05/08/2011
စာရေးသူစာသင်တိုက်ကြီးတစ်ခုတွင် ပရိယတ္တိစာပေများကိုသင်ကြားစဉ်အခါက တာဝန်နှင့် ၀တ္တရား ဆိုသည့် စကားနှစ်လုံး၏ ခြားနားချက်ကိုတိုက်အုပ်ဆရာတော်ကြီးထံမှ ယခုကဲ့သို့ မှတ်သားခဲ့ဖူးသည်။ တာဝန် ဆိုသည်ကိုတာ နှင့် ၀န် ဟူ၍ နှစ်ပုဒ်ခွဲပြီးတာဆိုသည်မှာပေးအပ်သည့် အလုပ်တစ်ခုကိုလုပ်ကိုလုပ်ရမည်ဟူသည့် ကန့်သတ်ချက် သဘောမျိုးဖြစ်ပြီး၊ ၀န် ဆိုသည်မှာလုပ်ဆောင်ရမည့် အလုပ်ဖြစ်သည်။ ၀တ္တရား ဆိုသည်မှာမိမိလုပ်လိုသည့် ဆန္ဒမရှိလျှင် မလုပ်ပဲနေလို့ရသည့် သဘောဆောင်လေသည်။ ဆိုလိုသည်မှာအဖွဲ့စည်းတစ်ခုအတွင်းရာထူးနေရာပေးအပ်ခံထားရ၍ဖြစ်စေ၊ နည်းလမ်းတစ်မျိုးမျိုးဖြင့် မိမိကိုယ်တိုင်ကရာထူးနေရာရယူထား၍ဖြစ်စေယင်းအဖွဲ့အစည်းနှင့် မိမိပတ်ဝန်ကျင် တိုးတက်ကောင်းမွန်ရေးအတွက် ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ၊ ၀ါသနာပါသည်ဖြစ်စေမပါသည်ဖြစ်စေလုပ်ဆောင်ရမည့် တာဝန်ရှိပေသည်။ အကြောင်းမှာရာထူးနဲ့ တာဝန်ကို ရယူထားခြင်းကြောင့် ဖြစ်သည်။ ပါဠိစာပေများတွင် အာဂတော စ ဘာရော အ၀ဿံ ၀ဟိတဗ္ဗော၊ကျရောက်လာသည့် တာဝန်၊ ပေးအပ်လာသည့်တာဝန်ကို မုချထမ်းဆောင်ရမည် ဟုပါရှိသည်။ အကယ်၍ မထမ်းဆောင်လိုလျှင် သို့တည်းမဟုတ် မိမိ၏ ရပ်တည်ချက်များနှင့် မကိုက်ညီလျှင် တာဝန်ကို အစကတည်းမှ မယူရန်ပင်ဖြစ်သည်။ ဘုရားအလောင်းတော် တေမိမင်းသားလေးသည် ရှင်ဘုရင်မဖြစ်လိုသဖြင့် ဆယ်ခြောက်နှစ် ကာလပတ်လုံးဆွံ့အဟန်ဆောင်ကာနေခဲ့ပြီးနောက်ဆုံးတွင် တောထွက်သွားခဲ့သည်။
ပြီးခဲ့သည့် လအတွင်းကအမေရိကန်နိုင်ငံတွင် ရောက်ရှိနေကြသည့် နိုင်ငံတော် သံဃာ့မဟာနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးအပါအ၀င် အဖွဲ့ဝင် ဆရာတော်ကြီးများထံသို့ အမေရိကရောက် သံဃာ့အဖွဲ့အစည်းအချို့မှ တိုင်းပြည် အေးချမ်းသာယာရေး၊ တရားမ၀င် ဖမ်းဆီးချူပ်နှောင်ခြင်းခံထားကြရသည့် နိုင်ငံရေးအကျဉ်းသားများနှင့် ရဟန်းသံဃာတော်များလွတ်မြောက်စေရေးတို့အတွက် သက်ဆိုင်သူတို့အားမေတ္တာရပ်ခံပေးရေးပန်ကြားလွှာဆက်ကပ်ခဲ့ကြသည့် ကိစ္စများနှင့် ဆက်စပ်၍ အချို့ကလည်းလုပ်သင့်သည်၊ အချို့ကလည်းမလုပ်သင့်၊ အချို့များကြတော့လည်းသာသနာအတွက်ဖြစ်စေ၊ နိုင်ငံအတွက်ဖြစ်စေအားသန်ရာကိုသာလုပ်သင့်သည်၊ ၀ါသနာအလေ့အလာ နည်းတဲ့နေရာမှာလုပ်ဆောင်ဖို့ မတိုက်တွန်းသင့်၊ သမိုင်းပညာရှင်ကြီးဒေါက်တာသန်းထွန်းကို နိုင်ငံရေးပါတီထောင်ပြီးဒီမိုကရေစီရအောင် လှုပ်ရှားပေးရေးမေတ္တာရပ်ခံဖို့ မသင့်ပုံစသည် စသည်ဖြင့် အမျိုးမျိုးဝေဖန်ထောက်ပြကာပြောဆိုခဲ့ကြသည်။ မှန်ပါသည်၊ လူအမျိုးမျိုးကွဲပြားကြသလို ၀ါသနာအလေ့တွေကလည်း ကွဲပြားကြသည် မဟုတ်ပါလော။ ထိုကြောင့် သမိုင်းပညာရှင်ကြီးဒေါက်တာသန်းထွန်းအနေဖြင့် မိမိစိတ်မ၀င်စားသည့်၊ ၀ါသနာမပါသည့်၊ တနည်းအားဖြင့်ဆိုရသော် မိမိစိတ်အားမသန်သည့် ကိစ္စရပ်တွင် တာဝန်မယူခဲ့ခြင်း၊ အများကလည်းမဖြစ်မနေလုပ်ဆောင်ပေးပါရန် မတိုက်တွန်းခဲ့ကြခြင်းတို့သာ ဖြစ်ပေလိမ့်မည်။ ယင်းအတွက် မည်သို့မျှ စောဒကတက်နေဖွယ် မလိုအပ်ပေ။ သို့သော် ဗန်မော် ဆရာတော်ကြီးစသည့် သံဃာ့မဟာနာယကဆရာတော်ကြီးမျာသည် မြန်မာပြည် ရဟန်းသံဃာထုအတွင်း ဓမ္မ၀ိနယလမ်းကြောင်းများအတိုင်း ကျင့်ဆောင်စေနိုင်ရေး၊ သာသနာတော်ကြီးစည်ပင်ပြန့်ပွါးရေး၊ သာသနာနဲ့ သံဃာထုအပေါ် ကျရောက်လာမည့် အန္တရာယ်များကိုတားဆီးကာကွယ်ပေးရေးအစရှိသည်တို့အတွက် တာဝန် ပေးအပ်ထားခြင်းခံကြရသလို ထမ်းဆောင်၇န် တာဝန်ယူထားကြသူများဖြစ်သည်။ ဤနေရာတွင် တာဝန်မဟုတ်ပဲ ၀တ္တရားအရသာဖြစ်ခဲ့ပါလျှင် ဒေါက်တာသန်းထွန်းကို နိုင်ငံရေးပါတီထောင်ပြီးဒီမိုကရေစီရအောင် လှုပ်ရှားပေးရန် တိုက်တွန်းဖို့ မသင့်တော်သလိုဆရာတော်ကြီးများထံအမေရိကရောက် သံဃာ့အဖွဲ့အစည်းအချို့၏အစိုးရထံမေတ္တာရပ်ခံပေးရေးပန်ကြားလွှာဆက်ကပ်ခဲ့ကြသည့်ကိစ္စ မသင့်တော်ဟူသည့် အဆိုပြုလွှာကိုနားလည်ပေးကြရပေလိမ့်မည်။
မိမိကိုးကွယ်သည့် ဘာသာ၊ မိမိတို့ပေါက်ဖွားရာ နိုင်ငံဒေသတိုးတက်ကောင်းမွန်မှု စသည့် ကိစ္စရပ်များတွင် မိမိကိုလည်း တာဝန်ပေးအပ်မထား၊ မိမိကလည်း တာဝန်ယူမထားပါဟုဆိုကာ အရာရာကိုလျစ်လျူရှုမထားသင့်ကြပေ။ “တာဝန်သိသူမှာ တာဝန်ရှိသည်” မိမိတို့ဘာသာသာသနာနှင့် မွေးဖွားရာနိုင်ငံဒေသ၏ ကောင်းကျိုးအတွက် တစ်ဦးတစ်ယောက်ကမိမိကို တာဝန်ပေးအပ်ထားသည် မဟုတ်ခဲ့ရင်တောင် ဘာသာဝင်တိုင်း၊ နိုင်ငံသားတိုင်းတွင် ကိုယ်စီဝတ္တရားရှိကြပေသည်။ “အကတ္တဗ္ဗံကရဏံ ၀ိယ၊ ကတ္တဗ္ဗာကရဏံဒေါသောဟောတိ”မပြုလုပ်သင့်သည်ကိုလုပ်ဆောင်မိခြင်းကြောင့်သာအပြစ်သင့်ရောက်နိုင်သည် မဟုတ်ပဲ၊ လုပ်သင့် လုပ်ထိုက်သည့် အရာကိုမလုပ်ဆောင်ခြင်းမှာလည်းအပြစ်ပင်ဖြသည်။ နာယကဂုဏ် ၆-ပါး၊ မင်းကျင့်တရား ၁၀-ပါး၊ သင်္ဂဟတရား ၄-ပါး၊ အပရိဟာနိယတရား ၇-ပါး၊ ရာဇဂုဏ် ၈-ပါး၊ သိင်္ဂါလောဝါဒသုတ်လာ ကျင့်ဝတ်များ စသည်တို့သည် အခွင့်အာဏာရှိသူတို့ အပါအ၀င် ပတ်ဝန်ကျင်နှင့် ဆက်စပ်နေကြသူအားလုံးအတွက် ကျင့်သုံးလိုက်နာရမည့် ၀တ္တရားကျင့်ဝတ်များဖြစ်သည်။ ယင်းတို့သည် ကျူးလွန်မိ၍ ကုစားရမည့် ပြစ်မှုမျိုးမဟုတ်ပဲ ၀တ္တရားရှိသူတို့ ယင်းဝတ္တရားများကို လိုက်နာရန် ပျက်ကွက်မှုကြောင့် တွေ့ကြုံခံစားရမည့် နောက်ဆက်တွဲမကောင်းကျိုးမကောင်းပြစ်များဖြစ်သည်။
သာသနာတော်နှစ်-၅၀၀ ကျော်မှစ၍ ဗုဒ္ဓပွင့်တော်မူရာ၊ ဗုဒ္ဓဘာသာပေါ်ထွန်းရာအိန္ဒိယမြေပေါ်တွင် ရဟန်းကောင်းများရှားပါးလာနေပြီးယင်းမြေပေါ်မှ ဗုဒ္ဓသာသနာတော်ကြီးပျက်သုဉ်းစပြုနေခဲ့ပြီဖြစ်သည်။ အခြေခံအကြောင်းရင်းမှာရဟန်းသံဃာတော်များအတွင်းမိမိတို့တရားကိုသာမိမိတို့ဘာသာကျင့်ပြီးအရာရာကိုလျစ်လျူရှုထားတတ်သည့် အားနည်းချက်နှင့် ယင်းအချိန်ကမိစ္ဆာဒိဋ္ဌိအာဏာပိုင်များနှင့် အလိုက်သင့် ပေါင်းသင်းကာမိမိတို့ လုပ်ချင်ရာလုပ်ခွင့်ရ ရဟန်းဆိုးတို့၏ ကြီးထွားလာမှုတို့ကြောင့်ဖြစ်သည်။ လူ၏စိတ်သည် မကောင်းမှု၌မွေ့လျော်တတ်သည် အားလျော်စွာရဟန်းကောင်းတို့ဖက်မှ လူပြိန်းအများစုကိုအချိန်မှီဆွဲဆောင် စည်းရုံးနိုင်ရေးမှာလွယ်ကူသည့်အရာမဟုတ်ပေ။ ထို့အပြင် အရာရာကိုလျစ်လျူရှုမှု လွန်ကဲခြင်း၏ ရလာဒ်အားဖြင့် ဗုဒ္ဓ၀ါဒသည် အိန္ဒိယနိုင်ငံတွင် လူမှုရေးယဉ်ကျေးမှုအဖြစ်သို့ ရောက်ရှိအောင် မထိုးဖောက်နိုင်ခဲ့ချေ။ ကိုယ်ပိုင်ယဉ်ကျေးမှုဖြင့် လူအများကိုထိမ်းမထားနိုင်ခြင်း၊ လွန်းမိုး၍မထားနိုင်ခြင်းသည် ဘာသာအယူဝါဒတစ်ခု လူမျိုးတစ်မျိုး၏ ပျောက်ကွယ်ရခြင်း၏ အခြေခံအကြောင်းရင်းတစ်ရပ်ပင်ဖြစ်သည်။ ထို့ကြောင့် တာဝန်ရှိသူများက လုပ်ဆောင်ရမည့် တာဝန်ကို မလုပ်ဆောင်ကြပဲ တာဝန်မဲ့နေကြပါလျှင်၊ ၀တ္တရားရှိသူများကလည်း အရာရာကိုလျစ်လျူရှုပြီး ၀တ္တရားမဲ့နေကြပါလျှင် မြန်မာပြည်ဗုဒ္ဓသာသနာနှင့် ၄င်း၏ယဉ်ကျေးမှုသည် ရှေတန်းမရောက်ပဲမကြာမှီကာလအတွင်းတိမ်မြုတ် ပြောက်ကွယ်သွားပေလိမ့်မည်။
0 comments:
Post a Comment