မြန်မာ သတင်းများ  အောက်တိုဘာ ၂၃ ၊ ၂၀၁၂

အမေရိကန် ဒု-ဘဏ္ဍာရေးဝန်ကြီး မြန်မာပြည်သွားမည်


အမေရိကန်အစိုးရ ဒုတိယဘဏ္ဍာရေးဝန်ကြီး Neal S. Wolin ဟာ အောက်တိုဘာ ၂၃ ကနေ ၂၅ ရက်နေ့အတွင်း စင်္ကာပူနိုင်ငံနဲ့ မြန်မာနိုင်ငံကို  သွားရောက်မှာ ဖြစ်ပါတယ်။ Mr. Wolin ဟာ စင်္ကာပူနဲ့ မြန်မာ နှစ်နိုင်ငံစလုံးမှာ သက်ဆိုင်ရာ အစိုးရထိပ်တန်းတာဝန်ရှိသူတွေ။ လူထုအခြေပြု လူ့အဖွဲ့ အစည်းခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီး တွေနဲ့ တွေ့ဆုံပြီး အရေးပါတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။  မြန်မာနိုင်ငံနဲ့လဲ စီးပွားရေးမူဝါဒပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဘဏ္ဍာရေး ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်း အပါအ၀င်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေနဲ့ ဘဏ္ဍာရေး ပိတ်ဆို့ဒဏ်ခတ်အရေးယူမှု ကိစ္စတွေ ပါဝင်တဲ့ အဓိကအချက်တွေကို ဆွေးနွေးမှာ ဖြစ်တယ်လို့ ဘဏ္ဍာရေး ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ကျေညာချက်မှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့မှာ  ဒုဝန်ကြီး Neal S. Wolin ဟာ စင်္ကာပူနိုင်ငံက ထိပ်တန်း စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူတွေ၊ လုပ်ငန်းရှင်ကြီးတွေနဲ့ တွေ့ဆုံပြီး အာရှဒေသတွင်း စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာ ဈေးကွက်တွေ တိုးတက်ဖွံ့ဖြိုးရေး သုံးသပ်ဆွေးနွေးမှာဖြစ်ပါတယ်။ Mr. Wolin ဟာ နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်ဖို့ နှစ်ဦးနှစ်ဖက် ကြိုးပမ်းအားထုတ်ရမဲ့ကိစ္စတွေ ကို လဲ ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒုတိယဘဏ္ဍာရေးဝန်ကြီး Neal S. Wolin ဟာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ စိတ်ဝင်စားကြတဲ့ စင်္ကာပူ အခြေစိုက် အမေရိကန် စီးပွားရေးလုပ်ငန်း ကြီးတွေက ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ စီးပွားရေး အခြေအနေတွေ အပေါ်သူတို့ရဲ့အမြင်နဲ့ သုံးသပ်အကဲဖြတ်မှု တွေကို လဲ နားထောင်ဖို့ ရှိပါတယ်။ အောက်တိုဘာ ၂၄ နဲ့ ၂၅ရက်တွေမှာ တော့ အမေရိကန် ဒုတိယဘဏ္ဍာရေး ၀န်ကြီး Neal S.Wolin ဟာ မြန်မာနိုင်ငံ ရန်ကုန်နဲ့ နေပြည်တော်မြို့တွေကို လာရောက်ပြီး အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေ၊ စီးပွားရေးမူဝါဒဆိုင်ရာ တာဝန်ရှိသူတွေနဲ့ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေကို တွေ့ဆုံမှာဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်လို အဖွဲ့အစည်းတွေအပါအ၀င် နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းကြီးတွေ ကို အမေရိကန်ပြည်ထောင်စုက အထောက်အကူပေးနိုင် ဖို့ ဖြေလျော့ပေးတဲ့ ဥပဒေတရပ်ကို အမေရိကန်သမ္မတ Obama က လက်မှတ်ထိုးပြီးတဲ့နောက် ခုလို ဒုတိယဘဏ္ဍာရေး ၀န်ကြီးရဲ့ ခရီးစဉ်ပြုလုပ်တာလဲဖြစ်ပါတယ်။ ဒီခရီးစဉ်ထဲမှာ Mr. Wolin ဟာ ငွေကြေး ဆိုင်ရာ အလွဲသုံးစားတဲ့ ပြစ်မှုတွေမဖြစ်အောင် အကာအကွယ်ပေးရေး နဲ့ ဘဏ္ဍာအခွန် ပွင့်လင်းမြင်သာမှု ရှိရေးလို ကိစ္စတွေမှာသက်ဆိုင်ရာ ၀န်ထမ်းတွေရဲ့အရည်အသွေးမြှင့်တင်ရေးနဲ့ပညာရပ်ဆိုင်ရာ အကူအညီတွေပေးအပ်ဖို့ ကိစ္စတွေအတွက် နည်းလမ်းရှာဖို့ကိုလဲ ဆွေးနွေးမှာ ဖြစ်ပါတယ်။

FATF ခေါ် Finacial Action Task Force အဖွဲ့နဲ့ ပူးပေါင်းပြီး အကြမ်းဖက် အဖွဲ့တွေကို ငွေကြေးထောက်ပံ့မှု ဆန့်ကျင်တားဆီးရေး လုပ်ငန်း အတွက် မြန်မာ တာဝန်ရှိသူတွေဖက် က ဒီ့ထက် တိုးတက်အောင်ဆောင်ရွက် ဖို့ကိုလဲ ဆွေးနွေးကြမှာပါ။  FATF အဖွဲ့နဲ့ ပိုမို ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် ၊အမေရိကန်နိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှု နဲ့ ဘဏ္ဏာရေး ၀န်ဆောင်မှုထောက်ပံ့ရေးမူဝါဒတွေနဲ့ ဆက်စပ်မှုရှိပြီး၊  မြန်မာဘဏ္ဍာငွေကြေးစနစ်ကို နိုင်ငံတကာဈေးကွက်နဲ့ ညီညွတ်စေဖို့ ပိုပြီးအားဖြည့် ပေးရာရောက်မှာလဲဖြစ်ပါတယ်။


ပြည်ပ တပ်များနှင့် မြန်မာစစ်တပ် ထိတွေ့ရန် လိုဟု ဒေါ်အောင်ဆန်းစုကြည် ပြော


အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ပြည်ထောင်စုအနေဖြင့် Cobra Gold စစ်ဆင်ရေးအတွက် မြန်မာနိုင်ငံကို လေ့လာသူအဖြစ် ဖိတ်ကြားလာပါက ကန့်ကွက်ရန် မရှိကြောင်းနှင့် အမေရိကန်၏ စစ်ရေးနည်းပညာ အကူအညီမှာ ဒီမိုကရေစီစနစ် ပီပြင်စွာ ဖြစ်ပေါ်မှုနှင့်ချိန်ဆ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
အောက်တိုဘာလ ၂၂ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး ဧရာဝတီသတင်းဌာနက မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့တပ်မတော်အနေဖြင့် အခြားနိုင်ငံများ၏ တပ်မတော်များနှင့် ထိတွေ့ဆက်ဆံမှု များပြားခြင်းက ကောင်းမွန်ပြီး Cobra Gold စစ်ရေးလေ့ကျင့်မှုအတွက် မြန်မာနိုင်ငံကို လေ့လာသူအဖြစ် ဖိတ်ကြားရန် ရှိသည့်အပေါ် ကန့်ကွက်ရန် မရှိဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ထိုင်း-အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွင် မြန်မာနိုင်ငံက ပါဝင်လိုကြောင်း၊ အစီ အစဉ်၌ မြန်မာ ပါဝင်နိုင်ရန် ထိုင်းနိုင်ငံ၏ အကူအညီ ရယူလိုကြောင်း ဩဂုတ်လအတွင်း လာရောက်လည်ပတ်ခဲ့သောကထိုင်း ကာကွယ်ရေးဝန်ကြီး Sukumpol Suwanatat ကို သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်းတို့က မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။
အမေရိကန်ကလည်း မြန်မာကို ဖိတ်ရန် စဉ်းစားနေပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကိုမူ မချရသေးကြောင်း အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ပြောသည်။ အင်အား တသောင်းကျော်ပါဝင်မည့် ယင်းစစ်ရေးလေ့ကျင့်မှုကို တခြား အာရှ နိုင်ငံတွေလည်း ပါဝင်မည်ဖြစ်သည့်အတွက် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည့်နိုင်ငံများ အားလုံး သဘောတူညီမှုလိုကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း ပြောဆိုထားသည်။

အခြေခံဥပဒေနှင့်အညီ ပါတီဥက္ကဋ္ဌ တာဝန်ဆက်ယူထားကြောင်း သမ္မတပြော

 

သမ္မတက ၎င်း အနေဖြင့် ကြံ့ခိုင်ရေး ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထား သော်လည်း ပါတီ လုပ်ငန်းများကို လုပ်ဆောင်ခြင်း မရှိသဖြင့် ဖွဲ့စည်းပုံအခြေခံနှင့် ဆန့်ကျင်ခြင်း မရှိကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် တရားဝင် ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်သည်။


NLD ခေါင်းဆောင်ဟောင်း ဦးလွန်းတင် ကွယ်လွန်

 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင်ဟောင်း တဦးဖြစ်သည့် ဦးလွန်းတင်(အသက် ၉၁ နှစ်)သည် ယမန်နေ့ ညနေပိုင်းက ရန်ကုန် ဆေးရုံကြီး ၌ ကွယ်လွန် သွားကြောင်း သိရသည်။ ဦးလွန်းတင်၏ ဈာပနကို ၅ ရက်ထားပြီး ကြာသပတေးနေ့ သင်္ဂြိုဟ်မည် ဖြစ်သည်ဟု NLD က ပြောသည်။ ဦးလွန်းတင်သည် NLD ဗဟို အလုပ်အမှုဆောင် နှင့် မွန်ပြည်နယ် ဥက္ကဌ (ဟောင်း) တာဝန်များကို ထမ်းဆောင်ခဲ့ပြီး လွပ်လပ်ရေး မော်ကွန်းဝင် ပထမဆင့် ဗိုလ်မှူးကြီး ဟောင်း တဦးလည်း ဖြစ်သည်။

ပုသိမ် NLD ပါတီဝင် ၅၀၀ နုတ်ထွက်မည်


ပါတီတွင်း မကျေနပ်မှုများကြောင့် ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၅၀၀ ကျော်က ယခုလ ၂၇ ရက်နေ့တွင် ပုသိမ်မြို့၊ စကားဝါလမ်းရှိ မြို့နယ်ရုံးတွင် နုတ်ထွက်ပွဲ အခမ်းအနားပြုလုပ်၍ ပါတီမှ နုတ်ထွက်ကြမည်ဖြစ်ကြောင်း သိရသည်။
ပါတီအောက်ခြေတွင် ဖြစ်ပွားနေသည့် အခြေအနေမှန်များအား ဗဟိုက မသိရှိဘဲ ဗဟိုနှင့် နီးစပ်သူများ၏ စကားကို နားယောင်၍ ဆုံးဖြတ်ချက်များ ချမှတ်နေခြင်းနှင့် စကားဝါလမ်းရှိ မြို့နယ်ရုံးကို ပိတ်သိမ်းကာ ဆိုင်းဘုတ်ဖြုတ်ချရန် လုပ်ဆောင်မှုအပေါ် မကျေနပ်သည့်အတွက် ပါတီမှ နုတ်ထွက်ကြခြင်း ဖြစ်ကြောင်း ပါတီမှ နုတ်ထွက်ခြင်း အခမ်းအနားကို ယင်းနေ့ နံနက် ၁၀ နာရီက စတင်ပြုလုပ်မည်ဖြစ်ပြီး နေ့လယ်ပိုင်းတွင် မီဒီယာရှင်းလင်းပွဲပြုလုပ်ကာ ပင်န်ီအင်္ကျီများကို မီးရှို့သည့် အစီအစဉ်ပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပါတီဝင်အဖြစ်မှ နုတ်ထွက်ကြပြီးနောက် တဆက်တည်းမှာပင် မြို့နယ်အဖွဲ့ချုပ်ရုံး ဆိုင်းဘုတ်ကိုပါ ဖြုတ်ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဗီဒီယိုမဂ္ဂဇင်း ဖြန့်တော့မည်


House of Media and Entertainment (Home) က စီစဉ်ပြီး ကဗျာ၊ ကာတွန်း၊ ဆောင်းပါး၊ ဝတ္ထုတို၊ ဟာသ စတာတွေကို ရုပ်သံအဖြစ် တင်ဆက်ထားတဲ့ ဗီဒီယိုမဂ္ဂဇင်း (Motion Magazine) ကို မကြာခင် ဖြန့်ချိတော့မယ်လို့ သိရပါတယ်။
အဲဒီ ဗီဒီယို မဂ္ဂဇင်း မိတ်ဆက်ပြသပွဲ အခမ်းအနားကို အောက်တိုဘာ ၂၁ ရက်နေ့ ညနေ ၆ နာရီမှာ ရန်ကုန် ဗိုလ်အောင်ကျော် လမ်းက Home ခန်းမမှာ ကျင်းပရာမှာ Home ရဲ့ ဒါရိုက်တာ အဖွဲ့ဝင်တဦးဖြစ်သူ ဦးဇာဂနာက ဒီမဂ္ဂဇင်းကို လစဉ် ဖြန့်ချိနိုင်အောင် ကြိုးစားသွားမယ်၊ ရုပ်ရှင် အစည်း အရုံးက ဆင်ဆာခွင့်ပြုချက် ကျပြီးဖြစ်ပေမယ့် ဖြန့်ချိဖို့ ရက်အတိအကျ မသတ်မှတ်ရလို့ လောလောဆယ်တော့ DVD ချပ်တွေကို မရောင်းသေးဘူးလို့ ပြောပါတယ်။
ဗီဒီယိုမဂ္ဂဇင်း ဆိုတာကို မြန်မာပြည်မှာ Home က ပထမဆုံး စတင်တာ မဟုတ်ပေမယ့် အရင်လုပ်ခဲ့ဘူးတာတွေနဲ့ ပုံစံကွဲမယ်လို့လည်း သူက ဆိုပါတယ်။
ဗီဒီယို မဂ္ဂဇင်း အမှတ် ၁ ကို မပြသခင်မှာ အမှတ် ၂ မှာ ပါမယ့် “မမြင်ရတဲ့ လ” ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းတို တကားကို မိတ်ဆက် ပြသ ပါတယ်။ အဲဒီ ဇာတ်လမ်းတို ကလေးကတော့ အကျဉ်းထောင်ထဲက လူတယောက် သာနေတဲ့ လပြည့်လကို မြင်ချင်လို့ ကြံဖန် ကြိုးစားထားတဲ့ အကြောင်းကို ရိုက်ပြထားတာပါ။ သာနေတဲ့လကို မြင်ချင်လွန်းတာကြောင့် ကြံရာမရတဲ့ အဆုံး အကျဉ်းခန်း အပြင်က ဆီးခွက်ထဲကို ဆီးသွားချပြီး လမင်းကို ဖမ်းလိုက်နိုင်တဲ့အကြောင်း ရိုက်ပြထားတာပါ။ အဲဒီဇာတ်လမ်းမှာ သရုပ်ဆောင်သူက နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်ပြီး ဒီဇာတ်လမ်းက ဦးဇာဂနာရဲ့ တကယ့်အဖြစ်အပျက်ကို ပြန်ရိုက်ပြ ထားတာလို့ သိရပါတယ်။


HIV ဝေဒနာရှင်များ ဆေးဝါး မလုံလောက်မှု ရင်ဆိုင်ရဆဲ

 

မြန်မာနိုင်ငံရှိ HIV ဝေဒနာရှင်များသည် ဆေးဝါး မလုံလောက်မှုနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတ၀န်း ဝေဒနာ ရှင်၂၄၀၀၀၀ ခန့်ရှိသည့် အနက် ထက်ဝက်ခန့် ဆေးဝါးလုံလောက်စွာ သုံးစွဲခွင့်မရရှိကြောင်း၊ နှစ်စဉ် ၁၈၀၀၀ ခန့် သေဆုံးမှု ရှိကြောင်း UNAIDS ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ AP သတင်းက ဆိုသည်။

မြန်မာ အမျိုးသမီး ဘောလုံးအသင်း အာရှ ယူ-၁၉ ခြေစစ်ပွဲ အောင်


မြန်မာ အမျိုးသမီး ဘောလုံးအသင်း ယူ – ၁၉ အသင်းသည် အာရှ ယူ-၁၉ (AFC U-19 Women’s Championship) ခြေစစ်ပွဲတွင် အုပ်စု ပွဲစဉ်အားလုံးကို အနိုင်ရရှိပြီး အုပ်စု ပထမ နေရာဖြင့် ခြေစစ်ပွဲ အောင်မြင်ကြောင်း သိရသည်။ ယင်း ခြေစစ်ပွဲများကို ဖိလစ် ပိုင် နိုင်ငံ၌ အောက်တိုဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပခြင်း ဖြစ်သည်။ မြန်မာ အမျိုးသမီး အသင်းသည် လာမည့် ဒီဇင်ဘာ ၁ ရက်မှ ၉ ရက်အထိ ဗီယက်နမ် နိုင်ငံ၌ ကျင်းပမည့် ဒုတိယ အဆင့် ပွဲစဉ်များကို ဆက်လက် ယှဉ်ပြိုင် ကစားခွင့်ရမည် ဖြစ်သည်ဟု မြန်မာ့ အလင်း သတင်းစာတွင် ပါရှိသည်။


မုံဘိုင်း အကြမ်းဖက်မှုကိစ္စ ဖမ်းဆီးထားသူထဲ မြန်မာတဦး ပါဝင်ဟုဆို

အိန္ဒိယနိုင်ငံ၏ မုံဘိုင်းမြို့ကြီးတွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်း အကြမ်းဖက်မှုနှင့် ပတ်သက်၍ ရဲဌာနမှ နောက်ထပ် ဖမ်းဆီးရမိသူများထဲတွင် မြန်မာနိုင်ငံသားတဦး ပါဝင်နေကြောင်း Times of India သတင်းစာကြီးက ရေးသားထားသည်။

လူ နှစ်ဦး သေဆုံးကာ ၆၃ ဦး ဒဏ်ရာရရှိခဲ့သော သြဂုတ်လ ၁၁ ရက်နေ့ မုံဘိုင်း အဓိကရုဏ်းတွင် တိုင်းတပါး စွက်ဖက်မှု ပါဝင်နိုင်မည်ဟု အာဏာပိုင်များက စွပ်စွဲထားပြီးနောက် ယခုကဲ့သို့ တနင်္ဂနွေနေ့က ဖမ်းဆီးရမိသူ နှစ်ဦး ထဲတွင် မြန်မာဟု ဆိုသော အသက် ၂၈ နှစ်အရွယ်ရှိ Yusuf Ahmed Khan  လည်း ပါဝင်နေပြီး စစ်ဆေးမေးမြန်း လျက်ရှိကြောင်း သိရှိရသည်။အိန္ဒိယနိုင်ငံတွင် ၁၀ နှစ်ကျော်ကြာ နေထိုင်လာခဲ့သည့် ယူစွတ်အာမဒ်ခန်း ၏ ဖုန်းခေါ်ဆိုမှုများတွင် မြန်မာနိုင်ငံမှ လူတချို့နှင့် ချိတ်ဆက်မှုကို သိရှိခဲ့ရပြီး အိန္ဒိယနိုင်ငံတွင် လူမျိုးရေးပဋိပက္ခများ ဖြစ်ပေါ်စေနိုင်သည့် ကောလာဟလ SMS ဖုန်းမက်ဆေ့ခ်ျများကို ပထမဆုံး လက်ခံရရှိကာ ဆက်လက်ဖြန့်ဝေသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က စွပ်စွဲထားသည်။


ထိုင်းနှင့် မြန်မာ အလုပ်သမားများ ခိုက်ရန်ဖြစ်၊ ၃ ဦး ဒဏ်ရာ ပြင်းထန်


ထိုင်းနိုင်ငံ အယုဒ္ဓယ ခရိုင်(Phachi) ဖားချီမြို့နယ်တွင် စီနိုထိုင်း ဆောက်လုပ်ရေး ကုမ္ပဏီမှ ထိုင်း အလုပ်သမားနှင့် မြန်မာအလုပ် သမားများ ယမန်နေ့က ခိုက်ရန်ဖြစ်ပွားခဲ့ရာ မြန်မာ၂ ဦးနှင့် ထိုင်းနိုင်ငံသား ၁ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း ပြီးခဲ့သည့်အပတ် စနေနေ့က အလုပ်သမားများ နေထိုင်သည့် အဆောင်အနီးတွင် မြန်မာ အလုပ်သမားများ ဖုန်းပြောနေစဉ် ထိုင်း နိုင်ငံသားများက လာရောက် ပြောဆိုရာကနေ စတင်၍ ခိုက်ရန် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း စနေနေ့က ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ထိုင်း အဆောင်မှူး တဦးက ဖြေရှင်းပေးခဲ့ရာ ပြေလည်သွားသော်လည်း နောက် တနေ့ ညနေပိုင်းတွင် ထပ်မံ ရန်စလာသည့်အတွက် ပြဿနာ ကြီးထွားသွားကြောင်း သိရသည်။
ထိုင်း ရဲ နှင့် လုံခြုံရေး တာဝန်ရှိသူများ ပူးပေါင်းထားသော အင်အား ၁၀၀ ခန့်က ခိုက်ရန်ဖြစ်ပွားခဲ့သည့် ထိုင်းနှင့် မြန်မာ အလုပ် သမားများကို သေနတ် မိုးပေါ်သို့ ပစ်ဖောက်၍ လူစုခွဲခဲ့ရသည်ဟုလည်း မြန်မာ အလုပ်သမားများက ပြောသည်။ခိုက်ရန် ဖြစ်ပွားမှုကြောင့် မြန်မာ အလုပ်သမား ၂ ဦးသည် လက်နှင့် ပေါင်တို့တွင် ဓားဒဏ်ရာများ ရရှိ၍ ယခုအခါ အလုပ်သမားများ နေထိုင်သည့် အဆောင်သို့ ပြန်ရောက်နေပြီး ထိုင်းနိုင်ငံသား ၁ ဦးမှာ ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာရရှိ၍ အချက် ၃၀ခန့် ချုပ်ရ ကြောင်း သိရသည်။
ယနေ့တွင်မူ ထိုင်းနှင့် မြန်မာ အလုပ်သမားများ အလုပ်မဆင်းဘဲ အလုပ်သမားများအဆောင်တွင်ပင် နေထိုင်နေကြသည်ဟု ကိုဝင်းမောင် က ပြောပြသည်။ဖားချီမြို့နယ် အုပ်ချုပ်ရေးမှူး Withit Pinnikorn ကလည်း ထိုင်းနှင့် မြန်မာ အလုပ်သမားများ အချင်းချင်း လတ်တလောတွင် နား လည်မှု ရရှိသွားကြပြီဖြစ်သည်ဟု ပြောကြားကြောင်း ထိုင်းဘာသာဖြင့် ရေးသားထားသည့် krobkruakao အင်တာနက် စာမျက်နှာ တွင် ယနေ့ ဖော်ပြထားသည်။ယင်း ကုမ္ပဏီတွင် အလုပ်လုပ်နေသူ လူ ၂၀၀၀ ရှိသည့် အနက် မြန်မာနိုင်ငံသား ၆၀၀ ခန့် လုပ်ကိုင်နေပြီး တရားဝင် အလုပ် သမား လက်မှတ် ရှိကြသူများ ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၌ အလုပ်သမား လက်မှတ်ဖြင့် တရားဝင် အလုပ်လုပ်ခွင့် ပေးထားသူ မြန်မာနိုင်ငံသား ၁ သန်း ၃ သိန်းခန့် ရှိကြောင်း ထိုင်း အလုပ်သမား ၀န်ကြီးဌာန က ထုတ်ပြန် ပြောဆိုထားသည်။မြန်မာ အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများက ထိုင်းတွင် အလုပ်သမား လက်မှတ် ကိုင်ဆောင်ထားသူနှင့် တရားမ၀င် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၂ သန်းခွဲမှ ၄ သန်းအတွင်း ရှိနိုင်သည်ဟု ခန့်မှန်းပြောဆိုကြသည်။


မြန်မာနိုင်ငံသားများကို ထိုင်းအလုပ်သမားဌာနသတိပေးပြီ


မြန်မာနိုင်ငံသားများကို ပတ်စ်ပို့လုပ်ရန်နှင့် အလုပ်လုပ်ခွင့် (Work Permit) လုပ်ရန်အတွက် မဲဆောက်မြို့ အလုပ်သမားရုံးရှေ့တွင် ဆိုင်း ဘုတ် ကြီး ထောင်ကာ သြဂုတ်လ (၁၀) ရက်နေ့ လျှောက်လွှာအပြီးတင်ပြရမည်ဖြစ်ပြီး ဒီဇင်ဘာလ(၁၄) ရက်နေ့တွင် Work Permit လုပ်ငန်းများအပြီးပြုလုပ်ရမည် ဖြစ်ကြောင်း ပါရှိသည်။ အကယ်၍မပြုလုပ်ပါက ထိုင်းဥပဒေ BE 2522 အရ ထောင်ဒဏ် (၅) နှစ် ငွေဒဏ် (၅၀၀၀) ဖြစ်ကြောင်းလည်း ကြေငြာတွင် ပါရှိသည်။
ထိုင်းအလုပ်သမားဌာနမှ ၀န်ထမ်းတစ်ဦး၏ပြောကြားချက်အရ သူတို့ဆီမှာ လာပြီး (Work Permit) လာလုပ်တဲ့ သူက ပတ်စfပို့လုပ်တဲ့သူရဲ့ ၈၀ % ကျော်လောက်ဘဲရှိနေပြီး ကျန်လူများ လာရောက်လျှောက်ထားခြင်းမရှိဘူးလို့ ပြောပြပါတယ်။ ဒီဇင်ဘာလကုန်တာနဲ့ ထိုင်းလုံခြုံရေး တာဝန်ရှိသူတွေစစ်ဆေးတဲ့အခါ (Work Permit) မပါရှိဘူးဆိုရင် ကိုင်ဆောင်ထားတဲ့ပတ်စ်ပို့ကို သိမ်းတာမျိုး ဒါမှမဟုတ် အရေးယူတာမျိုး တွေရှိနိုင်တယ်ဒ
နောက်တစ်ခုက အခု ယာယီနိုင်ငံကူးလက်မှတ်က အလုပ်လုပ်မယ့်အလုပ်သမားကို ထုတ်ပေးတဲ့စာအုပ်ဖြစ်တဲ့အတွက် ထိုင်းအလုပ်သမားရုံး ကပေးတဲ့ ထိုင်း (Work Permit) လက်မှတ်ဘဲဖြစ်ဖြစ်၊ စာအုပ်အပြာရောင်ဘဲဖြစ်ဖြစ်၊ ပတ်စ်ပို့နဲ့တွဲပြီးကိုင်ဆောင်မှ တရားဝင်တာပါလို့ ပြော ပြပါတယ်။ အလုပ်သမားပတ်စ်ပို့ကိုင်ဆောင်သူအနေနဲ့ work permit ရှိရင်တောင်မှ ရက် (၉၀) စာရွက်သက်တမ်းမတိုးမီရင်တော့ လုံခြုံ ရေးမှူးတွေက အရေးယူနိုင်တဲ့ အခွင့်အရေးရှိပါတယ်။



LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                          http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment