မြန်မာ သတင်းများ  အောက်တိုဘာ ၀၉ ၊ ၂၀၁၂

ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ဗုဒ္ဓဘာသာအကြီးအကဲများနှင့်တွေ့


ဘင်္ဂလားဒေ့ရှ်ဝန်ကြီးးချုပ်  Sheikh Hasina ဟာ ပြီးခဲ့တဲ့သီတင်းပါတ်က ထောင်ချီတဲ့
မူဆလင်လူအုပ်စု က ဒါဇင်နဲ့ ချီတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေနဲ့ အိမ်ခြေ ၅၀ လောက်ကို ဖျက်ဆီးမီးရှို့ခဲ့တဲ့ Cox’s Bazar ဒေသကို တနင်္လာနေ့ က သွားရောက်ခဲ့ပါတယ်။  ဗုဒ္ဓဆင်းတုတော်တွေ အပါအ၀င် ပစ္စည်းတွေ လုယက်ဖျက်ဆီးခံခဲ့ရတဲ့ ဒီ ဖြစ်ရပ် ဟာအဆိုးဆုံး ဘာသာရေးအခြေခံတဲ့ တိုက်ခိုက်မှု တခုလို့ ဆိုရမှာ ဖြစ်ပြီး ဗုဒ္ဓဘာသာအသိုင်းအ၀န်းကြား ထိတ်လန့်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

ဒီကိစ္စမှာမြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ ဆက်နွယ်မှုရှိတယ် လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က စွတ်စွဲပြောဆိုမှုရှိပြီး အစ္စလာမ်ကို စော်ကားတဲ့ ဖေ့စ်ဘွတ် ပါ ဓါတ်ပုံကလဲ အကြမ်းဖက်မှု ဖြစ်ပေါ်
စေခဲ့တယ်လို့ ဆိုပါတယ်။  ဘယ်ဘာသာဝင်ဖြစ်ဖြစ် ငြိမ်းငြိမ်းချမ်းချမ်း အတူတွဲနေထိုင်နိုင်ဖို့ နည်းလမ်း ရှာပြီး လူနည်းစုတွေကို လုံခြုံမှုပေးဖို့ ပန်ကြားခဲ့တယ်လို့ ၀န်ကြီးချုပ်  Hasina နဲ့ တွေ့ဆုံခဲ့တဲ့ ဒေသခံ ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေက ပြောဆိုပါတယ်။

အဲဒီ့နောက် ၀န်ကြီးချုပ် Hasina က ဘာသာမခွဲ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး စုဝေးတွေ့ဆုံပွဲမှာ မိန့် ခွန်းပြောခဲ့ပါတယ်။  ဘင်္ဂလားဒေ့ရှ်မှာ ဘာသာရေးအစွန်းရောက်မှုတွေကို လက်မခံတဲ့အကြောင်း ဒီဒေသထဲမှာ အားလုံး အေးအေးချမ်းချမ်း နေထိုင်နိုင်မယ့် ငြိမ်းချမ်းရေးကော်မီတီတရပ် ဖွဲ့ဖို့လိုကြောင်း ပြောဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဘာသာရေးအရ ဖိနှိပ်ခွဲခြားမှုမရှိတဲ့ ၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရှိတဲ့ နိုင်ငံဖြစ်ပြီး အခြေခံဥပဒေမှာလဲ ဒီအချက်ကို ပြဌာန်းထားတယ်လို့ ပြောဆိုခဲ့ပါတယ်။  ဒီဖြစ်ရပ်ကို ဘယ်သူတွေ လုပ်ခဲ့တယ်ဆိုတာ စုံစမ်းစစ်ဆေးအဖြေရှာမှာ ဖြစ်ပြီး သတင်းအချက်အလက် တော်တော်များများ ရထားတယ်လို့လဲ ပြောဆိုပါတယ်။

သတင်းအချက်တွေပေးဖို့ကိုလဲ တောင်းဆိုလိုက်ပြီး အကြမ်းဖက်မှုကျူးလွန်သူတွေကို နမူနာအနေနဲ့ အရေးယူအပြစ်ပေးမှာဖြစ်တယ်လို့ လဲပြောဆိုပါတယ်။  ဒါပေမဲ့ ၀မ်းနည်းစရာကောင်းတာက နှစ်ပေါင်းရာနဲ့ချီတဲ့ တန်ဖိုးကြီးမားလှတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုးရာပစ္စည်းတချို့ကို ဖျက်ဆီးခံခဲ့ရတာဖြစ်တယ်လို့ ၀န်ကြီးချုပ် Hasina က ပြောဆိုခဲ့ပါတယ်။ အကြမ်းဖက်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုတွေကြုံခဲ့ရပြီး တဲထိုးနေနေကြရတဲ့ မိသားစု ၁၇၀ ကို အကူအညီ အထောက်အပံ့တွေ ပေးမယ်လို့ လည်း သူမကပြောဆိုလိုက်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ် သတင်းစာရှင်းလင်း


ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ၂ ပတ်ကျော်ကြာ အမေရိကန်ခရီးစဉ် သတင်းစာရှင်းလင်းပွဲကို မနေ့က နေ့လည်က ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရုံးချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။
သမ္မတအဖြစ် တာဝန်ထမ်းဆောင်လိုစိတ် ရှိ မရှိ သတင်းထောက် တစ်ဦးက မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထု လိုလားရင် သမ္မတ အဖြစ် တာဝန်ထမ်းဆောင်မှာ ဖြစ်ကြောင်း ပြောပါတယ်။ ကချင်ပြည်နယ် နဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခအရေးတွေ နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားပါတယ်။
"အန်တီ ခရီးသွားတဲ့အခါ ကျတော့လည်း ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့၊ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စ... တစ်ဘက်က ဟိုတစ်ဘက်ကို မရှုံ့ချရကောင်းလား ဆိုပြီးတော့ အန်တီ့ကို ဝေဖန်ကြတယ်။ သဘောမတူကြဘူး။ ဒါပေမယ့် အန်တီက ပြောတယ်။ အန်တီက စေ့စပ်ပေးချင်တဲ့သူ တစ်ယောက်အနေနဲ့ ဟိုဘက်ဒီဘက် အပြစ်ဆိုလေ့မရှိဘူး။ အန်တီ့ကို အသုံးချလို့ ရတော့မှာ မဟုတ်ဘူး။ တစ်ဘက်အတွက်ပဲ အသုံးချလည်း ခံမှာမဟုတ်ဘူး။ နှစ်ဘက်အတွက် အဆင်ပြေဖို့ပဲ အန်တီ အသုံးချခံမှာ။ ပြည်တွင်း ငြိမ်းချမ်းရေးမှာတော့ အခုအချိန်မှာ အန်တီတို့ အနေနဲ့ တရားဝင် ပတ်သက်နိုင်တဲ့ အခြေအနေမှာ မရှိသေးပါဘူး။ တိုင်းရင်းသားတွေက လိုလားလို့ ရှိရင်တော့ ပါဝင်ဖို့ အဆင်သင့်ပါပဲ။ ဒါပေမဲ့ အခု တိုင်းရင်းသားတွေနဲ့ ဆွေးနွေးနေတာတော့ အန်တီတို့ မဟုတ်ဘူး။ အစိုးရက ဆွေးနွေးနေတာပါ။"

ပြည်သူလိုလားလျှင် သမ္မတတာဝန်ယူမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးပါတီတခု၏ ခေါင်းဆောင် တဦးအနေဖြင့် ပြည်သူလူထု လိုလားလျှင် သမ္မတအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကို ဆက်လက် ကြိုးပမ်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ မနေ့က နံနက်က ရွှေဂုံတိုင် NLD ရုံးချုပ်တွင် ကျင်းပပြုလုပ်သော အမေရိကန် ပြည်ထောင်စုခရီးစဉ် ဆိုင်ရာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။


မြန်မာ့ပညာရေးစနစ် ညံ့ဖျင်းမှုကြောင့် လူငယ်မျိုးဆက်များအကြား လုပ်နိုင်ကိုင်နိုင်သည့်သူများ ရှားပါးခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို


မြန်မာ့ပညာရေးစနစ် ညံ့ဖျင်းမှုကြောင့် လူငယ်မျိုးဆက်များအကြား လုပ်နိုင်ကိုင်နိုင်သည့် သူများ ရှားပါးခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် မနေ့က (အောက်တိုဘာလ ၈ ရက်နေ့) နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်က ပြုလုပ်ခဲ့သော အမေရိကန်နိုင်ငံ ခရီးစဉ် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ရန်ကုန် ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့ ဒုတိယအကြိမ် လူထုဆန္ဒပြ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင် ပန်းဝါခေါ် ရာမူးမြို့က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ မီးရှို့ ဖျက်ဆီးခံရတာကို ဆန့်ကျင်တဲ့ အနေနဲ့ မနေ့က နေ့လည်ပိုင်းက ရန်ကုန်မြို့၊ အင်းယားလမ်းပေါ်က ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့ကို ဗုဒ္ဓဘာသာ သံဃာတော် အပါး (၇၀၀) ကျော် အပါအ၀င် လူ (၁၀၀၀) ကျော် လောက်က ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။


လက်တုန့်ပြန်မှု မပြုသင့်ကြောင်း ရခိုင်တိုင်းရင်းသား ဝန်ကြီးပြော

ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းရှိ ဗုဒ္ဓသာသနိက အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့သော
ဖြစ်ရပ်အတွက် မြန်မာနိုင်ငံမှ ရဟန်းသံဃာ နှင့် လူပုဂ္ဂိုလ်များက ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် ဆန္ဒပြပွဲ များ ထပ်မံဖြစ်ပွားနေရာ ဘာသာရေး၊ လူမျိုးရေး လက်စားချေမှုများကိုမူ မပြုသင့်ကြောင်း ရန်ကုန်တိုင်းရှိ ရခိုင် တိုင်းရင်းသား ဝန်ကြီး ဦးဇော်အေးမောင် က ပြောဆိုလိုက်သည်။


“၀” ၊ မိုင်းလား အဖွဲ့များ နှင့် ကာချုပ် တွေ့ဆုံ


ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တရုတ်နယ်စပ်အခြေစိုက် အပစ်ရပ်အဖွဲ့များဖြစ်သည့် ၀ပြည်သွေးစည်ညီညွတ်ရေး အဖွဲ့ (UWSA)၊ မိုင်းလားအခြေစိုက် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) ခေါင်းဆောင်များနှင့် ရှမ်းပြည် အရှေ့ ပိုင်း ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ်တွင် ပြီးခဲသည့်စနေနေ့က  တွေ့ဆုံဆွေးနွေးသည်။
UWSA အဖွဲ့ ဒု ဥက္ကဋ္ဌ ရှောက်မီလျံ၊ NDAA အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်းတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပြီး၊ မည်သည့် အကြောင်းအရာများ ဆွေးနွေးသည်ကိုမူ ထုတ်ပြန်ကြေညာခြင်းမရှိပေ။
“ပြဿာနာ ကြီးကြီးမားမားရှိလို့ တွေ့ဆုံတာမဟုတ်ပါဘူး၊ နယ်မြေ အတွင်းမှာဖြစ်ပေါ်နေတဲ့ လတ်တလော အခြေအနေလေးတွေကို ပြောကြမှာပါ”ဟု UWSA အဖွဲ့၏ ဗဟိုကော်မတီဝင်တဦးဖြစ်သူ ဦးဘွမ်တိန်းက ပြောဆိုသည်။
ယခင် စစ်အစိုးရလက်ထက် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအား နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် ပြောင်းလဲရန် ကြိုးစားရာ တဖက်နှင့် တဖက်တင်းမာမှုများ ဖြစ်ပွားခဲ့ပြီး အဆိုပါအဖွဲ့များနှင့် ဆက်ဆံရေး တန်းသွားခဲ့သော်လည်း သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း က ပဏာ မငြိမ်းချမ်းရေး သဘောတူညီချက်များ အောက်ခြေတပ်မှူးများအဆင့် ဆွေးနွေးပွဲများမှတဆင့် ရယူနိုင်ခဲ့သည်။
ထိုသဘောတူညီချက်များတွင် ဆက်ဆံရေးရုံးများကို မြို့ကြီးများတွင် ပြန်လည်ဖွင့်လှစ်ရန်၊ နှစ်ဘက်တပ်ဖွဲ့များ လက်ရှိ အခြေ အနေအတိုင်း ဆက်ရှိနေရန်၊ လက်နက်ကိုင် တပ်ဖွဲ့များ အစိုးရနယ်မြေများသို့ လာရောက်လျှင် ကြိုတင်အကြောင်းကြားရန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တူညီသည့် ဘုံအချက်များကိုသာ ဆွေးနွေးပြီး ပဋိပက္ခဖြစ်မည့် အငြင်းပွားဖွယ်အချက်များကို ရှောင် ရန်၊  နှစ်ဖက်တင်းမာမှု ဖြစ်ပွားစဉ်က ၀နယ်မြေမှ ထွက်ခွာသွားသည့် အစိုးရ၀န်ထမ်းများကို ပြန်လည်လက်ခံရန် စသည့်အချက် များ ပါဝင်သည်။
ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၀ လက်နက်ကိုင်တပ်ဖွဲ့ (UWSA)တို့ တွေ့ဆုံမှုသည်  မြန်မာတပ်မ တော်နှင့် ကချင်လွတ်လပ် ရေး တပ်ဖွဲ့ (KIA)တို့ တိုက်ပွဲများ ဖြစ်ပွားချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
တရုတ်မြန်မာနယ်စပ်ရှိ စစ်ရေး၊ နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက“တရုတ်နယ်စပ်က တိုင်းရင်းသားတွေက တရုတ်နဲ့ အရမ်းနီးစပ်သလို၊ လက်ရှိ ၀တပ်ဖွဲ့ အနေအထားအရလည်း မြန်မာတပ်ကတိုက်ဖို့ မလွယ်သေးဘူး၊ ဒါကြောင့် သတိကြီးကြီးနဲ့ ကိုင်တွယ်နေတဲ့ပုံပဲ”ဟု ဆိုသည်။
တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားများအရေးသည် တရုတ်အစိုးရအပေါ်တွင်လည်း မူတည်ပြီး၊ အစိုးရသစ် လက်ထက်တွင် အမေရိကန်နှင့် အနီးကပ်ဆက်ဆံလာ ခြင်း၊ မြစ်ဆုံရေကာတာစီမံကိန်းကို ရုတ်သိမ်းခဲ့ခြင်းတို့သည်တရုတ်- မြန်မာဆက်ဆံရေးကို ထိခိုက်နိုင် ကြောင်း၊ ထိုကြောင့် တရုတ်အစိုးရက တိုင်းရင်းသားများကို ကျောထောက်နောက်ခံပြန်လည် ပြုလာနိုင်ကြောင်း ဦးအောင် ကျော်ဇောက သုံးသပ်သည်။
ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းရင်းသားအရေးနှင့် ပတ်သက်လျှင် ပြတ်ပြတ်သားသား ကိုင်တွယ်သူတဦးဟု အများက ပြောဆိုကြ သော်လည်း စစ်တပ်ပိုင် မြ၀တီသတင်းဌာနမှ ဖော်ပြ သည့် ဓာတ်ပုံများ၌မူ ၀တိုင်းရင်းသားခေါင်းဆောင် ရှောက်မီလျံ နှင့် ရင်းနှီးစွာ ဖက်လှဲတကင်း နှုတ်ဆက်နေသည်ကို တွေ့ရသည်။
ကြိဂံတိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ်တာဝန်ယူခဲ့သူ ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒေသတွင်းရှိ တပ်ရင်းတပ်ဖွဲ့များ ၏အနေ အထား စစ်ရေးလေ့ကျင့်မှုများကိုလည်း သွားရောက်စစ်ဆေးခဲ့သေးသည်။


နိုင်ငံတကာ ခရီးသွားလုပ်ငန်း ဆိုင်ရာ အစည်းအဝေး ကျင်းပမည်

 

နိုင်ငံတကာ ခရီးသွားလုပ်ငန်း ဆိုင်ရာ အစည်းအဝေး တရပ်ကို လာမည့်နှစ် ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပရန် ရှိကြောင်း သတင်းရသည်။ ယင်းအစည်းအဝေးကို မြန်မာ ခရီးသွား လုပ်ငန်း မြှင့်တင်ရေးနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်မှု အနေဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း(Myanmar Tourism Federation) နှင့် စင်ကာပူ နိုင်ငံ Sphere Conferences of Singapore တို့က ပူးတွဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန် တောင်ကိုရီးယား ရောက်ရှိ

 

သမ္မတ ဦးသိန်းစိန်ဟာ တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်ကို ရောက်ရှိပြီး ဒီကနေ့ မှာ တောင်ကိုရီးယား သမ္မတ Lee Myung-Bak နဲ့တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။


သမ္မတ ဦးသိန်းစိန်ကို နိုဗဲလ် ငြိမ်းချမ်းရေးဆု ခန့်မှန်း

 

ယခုနှစ်အတွက် ပေးအပ်မည့် နိုဗဲလ် ငြိမ်းချမ်းရေး ဆု ခန့်မှန်းချက်အမည် စာရင်းတွင် သမ္မတ ဦးသိန်းစိန် ပါဝင်နေကြောင်းသတင်း များ ထွက်ပေါ်နေသည်။ ယင်းခန့်မှန်းချက်သည် နော်ဝေ နိုင်ငံ အော်စလိုမြို့မှ ငြိမ်းချမ်းရေး သုတေသန အင်စတီကျူဒ် ၏ နှစ်စဉ် ထုတ်ပြန်နေကျ ဆုရနိုင်ခြေရှိသူ အတိုချုပ်စာရင်းတွင် ပါဝင်လာခြင်း ဖြစ်ကြောင်း၊ နိုဗဲလ် ငြိမ်းချမ်းရေး ဆု ရရှိသူကို အောက်တို ဘာ ၁၂ ရက်တွင် ကြေညာရန်ရှိကြောင်း သိရသည်။


နာတာရှည်ရောဂါ အန္တရာယ် ဘန်ကောက်ဆေးရုံ ဒေါက်တာ သတိပေး

ဆီးချိုနှင့် သွေးတိုးရောဂါ ဖြစ်ပွားမှုသည် ဆင်းရဲသော နိုင်ငံများနှင့် အလယ်အလတ် ချမ်းသာသော နိုင်ငံများတွင် အဖြစ်အများဆုံး ရောဂါဖြစ်သည့်အတွက် အထူး ဂရုစိုက်ရမည့် ရောဂါ ဖြစ်ကြောင်း ဘန်ကောက် ဆေးရုံကြီး၏ ဒါရိုက်တာ ဒေါက်တာ အဒ် လောပရာယွန် Dr. Ead Lorprayoon က ပြောဆိုလိုက် သည်။
အောက်တိုဘာ ၆ ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုနားဟိုတယ်တွင် ပြုလုပ်သော ဘန်ကောက် ဆေးရုံ မြန်မာပြည် ရုံးခွဲ ၁ဝ နှစ်ပြည့် အခမ်းအနားတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

ကိုယ်လက် လှုပ်ရှားမှုနည်းသော အလုပ်လုပ်ကိုင်သူများသည် အလုပ်သွား အလုပ်ပြန်ချိန်များတွင် လမ်းလျှောက်သည့်အလေ့အကျင့်ကိုတတ်နိုင်သလောက် ပြုလုပ်ခြင်းဖြင့် ရောဂါဖြစ်ပွားမှုများကို လျှော့ချနိုင်လိမ့်မည်ဟုလည်း ၎င်းကဆိုသည်။လေ့လာမှုအရကားမောင်သူများသည် ငွေလိုက်ကောက်ခံသူများထက် နှလုံးနဲ့ဆိုင်တဲ့ ရောဂါများ သုံးပုံ နှစ်ပုံလောက်ပိုမို သေဆုံးမှုများသည်ကို တွေ့ရှိကြောင်း ထို့အပြင် ကင်ဆာရောဂါကြောင့် သေဆုံးသူများသည် စုစုပေါင်း သေဆုံးသူ အရေအတွက်၏ သုံးပုံ နှစ်ပုံ ရှိသည်ဟုလည်း ၎င်းက ပြောသည်။

နေ့စဉ် လေ့ကျင့်ခန်းများကို ပုံမှန်လုပ်ဆောင်ခြင်းသည် ကျန်းမာရေးအတွက် ရင်းနှီုးမြုပ်နှံမှု ဖြစ်သလို ရောင်စုံ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို နေ့စဉ် စားသုံးခြင်းသည်လည်း ကျန်းမာရေးကို အထောက်အကူ ဖြစ်စေမှာဖြစ်ပြီး အချိုပါသော သွားရေစာများနှင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း တို့သည်လည်း ကျန်းမာရေးကိုစောင့်ရှောက်ရာ ရောက်သည် ဟု ၎င်းကပြောသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment