နိုင်ငံတကာသတင်း

 

လစ်ဗျား အမေရိကန်သံရုံး လုံခြုံရေး ပျက်ကွက်ခဲ့


လစ်ဗျားနိုင်ငံရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို ပြီးခဲ့တဲ့လက တိုက်ခိုက်ခံရမှုအတွက် သူ့မှာ တာဝန် ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ပြောဆို လိုက်ပါတယ်။ နိုင်ငံခြားရေး ၀န်ကြီး တယောက်အနေနဲ့ ကမ္ဘာတ၀န်းက အမေရိကန် နိုင်ငံခြားရေး ၀န်ထမ်းတွေရဲ့လုံခြုံရေးအတွက် တာဝန်ယူရတာဖြစ်လို့ ၀န်ကြီး ကလင်တန် က ပြောဆိုလိုက်တာပါ။

ပီရူးနိုင်ငံကိုရောက်ရှိနေတဲ့ ၀န်ကြီးကလင်တန်က ရုပ်မြင်သံကြားတွေ့ဆုံမေးမြန်းခန်းမှာ တနင်္လာနေ့ ကပြောဆိုတာပါ။ အမေရိကန်သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေရဲ့ လုံခြုံရေးဝန်ထမ်းတွေ အခြေအနေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် အသေးစိတ်တွေကို သမ္မတအိုဘားမားနဲ့ ဒုသမ္မတ ဂျိုးဘိုင်ဒင်တို့ အနေနဲ့ မသိနိုင်ဘူးလို့ ဆိုပါတယ်။

လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့ အမေရိကန်သံတမန် ၃ ဦးသေဆုံးခဲ့ရတဲ့ စက်တင်ဘာ လ ၁၁ ရက်နေ့ က တိုက်ခိုက်ခံရတဲ့အဖြစ်မျိုးဟာ အဲဒီလိုမျိုးအချိန်မှာ အမြဲတစေ သဲသဲ ကွဲကွဲ မသိနိုင်ဘူးလို့ ၀န်ကြီးကလင်တန်က ရှင်းလင်းပြောဆိုလိုက်ပါတယ်။

သမ္မတရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ Republican သမ္မတလောင်း Mitt Romney  Benghazi ရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို လုံလောက်တဲ့ လုံခြုံရေးအင်အားဖြည့်ဆည်းမပေးခဲ့ဘူးလို့ သမ္မတ အိုဘားမားကို ဝေဖန်နေတာကြောင့် အခုလိုဖြေရှင်းပေးနေတာဖြစ်ပါတယ်။ ဒီကိစ္စကို နိုင်ငံရေးအရ အသုံးချပြီး အပြန်အလှန် အပြစ်ဖို့တန်း မကစားစေလိုဘူးလို့လည်း ၀န်ကြီး ကလင်က ထောက်ပြ လိုက်ပါတယ်။

 

ဒုတိယအကျော့ သမ္မတလောင်း စကားစစ်ထိုးပွဲ


အမေရိကန်သမ္မတရဲ့အကြံပေးတွေက အင်္ဂါနေ့ညသမ္မတရွေးကောက်ပွဲ မျက်နှာချင်း ဆိုင် စကားစစ်ထိုးပွဲမှာ Barack Obama အနေနဲ့ ပြိုင်ဘက် Mitt Romney ထက် ပိုအားကောင်းအောင် ပြောနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ် အောက်တိုဘာ သုံးရက်မှာလုပ်တဲ့ ပထမအကြိမ် စကားစစ်ထိုးပွဲတုန်းကတော့ သမ္မတ Obama အနေနဲ့ Mr. Romney နဲ့ ယှဉ်ပြောရာမှာ ပြင်ဆင်မှုအားနည်းခဲ့ပြီး အသက်မပါ သလို ပြောခဲ့တာအတွက် ပြင်းပြင်းထန်ထန် ဝေဖန်တာတွေ ခံခဲ့ရပါတယ်။

အဲ့ဒီပွဲတုန်းက Massachusetts ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Mr. Romney က Mr. Obama ထက် အများကြီး ပိုအသက်ပါပြီး အားရပါးရ တက်တက်ကြွကြွပြောနိုင်ခဲ့တယ်လို့ သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။

သမ္မတ Obama ရဲ့ အခုလို အရင်တခေါက်အားနည်းသွားခဲ့မှုကြောင့် အရင် လူထုစစ်တမ်းတွေ မှာ ထောက်ခံမှုနည်းခဲ့ရတဲ့ Mr. Romney အနေနဲ့ အခုလူထုထောက်ခံမှု စစ်တမ်းသစ်တွေ မှာတော့ ထောက်ခံမှု ပိုရလာနေတာကြောင့် အခုဆိုရင် သူတို့အပေါ်လူထုထောက်ခံမှု စစ်တမ်း ရလဒ်တွေက တယောက်နဲ့တယောက် မတိမ်းမယိမ်း ဖြစ်နေပါပြီ။

ခုလိုအပြိုင်အဆိုင်ဖြစ်နေချိန်မှာ ယမန်နေ့အင်္ဂီါနေ့ည(အမေရိကန် ဒေသစံတော်ချိန်) New York မှာလုပ်မယ့် မျက်နှာချင်းဆိုင် စကားစစ်ထိုးပွဲက လူထုတက်ရောက်မေးမြန်းတဲ့ ပွဲမျိုးဖြစ်မှာမို့ ကြိုတင်ရွေးချယ် ထားခံထားရပြီး ဘယ်သူ့ကို မဲပေးမယ်ဆိုတာ မဆုံးဖြတ်ရသေးတဲ့ မေးခွန်းထုတ်မယ့် သူတွေ ဘက်ကလည်း Mr. Obama ကိုရော Mr. Romney ကိုပါ မေးခွန်းတွေမေးဖို့ ပြင်ဆင် ထားကြပြီး ဖြစ်ပါတယ်။

သမ္မတ Obama အနေနဲ့ ပြီးခဲ့တဲ့ တပတ်ရက်တွေ အတော်များများမှာ ယမန်နေီ့ညစကားစစ်ထိုးပွဲအတွင်း အရင်တခေါက်ထက် ပိုကောင်းအောင် ပြောနိုင်ရေးအတွက် Virginia ပြည်နယ်က Williamburg မြို့မှာ ကြိုတင်ပြင်ဆင်နေခဲ့ပါတာမို့ သူ့အကြံပေးတွေကလည်း ဒီတခေါက်မှာ Mr. Obama အနေနဲ့ ပိုအားကောင်းမောင်းသန် ယှဉ်ပြောနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်နေကြတာ ဖြစ်ပါတယ်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment