ကချင် ကရင် ချင်း ရခိုင် ရှမ်း နဲ့  မွန် သတင်းများ  အောက်တိုဘာ ၂၅ ၊ ၂၀၁၂

KIO နှင့် အစိုးရ ယခုလကုန် ထပ်တွေ့မည်


စစ်ရေး တင်းမာမှု အခြေအနေများကြောင့် ဆွေးနွေးရန် အဆင်မပြေဖြစ်နေသည့် ကချင် လွတ်လပ်ရေး အဖွဲ့(KIO) နှင့် အစိုးရ ငြိမ်း ချမ်းရေး အဖွဲ့တို့အကြား ထပ်မံ၍ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးမည့်နေ့ရက် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။တွေ့ဆုံမည့် နေရာကို တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့ကို ရွေးချယ်ထားပြီး ယခုလ ၃၀၊ ၃၁ ရက်နေ့များတွင် ဆွေးနွေးကြမည်ဖြစ် ၍ နှစ်ဖွဲ့လုံးတွင် စစ်ရေးနှင့် နိုင်ငံရေး တာဝန်ရှိသူများအပါအ၀င် ငြိမ်းချမ်းရေး အကျိုးဆောင်များလည်း လိုက်ပါမည်ဟု သိရသည်။
“သမ္မတရုံးကို တိုက်ရိုက် အကြောင်းကြားတယ်၊ ကျနော်တို့ဆီကို မိတ္တူပို့တာ၊ တွေ့မယ့်နေရာက ရွှေလီမှာပါ၊ ကျနော်တို့ သွားပြီးမှ စီစဉ်ရမှာပေါ့”ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့(PCG) မှ ဦးဆန်းအောင် က ပြောသည်။
တွေ့ဆုံ ဆွေးနွေးမည့်ရက်ကို KIO က သတ်မှတ်၍ အကြောင်းပြန်ကြားပေးခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲအတွက် KIO ခေါင်းဆောင်များလည်း ဌာနချုပ်တွင် ဆွေးနွေးမှုများ ပြုလုပ်နေကြသည်ဟု ဆိုသည်။ယင်းတွေ့ဆုံပွဲ ဖြစ်မြောက်ရေးအတွက် အစိုးရငြိမ်းချမ်းရေး အဖွဲ့က ယခုလ ၁၀ ရက်နေ့တွင် KIO ထံစာပို့ ကမ်းလှမ်းထားခြင်း အပေါ်မူတည်၍ PCG အနေဖြင့် ၂၂ ရက်နေ့က KIO  ခေါင်းဆောင်များနှင့် သွားရောက်ဆွေးနွေးဖြစ်ခဲ့ကြောင်း သိရသည်။ယခင်က နှစ်ဖက်တွေ့ဆုံမှုများရှိခဲ့သော်လည်း တပ်ပိုင်းဆိုင်ရာကိစ္စများတွင် ဆွေးနွေးမှု အဆင်မပြေဖြစ်ခဲ့ရသဖြင့် ဆွေးနွေးပွဲများ ရှေ့ မဆက်နိုင်ဘဲဖြစ်ရကြောင်း၊ ယခုအကြိမ်တွင် ယင်းကိစ္စများကို ဆွေးနွေးနိုင်ရန် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ ပါလာနိုင်ပြီး ဖြေ ရှင်းသွားနိုင်မည်ဟု မျှော်လင့်ရကြောင်း ဦးဆန်းအောင် က ပြောသည်။
“ဒီအချိန်မှာတော့ အဓိက ကတော့ ဘယ်ဘက်ကပဲဖြစ်ဖြစ်၊ စစ်ရေးလှုပ်ရှားမှုကိုတော့ အတတ်နိုင်ဆုံး ထိန်းသိမ်းသွားရင်တော့ အကောင်းဆုံး ဖြစ်မယ်လို့ယူဆပါတယ်၊ ထိန်းသိမ်းနိုင်ခဲ့ရင်တော့ သေချာပေါက် အတိုင်းတာတခုထိ ယုံကြည်မှုရမယ်လို့ ထင်ပါ တယ်၊ အခုဟာ ယုံကြည်မှုမရှိလို့ဘဲ ပျက်ပျက်နေတာ”ဟု ဦးဆန်းအောင် က ပြောဆိုသည်။ယခုနှစ် ဇွန်လ ၂၀ ရက်နေ့က ဦးအောင်မင်းနှင့် KIO ခေါင်းဆောင်များ မိုင်ဂျာယန်ဒေသတွင် နောက်ဆုံး တွေ့ဆုံခဲ့စဉ် နှစ်ဖက် တပ်များ တင်းမာနေသည့် စစ်ရေးကိစ္စများ ပြေလည်ရေးအတွက် တွေ့ဆုံရန် စီစဉ်ထားခဲ့ကြသည်။
ထိုအချိန်က တရုတ်နိုင်ငံ ရွှေလီမြို့တွင် ကချင် လွတ်လပ်ရေး တပ်မတော်(KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွန်မော်နှင့် အစိုးရ ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း ဗိုလ်ချုပ်ကြီး စိုးဝင်း အနေဖြင့် ရွှေလီမြို့သို့ သွားရောက်ရန် အခက်အခဲရှိသည့်အတွက် အစီအစဉ် အကောင်အထည် မပေါ်ခဲ့ကြောင်းအစိုးရ ငြိမ်းချမ်းရေးအဖွဲ့မှ ၀န်ကြီး ဦးအောင်မင်းကမူ ကချင်ဒေသ စစ်မြေပြင်သို့ ရောက်ရှိနေသည့် အစိုးရတပ်များကို တဆင့်ချင်း ရုပ်သိမ်းသွားမည်ဟု ပြောကြားကြောင်း ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ပေါ်ပြုလာဂျာနယ်တွင် ဖော်ပြထားသည်။
KIO သည် ၁၉၉၄ ခုနှစ်တွင် ယခင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။ယင်း တိုက်ပွဲများကြောင့် လက်ရှိ အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင် ၍ ၂၀၁၂ ခုနှစ်အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း သဘောတူညီချက် တစုံတရာ မရရှိသေးပေ။
သောင်းနှင့် ချီသော ဒေသခံများမှာလည်း အိုးအိမ်၊ တောင်ယာများကို စွန့်ခွာ၍ တရုတ်-မြန်မာနယ်စပ် ဒုက္ခသည် စခန်းများ၊ ပြည်တွင်း စစ်ဖြစ်ရာ ဒေသ အနီးရှိ မြို့ပေါ်များနှင့် တောတောင်များထဲတွင် ထွက်ပြေး ခိုလှုံနေကြရဆဲ ဖြစ်သည်။


နာဂ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှတ်ပုံတင်မည်

၂၀၀၈ ခုနှစ်၊ အခြေခံဥပဒေ ပေါ်ပေါက်လာပြီး နောက်ပိုင်း ပထမဆုံးသော နာဂ နိုင်ငံရေး ပါတီအဖြစ် နာဂ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NNLD ကို တရားဝင် မှတ်ပုံတင်တော့မည်ဟု သိရှိရသည်။
၁၉၉၇ ခုနှစ်က မြန်မာ-အိန္ဒိယ နယ်စပ်တနေရာတွင် စတင်ဖွဲ့စည်းခဲ့သည့် NNLD ၏ ညီလာခံတရပ်ကို ယခုနှစ်
အောက်တိုဘာလ ၁၈ ရက်နေ့က ကျင်းပခဲ့ပြီး ထိုသို့ တရားဝင် မှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးစောစ က ပြောသည်။

ရခိုင် သတင်းများ  အောက်တိုဘာ ၂၅ ၊ ၂၀၁၂


ရခိုင်ပြည် လုံခြုံရေး မလုံလောက်၊ အခြေအနေ စိုးရိမ်ရ



ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်တို့ အကြား ပဋိပက္ခ ဆက်လက် ဖြစ်ပွားနေကာ ဒေသတွင်း အခြေအနေ တင်းမာနေဆဲ ဟု သိရသည်။
ကျောက်ဖြူမြို့၊ မြောက်ဦးမြို့နယ်နှင့် မြေပုံမြို့နယ်ရှိ ကျေးရွာများတွင် နှစ်ဘက် အပြန်အလှန်တိုက်ခိုက်ခြင်း၊ အပြန်အလှန် မီးရှို့ခြင်းများ မနေ့က နံက် တွင် ဆက်လက် ဖြစ်ပွားနေပြီး လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရမှုများရှိကြောင်း၊ ထိုသို့ နှစ်ဘက်အကြား တင်းမာသည့် အခြေအနေရှိနေသော် လည်း  လုံခြုံရေး အင်အားနည်းနေကြောင်း ကျောက်ဖြူမြို့ ပိုက်ဆိပ် ရပ်ကွက်သည် ယမန်နေ့ ညတွင် မီးလောင်ခံရပြီး ယနေ့နံနက် ပိုင်းအထိ မီးမငြိမ်းသေးဟု မြို့ခံများက ပြောသည်။ ထို့အတူ မြေပုံမြို့ပေါ် ရပ်ကွက်တခုသည် ယမန်နေ့ ညနေတွင် မီးလောင်ကျွမ်းခဲ့ပြီး ယနေ့တွင် နှစ်ဘက်အကြား တင်းမာနေကြောင်း  ဒေသခံများ က  ပြောသည်။
မင်းပြားမြို့တွင်မူ မနေ့က တည်ငြိမ်နေသည့်တိုင် နှစ်ဘက်အကြား တင်းမာနေဆဲ ဖြစ်၍ စိုးရိမ်ရ ကြောင်း မြို့ခံ တချို့က ဆိုသည်။ မင်းပြားနှင့် မြောက်ဦးတို့တွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို အောက်တိုဘာလ ၂၂ ရက်နေ့က ထုတ်ပြန် ထား သည်။
မြောက်ဦးမြို့နှင့်မင်းပြားမြို့နယ်တို့တွင် အောက်တိုဘာ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် အ မျိုးသားတဦး၊ အမျိုးသမီးတဦး သေဆုံးကာ အိမ်ခြေစုစုပေါင်း ၁၀၃၉ အိမ် မီးလောင်ဆုံးရှုံးသွားကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာ များ၌ ရေးသားထားသည်။
ရခိုင်ဒေသခံများ၏ ပြောဆိုမှုအရမူ ယခု ပဋိပက္ခအတွင်း ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင် နှစ်ဘက်စလုံးတွင် သေ ဆုံးသူ ဦးရေ ဆယ် ချီရှိနေပြီး ဒဏ်ရာ ရရှိသူ အများအပြား ရှိကြောင်း သိရသော်လည်း ပြည်နယ်အစိုးရ ပြန်ကြားရေး အဖွဲ့ဝင် ဦးမျိုးသန့် က ပြောရာ ယနေ့သတင်းစာ အရ ၂ ဦးသာ သေဆုံးသည်ဟု ဆို သည်။
မြောက်ဦးနှင့်မင်းပြားတို့၌ အောက်တိုဘာလ ၂၂ ရက်နေ့ ပဋိပက္ခ အတွင်း သေဆုံးသွားသည့် ရခိုင်တိုင်းရင်းသားများမှာ ကိုအောင်မိုး၊ ကိုဌေးဝင်း၊ ကိုသိန်းထွန်းလှ၊ ကိုအတိုး၊ ကိုမောင်ဘုချေ တို့ဖြစ်ပြီး  ၂၃ ရက်နေ့တွင် ဖြစ်ပွားသည့် ပဋိပက္ခအတွင်း စစ်တပ် ပတ်ခတ်မှု ကြောင့် သေဆုံးသူများ မှာ ကိုမောင်ခိုင်ဦး၊ ကိုခင်မောင်ထွီး တို့ဖြစ်ကြောင်း နိရဉ္စရာ သတင်းဌာန ကရေး သားထားသည်။
ဦးစိန်သာအောင်၊ ကိုဦးထွန်းစိန်၊ ဦးမောင်မောင်လှိုင်၊ ကိုမောင်သိန်းမြင့်၊ ဦးမြင့်နိုင်၊ ဦးအောင်ကျော်သာ၊ ဦးထွန်းဝေ၊ ကိုညီဌေး၊ ကိုမောင်စောနု၊ ကိုမောင်သန်းရွှေ တို့အား စစ်တွေဆေးရုံကြီးနှင့်မြောက်ဦး ဆေးရုံတို့ တွင် ဆေးကုသမှု ခံယူနေရကြောင်း လည်းရေး သားထားသည်။ မြေပုံမြို့ ယနေ့ ပဋိပက္ခတွင် ရခိုင် ၂ ဦးနှင့် မွတ်စလင် ၅ ဦး သေဆုံးကြောင်း လည်း နိရဉ္စရာ၌ဖော်ပြထားသည်။
ရခိုင်ဒေသတွင်း ယနေ့ ဖြစ်ပွားနေသည့် ပဋိပက္ခများအတွင်း သေဆုံးသူ၊ ထိခိုက် ဒဏ်ရာရသူ အများအပြား ရှိကြောင်း ဒေသ ခံများက ပြောဆိုနေသည့်အတွက်  စာရင်းအတိအကျ သိရရန် ဧရာဝတီက ပြည်နယ် အာဏာပိုင်တို့ထံ ဆက်သွယ်ခဲ့သော် လည်း မရခဲ့ပေ။
ထိုသို့ နှစ်ဘက်အကြား အပြန်အလှန်တိုက်ခိုက်မှု၊ မီးရှို့မှုများကြောင့် မြောက်ဦးမြို့နယ်အတွင်းရှိ မွတ်စလင်ကျေးရွာများနှင့် နီးသည့် ရခိုင်နှင့်ရခိုင်မျိုးနွယ်စု တခြား တိုင်းရင်းသား ကျေးရွာများမှ ထောင်ချီသော ဒေသခံများသည် မြောက်ဦးမြို့ပေါ်သို့ ပြောင်းရွှေ့လာနေကြပြီး ဘုန်းတော်ကြီးများတွင် ခိုလှုံနေကြကြောင်း မြို့ခံများ က ပြော သည်။
ထို့အတူ မြောက်ဦးမြို့နယ်ထဲမှ မွတ်စလင်များသည်လည်း မွတ်စလင် အများစုရှိသည့် ကျေးရွာများသို့ ပြောင်းရွှေ့ကာ စုပေါင်းနေထိုင်လျှက် ရှိကြောင်း သိရသည်။ နှစ်ဘက်စလုံး မှ မီးဘေးဒုက္ခ ရောက်သူ များအတွက် သက်ဆိုင်ရာ အာဏာပိုင်များ အနေဖြင့် စားဝတ်နေရေး စီစဉ်ပေးမှု မရှိသေးကြောင်း လည်း ဒေသခံများ က ပြောသည်။
မြောက်ဦးမြို့နယ်အတွင်း ယမန်နေ့က  ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအကြား စစ်တပ်၏ ပစ်ခတ်မှုကြောင့် လူ ၂ ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာ ရရှိကြောင်း မြောက်ဦးမြို့နာရေး ကူညီမှု အသင်းက ပြောကြားသော်လည်း ပြည်နယ် အစိုးရ ပြန်ကြားရေးအဖွဲ့ ၀င် ဦးမျိုး သန့် က မူ စစ်တပ်မှ ပစ်ခတ်မှု မရှိကြောင်း၊ အခြေအနေများ ထိန်းသိမ်းနိုင်ရန်အတွက် ခြောက်လှန့် ပစ်ခတ်သည့် သဘောသာ ရှိကြောင်း ဧရာဝတီ ကိုပြော သည်။
မင်းပြားမြို့မှ စတင်ခဲ့သော ပဋိပက္ခသည် မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ မြို့များသို့ ပြန့်နှံနေပြီး ယနေ့ နံက်တွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော် အရပ်တွင်လည်း မီးရှို့ရန် ကြံစည်ခဲ့သော်လည်း  စစ်တပ်က ထိန်းသိမ်း နိုင်လိုက်ကြောင်း သိရသည်။
ရခိုင်ဒေသတွင်း ကြီးထွားလာသည့် ပဋိပက္ခများ၊ အကြမ်းဖက်မှုများ ကြောင့် စစ်တပ်နှင့် လုံထိန်း တပ်ဖွဲ့ဝင်များ အင်အားတိုးချပေးနေကာ အခြေအနေပေါ် မူတည်၍ ဥပဒေအရ လုပ်ဆောင်သွားရန် စစ်တပ်ကို တာဝန်ပေးထားကြောင်း ပြည်နယ် အစိုး ရ အဖွဲ့က ဆိုထားသည်။
မောင်တော၊ ဘူးသီးတောင် ဒေသတို့တွင် လုံခြုံရေး တင်းကြပ်ထားသောကြောင့် အခြေအနေကို ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။
ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်တို့အကြား ပဋိပက္ခဖြစ်ပွားမှုသည် ဇွန်လဆန်းမှ စတင် ဖြစ် ပွားခဲ့ပြီး ယနေ့အထိ တည်ငြိမ်မှု လုံးဝ မရှိသေးပေ။ ထိုပဋိပက္ခများကြောင့် တဘက်နှင့်တဘက် ယုံကြည်မှု နည်းပါး နေ ဆဲဖြစ်ကာ  မွတ်စလင်များနှင့်အတူ နေထိုင်ရန် မဖြစ်နိုင်တော့ကြောင်း၊ ထို့ကြောင့် ၎င်းတို့ကို သီးသန့် နေရာချထားပေးရန် တောင်းဆို မှုများကိုလည်း ဒေသခံများ က တောင်းဆိုမှုများ ရှိနေသည်။
ဇွန်လတွင် စတင်ခဲ့သော ရခိုင်ဒေသတွင်း ထိုပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း မွတ်စလင်နိုင်ငံ ၅၇ ခု ပူးပေါင်းဖွဲ့စည်းထား သည့် အစ္စလမ်မစ် ပူးပေါင်း ဆောင်ရွက် ရေး အဖွဲ့ (OIC) ကို စစ်တွေမြို့နှင့်ရန်ကုန်မြို့တို့တွင့် ဖွင့်လှစ်ရန် အစိုးရနှင့်သဘော တူထား ခြင်းကို မြန်မာတနိုင်ငံ လုံးနီးပါး ၌ ကန့်ကွက်နေကြသည်။
OIC ရုံးဖွင့်လှစ်ရေး ကိစ္စကို ရခိုင်ပြည်တွင်သာမက ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများနှင့်မြန်မာနိုင် အနှံ့ကန့်ကွက် ဆန္ဒပြမှု များ ထွက်ပေါ်ပြီး မကြာခင်ရက်ပိုင်း၌ပင် ရခိုင်ပြည်တွင်း ဆူပူမှုများ၊ အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
OIC ရုံးဖွင့်မည့် ကိစ္စသည် ပြည်သူ့ ဆန္ဒမပါသည့်အတွက် ဖွင့်ခွင့်ပေးမည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ပြည်တွင်း မီဒီယာများ တွေ့ဆုံစဉ် ပြောဆိုထားပြီး ရခိုင်ဒေသတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများ ဖြေရှင်းရန် အချိန်ယူ၍ ဆောင်ရွက်ရမည် ဖြစ်ပြီး အတူယှဉ်တွဲ နေထိုင်နိုင်ရေး အတွက် လုပ်ဆောင်သွားမည် ဟု လည်း ပြော ဆိုသည်။

ရခိုင်ပြည်နယ်ဆူပူမှု ကျောက်ဖြူနဲ့မြေပုံကို ကူးစက်


ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြားနဲ့ မြောက်ဦးမြို့နယ်က  စတင်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက် တာတွေဟာ ကျောက်ဖြူနဲ့ မြေပုံမြို့တွေအထိ မနေ့ညပိုင်း ကူးစက်သွားခဲ့ပြီး ဒီကနေ့ နေ့ခင်းပိုင်းမှာထိ အဓိကရုဏ်းတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။ တနင်္ဂနွေနေ့က အကြမ်းဖက်မှုတွေ စတင်ခဲ့တဲ့ မင်းပြားနဲ့ မြောက်ဦးမြို့နယ်ဘက်တွေမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေက အခြေအနေတွေကို ထိန်း သိမ်းနိုင်တဲ့ အနေအထားရှိပေမဲ့ ကျောက်ဖြူနဲ့ မြေပုံဘက်မှာတော့ ထိန်းသိမ်းနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။ ဒီရက်ပိုင်းတွင်း ပြန်လည်ဖြစ်ပွားခဲ့တဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂလီလို့ အစိုးရကခေါ်တဲ့ အစ္စလာမ် ဘာသာဝင်တွေအကြား အကြမ်းဖက် တိုက်ခိုက်တာတွေဟာ မနေ့ညဦးပိုင်းက ကျောက်ဖြူ နဲ့ မြေပုံမြို့တွေဘက်ကို ပျံ့နှံလာခဲ့တာဖြစ်ပါတယ်။ အစိုးရကတော့ အရင်ရက်က မင်းပြားနဲ့ မြောက်ဦးမြို့နယ်အတွင်း အကြမ်းဖက်မှုမှာ မင်းပြားမြို့နယ် က ကျေးရွာခြောက်ရွာမှာ အိမ်ခြေ ၅၃၁ လုံး၊ မြောက်ဦးမြို့နယ်က ကျေးရွာ နှစ်ရွာမှာ အိမ်ခြေ ၅၀၈ လုံး၊ စုစုပေါင်း ၁,၀၃၉ လုံး မီးလောင်ခဲ့ကြောင်းနဲ့ ဖြစ်စဉ်အတွင်းမှာ အမျိုးသားတဦး၊ အမျိုးသမီး တဦး သေဆုံးကြောင်း အမျိုးသား ၈ ဦး ဒဏ်ရာရကြောင်း ဒီနေ့ထုတ်နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြပါ တယ်။

စစ်တွေတွင် ကျောင်းသားများ ဆန္ဒပြ


ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရခိုင်ပြည် ကျောင်းသား သမဂ္ဂမှ ဦးဆောင်ပြီး မနေ့က နံနက်ပိုင်းက ဆိုင်းဘုတ်များဖြင့် စီတန်းလှည့် လည်၍ ဆန္ဒပြကြောင်း သိရသည်။ ကျောင်းသား ကျောင်းသူ ၁၀၀၀ ကျော် ပါဝင်သော ယင်းဆန္ဒပြပွဲ၌ ရခိုင်ပြည်နယ် တက္ကသိုလ် ကောလိပ် အသီးသီးနှင့်ပတ်သက်ပြီး တောင်းဆိုချက်များ၊ ကျောင်းသား ကျောင်းသူများအတွက် လုံခြုံရေးဆိုင်ရာ တောင်းဆိုမှုများ၊ ကျောင်း ဖယ်ရီ နှုန်းထား ဈေးနှုန်း သက်သာရေး တောင်းဆိုမှုများ ပါဝင်သော တောင်းဆိုချက် ၅ ချက်ကို တောင်းဆိုကြသည် ဟု နိရဉ္ဇရာ သတင်းဌာနက ဖော်ပြထားသည်။ ဆန္ဒပြ ချိန်အတွင်း လုံခြုံရေးများ ချထားသော်လည်း တစုံတရာ အနှောင့်အယှက် မရှိ ကြောင်း သိရသည်။

မင်းပြားနှင့် မြောက်ဦး ပဋိပက္ခ ၂ ဦးသေ၊ ၈ ဦး ဒဏ်ရာရ


ရခိုင်ပြည်နယ် မင်းပြား နှင့် မြောက်ဦး မြို့နယ်အတွင်း ဖြစ်ပွားသည့် အကြမ်းဖက်မှုများကြောင့် ၂ ဦးသေဆုံး၍ ၈ ဦး ဒဏ်ရရှိ ကြောင်း အစိုးရ သတင်းစာများက ဖော်ပြသည်။ ယင်းအကြမ်းဖက် မီးရှို့မှုများကြောင့် မင်းပြား မြို့နယ်ရှိ ကျေးရွာ ၆ ရွာ ၊ အိမ်ခြေ ၅၃၁ အိမ်၊ မြောက်ဦးမြို့နယ်တွင် ကျေးရွာ ၂ ရွာ အိမ်ခြေ ၅၀၈ အိမ် စုစုပေါင်း အိမ် ၁၀၃၉ အိမ် မီးလောင် ဆုံးရှုံးခဲ့သည်ဟုလည်း ပါရှိသည်။ အောက်တိုဘာ ၂၁ ရက်မှ ၂၃ ရက်အထိ မင်းပြား နှင့် မြောက်ဦးမြို့နယ်များအတွင်း ရခိုင်တိုင်းရင်းသားများ နှင့် မွတ် စလင် များ အပြန်အလှန် အကြမ်းဖက် မီးရှို့များ ဖြစ်ပွားခဲ့သည်။ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်းလည်း သိရ သည်။




အောက်တိုဘာလ ၂၁ ရက်နေ့မှ စတင်ခဲ့သော မင်းပြားနှင့် မြောက်ဦးတို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများရှိနေပြီး ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်များကြောင့်  လက်ရှိတွင် ရွာခြောက်ရွာမှ တဲအိမ် ၆၆၀ မီးလောင်ကျွမ်းခဲ့ပြီး သေဆုံးသူငါးဦးနှင့် ဒဏ်ရာရသူ ၁၁ ဦး ရှိပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အစောပိုင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။
မြောက်ဦးမြို့နယ်တွင် ယိုင်သည်ကျေးရွာနှင့် ပုရိန်ကျေးရွာ၊ မင်းပြားမြို့နယ်တွင် ပိုက်သည်၊ စမ်းပလေ၊ အောင်ဒိုင်၊ သရက်အုပ်ကျေးရွာများမှ တဲအိမ် ၆၆၀ လုံးနှင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ ဗလီ နှစ်လုံးတို့ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူများတွင် ရခိုင်တိုင်းရင်းသား သုံးဦး၊ ဘင်္ဂါလီအမျိုးသမီး နှစ်ဦးတို့ဖြစ်ကြောင်းနှင့် ဒဏ်ရာရရှိသူများတွင် မြောက်ဦးဆေးရုံတွင်ငါးဦး၊ စစ်တွေဆေးရုံတွင် ခြောက်ဦး စုစုပေါင်း ၁၁ ဦး ရှိပြီဖြစ်ကြောင်း၊ နယ်မြေခံ စစ်တပ်မှ လုံခြုံရေးအတွက် တာဝန်ယူထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီဝင် ဦးမျိုးသန့်က ပြောပါသည်။
မင်းပြားမြို့နယ် ပိုက်သည်ကျေးရွာတွင် တဲအိမ် ၁၇ လုံး၊ သရက်အုပ်ကျေးရွာတွင် မြေစိုက်တဲအိမ် ၁၅၀ နှင့် သွပ်မိုးပျဉ်ကာ အိမ် ၁၀ လုံးခန့်၊ စမ်းပလေကျေးရွာတွင် တဲအိမ် ၁၀၀၊ ဗလီ တစ်လုံး၊ အာရဗီစာသင်ကျောင်း တစ်ကျောင်း၊ အောင်ဒိုင်ကျေးရွာတွင် တဲအိမ် ၂၀၀ ခန့်၊ မြောက်ဦးမြို့နယ် ယိုင်သည်ကျေးရွာတွင် တဲအိမ် ၅၀၊ ဗလီ တစ်လုံး၊ ပုရိန်ကုန်းကျေးရွာတွင် တဲအိမ် ၁၄၃ လုံးနှင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း မီးလောင်ကျွမ်းခဲ့ကြောင်းနှင့် လက်ရှိတွင် ဒေသလုံခြုံရေးအတွက်လည်း ခမရ ၅၄၀ နှင့် ၃၇၄ တို့တာ ၀န်ယူထားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားခဲ့သည်။
 ရခိုင်ပြည်နယ် မင်းပြားမြို့နှင့် မြောက်ဦးမြို့တို့တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ အား အောက်တိုဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်ပြီး ည ၇ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရခြင်းဖြစ်ကြောင်း သိရသည်။
မင်းပြားမြို့တွင် အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၁၁ နာရီခန့်တွင် မင်းပြားမြို့ ပိုက်သည်ရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၇ နာရီ အချိန်တွင် သရက်အုပ်ကျေးရွာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မြောက်ဦးမြို့နယ် ပရိန်ကျေးရွာတွင်လည်း မီးလောင်မှုများ ထပ်မံဖြစ်ပွားခဲ့သည်။ သေဆုံးသူများမှာ ဦးအောင်မိုး အသက်(၃၈)နှစ်၊ ဘီလူးရွာ၊ ကိုမောင်ဌေးဝင်း အသက် (၂၁)နှစ်၊ ပန်းမြောင်းကျေးရွာနှင့် ဦးမောင်ဘုချေ အသက်(၄၀)နှစ်၊ မြင်းခုန်တန်းကျေးရွာတို့ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ဒဏ်ရာရသူများမှာ ရှစ်ဦးရှိခဲ့ကြောင်းနှင့် ၎င်းတို့အနက် မြောက်ဦးဆေးရုံတွင် ငါးဦး၊ စစ်တွေဆေးရုံတွင်သုံးဦး ဆေးကုသခံလျက်ရှိသည်။ စစ်တွေဆေးရုံသို့ ရောက်ရှိနေသူများမှာ မြင့်ခိုင်အောင် (၄၀နှစ်) ပန်းမြောင်း၊ ညာခြေထောက်၊ လှံဒဏ်ရာ၊ ပန်းမြောင်းကျေးရွာ၊ မောင်ထွီးစိန် (၂၅ နှစ်) ၀ဲဘက်ဗိုက်မှ ကျောသို့ပေါက်ထွက်သည့် လှံဒဏ်ရာ၊ ကျောင်းတောင်ရွာနှင့် မောင်မောင်ခိုင်(၃၀နှစ်) ဓါးဒဏ်ရာ၊ မောင်သာကုန်းရွာတို့ဖြစ်ကြောင်း သိရသည်။ မင်းပြားမြို့နယ် အောင်ဒိုင်ကျေးရွာ၊ စန်းပတီးကျေးရွာ တို့တွင်လည်း မီးလောင်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
အောက်တိုဘာလ ၂၃ ရက်နေ့ ညနေပိုင်းတွင်ရရှိသော သတင်းအရ မြောက်ဦးဆေးရုံတွင် ဒဏ်ရာရသူသုံး ဦးရောက်ရှိနေပြီဖြစ်ပြီး မြောင်းဘွေ ဆေးရုံတွင် တစ်ဦးရောက်ရှိနေကြောင်း သိရသည်။ မြောက်ဦးဆေးရုံတွင် ရောက်ရှိနေသူများမှာ မြောက်ဦးမြို့နယ်၊ ကျေးပင်လယ်ကျေးရွာနေ အောင်လင်း(၁၈နှစ်) ခြေသလုံး သေနတ်ဒဏ်ရာ၊ မြောက်ဦးမြို့နယ်၊ ကမ္ဘလေကျေးရွာနေ ကိုညီဝင်း(၂၈ နှစ်) ဦးခေါင်း သေနတ်ဒဏ်ရာ၊ မြောက်ဦးမြို့ ဆင်ချဆိပ်ရပ်ကွက်သစ်နေ ကိုမောင်စိုးညွန့်(၄၂နှစ်) ကျောကုန်းမီးလောင် ဒဏ်ရာတို့ဖြစ်ပြီး အောင်လင်းနှင့် ကိုညီဝင်းတို့မှာ ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံသို့ ပို့ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ အလားတူ မြောင်းဘွေဆေးရုံတွင် မြောက်ဦးမြို့နယ်၊ အထုပ်သည်မကျေးရွာနေ မောင်သန်းချေ (၂၁ နှစ်) ခြေထောက်သေနတ် ထိမှန်ဒဏ်ရာဖြင့် ရောက်ရှိပြီး ၎င်းအား ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံသို့ ပို့ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ သေဆုံးခဲ့သူများမှာ မင်းပြားဆေးရုံသို့ ရောက်ရှိလာသည့် ရှင်ရှည်ကျေးရွာမှ ဦးမောင်ထွီးနှင့် ဆင်ဖြူဒင်ရွာသားတစ်ဦး (အမည်မသိ) တို့ဖြစ်ကြောင်း သိရသည်။
မီးလောင်မှုများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ထုတ်ပြန်ချက်တွင် အောက်တိုဘာ ၂၂ ရက်နေ့ နံက် ၈ နာရီခန့်တွင် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာအုပ်စု၊ သရက်အုပ် မူဆင်ရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသဖြင့် မင်းပြားရဲစခန်းမှူးနှင့် ခမရ ၅၄၀ မှ တာဝန်ရှိ တပ်ဖွဲ့ဝင်များ ရောက်ရှိသွားခဲ့ကြောင်း၊ ထိုအချိန်တွင် မြေစိုက်၊ ဓနိမိုး၊ ထရံကာ တဲအလုံး ၂၀ ခန့် မီးလောင်နေ သည်ကို တွေ့ရကြောင်း သိရပြီး  လုံခြုံရေးအဖွဲ့များက သေနတ် ၁၅ ချက် မိုးပေါ်ထောင် ပစ်ဖောက်ခဲ့ပြီး လူစုခွဲခဲ့ရ ကြောင်း၊ နံနက်  ၉ နာရီခန့်တွင် မီးငြိမ်းခဲ့သော်လည်း မြေစိုက်တဲအိမ် ၁၅၀ နှင့် သွပ်မိုးပျဉ်ကာအိမ် ၁၀ လုံး ခန့် မီးလောင်ကျွမ်းခဲ့ရကြောင်း သိရသည်။
ယင်းနေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ပရိန်ကုန်း ဘင်္ဂလီရွာတွင် မီးလောင်နေကြောင်း သတင်းရရှိသဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူး စစ်တွေနှင့်အဖွဲ့ သွားရောက် ထိန်းသိမ်းဆောင်ရွက်ခဲ့ပြီး ဖြစ်စဉ်မှာ သရက်အုပ် ဘင်္ဂါလီရွာမီးလောင်မှု ဖြစ်စဉ်အပေါ် ပရိန်ကုန်း ဘင်္ဂါလီရွာတွင်နေသော ဘင်္ဂါလီများမှ မခံမရပ်နိုင်ဖြစ်ပြီး ၎င်းတို့၏ တဲအိမ်များအား မီးရှို့ပြီး ထွက်ပြေးခဲ့ကြကြောင်း သိရသည်။ ထိုမီးကြောင့် ရခိုင်ရွာတွင်ရှိသော ပရိန်ကုန်းရခိုင်ရွာတွင်ရှိသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းသို့ ကူးစက်သည့်အတွက် ရခိုင်နှင့် ဘင်္ဂါလီ အပြန်အလှန် မီးရှို့မှုများ ထပ်မံဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် တဲအိမ် ၁၄၃ လုံး မီးလောင်ကျွမ်းခဲ့ပြီး ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် မီးညွန့်ကျိုးသွားကြောင်း သိရသည်။  ပရိန်ကုန်းရွာအပြင်ဘက် လယ်ကွင်းတွင် ဒဏ်ရာဖြင့် သေဆုံးနေသော ရခိုင်အမျိုးသားတစ်ဦးကို တွေ့ရပြီး ရွာအတွင်း၌ ဘင်္ဂါလီ အမျိုးသမီးနှစ်ဦး သေဆုံးနေသည်ကို တွေ့ရကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာလ ၂၁ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ် အချိန်မှစတင်ပြီး မင်းပြားမြို့နယ်အတွင်း နေထိုင်ကြသည့် ကျေးရွာအချို့မှ လူနေအိမ်များအား မီးရှို့ဖျက် ဆီးမှုများ စတင်ပြုလုပ်ခဲ့ရာမှ မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်များတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ကြပြီး အောက်တို ဘာလ ၂၂ ရက်နှင့် ၂၃ ရက်နေ့အထိ ဆူပူအကြမ်းဖက် မီးရှို့မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်များကြောင့် မင်းပြားမြို့နယ်ရှိ ကျေးရွာခြောက်ရွာ၊ အိမ်ခြေ ၅၃၁ လုံး၊ မြောက်ဦးမြို့နယ်ရှိ ကျေးရွာနှစ်ရွာ၊ အိမ်ခြေ ၅၀၈ လုံး စုစုပေါင်း အိမ်ခြေ ၁၀၃၉ မီးလောင်ဆုံးရှုံးခဲ့ကာ ယင်းဖြစ်စဉ်များတွင် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး ပဋိပက္ခများ ထပ်မံမဖြစ်ပွားအောင် တားဆီးရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြန်လည်တည်ငြိမ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများအား ဆောင်ရွက်ရန်အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဒေသတွင်း တာဝန်ရှိသူများမှ တရားဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည် ဟု ပြန်ကြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
မြောက်ဦးမြို့သည် ကမ္ဘာလှည့် ခရီးသွားနိုင်ငံခြားသားများ ခရီးသွားလာခွင့် မပြုရန် ကန့်သတ်ချက် အား အောက်တိုဘာလ အစောပိုင်းက နိုင်ငံတော်က ဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                          http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment