26/07/2011


ဝဋ်မှာအမြဲ ငရဲမှာအပ ဆိုတဲ့ ဆောင်းပါးကိုရေးလိုက်တာ ရက်တောင်မလည်ရသေး၊ ကစထမှူး ဗိုလ်ချုပ်တင်ငွေ အနားပေးခံရ ဆိုတဲ့ သတင်းက တိန်ကနဲ တက်လာပြန်လေပြီ၊ လျောပြန်ပီပေါ့တစ်ကောင်၊ ဒီလူနဲ့ ဒီမူတွေ၊ ဒီပုတ်ထဲက ဒီပဲတွေ၊ဒီရေနဲ့ ဒီလှေမို့ အထူးအဆန်းတော့မဟုတ်တော့ပါဘူး။ ပြောနေကျစကားနဲ့ပြောရရင်တော့ တစ်ကောင်တော့လျောပြန်ပီပေါ့………၊
သတိမမူဂူမမြင် ဆိုသည့်စကားအတိုင်း အာဏာလက်ဝယ်ရှိချိန်လေးမှာ မိုးမမြင် လေမမြင်နဲ့ ထင်တိုင်းကြဲ၊အာဏာကိုသာ မဲချင်တိုင်းမဲခဲ့ကြသူတွေအတွက် နောက်ဆုံးတော့ ဒီလမ်းစဉ်ကိုပဲ လိုက်ခဲ့ကြသူတွေမနဲတော့ပါဘူး။ ၀မ်းနဲမည့်သူတွေကတော့ ကာယကံရှင်တွေကလွဲလို့ အခြားသူတွေ ဘယ်သူမှမရှိနိုင်ပါဘူး။ ပြည်သူတွေကျွေးတဲ့ ထမင်းကိုစားပီး ပြည်သူတွေကို ဒုက္ခပေးခဲ့သူတွေအတွက် ပြည်သူ့ကိုယ်စား ဒုက္ခတွေ တစ်လှည့်ခံပေဦးပေါ့ မောင်တင်ငွေရေ။
ကျန်ရှိနေသေးတဲ့ အာဏာရှင်ပေါက်ကလေးများ သတိပြုကြပေါ့၊ အချိန်မလွန်ခင် ပြည်သူ့ဖက်တော်သားအဖြစ် မိမိကိုယ်ကိုယ် သတ္တိရှိရှိ ကူးပြောင်းရဲကြမယ်ဆိုရင် ၀ဋ်မှာအမြဲ ငရဲမှာအပဆိုတဲ့ ကြိုးကွင်စွတ်ခြင်းဘ၀ကနေ လွတ်ကင်းနိုင်ကြပါလိမ့်မည်။
အာဏာဆိုတာ ရေဗွက်ပမာ ခဏတာမို့ ပြောင်းလဲဖြစ်ပျက်၊ လောကထက်ဝယ်၊ သင်မောင်စစ်သား ဘယ်လမ်းသွားမလဲ???. ရလာလူ့ဘ၀ ထိုခဏ၀ယ် ၊တိုင်းပြု ပြည်ကျိုး ရွက်သယ်ပိုးရင်း လူလုံးဘ၀ လှပဆင်မြန်း တင့်နှယ်ပန်းသို့……
အာဏာကို အလွဲသုံးစားပြုလုပ်ခဲ့သူမှန်သမျှ နောက်ဆုံးလိုက်ခဲ့ရသည့် လမ်းသည် ငရဲလမ်း၊ငရဲလမ်းဟူသည် ပန်းခင်းလမ်းမဟုတ်၊ ထိုလမ်းလမ်းစဉ်မှန်သမျှကို မိမိကိုယ်တိုင် ရွေးချယ်ဖောက်လုပ်ခဲ့ကြသူများသာဖြစ်သည်။ ကိုယ်ဖောက်သည့်လမ်းကို ကိုယ်ကိုယ်တိုင်လျှောက်ကြရမည်။ သမိုင်းသက်သေ သာဓကများကို နှလုံးသွင်း သတိပြုပြီး ပြုပြင်ပြောင်းလဲရေးကို အမြန်ဆုံး အကောင်ထည်ဖော်ဆောင်ရွက်ကြရမည့်အချိန်သို့ရောက်ရှိနေပြီဆိုတာကို လွင်ပြင်အဖွဲ့သားများမှ ဒုတိယအကြိမ် သတိပေး နှိုးဆော် တိုက်တွန်းလိုက်ရပေသည်။


လွင်ပြင်အဖွဲ့သားများ

0 comments:

Post a Comment