06/08/2011



ခင်တဲ့ မကလျာရေ . . .
စာရေးလိုက်တယ်ဗျာ။ ကျွန်တော်လည်း ခရီးထွက်နေရတာရယ်၊ လက်တစ်ကမ်းမှာ အွန်လိုင်းတက်စရာ မလွယ်ကူတော့တာ တွေ ရယ်ကြောင့် အွန်လိုင်းတက်ချိန် ပါးရှားသွားရပြန်တယ်ဗျာ။ အွန်လိုင်းတက်ရပြန်တော့လည်း ကွန်နက်ရှင်တွေ နှေးကွေးလွန်းတာ ရယ်၊ ကျွန်တော်ကိုယ်တိုင်ကိုက ရေးနေကျ ဘလော့ဂ်တွေနဲ့ မျက်ခြေပြတ်သွားရပြန်တာကြောင့် မကလျာထံ ပေးစာတွေကို ကျွန်တော်ရဲ့ ဖေ့ဘွတ်စာမျက်နှာတွေပေါ်ကနေပဲ ဖော်ပြလိုက်ရတော့တယ်ဗျာ။ ကျွန်တ်ာကိုယ်တိုင်လည်း နယ်မြို့ကလေးတွေမှာ ဟိုနှယ်သည်နှယ် ကူးချည်သန်းချည်ဆိုတော့ တစ်ချိန်တုန်းက အွန်လိုင်းပေါ်မှာ ဘလော့ဂ်တွေက တစ်ဆင့် စာတွေရေးဖြစ်တဲ့ အချိန်တွေကို လွမ်းလိုက် တာဗျာ။
လူဆိုတာ ဘယ်အရပ် ဘယ်ဒေသကိုပဲ ရောက်ရောက် ကိုယ့်မွေးရပ်မြေကိုတော့ လွမ်းဆွတ်တမ်းတတတ်ကြချည်းပဲ မဟုတ် လား။ ကိုယ့်အရပ် ကိုယ့်မြေကလူတွေ ဘယ်လိုနေရှာကြမလဲလို့လည်း သိလည်းသိချင်ကြမှာပါပဲ။ ဒါကြောင့်လည်း ကျွန်တော်တို့ မွေးရပ်မြေက ဖြစ်ပျက်သမျှတွေကို အွန်လိုင်းထက်ကနေ မကလျာတို့လို ဝေးတမြေက အွန်လိုင်းမိတ်ဆွေတွေဆီ ပြောပြရေးပြ ဖြစ် သွားတာပါ။ အခုတလော ကျွန်တော်ရင်ထဲမယ် ခိုးလိုးခုလု ဖြစ်နေရတဲ့ ကိစ္စရပ်တွေထဲမယ် မြို့တော်ရန်ကုန်က ဇာတ်လမ်းတွေလည်းပါ ပေမပေါ့ဗျာ။
မကလျာရေ . . .
ကျွန်တော်တို့ အဆက်အသွယ် ပြတ်သွားတဲ့အချိန်မယ် အပြောင်းလဲတစ်ခုအနေနဲ့ ကျွန်တော်တို့ဆီမယ် အရပ်သားအစိုးရ သစ်တစ်ရပ် တက်လာတယ်။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒေသန္တရအစိုးရအဖွဲ့တွေ တစ်ပြိုင်နက်တည်း ပေါ်ထွန်းလာကြတယ်ဗျာ။ ပြည်နယ်နဲ့တိုင်းအသီးသီးက အစိုးရအသီးသီးဟာ သူ့နယ်သူ့မြေသူရေ တိုးတက်ရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ကြမှာဆိုတော့ ၀မ်း သာစရာ ကိစ္စတစ်ရပ်ပဲ မဟုတ်ပေဘူးလားဗျာ။ တိုင်းနဲ့ပြည်နယ်အသီးသီးရဲ့ ရေမြေသဘာဝ အနေအထားတွေ လူသားရင်းမြစ်တွေရဲ့ အခြေခံသဘာဝတွေ ကွာဟကြတဲ့အတွက် အစိုးရအသီးသီးရဲ့ စီမံခန့်ခွဲမှုတွေ၊ တိုးတက်ဖွံ့ဖြိုးမှုအတွက် ချည်းကပ်ပုံ ချည်းကပ် နည်း တွေကတော့ဖြင့် ကွာဟလို့သွားကြမှာပါ။ ဒါပေမယ့် အစိုးရအသီးသီးရဲ့ စီမံခန့်ခွဲမှုတွေဟာ ဘယ့်လောက်အတိုင်းအတာအထိ ပြည်သူ့ အကျိုးကို ဖြစ်ထွန်းစေမလဲ၊ ပြည်သူ့ဘ၀ကို ဘယ့်လောက်အထိ အာမခံချက်ပေးနိုင်မလဲ၊ ပြည်သူ့အသံကို ဘယ်အတိုင်းအတာထိ နားဆင်ပေးနိုင်မလဲဆိုတာသာ ပဓာနကျသွားတာပါ။
ရန်ကုန်ကို ဗဟိုပြု၍ . . .
မကလျာရေ . . .
လက်ရှိ လူဦးရေ ခြောက်သန်းခွဲလောက် နေထိုင်နေတဲ့ မြို့တော်ရန်ကုန်ဟာ ခုချိန်အထိ စီမံခန့်ခွဲမှုမှာရော၊ စီးပွားရေး အဆောက်အအုံတွေရဲ့ ဖွံ့ဖြိုးမှုအနေအထားမှာပါ နိုင်ငံတွင်းမှာ အဓိကကျနေဆဲ စံဖြစ်နေဆဲ မြို့တော်ကြီးတစ်ခုပါ။ ဒီမြို့တော်ကြီးရဲ့ စီမံခန့်ခွဲမှုဟာ နိုင်ငံရဲ့အခြားမြို့ကြီးတွေအထိ ထိရောက်ပျံ့နှံ့သွားတတ်တာမို့ စိတ်ဝင်စားစရာတော့ ကောင်းလှပါတယ်။ ရန်ကုန်မှာ တော့ ဘာလုပ်နေပြီ ဒီမှာဘယ်တော့စလုပ်တော့မှာ ဆိုတဲ့ သတင်းဂယက်မျိုးဟာ စီမံခန့်ခွဲသူတွေ သတိမထားလိုက်ခင်ကလေးမှာ အဲဒီမြို့ကြီးတွေမှာ ပျံ့နှံ့သွားတတ်တာမျိုးကို မကလျာလည်း မြန်မာနိုင်ငံမှာ နေခဲ့တုန်းက ကြုံခဲ့ကြားခဲ့ရ ဖူးမှာပါ။ ရန်ကုန်မှာ လမ်းဘေး ဈေးသည်တွေ ရှင်းနေပြီ မြို့ထဲမထားတော့ဘူးဆိုတာနဲ့ပဲ နယ်မြို့သေးသေးကွေးကွေးလေးက မြို့တော်ခမ်းမနားမယ် ကြာပန်းတွေ ခူးပြီး ရောင်းရရှာတဲ့ ရွာက ကလေးမလေးတွေ၊ ဘဏ်နား ကားဂိတ်နားမယ် ရေရောင်း ဆေးလိပ်၊ ကွမ်းယာရောင်းရရှာတွေ ကလေးတွေ လည်း ရွာပြန် အိပ်ရပါရော့လား။ ရန်ကုန်မြို့မယ် ဗွီစီဒီအခွေဆိုင်တွေ ဖမ်းတယ်ဆီးတယ် ဆိုတာနဲ့ နယ်မြို့သေးသေးကွေးကွေး လေးတွေက မဖြစ်ညစ်ကျယ် ဗွီစီဒီအခွေဆိုင်ရောင်းတဲ့ ကလေးတွေလည်း အလိုလိုနေရင်း ကိုယ်ဘာသာကိုယ် ရှာဖွေရင်းနှီးထားရတဲ့ အလုပ်လဲပြုတ် အရင်းလဲပြုတ်ဆိုတော့ အင်း . . . အရင်အတိုင်းပဲ ကောင်းပါတယ် လို့ ပြောရတော့မှာပေါ့နော်။
မကလျာရေ . . .
ရန်ကုန်မြို့တော်ရဲ့ လမ်းဘေးဈေးသည်နဲ့ စည်ပင်ရဲကိစ္စဟာ တကယ်တော့လည်း ထူးပြီးမဆန်းတော့တဲ့ ကိစ္စတစ်ရပ်ရယ် ပါ။ ပြောကြစို့ဆိုရင် ဟိုးလွန်ခဲ့တဲ့ ၁၉၇၉ လောက်ကတည်းက ဂဠုန်စီမံချက်ဆိုပြီးတော့ ရန်ကုန်စည်ပင်က လမ်းဘေးဈေးသည်တွေ ကို ဖမ်းဆီးဒဏ်ရိုက်တာတွေနဲ့ ပလက်ဖောင်းပေါ်မှာ စည်ပင်ရဲနဲ့ ဈေးသည်လိုက်တမ်းပြေးတမ်း ကစားခဲ့ကြတာ ကြာကြာလှပေါ့။ ဒါဖြင့်ရင် ဒီကိစ္စဟာ ခုကာလရောက်တော့ရော ပြီးသွားမှာလားဆိုရင်တော့ စဉ်းစားကာနေရဦးမယ် လို့ပြောလိုက်ချင်တာပါပဲ။ တကယ်တော့ မကလျာရေ ဘယ်အရာပဲဖြစ်ဖြစ် သဘာဝကျကျတွေးဆနိုင်ဖို့က လိုရင်းပဲ မဟုတ်ပေဘူးလားဗျာ။ လူတွေက ပလက် ဖောင်းပေါ်မှာ လမ်းလျှောက်သွားလာကြတယ်။ ဈေးသည်တွေကလည်း အဲဒီလူလျှောက်များတဲ့ ပလက်ဖောင်းတွေပေါ်မှာ ရောင်းမှ ရောင်းလို့ရပေမပေါ့ဗျာ။ လူမလျှောက်တဲ့ ရန်ကုန်ပြည်သူ့လွှတ်တော်ရှေ့ ပြည်လမ်းမကြီးဘေးက ပလက်ဖောင်းပေါ်မှာ နေရာချ ထားပေးရင် လမ်းဘေးဈေးသည်တွေ တော်တော်ပျော်သွားမှာပဲလို့ တွေးကြည့်ကြရအောင်လား။ လူတွေကလည်း အဲဒီနေရာအထိ လိုက်ဝယ်ကြမှာပဲလို့လည်း တွေးမိ တွေးရာ တွေးရင်ကော သဘာဝကျပါရဲ့လား။
လမ်းဘေးဈေးသည်တွေကို သူမြို့နယ်နဲ့သူ မှတ်ပုံတင်ပြီးမှ မြို့နယ်အလိုက်ဈေးရောင်းခွင့်ရရှိမယ်၊ လမ်းဘေးမှာ မီးသုံးစွဲ မယ်ဆိုရင် မီးသတ်ဥပဒေအရ အရေးယူခံရမယ်ဆိုတော့ လမ်းဘေးမှာဈေးရောင်းစားတာကောင်းတယ် ဈေးရောင်းတာ မကောင်းဘူးဆိုပြီး ဒါရိုက်တာ မောင်သီအတွက် စကားနပန်းခေါင်းစဉ်တစ်ခု ရသွားမှာ သေချာတယ်လို့ ပြောရမှာပါပဲ။ တကယ်တော့ ရန်ကုန်မြို့လယ်မှာ လူအစည်ဆုံးနေရာလို့ ပြောရရင် အနော်ရထာလမ်းမကြီးနဲ့ မဟာဗန္ဓုလလမ်းမကြီး နှစ်ခုပေါ်မှာပဲ များလှတာပါ။ ဗိုလ်ချုပ်လမ်းပေါ် လူဖြတ်သန်းမှုအနေအထားက ဗိုလ်ချုပ်ဈေးရှေ့လောက်ကနေ ဘူတာကြီးခုံးကျော်တံတားရှေ့လောက်တင်ပါပဲ။ ကုန်သည်လမ်းကတော့ လသာလမ်းလောက်ကနေ ဗိုလ်အောင်ကျော်လမ်းလောက်တင်ပါ။ ဒီအပေါ်မှာ လမ်းဘေးဈေးသည် သိပ်များလှတာ မဟုတ်သလို ပလက် ဖောင်းတွေကလည်း မဟာဗန္ဓုလလမ်းနဲ့ အနော်ရထာလမ်းထက်စာရင် ကျယ်ကျယ်ဝန်းဝန်းရှိလှပါတယ်။ ညနေရုံးဆင်းချိန်ဆိုရင် ကုန် သည်လမ်းမပေါ်မှာ ပန်းဆိုးတန်းလောက်၊ ဘဏ်(၃)နားလောက်ပဲ လူနဲ့ဈေးသည်နဲ့ ကားနဲ့ကျပ်တာ တွေ့ရမှာပါ။ ဗိုလ်ချုပ်လမ်းကတော့ ဗိုလ်ချုပ်ဈေးရှေ့၊ ဘူတာကြီးခုံးကျော်တံတားနားလောက်တင်ပါပဲ။ လမ်းဘေးဈေးသည်က ဗိုလ်ချုပ်လမ်းနဲ့ ကုန်သည်လမ်းပေါ်မှာ သိပ်မများလှပေမယ့် အနော်ရထာလမ်းနဲ့ မဟာဗန္ဓုလလမ်းပေါ်မှာတော့ တော်တော်များများကို ရှိပါတယ်။ ဒါလည်း သေချာစဉ်းစား ကြည့်မယ်ဆိုရင် ရန်ကုန်မြို့လယ် (၆) မြို့နယ်မှာ လသာ၊ ပန်းပဲတန်းနဲ့ ကျောက်တံတားလောက်သာ လမ်းဘေးဈေးသည်ရှိတာပါ။ မြို့နယ်အလိုက် မြို့နယ်တွင်းနေထိုင်သူတွေသာ မှတ်ပုံတင်ပြီးတော့ ရောင်းခွင့်ရမယ်ဆိုရင်တော့ လသာဘက်ကဈေးသည်တွေက အဆင် ပြေသွားမှာပါ။ လသာမြို့နယ်က လမ်းဘေးဈေးသည်တွေ အကုန်လုံးနီးပါးက လသာမြို့နယ်မှာပဲနေကြတာကိုး။ ဒါပေမယ့် အဲဒီဈေး သည်တွေ အကုန်လုံး မီးသတ်ဥပဒေအရ အရေးယူခံရမယ့် အနေအထား ဖြစ်နေပြန်တယ်ဗျ။ လသာမြို့နယ်က လမ်းဘေးဈေးဆိုင်တွေ အများစုက အစားအသောက်ရောင်းချကြတာကိုး။ သြော် . . . မီးသတ်ကလမ်းဘေးမှာ မီးသုံးစွဲရင် မီးသတ်ဥပဒေနဲ့ အရေးယူမယ် ဆိုတာကိုး။ သြော် . . . ဒီလိုဆိုတော့လည်း လသာမြို့နယ်ကလမ်းဘေးဈေးသည်တွေခမျာ စည်ပင်ကခွင့်ပြုသော်လည်း မီးသတ်က ခွင့်မပြုဘူးဆိုတဲ့ သဘောလို့ လက်ခံလိုက်ရမှာပဲ။ အေးလေ သူတို့ကိုသာ ပြောသာပြောရတယ် တလောကမှ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ စာပေနဲ့စာနယ်ဇင်းအဖွဲ့က ခွင့်ပြုလို့ဖွင့်လိုက်ကြရတဲ့ မီဒီယာကော်နာကြီးတွေတောင် စည်ပင်က ခွင့်မပြုတော့လို့ ပြန် ဖျက်ရတော့မယ်ဆိုတာကိုး။ အင်း ငယ်ငယ်က ကြားဖူးတဲ့ ဟာသတစ်ခုကို သတိရသွားမိပြန်ရော။ ဒီလိုလေ တစ်ခါက ရန်ကုန်ပြည် လမ်းမကြီးပေါ်မှာ အလယ်ကျွန်းလုပ်ပြီး ခရေပင်တွေ စိုက်ကြတယ်ဆိုပဲ။ စိုက်ပြီးတော်တော်ကြာမှ လမ်းချဲ့ဖို့လုပ်ကြတော့ ဘေးနံဘက် ကို ချဲ့မယ်ဆိုရင် အိမ်တွေဘာတွေ ဖျက်ရမှာဆိုတော့ အလယ်ကျွန်းပဲ ဖျက်လိုက်တာ ကောင်းပါတယ်ဆိုပြီး အလယ်ကျွန်းကို ပြန်ဖျက် လိုက်ကြတော့တာပါပဲ။ ဒါနဲ့ အဲဒီကိစ္စကို စီမံခန့်ခွဲတဲ့ ပုဂ္ဂိုလ်ကို သူအထက်က လူတွေက မေးမြန်းတယ်ဆိုပဲ။ လမ်းအလယ်ကျွန်းက သစ်ပင်တွေ ဘယ်လိုဖြစ်သွားလဲဆိုတော့ သစ်ပင်စိုက်တာက တစ်ဖွဲ့၊ ခုတ်သွားတာက တစ်ဖွဲ့လို့ ဖြေပါတယ်။ အခုလည်း စိုက်တာက တစ်ဖွဲ့ ခုတ်တာက တစ်ဖွဲ့ပဲ နေမှာပါ။
မကလျာရေ . . .
၂၀၀၉ ခုနှစ်လောက်က စည်ပင်သာယာကပဲ ကောက်ယူခဲ့တဲ့ စာရင်းတွေအရတော့ ရန်ကုန်မြို့တော်မယ် မြို့လယ်ဧရိယာ တစ်ဝိုက်က လမ်းဘေးဈေးသည်အရေအတွက်ဟာ လေးသောင်းကျော်လောက်ရှိတယ်လို့သိရတယ်။ ဒီအထဲမယ် မြို့လယ်ဧရိယာပြင်ပ က လာရောက်ရောင်းချတဲ့ ဈေးသည်အရေအတွက်ဟာ သုံးပုံပုံနှစ်ပုံလောက်လို့ ဆိုပြန်တယ်ဗျ။ ဒီလူလေးသောင်းရဲ့နောက်ကွယ်မှာ မှီခိုနေရှာတဲ့ ပါးစပ်ပေါက်တွေကကော ဘယ့်လောက်တောင်မှ ရှိနိုင်မလဲ တွေးဆလို့ ရနိုင်ပါတယ်ဗျာ။ သူတို့ကို နေရာကျယ်ကျယ်မှာ ယာယီနေရာသတ်မှတ်ပြီး ရောင်းခွင့်ပေးမယ်လို့ ကြားပြန်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ် (၁၉၉၀) ၀န်းကျင်လောက်က အတည် တကျဈေးတွေကို အဆင့်မြှင့်တင်ဖို့ဆိုပြီး ဖျက်သိမ်းလိုက်ပြီး ခုချိန်အထိ ယာယီ(အတည်) ဖြစ်နေရှာတဲ့ ရန်ကုန်မြို့က ယာယီဈေးနှစ် ဆယ်ကျော်ကျော်ကို မျက်စိထဲ ပြေးမြင်မိလိုက်သေးတယ်ဗျာ။ တကယ်တော့လည်း ဒီကိစ္စဟာ စီမံခန့်ခွဲသူတွေအနေနဲ့ ရေရှည်စဉ်းစား ဆောင်ရွက်ရမယ့် ကိစ္စရပ်တစ်ရပ်လို့ပဲ တွေးမိပါတယ်။ လက်ရှိရန်ကုန်မှာ လမ်းဘေးဈေးသည်တွေမကသေးပဲ ဈေးကြီးတွေရဲ့ အနီးမှာ ပျံကျဈေးကလေးတွေလည်း မှိုလိုပေါက်နေတာလည်း မြင်ရတွေ့ရမှာပါ။ တစ်ချို့ကိစ္စတွေက သူ့အရပ်နဲ့သူ့ဇာတ်ဆိုသလို သင့်တော် သလို ခွင့်ပြုပေးရမှာ ဖြစ်တယ်လို့ ရိုးရိုးသားသားပဲ မြင်မိပါတယ်ဗျာ။ မနက်ပိုင်းမှ အရောင်းအ၀ယ်ဖြစ်တဲ့ ပျံကျဈေးမျိုးမှာ ဘယ်ဈေး သည်မှ ဆိုင်ကြီးကနားကြီးလုပ်ပြီး တစ်နေကုန်ရောင်းမှာ မဟုတ်သလို ညနေပိုင်းမှ အရောင်းအ၀ယ်ဖြစ်မယ့် ပျံကျဈေးမျိုးမှာလည်း ဘယ်ဈေးသည်မှ မနက်အစောကြီးကတည်းက ၀ီရိယကြီးစွာ လာရောင်းမှ မဟုတ်တာတော့ သေချာပါတယ်လို့ တွေးမိပါတယ်။
မြို့လယ် လမ်းဘေးဈေးသည်တွေအနေနဲ့ ပလက်ဖောင်းကျဉ်းကျဉ်းပေါ်မှာ ဘယ်ညာညှပ်ရောင်းတာမျိုး၊ ခရီးသည်တင် မှတ်တိုင်ဧရိယာမှာ ဈေးဆိုင်ခင်းရောင်းတာမျိုးကို ခွင့်မပြုသင့်သလို စည်ပင်ပလက်ဖောင်းပေါ်က အခွန်ဆောင်မီးစက်ကြီးတွေကြောင့် လူသွားလမ်းပျောက်သွားတဲ့ကိစ္စမျိုး၊ မြို့လယ်ကောင်က ဗိုလ်ချုပ်လမ်းနဲ့ ဆူးလေဘုရားလမ်းပေါ်က ဟိုတယ်ကြီးကြောင့် လူသွားလမ်း ပျောက်သွားတာလည်း အရေးယူပေးသင့်တယ်လို့လည်း တွေးမိ တွေးရာ တွေးမိပါသေးတယ်။ နောက်တစ်ခုကတော့ ယာဉ်ရပ်နား စနစ်ပါပဲ။ လမ်းဘေးဈေးသည်ပြသနာမှာ လမ်းဘေးဈေးသည်တွေကြောင့် ပလက်ဖောင်းပျောက်ပြီး လူတွေက လမ်းပေါ်ရောက်၊ ကား တွေက လမ်းလယ်မှာရပ်နဲ့ လူနဲ့ယာဉ်ကြပ်တောင့်မှုတွေ ဖြစ်နေရတယ်ဆိုတာ အသေအချာကြီး ဆိုပေမယ့် လုံလောက်တဲ့ ယာဉ်ရပ်နား စရာ နေရာတွေ မရှိတာကြောင့် ခရီးသည်တင်ကားတွေ အဓိကသွားနေတဲ့ လမ်းမကြီးတွေပေါ်မှာ ကိုယ်ပိုင်ယာဉ်ငယ်တွေ ကြုံသလို ရပ်တန့်ထားရတဲ့ ကိစ္စကို အရင်ဆုံး ဖြေရှင်းပေးသင့်တယ်လို့ ထင်တာပါပဲ။ ဒီလောက်ဆိုရင်တော့ မြို့တော်ရန်ကုန်က လမ်းဘေးဈေး သည်တွေ ကိစ္စက တစ်ခန်းရပ်သင့်ပြီ ထင်တာပါပဲ။
အမျိုးသားစီးပွားရေး . . .
မကလျာရေ . . .
ခုတလော နှစ်လုံးထီ၊ သုံးလုံးထီနဲ့ ဘောလုံးလောင်းတဲ့ကိစ္စကို သက်ဆိုင်ရာတွေက ထိထိရောက်ရောက်နှိမ်နင်းနေတဲ့ အတွက် တောရောမြို့မှာပါ နှစ်လုံးထီ၊ သုံးလုံးထီ ထိုးတဲ့ကိစ္စ တော်တော်လေး ငြိမ်သက်သွားတယ်လို့ ကြားရပြန်တယ်ဗျ။ ဒါကလည်း တော ရောမြို့ပါ အမျိုးသားရော အမျိုးသမီး ကြီးကြီးငယ်ငယ်တွေပါ လုပ်နေတဲ့ကိစ္စဆိုလေတော့ တစ်မျိုးသားလုံးပါဝင်တဲ့ အမျိုးသားစီးပွား ရေးလို့ လူနောက်လူပြောင်တွေက ပြောကြပြန်တယ်ဗျ။ တကယ်တော့လည်း သုံးလုံးထီခေါ်တဲ့ ထိုင်းချဲထီကိစ္စဟာ ၁၉၇၀ ၀န်းကျင် လောက်ကတည်းက မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဘက်မှာ အစပြုခဲ့တဲ့ လောင်းကစားမှုတစ်ရပ်လို့ ပြောမယ်ဆိုရင် ပြောလို့ရပါတယ်။ ၁၉၈၀ ၀န်းကျင်လောက်ကစပြီး ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီး ဖြစ်ပေါ်လာခဲ့တဲ့ကာလတွေမှာတော့ ဆင်းရဲတွင်းနက်နေတဲ့ ကျွန်တော် တို့ ပြည်သူတွေအတွက် မဖြစ်စလောက်ထွက်ပေါက်ကလေးထဲကို စုပြုံတိုးကြရင်းက နိုင်ငံတစ်ဝှမ်း တောရောမြို့ပါ ချဲထီကစားမှုဟာ ပျံ့နှံသွားရတာပါ။ ကျွန်တော်အမှတ်မမှားဘူးဆိုရင် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်လောက်ကလို့ ထင်တာပါပဲ။ အစိုးရကနေ အောင်ဘာလေ ထီကို ၇ ရက်အထိ ဖွင့်တဲ့အခါ အောင်ဘာလေသိန်းဆုရဲ့ နောက်ဆုံးဂဏန်း ၂ လုံးကိုယူပြီး ၂ လုံးထီအဖြစ် ကစားခဲ့ကြရာက ၂လုံး ထီကစားတာဟာ တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားပြန်ပါတယ်။ နောက်ပိုင်း အောင်ဘာလေမရှိတော့တဲ့အခါ ထိုင်းနိုင်ငံက စတော့ရှယ်ရာ ဖွင့်ချိန်ပိတ်ချိန်မှာ တစ်နေ့နှစ်ကြိမ် နောက်ဆုံးဂဏန်းကို ယူပြီး ကစားကြတော့တာပါပဲ။ အရင်းစစ်ရင် အမြစ်မြေက ဆိုသလို လုပ်စားတော့လည်း မိုးခေါင်၊ ခိုးစားတော့လည်း ခွေးဟောင်ဆိုသလို အလုပ်အကိုင် အခွင့်အလမ်း ပါးရှားလွန်းတဲ့၊ ဆင်းရဲတွင်းနက်လွန်းတဲ့ ကျွန်တော်တို့ရဲ့ အောက်ခြေက အခြေခံဘ၀တွေမှာ တစ်နေ့လုပ်စာရဲ့ နှစ်ဆ ဆိုတာကလေးကိုက အိပ်မက်တွေရယ်ပါ။ ဒါနဲ့ပဲ ၂ လုံးထီဂယက်ထဲ၊ သုံးလုံးထီဂယက်ထဲ တ၀ဲဝဲလည်နေကြရှာတာပါလို့ တွေးဆမိ ပါတယ်။ ကျွန်တော်တို့လူမျိုးတွေဟာ ၂ လုံးထီ ၃ လုံးထီ ကစားကြတယ်ဆိုတာ လောင်းကစားကို ၀ါသနာပါလွန်းကြလို့ မဟုတ်သလို၊ ရှိတဲ့ပိုက်ဆံနဲ့ ဘ၀ပြောင်းအောင် အလွယ်လမ်းလိုက်တယ်လို့ ပြောရအောင်ကလည်း မနက်ည ၂ လုံးထီကစားကြတဲ့ ငွေပမာဏဟာ တစ်မနက်စာ ဈေးဖိုးလောက်ရယ်ပါ။ ဒီလိုလေး မြင်လိုက်မယ်ဆိုရင် အဓိက ကစားနေကြတာဟာ တကယ်ကို အခြေခံလူတန်းစားတွေ ကစားနေကြတာဖြစ်ပြီး ညနေစာဟင်းကောင်းအတွက် မနက်စာကို ရင်းလိုက်ကြတာပါလားလို့ မြင်မိမှာပါ။ ဒါဖြင့်ရင် ၂ လုံးထီ ၃ လုံးထီကိစ္စဟာ ကနေ့လူကြီးတွေ သတင်းစာတွေထဲမှာ ပြောပြောနေကြတဲ့ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုလျော့ကျစေရေးရဲ့ အရေး ကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာ ထင်သာမြင်သာ ရှိလောက်ပြီလို့ ထင်ပါတယ်။ ဒါနဲ့ တစ်ဆက်တည်း ဟာသတစ်ပုဒ်ကို သွားတွေးမိပြန်ပါတယ်။ သမ္မတနှစ်ယောက်ရဲ့ အမေးအဖြေကိစ္စပါ။ ပထမသမ္မတကြီးက ပြောပါတယ်။ သူ့နိုင်ငံမှာ အောက်ခြေအဆင့် ၀န်ထမ်းတစ်ယောက်ရဲ့ လစာဟာ အမေရိကန်ဒေါ်လာ ၅၀၀ လောက် ပေးထားနိုင်ပါတယ်တဲ့။ သူတို့ဆီက အောက်ခြေ၀န်ထမ်းတွေ ဟာ ဒီဝင်ငွေနဲ့ ပိုလျှံတဲ့အတွက် အပိုငွေတွေကို စိတ်ကြိုက်သုံးနိုင်ကြတယ်တဲ့။ ဒီတော့ ပထမသမ္မတကြီးက ဆက်ပြောပြန်တယ်။ သူ အနေနဲ့ သူရဲ့အောက်ခြေ၀န်ထမ်းတွေက လစဉ်ဝင်ငွေက ပိုလျှံတာတွေကို ဘာတွေလုပ်ဖြစ်တယ် ဘယ်လိုသုံးဖြုန်းလိုက်တယ်ဆိုတာ မသိချင်ပါဘူးတဲ့ အဲဒါဟာ သူတို့ရဲ့ အခွင့်အရေးပါလို့ ပြောပါတယ်။ ဒုတိယသမ္မကြီးကတော့ သူနိုင်ငံက အောက်ခြေ၀န်ထမ်းတစ် ယောက်ရဲ့ လစာဟာ တစ်လကို အမေရိကန်ဒေါ်လာ ၁၀၀ အောက်မှာပဲ ရှိပါတယ်တဲ့။ ဒါပေမယ့် သူရဲ့တစ်လစာ ကုန်ကျစရိတ်ဟာ သူတို့နိုင်ငံရဲ့ကြီးမြင့်နေတဲ့ ကုန်ဈေးနှုန်းနဲ့ အထွေထွေရှားပါးမှုတွေကြောင့် ဒေါ်လာ ၁၀၀ အထက်မှာ ကုန်နိုင်ပါတဲ့တယ်။ အဲဒီတော့ သူက ဆက်ပြောပါတယ်။ သူရဲ့အောက်ခြေ၀န်ထမ်းတွေဟာ လိုငွေပြနေတဲ့ သူတို့ရဲ့ လစဉ်အသုံးစရိတ်အတွက် ဘယ်လိုရှာဖွေနေကြတယ် ဘာတွေလုပ်နေကြတယ်ဆိုတာ သူမသိချင်ပါဘူးတဲ့ အဲဒါဟာ သူတို့အခွင့်အရေးပါလို့ ပြောပါတယ်။

တောင်ပံမဲ့လျက် လေထဲပျော် . .. .
မကလျာရေ . . .
ရန်ကုန်မှာ အနှစ်နှစ်ဆယ်လောက်အတွင်း သိသိသာသာကြီး တိုးလာတာတစ်ခုကတော့ လေလွင့်ကလေးငယ်တွေနဲ့ လေ လွင့်မိသားစုတွေရဲ့ အရေးပါပဲ။ ခုဆိုရင် ရန်ကုန်မြို့ရဲ့ လူစည်ကားတွေနေရာတွေမှာသာမက နယ်မြို့ကြီးတွေအထိ လေလွင့်မိသားစု တွေ ကလေးငယ်တွေ ပျံ့နှံ့လို့နေပါတယ်။ လူစည်ကားတဲ့နေရာတွေမှာ မိဘတွေအတူ တောင်းရမ်းစားသောက်နေကြတဲ့ ကလေးငယ် တွေကတော့ အရွယ်စုံပါပဲ။ တစ်ချို့ကလေးတွေကျတော့လည်း ကျောင်းစိမ်းအင်္ကျီလေးတွေ ၀တ်ပေးပြီး လိုင်းကားတွေပေါ်မယ် စာရွက်က လေးတွ လိုက်ဝေပြီး တောင်းခိုင်းတာမျိုးလည်း ရှိပါတယ်။ ဈေးတွေ စားသောက်ဆိုင်တွေထဲမှာ ကလေးတွေ အုပ်စုလိုက် လိုက်တောင်း နေတဲ့ကိစ္စဟာ သေးသေးသောသော မဟုတ်တော့အတွက် သတိကြီးစွာနဲ့ ကိုင်တွယ်ရတော့မယ့် ကိစ္စပါ။ ရန်ကုန်မှာ လေလွင့်ကလေး တွေကို စည်ပင်ကပဲ အဓိက ထိန်းသိမ်းပေးထားတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှာ နာနတ်တောလူငယ်ပြုစုပျိုးထောင် ရေးစခန်းရှိသလို လူမှုဝန်ထမ်းကလည်း လူငယ်ပြုစုပျိုးထောင်ရေးစခန်းရှိသလို ကလေးငယ်တွေအတွက် လူမှုဝန်ထမ်းကလေးပြုစု ပျိုးထောင်ရေးကျောင်းတွေ တော်တော်များပဲ ရှိပါတယ်။
အဓိကပြဿနာကတော့ ကလေးတွေကိုယ်တိုင် တောင်းရမ်းစားသောက်ရတဲ့ဘ၀မှာ ပျော်ရွှင်နေကြတာပါပဲ။ မကလျာရေ ဆင်းရဲနွမ်းပါးမှုကနေ ရပ်တည်ရခက်ခဲလွန်းတဲ့ ဘ၀အခြေအနေကို ကူးပြောင်းပြီ ဆိုရင်တော့ လူတစ်ယောက်ရဲ့ဘ၀ဟာ ဘာ မဆို ဖြစ်သွားနိုင်တာပါပဲ။ လူငယ်ပြုစုပျိုးထောင်ရေးစခန်းတွေရဲ့ အနေအထားကလည်း ပလိုင်းပေါက်နဲ့ ဖားကောက်နေရတဲ့ အနေ အထားဆိုတော့ ကလေးတွေအတွက် မားမားမတ်မတ်ကို မရှိနိုင်တာ အရှိတရားမို့ နားလည်ပေးနိုင်ကြမယ်လို့ ထင်ပါတယ်။ ကလေး တစ်ဦးချင်းစီရဲ့ နေ့တဓူဝကုန်ကျစရိတ်တွေအတွက် အလှူရှင်တွေကို မျှော်ကိုးနေရသလို ကိုယ်ထူကိုယ်ထလုပ်ကိုင်နေရတဲ့အတွက် အဲဒီက တာဝန်ရှိသူတွေကိုလည်း ကိုယ်ချင်းစာမိပါရဲ့။ လွယ်လွယ်ကူကူ ပိုက်ဆံရတဲ့ နည်းလမ်းတစ်ခုလို့ ကလေးတွေရင်ထဲ စွဲမှတ် သွားတာကိုက ကုစားလို့ မရနိုင်တော့တဲ့ ရောဂါဆိုးကြီးတစ်မျိုးရယ်ပါ။ စောစောက ကျွန်တော်ပြောခဲ့ ရေးခဲ့သလို ချည်းကပ်ပုံချည်း ကပ်နည်းတွေ ကွာဟသွားတာလည်း ပါပါလိမ့်မယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့ရဲ့ ဦးစီးဦးဆောင် တစ်ယောက်အနေနဲ့ လှိုင်သာယာမြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်ဘက်မှာ ဆင်းရဲနွမ်းပါးမိသားစုဝင်တွေရဲ့ ကလေးငယ်တွေကို အဟာရ
ဒါနအနေနဲ့ တနင်္ဂနွေနေ့တိုင်း ကြက်သားဟင်းနဲ့ ထမင်းကျွေးတဲ့ အစီအစဉ်ကို တစ်လလောက် စမ်းလုပ်လိုက်တဲ့အခါကျတော့ တနင်္ဂနွေ နေ့တိုင်း အဲဒီက ကလေးတွေရော ကလေးမိဘတွေပါ ကျွန်တော်တို့အဖွဲ့ကို ကြက်သားကျွေးတဲ့အဖွဲ့ကြီး လာတော့မယ်ဆိုပြီး ဘာအလုပ် မှ မလုပ်ဘဲ မျှော်နေကြတဲ့ သာဓကတွေလည်း ရှိခဲ့ဖူးပါရဲ့။ နာဂစ်ကာလတွေတုန်းက ကွမ်းခြံကုန်းဘက်မှာ လေဘေးပစ္စည်းတွေသွား ဝေတော့လည်း ရွာရှိလူကုန် ရွာနီးခြုပ်စပ် လေဘေးပစ္စည်းပေး အသံကြားတဲ့နောက်ကို တစ်နေ့ကုန်လိုက်နေကြတာမျိုးလည်း ကြုံခဲ့ ဖူးပါရဲ့။ လွယ်လွယ်ရလို့ လုပ်နေကြတာပါလို့ လွယ်လွယ်လေး မပြောချင်တော့အောင်ကို နောက်ကွယ်က ပြဿနာတွေဟာ လေးနက် လွန်းအားကြီးလှပါတယ် မကလျာရေ။
ဒါဖြင့်ရင် မြန်မာ့အနာဂတ်ကို ပုံဖော်ထုဆစ်ကြမယ့် ကလေးတွေအများကြီးထဲမှာ ဆင်းရဲနွမ်းပါးမှု နတ်ဆိုးက လွယ်လွယ် ရလို့ လွယ်လွယ်လုပ်ကြတာပါ ဆိုတဲ့ ချောက်ကြီးထဲကို ဘယ်နှယောက်လောက်ကိုများ တွန်းချပြီးသွားပါပြီလဲ ကျွန်တော်တို့ တွေး တောကြည့်ကြရအောင်လား။ ၂၀၀၉ လောက်က အမည်မဖော်လိုတဲ့ ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းကြီးတစ်ခုကနေ ရန်ကုန်မြို့ပေါ်က အမှိုက်ပုံတွေအနီးမှာ စွန့်ပစ်ပစ္စည်းတွေကို ရွေးချယ်ကောက်ယူရောင်းစားနေကြတဲ့ မိသားစုတွေ ဘယ်လောက်များ များရှိနေသလဲလို့ စစ်တမ်းကောက်ခဲ့ဖူးပါတယ်။ ရန်ကုန်မြို့ပေါ်က လေလွင့်မိသားစုတွေရဲ့ စာရင်းကိုလည်း ကောက်ယူခဲ့ကြဖူးပါတယ်။ အများစုကတော့ မိမဲ့ဘမဲ့တွေ မဟုတ်ပါကြဘူး။ မိသားစုလိုက် ကျပန်းလုပ်ရာကနေ အလွယ်ကူဆုံး လမ်းကို လိုက်နေကြတာပါ။ ဒီ အထဲမှာ ကိုယ်လက်အင်္ဂါမသန်မစွမ်းတဲ့ လူတွေလည်း ပါပါတယ်။ မိမဲ့ဘမဲ့ ဖြစ်နေရှာတဲ့ ကလေးသူငယ်တွေ ဘာကြောင့်များ သူတို့ ကို လက်ခံပြုစုစောင့်ရှောက်ထားတဲ့ ဒုတိယရင်ခွင်ကနေ အန္တရာယ်ထူပြောတဲ့ ပြင်ပကမ္ဘာကြီးထဲကို ပြေးထွက်လာကြတာပါလိမ့်လို့ လည်း တွေးတောကြည့်မိပါတယ်။ အဓိက ပြဿနာကတော့ တန်ဖိုးမဲ့တဲ့ လွတ်လပ်မှုကို ခုံမင်တွယ်တာတတ်လာတာရယ် လွယ်လွယ် နဲ့ ၀င်ငွေရလာတဲ့ အနေအထားတစ်ခုမှာ ကျေနပ်ပျော်ရွှင်နေကြတာပါပဲ။
ဒီပြဿနာအတွက်ကတော့ သူတို့ဘ၀တွေကို အပြောင်းအလဲဖြစ်လာစေမယ့် အသိတစ်ခု သူတို့ရင်ထဲရောက်နိုင်ဖို့ ဘယ်ပုံ ဘယ်နည်းစီမံကြမလဲ ဆိုတာပါပဲ။ သူတို့ကျေနပ်နေပျော်နိုင်မယ့် ၀န်းကျင်တစ်ခု ဖန်တီးပေးဖို့လိုမှာ ဖြစ်သလို အရွယ်နဲ့မျှတတဲ့အသိ ကို ဖန်တီးပေးရမှာပဲ ဖြစ်ပါတယ်လို့ ကလေးသူငယ်ပြုစုပျိုးထောင်ရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးကတော့ ပြောပြပါတယ် မကလျာ ရေ။ တကယ်တော့လည်း ရန်ကုန်မြို့လို မန္တလေးမြို့လို မြို့ကြီးတွေပေါ်က လေလွင့်မိသားစုတွေ လမ်းပျော်ကလေးသူတောင်းစား ပြဿနာဟာ ကျွန်တော်တို့နိုင်ငံနဲ့ အိမ်နီးချင်းထိုင်းနိုင်ငံနယ်စပ်မျဉ်းတစ်လျှောက်က သောင်းနဲ့ချီနေတဲ့ ဒုက္ခသည်မိသားစုတွေနဲ့ နှိုင်းဆ ကြည့်မယ်ဆိုရင် စာဖွဲ့စရာတောင် မလိုတဲ့အနေအထားပါ။ နယ်စပ်မျဉ်းပေါ်က ဆယ်စုနှစ်နဲ့ချီနေပြီဖြစ်တဲ့ အဲဒီစခန်းတွေမှာရော ဘယ် ပုံဘယ်နည်းနဲ့ အဲဒီကမိသားစုဝင်တွေရဲ့ ကလေးတွေ အနာဂတ်အိမ်မက်တွေကို ပုံဖော်နေကြသလဲ။ စဉ်းတော့လည်း စဉ်းစားကြည့်ချင် စရာပါ။ ဒါကလည်း ကျွန်တော်အတွေးစတွေ တော်တော်လေးကို ရှည်မိသွားတာဖြစ်မှာပါ။ လတ်တလောမှာတော့ ရန်ကုန်မြို့က လေလွင့်မိသားစုတွေ ကလေးသူတောင်းစားပြသနာတွေဟာ လူမှုကူညီရေးအဖွဲ့အစည်းတွေနဲ့ စီမံခန့်ခွဲသူတွေ ပူးပေါင်းပြီး အဖြေရှာ လို့ရနိုင်မယ့် ကိစ္စတစ်ရပ်လို့ပဲ တွေးရင်း အတွေးစတွေကို ရပ်လိုက်ပါရစေတော့နော်။
မကလျာရေ . . .
မတွေ့ဖြစ်ကြတဲ့ ကာလတွေက ရှည်လျားတဲ့အတွက် ဒီတစ်ပတ်တော့ စာရှည်ရှည်ရေးဖြစ်သွားတာ ဖြစ်မှာပါ။ ကျွန်တော် ဘက်က အခြေအနေပေးရင်တော့ မကလျာတို့ ဖတ်နေကြ ဘလော့ဂ်တွေမှာ စာတွေ ပြန်တင်ပေးမှာပါ။ ခုတော့ ဒီလောက်နဲ့ပဲ ကျေနပ် နိုင်ကြမယ့် ထင်ပါရဲ့။ မကလျာနဲ့ဝေးတမြေက အွန်လိုင်းမိတ်ဆွေများအားလုံး ရွှင်လန်းချမ်းမြေ့ပါစေနော်။


အောင်စည်ဟိန်း (စီးပွားရေးပညာ)

0 comments:

Post a Comment