မြန်မာ သတင်းများ  စက်တင်ဘာ   ၃၀ ၊ ၂၀၁၂

ရခိုင်ပြည်နယ်ကိစ္စ OIC ကို ဘန်ကီမွန်းသတိပေး



မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်တွင်း မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ထိခိုက်စေနိုင်သလို ဒေသတွင်းကိုပါ ရိုက်ခတ်လာမှာ စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က သတိပေး လိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဒေသခံ ရခိုင်လူမျိုးတွေနဲ့ မူစလင်တွေကြား လူပေါင်း ၈၈ ယောက်အထိ သေဆုံးပြီး ၇ သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာသမ္မတ ဦးသိန်းစိန်၊ အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) အကြီးအကဲတို့နဲ့ သီးခြား တွေ့ဆုံချိန်မှာ အတွင်းရေးမှူးချုပ်က ပြောဆိုလိုက်တာပါ။

အဖွဲ့ဝင်နိုင်ငံပေါင်း ၅၇ နိုင်ငံ ပါဝင်တဲ့ OIC ရဲ့ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu နဲ့ တွေ့ဆုံချိန်မှာတော့ ရခိုင်ပြည်နယ်မှာ ကြုံခဲ့ရတဲ့ ပြဿနာတွေကို ကူညီ ဖြေရှင်းရာမှာ သတိကြီးကြီးထား ကိုင်တွယ်ဖို့နဲ့ ဒီလိုမှ မဟုတ်ရင် သက်တမ်း နုနယ်သေးတဲ့ မြန်မာနိုင်ငံ က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ထိခိုက်မယ့် အဖြစ်မျိုးတွေ ကြုံရနိုင်တယ်လို့ အတွင်းရေးမှူးချုပ်က သတိပေးခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန် ကတော့ ရေရှည်ပြေလည်မှု ရစေမယ့် နည်းလမ်းတွေကို ရှာဖွေသွားမယ့် အကြောင်း စနေနေ့က တွေ့ဆုံစဉ် အတွင်းရေးမှူးချုပ်ကို ပြောဆိုခဲ့တာပါ။ အစိုးရရဲ့ အကြီးအကဲအဖြစ် ကုလသမဂ္ဂရဲ့ နှစ်ပတ်လည် ညီလာခံကို တက်ရောက်လာတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း တို့ တွေ့ဆုံပြီး မြန်မာနိုင်ငံက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ၊ လူမှုရေး၊ စီးပွားရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စတွေကို ဆွေးနွေးရာမှာ မြန်မာနိုင်ငံ မြောက်ပိုင်းက ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့ ကိစ္စကိုလည်း ထည့်သွင်း ပြောဆိုသွားပါတယ်။

ဆန်ဖရန် Freedom Forum မှာ ဒေါ်စု မိန့်ခွန်းပြော


အမေရိကန် ပြည်ထောင်စုမှာ ၁၇ ရက်ကြာခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ချက်အတိုင်း ငြိမ်းချမ်းတဲ့ ဘ၀နဲ့ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်း တရပ် ဖြစ်လာအောင် ၀ိုင်းဝန်း ကူညီကြဖို့ ပြောဆိုလိုက်ပါတယ်။ စက်တင်ဘာလ ၂၈ ရက်နေ့က ဆန်ဖရန်ဆစ္စကိုမြို့မှာ ကျင်းပခဲ့တဲ့ Freedom Forum ဆွေးနွေးပွဲမှာ အခုလို ပြောဆို လိုက်တာဖစ်ပါတယ်။ အပြည့်စုံကို မမိုးဖြူက တင်ပြထားပါတယ်။

မနေ့ကကျင်းပတဲ့ ဆန်ဖရန်ဆစ္စကို Freedom Forum အစည်းအဝေးမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်ကစလို့ ဆယ်စုနှစ် ၂ ခုနီးပါး နေအိမ်အကျယ်ချုပ် နဲ့ အကျဉ်းစံဘ၀ နေထိုင်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်က လွတ်မြောက်ခြင်းအတွက် ခရီးရှည်၊ “The Long Road to Freedom” အမည်ပေးထားတဲ့ အခမ်းအနားမှာ ဖိနှိပ်မှုတွေ ဘယ်လောက်ပဲ ရှိရှိ ကိုယ့်ကိုယ်ကို လွတ်မြောက်အောင် နေနိုင်တဲ့သူဟာ အမြဲတမ်း လွတ်လပ်နေနိုင်ပါတယ် လို့ ပြောဆိုသွားပါတယ်။

ဒါပေမဲ့ ကိုယ့်နိုင်ငံရဲ့ လူမှုအဆောက်အအုံ၊ အဖွဲ့အစည်းကြီးတွေနဲ့အတူ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် လွတ်လပ်ရေးအတွက် ကြိုးပမ်းတဲ့သူတွေ အတွက်တော့ လွတ်လပ်မှုအတွက် ရုန်းကန်လှုပ်ရှားတဲ့ခရီးက ရှည်ပါလိမ့်မယ်လို့ ပြောဆိုသွားပါတယ်။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ချက် နိုင်ငံရေးခေါင်းဆောင် ဗားဆလပ်ဟာဗဲလ် ရှေ့ဆောင် လမ်းပြခဲ့သလိုပဲ ဖိနှိပ်မှုတွေ ရှိနေတဲ့ကြားက ကိုယ့်ကိုယ်ကို လွတ်မြောက်အောင် လုပ်ရာမှာ အမှန်တရားနဲ့ နေထိုင်မှုကနေ စတင်ကြရပါတယ်။ ဒီလိုနည်းနဲ့ပဲ ကိုယ့်နိုင်ငံရဲ့ နိုင်ငံသားတွေကိုလည်း ဖိနှိပ်မှုတွေ လက်အောက်ကနေ လွတ်မြောက်အောင် အမှန်တရားနဲ့ နေထိုင်ဖို့ လူမှု အဖွဲ့အစည်းကြီး တွေကနေ စွမ်းဆောင်သွားကြရမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။
မြန်မာနိုင်ငံ အတွက်တော့ အဲဒီခရီးရှည်ကြီးကို အခု စရတော့မယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောသွားပါတယ်။

“အခု မတူခြားနားပြီးတော့ ရှည်လျားတဲ့ခရီးကို ကျမတို့ လျှောက်လှမ်းရတော့မှာ မိုလို့ ခါတိုင်းထက်ပိုပြီးတော့ ကျမတို့ မိတ်ဆွေကောင်းတွေ အများကြီး လိုပါတယ်။ အရင် လျှောက်ခဲ့ရတဲ့လမ်းက မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ဖို့ ကြိုးပမ်းခဲ့ရတာပါ။ အခု လျှောက်ရမယ့်လမ်းကတော့ မြန်မာနိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီ နည်းလမ်းကျ လူ့အဖွဲ့အစည်းကြီးတွေ တည်ဆောက်ရမယ့် ခရီးပါ။ ဒါကြောင့် မိတ်ဆွေကောင်းတွေ ပိုပြီးတော့ လိုအပ်တာပါ။”

လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့လည်း ဘယ်နေရာတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတယ်။ ဒီချိုးဖောက်မှုတွေကို လူ့အဖွဲ့အစည်းက အလေးထား အာရုံစိုက်အောင် လုပ်ရမယ် ဆိုတဲ့ ကာလရှည်ကြာ ရှုမြင် ဆောင်ရွက်ချက်တွေနဲ့ မလုံလောက်တော့ဘူး လို့ ထောက်ပြ ပြောဆိုသွားပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးဖို့အတွက်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးဖို့အတွက် ပညာဉာဏ်နဲ့ ကိုယ်ကျင့်သိက္ခာ ဆိုင်ရာ စွမ်းရည်ခွန်အားတွေ ရှိဖို့လိုတယ် ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဥပမာပေး တင်ပြခဲ့ပါတယ်။

“တရားဥပဒေ စိုးမိုးမှုရှိအောင် ကြိုးစားပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မဖြစ်အောင်လို့ တားဆီးရုံနဲ့ မရတော့ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်နေသူတွေကို ဘာကြောင့် ဒီလုပ်ရပ်တွေကို မလုပ်သင့်ဘူးလဲ ဆိုတာကို နားလည်လာအောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်သူတွေဟာ သူတို့လုပ်ရပ်တွေက လူ့အခွင့်အရေး ချိုးဖောက်နေတယ် ဆိုတာကို မသိတာလား။ ဒါမှမဟုတ်ရင်လည်း သူတို့လုပ်ရပ်တွေက သူတို့ အပါအ၀င် လူသားအားလုံးရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေတယ် ဆိုတာကို မသိတာလား။ ဒါကို ဖော်ထုတ် အသိပေးဖို့ လိုပါတယ်။ အာဏာရှင်စစ်တပ်တွေ သူ့လူမျိုး သူ့တိုင်းပြည် အပေါ် ဘယ်လို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်တယ် ဆိုတာ ကြားခဲ့ကြရပြီးပါပြီ။ ဉာဏ်ပညာနဲ့ ကိုယ်ကျင့်သိက္ခာ စွမ်းရည်တွေ မရှိရင် သာမန်ပြည်သူ၊ သာမန်စစ်သားတယောက်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှု မကျူးလွန်မိအောင် ထိန်းဖို့ မလွယ်ပါဘူး။ ဒါပေမဲ့လည်း မွေးရာပါ အသိစိတ်၊ စာနာစိတ်တွေနဲ့ မကျူးလွန်မိအောင် ထိန်းသိမ်းသင့်ပါတယ်။ ဒါကို သူတို့ နားလည်နိုင်အောင် ကျမတို့ ကူညီနိုင်မှာပါ။”

လွတ်မြောက်ရေး ခရီးလမ်းအတွက် အမုန်းနဲ့ အကြမ်းဖက်မှုတွေ ကင်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ဒီခရီးရှည်ကြီးကို အမုန်းနဲ့ အကြမ်းဖက်မှုတွေ မရှိဘဲ လျှောက်လှမ်းခဲ့ကြတဲ့ မဟတ္တမဂန္ဒီလို ပုဂ္ဂိုလ်ကြီးတွေကို လေးစားပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

“ကိုယ် လိုချင်တဲ့ အောင်မြင်မှုကို ဘယ်လိုနည်းလမ်းသုံးပြီး အရယူယူ၊ အောင်မြင်မှုရရင် ပြီးတာပဲလို့ ယူဆသူတွေ ရှိပါတယ်။ ဒါဟာ မှန်တယ်လို့ မထင်ပါဘူး။ နည်းလမ်းမမှန်ရင် နောက်ဆုံးမှာ ရတဲ့ အောင်မြင်မှု ဆိုတာကလည်း မှန်ကန်မှု မရှိနိုင်ပါဘူး။ လွတ်လပ်မှုအတွက် အမုန်းနဲ့ အကြမ်းဖက်မှု နည်းတွေ သုံးပြီး လျှောက်လှမ်းမယ် ဆိုရင်တော့ ခရီးဆုံးမှာ ရမယ့်ရလဒ်က လွတ်လပ်မှု ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့အမုန်း၊ ကိုယ့်ရဲ့ အကြမ်းဖက်မှုနဲ့ ကိုယ်တိုင် တည်ဆောက်ထားတဲ့ အကျဉ်းထောင်ကိုပဲ ရောက်မှာပါ။”

ဒါကြောင့် ကိုယ့်ယုံကြည်ချက်အတိုင်း ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လို့ရတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ လိုပါတယ်။ ဒီနေ့ထက်ထိတော့ အရေအတွက် နည်းလာတယ် ဆိုပေမဲ့ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့သူတွေ၊ အကျဉ်းထောင်တွေထဲမှာ ရှိနေပါသေးတယ်။ ဒါကြောင့် သူတို့ရဲ့ ယုံကြည်ချက်အတိုင်း ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခွင့် ရှိတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်နိုင်အောင် ၀ိုင်းဝန်းကူညီနိုင်အောင် ပြောဆိုသွားပါတယ်။

နိုင်ငံတကာက လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူတွေ တက်ရောက် ဆွေးနွေးကြတဲ့ ဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချက် နိုင်ငံရေးခေါင်းဆောင် ဗားဆလပ်ဟာဗဲလ်ကို ဂုဏ်ပြု ပေးအပ်တဲ့ Václav Havel Prize for Creative Dissent ဆိုတဲ့ ဆုကို ပေးအပ်ချီးမြှင့် ခဲ့ပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဆန်ဖရန်ဆစ္စကို တက္ကသိုလ်မှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။



ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် လက်ခံသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား


၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မည်သူမဆို သူတို့ ရွေးချယ်ချင်သည်ကို ရွေးချယ်နိုင်ပြီး လူထုဆန္ဒသဘောကို လေးစားရမည်ဖြစ်ကြောင်းကိုလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် လက်ခံသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က BBC ၏ Hardtalk အစီအစဉ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့ BBC ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မည်သူမဆို သူတို့ ရွေးချယ်ချင်သည်ကို ရွေးချယ်နိုင်ပြီး လူထုဆန္ဒသဘောကို လေးစားရမည်ဖြစ်ကြောင်းကိုလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြောကြားခဲ့သည်။ သမ္မတဦးသိန်းစိန်က "သူမအနေနဲ့ တိုင်းပြည်ခေါင်းဆောင် ဖြစ်လာတယ်၊ မဖြစ်လာဘူးဆိုတာ ပြည်သူတွေရဲ့ ဆန္ဒသဘောပေါ်မှာ မူတည်ပါတယ်။ တစ်ကယ်လို့ ပြည်သူတွေက သူမကို လက်ခံတယ်ဆိုရင် ကျွန်တော့်အနေနဲ့ သူ့ကို လက်ခံ ရမှာပါပဲ"ဟု ပြောကြားခဲ့သည်။
"မိမိနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ပြဿနာ တစ်စုံတစ်ရာ မရှိပါဘူး။ ကျွန်တော်တို့ အတူလက်တွဲ လုပ်ဆောင်နေကြပါတယ်"ဟုလည်း ၄င်းက ပြောကြားခဲ့သည်။ ထို့ပြင် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာရယူထားသော စစ်တပ်အနေဖြင့် တိုင်းပြည်၏ နိုင်ငံရေးတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သမ္မတဦးသိန်းစိန်က ဖြည့်စွက်ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် သည် စက်တင်ဘာလ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်သော ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပာကြားခဲ့ပြီး "ယခင်က နိုင်ငံရေး အဓိက အတိုက်အခံအင်အားစုခေါင်းဆောင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့်သာမက ယခုအခါမှာ တရားဥပဒေစိုးမိုးရေးဆိုင်ရာ လွှတ်တော်ကော်မတီရဲ့ ဥက္ကဌအနေနဲ့ လွှတ်တော်စင်မြင့်ကနေ ပါဝင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီရက်သတ္တပတ် အတွင်းမှာတော့ သူမအနေနဲ့ နယူးယောက်မြို့မှာ ရှိနေပါတယ်။ သူမရဲ့ ဒီမိုကရေစီ ကြိုးပမ်းမှုများအတွက် အမေရိကန်ပြည်ထောင်စုမှ ဂုဏ်ပြုခံနေရတာတွေကိုလည်း မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကျွန်တော်ဝမ်းမြောက်ဂုဏ်ယူပါတယ်။"ဟုလည်း ချီးကျူးဂုဏ်ပြူစကား ထည့်သွင်းပြောကြားခဲ့သည်။
လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိပေ။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် "နိုင်ငံတော်သမ္မတသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦး သော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။"ဟု နိုင်ငံတော်သမ္မတ၏ အရည်အချင်းများနှင့် စပ်လျဉ်းပြီး ထည့်သွင်းပြဋ္ဌာန်းထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးမှာ လက်ရှိတွင် မြန်မာနိုင်ငံသားများ မဟုတ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရန်အတွက် အဆိုပါပြဋ္ဌာန်းချက်ကို လွှတ်တော်က ပြင်ဆင်ပေးရန် လိုအပ်နေသည်။

အဆိုပါပြဋ္ဌာန်းချက်ကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။

ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာ ရယူထားသော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်မျာ၏ အခန်းကဏ္ဍမှာ အဓိကနေရာမှ ပါဝင်နေသည်။




အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေရူးအမှတ်တရဟောပြောပွဲ၌ ဟောပြောပို့ချရန် အိန္ဒိယနိုင်ငံ၏ ဖိတ်ကြားမှုကို လက်ခံခဲ့ကြောင်း The Times of India ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အဆိုပါ အမှတ်တရပွဲ ကျင်းပမည့်ရက်ကို မကြေညာသေးသော်လည်း နိုဝင်ဘာလ တတိယပတ်အတွင်း ကျင်းပဖွယ်ရှိကြောင်းနှင့် အဆိုပါပွဲသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ပါက ၎င်းမှာ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံသို့ ပထမဆုံးသွားရောက်သည့်ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အပြည်ပြည်ဆိုင်ရာ နားလည်မှုအတွက် နေရူးဆုအား ၁၉၉၁ ခုနှစ်တွင် ရရှိခဲ့သည်။ ပြီးခဲ့သည့်ရက်များက ဒေါ်အောင်ဆန်းစုကြည်က မဟတ္တမဂန္ဒီနှင့် နေရူးတို့မှာ သူ့အပေါ်လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်များဖြစ်သည်ဟု  ပြောကြားထားသည်။
ယခုနှစ်အစောပိုင်းက အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ် နေရူးအမှတ်တရပွဲ၌ ဟောပြောပို့ချရန် ကိုယ်တိုင်ကိုယ်ကျ ဖိတ်ကြားခဲ့သည်။



ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Peace Nexus Foundation အဖွဲ့နှင့် ဒီိမိုကရေစီမိတ်ဆွေ ၁၀ ပါတီတို့သည် ရန်ကုန်မြို့ ဦးဝိစာရလမ်းနှင့် ရွှေလီလမ်းထောင့်ရှိ Peace Center  ၌ စက်တင်ဘာလ ၂၆ နေ့ မွန်းလွဲပိုင်းက တွေ့ဆုံခဲ့သည်။
Peace Nexus Foundationသည် ကမ္ဘာတစ်ဝန်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လိုက်လံအကူအညီပေးနေသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ အကူအညီပေးရန် လာရောက်လေ့လာခြင်း ဖြစ်ကြောင်း ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော ဒီမိုကရက်တစ်ပါတီ (မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေက ဆိုပါသည်။
''သူတို့က ငြိမ်းချမ်းရေးအဖွဲ့ဆိုတော့ နိုင်ငံတကာမှာရှိတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ သူတို့က လိုက်အကူအညီပေးနေတာ။  သူတို့အစိုးရနဲ့လည်း တွေ့မယ်။ နိုင်ငံရေးပါတီတွေနဲ့လည်း တွေ့တယ်။ တခြားသူတွေ နဲ့လည်း တွေ့မှာပါ။ တွေ့ပြီးတဲ့အခါမှာ သူတို့များများ နားထောင်မယ်။ နားထောင်တယ်ဆိုတာက လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေအကြောင်းပေါ့။ အခြေအနေအကြောင်းကို နားလည်ပြီးတဲ့အခါကြတော့မှ သူတို့ ဘယ်လိုကူညီရမလဲသိအောင် ကျွန် တော်တို့နဲ့ တွေ့တာပေါ့။ ကျွန်တော်တို့လည်း ကျွန်တော်တို့အမြင်တွေကို တင်ပြတာပေါ့။ လက်ရှိ တိုင်းပြည်ရဲ့ အခြေအနေမှာ ဘာလုပ်ရင်ကောင်းမလဲပေါ့နော်။ သူတို့ကတော့ ကတိပေးတာတော့ မဟုတ်ဘူးပေါ့နော်။ သူ တို့က တင်ပြထားတာ အားလုံးကိုစဉ်းစားပြီးတော့မှ ဘာပေးနိုင်လဲဆိုတာတွေကို သိရမယ်''ဟု ပြောကြားခဲ့သည်။




၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှ အားနည်းချက်များကို သုံးသပ်၍ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရမည်ဟု ၎င်းက ကတိပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် တက်ရောက်လာသော နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များသည် ရွေးကောက်ပွဲနှင့်စပ်လျဉ်းသော အကြောင်းအရာများ၊ နိုင်ငံအတွင်းပေါ် ပေါက်ခဲ့သော ရခိုင်ပြည်နယ်အရေး ကိစ္စများ၊ အလုပ်သမားရေးကိစ္စများ စသည့်အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
''ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲတွေကို အကောင်းဆုံးဖြစ်အောင် ကျင်းပပေးနိုင်ခဲ့ပေမယ့် အားနည်းချက်တချို့ ရှိခဲ့တယ်ဆိုတာကို ၀န်ခံခဲ့တယ်။ နောင်လာမယ့် ရွေးကောက်ပွဲတွေကို နိုင်ငံတကာအဆင့်မီအောင် ကြိုးစားနေတယ်ဆိုတာလည်း ပြောသွားပါတယ်''ဟု တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောကြားခဲ့သည်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌသည် တက်ရောက်လာသော နိုင်ငံရေးပါတီများအား ပါတီတစ်ခုချင်းစီအလိုက် ဆွေးနွေးတင်ပြခွင့်များ ပေးခဲ့ကြောင်း သိရသည်။
''လက်ရှိ မြန်မာနိုင်ငံ အခြေအနေဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးကာလဖြစ်တာကြောင့် နိုင်ငံရေး ပါတီတွေအနေနဲ့ တတ်နိုင်တဲ့နေရာက ပါဝင်လုပ်ဆောင်ချင်ပါကြောင်း၊ ဒီမိုကရေစီမှာ အခွင့်အရေးရှိသလို တာဝန်လည်းရှိတာကြောင့် ပြည်သူ တိုင်းပါဝင်သင့်ကြောင်း၊ လုပ်ချင်တာ လုပ်ခွင့်၊ ပြောချင်တာ ပြောခွင့်ရတာဟာ ဒီမိုကရေစီမဟုတ်သေးကြောင်း၊ တချို့အောက် ခြေနေရာတွေမှာ ဒီမိုကရေစီပြောင်းလဲမှုနဲ့ ပတ်သက်လို့ နားလည်သဘောပေါက်မှု မရှိတာကြောင့် သဘောထား ကွဲလွဲမှုများ ရှိနေပါကြောင်း၊ ကွဲလွဲမှုတွေရှိသလို ကွဲလွဲမှုများအကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း စတာတွေကို တင်ပြဆွေးနွေးဖြစ်ခဲ့ပါတယ်''ဟု ဦးသုဝေက ဆက်လက်ပြောပါသည်။

ပြည်နယ်နှင့်တိုင်း အစိုးရများ ဘဏ္ဍာငွေလိုအပ်နေ


ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ အများစုသည် ၎င်းတို့ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ရန်နှင့် ဌာနဆိုင်ရာဝန်ထမ်းများကို လစာပေးဆောင်ရန် ဘဏ္ဍာငွေ အခက်အခဲဖြစ်နေကြောင်း သိရသည်။
ပြည်နယ်၊ တိုင်းဒေသလွှတ်တော် အသီးသီး၏ စတုတ္ထအကြိမ်မြောက် ပုံမှန်အစည်းအဝေးများအား ယခုရက်ပိုင်းအတွင်း ကျင်းပလျှက်ရှိရာ ဘဏ္ဍာငွေသုံးစွဲမှုကိစ္စ အဓိကဆွေးနွေးကြပြီး အများစုမှာ လိုငွေပြနေကြောင်း ပြည်နယ်၊ တိုင်းဒေသ လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့၌ ကျပ် ၈၅ ဘီလီယံကျော် လိုအပ်နေကြောင်း၊ ထိုသို့ လိုအပ်နေခြင်းမှာ တံတား ၄ စင်း တည်ဆောက်နေရခြင်းကြောင့်ဟု တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက ယမန်နေ့တွင် ကျင်းပသည့် လွှတ်တော် အစည်းအဝေး၌ ပြောဆိုသွားကြောင်း၊ ဘတ်ဂျက်လိုငွေပြမှု စာရင်းဇယား ကိန်းဂဏန်းများကိုလည်း ကိုယ်စားလှယ်များထံ ကြိုတင်ဝေငှထားမှု မရှိ၍ ဆွေးနွေးခွင့် မရဟု သိရသည်။

ကြေးနီစီမံကိန်းကုမ္ပဏီနှစ်ခု သတင်းစာရှင်းလင်းပွဲ ပြုလုပ်

စစ်ကိုင်းတိုင်း၊ မုံရွာဒေသတ၀ိုက်မှာ လုပ်ကိုင်နေတဲ့ ကြေးနီ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး မြန်မာ-၀မ်ဘိုကုမ္ပဏီနဲ့ မြန်မာ-ယမ်စီကုမ္ပဏီတို့ ပူးပေါင်းပြီး ပထမဆုံးအကြိမ် ဂရင်းမီးရထား ဟိုတယ်မှာ မနေ့ကမနက်ပိုင်းက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
အဲဒီသတင်းစာရှင်းလင်းပွဲမှာ ကြေးနီစီမံကိန်းတွေ လုပ်ကိုင်နေမှုနဲ့ ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ဆောင်ရွက်နေမှုတွေ အပါအ၀င် မြေယာသိမ်းဆည်းမှုတွေကို အဓိကထား ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ကြေးနီစီမံကိန်းတွေရဲ့ အုပ်ချုပ်မှုမန်နေဂျာ ဦးမြင့်သိန်းက RFA ကို အခုလို ပြောပြပါတယ်။
"ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လယ်အသိမ်းခံနဲ့ ပတ်သက်ပြီးတော့ အဓိကထားပြီး ရှင်းလင်းတာဖြစ်ပါတယ်။ ရွာသူ ရွာသားတွေ မနစ်နာအောင် ရေရှည်သူတို့စားဖို့ နေဖို့ အဆင်ပြေသွားအောင် ရွေ့ခိုင်းတယ်ဆိုရင် အိမ်အသစ်ဆောက်ပေးတယ်။ အခုဆောက်ပေးတာ အိမ်အဟောင်းထက် အများကြီးသာတယ်။ ရေလည်း အိမ်အထိ၊ မီးလည်းအိမ်အထိ ဆောက်ထားပါတယ်။ ပြီးလို့ရှိရင် မိသားစုဖို့ကို အနည်းဆုံးတစ်ယောက် ကုမ္ပဏီဝန်ထမ်း အဖြစ် ခန့်ထားဖို့ စီစဉ်မှာဖြစ်ပါတယ်။ အခုအကောင်အထည် ဖော်နေပါပြီ"
ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေအထိ ဖြစ်ပေါ်နေတဲ့ကိစ္စတွေမှာ ဖြေရှင်းဖို့ ကုမ္ပဏီအနေနဲ့ခက်ခဲတဲ့အပြင် ဒေသခံတွေရဲ့ တောင်းဆိုနေမှုတွေကိုလည်း မြန်မာ-၀မ်ဘိုကုမ္ပဏီအနေနဲ့ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမယ်လို့ ဦးမြင့်သိန်းက အခုလို ဆက်ပြောပါတယ်။
"အခုတောင်းဆိုချက်က စီးပွားရေးတောင်းဆိုချက် မဟုတ်တော့ပါဘူး။ နိုင်ငံရေးတောင်းဆိုချက်နဲ့ ပတ်သက်ပြီးတော့ သူတို့ကအခု ဆောင်ရွက်နေတယ်။ သူတို့နဲ့အဆင်ပြေအောင် ညှိနှိုင်းဖို့တော်တော်လေး အခက်အခဲရှိသွားပြီ။ တကယ်တန်းသူတို့ မကျေနပ်မှု ရှိရင်လည်း ပွင့်ပွင့်လင်းလင်း ခင်မင်ရင်းနှီးစွာနဲ့ ကျွန်တော်တို့ သူတို့နဲ့ ညှိချင်ပါတယ်"
မြန်မာ-ယမ်စီကုမ္ပဏီမှာဆိုရင် လက်ရှိ မြန်မာဝန်ထမ်း ၁၄၀၀ ကျော် အလုပ်ခန့်ထားပြီး မြန်မာ ၀မ်ဘိုကုမ္ပဏီရဲ့ လက်ရှိတည်ဆောက်ရေး ကာလအတွင်းမှာလည်း မြန်မာဝန်ထမ်းပေါင်း ၆၀၀ ကျော် အလုပ်ခန့်ထားတယ်လို့ သိရပါတယ်။
ကြေးနီစီမံကိန်းတွေ ဆောင်ရွက်နေတဲ့ နေရာတွေဟာ မြန်မာ-၀မ်ဘိုကုမ္ပဏီက လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းဖြစ်ပြီး မြန်မာ-ယမ်စီ ကုမ္ပဏီက စံပယ်တောင် ကြေးစင်စီမံကိန်း ဖြစ်တယ်လို့ သိရပါတယ်။
စီမံကိန်း အကောင်အထည်ဖော်ဖို့ လယ်မြေသိမ်းယူခံထားရတဲ့ ဆည်တဲ၊ ကျော်၊ မိုးကြိုးပြင်၊ အလယ်ရွာ စတဲ့ ကျေးရွာပေါင်း (၂၆) ရွာဟာ အဲဒီလက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့ ဒေသခံတောင်သူတွေမှာ နည်းလမ်းအမျိုးမျိုးနဲ့ ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ပေမယ့် အခုအချိန်ထိ ကြေးနီစီမံကိန်းကို လုပ်ကိုင်နေဆဲပဲလို့ သိရပါတယ်။
အဲဒီကြေးနီစီမံကိန်းတွေကို စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက မြန်မာ-၀မ်ဘိုနဲ့ မြန်မာ-ယမ်စီ တရုတ်ကုမ္ပဏီတို့နဲ့ ဖက်စပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment