်ဗျားတို့ကို အနည်းဆုံး ဒဏ်ငွေ ၃၀,၀၀၀ နဲ့ ထောင် ၂ နှစ်ချလို့ရတယ်လို့ ပြောပြီး အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒီနေ့ကျတော့ ရဲစခန်းကိုခေါ်တယ်။ ခေါ်ပြီးတော့ ၁၀ နာရီခွဲလောက်ကျတော့ တရားရုံးကို လွှတ်လို့ တရားရုံးကို လာခဲ့ရတာပါ။ ဘာအမှုမှန်းလည်း မသိပါဘူး"
ကိုင်းတန်းဈေးသူ ဈေးသားတွေ ဆန္ဒပြမှုမှာ ဦးဆောင်ခဲ့တယ်ဆိုပြီး ကိုအေးသိန်း၊ ဦးဝင်းဆွေမြင့်၊ ဦးစိန်အောင်တို့ကို သြဂုတ်လ (ရ) ရက်နေ့ မနက်မှာ ဖမ်းဆီးခဲ့ပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် စည်းရုံးလှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုခဲ့သလို ဈေးသူ ဈေးသား ကိုယ်စားလှယ်အဖြစ် ကိုအေးသိန်း၊ ဦးဝင်းဆွေမြင့်တို့နဲ့အတူ မြို့တော်ဝန်နဲ့ တွေ့ဆုံခဲ့တဲ့ ကိုညီညီကျော်ကိုလည်း လွန်ခဲ့တဲ့လ ၁၃ ရက်နေ့မှာ တရားမ၀င် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ အမှုဖွင်ခဲ့ပြီး ရဲအာမခံနဲ့ လွှတ်ထားခဲ့တယ်လို့ သိရပါတယ်။
မနေ့က ၅၀၅(ခ)နဲ့ တရားစွဲခံရသူ သုံးဦး၊ ကိုညီညီကျော်နဲ့ အခုအမျိုးသမီးသုံးဦး စုစုပေါင်း (၇) ဦးကို တရားမ၀င် စီတန်းလှည့်လည် ဆန္ဒပြမှုပုဒ်မ (၁၈)နဲ့ တရားစွဲဆိုခဲ့တယ်လို့ ဆိုပါတယ်။
ကိုအေးသိန်းတို့ သုံးဦးကတော့ အမှုနှစ်မှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အာမခံ မပေးတဲ့ ၅၀၅(ခ) ကြောင့် အာမခံ မရခဲ့ပေမယ့် ကျန်လေးဦးကတော့ အခုအမှုကနေ တရားရုံးက အာမခံပေးခဲ့ပြီး ဒီလ ၂၅ ရက်နေ့ကို ရုံးချိန်းလိုက်တယ်လို့ သိရပါတယ်။
အခု တရားစွဲခံရသူတွေထဲက ဦးဆောင်သူတွေဟာ ဆူပူမှုဖြစ်အောင် လုပ်ဆောင်ခဲ့သူတွေ မဟုတ်တဲ့အပြင် ဈေးသူ ဈေးသားတွေကိုယ်စား မြို့တော်ဝန်နဲ့ တွေဆုံခဲ့တာ ဖြစ်တဲ့အတွက် လက်မှတ်ထိုး တောင်းဆိုမှုတွေ လုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment