၈၈  သတင်းများ   အောက်တိုဘာ ၁၉ ၊ ၂၀၁၂




ကိုမင်းကိုနိုင် အသက် ၅၀ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ကွန်ပျူတာသင်တန်းဖွင့်ပွဲ နှင့် ထိန်လင်းကုသိုလ်ဖြစ်ဆေးခန်း ဆိုင်းဘုတ်တင်ပွဲကို အောက်တို ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက  ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်၊ ယုဇနဥယျာဉ်အိမ်ရာရှိ အဆိုပါဆေးခန်း၌ပင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဆေးခန်း တာဝန်ရှိသူများမှ ဆေးခန်းဖြစ်ပေါ် လာပုံအားရှင်းလင်းပြောကြားခဲ့ပြီး  ကိုမင်းကိုနိုင်မှလည်း ဆေးခန်းရန်ပုံ ငွေလှူဒါန်းခြင်းနှင့်အခမဲ့ကွန်ပျူ တာသင်တန်းဖွင့်လှစ်ရခြင်းအား ရှင်းလင်းပြောကြားခဲ့သည်။
“ဆေးခန်းနဲ့ပတ်သက်ပြီး ကျွန်တော်ဆီကို ဒီကလူငယ်တွေလာပြီး အကူအညီတောင်းကတည်းက ကိုယ့်ရဲ့ရပ်ရွာမှာလိုနေတယ့် အခက်အခဲဆိုတာကျွန်တော်နားလည်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တတ်ထားသမျှနဲ့တော့ ဒီဆေးခန်းကို ဒီထက်ပို ပြီးတော့ ဆေးကုပေးနိုင်အောင်လည်း ကျွန်တော်နီးစပ်ရာ အနုပညာ အသိုင်းအ၀န်းရော၊ လုပ်ဖော်ကိုင်ဘက်တွေ အားလုံးကို အကူအညီပြန် တောင်းပါတယ်။ တစ်ပတ်ကို နှစ်ရက်ကုနေရတဲ့ ဆေးခန်းကို အနည်းဆုံးတစ်ရက်လောက် ထပ်တိုး ချင်တယ်။ အဲဒီအတွက်လိုအပ်တဲ့ ငွေကိုလည်း ၀ိုင်းရှာရပါလိမ့်မယ်” ဟု ကိုမင်းကိုနိုင်ကဆေးခန်းနှင့်ပတ်သက်၍ လှူဒါန်းဖြစ်ပုံများ အားပြောကြားခဲ့သည်။
ဆက်လက်၍ကိုမင်းကိုနိုင်က ကွန်ပျူတာသင်တန်းဖွင့်လှစ်ရခြင်း နှင့် ပတ်သက်၍ “နိုင်ငံတစ်ကာ မှာ ကလေးတိုင်း Note လို့ခေါ်တဲ့ အိတ်ဆောင် ကွန်ပျူတာလေးတွေ ကိုင်ပြီးတော့ ကျောင်းတက်နေ စာသင်နေတဲ့အချိန်မှာ ကျွန်တော်တို့ ကလေးတွေ ကွန်ပျူတာမကိုင်ဘူး လို့ ဘယ်လိုမှမဖြစ်ပါဘူး။ ဒါကြောင့် ဘယ်လောက်ပဲဆင်းရဲပါစေ။ ဘယ်လောက်ပဲ မပြည့်စုံပါစေ။ ကွန်ပျူတာသင်နိုင်အောင်လို့ ကျွန်တော် တို့ကြိုးစားတာပါ။ အဲဒီအတွက် ကျွန်တော်လည်း အလှူခံတာပါပဲ။ လောလောဆယ် ကွန်ပျူတာဆယ်လုံး လောက်ရပါတယ်။ အသစ်လည်းပါတယ်။ သုံးပြီးသားလည်းပါတယ်။ အဲဒါ ဒီဒေသကကလေးတွေ  အကုန်လုံးကွန်ပျူတာ တတ်စေချင်လို့ ပါ။ မိဘတွေကကလေးတွေကို လွှတ်ပေးပါ။ ကျွန်တော်တို့စပြီးတော့ ဖွင့်ခဲ့တဲ့ ကွန်ပျူတာဆယ်လုံးကနေပြီးတော့ ဒီဒေသကကလေးတိုင်း ကွန်ပျူတာကိုင်နိုင်တဲ့ကလေး အင်တာနက် ကိုတတ်ပြီးတော့ ပညာသင်နိုင်တဲ့အထိ ကျွန်တော်တို့ရည်ရွယ်ပါတယ်”ဟု ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရုပ်ရှင် သရုပ်ဆောင်ပြေတီဦးလည်း တက်ရောက်ခဲ့ပြီး အလှူငွေ လှူဒါန်းကာ အမှတ်တရ စကားပြောကြားခြင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)ဒုဥက္ကဌ ဆရာမသန်းမြင့်အောင်မှ အမှတ်တရ စကားပြောကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ထိန်လင်းဆေးခန်း ရန်ပုံငွေပွဲအဖြစ် ၈၈ မျိုးဆက် ကျောင်းသားများ အပါအ၀င် ပန်းချီ ဆရာ ၁၁၅ ယောက်၏  “နွေဦး နှလုံးသား” ပန်းချီပြပွဲမှရရှိသော ပန်းချီကားရောင်းချရငွေ ခြောက်ဆယ့် တစ်သိန်းနှစ်သောင်းအား ပြပွဲဦးစီး ကျင်းပသူ ပန်းချီဌေးအောင်နှင့် ၀ါဆိုပန်းချီပြခန်းမှ ပန်းချီလပွတ္တာစိုးစိုးတို့ မှ ဆေးခန်းတာဝန်ရှိသူများထံ လှူဒါန်းခဲ့သည်။
ထို့အပြင် အခမ်းအနားသို့ တက်ရောက်လာသော ကဗျာဆရာများ မှ ကဗျာရွတ်ဆိုခြင်း၊ ၈၈ မျိုးဆက် ကျောင်းသားများမှ စုပေါင်းသီချင်းသီဆိုခြင်း၊ ထိန်လင်းဆေးခန်းမှလူ ငယ်များမှ ကိုမင်းကိုနိုင်အတွက်မွေး နေ့အမှတ်တရသီချင်းသီဆိုခြင်း၊ ကိုမင်းကိုနိုင် ရေးဆွဲထားသော ပန်းချီကားအား ပုံနှိပ်ပန်းချီ ကားအဖြစ်ပြုလုပ်ကာ ရောင်းချခဲ့ပြီး ဆေးခန်းရန်ပုံငွေအဖြစ်လှူဒါန်းခြင်း၊ ဆေးခန်းအတွက် သွေးလိုအပ်ပါက လှူဒါန်းရန် ကိုမင်းကိုနိုင်ဦးဆောင်၍ သွေးလှူအဖွဲ့တစ်ခု ဖွဲ့စည်း ခဲ့ကြောင်းလည်း သိရသည်။
ထိန်လင်းဆေးခန်းအားယုဇန ဥယျာဉ်မြို့တော်တွင် တိုက်ခန်းငှား ၍ ၂၀၁၂ ခုနှစ်၊ မေလတွင် စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ သက်ဆိုင်ရာ တာဝန်ရှိသူများမှ မြေနေရာအကူအညီပေးသဖြင့် ဆေးခန်းနှင့်ကွန်ပျူတာသင်ကြားရန် အဆောက်အအုံဆောက်ကာ စနေ၊ ဗုဒ္ဓဟူးနေ့များတွင်ဆေးကုသပေး လျက်ရှိကြောင်း၊ နာရေးကူညီမှု အသင်း(ရန်ကုန်)မှလည်း တစ်လလျှင် ဆေးဝါးတစ်သိန်းဖိုး ထောက်ပံ့ကြောင်း၊ ကိုမင်းကိုနိုင်တောင်းဆိုချက်အပြင် မွေးနေ့အထိမ်းအမှတ် အဖြစ် တနင်္လာနေ့တစ်ရက် ထပ်တိုးကာ ကုသပေးသွားမည်ဖြစ်ကြောင်း ဆေးခန်းတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ကိုမင်းကိုနိုင်၏ အမည်အရင်း မှာ ပေါ်ဦးထွန်းဖြစ်ပြီး ၁၉၆၂ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် မွေးဖွားခဲ့ကာ မွန်ပြည်နယ် မုဒုံ မြို့နယ်ဇာတိဖြစ်ပြီး လက်ရှိအချိန်တွင် ၈၈ မျိုးဆက်ကျောင်းသား များနှင့်အတူ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းပေါ်ပေါက်ရေး အတွက် နိုင်ငံအနှံ့ လိုက်လံဟောပြောပွဲ များ ပြုလုပ်လျက် ရှိသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment