28/07/2011

မိန်းကလေးငယ် ရေထဲ မျောပါသွားသည့် နေရာကို တွေ့ရစဉ်
မိန်းကလေးငယ် ရေထဲမျောပါသွားသည်ကို ရေမြောင်း တစ်နေရာတွင် ရှာဖွေနေစဉ်
ဗဟန်းမြို့နယ်တွင် ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်း မိုးသည်းနေစဉ် လေးတန်းကျောင်းသူတစ်ဦး ရေမြောင်းအတွင်း ပြုတ်ကျ သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ဖြစ်ရပ်သည် ဗဟန်းမြို့၊ ကြားတောရလမ်းရှိ ဦးအရိယ ကျောင်းတိုက်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ရေထဲ မျောပါသွားသည့် ကလေးငယ်မှာ အသက် ၁၀ နှစ် အရွယ် မိန်းကလေး ဖြစ်သည်။

''ကောင်မလေး ရေထဲမျောပါသွားတာ မိုးအရမ်းသည်းနေတဲ့ ညနေပိုင်း ၄ နာရီကျော်ကျော်လောက်ကပါ။ မိဘတွေက လမ်းတစ်ဘက်ခြမ်းမှာ ထမင်းဆိုင်ဖွင့်ထားတာ ဆိုတော့ ဖြစ်နေချိန်မှာ ကလေးအနား မရှိကြဘူး။ ကျောင်းကပြန်လာချိန် ရေဆင်းကူးရင်း ဖြစ်တာလို့လည်း ပြောကြတယ်။ သူကျသွားတော့ မြောင်းက ရေစီး အရမ်းသန်နေပြီး မြောင်းရေ မပြောနဲ့ လမ်းပေါ်မှာတောင်မှ ရေတွေက ပေါင်လောက်ရှိနေတဲ့ အချိန် ဆိုတော့ မြင်တဲ့သူတွေ ရှိပေမယ့် အချိန်မီ ဆင်းဆည်လို့ မရခဲ့ဘူး''ဟု အခင်းဖြစ်ပွားရာအနီးတွင် ရှိနေခဲ့သူ အမျိုးသမီးတစ်ဦးက ဆိုပါသည်။

ကြားတောရလမ်းသည် သာမန် မိုးရွာချိန်၌ပင် ရေလျှံမှု ဖြစ်လေ့ရှိသည့်လမ်း ဖြစ်ပြီး မိုးသည်းချိန်များတွင် ရေစီးသန်ကာ မြောင်းပေါက်များ အတွင်းမှပင် ရေပွက်ထတတ်သည့်လမ်း ဖြစ်ကြောင်း သိရသည်။

''ကလေးပြုတ်ကျတယ် ဆိုတာ သိပြီးတော့ ဘေးနားက ယောကျာင်္းတွေက ဆင်းရှာကြတယ်။ ကလေး ပြုတ်ကျတဲ့ ဦးအရိယကျောင်းထဲမှာ၊ နောက်လမ်းတစ်ဘက်မှာရှိတဲ့ မြောင်းကြီးထဲမှာလည်း ကလေးကို တွေ့လိုက်တယ်ဆိုတဲ့သူတွေ ရှိတာကြောင့် မြောင်းတစ်လျှောက် လိုက်ရှာကြတယ်။ ဗဟန်း ၃ လမ်း မှတ်တိုင်ဘက်က ရေမြောင်းအပေါက်တွေထိ ရောက်တယ်။ မရှာနိုင်သေးတာဆိုလို့ ပြုတ်ကျတဲ့ မြောင်းဘက်နဲ့ လမ်းတစ်ဘက် မြောင်းကြားက လမ်းအောက်ပိုင်းပဲ ရှိတယ်။ ကလေး ပြုတ်ကျသွားတာက ၄ နာရီကျော်ကျော်လောက်က အခု ၆ နာရီခွဲကျော်တဲ့အထိ အလောင်းကို ရှာမတွေ့သေးပါဘူး'' ဟု မိန်းကလေးငယ်အား ရေမြောင်းများအတွင်း လိုက်လံရှာဖွေပေးသူ အမျိုးသားတစ်ဦးက ဆိုပါသည်။

အဆိုပါ ဖြစ်စဉ်မျိုးသည် ယင်းနေရာတစ်ဝိုက်တွင် လွန်ခဲ့သည့် ၅ နှစ်ဝန်းကျင်တွင် တစ်ကြိမ်၊ ၁၀ နှစ်ဝန်းကျင်ခန့်ကတစ်ကြိမ် ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။ လွန်ခဲ့သည့် ယင်းဖြစ်စဉ်များတွင် ရေမြောင်းအတွင်း မျောပါသွားခဲ့သူများမှာ ကလေး ငယ်များပင် ဖြစ်ပြီး သေဆုံးသည် အထိ ဖြစ်ခဲ့ကြောင်း ကြားတောရလမ်းတွင် နေထိုင်သူများထံမှ သိရသည်။

ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် ရေမြောင်းအတွင်း မျောပါသွားခဲ့သည့် မိန်းကလေးမှာ အသက် ၁၀ နှစ်အရွယ် ဖြစ်ပြီး အ.လ.က ၃ ဗဟန်းတွင် လေးတန်းတက်နေသည့် ကျောင်းသူတစ်ဦး ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်ပွားမှုတွင် ဗဟန်းရဲစခန်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ အသင်းဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများလည်း လာရောက်ကူညီ ရှာဖွေပေးခဲ့ကြောင်း သိရသည်။

ရေမြောင်းအတွင်း မျောပါသွားခဲ့သည့် မိန်းကလေးအလောင်းအား ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အရှေ့ဘက်ပေါက် ရေမြောင်းအတွင်း၌ ည ၈ နာရီဝန်းကျင်တွင် ပြန်လည် ရှာဖွေ ရရှိခဲ့ကြောင်း သိရသည်။



မှတ်ချက်။။။http://www.first-11.com/မှကူးယူဖော်ပြပေးသည်

0 comments:

Post a Comment