ဆန္ဒပြ သတင်းများ    အောက်တိုဘာ ၁၁ ၊ ၂၀၁၂


လက်ပံတောင်း စီမံကိန်း ရပ်ရန် ရွာသင်္ချိုင်းတွင် သရုပ်ဖော် ဆန္ဒပြ

လက်ပံတောင်း ကြေးနီစီမံကိန်း ကန့်ကွက်သည့်အနေဖြင့် ဘိုးဘွားများ၏ အုတ်ဂူသို့ သွားရောက် တိုင်တည်သည့် သရုပ်ဖော် ဆန္ဒပြပွဲ (Performance Art)တရပ် အင်္ဂါနေ့ နေ့လည်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဆည်တဲကျေးရွာ၏ အနောက်ဖက် သင်္ချိုင်းမြေတွင်  လယ်မြေအသိမ်းခံ ၂၆ ရွာမှ လယ်သမား အင်အား ၁,၅ဝဝ ကျော်ဖြင့် စုပေါင်း ကျင်းပခဲ့ကြောင်း ကိုယ်တိုင်ပါဝင်ခဲ့သူ ပြည်သူ့ အကျိုးဆောင် ကွန်ယက်မှ ကိုအောင်စိုး က ပြောသည်။

“လယ်သမားတွေက သူတို့ရဲ့ ဘိုးဘွားအုတ်ဂူတွေဆီ သွားပြီးတော့ လယ်ယာမြေတွေ အဓမ္မသိမ်းခံနေရပြီ ဆိုတဲ့ အကြောင်း တိုင်တည်ကြတဲ့ အချိန်မှာ ဘိုးဘွားတွေရဲ့ ဝိဉာဉ်တွေက ထွက်လာပြီးတော့ သူတို့တွေကလည်း ကြေးနီ စီမံကိန်းကို လက်မခံနိုင်တဲ့ အကြောင်းတွေကို ဆန္ဒထုတ်ဖော်တာပါ။ အုတ်ဂူတွေကနေ၊ တမလွန်ကနေ ဘိုးဘွားတွေ ထလာကြပြီးတော့ ဆန့်ကျင်တဲ့အကြောင်း ပြောတယ်။ လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းပစ်၊ ရပ်ဆိုင်ပစ် ဆိုပြီး ဟစ်ကြွေးကြတယ်ဗျ။ ပြီးတော့ တောင်သူ လယ်သမားတွေက ဒါဒို့မြေ ဒါဒို့မြေ ဒို့ပိုင်တဲ့မြေ ဆိုပြီး နိုင်ငံတော် သီချင်းကို အားလုံး အော်ဆိုပြီး အဆုံးသတ်ကြတယ်ဗျ” ဟု သရုပ်ဖော် ဆန္ဒပြပုံကို ရှင်းလင်း ပြောပြသည်။

အဆိုပါ နာရီဝက်ခန့်ကြာ ဆန္ဒထုတ်ဖော်ပွဲကို ရွာသူရွာသားများနှင့် အတူ ပြည်သူ့ အကျိုးဆောင် ကွန်ယက်နှင့်
မြန်မာနိုင်ငံ ဝိဇ္ဇာ/သိပ္ပံကျောင်းသားများ ကွန်ယက်တို့လည်း ပါဝင်ခဲ့ကြသည်။

ရွာသားများ ကိုယ်တိုင် သရုပ်ဖော် တင်ဆက်ကြကာ ၎င်းတို့အစီအစဉ်ဖြင့် ၎င်းတို့ ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ကြောင်း ကိုအောင်စိုး က ဆက်ပြောသည်။

“လုံခြုံရေးနဲ့ ကျနော်တို့ ထိပ်တိုက်မတွေ့ပါဘူး။ ကျနော်တို့ လုံခြုံရေးနဲ့ ထိပ်တိုက် တွေ့တာကို ရှောင်ထားတာ ခင်ဗျ။ ဘယ်သူ့ကိုမှ ခွင့်မတောင်းပါဘူး” ဟု ဆိုသည်။

ဆည်တဲရွာမှ ဦးပဉ္ဇင်းတပါးကလည်း “ရွာ ၂၆ ရွာက ဒေသခံ တောင်သူလယ်သမားတွေ ချည်းပဲ။ ရွာ့အနောက်ဖက် သင်္ချိုင်းဖက်ကို ထွက်သွားကြတာ။ လက်ပံတောင်းတောင်ကြီး ပျက်စီး ပျောက်ဆုံးသွားမယ့် အရေးကို ဆန့်ကျင်ကြဖို့၊ ဘိုးဘွားဝိဉာဉ်တွေကို တိုင်တည်တဲ့ ပွဲပါ။ လူများကြတယ်” ဟု မဇ္စျိမကို မိန့်ကြားသည်။

ကြေးနီစီမံကိန်း ရပ်ဆိုင်းသွားသည်အထိ အစီအစဉ်များ ချမှတ်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

အစီအစဉ်များတွင် ဆည်တဲရွာရှိ ထန်းပင်များမှာ စီမံကိန်း ကုမ္ပဏီမှ ဘူဒိုဇာဖြင့် ကော်ယူထိုးလှဲ ခံထားရ၍ ထန်းပင်ပေါက်များ အသစ်တဖန်ပြန်လည် စိုက်ပျိုးသွားမည့် ထန်းပင်စိုက်ပွဲများလည်း ပါဝင်သည်။

“ရွာသူရွာသားတွေကလည်း လက်ခံတဲ့အတွက် ထန်းပင်ပေါက်တွေကို ပြန်စိုက်မယ်။ နောက်ဆုံးအဆင့်က အစာငတ်ခံ ဆန္ဒပြဖို့အထိ ဆုံးဖြတ်ထားပါတယ်” ဟု ကိုအောင်စိုး က ဆိုသည်။

မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်၊ တရုတ်နိုင်ငံမှ ဝမ်ပေါင် ကုမ္ပဏီနှင့် ဆားလင်းကြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင် တို့အား မလျော်ကန်သည့် သြဇာအာဏာသုံးစွဲမှု ရွာသူ၊ ရွာသားများအပေါ် မဖွယ်မရာ ပြုလုပ်မှု၊ သိမ်းပိုက်ခံ လယ်ယာမြေ ဧရိယာအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရှိမှုတို့ဖြင့် စက်တင်ဘာ ၈ ရက်နေ့က ဆားလင်းကြီးမြို့နယ် ရဲစခန်းတွင် ရွာသားများက တိုင်ချက်ဖွင့်ထားသည်။ အဆိုပါ တိုင်ချက်ကို ရဲစခန်းမှ အမှုလက်ခံထားလိုက်သည်။

လက်ပံတောင်းတောင် စီမံကိန်းသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်ကုမ္ပဏီ ဝမ်ပေါင်းတို့ ဖက်စပ် လုပ်ဆောင်သည့် ကြေးနီ တူးဖော်ထုတ်လုပ်ရေး စီမံကိန်းကြီးတခု ဖြစ်ပြီး အဆိုပါစီမံကိန်းကြောင့် အသိမ်းခံလိုက်ရ သည့် လယ်ယာဧကပေါင်း ၇,၈ဝဝ ကျော် အတွက် တောင်သူများက မကျေနပ်၍ ဇွန်လမှ စတင်ကာ ပြီးခဲ့သည့် စက်တင်ဘာလအထိ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။

ထိုစီမံကိန်းကြောင့် ပတ်ဝန်းကျင်ရှိ စံပယ်တောင်နှင့် ကြေးစင်တောင် နှစ်ခုမှာ ယခုအခါ တွင်းကျယ်ကြီးများအဖြစ် ကျန်ရှိပြီး လက်ရှိစီမံကိန်း လုပ်ကိုင်လျက်ရှိသည့် လက်ပံတောင်းတောင်ကိုလည်း ယင်းတောင်များကဲ့သို့ ကွယ်ပျောက်သွားမည်ကို ပတ်ဝန်းကျင်ရှိ ကျေးရွာသူ/သားများက စိုးရိမ်ကာ သဏ္ဍာန်အမျိုးမျိုးဖြင့် ဆန္ဒဖော်ထုတ်နေ ကြခြင်း ဖြစ်သည်။

ထိုစီမံကိန်းရပ်တန့်ရန် တောင်းဆိုမှုသည် တိုင်းဒေသကြီး အစိုးရ အနေဖြင့် လုပ်ဆောင်၍ မရနိုင်ဘဲ ရေရှည်စဉ်းစား
ဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်ဟု စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး က ပြောဆိုထားပြီး တူးဖော်နေသည့် ကုမ္ပဏီများကလည်း မရပ်ဆိုင်းဘဲ ဆက်လက် လုပ်ကိုင်သွားမည်ဟု ပြောဆိုထားသည်။


ကြေးနီကုမ္ပဏီ သိမ်းဆည်းမြေပေါ် ရွာသားများ ထန်းပင် ပြန်စိုက်

 

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပံတောင်းတောင် ဒေသခံ ကျေးရွာ (၂၆) ရွာက ရွာသူရွာသား (၂၀၀၀) ကျော်ဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွက် ကုမ္ပဏီက ခုတ်လှဲပစ်ခဲ့တဲ့ ထန်းပင်တွေနေရာမှာ ထန်းပင်ပေါက်တွေ ထောင်နဲ့ချီပြီး ပြန်လည်အစားထိုး စိုက်ပျိုးမှုကို မနေ့ ညနေ လေးနာရီအချိန်ကစတင်ပြီး စုပေါင်း လုပ်ဆောင်နေကြပါတယ်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment