မြန်မာ သတင်းများ  အောက်တိုဘာ ၀၇ ၊ ၂၀၁၂

မြန်မာနိုင်ငံ ကူညီထောက်ပံ့ရေး ဥပဒေ အမေရိကန်ပြဌာန်း



မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ စီးပွားရေးဆိုင်ရာ မူဝါဒနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ချုပ်ရေးစနစ် ပေါ်ပေါက် လာဖို့အတွက် အမေရိကန် အစိုးရနဲ့ လွှတ်တော်က ဥပဒေသစ်နဲ့ ပြသလိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက ပြောလိုက်ပါတယ်။ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းကြီးတွေ က မြန်မာနိုင်ငံအပေါ် ကူညီထောက်ပံ့နိုင်ရေး အမေရိကန်က ထောက်ခံတဲ့ ဥပဒေကို သမ္မတ ဘရက်အိုဘားမား (Barack Obama) က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီး နောက်မှာ ဒုတိယ ဘဏ္ဍာရေးဝန်ကြီး Neal Wolin က ကြေညာချက်ထုတ်ပြန် ပြောလိုက်တာဖြစ်ပါတယ်။

အရင်စစ်အစိုးရအပေါ် အမေရိကန် အစိုးရက အရေးယူ ဒဏ်ခတ်ခဲ့တဲ့ထဲမှာ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းကြီးတွေက မြန်မာနိုင်ငံအပေါ် ကူညီထောက်ပံ့မှု မပေးရဆိုတာ ပါပါတယ်။ အဲဒီပိတ်ဆို့ ဒဏ်ခတ်မှုကို ဖယ်ရှားပေးပြီး မြန်မာနိုင်ငံအပေါ် ကူညီထောက်ပံ့မှုတွေ ပြန်ပေးနိုင်ရေး ဥပဒေကို သောကြာနေ့က သမ္မတ Barack Obama က လက်မှတ်ရေးထိုး အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ အကူအညီပေးရေးကို အမေရိကန်က ထောက်ခံတဲ့ ဥပဒေကြမ်းကို အမေရိကန် လွှတ်တော် ၂ ရပ်လုံးမှာ အတည်ပြုခဲ့ပြီးနောက် သမ္မတက လက်မှတ်ထိုး ဥပဒေပြဌာန်းခဲ့တာ ဖြစ်ပါတယ်။

ဒီလုပ်ရပ်ဟာ  မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ စီးပွားရေးမူဝါဒနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး စနစ် ပေါ်ပေါက်လာဖို့အတွက် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့တွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ထောက်ခံကြောင်း အမေရိကန်အစိုးရနဲ့ လွှတ်တော်က ပြသလိုက်တာဖြစ်တယ်လို့ လက်ထောက် ဘဏ္ဍာရေးဝန်ကြီး Neal Wolin က ကြေညာချက် ထုတ်ပြန်ပြောကြား ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အလုံးစုံ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့  နိုင်ငံတကာ စီးပွားရေး အသိုင်းအဝိုင်းထဲကို တသားတည်းအဖြစ် ပြန်လည်ဝင်ရောက်နိုင်ဖို့လည်း ဒီဥပဒေက အထောက်အကူ ဖြစ်စေမယ် လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အရင်အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူ ဒဏ်ခတ်မှုတွေကြောင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့လို နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ အနေနဲ့ ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ ပေးလို့ မရခဲ့ပါဘူး။ သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်မှာတော့ IMF က ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေကို ပေးနေပါတယ်။ ကမ္ဘာ့ဘဏ်တို့ အာရှဖွံ့ဖြိုးရေးဘဏ် တို့က  မြန်မာနိုင်ငံကို ပြန်လည် ငွေချေးဖို့ ကိစ္စကတော့ အရင်တင်နေတဲ့ အကြွေးတွေ ပြန်ဆပ်တဲ့ အပေါ်မှာလည်း မူတည်နေပါတယ်။ ဒီလို နိုင်ငံတကာ ဘဏ္ဍာရေး လုပ်ငန်းကြီးတွေရဲ့ ဆောင်ရွက် ချက်တွေ၊ မူဝါဒတွေအပေါ်မှာ လွှမ်းမိုး လုပ်ပိုင်ခွင့်ရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥပဒေသစ်ကို အကောင်အထည် ဖော်ခြင်းအားဖြင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု ရှိတဲ့ မြန်မာအစိုးရ ဖြစ်လာရေး၊ ပြုပြင်ပြောင်းလဲရေးတွေမှာ ရှေ့တိုးဆောင်ရွက်အောင် တွန်းအားပေးနိုင်လိမ့်မယ်လို့ အမေရိကန် လက်ထောက် ဘဏ္ဍာရေးဝန်ကြီး Neal Wolin ကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေ အပေါ်မှာ တဆင့်ချင်း တုံ့ပြန်သွားမယ်လို့ ပြောထားတဲ့ အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့ထားတဲ့ ဒဏ်ခတ်မှုတွေကို တခုချင်း ဖယ်ရှားပေးနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လ ကုန်ပိုင်း အမေရိကန်မှာ ရောက်နေတဲ့ သမ္မတဦးသိန်းစိန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hllary Clinton) တွေ့ဆုံ ခဲ့ပြီးနောက်မှာလည်း မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေကို အမေရိကန်ပြည်ထောင်စုဆီ တင်သွင်းခွင့် ပိတ်ပင်ထားတာကို ပြန်လည် ခွင့်ပြုတော့မယ်လို့ အမေရိကန်အစိုးရက ကြေညာခဲ့ပါတယ်။


ပြည်ပရောက် မြန်မာများအနေဖြင့် ပြည်သူပြည်သားများနှင့်အတူ ၀ိုင်းဝန်းရုန်းကန်မည်ဟူသော စိတ်ဖြင့်သာ ပြည်တွင်းသို့ ပြန်ဝင်ရောက်ခဲ့ပါဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ပြည်ပရောက် မြန်မာများအနေဖြင့် ပြည်သူပြည်သားများနှင့်အတူ ၀ိုင်းဝန်းရုန်းကန်မည်ဟူသော စိတ်ဖြင့်သာ ပြည်တွင်းသို့ပြန်ဝင်ရောက်ခဲ့ပါဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့ သော အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို မြန်မာမိသားစုများနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံကို ကယ်တင်ရန်ဟုဆိုကာ ပြည်ပကလူများ ပြန်ဝင်နေသည့်အပေါ် အကြံပြုချက် တောင်းခံသည့် အပေါ်တွင် ၎င်းကပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
''ကျွန်မကိုယ်တိုင်လည်း မြန်မာနိုင်ငံကို ကယ်တင်နိုင်မယ်။ ကယ်တင်ရှင်ကြီးလို့ ဘယ်တုန်းကမှ စိတ်ထဲမှာ မထားခဲ့ပါဘူး။ ကျွန်မ တတ်နိုင်သလောက်ရုန်းကန်ပြီးတော့ ကျွန်မတို့ လိုလားတဲ့ နိုင်ငံတစ်ခုဖြစ်အောင် လုပ်သွားမယ်ဆိုတဲ့ စိတ်ပဲ ထားပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံကို ကယ်တင်ဖို့ ဆိုပြီးတော့ ပြန်မလာခဲ့ပါနဲ့။ မြန်မာနိုင်ငံမှာ ၀ိုင်းပြီးတော့ ပြည်သူပြည်သားတွေနဲ့အတူ ရုန်းကန်မယ်ဆိုတဲ့ စိတ်နဲ့ပဲပြန်လာခဲ့ပါလို့ ပြောချင်ပါတယ်''ဟု ၎င်းက ထည့်သွင်းဖြေကြားခဲ့သည်။
ဒီမိုကရေစီနိုင်ငံတော်တစ်ခု ထူထောင်ခြင်းဆိုသည်မှာ ပြည်သူပြည်သားများက ဒီမိုကရေစီလုပ်ထုံးလုပ်နည်းများနှင့်အညီ ယဉ်ပါးရန် ဖြစ်ပါကြောင်း၊ ယခုအခါ ပြည်သူပြည်သား တော်တော်များများက ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများက ဘာလဲဆိုသည်ကိုတောင် မသိကြသေးကြောင်း၊ ယခု ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေသည်ဆိုသော်လည်း အများစုမှာ အာဏာသည် အစိုးရလက်ထဲတွင်သာရှိနေသည်ဟု မြင်နေကြသေးကြောင်း၊ ထို့ကြောင့် ပြည်သူပြည်သားများအနေဖြင့် အာဏာသည် ပြည်သူပြည်သားများ၏ လက်ထဲတွင်ရှိနေသည် ဆိုသည်ကို သေသေချာချာမြင်နိုင်မှ ဒီမိုကရေစီအဖွဲ့အစည်းတစ်ခုကို ထူထောင်နိုင်မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ မြင်နိုင်ရန်အတွက် မြန်မာနိုင်ငံကို ကူညီသူများ အနေဖြင့် လုပ်ဆောင်ပေးကြရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းများမေးခြင်းမတိုင်မီ ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
''တချို့က ပြန်သွားပြီးလို့ရှိရင် ကိုယ်ဘာရနိုင်မလဲလို့ ကြည့်ကြတယ်။ အဲဒါကတော့ မသင့်တော်ပါဘူး။ ရေတိုမှာတော့ ရချင်ရမှာပေါ့။ ရေရှည်မှာတော့ တကယ့်စိတ်ကျေနပ်မှုရမှာ မဟုတ်ဘူး။ ကိုယ့်မှာ စိတ်ကျေနပ်မှုမရဘူးဆိုရင် ကိုယ်ရခဲ့တဲ့ ရလာဒ်တွေက အလကားပဲ။ အဲဒီတော့ ကိုယ်ဘာပေးနိုင်သလဲဆိုတာ သေသေချာချာစဉ်းစားပါ''ဟု ဒေါ် အောင်ဆန်းစုကြည်က မိန့်ခွန်းပြောရာတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
ပြည်သူများ၏အင်အားကို ပံ့ပိုးသည့်နည်းဖြင့်ကူညီကြရန်၊ အင်အားရှိပြီးသားသူများကို ပံ့ပိုးသည့် အနေဖြင့် မကူညီကြရန် မေတ္တာရပ်ခံလိုပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဂီတ အစည်းအရုံးသစ်ရဲ့ ပွင့်ပွင့်လင်းလင်း အကြွေးစာရင်း

လက်ရှိ ပြန်လည် ဖွဲ့စည်းလိုက်တဲ့ ဂီတအစည်းအရုံးသစ်ရဲ့ ပထမဆုံး လုပ်ဆောင်ချက်ကတော့ ရရန်ရှိ အကြွေးစာရင်း ထုတ်ပြန်ချက် ဖြစ်ပါတယ်။ ပြည်တွင်း FM ရေဒီယိုလိုင်းတွေကနေ ဂီတအစည်းအရုံးကို တေးသီချင်း အသုံးပြုခွင့်အနေနဲ့ ငွေကျပ် သိန်းထောင်နဲ့ချီပြီး အကြွေးပေးဖို့ ကျန်နေတယ်လို့ သိရပါတယ်။
ဒီလို အကြွေးကျန်နေတဲ့ FM တွေထဲက အများဆုံးဖြစ်တဲ့ မန္တလေး FM ကတော့ ကျပ်သိန်းပေါင်း ၁၇၄၀ ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က လာဆပ်သွားပြီလို့ ဂီတအစည်းအရုံး စည်းရုံးရေးမှူးဖြစ်တဲ့ အဆိုတော် သားစိုးက ဧရာဝတီကို ပြောပါတယ်။ဂီတ အစည်းအရုံးဟောင်းလက်ထက်မှာ အကြိမ်ပေါင်း ၂၀ မက တောင်းခဲ့တဲ့ အကြွေးတွေကို မပေးသွင်းခဲ့ဘဲ အခုမှစပြီး လာပေးတာဖြစ်တယ်၊ တခြား FM တွေလည်း လာပေးကြလိမ့်မယ်လို့ ကိုသားစိုးက ပြောပါတယ်။ ဒါ့အပြင် ရှေ့ဆက်ပြီး ဂီတအစည်းအရုံးရဲ့ လုပ်ဆောင်ချက်တွေကို ဘာမှ ထိန်ချန်ထားခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်း လုပ်ဆောင်သွားတော့မှာ လို့လည်း ကိုသားစိုးက ဆိုတယ်။


လွတ်လပ်သော သတင်းစာသည်သာ သမိုင်းကိုပြောနိုင်ကြောင်း ဟံသာဝတီ ဦးဝင်းတင်ပြောကြား


လွတ်လပ်သော သတင်းစာသည်သာ သမိုင်းကိုပြောနိုင်ကြောင်း ဟံသာဝတီဦးဝင်းတင်က ‘သတင်းစာ များက သမိုင်းကိုပြောနေကြသည်’ ဆွေးနွေးပွဲတွင်ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို အောက် တိုဘာလ ၆ ရက်နေ့က ရန်ကုန်မြို့ ရှိ Central Hotel တွင် သံလွင် (Citizen Empowerment Program) က စီစဉ်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲတွင် ၀ါရင့်သတင်းစာဆရာကြီးများ ဖြစ်ကြသည့် ဟံသာဝတီဦးဝင်းတင်နှင့် ကြေးမုံဦးကိုကိုကြီးတို့က သတင်းစာနှင့်သမိုင်းဆက်နွှယ်ပုံ အကြောင်းများကို ဟောပြော ဆွေးနွေးခဲ့ကြသည်။
“လွတ်လပ်တဲ့ သတင်းစာကသာ သမိုင်းကို ပြောနိုင်ပါတယ်။ နောက်ထပ်တစ်ခုက သတင်းစာတစ်စောင်ဟာ အနှောင်အဖွဲ့ကင်းရပါမယ်။ စာနယ်ဇင်းသမားတွေဟာ မိမိတို့ဆိုင်ရာ ကဏ္ဍရဲ့သမိုင်းတွေကို လေ့လာမှု ရှိရပါမယ်”ဟု ဟံသာဝတီဦးဝင်းတင် က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ စာနယ်ဇင်းသမားဘ၀မှာ အတော်လေးခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရတယ်။ အရင်အချိန်က သတင်းစာသမားတစ်ယောက်ဖြစ်ဖို့ ဆိုတာ ဒီကနေ့ခေတ် လောက်မလွယ်ကူပါဘူး။ အခုအချိန် မှာသတင်းလွတ်လပ်ခွင့်အထိုက်အ လျောက်ရနေပြီ၊ ရေးသားခွင့်ရနေပြီဆိုတော့ ရှေ့မှာလျှောက်လှမ်းခဲ့ကြတဲ့ သတင်းစာဆရာကြီးတွေရဲ့အကြောင်းကို လေ့လာသင့်ပါတယ်။ စတုတ္ထမဏ္ဍိုင်ဆိုတာ ကျန်တဲ့မဏ္ဍိုင် သုံးရပ်ကို တည့်မတ်အောင်ထိန်း ကျောင်းပေးရတဲ့ အနေအထားဖြစ်တဲ့ အတွက် ဒီစတုတ္ထမဏ္ဍိုင်မှာရှိတဲ့ သ တင်းစာသမားတွေဟာ ကိုယ့်ရဲ့အတွေးအခေါ်၊ ရပ်တည်ချက် အမြင်တွေနဲ့ သွားနေတဲ့သမိုင်းမှတ်တမ်းတွေကို တင်ပြရပါမယ်။ သတင်းစာသမား တွေဟာ ခံယူချက်ဝမ်းစာပြည့်ရပါ မယ်။ ၀မ်းစာဆိုတာ အမှားအမှန်ကို တွေးခေါ်တတ်ရမယ်၊ ဝေဖန်ပိုင်းခြားတတ်ရမယ်၊ ရဲရဲဝံ့ဝံ့တင်ပြရဲတယ်ဆိုတဲ့ ခံယူချက်တွေနဲ့လုပ်ဖို့လိုပါတယ်။ အမှန်ဘက်က ရပ်တည်ယုံတင်မကဘဲ အမှားကိုလည်းဖော်ထုတ်ရမယ်။ အမှားကိုဖြိုခွဲရမယ်ဆိုတဲ့ ရပ်တည် ချက်နဲ့ ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းလိုပါတယ်”ဟု ကြေးမုံ ဦးကိုကိုကြီးက ပြောကြားခဲ့သည်။
“အားလုံးသိတဲ့အတိုင်း  ဒီမိုကရေစီဖော်ဆောင်ရေးနဲ့ ဒီမိုကရေစီစနစ်မှာ စတုတ္ထမဏ္ဍိုင်ဟာ အရေးကြီး တဲ့ ကဏ္ဍမှာ ရှိနေပါတယ်။ အရေးကြီးတဲ့ စတုတ္ထမဏ္ဍိုင်ပိုမို အားကောင်းရေးအတွက် ကျွန်တော်တို့ရဲ့ ပထမ ဦးဆုံးအစီအစဉ်အဖြစ် (Journalist Empowerment Program) ကို စီစဉ်ရခြင်းဖြစ်ပါတယ်။ ဒီအစီအစဉ်ပြီး ရင် မြန်မာ့နိုင်ငံရေး နောက်ခံသမိုင်း ကြောင်းကို ဆရာကြီးဒေါက်တာကျော် ၀င်း (သမိုင်းဌာန၊ ပါမောက္ခအငြိမ်း စား၊ ရန်ကုန်တက္ကသိုလ်) ကို အပိုင်းလေးပိုင်းခွဲပြီး ပို့ချဖို့စီစဉ်ထားပါတယ်။ နယ်မြို့တွေမှာလည်း ဒီလိုမျိုးဆောင် ရွက်သွားဖို့ ရှိပါတယ်”ဟု သံလွင်အဖွဲ့မှ ကိုဇော်မင်းကျော်က ပြောကြား ခဲ့သည်။
သံလွင်အဖွဲ့သည် မြန်မာ့လူ့ အဖွဲ့အစည်းအတွင်း ဒီမိုကရေစီ အလေ့အထများ ပိုမိုဖွံ့ဖြိုးစေရန်နှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ အားကောင်းလာစေရန် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment