မြန်မာ့ စီးပွားရေး သတင်းများ  အောက်တိုဘာ ၁၈ ၊ ၂၀၁၂


မြန်မာနိုင်ငံမှ ယခုဏ္ဍာနှစ်၏နှစ်ဝက်အတွင်း ဆန်တန်ချိန် ၆၅၀၀၀၀နီးပါး ပြည်ပတင်ပို့၊ ၄၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆန်တန်ချိန်တစ်သန်းအထက် ပြည်ပသို့ပြန်လည်တင်ပို့နိုင်မည့်နှစ် ဖြစ်လာနိုင်

မြန်မာနိုင်ငံမှ ယခုဘဏ္ဍာနှစ်၏ ဘဏ္ဍာနှစ်ဝက်ကာလအတွင်း၌ ဆန်တန်ချိန် ၆၅၀,၀၀၀ နီးပါး ပြည်ပတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။ယခုဘဏ္ဍာနှစ်တွင် ၂၀၁၂ ခု နှစ် ဧပြီလမှ စက်တင်ဘာလကုန်အထိ ပြည်ပသို့ဆန်တင်ပို့မှုစာရင်းများအရ တန်ချိန် ၆၄၅၀၀၀ ကျော်တင်ပို့ပြီး အမေရိကန်ဒေါ်လာသန်း ၂၅၀ နီးပါးရရှိထားသည်ဟု သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ၁၉၅၆ ခုနှစ်မတိုင်မီကာလအထိ ပြည်ပသို့ နှစ်စဉ်ဆန်တန်ချိန်တစ်သန်းကျော် တင်ပို့ခဲ့ပြီး ယင်းနောက်တွင် ထိုသို့တင်ပို့နိုင်ခြင်းမရှိခဲ့ကြောင်း ကုန်သွယ်မှုဆိုင်ရာ ကိန်းဂဏန်းများဖော်ပြချက်အရ သိရသည်။
ယခုဘဏ္ဍာနှစ်တွင်မူ ဘဏ္ဍာနှစ်ကုန်အထိ ယခုနှုန်းအတိုင်း တင်ပို့မည်ဆိုပါက ၁၉၅၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆန်တန်ချိန် တစ်သန်းကျော် ပြည်ပသို့ ပြန်လည်တင်ပို့နိုင်သည့်နှစ် ဖြစ်လာနိုင်သည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က ပြည်ပသို့ ဆန်တန်ချိန်စုစုပေါင်း ရှစ်သိန်းနီးပါးသာ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၀၈ သန်းကျော်သာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်ပိုင်းများအတွင်း ပြည်ပသို့ဆန်တင်ပို့ရာ၌ ၂၀၀၁-၀၂၊၂၀၀၂-၀၃၊ ၂၀၀၉ -၁၀၊ ၂၀၁၁-၁၂ ခုနှစ်များက တင်ပို့ခဲ့မှုမှာ အမြင့်ဆုံးတင်ပို့နိုင်ခဲ့သည့် နှစ်များဖြစ်ခဲ့သည်။အထူးသဖြင့် ၂၀၀၁-၀၂ ခုနှစ်က ပြည်ပသို့ဆန်တန်ချိန် ၉၄၀,၀၀၀ နီးပါးတင်ပို့ခဲ့မှုမှာ အမြင့်ဆုံးဖြစ်ကြောင်း ဆန်တင်ပို့မှုအပြင် ဆန်ကွဲတင်ပို့မှုမှာလည်း ယခင်နှစ်ကထက် များစွာမြင့်တက်ခဲ့ကြောင်း ယခုဘဏ္ဍာနှစ်ခြောက်လအတွင်းတင်ပို့မှုသည်ပင် ယခင်တစ်နှစ်လုံး ဆန်ကွဲတင်ပို့မှု စုစုပေါင်းထက် ကျော်လွန်သွားပြီဖြစ်ကြောင်း ၂၀၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် တစ်နှစ်လုံးတွင် ဆန်ကွဲတန်ချိန် စုစုပေါင်း ၅၃,၀၀၀ ကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၆ သန်း ကျော်ရရှိခဲ့ကြောင်း ယခုနှစ်တွင်မူ ခြောက်လအတွင်းတင်ပို့သည့် ပမာဏသည်ပင် တန်ချိန် ၅၉,၀၀၀ နီးပါးရှိပြီး အမေရိကန်ဒေါ်လာ ၁၇ သန်း ကျော်ရရှိထားကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှုမှာ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်များစွာ နည်းပါးနေသေးပြီး ထိုင်းနိုင်ငံမှာ နှစ်စဉ်တန်ချိန် ၁၀ သန်းနီးပါး ပြည်ပသို့တင်ပို့နေပြီး ဗီယက်နမ်နိုင်ငံမှာလည်း ခုနစ်သန်းအထိ တင်ပို့လျှက်ရှိကြောင်း သိရသည်။

ပုပ္ပားတောင်ရှိ လက်ဖက်စိုက်ခင်းနှင့် ဘိလပ်မြေစက်ရုံ ခေတ္တရပ်ဆိုင်းထား


ပုပ္ပားတောင် ချစ်သူများအဖွဲ့၏ တောင်းဆိုမှုကြောင့် ပုပ္ပားတောင်မကြီးပေါ်မှ သစ်တော ဦးစီးဌာနနှင့် ပုဂ္ဂလိက ကုမ္ပဏီတို့၏ ဖက်စပ် လက်ဖက်စိုက်ခင်းများနှင့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနပိုင် ကျောက်ပန်းတောင်း – မြင်းခြံ ကားလမ်းပေါ်ရှိ ပိုဆိုလန် ဘိလပ်မြေ အစားထိုးစက်ရုံ လုပ်ငန်းများကို ယာယီ ရပ်ဆိုင်းထားကြောင်း သတင်းရရှိသည်။
ဒေသခံများနှင့် ပုပ္ပားတောင် ချစ်သူ အဖွဲ့ဝင်များက ယာယီရပ်ဆိုင်းခြင်း မဟုတ်ဘဲ အမြဲတမ်း ရပ်နားပေးရန် ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ကျောက်ပန်းတောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးသို့ တိုင်ကြားစာများ ပေးပို့ထားရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က လာမည့် ဆဋ္ဌမအကြိမ် လွှတ်တော်တွင် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ပိုဆိုလန် စက်ရုံမှ စက်ရုံမှူး ဦးခင်ဌေးကမူ “ကြေးနီတောင်လိုမျိုး စက်ကြီးတွေနဲ့ တူးနေတာမှမဟုတ်တာဗျာ၊ စက်သံတွေဆူတယ် ဆိုရင်လည်း လာကြည့်ကြပါ။ စက်ရုံ ပိတ်ရင် ကျနော်တို့က ဘာမှမဖြစ်ဘူး၊ ဒေသခံတွေပဲ အလုပ်လက်မဲ့ဖြစ်ပြီး ဒုက္ခ ရောက်ကြမှာ” ဟု ပြောသည်။
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနပိုင် ပိုဆိုလန်စက်ရုံသည် ဧက ၂၀၀ ခန့် ကျယ်ဝန်းပြီး ကျောက်ပန်းတောင်း – မြင်းခြံ ကားလမ်းမကြီးပေါ်တွင် ရှိကြောင်း၊ ယင်းစက်ရုံက ပုပ္ပားတောင်မကြီးပေါ်မှ ထွက်သော ပိုဆိုလန် (ခေါ်) မီးတောင် ပြာမှုန်များကို တူးယူးပြီး ဘိလပ်မြေ အစားထိုးအမှုန့် ထုတ်လုပ်၍ ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းနှင့် အထက် ပေါင်းလောင်းဆည်တို့အတွက် တင်ပို့ အသုံးပြုနေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းစက်ရုံကို ၂၀၀၀ ပြည့်နှစ် ခန့်က စတင်လည်ပတ်ခဲ့ပြီး ဒေသခံ လုပ်သားအင်အား ၁၅၀ ခန့် ၀င်ရောက် အလုပ်လုပ် နေကြသည်။ ၂၀၀၆ ခုနှစ်၌ စက်ရုံကြောင့် ရေကြီးပြီး အနီးအနားရှိ ရွာ ၂ ရွာမှ လူ ၁၇ ဦး သေဆုံးခဲ့သဖြင့် လျော်ကြေး ပေးခဲ့ရဖူးသည်။
ကျောက်ပန်းတောင်းမြို့ခံ အထွေထွေ ရောဂါကုဆရာဝန် ဒေါက်တာ မွတ်တားက ပိုဆိုလန် တူးဖော်ရာနေရာမှ ထွက်ရှိသော အမှုန်များသည် ပတ်ဝန်းကျင် ရွာများရှိ ရေတွင်း၊ ရေကန်များသို့ ၀င်ရောက်နေသဖြင့် ကျန်းမာရေး ပြဿနာများ ကြုံတွေ့ နေရာကြောင်း၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားနေရသော လူနာများ ရှိကြောင်း ပြောသည်။ထို့အပြင် လူစိမ်းများ ဝင်ထွက်သွားလာမှု များပြားလာပြီး ပုပ္ပားတောင်ပေါ်မှာ မျောက်များကို ဖမ်းဆီးစားသောက်ခြင်းများ ပြုလုပ်ကြကြောင်း သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး ပညာရှင် ဦးအုန်းက ဆိုသည်။
“ကမ္ဘာပေါ်မှာ အရှားပါးဆုံး စာရင်းဝင်တဲ့ မျောက်မျက်ကွင်းဖြူက မြန်မာတပြည်လုံး ဒီပုပ္ပား တောင်ပေါ်မှပဲရှိတာ။ ၁၉၈၆ ခုနှစ် အထိကို အကောင် ၁၅၀ လောက်ရှိတာ၊ အခုဆိုရင် ၅၀ လောက်တောင် မကျန်တော့ဘူး၊ မျောက်သားတွေ ချက်စား နေကြတယ်လေ” ဟု သူက ပြောသည်။
ထို့အပြင် သစ်တောဦးစီးဌာနနှင့် တင်ဝင်းထွန်း ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင် နေသော ဧက ၅၀၀ ခန့် ရှိသည့် လက်ဖက် စိုက်ခင်းများကိုလည်း တောင်ပေါ်ရှိ သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းကာ စိုက်ပျိုးခဲ့ကြကြောင်း၊ ဒေသခံ ရွာသားများ၏ နဂါးမောက်သီး စိုက်ခင်းများလည်း တောင်ပေါ်တွင်ရှိနေပြီး လက်ဖက်နှင့် နဂါးမောက်ပင်များက ရေစုပ်ယူသည့်အတွက် ပုပ္ပား တောင်မကြီးပေါ်တွင် ရှိသော သဘာဝ ရေထွက်ပေါက် ၁၅၀ ကျော်က ယခုအခါမှာ ၆၀ ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။
ယခုနှစ် မိုးရာသီ၌ ကျောက်ပန်းတောင်းမြို့နယ် တ၀ိုက်တွင် မိုးခေါင်ခဲ့ခြင်းကြောင့် မိုးရေ အလုံအလောက် မရရှိခဲ့သည့်အပြင်၊ ရေထွက်ပေါက်များမှ ရေရရှိမှု နည်းလာသောကြောင့် ယခုအခါ ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၂၆ ရွာနှင့် ချောက်မြို့နယ်၊ ရေနံချောင်းမြို့နယ်နှင့် ပုဂံ – ညောင်ဦး တ၀ိုက်တွင် ရေပြဿနာကြုံ တွေ့နေရသည်ဟု ပုပ္ပားတောင် ချစ်သူများ အဖွဲ့မှ ကိုရဲဝင်းအောင်က ပြောသည်။
ကျောက်ပန်းတောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီက ၁၉၉၀ ခုနှစ်မှ စတင်ကာ ပုပ္ပားတောင် ရေထွက်ပေါက် များက ထွက်ရှိသော ရေများအား ပုပ္ပားတောင်နှင့် ကျောက်ပန်းတောင်း မြို့ကြားတွင်ရှိသော ဆယ်ပေါက် ကျေးရွာတွင် ရေလှောင်ကန် များနှင့် သိုလှောင်ထားပြီး စက်ရေတွင်းများမှ ရသော ရေများအား ပိုက်လိုင်းများကနေ တစ်ဆင့် မြို့ပေါ်သို့ ရေပေးဝေခဲ့သည်။ ရေထွက်ပေါက်များမှ ရေရရှိမှု နည်းလာသဖြင့် ကျောက်ပန်းတောင်းမြို့နှင့် ၄ မိုင်သာဝေးသည့် အင်တောရွာ၌ စက်ရေတွင်းနှင့် ရေလှောင်ကန်များကို ၂၀၁၁ ခုနှစ်၌ ထပ်မံ တူးဖော်ခဲ့သော်လည်း ယခုနှစ်အထိ ပိုက်လိုင်း သွယ်တန်းခွင့် မကျသေးကြောင်း သိရသည်။
တင်ဝင်းထွန်း ကုမ္ပဏီအား ဆက်သွယ် မေးမြန်းသော်လည်း ဖုန်း လက်ခံဖြေဆိုခြင်း မရှိပေ။ ထို့အတူ ကျောက်ပန်းတောင်းမြို့နယ် သစ်တောဦးစီးမှူးကလည်း ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။
သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးအုန်းက ပုပ္ပားတောင်သည် ရေဝေရေလဲ ဒေသဖြစ်ခြင်းကြောင့် ရေထွက်ပေါက်များ ပြန်ပွင့်ကာ စိမ်းလန်းစိုပြေရန်အတွက် ပထမဆုံး အဆင့်အနေဖြင့် ယူကလစ်၊ ရှား၊ မဲဇလီ၊ ထနောင်း၊ ကုက္ကို အစရှိ သော ဒေသခံ အပင်များအား တောင်ပေါ်တွင် ပြန်လည်စိုက်ပျိုးသင့်ကြောင်း ပြောသည်။
ပုပ္ပားတောင်ကို ပြန်လည်ထိန်းသိမ်းရန် ရည်ရွယ်၍ သြဂုတ်လ ၂၀ ရက်နေ့က ပုပ္ပားတောင် ချစ်သူများ အဖွဲ့အား သဘာဝ ပတ်ဝန်းကျင် ပညာရှင်များဖြစ်သော ဦးအုန်းနှင့် ဦးဝင်းမျိုးသူတို့က ဦးဆောင်ဖွဲ့စည်းပေးခဲ့ကြောင်း၊ နောက်ပိုင်းတွင် အဖွဲ့ဝင်များက မြို့ပေါ်နှင့် တောင်ပေါ်တွင် ရွာသားများနှင့် ပူးပေါင်းပြီး အစည်းအဝေးများ မကြာခဏ ကျင်းပကာ ဒေသခံပေါင်း ၁၀၀ ခန့်ဖြင့် တလလျှင် ၇ ကြိမ်ခန့် တောင်ပေါ်တွင် သစ်တော သန့်ရှင်းရေးများ ပြုလုပ်နေကြပြီး ခုတ်ထွင် ရှင်းလင်း ခံခဲ့ရသော သစ်ပင်များအား ပြန်လည် စိုက်ပျိုးခွင့် ပေးရန် တောင်းဆိုထားကြကြောင်း သိရသည်။


ငါးမန်းများအား ဖမ်းဆီးရောင်းချခွင့် ပိတ်ပင်ထားသော်လည်း တရားမ၀င် ဖမ်းဆီးမှုများနှင့် မတော်တဆဖမ်းမိမှုများကြောင့် မျိုးသုဉ်းမည့်အန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း သိရ


ငါးမန်းများအား ဖမ်းဆီးရောင်းချခွင့် ပိတ်ပင်ထားသော်လည်း ပင်လယ်ပြင်အတွင်းတွင် အသုံးပြုလေ့ရှိသည့် တရွတ်ဆွဲပိုက်၊ မျှောပိုက်၊ ငါးမျှားတန်းများဖြင့် အခြားငါးများကို ဖမ်းဆီးရာမှ မတော်တဆဖမ်းမိမှုများနှင့် တရားမ၀င် ဖမ်းဆီးနေမှုများကြောင့် ငါးမန်းများမှာ မျိုးသုဉ်းမည့်အန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရသည်။
၂၀၀၄ ခုနှစ်၌ ကောက်ယူခဲ့သော မှတ်တမ်းများအရ ရခိုင်ပြည်နယ်တွင် ငါးမန်းမျိုးစိတ်ပေါင်း ၂၃ မျိုး၊ ဟိုင်းကြီးကျွန်းတွင် မျိုးစိတ်ရှစ်မျိုး၊ မြိတ်တွင် မျိုးစိတ် ၂၀ မျိုး တွေ့ရှိခဲ့ပြီး  မြန်မာတစ်နိုင်ငံလုံး အနေဖြင့် ငါးမန်းမျိုးစိတ်ပေါင်း ၃၁ မျိုး တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသည် ASEAN နှင့် SEAFDEC (South East Asian Fisheries Development Center) အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ငါးမန်းကာကွယ် ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် အမျိုးသားအစီအမံ (မူကြမ်း)ကို ရေးသားပြုစုထားကြောင်းလည်း သိရှိရသည်။ ထို့ပြင် ငါးမန်းမျိုးများ စစ်တမ်းကောက်ယူခြင်းကို ၂၀၀၄ ခုနှစ်၌ ပြုလုပ်ခဲ့ပြီး ယခုအချိန်တွင် သုတေသနပြုလုပ်ရန် ၀န်ထမ်းအင်အားနှင့် ငွေကြေးအင်အားများ ပံ့ပိုးပေးမည့် အဖွဲ့အစည်းများ မရှိသေးသောကြောင့် ထပ်မံပြုလုပ်နိုင်ခြင်း မရှိသေးကြောင်းလည်း သိရှိရသည်။
မြန်မာနိုင်ငံတွင် မြိတ်ကျွန်းစုရှိ ဒုံးကျွန်းနှင့် လန်ပိကျွန်းများကို ငါးမန်းကာကွယ် ထိန်းသိမ်းရေး နယ်မြေနှစ်ခုအဖြစ် ၂၀၀၄ ခုနှစ် မေလ ၅ ရက်နေ့တွင် ထုတ်ပြန်သတ်မှတ်ခဲ့ကြောင်းလည်း သိရှိရသည်။ ငါးမန်းများမှာ ပင်လယ်ပြင်ဂေဟစနစ်တွင် အရေးပါသောနေရာ၌ ပါဝင်နေခြင်းကြောင့် ငါးမန်းများ မျိုးသုဉ်းမသွားရန်မှာ ပင်လယ်ပြင်ဂေဟစနစ်အတွက် အ ရေးကြီးနေကြောင်းလည်း သိရှိရပါသည်။
ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် ပျမ်းမျှငါးမန်းကိုက်ခံရမှုပေါင်း ၁၀၀ ခန့်ရှိပြီး သေဆုံးမှုပေါင်း ၂၀ ခန့်ရှိကြောင်း၊ သို့သော် ထိုသို့သေဆုံးမှုများမှာ ငါးမန်းစားခြင်းကြောင့် မဟုတ်ဘဲ သွေးထွက်လွန်၍သာ သေဆုံးခြင်းများ ဖြစ်လေ့ရှိကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ လူသိများသော ငါးမန်းများမှာ ငါးမန်းကျား၊ လွန်းငါးမန်း၊ သဲငါးမန်း၊ ငါးမန်းခေါင်းဝိုင်း၊ ကျွဲငါးမန်း၊ ငါးမန်းကျားသစ်၊ ငါးမန်းအဖိုးကြီး၊ ငါးမန်းအိမ်မြှောင်၊ ငါးမန်းကျွဲချိုတို၊ ငါးမန်းဝေလီ၊ ငါးမန်းတောင်မည်း၊ ငါးမန်းတောက်တဲ့၊ ငါးမန်းစွယ်သယ်၊ ခုတ်ငါးမန်း၊ ငါးမန်းဘီလူး၊ ငါးမန်းဘူးပြောက်၊ ငါးမန်းငှက်ပျံ၊ ငါးမန်းဟိုင်း၊ ငါးမန်းခါးနှင့် ငါးမန်းကျွဲချိုရှည် စသည်တို့ ဖြစ်သည်။ ထို့ပြင် ငါးမန်းများကို စားသုံးရန်အတွက် ဆူးတောင်များ ရောင်းဝယ်မှုများအပြင် အရေခွံများနှင့်အဆီများကို အလှကုန်ပစ္စည်းများပြုလုပ်ရန်နှင့် ဆေးဝါးများအတွက် အသုံးပြုကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း လွှတ်တော်မှာဆွးနွေးမည်


ပထမအကြိမ် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွေကို မနက်ဖြန် အောက်တိုဘာလ ၁၈ ရက်နေ့မှာ ပြန်လည် စတင်တော့မှာဖြစ်ပါတယ်။ ဒီတခါ လွှတ်တော် စည်းဝေးပွဲတွေကျရင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့ ဆွေးနွေးကြမှာ ဖြစ် သလို အတည်ပြုထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပြင်ဆင်ချက်တွေကို ဆွေးနွေးကြမှာဖြစ်တယ် လို့ သိရပါတယ်။


တန်ဖိုးငယ် ငွေစက္ကူများ သိမ်းမည့်သတင်း မမှန်ဟု ဗဟိုဘဏ် ကြေညာ

 

 

ပြင်ပ၌ ဖြစ်ပေါ်နေသည့် ၅ ၊ ၁၀ ၊ ၂၀ ၊ ၅၀ ကျပ်တန် တန်ဖိုးငယ် ငွေစက္ကူများ(Small Notes) ပြန်လည် ရုပ်သိမ်းမည်ဟူသော ကော လာဟလများ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အစိုးရ သတင်းစာများမှ တဆင့် ထုတ်ပြန် ကြေညာသည်။ ထို့အပြင် တရားမ၀င် ကြေညာထားပြီးသော ငွေ စက္ကူများမှအပ ထုတ်ဝေထားပြီး ဖြစ်သည့် တစ်ကျပ် တန် မှ ကျပ် တသောင်းတန် အထိ ငွေစက္ကူ အားလုံး တရားဝင် သုံးစွဲနိုင်ကြောင်းလည်း ပါရှိသည်။

တရားမဝင် ရှယ်ယာများအတွက် အခွန်ဝန်ကြီးဌာန သတိပေး


မြန်မာနိုင်ငံတွင် နိုင်ငံခြားနှင့် ချိတ်ဆက်ထားသော ကုမ္ပဏီတချို့က ရင်းနှီးမြှုပ်နှံမှုဘဏ် (Investment Bank) လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိပြီဟုဆိုကာ ငွေကြေးနှင့် အစုရှယ်ယာထည့်ဝင်ကြရန် ကြော်ငြာမှုများရှိနေပြီး ယင်းသို့ လုပ်ရပ်များမှာ တရားမ၀င်ကြောင်းနှင့် ပြည်သူများ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ကြရန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက သတိပေး ပြောဆိုလိုက်သည်။
ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲလာချိန်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည် ဘဏ်များနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ စနစ်ကျစွာ ပေါ်ထွန်းရန် လုပ်ဆောင်ဆောင်လျက်ရှိကြောင်း၊ စီးပွားရေးအခွင့်အလမ်း များပြားလာချိန် အင်တာနက်၊ အီးမေးလ်နှင့် မီဒီယာများမှတဆင့် ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းလိုင်စင် ရရှိပြီဟုဆိုကာ ငွေကြေးထည့်ဝင်ခိုင်းမှုများနှင့် အစုရှယ်ယာ ခေါ်ယူမှုများ ရှိလာကြောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် ယင်းသတင်းများအပေါ် ချက်ချင်းတုံ့ပြန် ဆောင်ရွက်လျက်ရှိကြောင်း ၄င်းက ဆိုသည်။
“နိုင်ငံခြားကို အခြေပြုထားတဲ့ ကုမ္ပဏီတခု၊ နှစ်ခုလောက်ကနေပြီးတော့ Investment Bank လုပ်ခွင့်ရထားပြီဆိုပြီး မီဒီယာတွေမှာ ဖော်ပြနေတာတွေ့ရတယ်။ အဲဒီလိုဖော်ပြရုံနဲ့ အီးမေးလ်တွေပို့ပြီး ငွေတွေထည့်ကြပါပေါ့နော်၊ ရင်းနှီးမြှုပ်နှံကြပါဆိုပြီး ခေါ်တယ်ဆိုတဲ့ သတင်းတွေလည်း ဖြစ်နေတယ်။ ဘယ်နိုင်ငံခြားဘဏ်ကိုမှ ပြည်တွင်းမှာ ဘဏ်လုပ်ငန်းလုပ်ခွင့် လိုင်စင်ပေးမထားဘူး။ အခု Investment Bank လိုင်စင်ရပြီလို့ ပြောနေတဲ့ အဖွဲ့အစည်းတွေတောင်မှ မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ရုံးခွဲ ထောင်ခွင့်မရှိသေးဘူး” ဟု ဒေါက်တာ မောင်မောင်သိမ်းက ရှင်းပြသည်။
ငွေရေးကြေးရေး အဖွဲ့အစည်းဥပဒေအရ ခွင့်ပြုချက်မရှိဘဲ ငွေရေးကြေးရေးလုပ်ငန်းများတွင် လုပ်ကိုင်ပါက ငွေဒဏ် ၅ သောင်း၊ ထောင်ဒဏ်ငါးနှစ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ချမှတ်ခံရမည်ဖြစ်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
မြန်မာနိုင်ငံတွင် ငွေစုငွေချေးအသင်းပုံစံဖြင့် အတိုးပေးပြီး ငွေကြေးလိမ်လည်သွားသော ဆိုးရွားခါးသီးသည့် အတွေ့အကြုံများရှိခဲ့ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေနှင့် သတိထားကြစေလိုကြောင်း ဒု ၀န်ကြီးက ဆက်လက်ပြောသည်။
“ငွေရေးကြေးရေး အဖွဲ့အစည်းဆိုတာက အင်မတန်မှ လူထုကို လှည့်ဖြားလို့လွယ်တဲ့ အဖွဲ့အစည်းတွေ။ အတိုးပေးမယ်၊ ငွေထည့်ကြပါဆိုတော့ ငွေထည့်ကြတယ်။ နောက်ကျတော့ ငွေမပေးဘဲ လိမ်သွားတယ်။ ဒါမျိုးအတွေ့အကြုံတွေမြန်မာပြည်သူတွေ ခံစားရပြီးပြီ။ မြန်မာပြည်မှာ ငွေစုငွေချေးအသင်းတွေမှာ အတိုးရလို့ ငွေထည့်ပြီး ပြန်မရတာမျိုးတွေ ဖြစ်ခဲ့ပြီ။ ပြည်သူတွေခံခဲ့ရပြီးပြီ။ ဆိုးရွားတဲ့၊ ခါးသီးတဲ့ အတွေ့အကြုံတွေ ရှိခဲ့ပြီးပြီ” ဟု ၎င်းက ဆိုသည်။
မြန်မာ့ချေးငွေ သက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီမှ အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက ပြည်သူများအနေနှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင်လည်းကောင်း၊ အစုရှယ်ယာနှင့် ငွေကြေးထည့်ဝင်မှုများပြုလုပ် ရာတွင် သေချာစွာစုံစမ်းပြီးမှ လုပ်ဆောင်သင့်ကြောင်း၊ အထူးသဖြင့် မိမိရှယ်ယာနှင့် ငွေကြေးထည့်ဝင်ရမည့် ကုမ္ပဏီ၏ နောက်ကြောင်းကို လေ့လာစုံစမ်းရမည်ဖြစ်ကြောင်း ပြောသည်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ငွေကြေးတည်ငြိမ်ရေးတို့တွင် အစိုးရ၏ငွေကြေးမူဝါဒ၊ ဗဟိုဘဏ်၏ ငွေရေးကြေးရေး အဖွဲ့အစည်းများ ထိန်းကျောင်းစိစစ်နိုင်မှု အရေးကြီးကြောင်း ပြည်တွင်းစီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက ဆိုသည်။
“ငွေရေးကြေးရေး အဖွဲ့အစည်းတွေကို ဗဟိုဘဏ်ရဲ့ Monitor & Surveillance က အရေးကြီးတယ်။ ဘဏ်လုပ်ငန်း လုပ်တဲ့သူတွေက တခြားစီးပွားရေး လုပ်ငန်းတွေ အများကြီးမလုပ်ဖို့ လိုတယ်” ဟု ဒေါက်တာ အောင်ကိုကိုက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က သစ္စာပန်းခင်း၊ ဧရာမြေ၊ မဟာဓနံ အစရှိသည့် ငွေစုငွေချေး လုပ်ကိုင်သည့် ငွေရေးကြေးရေး အဖွဲ့အစည်းများစွာ ပေါ်ပေါက်ခဲ့ပြီး အတိုးနှုန်းကောင်းကောင်းပေးကာ ငွေအစုအလိုက်အပြုံလိုက် လိမ်လည်မှုများ ဖြစ်ပွားခဲ့သည်။


ရန်ကုန် တက္ကစီများကို မထသ (ဗဟို)က စီမံကွပ်ကဲရန်ပြင်

ရန်ကုန်မြို့ တွင်း ပြေးဆွဲနေသော ခရီးသည် အငှားယာဉ်များကို မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေး ဗဟိုကော်မတီ (မထသ) အောက်တွင် ထားရှိရန် တိုင်းအစိုးရက ဆောင်ရွက်နေသော်လည်း မည်သည့်နေ့ရက်တွင် စတင်မည်ကိုမူ မသတ်မှတ်ရသေးပေ။

ရန်ကုန်တိုင်းအစိုးရက စက်တင်ဘာလ နှောင်းပိုင်းတွင် အစီအစဉ်လုပ်ထားခဲ့ပြီး ခရိုင်၊ မြို့နယ်အလိုက် စီမံကွပ်ကဲသော အဖွဲ့များ ဖွဲ့ရမည်ဖြစ်သည်။ လောလောဆယ်တွင် တမြို့လုံးတွင် ပြေးဆွဲနေသော တက္ကစီစာရင်းများ လိုက်လံကောက်ယူလျက်ရှိသည်။လက်ရှိတွင် မထသ(ဗဟို)စီမံမှုအောက်၌ မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်လိုင်း အဖွဲ့အစည်းပေါင်း ၁၇ ဖွဲ့၊ မထသ(အဝေးပြေး) ကုန်တင်ယာဉ်နှင့် ပုဂ္ဂလိက ရေယာဉ် အဖွဲ့အစည်းတို့ ရှိကြသည်။တက္ကစီများ၏ အခြေအနေအရပ်ရပ်ကို မထသ(ဗဟို)မှ လေ့လာကာ ဝန်ကြီးထံ တင်ပြရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

Viber ကြောင့် ဖုန်းလိုင်းပိတ်မည့်ကိစ္စ မဟုတ်မှန်ဟု မြန်မာ့ဆက်သွယ်ရေးငြင်း

ပြည်ပသို့  Viber စနစ်ဖြင့် ဖုန်းခေါ်ဆိုမှုများကို လိုင်းဖြတ်တောက်ရန်နှင့် အရေးယူမှုများ ပြုလုပ်ရန်မရှိကြောင်း ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အင်ဂျင်နီယာချုပ်ဦးဇော်မင်းဦးက ပြောကြားခဲ့သည်။
မိုဘိုင်းဖုန်းများ မှတဆင့် အင်တာနက်ရှိသည့် နေရာတွင် အခမဲ့ ဖုန်းခေါ်ဆိုနိုင်သော Viber အသုံးပြုခြင်းကြောင့် ဖုန်းလိုင်းများ ပိတ်သိမ်းသွားမည် မဟုတ်ကြောင်း ပြည်တွင်း ဂျာနယ် တစောင်တွင် ဖော်ပြပါရှိခဲ့သော Viber သုံးခြင်းကြောင့် မိုဘိုင်းဖုန်းလိုင်းများ ပိတ်သိမ်းမည် ဆိုသည့် သတင်းကြောင့် Viber အသုံးပြုသူများ အကြား မကျေနပ်မှုများ ဖြစ်ပွားခဲ့ရသည်။ပြည်တွင်း မိုဘိုင်းဖုန်း အသုံးပြုသူများအနေဖြင့် အဆိုပါ Viber application ကို အသုံးများပြီး မိုဘိုင်းဖုန်းဆိုင်များတွင် လာရောက်ထည့်သွင်းမှုလည်း များကြောင်း မိုဘိုင်းဖုန်းဆိုင်များက ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ယခင်က အွန်လိုင်းပေါ်မှ ဖုန်းခေါ်ဆိုခြင်း ဖြစ်သော pfingo ကဲ့သို့ အသုံးပြုမှု များကို ပိတ်ခဲ့သည်ရှိပြီး ယင်းသို့ ပိတ်ခဲ့ခြင်းမှာ အင်တာနက်ဆိုင်များ မှတဆင့် ဖုန်းခေါ်ဆိုမှု များသောကြောင့် အင်တာနက် ဆိုင်များသို့ တရားဝင် အကြောင်းကြားပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယခုတွင်မူ လိုင်းပိတ်သည် ဆိုသည့် ဖုန်းများမှာ ပြည်ပနိုင်ငံများမှ လိုင်းများနှင့် ချိတ်ဆက်ပြီး ပြည်ပမှ ခေါ်ဆိုသည့် ဖုန်းများကို ပြည်တွင်းခေါ်ဆိုမှုအနေနှင့် ပြုလုပ်သည့် လိုင်းများကို ပိတ်သိမ်းမည်ဟု ပြောခြင်းဖြစ်ပြီး Viber ပါဝင်ခြင်း မရှိဟု သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းများ အရစ်ကျ ပေးချေသည့် စနစ်ဖြင့် ရောင်းချသည့် သဘောတူ စာချုပ်တွင် တယ်လီဖုန်းအရစ်ကျ သုံးစွဲသူမှ အရစ်အလိုက် လစဉ်ပေးသွင်းရမည့် ငွေအား ပေးသွင်းခြင်း မပြုပါကလည်းကောင်း၊ သုံးစွဲနေစဉ်အတွင်း ပြည်ပနိုင်ငံများနှင့် တရားမဝင် ခေါ်ဆိုမှုများအတွက် သံသယဖြစ်ဖွယ် စစ်ဆေး တွေ့ရှိရပါက လည်းကောင်း လိုင်းဖြတ်တောက်မည် ဖြစ်သည်ဟု ပါရှိသည်။
ထိုသို့ မိုဘိုင်းဖုန်းများ အရစ်ကျ ရောင်းချပေးခြင်းကို ကျေးလက်ဒေသများတွင် အောက်တိုဘာလအတွင်း စတင်ရောင်းချပေးနေခြင်း ဖြစ်သည်။


ဒုတိယကမ္ဘာစစ်အတွင်း မြစ်ကြီးနား၊ မင်္ဂလာဒုံနှင့်မိတ္ထီလာနယ်မြေများ၌ မြှုပ်နှံသိမ်းဆည်းခဲ့သည့် Spitfire အမျိုးအစားလေယာဉ်အစီး ၆၀ အား ပြန်လည်ရှာဖွေတူးဖော်မည်


ဒုတိယကမ္ဘာစစ်အတွင်းက မြစ်ကြီးနား၊ မင်္ဂလာဒုံနှင့် မိတ္ထီလာနယ်မြေများ၌ မြုပ်နှံသိမ်းဆည်းခဲ့သည့် Spitfire အမျိုးအစား လေယာဉ်အစီး ၆၀ နှင့် ဆက်စပ်ပစ္စည်းများအား ပြန်လည်ရှာဖွေတူးဖော်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment