မြန်မာ့ စီးပွားရေး သတင်းများ  အောက်တိုဘာ ၁၂ ၊ ၂၀၁၂

ဂျပန်တွေ အလုံးအရင်းနဲ့ ဝင်ဖို့ပြင်



မြန်မာပြည်ကို လာမယ့်နှစ်မှာ ဂျပန်အစိုးရအနေနဲ့ အင်မတန် ချိုသာတဲ့ အတိုးနှုန်းနဲ့ ချေးငွေတွေ ပြန်ထုတ်ချေးနိုင်ဖို့ အစီအစဉ်တွေ စလုပ်နေပြီလို့ ဂျပန် ဘဏ္ဍာရေး ဝန်ကြီး ကိုရိကီဂျိုဂျိမက မနေ့က တိုကျိုမှာ ပြုလုပ်တဲ့ မြန်မာ့ အကြွေးပြန်ဆပ်ရေး နိုင်ငံတကာငွေကြေးအေဂျင်စီများ အစည်းအဝေးမှာ ကြေညာလိုက်ပါတယ်။
အိုင်အမ်အက်ဖ်၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ဂျီ ၇ လို့ခေါ်တဲ့ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေရဲ့ အရာရှိတွေ တက်ရောက်တဲ့ ဒီအစည်းအဝေးမှာ ဂျပန် ဘဏ္ဍာရေး ဝန်ကြီးက ဘယ်အတိုင်းအတာလောက် ထုတ်ချေးမယ်လို့ မပြောပေမယ့် မြန်မာပြည်က လျှပ်စစ်မီးနဲ့ လမ်းတံတားတွေ ပြန်ပြုပြင်ရေး၊ ကျေးလက်ဖွံ့ဖြိုးရေး၊ ဆိပ်ကမ်းတွေ ခေတ်မီစေရေးတွေအတွက် ကူညီမယ်လို့ ပြောပါတယ်။
အစည်းအဝေးကနေ မြန်မာကို ဘယ်လိုဝိုင်းကူမယ်ဆိုတဲ့ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှု မရပေမယ့် မြန်မာမှာ တင်ရှိနေတဲ့ အကြွေးတွေ လျှော်ပစ်ဖို့နဲ့ အကြွေးသစ် ထပ်ပေးဖို့ အစီအစဉ်တွေကို ရှေ့နှစ် ဇန်နဝါရီက စဖို့ ဂျပန်က ဦးစီးဦးဆောင် လုပ်မယ်လို့ ဝေါစတြိဂျာနယ်သတင်းပေးပို့ချက်အရ သိရပါတယ်။
ဂျပန် ဘဏ္ဍာရေး ဝန်ကြီးဌာနအဆို မြန်မာ ကြွေးမြီ ယန်း ဘီလီယံ ၅၀၀ (ဒေါ်လာ ၆.၄ ဘီလီယံ) စာရင်းရှိနေတာကို သမ္မတ ဦးသိန်းစိန်ရဲ့ ဂျပန်ခရီးစဉ်အတွင်း ဧပြီလက ၆ဝ% ကျော်ကို ပယ်ဖျက်ပေးခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေး ဘဏ်တို့ကို မြန်မာက ဒေါ်လာ သန်း ၉ဝဝ ပေးဖို့ကျန်နေတာကို ဂျပန်ဘဏ် Bank of Tokyo နဲ့ Mitsubishi UFJ တို့က ပေးသွားမှာဖြစ်ပါတယ်။
တချိန်တည်းမှာ အမေရိကန်သမ္မတ အိုဘားမားက နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများက မြန်မာနိုင်ငံအပေါ် ငွေချေးငှားမှု တင်းကြပ်ထားတာ ဖယ်ရှားပေးလိုက်ပြီမို့ အာရှဖွဲ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ်တို့က ၂၀၁၃ ခုနှစ်မှာ မြန်မာကို ငွေချေးငှားမှု ပြန်လည်စတင်နိုင်တော့မှာပါ။
မြန်မာပြည်နဲ့ပတ်သတ်ပြီး ဂျပန်တွေ အဆင်သင့်ဖြစ်မှု၊ အကူအညီပေးတာ မြန်ဆန်မှုတွေအပေါ် မြန်မာ့အရေး လေ့လာစောင့်ကြည့်သူတွေ အံ့အားသင့်ကြရပါတယ်။ ဆစ်ဒနီ မက်ကွာရီတက္ကသိုလ်က မြန်မာ့စီးပွားရေးကျွမ်းကျင်သူ ရှောင်တာနယ်က မြန်မာဟာ အာရှစီးပွားရေး အင်အားကြီး ၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ဂျပန်ကြား ဗျူဟာကျတဲ့ ခတ်ကွင်းလို ဖြစ်လာနေပြီလို့ နယူးယောက်တိုင်းမ် သတင်းစာကို ဆိုပါတယ်။
တရုတ်က မြန်မာ့သယံဇာတတွေ တူးဖော်ထုတ်လုပ်ရေးကိုပဲ စိတ်ဝင်စားပေမဲ့ ဂျပန်က ဈေးပေါတဲ့ မြန်မာအလုပ်သမားတွေကို အလုပ်အကိုင်ဖန်တီးပေးပြီး ထိုင်းနဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ် ကုန်ထုတ်လုပ်ငန်းတွေနဲ့ ကွန်ယက်ဖွဲ့ရေး စိတ်ဝင်စားပုံပါ။
ဂျပန်ရဲ့ အလုံးစုံ မဟာဗျူဟာက ဂျပန်အစိုးရရဲ့ နိုင်ငံတကာကုန်သွယ်ရေးနှင့် စက်မှူလုပ်ငန်းဝန်ကြီးဌာနနဲ့ မစ်ဆူဘီရှီ၊ မာရူဘီနီ၊ ဆူမီတိုမိုတို့လို ဂျပန်မှာ အကြီးဆုံး ပုဂ္ဂလိကလုပ်ငန်းကြီးတွေ ပူးပေါင်းပြီး စွမ်းအားအပြည့် အလုံးအရင်းနဲ့ ဝင်ရောက် လုပ်ကိုင်ရေးဖြစ်ပါတယ်။
ရိုက်တာသတင်းအေဂျင်စီရဲ့ သတင်းပေးပို့ချက်တခုမှာ ဂျပန်အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ဒေါ်လာ ၁၈ ဘီလီယံရှိမယ်လို့ သိရပါတယ်။ ဂျပန်အစိုးရရဲ့ ချေးငွေအစီအစဉ်အရလည်း ထပ်ချေးမယ့် အကြွေးကို အတိုးနှုန်း ၀.၀၁ ရာခိုင်နှုန်းနဲ့ နှစ် ၅၀ ကြာတဲ့အထိ ချေးထားမှာဖြစ်ပြီး ပထမ ၁၀ နှစ်က အတိုးနှုန်းမဲ့ ဖြစ်ပါတယ်။
ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက်လည်း ဂျပန်တွေ ကူညီထောက်ပံ့ဖို့ရှိပါတယ်။ ဆင်းရဲမွဲတေလွန်းတဲ့ တိုင်းရင်းသားဒေသတွေကို အထောက်အပံ့ပေးနေတဲ့ နိပွန်ဖောင်ဒေးရှင်းရဲ့ ဥက္ကဌ ယိုရှီအိ ဆာဆာကာဝါကို ကိုးကားပြီး နယူးယောက်တိုင်းမ် သတင်းစာက မြန်မာသမ္မတ ဦးသိန်းစိန် အနေနဲ့ ဝေးခေါင်လွန်းတဲ့ဒေသတွေမှာ မူလတန်းကျောင်းများ ဆောက်လုပ်ရေး အလျင်အမြန် အလိုရှိနေကြောင်း ရေးပါတယ်။
ရန်ကုန်ရဲ့ ရေပေးဝေရေးစနစ် ပြန်ပြင်ဖို့လည်း ဂျပန်အင်ဂျင်နီယာတွေ လုပ်နေကြပါတယ်။ ရန်ကုန်ကို ပေးနေတဲ့ ရေ ၄၀ ရာခိုင်နှုန်းက ပိုက်တွေ မကောင်းတဲ့အတွက် စိမ့်ထွက်ပြီး အလဟဿ ဖြစ်နေတာမို့ ဒီကိစ္စ အမြန်ဖြေရှင်းဖို့လိုနေပါတယ်။ ရန်ကုန်လူထုအတွက် သယ်ယူ ပို့ဆောင်ရေးစနစ်၊ ရန်ကုန်ကို မီးပေးနေတဲ့ ဓာတ်အားပေးစက်ရုံ ၄ လုံးကို ပြန်ပြုပြင်ရေး၊ ပဲခူးမြစ်ပေါ် ဒုတိယမြောက် တံတား တည်ဆောက်ရေး၊ သီလဝါဆိပ်ကမ်းကို အကူပေးမယ့် ဆိပ်ခံ ၆ ခု တည်ဆောက်ရေးတွေအတွက် ဂျပန်တွေ လေ့လာနေကြပါတယ်။


NLD အသက်မွေးဝမ်းကျောင်း ပညာ ကျောင်းများ ဖွင့်မည်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက လူငယ်များ အတွက် အသက်မွေး ၀မ်းကျောင်း ပညာ သင်ကြားနိုင်ရန် မြို့နယ်၊ ဒေသ များ အလိုက် သင်တန်းကျောင်းများ ဖွင့်လှစ်သွားမည်ဟု သိရသည်။ထိုကျောင်း ဖွင့်ရသည့် အဓိကရည်ရွယ်ချက်သည် မျှော်လင့်ချက်ပျောက်နေသည့် လူငယ်များ၊ အလုပ်လက်မဲ့ ဖြစ်နေသည့် လူငယ် များ မဖြစ်စေရန်၊ အသက်မွေးဝမ်းကျောင်း တခုအဖြစ် ရပ်တည်နိုင်စေရန်အတွက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း NLD ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ရန်ကုန်တိုင်း သုံးခွ မြို့နယ် ပြည်သူများကို မနေ့က ပြောကြားသည်။ကော့မှူး ဒေသ လူငယ်များအတွက်သာ မဟုတ်ဘဲ ပြည်နယ်နှင့် တိုင်း အလိုက် ဖွင့်နိုင်ရန်လည်း ကြိုးစားသွားမည် ဖြစ်ကြောင်း၊ စီမံ ကိန်း အရ ဆောင်ရွက်သည့်အတွက် လူဦးရေ အများအပြား လက်ခံနိုင်ဦးမည် မဟုတ်သေးကြောင်း၊ ထို သင်တန်းသို့ တက်ရောက် သူတိုင်းကိုလည်း အလုပ်အကိုင်များ ရသွားသည်အထိ စီစဉ်ပေးသွားရန် ရှိကြောင်း သိရသည်။


ကျွန်းသစ်လုံး ၂၀၀ ကျော် တံတားဦးတွင် ဖမ်းမိ

 

ကျွန်းသစ်လုံး ၂၂၉ လုံး၊ ကျွန်းသစ် ခွဲသား ၁၃.၃၂၀၂ တန် စသည့် တရားမ၀င်သစ်များကို မန္တလေးတိုင်း တံတားဦးမြို့နယ် အတွင်း ရှိ ကျေးရွာ ၅ ရွာမှ ပြီးခဲ့သည့် စနေနေ့က ဖမ်းဆီးရမိကြောင်း သတင်းရသည်။ အဆိုပါ သစ်များသည် ကသာ၊ ဗန်းမော် ဒေသမှ ဖြစ်ပြီး ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် အရေအတွက် အများအပြား ဖမ်းဆီးမိခြင်းဖြစ်သည်ဟု တံတားဦး မြို့နယ် သစ်တော ဦးစီး ဌာန က ပြောသည်။

ဘဏ်ချေးငွေ အကူအညီများအပေါ် တင်းကျပ်မှု အမေရိကန် လျှော့ချ


ကမ္ဘာ့ဘဏ်ကဲ့သို့သော နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများက မြန်မာနိုင်ငံအပေါ် ငွေချေးငှားခြင်းအား တင်းကြပ်မှုအပေါ် မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး တိုးတက်မှု ရလဒ်အဖြစ် အမေရိကန် သမ္မတ အိုဘားမားက ဖယ်ရှားပေးလိုက်သည်။ မြန်မာနိုင်ငံက ၎င်းတို့ထံ ပေးစရာရှိနေသည့် ကြွေးမြီ ဒေါ်လာ သန်း ၉၀၀ ကိစ္စ ရှင်းရှင်းလင်းလင်းဖြစ်ရေး ကူညီရန် အာရှဖွဲ့ဖြိုးရေးဘဏ်နှင့် ပူးတွဲ အလုပ်လုပ်နေကြောင်း ကမ္ဘာ့ဘဏ်က ပြောဆိုထားပြီး ၂၀၁၃ ခုနှစ်တွင် ငွေချေးငှားမှုများ ပြန်လည်စတင်မည်ဟု သိရသည်။


ကိုရီးယား နှင့် မြန်မာ စွမ်းအင်ကဏ္ဍ သဘောတူ

မြန်မာ သမ္မတ ဦးသိန်းစိန် နှင့် တောင်ကိုရီးယား သမ္မတ လီမြောင်ဘက် Lee Myung-Bak တို့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ အိမ်တော်ပြာ Blue House တွင် အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် ဓါတ်ငွေ့လုပ်ငန်းနှင့် လျှပ်စစ် ဓါတ်အားပေးစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။

ဖွံ့ဖြိုးရေး အကူအညီ စာချုပ်တခု ချုပ်ဆိုခဲ့ကြပြီး ပညာရှင်များ ပါဝင်သည့် စီးပွါးရေး ဖွံ့ဖြိုးမှုဆိုင်ရာ အကြံပေးအဖွဲ့ ဖွဲ့စည်းရေးနှင့် ပတ်သတ်၍  မြန်မာနိုင်ငံအား အကူအညီပေးရန် တောင်ကိုရီးယားနိုင်ငံက ကတိပေးခဲ့သည်။ သမ္မတ ဦးသိန်းစိန်သည် အမေရိကန် နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ခဲ့ပြီးနောက် တနလာင်္နေ့က တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး အသေးစားနှင့် အလတ်စား စီးပွါးရေး လုပ်ငန်းများမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့သည်။
ကိုရီယား စီးပွါးရေး လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် စီးပွါးရေးလုပ်ငန်းများ လုပ်ကိုင်ရန် စိတ်ဝင်စားကြောင်း လေးလေးနက်နက် ဖော်ပြခဲ့ကြပြီး အထူးသဖြင့် အထည်ချုပ် လုပ်ငန်းတွင် စိတ်ဝင်စားသည်ဟု ဆိုကြသည်။

“ယခုလောလောဆယ် အချိန်မှာ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွါးရေးတွေ တိုးတက် ပြောင်းလဲလာတဲ့
အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ အခွင့်အလမ်းတွေနဲ့ အတူ စိန်ခေါ်မှုတွေပါ ရှိလာပါတယ်။ ဒါကြောင့်မို့
မြန်မာနိုင်ငံက အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့နဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကို ထိထိရောက်ရောက် အသုံးချဖို့ ပြင်ဆင်ထားသင့်ပါတယ်” ဟု ဦးသိန်းစိန် က ပြောကြားခဲ့ကြောင်း သတင်းဌာနများက ဆိုသည်။ 

ပြီးခဲ့သည့် လများအတွင်း အမေရိကန်နှင့် အခြားနိုင်ငံများသည် ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြု တုံ့ပြန်
သည့် အနေဖြင့် မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး ပိတ်ဆို့ အရေးယူမှု အများစုကို ဖျက်သိမ်းပေးခဲ့သဖြင့်
မြန်မာနိုင်ငံ၏ နှေးကွေး ထိုင်းမှိုင်းနေသော စီးပွါးရေးကို ပြန်လည် မြှင့်တင်ပေးနိုင်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
များ ဝင်ရောက်လာစေရန် လမ်းပွင့်လာခဲ့သည်။   လွန်ခဲ့သည့် အပတ်က တောင်ကိုရီးယား စီးပွါးရေး လုပ်ငန်းများသည် ရန်ကုန်တိုင်း သာကေတ မြို့နယ်တွင် ၅၀၀ မီဂါဝပ် လျှပ်စစ်ဓါတ်အားပေး စက်ရုံတရုံ နှင့် လျှပ်စစ် ဖြန့်ဖြူးရေး ကွန်ယက်ကို ၂၀၁၅ ခုနှစ် နောက်ဆုံးထား၍ တည်ဆောက်ရန် စာချုပ် ချုပ်ဆိုခဲ့သဖြင့် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု ပြဿနာကို ဖြေရှင်းရန် ခြေလှမ်းတရပ် ဖြစ်လာပေမည်။

သို့ရာတွင် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင်ရန် စိတ်အား ထက်သန်နေသော်လည်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ် တရပ် ပေါ်ထွက်လာရန် ရုန်းကန်ဆောင်ရွက် နေရဆဲဖြစ်သည်။ နိုင်ငံခြား စီးပွါးရေး လုပ်ငန်းရှင်များကို ဆွဲဆောင်ရန် စဉ်းစားရသည့်အပြင် အခြားတဘက်တွင်လည်း ပြည်တွင်းစီးပွါးရေး လုပ်ငန်းများ အနေဖြင့် စီးပွါးရေး ဖွံ့ဖြိုးကြီးထွားလာမှုနှင့်အတူ ဘေးရောက်သွားမည်ကို စိုးရိမ်စိတ်များ ရှိနေကြသဖြင့် ချိန်ညှိနေရသောကြောင့် နှောင့်နှေးနေရခြင်း ဖြစ်သည်။  ၂၀၀၅ ခုနှစ်က စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် တောင်ကိုရီးယား နိုင်ငံသည် မြန်မာနိုင်ငံသို့ပေးအပ်ခဲ့သော ဖွံ့ဖြိုးရေး အကူအညီများကို ရပ်ဆိုင်းခဲ့ပြီး ယခုအခါတွင် ထိုအကူအညီများ ပြန်လည် စတင်တော့မည် ဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံသည် ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပေါင်းကူးဆက်သွယ်ပေးရန် ကြိုးပမ်းနေသည့် နိုင်ငံတခုဖြစ်ပြီး ဖွံ့ဖြိုးရေး အတွေ့အကြုံများအား မျှဝေလျက် ရှိသည်။  

တောင်ကိုရီးယား လီမြောင်ဘက် ကလည်း မြောက်ကိုရီးယား အနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများ
အား အတုယူရန် မကြာခဏ ကိုးကားပြောဆိုခဲ့ဖူးသည်။မြန်မာနိုင်ငံတွင် အများဆုံး ရင်းနှီးမြှုပ်နှံနေကြသည့် နိုင်ငံများထဲတွင် တောင်ကိုရီးယား နိုင်ငံလည်း ပါဝင်သည်။ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်းတွင်လည်း များစွာ ရင်းနှီးမြှုပ်နှံထားပြီး သဘာဝ အရင်းအမြစ် စူးစမ်းရှာဖွေရေး၊ သတ္ထုတွင်း၊ စွမ်းအင် သန့်စင်ရေး၊ သဘာဝဓါတ်ငွေ့ဖြင့် လည်ပတ်သည့် လျှပ်စစ်ဓါတ်အားပေးစက်ရုံ တခု တည်ဆောက်ရေး၊ နည်းပညာ ကဏ္ဍနှင့် ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍများတွင် ပါဝင် လုပ်ဆောင်နေသည်။

ရွှေ သဘာဝဓါတ်ငွေ့ စီမံကိန်းသည် အကြီးစား သဘာဝဓါတ်ငွေ့ စီမံကိန်းဖြစ်ကာ တောင်ကိုရီးယားမှ ဒေဝူး
ကုမ္ပဏီက ၅၁ ရာခိုင်နှုန်းပါဝင်ပြီး ကိုရီးယား သဘာဝဓါတ်ငွေ့ ကော်ပိုရေးရှင်း (KOGAS)၊ အိန္ဒိယမှ ONGC Videsh လိမိတက် နှင့် GAIL လိမိတက် တို့အပြင် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းတို့မှ ဖက်စပ်လုပ်ကိုင်ဆောင်ရွက်နေခြင်း ဖြစ်သည်။

ဒေဝူးအနေဖြင့် မြန်မာနိုင်ငံတွင် ၂၀၀၀ ခုနှစ် ကတည်းက သဘာဝဓါတ်ငွေ့ ရှာဖွေ လုပ်ကိုင်နေခြင်းဖြစ်ပြီး
ရွှေသဘာဝဓါတ်ငွေ့ နယ်မြေအား ဘင်္ဂလားပင်လယ်အော်တွင် ၂၀၀၄ ခုနှစ်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ရွှေ သဘာဝဓါတ်ငွေ့များအား ၁,၂၀၀ ကီလိုမီတာ ပိုက်လိုင်းဖြင့် တရုတ်နိုင်ငံ၊ ယူနန်သို့ ပို့ဆောင်မည် ဖြစ်ကာ
ဒေဝူးကုမ္ပဏီ ဦးဆောင်သည့် စီးပွါးရေးလုပ်ငန်းများနှင့် တွဲဘက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုစီမံကိန်းအား ၂၀၁၃ ခုနှစ်တွင် စတင်လည်ပတ်ရန် စီစဉ်ထားသည်ဟု သိရသည်။

တောင်ကိုရီးယား နိုင်ငံသည် မြန်မာနိုင်ငံအတွင်း စတုတ္ထ အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံဖြစ်သည်။ ၁၉၈၈ ခုနှစ်မှ ၂၀၁၂ ဇူလိုင်လ အထိ အမေရိကန် ဒေါ်လာ ၂.၉၅၉ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့သည်။ မြန်မာ့ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ကဏ္ဍအနေဖြင့် ၂၀၁၂ ခုနှစ် ဇူလိုင်လမှ စတင်ကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏသည် စုစုပေါင်း စီမံကိန်း ၁၁၃ ခုတွင် အမေရိကန် ဒေါ်လာ ၁၄.၁၈၁ ဘီလီယံ အထိ ရောက်ရှိခဲ့သည်။   လီမြောင်ဘက် မှာ နှစ်ပေါင်း ၃၀ ခန့်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်ခဲ့သည့် တောင်ကိုရီးယား သမ္မတ ဖြစ်သည်။


ကြိုတင်ငွေပေးချေစနစ်ဖြင့် ပြောင်းလဲသုံးစွဲလိုသည့် GSM ဖုန်းများအောက်တိုဘာလ၃၁ရက်နေ့နောက်ဆုံးထားပြောင်းလဲရမည်


ကြိုတင်ငွေပေးချေစနစ် (Prepaid) ဖြင့် ပြောင်းလဲသုံးစွဲလိုသည့် GSM မိုဘိုင်းဖုန်းများသည် အောက်တိုဘာလ ၃၁ရက်နေ့ နောက်ဆုံးထား၍ ၄င်းစနစ်သို့ ပြောင်းလဲနိုင်ပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့များမှ GSM Postpaid စနစ်ဖြင့် ဆက်လက်သုံးစွဲ မည့်ဖုန်းများမှာမူ ၄င်းတို့၏ ခေါ်ဆိုခကျသင့်ငွေများအား သတ်မှတ်ထားသည့် ဘဏ်များမှသာ ပေးချေရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြေငြာချက်များအရ သိရသည်။


စက်သုံးဆီဆိုင်များရှိ လီတာပန့်များ၏ တစ်ဂါလန်အမှန်ဆီထွက်နှုန်းအားကို ၄ ဒသမ ၅၄၆လီတာ အဖြစ် စံသတ်မှတ်ပြီး တစ်နိုင်ငံလုံး တစ်ပြေးညီသတ်မှတ်ရောင်းချရန် စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်


စက်သုံးဆီအရောင်းဆိုင်များ ရှိ လီတာပန့်များ၏ တစ်ဂါလန် အမှန်ဆီထွက်နှုန်းအားကို ၄ ဒသမ ၅၄၆လီတာအဖြစ် စံနှုန်းသတ်မှတ်ပြီး တစ်နိုင်ငံလုံးတစ်ပြေးညီ သတ်မှတ်ရောင်းချရန် စွမ်းအင်ဝန်ကြီး ဌာနမှ အောက်တိုဘာလ ၁၁ရက် နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါ သည်။
စက်သုံးဆီဆိုင်ရှိ လီတာပန့် များ၏ Display Unit တွင် ၄ဒသမ ၅လီတာဟု ဖော်ပြသည့် အချိန်တွင် အမှန်ဆီထွက်နှုန်းအားကို ၄ ဒသမ ၅၄၆လီတာပမာဏဖြစ်စေရန် ပန့် ၏ဂါလန်မီတာကို ချိန်ညှိပြီးတိကျစွာ စံတိုက်၍ တစ်ပြေးညီသတ်မှတ် ရောင်းချရမည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။မြန်မာနိုင်ငံတွင် စွမ်းအင်ဝန် ကြီးဌာနအပါအ၀င် အစိုးရဌာနဆိုင်ရာ အားလုံးသည် နိုင်ငံတကာ၌ အသုံးပြုလျက်ရှိသော မတ်ထရစ် စနစ်သို့ပြောင်းလဲမှု ဆက်စပ်ပုံသတ်မှတ်ချက်များအတိုင်း အသုံးပြုလျက်  ရှိပြီး စက်သုံးဆီအခြင်အတွယ်စနစ် ပြောင်းလဲမှုဆက်စပ်ပုံ သတ်မှတ်ချက်အရ တစ်ဂါလန်လျှင် ၄ ဒသ မ ၅၄၆လီတာဖြစ်ကြောင်း စွမ်း အင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ကြေညာထားပါသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ လီတာပန့်အသုံးပြုပြီး တရားဝင်ဖွင့်လှစ် ရောင်းချနေသော စက်သုံးဆီ အရောင်းဆိုင်အားလုံး အဆိုပါသတ်မှတ်ချက်ကို သိရှိလိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် ထိုသို့လုပ်ဆောင် နိုင်ရေးအတွက် မြန်မာနိုင်ငံစက်သုံး ဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေး အသင်းနှင့် ပြည်နယ်၊ တိုင်းဒေသကြီး ရေနံထွက်ပစ္စည်းများတင်သွင်း သိုလှောင် သယ်ယူဖြန့်ဖြူးရောင်းချ ခြင်းလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီများထံ မြန်မာ့ရေနံ ထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း က အသိပေးအကြောင်းကြားပြီး ဖြစ်ကြောင်း သိရပါသည်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များ ဆီအခြင်အတွယ် မပြည့်မှုအကြောင်း အများပြည်သူအကြား ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်မှုများ ထွက်ပေါ်ခဲ့သောကြောင့် ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များကို ၀င်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။
မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၊ ရန်ကုန်တိုင်း ဒေသကြီးတိုင်းရောင်းဝယ်ရေး အရာရှိရုံး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်း အခွန်များဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနနှင့် ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့မှ ကိုယ်စားလှယ်များ ပါဝင်သော စစ်ဆေးရေးအဖွဲ့သည် စက်တင်ဘာလ ၂၆နှင့် ၂၇ ရက်နေ့ များတွင် ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် ၂၃ ဆိုင်ကို ရှောင်တခင် ၀င်ရောက်စစ်ဆေးပြီး နောက်၂၁ဆိုင်တွင် စက်သုံးဆီ အခြင်အတွယ်ပြည့်မီခြင်း မရှိကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။
လက်ရှိ မြန်မာ တစ်နိုင်ငံလုံး တွင် ဖွင့်လှစ်ရောင်းချနေသော ပုဂ္ဂ လိကစက်သုံးဆီဆိုင် ၄၀၀ ၀န်း ကျင်ရှိပြီး အသစ်ဖွင့်ခွင့်ပြုရန် စိစစ်နေသည့် အရောင်းဆိုင် ၅၀၀ ကျော် ရှိပါသည်။  ပုဂ္ဂလိက စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရောင်းချခွင့်ကို ယခင်ကအစိုးရကသာ ထိန်းချုပ်ထားပြီး ၂၀၁၀ပြည့်နှစ် ဇွန်လ ၁၀ ရက်နေ့မှ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချခွင့် ပြုခဲ့ခြင်းဖြစ်သည်။

ပန်းဝါ အကြမ်းဖက်မှုနောက်ပိုင်း ဘင်္ဂလာဒေ့ရှ်သို့ မြန်မာပစ္စည်း အဝင်နည်း


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပန်းဝါ (ခေါ်) ရာမူးမြို့တွင် မွတ်စလင်အစွန်းများက ဗုဒ္ဓသာသနိက အဆောက်အဦးများကို မီးရှို့ဖျက်ဆီးမှု ဖြစ်ပွားပြီး နှစ်ပတ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးလည်း ကျဆင်းလာနေကြောင်း သိရသည်။ အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် မြန်မာစက်လှေများသည် ဘင်္ဂလားဒေ့ရှ်ဘက်မှ ထွက်ခွာသွားကြပြီး ယခုအခါ တက္ကနာမြို့ရှိ နှစ်နိုင်ငံ ကုန်သွယ်ရေး ဆိပ်ကမ်းတွင် နယ်စပ်ကုန်သွယ်ရေး (နစက) မှ စက်လှေ ၃ စီးသာ ကျန်ရှိကြောင်း ဆိပ်ကမ်း အလုပ်သမားတဦးက ပြောသည်။
“ရာမူး ပြဿနာဖြစ်ကတည်းက မြန်မာစက်လှေတွေ ပြန်သွားကြတယ်။ အခု လောလောဆယ်တော့ နစက လိုင်းကလာတဲ့ ခြင်ဆေးခွေလုပ်တဲ့ အုံဒုံပင် အခေါက်ခြောက်တွေ၊ ဇီးယိုထုတ်တွေနဲ့ လာတဲ့ စက်လှေ ၃ စီးပဲ ရောက်တယ်။ မြန်မာဘက်က ဝင်နေကျ သစ်စက်လှေတွေက လုံးဝမလာတော့ဘူး” ဟု တက္ကနာရှိ ကုန်သွယ်ရေး ဆိပ်ကမ်းအလုပ်သမားက ပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်ရေးတွင် တရားမဝင် သစ်ကုန်ကူးမှုလည်း များပြားပြီး ယခုလ ၃ ရက်နေ့မှစ၍ မြန်မာ့ရေတပ်က သင်္ဘောများဖြင့် ကင်းလှည့်စစ်ဆေးနေခြင်းကြောင်း စက်လှေများ အဝင်နည်းခြင်း ဖြစ်နိုင်ကြောင်းလည်း တက္ကနာမြို့ခံ ဦးသိန်းက ဆိုသည်။
“ဘင်္ဂလားမှာကလည်း အကြမ်းဖက်မှုတွေဖြစ်တော့ မြန်မာရေတပ်က မပြတ်ကင်းလှည့်နေတယ်။ အဲဒီတော့ မှောင်ခိုလမ်းကြောင်းကလာတဲ့ သစ်စက်လှေတွေက မလာရဲကြတာလည်း ပါတယ်။ ပြီးတော့ ဒီမှာရှိနေတဲ့ စက်လှေတွေလည်း ဘင်္ဂလားမှာ မနေတော့ဘဲ မြန်မာဘက်ကို ပြန်သွားကြတယ်” ဟု ဦးသိန်းက ပြောသည်။
မြန်မာဘက် မှောင်ခိုလမ်းမှ လှေငယ်များနှင့် ဝင်နေကျ အဝတ်အစားကုန်သည်များလည်း မလာတော့ကြောင်း၊ နယ်စပ်မှ ဘင်္ဂါလီများသာ လူချည်းသက်သက် ခိုးဝင်မှုများရှိကြောင်း တက္ကနာမြို့နယ် မြစ်နားရွာသားတဦးက ဆိုသည်။
“အရင်ကလို အဝတ်အထည်တွေ၊ သစ်သားရုပ်ထုတွေ မလာတော့ဘူး။ ဘင်္ဂါလီတွေချည်းဘဲ လူ ၆၀ နဲ့ ၁၀၀ လောက်ကို ကျနော်တို့ ရွာဆိပ်ကပဲ တက်နေကြတယ်။ ကျန်တဲ့ရွာတွေမှာလည်း ဒီလိုပဲ။ မြန်မာဘက်ကို ပြန်သွားတဲ့လူဆိုတာ မရှိသလောက်ပါပဲ” ဟု မြစ်နားရွာသားက ပြောသည်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) သည်လည်း ရခိုင်ပြည်နယ် ပဋိပက္ခကာလအပြီးတွင် နယ်စပ်ကို တင်းကြပ်ခဲ့သည့်တိုင် ပန်းဝါ အကြမ်းဖက်မှုနောက်ပိုင်းတွင် နယ်စပ်လုံခြုံရေး လျော့လျဲနေသည်ဟု သိရသည်။


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ခရီးသွားဝင်ရောက်မှုစာရင်း၌ တရုတ်လူမျိုးဦးရေကို ကျော်လွန်ကာ ဂျပန်ခရီးသွားများက ဒုတိယနေရာသို့ ရောက်ရှိ


မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်များ လာရောက်ရာတွင် အဓိက၀င်ပေါက်ဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ခရီးသွားဝင်ရောက်မှု၌ တရုတ်လူမျိုးခရီးသွားဦးရေကို ကျော်လွန်ကာ ဂျပန်ခရီးသွားများက ဒုတိယနေရာသို့ ရောက်ရှိ လာကြောင်း သတင်းရရှိပါသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလကုန်ပိုင်းအထိ ရန်ကုန်ဝင်ပေါက်မှ ခရီးသွားဝင်ရောက်မှုတွင် ထိုင်းလူမျိုးခရီးသွားဦးရေသည် နှစ်စဉ်ကဲ့သို့ပင် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ယခင် ဒုတိယနေရာတွင် ရပ်တည်လေ့ရှိသော တရုတ်လူ မျိုး ခရီးသွားဦးရေကို ကျော်လွန်ကာ ဂျပန်လူမျိုးခရီးသွားဝင်ရောက်မှုက ဒုတိယနေရာသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။
''ဂျပန်ခရီးသွားတက်လာတာက tourist  နဲ့ စီးပွားရေးကိစ္စနဲ့လာတဲ့ ခရီးသွားဆိုပြီးရှိတဲ့နေရာမှာ စီးပွားရေးကိစ္စနဲ့လာတဲ့ ခရီးသွားကပိုများတယ်။ ဘာကြောင့်လဲဆိုတော့ ODA(Official Development Assistance) ကို ဖွင့်လိုက်တော့ ဒီလို တက်လာတာပေါ့။INGO တွေ၊ ကုမ္ပဏီတွေက အဖွဲ့တွေက ဘာတွေလုပ်လို့ရနိုင်မလဲဆိုပြီး လာကြည့်ကြတာများပါတယ်''ဟု Nature Lovers ခရီးသွားကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဒင်က ပြောကြားသည်။
ဇန်န၀ါရီလမှ စက်တင်ဘာလကုန်ပိုင်းအထိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ရရှိသော စာရင်းများအရ ဒေသစုံမှ ခရီးသွားဝင်ရောက်မှု၌ ထိုင်းမှ ဦးရေ ၆၁၀၀၀ ကျော်၊ ဂျပန်မှ ၃၁၀၀၀ ကျော်၊ တရုတ်မှ ၂၈၀၀၀ ကျော်၊ ကိုရီးယားမှ ၂၃၀၀၀ ခန့်၊ အမေရိကမှ ၂၂၀၀၀ ကျော်၊ မလေးရှားမှ ၂၀၀၀၀ ကျော်၊ ပြင်သစ်မှ ၁၇၀၀၀ ကျော်၊ စင်ကာပူမှ ၁၆၀၀၀ ကျော်၊ ဂျာမနီမှ ၁၁၀၀၀ ကျော် စသည်ဖြင့် ၀င်ရောက်မှုရှိခဲ့သည်။
''အခုကတော့ အာရှကလည်းများလာတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်လို့ ဂျပန်တို့၊ ကိုရီးယားတို့လည်း များလာတယ်။ ထိုင်းတွေ၊ စင်ကာပူတွေလည်းများလာတယ်''ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ(၁) ဦးသက် လွင်တိုးက ပြောကြားသည်။
၂၀၁၂ ခုနှစ်အတွင်း နိုင်ငံရေးနယ်ပယ်မှ အပြောင်းအလဲများပေါ်မူတည်ကာ မြန်မာနိုင်ငံအပေါ် ကမ္ဘာတစ်ဝန်းမှ အာရုံစိုက်မှု မြင့်တက်လာခဲ့သည်။ မြန်မာနိုင်ငံသို့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် လာရောက်လေ့လာမှုများလည်း မြင့်တက်လာခဲ့ပြီး ယင်းအနက် ဟိုတယ်နှင့်ခရီးသွား ကဏ္ဍအတွက် ဆွေးနွေးမှု ပိုမိုများပြားကြောင်း သိရှိရသည်။
''ဂျပန်လူမျိုးက အရင်ကတိုင်းပြည်မှာရှိနေတဲ့ ကန့်သတ်ချက်တွေကြောင့် မြန်မာကိုသိပ်မလာကြဘူး။ အခုတော့ အခြေအနေအပြောင်းအလဲပေါ်မူတည်ပြီး သိသိသာသာ တက်လာတယ်''ဟု ဦးအောင်ဒင်က ပြောပြသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာမှ စိတ်ဝင်စားမှုရှိနေရာတွင် ဂျပန်စီးပွားရေးလုပ်ငန်းရှင်များသည် စိတ်ဝင်စားမှုအမြင့်ဆုံး ဖြစ်နေသည်။ All Nippon Airways (ANA) သည်လည်း မကြာမီ တိုက်ရိုက် လေကြောင်းခရီးစဉ်များ စတင် ပျံသန်းတော့မည်ဖြစ်သည်။
ဂျပန်ခရီးသွား ၀င်ရောက်မှုသည် ၁၉၉၇ ခုနှစ်၌ ဦးရေ ၃၄၀၀၀ ဖြင့် အမြင့်ဆုံးဖြစ်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် ဂျပန်နိုင်ငံမှ တိုက်ရိုက် လေကြောင်းပြေးဆွဲမှုရပ်ဆိုင်းလိုက်သည့်နောက် ဂျပန်ခရီးသွားဦးရေ လျော့နည်း ကျဆင်းခဲ့သည်ဟု သိရှိရသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment