မြန်မာ သတင်းများ  အောက်တိုဘာ ၁၄ ၊ ၂၀၁၂

လူ့အခွင့်အရေး လမ်းလျှောက်ပွဲမှာ ကိုကိုကြီး မိန့်ခွန်းပြောကြား


လူ့အခွင့်အရေး ဆိုတာ နယ်နိမိတ် အကန့်အသတ် မရှိတဲ့အတွက် နိုင်ငံတကာနဲ့ လက်တွဲ ဆောင်ရွက်ရင် မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့  လူ့အခွင့်အရေး ဆိုင်ရာ ခြေလှမ်းတွေ ပိုပြီး မြန်ဆန် လာနိုင်တယ်လို့ ဥရောပနိုင်ငံ ၅ နိုင်ငံ စုပေါင်း ကျင်းပတဲ့ နိုင်ငံတကာ လွတ်လပ်ခြင်းနဲ့ လူ့အခွင့်အရေး လမ်းလျှောက်ပွဲမှာ  ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက မိန့်ခွန်း ပြောကြားခဲ့သလို  မြန်မာနိုင်ငံနဲ့ လက်တွဲ ဆောင်ရွက်ကြဖို့ပါ ပန်ကြားခဲ့ပါတယ်။

“ပြင်သစ်နိုင်ငံရောက်နေတဲ့ မြန်မာလူငယ်တွေ၊ သူတို့ကလည်း ကျနော်နဲ့ သီးခြားတွေ့ဖို့အတွက် စီစဉ်ထားတဲ့ တချိန်တည်းမှာ ရောက်ရောက်ချင်း နိုင်ငံတကာ လွတ်လပ်ခြင်းနဲ့ လူ့အခွင့်အရေး လမ်းလျှောက်ပွဲပေါ့လေ။ ၅ နိုင်ငံ စုပေါင်းလုပ်တယ်။ အဲဒီမှာ ကျနော့်ကို ဖိတ်တာနဲ့ အီဖယ် မျှော်စင်ရဲ့ရှေ့၊ လူ့အခွင့်အရေး ရင်ပြင်ကို လမ်းလျှောက်ပြီးတော့၊ စတာကတော့ လစ်ဘာတီ ရုပ်ထုရှေ့ကနေ စတာပေါ့။ စပြီးတော့ အဲဒီ အီဖယ် မျှော်စင်ရှေ့ လူ့အခွင့်အရေး ရင်ပြင်မှာ ကျနော်တို့ အလှည့်ကျပေါ့လေ၊ နိုင်ငံအလိုက် စကားပြောကြတဲ့ အစီအစဉ်ပါ။ အဲဒီမှာ ကျနော် ၀င်ပြီးတော့ ပါဝင်ခဲ့တာ။”

ဦးကိုကိုကြီး အနေနဲ့ ပြည်ပကို ရောက်လာတဲ့ ပထမဆုံးလာတဲ့အချိန်၊ ဒီမှာ ပြည်ပက လူငယ်တွေနဲ့လည်း တွေ့ရတယ်၊ ဒီလိုအချိန်မှာ လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်အတွက် ဘာတွေ မိန့်ခွန်းထဲမှာ ပြောခဲ့လဲ သိပါရစေရှင့်။ -

“ကျနော်တို့ နိုင်ငံမှာ လွတ်လပ်ခွင့်အတွက် တိုင်းရင်းသား ပြည်သူတွေရဲ့ လွတ်လပ်ခွင့် အတွက်၊ နောက်တခါ ကျနော်တို့ ပြည်သူတွေ ရင်ထဲမှာ၊ ကျနော်တို့ ကိုယ်တိုင် ရင်ထဲမှာကိုပဲ ထိန်လန့်စိုးရွံ့မှုတွေကို ဖယ်ရှားရင်းနဲ့ အကျဉ်းထောင်ထဲမှာ နှစ်ပေါင်းများစွာ နေခဲ့ကြရတယ်။ ဆိုတော့ ဒီအကြောက်တရားတွေကို ဖယ်ရှားဖို့နဲ့၊ လူ့အခွင့်အရေး တွေအတွက် ဆောင်ရွက်ရင်းနဲ့ လက်ရှိလည်း ထောင်ထဲမှာ တချို့ ကျန်နေသေးတယ်။ တခါ ကျနော်တို့ လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အနေနဲ့လည်း ခုချိန်ထိပေါ့လေ။ သူတို့ကို ပြန်လည် ထူထောင်ရေး ကိစ္စတွေ မလုပ်နိုင်သေးဘူး ဆိုတဲ့အကြောင်း။ နောက်တခုကတော့ ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပြီဆိုရင် ချိုးဖောက်ခံရတဲ့သူတွေရော၊ ချိုးဖောက်တဲ့ ကိစ္စတွေမှာ ပါဝင်ခဲ့တဲ့ သူတွေ အားလုံးဟာ တနည်းမဟုတ် တနည်းနဲ့ စိတ်ပိုင်းဆိုင်ရာ အနာတရတွေ ဖြစ်ခဲ့ကြတယ်။ အဲဒါတွေကို ကျနော်တို့ ကုစားဖို့လည်း လိုတဲ့အကြောင်းပေါ့လေ။ နောက်တခုကတော့ လူ့အခွင့်အရေး ဆိုတာဟာ နယ်နိမိတ် အကန့်အသတ် မရှိဘူး။ အဲဒီတော့ လူ့အခွင့်အရေး ကိစ္စ ဆောင်ရွက်တဲ့အခါမှာ၊ လွတ်မြောက်ခြင်းအတွက် ဆောင်ရွက်တဲ့နေရာမှာ တယောက်နဲ့ တယောက် လက်ချင်းတွဲပြီးတော့ အခြား နိုင်ငံ အသီးသီးနဲ့ ချိတ်ဆက်ပြီး လုပ်ခြင်းအားဖြင့် ကျနော်တို့ရဲ့ ခြေလှမ်းတွေဟာ ပိုပြီးတော့ မြန်ဆန်လာမယ်၊ ပိုပြီးတော့ ခိုင်မာလာမယ် ဆိုတဲ့အကြောင်း နိုးဆော်ရင်းနဲ့ နိုင်ငံတကာမှာ လူ့အခွင့်အရေး၊ လွတ်လပ်ခြင်းနဲ့ ပတ်သက်လို့ ရင်ဆိုင်နေရတဲ့ သူတွေအားလုံးကို လက်တွဲဆောင်ရွက်ကြဖို့ ကျနော် နိုးဆော်ခဲ့တာပါ။”

အခု ကိုယ်တိုင် ကြုံလာရတဲ့ ပြည်ပက လူ့အခွင့်အရေး အနေအထားနဲ့ လက်ရှိ မြန်မာနိုင်ငံထဲက အခြေအနေနဲ့ ယှဉ်ပြီးတော့ ပြောပြပေးပါလား။ -

“ဒီပွဲမှာ ထူးခြားတာက ပြင်သစ်နိုင်ငံရဲ့ ဒီမိုကရေစီ အခြေအနေကို ကျနော်ကိုယ်တိုင် လက်တွေ့ လေ့လာခွင့် ရခဲ့တာပေါ့လေ။ မိုးရွာထဲမှာပဲ ကျနော်တို့ လမ်းလျှောက်ပြီးတော့ ဆန္ဒထုတ်ဖော် ကြမယ်ဆိုတဲ့ အချိန်မှာ မော်တော်ဆိုင်ကယ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကနေ အားလုံးနဲ့ ဆန္ဒပြမယ့် သူတွေနဲ့ ရင်းရင်းနှီးနှီးပဲ ပြောဆို ဆက်ဆံကြပြီးတော့ သူတို့က တောက်လျှောက် လုံခြုံရေး ယူပေးတယ်၊ လမ်းကြောတွေကို ရှင်းပေးတယ်။ တားပေးတယ်။ အားလုံးကလည်း စည်းကမ်းတကျနဲ့ လူ့အခွင့်အရေး ရင်ပြင်အထိ ချီတက်သွားကြတယ်။ ကားတွေကလည်း သူတို့ကို တားထားရင် ရပ်ပြီးတော့ စောင့်ကြတယ်။ ဒီ လူအုပ် ဖြတ်သန်းပြီးတဲ့အထိ ပေါ့လေ။ လူငယ်တွေက သီချင်းတွေ၊ အကတွေနဲ့ performance တွေပါ ပါတာပေါ့လေ။ အဲဒါမျိုး သူတို့ ဆန္ဒပြတာဟာ တကယ့်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သူတို့လိုလားချက်တွေကို သိသာမြင်သာအောင် ပြသသွားတာတွေဟာ ဒါ ကျနော်တို့အတွက်တော့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကူညီစောင့်ရှောက်မှုရော၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြ လမ်းလျှောက်တဲ့သူတွေ ကြားမှာရှိတဲ့ ဆက်ဆံရေးကိုရော၊ ကျနော့်အနေနဲ့တော့ ကိုယ်တွေ့မျက်မြင်ပေါ့လေ ဒါ ကျနော် လေ့လာခွင့် ရခဲ့ပါတယ်။”

ပြည်ပနိုင်ငံကို ပထမဆုံး ခရီးထွက်လာတဲ့ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးဟာ ပြင်သစ်ကနေ ချက်သမ္မတနိုင်ငံ ကိုလည်း သွားရောက်မှာဖြစ်ပါတယ်။  



ရွှေဂုံတိုင် လမ်းဆုံအနီး ယာဉ် လေးစီးတိုက်မှု ဖြစ်

ရန်ကုန်မြို့ ရွှေဂုံတိုင် လမ်းဆုံအနီးတွင် အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲ
ကျော်ခန့်က ယာဉ်လေးစီးတိုက်မှု ဖြစ်ပွားခဲ့ရာ လူလေးဦး ဒဏ်ရာ အနည်းငယ်စီ ရရှိကာ ကားနှစ်စီး အနည်းငယ် ပျက်စီးပြီး လမ်းဘေး ဓါတ်တိုင်တတိုင် ပြိုလဲသွားသည်။

အုတ်ခဲများ တင်ဆောင်လာပြီး ကမ္ဘာအေးဘုရားလမ်းအတိုင်း မြောက်မှ တောင်သို့ ယာဉ်မောင်း ဦးကတုံး
မောင်းနှင်လာသော ကုန်တင်ယာဉ်အမှတ် ၁က/၂၆၄၇ သည် ရွှေဂုံတိုင် လမ်းဆုံအနီး ကမ္ဘာအေးဘုရားလမ်းနှင့် ဓမ္မ စေတီလမ်း မီးပွိုင့်အရောက်တွင် ဘရိတ်ပေါက်ကာ လမ်းဘေး ပလက်ဖောင်းပေါ်ရှိ ဓါတ်တိုင်ကို ဝင်တိုက်ပြီးနောက် ရွှေဂုံတိုင် မီးပွိုင့်တွင် ရပ်နားထားသော ဆလွန်းကား သုံးစီးကို ဆင့်ကဲ တိုက်မိပြီးမှ ရပ်တန့်သွားသည်။

“ကျနော့် ကားက မီးပွိုင့်မိလို့ ရပ်ထားတာ နောက်ကနေ ဆူညံသံတွေ ကြားလိုက်ရတော့ လှည်ကြည့်တာ ကုန်တင်ကား တစီး ပလက်ဖောင်းပေါ် တက်ပြီး တခြမ်းစောင်း မောင်းလာတာ တွေ့လိုက်ရတဲ့ အချိန်မှာပဲ ကားက ဓါတ်တိုင်ကို တိုက်လိုက်တာ ဓါတ်တိုင်က လဲပြီး ကျနော့်ကား စက်ဖုံးပေါ် လာကျတယ်” ဟု ဆူပါ ဆလွန်း အငှားယာဉ်မောင်း က ပြောသည်။

“တော်သေးတာပေါ့ဗျာ ဓါတ်တိုင်က ကားခေါင်မိုးပေါ် မကျလို့ ကားနောက်ခန်းမှာလည်း ခရီးသည် နှစ်ယောက် ပါလာသေးတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ပျက်စီးမှု အများဆုံး ဖြစ်ခဲ့သော တိုယိုတာ ကယ်ဒီနား အငှား ယာဉ်မောင်း ဖြစ်သူ ဦးဝင်းနိုင်က “ကျနော့်ကားကို နောက်ကနေ ဝင်တိုက်လိုက်တော့ ကားက လည်ထွက်သွားတယ်။ တိုက်မိမိချင်း ကျနော့်စိတ်ထင် ကားတောင် ပက်လက်လန်သွားမယ် ထင်ခဲ့တာ” ဟု ဆိုသည်။

“ကားပေါ်မှာတော့ ခရီးသည် မပါပါဘူး။ ကားက အသစ်စက်စက်ပဲ ရှိသေးတာ ကျနော်က အငှားမောင်းတာပါ။ ပိုင်ရှင်နဲ့တော့ ပြဿနာ တက်တော့မှာပဲဗျာ” ဟု ဦးဝင်းနိုင် က ညည်းငြူသည်။

ကုန်တင်ယာဉ်သည် ဓါတ်တိုင်ကို တိုက်ပြီး ဆူပါဆလွန်းကား ၄/က …. အငှားယာဉ်ကို ထပ်မံတိုက်မိပြီးနောက် တိုယိုတာ ကယ်ဒီးနား ၅ ဃ/ .. အငှားယာဉ် နောက်ပိုင်းကို ဝင်တိုက်မိရာ တိုယိုတာကယ်ဒီနား ယာဉ်မှတဆင့်
ရှေ့တွင်ရပ်ထားသော တိုယိုတာ ၁/င ကိုယ်ပိုင်ဆလွန်းယာဉ်ကို ဝင်တိုက်မိခြင်း ဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ကုန်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသော အလုပ်သမား လေးဦး ဒဏ်ရာ အနည်းငယ်ရပြီး တိုယိုတာ ၁င/ ကိုယ်ပိုင်ဆလွန်းကားနှင့် ဆူပါဆလွန်း အငှားယာဉ်တို့မှာ ထိခိုက်မှု နည်းပါးသော်လည်း ၅ဃ/ အငှားယာဉ်မှာ ကားနောက်ပိုင်းနှင့် ယာဉ် ယာဖက်ဘေး ပျက်စီးသွားသည်။

“ကျနော်တို့ ကားက မောင်းလာတာ အရှိန် သိပ်မပြင်းပါဘူး။ မီးပွိုင့်မှာ ဘရိတ်ပေါက်ပြီး ယာဉ်မောင်းလည်း ဂီယာနဲ့ ကားကို အရှိန်ထိန်းဖို့ ကြိုးစားပေမယ့် ကုန်းဆင်း ဖြစ်တဲ့အတွက် ဂီယာထိုးလို့ မရဘူးဖြစ်နေလို့ ကားက ပလက်ဖောင်းပေါ်ကို တက်သွားတာ” ဟု ကုန်တင်ကားပေါ်တွင် ပါလာသော ရွှေပြည်သာ မြို့နယ်နေ အလုပ်သမား ဦးနိုင် က ဆိုသည်။

ကုန်တင်ကားသည် ပလက်ဖောင်းပေါ်တက်ပြီး ဓါတ်တိုင်ကို ဝင်တိုက်မိချိန်တွင် ယာဉ်ပေါ်တွင် ပါလာသော အလုပ်သမား ခုနှစ်ဦးအနက် လေးဦးမှာ ကြောက်လန့် တကြားဖြင့် ယာဉ်ပေါ်မှ ခုန်ချခဲ့ရာမှ ဒဏ်ရာ အနည်းငယ်စီ ရရှိသွားခြင်း ဖြစ်သည်။

ဘရိတ်ပေါက်သွားသော ကုန်တင်ယာဉ်သည် ရွှေပြည်သာ မြို့နယ်မှ အုတ်နီခဲများကို ဗဟန်းမြို့နယ်ရှိ
ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ တင်ဆောင်လာစဉ် အဆိုပါ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယာဉ်အသွားအလာ များပြားသော ရွှေဂုံတိုင်လမ်းဆုံတွင် ဂုံးကျော်တံတား တစင်း တည်ဆောက်ရန် မြို့တော် စည်ပင်သာယာရေး ကော်မတီက Capital Development ကုမ္ပဏီကို တာဝန်ပေးထားပြီး ဖြစ်သော်လည်း ယခု အချိန်အထိ မြေစမ်းသပ် တိုင်းတာခြင်း လုပ်ငန်းကိုသာ လုပ်ကိုင်နေကြောင်း သိရှိရသည်။





မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၁၂ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း မီးလောင်မှုစုစုပေါင်း ၁၀၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကျပ်သန်းပေါင်း ၁၇၇ ဒသမ ၇၄ သန်း ခန့်ဆုံးရှုံးခဲ့ကာ အိမ်ခြေ၊ အဆောက်အအုံ ၆၁၅ လုံး၊ ဂိုဒေါင်တစ်လုံးနှင့် စက်ရုံ၊အလုပ်ရုံသုံးရုံ မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိပါသည်။အဆိုပါနှစ်လအတွင်း မီးလောင်ကျွမ်းမှုကြောင့် စုစုပေါင်းလူခြောက်ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်၊၊ ၂၀၁၂ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း မီးလောင်မှုသည် ၂၀၁၁ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလ မီးလောင်မှုထက် ၂၅ ကြိမ်ပိုမိုများပြားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သန်း ၁၂၀ ကျော် ခန့်ပိုမိုလာကြောင်း တွေ့ရှိရသည်။
အဆိုပါ နှစ်လတာအတွင်း မီးလောင်မှုစုစုပေါင်း ၁၀၃ ကြိမ်တွင် မီးဖိုမီးအပါအ၀င် ပေါ့ဆမှုကြောင့်လောင်သောမီး ၆၅ ကြိမ် ပါဝင်နေကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံး ကျေးရွာများမီးလောင်မှုသည် နှစ်လအတွင်း မီးလောင်မှုပေါင်း ၄၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ကျပ် ၂၄ သန်းခန့် ဆုံးရှုံးခဲ့ကြောင်း ၂၀၁၂ ခုနှစ် အဆိုပါနှစ်လအတွင်း ဖြစ်ပွားခဲ့သော မီးလောင်မှုအကြိမ်များကို ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ဆန်းစစ်ရာတွင် သြဂုတ်လ၌ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အများဆုံးနှင့် မကွေးတိုင်းဒေသကြီးမှာ ဒုတိယအများဆုံး၊ ရန်ကုန်တိုင်းဒေသကြီးတွင် တတိယအများဆုံးဖြစ်ပွားခဲ့ပြီး စက်တင်ဘာလတွင်မူ ရန်ကုန်တိုင်းဒေသကြီး၌ အကြိမ်အများဆုံး၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှာ ဒုတိယအကြိမ်အများဆုံးဖြစ်ကာ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ တတိယအများဆုံးဖြစ်ကြောင်း မီးလောင်မှုများ၏ ဆုံးရှုံးမှုတန်ဖိုးများကို ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဆန်းစစ်ရာတွင်လည်း သြဂုတ်လ၌ မကွေးတိုင်းဒေသကြီးတွင် ဆုံးရှုံးမှုအများဆုံးဖြစ်ပြီး စက်တင်ဘာလတွင်မူ ဧရာဝတီတိုင်းဒေသကြီး၌ ဆုံးရှုံးမှုအများဆုံးဖြစ်ပွားခဲ့ကြောင်းလည်း သိရှိရသည်။
၂၀၁၂ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း မီးလောင်မှုအကြိမ် အများဆုံးဖြစ်ပွားခဲ့သော မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် မီးလောင်မှုအကြိမ် ၃၀ တွင် မီးဖိုမီးအပါအ၀င် ပေါ့ဆမှုကြောင့် လောင် သောမီးမှာ ၁၄ ကြိမ် ပါဝင်ကြောင်း၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလအထိ ကိုးလတာအတွင်း နိုင်ငံတစ်ဝန်းလုံးမီးလောင်မှု ၆၄၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ခန့်မှန်းခြေ ကျပ် ၆၅၆ ဒသမ ၈၁ သန်းခန့် ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သတင်းရရှိပါသည်။




တက္ကသိုလ်ဝင်တန်းအမှတ် စာရင်း ၄၅၀ မှတ် အထက်ရရှိသူများ တက်ရောက် ပညာသင်ခွင့်ရမည့် ရန်ကုန်၊ မန္တလေးနည်းပညာ တက္ကသိုလ်များအား ယခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကျော်မြတ်က ပြောကြားခဲ့သည်။၂၀၁၂-၂၀၁၃ ခုနှစ် ပညာသင် နှစ်မှစ၍ ရန်ကုန်နှင့်မန္တလေးရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာ တက္ကသိုလ်များအား လက်တွေ့သင်ခန်းစာများ ပိုမိုသင်ကြားနိုင်ရန် အတွက် Center Of Excellence အဆင့်မြင့်တက္ကသိုလ်များအဖြစ် မြှင့်တင်မည်ဖြစ်ပြီး စာသင်နှစ်များကိုလည်း အင်ဂျင်နီယာဘွဲ့သင်တန်း ကာလအား ငါးနှစ်မှခြောက်နှစ်၊ ကွန်ပျူတာဘွဲ့သင်တန်းကာလအား လေးနှစ်မှငါးနှစ်သို့ လည်းကောင်း တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိပညာသင်နှစ်တွင်မူ တက္ကသိုလ်များ၊ ကောလိပ်များ၊ သိပ္ပံများတွင် AGTI မှ B Tech,BE သို့ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီပါက အဆင့်ဆင့်ပေါင်းကူး တက်ရောက်စေသည့်စနစ်ကို ကျင့်သုံး ခဲ့ပြီး လာမည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစတင်၍ စက်မှုပညာရေး စနစ်တွင် AGTI မှ BTECH ၊ အင်ဂျင်နီယာပညာရေးစနစ်တွင် AGTIမှ BE သို့ သီးခြားစီ အရည်အချင်းသတ်မှတ်၍ ပေါင်းကူးတက်ရောက် ခွင့်ပြုမည့်စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း AGTI မှ BTECH သို့သာ တက်ရောက်ခွင့် ရသူများသည် MTECH အထိတက်ရောက်သင်ယူ နိုင်ပြီး AGTI မှ သတ်မှတ်အရည်အချင်း ကိုက်ညီပါက BE မှ တစ်ဆင့် ME ဘွဲ့အထိ တက်ရောက်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်နှင့်မန္တလေးရှိ အင်ဂျင်နီယာတက္ကသိုလ်များသို့ ၁၉၉၈ ခု နှစ် ၁၀ တန်းအောင်သူများသာ နောက်ဆုံးအသုတ်အဖြစ် တက် ရောက်ခဲ့ရပြီး ယင်းနောက်ပိုင်းတွင် AGTI မှတစ်ဆင့် ပေါင်းကူးအနေ ဖြင့်သာ တက်ရောက်ပညာသင်ယူ ခဲ့ရကြောင်း သိရသည်။

အမေရိကန်သမ္မတဟောင်းရဲ့ အဖွဲ့ မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လေ့လာ


အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ Jimmy Carter တည်ထောင်ထားတဲ့ The Carter Center က မြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်မှုတွေကို ကူညီနိုင်မယ့်နည်းလမ်းတွေရှာဖွေနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကိုရောက်နေတဲ့ The Carter Center အဖွဲ့ရဲ့ အကြံပေးအရာရှိ Mrs. Sarah Levit- Shore နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုအံ့ဘွယ်ကျော် တို့ မနေ့က အောက်တိုဘာလ ၁၃ ရက်နေ့ မနက်က တွေ့ ဆုံဆွေးနွေးတဲ့အခါမှာ Mrs. Sarah ရဲ့ ပြောဆိုချက်တွေကို ကိုဂျင်မီက ပြန်ပြောပြပါတယ်။
“မြန်မာပြည်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ လေ့လာချင်တာတွေ သိချင်တာတွေ အများကြီး ရှိတယ်။ နောက်ပြီးတော့ သူတို့ဘာလုပ်ပေးနိုင်မလဲဆိုပြီးတော့ လာပြီးစုဆောင်းတာလည်း ရှိတယ်။ Election နဲ့ ပတ်သက်တဲ့ Monitoring မှာလည်း ဘာလုပ်ပေးနိုင်မလဲဆိုတာလည်း သိချင်တယ်”
ဒါ့အပြင် သမ္မတဟောင်း ဂျင်မီ ကာတာ ကိုယ်တိုင် မြန်မာနိုင်ငံကိုလာရောက်လည်ပတ်သင့်ပြီလား ဆိုတာလဲ လေ့လာနေတယ်လို့ သိရပါတယ်။
Carter Center ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ ၈၈ မျိုးဆက်ကျောင်းသားတွေအပြင်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး၊ ၀န်ကြီးဦးအောင်မင်း တို့နဲ့လည်းတွေ့ဆုံခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေမှာ ဘယ်လိုအကူအညီပေးနိုင်မလဲဆိုတဲ့ အကြောင်းတွေဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
သမ္မတဟောင်း ဂျင်မီကာတာရဲ့ The Carter Center ဟာ ကမ္ဘာ့ နိုင်ငံအများအပြားမှာ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာကိစ္စတွေ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးတွေနဲ့ ကျန်းမာရေးကိစ္စတွေမှာ အကူညီပေးနေတဲ့ လူမှုအဖွဲ့စည်းတခုဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် OIC ရုံးများ အခြေစိုက်ခွင့် မပြုရေး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒထုတ်ဖော်မည်

အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organisation of Islamic Cooperation,OIC) ရုံးများ မြန်မာနိုင်ငံတွင် အခြေစိုက်ခွင့် မပြုရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်ပြိုင်နက်တည်း ဆန္ဒထုတ်ဖော်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
“အဓိကက OIC အလို မရှိရေး ဆန္ဒထုတ်ဖော်ကြမှာပါ။ အမျိုးသားရေးဖြစ်လို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ တိုင်းရင်းသားတွေပါမယ်။ လက်ရှိအချိန်ထိတော့ ကယား၊ ကရင်၊ ချင်း၊ ကချင် ပြည်နယ်တွေကလွဲရင် ကျန်တဲ့တိုင်း နဲ့ ပြည်နယ်တွေမှာ လုပ်သွားဖို့ ချိတ်ဆက်ပြီးပါပြီ။ အမျိုး၊ ဘာသာ၊ သာ သနာကိစ္စဖြစ်တဲ့အတွက် ခွင့်ပြုချက် တောင်းခံသွားဖို့တော့ မရှိပါဘူး”ဟု ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ကိုရဲမင်းဦးက ပြောပါသည်။ အောက်တိုဘာလ ၁၂ ရက်နေ့ က မန္တလေးတွင် သံဃာတော်အပါး ငါးထောင်ခန့် အပါအ၀င် ပြည်သူများက ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ပြီး OIC ရုံးမစိုက်ရေး၊ ဘင်္ဂလားဒေ့ရှ်ရှိ ဘုန်းတော်ကြီးကျောင်းများ မူလအ တိုင်းပြန်ဆောက်ပေးရေး စသည့် အချက်များကို တောင်းဆိုမှုပြုလုပ်ခဲ့ပြီး တုံ့ပြန်မှု တစ်စုံတစ်ရာ မရရှိသေးသောကြောင့် ဆက်လက်ဆန္ဒထုတ် ဖော်ရခြင်းဖြစ်ကြောင်း မန္တလေးမြို့မှ ဆရာတော်တစ်ပါးက မိန့်ကြားပါသည်။
“သက်ဆိုင်ရာက သတင်းစာရှင်းလင်းပွဲ တစ်ရပ်လုပ်ပေးပြီး OIC ရုံးတွေ ဖွင့်ဖို့ကိစ္စကို စာချုပ်ချုပ်ထားတာ မဟုတ်ပါဘူးလို့ ရှင်းလင်းပေး ရင်တော့ ဆန္ဒထုတ်ဖော်မှုမလုပ်တော့ ဘူး။ အဲဒါကိုလည်း စောင့်ကြည့်နေတယ်။ ကြားထဲမှာ ဘာမှတုံ့ပြန်မှုမရှိဘူးဆိုရင်တော့ ဆန္ဒထုတ်ဖော်မှု ပြုလုပ်သွားမှာပါ”ဟု အဆိုပါဆရာတော် က မိန့်ကြားပါသည်။
အောက်တိုဘာလ ၁၅ ရက်နေ့ တွင် ဆန္ဒထုတ်ဖော်မှုကို ရန်ကုန်၌ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှ စတင်ကာ ပြုလုပ်သွားမည်ဖြစ်ပြီး မန္တလေးမြို့တွင် အိမ်တော်ရာကျောင်းရှေ့မှ စတင်လှည့်လည်သွားမည် ဖြစ်ကြောင်း သိရသည်။ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့ကြီးများတွင် ၎င်းတို့အစီအစဉ်အတိုင်း လှည့်လည်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့နိုင်ငံက OIC အ ဖွဲ့ဝင်နိုင်ငံလည်း မဟုတ်ပါဘူး။ အစ္စလာမ်ဘာသာ ကိုးကွယ်သူအများကြီးရှိတဲ့ နိုင်ငံလည်း မဟုတ်ပါဘူး။ အဲဒါကို OIC က ကျွန်တော်တို့နိုင်ငံ မှာ ဘာလာလုပ်မှာလဲ။ ယာယီပဲဖြစ်ဖြစ်၊ အမြဲတမ်းပဲဖြစ်ဖြစ် ဘာရုံးမှ အခြေစိုက်စရာမလိုပါဘူး။ ကူညီပေး စရာရှိရင် ဒီမှာရှိနေတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ အန်ဂျီအိုတွေကတစ်ဆင့် ကူညီပေါ့။ ရခိုင် လူမျိုးနဲ့ ဘင်္ဂါလီတွေအကြား ပဋိပက္ခကနေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပဋိပက္ခတွေဖြစ်ပွားအောင် ဖိတ်ခေါ်သလိုဖြစ်မှာ စိုးရိမ်ပါတယ်။ ဒါလုံးဝမလုပ်သင့်ဘူး။ လုံးဝလက်မခံနိုင်ပါဘူး။ နိုင်ငံ ရေးပါတီတွေနဲ့ တပ်မတော်အနေ နဲ့ အချုပ်အခြာ အာဏာကို ထိပါးတယ်လို့ တွေးမြင်သင့်တယ်။ ကျွန် တော်ထိုင်းနိုင်ငံကိုသွားပြီး ထိုင်း-မြန်မာနယ်စပ်မော တောင်ဖက်သွားဖို့ Tour ကုမ္ပဏီတစ်ခုနဲ့ စကားပြောတော့ သူက ဒီတစ်နှစ် နှစ်နှစ်အတွင်း မှာ ထိုင်း-မြန်မာနယ်စပ်ကို ဆော်ဒီ သူဌေးတွေကို ခဏခဏပို့ပေးရတယ် လို့ ပြောတယ်။ အဲဒီမှာ မွတ်ဆလင် သူပုန်တွေရှိတယ်လို့လည်း ကြားတယ်။ ဆော်ဒီဆိုတာ OIC ရှိတဲ့   နိုင်ငံ၊ ဆော်ဒီသူဌေးတွေဟာ အစွန်းရောက်တွေကို ထောက်ပံ့လေ့ရှိတယ်။ အစိုးရအနေနဲ့ ဒီအချက်ကို ပြန်စဉ်းစားဖို့သင့်တယ်။ သီပေါမင်းပါတော်မူကာနီးမှာ ဗြိတိသျှနယ်ချဲ့တွေက ဘုရင့်ရှေ့မှာ ဖိနပ်စီးခွင့်အနိုင်ကျင့် ပြီး တောင်းသလိုမျိုး ခံစားရပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကန့်ကွက်တာကို ထောက်ခံပါတယ်”ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြော ကြားခဲ့သည်။
“အဓိကကတော့ ဘုန်းကြီးတို့ က OIC ကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ အန္တရာယ်ရှိတဲ့ အဖွဲ့အစည်းလို့ သံသယရှိတဲ့အတွက် ဆန့်ကျင် ကန့်ကွက်ခြင်းဖြစ်ပါတယ်။ ဘုန်းကြီးတို့ ညှိတော့ ညှိနှိုင်းထားတယ်။ ဘာသာရေးကိုထိခိုက်တာ မဟုတ်ဘဲနဲ့ ဘာသာရေး အစွန်းရောက်သမားတွေကိုပဲ ကန့်ကွက်သွားဖို့ပါ”ဟု ယင်းနေ့တွင် ဦးဆောင်လှုပ်ရှားမည့် ဆရာတော်တစ်ပါးက ပြောပါသည်။
ရန်ကုန်မြို့နှင့် စစ်တွေမြို့အ ပါအ၀င် ရခိုင်ပြည်နယ်တွင် OIC ရုံး ခွဲများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်ရုံးကို ဗီဇာကိစ္စ အပါအ၀င် ထောက်ပံ့ရေးဆိုင်ရာများအတွက် ဖွင့်လှစ်မည်ဖြစ်ပြီး စစ်တွေရုံးကို လူသားချင်းစာနာမှု အကူအညီများ ထောက်ပံ့ပေးရာရုံးအဖြစ် ဖွင့်လှစ် မည်ဖြစ်ကြောင်း၊ OIC ကို ကန့်ကွက်ဆန္ဒပြနေခြင်းများမှာ လူထု၏ ထင်မြင်ချက် သက်သက်သာဖြစ်ပြီး အစိုးရသဘောထားမဟုတ်ကြောင်း OIC ၏ မွတ်စလင်လူနည်းစုရပ် ၀န်းဌာနရိုဟင်ဂျာ အရေးဆိုင်ရာ တာဝန်ခံမစ္စဒီနာမန်ဒနီက ပြောကြားသည်ဟု အောက်တိုဘာလ ၁၀ ရက် နေ့ ဘီဘီစီ မြန်မာပိုင်းသတင်းတွင် ဖော်ပြခဲ့သည်။
OIC ရုံးများကို ရန်ကုန်နှင့် စစ်တွေမြို့များတွင် ဖွင့်လှစ်သွားမည် ဆိုသော သတင်းများနှင့်ပတ်သက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန် ကြားရေးမှူးချုပ် ဦးထွေးလှကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် ၎င်းက “လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာယာယီရုံးတစ်ရုံးကို အကန့်အသတ်အားဖြင့် နိုင်ငံတကာ အစိုးရမဟုတ် သော အဖွဲ့အစည်းများ၏ အဆင့် အတန်းများနှင့်အညီ ရန်ကုန်တွင် လိုအပ်ပါက နယ်စပ်ရေးရာဝန်ကြီး ဌာန၏ကြီးကြပ်မှုဖြင့် ဆောင်ရွက် သွားမယ်”ဟု ဖြေကြားခဲ့သည်။
“ စစ်တွေမှာ ဖွင့်မယ်ဆိုတာက တော့ မမှန်ကန်ပါဘူး။ ရန်ကုန်မှာလည်း ဖွင့်ခွင့်ပေးမယ်လို့တော့ မဟုတ် သေးဘူး။ တခြား INGO တွေလို အကန့်အသတ်နဲ့ နောင်ဆိုရင် ရှိကောင်းရှိလာနိုင်တာကို ပြောတာပါ”ဟု ဦးထွေးလှက ဆက်လက်ပြောကြားခဲ့ပါသည်။
အောက်တိုဘာလ ၉ ရက်နေ့ နှင့် အောက်တိုဘာလ ၁၀ ရက်နေ့ များတွင် စစ်တွေမြို့သံဃာတော်များ နှင့် စစ်တွေမြို့ အမျိုးသမီးများအဖွဲ့တို့ က ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ပြီး မြန်မာပြည်တွင်းရေးကို OIC မှ ၀င် ရောက်စွက်ဖက်ခြင်း မပြုရန်နှင့် မြန်မာနိုင်ငံသို့ ၀င်ရောက်လာခြင်းကို လုံးဝ ခွင့်မပြု စသည့် အချက်များကို ထည့်သွင်းတောင်းဆိုခဲ့ကြောင်း သိရသည်။
ထို့ပြင် အောက်တိုဘာလ ၅ ရက်နေ့နှင့် ၈ ရက်နေ့များတွင် ရန် ကုန်မြို့၊ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့၌ သံဃာတော်များ ဆန္ဒထုတ်ဖော်မှုများတွင်လည်း မြန်မာနိုင်ငံ၌ OIC ရုံး ဆောက်လုပ်ခွင့်မပြုရေး ထည့်သွင်း တောင်းဆိုခဲ့ကြောင်း သိရသည်။
အစ္စလာမ်ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့(OIC) ကို ၁၉၆၉ ခုနှစ် စက်တင်ဘာလ၂၅ ရက်နေ့ကစတင် တည်ထောင်ခဲ့ပြီး အဖွဲ့၏အုပ်ချုပ် ရေးရုံးမှာဆော်ဒီအာရေဗျနိုင်ငံ၌ တည်ရှိကာ နိုင်ငံပေါင်း ၅၇ နိုင်ငံက အဖွဲ့ ၀င်အဖြစ်ပါဝင်ထားသည်။ အဖွဲ့ဝင် နိုင်ငံအများစုမှာ အစ္စလာမ်ဘာသာ ကိုးကွယ်သည့်နိုင်ငံများဖြစ်ကြပြီး အ ဖွဲ့ဝင်နိုင်ငံများရှိ လူဦးရေစုစုပေါင်း မှာ ၁ ဒသမ ၆ ဘီလျံရှိကြောင်း ၂၀၀၁ ခုနှစ် စာရင်းများအရ သိရှိ ရသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment