အောက်တိုဘာလ ၂၁ ရက်နေ့မှ စတင်ခဲ့သော မင်းပြားနှင့် မြောက်ဦးတို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများရှိနေပြီး ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်များကြောင့်  လက်ရှိတွင် ရွာခြောက်ရွာမှ တဲအိမ် ၆၆၀ မီးလောင်ကျွမ်းခဲ့ပြီး သေဆုံးသူငါးဦးနှင့် ဒဏ်ရာရသူ ၁၁ ဦး ရှိပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အစောပိုင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။
မြောက်ဦးမြို့နယ်တွင် ယိုင်သည်ကျေးရွာနှင့် ပုရိန်ကျေးရွာ၊ မင်းပြားမြို့နယ်တွင် ပိုက်သည်၊ စမ်းပလေ၊ အောင်ဒိုင်၊ သရက်အုပ်ကျေးရွာများမှ တဲအိမ် ၆၆၀ လုံးနှင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ ဗလီ နှစ်လုံးတို့ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူများတွင် ရခိုင်တိုင်းရင်းသား သုံးဦး၊ ဘင်္ဂါလီအမျိုးသမီး နှစ်ဦးတို့ဖြစ်ကြောင်းနှင့် ဒဏ်ရာရရှိသူများတွင် မြောက်ဦးဆေးရုံတွင်ငါးဦး၊ စစ်တွေဆေးရုံတွင် ခြောက်ဦး စုစုပေါင်း ၁၁ ဦး ရှိပြီဖြစ်ကြောင်း၊ နယ်မြေခံ စစ်တပ်မှ လုံခြုံရေးအတွက် တာဝန်ယူထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီဝင် ဦးမျိုးသန့်က ပြောပါသည်။
မင်းပြားမြို့နယ် ပိုက်သည်ကျေးရွာတွင် တဲအိမ် ၁၇ လုံး၊ သရက်အုပ်ကျေးရွာတွင် မြေစိုက်တဲအိမ် ၁၅၀ နှင့် သွပ်မိုးပျဉ်ကာ အိမ် ၁၀ လုံးခန့်၊ စမ်းပလေကျေးရွာတွင် တဲအိမ် ၁၀၀၊ ဗလီ တစ်လုံး၊ အာရဗီစာသင်ကျောင်း တစ်ကျောင်း၊ အောင်ဒိုင်ကျေးရွာတွင် တဲအိမ် ၂၀၀ ခန့်၊ မြောက်ဦးမြို့နယ် ယိုင်သည်ကျေးရွာတွင် တဲအိမ် ၅၀၊ ဗလီ တစ်လုံး၊ ပုရိန်ကုန်းကျေးရွာတွင် တဲအိမ် ၁၄၃ လုံးနှင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း မီးလောင်ကျွမ်းခဲ့ကြောင်းနှင့် လက်ရှိတွင် ဒေသလုံခြုံရေးအတွက်လည်း ခမရ ၅၄၀ နှင့် ၃၇၄ တို့တာ ၀န်ယူထားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားခဲ့သည်။
 ရခိုင်ပြည်နယ် မင်းပြားမြို့နှင့် မြောက်ဦးမြို့တို့တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ အား အောက်တိုဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်ပြီး ည ၇ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရခြင်းဖြစ်ကြောင်း သိရသည်။
မင်းပြားမြို့တွင် အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၁၁ နာရီခန့်တွင် မင်းပြားမြို့ ပိုက်သည်ရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၇ နာရီ အချိန်တွင် သရက်အုပ်ကျေးရွာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မြောက်ဦးမြို့နယ် ပရိန်ကျေးရွာတွင်လည်း မီးလောင်မှုများ ထပ်မံဖြစ်ပွားခဲ့သည်။ သေဆုံးသူများမှာ ဦးအောင်မိုး အသက်(၃၈)နှစ်၊ ဘီလူးရွာ၊ ကိုမောင်ဌေးဝင်း အသက် (၂၁)နှစ်၊ ပန်းမြောင်းကျေးရွာနှင့် ဦးမောင်ဘုချေ အသက်(၄၀)နှစ်၊ မြင်းခုန်တန်းကျေးရွာတို့ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ဒဏ်ရာရသူများမှာ ရှစ်ဦးရှိခဲ့ကြောင်းနှင့် ၎င်းတို့အနက် မြောက်ဦးဆေးရုံတွင် ငါးဦး၊ စစ်တွေဆေးရုံတွင်သုံးဦး ဆေးကုသခံလျက်ရှိသည်။ စစ်တွေဆေးရုံသို့ ရောက်ရှိနေသူများမှာ မြင့်ခိုင်အောင် (၄၀နှစ်) ပန်းမြောင်း၊ ညာခြေထောက်၊ လှံဒဏ်ရာ၊ ပန်းမြောင်းကျေးရွာ၊ မောင်ထွီးစိန် (၂၅ နှစ်) ၀ဲဘက်ဗိုက်မှ ကျောသို့ပေါက်ထွက်သည့် လှံဒဏ်ရာ၊ ကျောင်းတောင်ရွာနှင့် မောင်မောင်ခိုင်(၃၀နှစ်) ဓါးဒဏ်ရာ၊ မောင်သာကုန်းရွာတို့ဖြစ်ကြောင်း သိရသည်။ မင်းပြားမြို့နယ် အောင်ဒိုင်ကျေးရွာ၊ စန်းပတီးကျေးရွာ တို့တွင်လည်း မီးလောင်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
အောက်တိုဘာလ ၂၃ ရက်နေ့ ညနေပိုင်းတွင်ရရှိသော သတင်းအရ မြောက်ဦးဆေးရုံတွင် ဒဏ်ရာရသူသုံး ဦးရောက်ရှိနေပြီဖြစ်ပြီး မြောင်းဘွေ ဆေးရုံတွင် တစ်ဦးရောက်ရှိနေကြောင်း သိရသည်။ မြောက်ဦးဆေးရုံတွင် ရောက်ရှိနေသူများမှာ မြောက်ဦးမြို့နယ်၊ ကျေးပင်လယ်ကျေးရွာနေ အောင်လင်း(၁၈နှစ်) ခြေသလုံး သေနတ်ဒဏ်ရာ၊ မြောက်ဦးမြို့နယ်၊ ကမ္ဘလေကျေးရွာနေ ကိုညီဝင်း(၂၈ နှစ်) ဦးခေါင်း သေနတ်ဒဏ်ရာ၊ မြောက်ဦးမြို့ ဆင်ချဆိပ်ရပ်ကွက်သစ်နေ ကိုမောင်စိုးညွန့်(၄၂နှစ်) ကျောကုန်းမီးလောင် ဒဏ်ရာတို့ဖြစ်ပြီး အောင်လင်းနှင့် ကိုညီဝင်းတို့မှာ ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံသို့ ပို့ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ အလားတူ မြောင်းဘွေဆေးရုံတွင် မြောက်ဦးမြို့နယ်၊ အထုပ်သည်မကျေးရွာနေ မောင်သန်းချေ (၂၁ နှစ်) ခြေထောက်သေနတ် ထိမှန်ဒဏ်ရာဖြင့် ရောက်ရှိပြီး ၎င်းအား ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံသို့ ပို့ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ သေဆုံးခဲ့သူများမှာ မင်းပြားဆေးရုံသို့ ရောက်ရှိလာသည့် ရှင်ရှည်ကျေးရွာမှ ဦးမောင်ထွီးနှင့် ဆင်ဖြူဒင်ရွာသားတစ်ဦး (အမည်မသိ) တို့ဖြစ်ကြောင်း သိရသည်။
မီးလောင်မှုများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ထုတ်ပြန်ချက်တွင် အောက်တိုဘာ ၂၂ ရက်နေ့ နံက် ၈ နာရီခန့်တွင် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာအုပ်စု၊ သရက်အုပ် မူဆင်ရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသဖြင့် မင်းပြားရဲစခန်းမှူးနှင့် ခမရ ၅၄၀ မှ တာဝန်ရှိ တပ်ဖွဲ့ဝင်များ ရောက်ရှိသွားခဲ့ကြောင်း၊ ထိုအချိန်တွင် မြေစိုက်၊ ဓနိမိုး၊ ထရံကာ တဲအလုံး ၂၀ ခန့် မီးလောင်နေ သည်ကို တွေ့ရကြောင်း သိရပြီး  လုံခြုံရေးအဖွဲ့များက သေနတ် ၁၅ ချက် မိုးပေါ်ထောင် ပစ်ဖောက်ခဲ့ပြီး လူစုခွဲခဲ့ရ ကြောင်း၊ နံနက်  ၉ နာရီခန့်တွင် မီးငြိမ်းခဲ့သော်လည်း မြေစိုက်တဲအိမ် ၁၅၀ နှင့် သွပ်မိုးပျဉ်ကာအိမ် ၁၀ လုံး ခန့် မီးလောင်ကျွမ်းခဲ့ရကြောင်း သိရသည်။
ယင်းနေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ပရိန်ကုန်း ဘင်္ဂလီရွာတွင် မီးလောင်နေကြောင်း သတင်းရရှိသဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူး စစ်တွေနှင့်အဖွဲ့ သွားရောက် ထိန်းသိမ်းဆောင်ရွက်ခဲ့ပြီး ဖြစ်စဉ်မှာ သရက်အုပ် ဘင်္ဂါလီရွာမီးလောင်မှု ဖြစ်စဉ်အပေါ် ပရိန်ကုန်း ဘင်္ဂါလီရွာတွင်နေသော ဘင်္ဂါလီများမှ မခံမရပ်နိုင်ဖြစ်ပြီး ၎င်းတို့၏ တဲအိမ်များအား မီးရှို့ပြီး ထွက်ပြေးခဲ့ကြကြောင်း သိရသည်။ ထိုမီးကြောင့် ရခိုင်ရွာတွင်ရှိသော ပရိန်ကုန်းရခိုင်ရွာတွင်ရှိသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းသို့ ကူးစက်သည့်အတွက် ရခိုင်နှင့် ဘင်္ဂါလီ အပြန်အလှန် မီးရှို့မှုများ ထပ်မံဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် တဲအိမ် ၁၄၃ လုံး မီးလောင်ကျွမ်းခဲ့ပြီး ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် မီးညွန့်ကျိုးသွားကြောင်း သိရသည်။  ပရိန်ကုန်းရွာအပြင်ဘက် လယ်ကွင်းတွင် ဒဏ်ရာဖြင့် သေဆုံးနေသော ရခိုင်အမျိုးသားတစ်ဦးကို တွေ့ရပြီး ရွာအတွင်း၌ ဘင်္ဂါလီ အမျိုးသမီးနှစ်ဦး သေဆုံးနေသည်ကို တွေ့ရကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာလ ၂၁ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ် အချိန်မှစတင်ပြီး မင်းပြားမြို့နယ်အတွင်း နေထိုင်ကြသည့် ကျေးရွာအချို့မှ လူနေအိမ်များအား မီးရှို့ဖျက် ဆီးမှုများ စတင်ပြုလုပ်ခဲ့ရာမှ မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်များတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ကြပြီး အောက်တို ဘာလ ၂၂ ရက်နှင့် ၂၃ ရက်နေ့အထိ ဆူပူအကြမ်းဖက် မီးရှို့မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်များကြောင့် မင်းပြားမြို့နယ်ရှိ ကျေးရွာခြောက်ရွာ၊ အိမ်ခြေ ၅၃၁ လုံး၊ မြောက်ဦးမြို့နယ်ရှိ ကျေးရွာနှစ်ရွာ၊ အိမ်ခြေ ၅၀၈ လုံး စုစုပေါင်း အိမ်ခြေ ၁၀၃၉ မီးလောင်ဆုံးရှုံးခဲ့ကာ ယင်းဖြစ်စဉ်များတွင် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး ပဋိပက္ခများ ထပ်မံမဖြစ်ပွားအောင် တားဆီးရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြန်လည်တည်ငြိမ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများအား ဆောင်ရွက်ရန်အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဒေသတွင်း တာဝန်ရှိသူများမှ တရားဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည် ဟု ပြန်ကြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
မြောက်ဦးမြို့သည် ကမ္ဘာလှည့် ခရီးသွားနိုင်ငံခြားသားများ ခရီးသွားလာခွင့် မပြုရန် ကန့်သတ်ချက် အား အောက်တိုဘာလ အစောပိုင်းက နိုင်ငံတော်က ဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                          http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment