ဆန္ဒပြ သတင်းများ    အောက်တိုဘာ ၀၆ ၊ ၂၀၁၂

စစ်တကောင်း တိုက်ခိုက်မှု ဆန့်ကျင်ရေး ရန်ကုန်တွင် ဆန္ဒပြ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသရှိ ဗုဒ္ဗဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ ဗုဒ္ဓဘာသာဝင်များ၏ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အကြမ်းဖက်ခံရခြင်း တို့ကို ကန့်ကွက် ရှုချသည့်အနေဖြင့် ဆရာတော်၊ သံဃာတော်များက ရန်ကုန်မြို့နှင့် ဒေသတွင်း နိုင်ငံတချို့၌  ဆန္ဒပြမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရသည်။
ရန်ကုန်မြို့ အင်းယားလမ်းရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးရှေ့တွင် သံဃာတော် ၁၀၀ ကျော်သည်  ဗုဒ္ဓဘာသာဝင်များအား အကြမ်းဖက်သတ်ဖြတ်မှုများ ရပ်တန့်ရန်နှင့်ဗုဒ္ဓဘာသာအား စော်ကားခြင်းမှ ရပ်တန့်ရန် ဟူသောပိုစတာများ ကိုင်ဆောင်၍ မနေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းရှိ ဘုန်းတော်ကြီးကျေုာင်းများ မီးရှို့ဖျက်ဆီးခံရခြင်း တို့အတွက် ၀မ်းနည်းကြောင်းနှင့် ထိုအကြမ်းဖက်မှု ကိုကန့်ကွက်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း နေထိုင်ကြသည့် လူနည်းစု ဗုဒ္ဓဘာသာဝင်များ လုံခြုံဘေးကင်းရေးကို အစိုးရမှ အပြည့်အ၀ ကာကွယ်ပေးရန် စသည့် အချက်များ ပါဝင်သည့်စာတစောင်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ သံအမတ်ကြီး ထံ ပေးအပ် ခဲ့ ကြောင်း ဦးဆောင်ပါဝင်သူ သံဃာတော် တပါး က မီဒီယာ ကိုမိန့်ကြားသည်။
ကမ္ဘာတ၀ှမ်းရှိ အကြမ်းဖက်နေသူများအား တားဆီးနိုင်ရေးနှင့် တရားဥပဒေ အတိုင်းဆောင်ရွက်ရေး၊ ဘင်္ဂလားဒေ့ရှ် ဒေသ အကြမ်းဖက်မှုကို ကမ္ဘာမှသိအောင် ဆန္ဒဖော် ထုတ်ရခြင်း ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သူ အောင်မြေဇောတိ ကျောင်း တိုက် ဆရာတော် ဦးဝီသာရ က မိန့်ကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ပန်းဝါဒေသတ၀ိုက်မှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများ၊ လူနေအိမ်များကို စက်တင်ဘာလ ၃၀ ရက်နေ့က မီးရှို့မှု ဖြစ်ပွားခဲ့သည်။ ထိုမီးရှို့မှုကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် သိမ်တော် စသည့် သာသနိက အဆောက် အအုံ စုစုပေါင်း  ၂၂ ဆောင်နှင့် ပဋိကတ် တော်များ မီးလောင်ကျွမ်းသွားကြောင်း သိရသည်။
ထို့အတူ တန်ဖိုးကြီးသည့် ဗုဒ္ဓ ရွှေဆင်းထုတော်များကို အကြမ်းဖက်သူများက ၀င်ရောက်ယူဆောင် သွားကြောင်း သိရပြီး မီးရှို့ခံရသည့် ဘုန်းတော်ကြီးကျောင်း တချို့သည် နှစ်ပေါင်း၂၅၀၊ ၃၀၀ ၀န်းကျင်အထိရှိကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဗုဒ္ဓသာဘာဝင်များအား တိုက်ခိုက်ခံရခြင်းသည် အစ္စလမ်ဘာသာဝင်တို့၏ အထွဋ်အမြတ်ထားသည့် ကိုရမ်ကျမ်းအား စော်ကားသည့် အပြုအမူ လုပ်ထားသော ဓာတ်ပုံကို ဗုဒ္ဓဘာသာဝင် မရမာလူငယ်တဦး၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် တင်ထားသည်ကို တွေ့ရာမှ ပြဿနာကြီးထွားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထုတ် သတင်းစာများက ဖော်ပြခဲ့သည်။
မီးရှို့ခြင်း၊ အကြမ်းဖက် ပြစ်မှုကျူးလွန်သူများအား ထိရောက်စွာ အရေးယူပေးရန်၊ ဗုဒ္ဓဘာသာဝင်များအား ကာကွယ်ပေးရန် စသည်တို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ သီရိလင်္ကာနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ သံဃာ တော်များကလည်း  မိမိတို့ နိုင်ငံရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံသံရုံးများ သို့သွားရောက် ဆန္ဒပြခဲ့ကြသည်။
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မကွေးပရိယတ္တိစာသင်တိုက်မှ ဆရာတော်၊ သံဃာတော် အပါး ၂၀၀ ၀န်းကျင်သည် လည်း အကြမ်း ဖက်မှုများရပ်တန့်ရေး၊ ပျက်စီးသွားသည့် ဘုန်းတော်ကြီးကျောင်းများ ပြန်လည်တည်ဆောက်ပေးရေး စသည့် ပိုစတာ များကို ကိုင်ဆောင်၍ ကျောင်းတိုက်ဝင်းတွင် ယမန်နေ့က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်၊ မေတ္တာ ပို့ခဲ့ကြသည်။
အညတရဆုရှင်နှင့် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်သူ သာဓုကျောင်းတိုက်မှ အရှင် ဦးခေမာစာရ က လည်း ဆန္ဒပြ ရခြင်းသည် လူမျိုးရေး ဘာသာရေး ခွဲခြားလို၍ မဟုတ်ဘဲ အကြမ်းဖက်မှုကို လုံးဝ လက်မခံသည့်အတွက် ဖြစ်ကြောင်း  မီဒီယာ ကို မိန့်ကြားသည်။ “အကြမ်းဖက်မှုကို ရှုံ့ချကန့်ကွက်တဲ့ အနေနဲ့ ဆန္ဒပြရတာပါ၊ တခြား ရည်ရွယ်ချက် မရှိပါဘူး”ဟု မိန့်ကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း လူနည်းစု ဗုဒ္ဓဘာသာဝင်များအား ကာကွယ်ရေးတို့အတွက် နိုင်ငံအ၀ှမ်း ဆန္ဒထုတ်ဖော်ခဲ့ကြပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြန်ကြား ရေး ၀န်ကြီး ကိုယ်တိုင် ဆန္ဒပြပြည်သူများ၊ ငြိမ်းချမ်းရေး အဖွဲ့ဝင်များနှင့်အတူ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့သည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်ကလည်း ထိုကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အမြန်ဆုံးဖော်ထုတ်ပေးရန် ဘင်္ဂလားဒေ့ရှ် အစိုးရကို တောင်းဆိုထားသည်။
ယခုအကြမ်းဖက်မှုသည် ကြိုတင်ကြံစည်မှုတခုဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး အသိုင်းအ၀ိုင်းကြား ဝေဖန်မှုများလည်း ထွက်ပေါ်၍ အစိုးရနှင့် အတိုက်အခံ နိုင်ငံရေး အင်အားစုတို့အကြား အပြန်အလှန် စွပ်စွဲမှုများလည်း ရှိနေသည်။
ဗုဒ္ဓဘာသာဝင်များအား ယခုကဲ့သို့ တိုက်ခိုက် အကြမ်းဖက်မှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမိုင်းတွင် ဆိုးဝါးသည့် လုပ်ရပ်တခုဖြစ် ကြောင်း ကြေညာချက်တစောင်ကို ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်တဦးနှင့် စီးပွားရေးပညာရှင် ဒေါက်တာ မိုဟာမက် ယူနွတ် က ထုတ်ပြန်ခဲ့ ကြောင်း နိရဉ္စရာ သတင်းက ရေးသားထားသည်။
လူမျိုးရေး၊ ဘာဘာရေး အစွန်းရောက်သူများ အားလုံးကို ဆန့်ကျင်ကြရာတွင် အားလုံး ပူးပေါင်းပါဝင်ကြရန်နှင့် တိုက်ခိုက်မှုတွင် ပါဝင်သူများအား ထိရောက်စွာ အရေးယူပေးရန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း နေထိုင်သူများ အားလုံး တန်းတူညီမျှမှု၊ သဟဇာတ ဖြစ်မှုမြှင့်ကြရန်အတွက်လည်း မစ္စတာ ယူနွတ်က မေတ္တာရပ်ခံကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ် ဗုဒ္ဓဘာသာဝင်များအား တိုက်ခိုက်ခြင်းသည် အကြမ်းဖက်မှု လုပ်ရပ်တခုသာ ဖြစ်၍ ၎င်းတို့ အနေဖြင့် ကန့်ကွက်ရှုံ့ချကြောင်း အစ္စလမ် သာသနာရေးရာ ကောင်စီဌာနချုပ်၏ ပြောခွင့်ရသူ ဦးဝဏ္ဏရွှေ ကလည်း ဧရာဝတီ ကိုပြောသည်။
“အကြမ်းဖက်မှုကို ကျနော်တို့အဖွဲ့ကလည်း လက်မခံပါဘူး၊ ဒါပေမယ့် ကြေညာချက် ထုတ်ဖို့တော့ အစီအစဉ်တော့ မရှိသေး ပါဘူး”ဟု ၎င်းက ဆိုသည်။


ဝါးတစ်ရာ စက်မှုဇုန် သစ်အချောထည်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ


ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ စက်မှုဇုန်မှာရှိတဲ့ တော်ဝင်မိသားစု ကုမ္ပဏီပိုင် သစ်အချောထည် စက်ရုံက အလုပ်သမား ၂ ရာလောက်ဟာ သတ်မှတ်ထားတဲ့ ရက်အတွင်း စာချုပ် ချုပ်ဆိုပေးဖို့ သဘောတူထားတာကို အလုပ်ရှင်ဘက်က အကောင်အထည် မဖော်ပေးတဲ့အတွက် စက်ရုံဝင်းအတွင်းမှာ မနေ့က မနက်ပိုင်းက ဆန္ဒပြခဲ့ပါတယ်။
အရင်က အလုပ်သမားတွေ ဆန္ဒပြစဉ်က အလုပ်ရှင်နဲ့ အလုပ်သမားအကြား သဘောတူထားတဲ့ အချက်တွေကို စာချုပ်ချုပ်ဖို့ အကောင်အထည် ဖော်မပေးတဲ့အပြင် အလုပ်သမားတွေအကြား ခွဲခြား ဆက်ဆံနေတဲ့အတွက် ဖြစ်တယ်လို့ ဆန္ဒပြအလုပ်သမား တစ်ဦးက RFA ကို အခုလို ပြောပါတယ်။

“အလုပ်သမားအချင်းချင်း ခွဲခြားဆက်ဆံတာ၊ အလုပ်အဖွဲ့အစည်း တပ်ပြီး ဖွဲ့စည်းမယ်၊ အဲဒီထဲမှာ ပါရမယ့် လူကိုသာ လူမှုဖူလုံရေးကဒ် ထုတ်ပေးမယ်၊ ကျန်တဲ့လူကို ကြားနေတဲ့လူလို့၊ ကျနော်တို့ သမဂ္ဂဘက်ကို ပါတဲ့သူတွေကို လုပ်မပေးဘူးလို့ ပြောတယ်။ ဒါတွေက အလုပ်သမားအချင်းချင်း သွေးထိုးနေတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အဲဒါကြောင့် ကျနော်တို့ ဆန္ဒ ဖော်ထုတ်လိုက်တာပါ”

ပြီးခဲ့တဲ့ စက်တင်ဘာလမှာ အလုပ်သမားတွေက တောင်းဆိုချက် ၈ ချက်ကို နှစ်ကြိမ်တိုင်တိုင် ဆန္ဒပြ တောင်းဆိုခဲ့ရာမှာ အလုပ်ရှင်ဘက်က စက်တင်ဘာလ ၂၈ ရက်နောက်ဆုံးထား အကောင်အထည် ဖော်ပေးမယ်လို့ ပြောဆိုခဲ့ပေမယ့် ယနေ့တိုင် မရရှိသေးတဲ့အတွက်  အခုလို ထပ်ပြီး ဆန္ဒပြရတာလို့ သိရပါတယ်။ အလုပ်သမားတွေ တောင်းဆိုတဲ့ အချက်တွေထဲမှာ ဥပဒေနဲ့အညီ တင်ပြထားတဲ့ အလုပ်ရှင်၊အလုပ်သမား သဘောတူစာချုပ်ကို အပြီး ချုပ်ဆိုပေးဖို့၊ လက်ရှိ လုပ်ကိုင်နေတဲ့ စက်ရုံက အလုပ်သမား အားလုံးကို တရားဝင် အလုပ်သမား အဖြစ် သတ်မှတ်ပေးဖို့၊ အလုပ်သမားတွေကို ဖယ်ရီကားတွေ စီစဉ်ပေးဖို့၊ လူမှုဖူလုံရေး ကဒ်တွေ ထုတ်ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။


လက်ပံတောင်းတောင်စီမံကိန်း ဆန့်ကျင်ဆန္ဒပြသူတွေကို ဦးပိုင်ကုမ္ပဏီတရားစွဲ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန့်ကျင်တဲ့အနေနဲ့ အခေါင်းပုံစံလုပ်ပြီး မီးရှို့ ဆန္ဒပြခဲ့တဲ့ ကိစ္စအပေါ် ဒေသခံတွေနဲ့ ဒေသခံတွေကို ကူညီသူတွေ၊ ကျောင်းသားခေါင်းဆောင်တွေ စုစုပေါင်း ၁၆ ယောက်ကို တရားစွဲဖို့ စီမံကိန်း တာဝန်ရှိသူတွေက ဆားလင်းကြီးမြို့နယ် ရဲစခန်းမှာ မနေ့က အမှုဖွင့်လိုက်တယ်လို့ သတင်းရရှိပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က မုံရွာ-ပုသိမ် လမ်းမကြီးနဲ့ ညောင်ပင်ကြီး- ပုလဲ လမ်းဆုံအနား မြန်မာဝမ်ပေါင်ကုမ္ပဏီ ရုံးခန်းနဲ့ မလှမ်းမကမ်းမှာ အခေါင်းပုံစံ ပြုလုပ်ပြီး မီးရှို့ ဆန္ဒပြတဲ့အပေါ် မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ် ဝမ်ပေါင်ကုမ္ပဏီတို့ကို နစ်နာစေရန် ကြံစည်မှုနဲ့ ဦးပိုင်ကုမ္ပဏီက အမှုဖွင့်တာလို့ သိရပါတယ်။

အမှုဖွင့်လိုက်ပေမယ့် သက်ဆိုင်ရာက တရားဝင် အကြောင်းမကြားသေးဘူးလို့ အမှုဖွင့်ခံရတဲ့ ၁၆ ဦးထဲမှာ ပါဝင်နေသူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဟန်ဝင်းအောင်က RFA ကိုပြောပါတယ်။

သူတို့ကို ပုဒ်မ ၁၄၃၊ ၁၄၇၊ ၅ဝဝ တို့နဲ့ အမှုဖွင့်လိုက်တာလို့ ဆိုပါတယ်။ အမှု ဖွင့်ခံရတဲ့သူတွေထဲမှာ ကိုဟန်ဝင်းအောင်၊ ကိုအောင်စိုး၊ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို၊ ကိုကောင်းဆက်၊ ကိုအာကာထက်မိုး၊ နိုင်ငံရေး အကျဉ်းသူဟောင်း မတင်မာဆွေ၊ ဒေသခံ မသွဲ့သွဲ့ဝင်း၊ ကိုအောင်ဇော်ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။


တရားစွဲသည်ဆိုလျှင် တိုင်းဝန်ကြီးချုပ် ကတိပျက်ကြောင်း ကျော်ကိုကို ပြော 


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒဖော်ထုတ်ခဲ့သူများအား တရားစွဲ ဆိုထားသည်ဟု သတင်းများ ထွက်ပေါ်နေ၍ ထိုသို့ဟုတ်မှန်ပါက တိုင်းဒေသကြီး ဝန်ကြီးချုပ်မှာ ကတိမတည်ရာ
ရောက်ကြောင်း ဗကသ ကျောင်းသား ခေါင်းဆောင် ကိုကျော်ကိုကို က ပြောသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တာဝန်ရှိသူတဦးက ပုဒ်မ ၁၄၄ ကိုဖောက်ဖျက်ကျူးလွန်မှု၊ စိတ်ညိုညင်အောင်ပြုလုပ်မှု၊ ကုမ္ပဏီ အသရေပျက် နစ်နာစေရန် အကြံစည်ပြုမူဆောင်ရွက်မှု တို့ဖြင့် ဦးဆောင်ပါဝင်သူ ၁၆ ဦးအား အမှုဖွင့်ကြောင်း ပြည်တွင်းသတင်းဌာန တချို့တွင် ဖော်ပြပါရှိလာသည်ကို ဖတ်ရှုရ၍ ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။  

“နောက်ဆက်တွဲ ထပ်မံဖမ်းဆီးခြင်း၊ အရေးယူခြင်း မလုပ်ပါဘူးလို့ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်က ကတိပေး တယ်။ အခုကျတော့ ၁၆ ယောက်ကို တရားစွဲဖို့ လုပ်တယ်ဆိုရင် ဝန်ကြီးချုပ် အနေနဲ့ ကတိဖောက်ဖျက်ရာကျတယ် လို့ပြောလို့ရတယ်။ ဒီစီမံကိန်း မရပ်မချင်း၊ ရွာသူရွာသားတွေ နစ်နာနေဦးမယ်ဆိုတာ မှန်ကန်နေသရွှေု့ ကျနော်တို့ လွှင့်ထားတဲ့ အလံ ဘယ်တော့မှ မရုတ်ဘူး” ဟု တရားစွဲဆိုခံထားရသူများထဲမှ တဦးဖြစ်သည့် ကိုကျော်ကိုကို က ပြောသည်။

စက်တင်ဘာလအတွင်းက စီမံကိန်းရပ်ဆိုင်းပေးရန်နှင့် အသိမ်းခံ မြေယာများ ပြန်လည်ရရှိရေးအတွက် ဆန္ဒပြခဲ့ကြ သည့် ဒေသခံရွာသားများမှာ ဖမ်းဆီး ဖြိုခွဲမှုများ ပြုလုပ်ခံခဲ့ရသည်။

စက်တင်ဘာ ၁၁ ရက်နေ့တွင် ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဝန်ကြီးချုပ် ဦးသာအေးနှင့် ဆွေးနွေးရာတွင် ဆန္ဒပြပွဲများတွင် ပါဝင်ပတ်သက်နေသူများအား နောက်ဆက်တွဲ အရေးယူမှုများ မလုပ်ရန်ပြောဆိုခဲ့ရာ ဝန်ကြီးချုပ်မှ အရေးယူမည် မဟုတ်ကြောင်း နှုတ်ကတိ ပေးခဲ့သည်။

ထိုသို့ ဝန်ကြီးချုပ်၏ နှုတ်ကတိ တလမပြည့်မီ ယခုကဲ့သို့ တရားစွဲဆိုထားသည် ဟူသော သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

“တရားဝင် ခေါ်စာ မရသေးဘူး။ ကျနော်တို့က ရွာသူရွာသားတွေရဲ့ နစ်နာချက်ကို ဖော်ထုတ်တာ။ ဦးပိုင်လီမိတက်ကို နစ်နာအောင် လုပ်တာမဟုတ်ဘူး။ အဖွဲ့အစည်းတခုကို နစ်နာအောင်လုပ်တာ မဟုတ်ဘူး။ နာမည်ဖျက်တာ မဟုတ် ဘူး။ လုပ်ရပ်မှန်တယ်မမှန် ဘူး။ အများပြည်သူ အကျိုးစီးပွား ထိခိုက်တယ်၊ မထိခိုက်ဘူး ဆိုတာမူတည်ပြီးတော့ ခုခံကာကွယ်ပါမယ်” ဟု ကိုကျော်ကိုကို က ပြောသည်။

ပြည်သူ့ အကျိုးဆောင် ကွန်ယက် ခေါင်းဆောင် ကိုဟန်ဝင်းအောင် ကမူ ၎င်းတို့အား တရားစွဲဆိုထားခြင်းကို မသိရှိရသေးသော်လည်း အမှန်တကယ် တရားစွဲပါက ရင်ဆိုင်ရန် ဝန်မလေးကြောင်း ပြောသည်။

“ပြည်သူတွေရဲ့ လိုလားချက်ကို တရားသော နည်းလမ်းနဲ့ ပါဝင်ပြီးတော့ ကူညီခဲ့ကြတယ်။ အဲဒီအပေါ်မှာ ကျနော် တို့ကို တရားစွဲမယ်ဆိုရင် ကျနော်တို့က ရင်ဆိုင်သွားမှာပါ။ သူတို့ဘက်က မတရားလုပ်ခဲ့တဲ့ ကိစ္စတွေ ဦးပိုင် ကုမ္ပဏီကော၊ မြန်မာဝမ်ပေါင် တရုတ်ကုမ္ပဏီကိုပါ လူထုဘက်ကနေ တရားပြန်စွဲတုန့်ပြန်သွားမှာပါ” ဟု မဇ္ဈိမကို ပြောသည်။

စက်တင်ဘာလအတွင်းကလည်း ကွန်ယက်အဖွဲ့ဝင်များဖြစ်သည့် ကိုဟန်ဝင်းအောင်၊ ကိုအောင်စိုး တို့အား အာဏာပိုင်များက ဆားလင်းကြီးဒေသ လက်ပံတောင်းတောင် စီမံကိန်းတွင် သွေးထိုးလှုံဆော်သည်ဟုဆိုကာ ဖမ်းဝရမ်း ထုတ်ထားခဲ့ဖူးသည်။

ကြေးနီတောင်စီမံကိန်းသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်ကုမ္ပဏီ ဝမ်ပေါင်းတို့ ဖက်စပ်လုပ်ဆောင် သည့် စီမံကိန်းတခုဖြစ်ပြီး အဆိုပါစီမံကိန်းကြောင့် အသိမ်းခံလိုက်ရသည့် လယ်ယာဧကပေါင်း ၇,၈ဝဝ ကျော်အတွက်တောင်သူများက မကျေနပ်၍ ဇွန်လမှ စတင်ကာ ပြီးခဲ့သည့် စက်တင်ဘာလ အထိ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။

LWIN PWIN

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment